မောင်မောင်စိုး ● နှင်းဆီနီအိပ်မက်များ – အပိုင်း (၃၈)

August 23, 2017

မောင်မောင်စိုး ● နှင်းဆီနီအိပ်မက်များ – အပိုင်း (၃၈)
(မိုးမခ) သြဂတ်စ် ၂၃၊ ၂၀၁၇

● တာဝန်ခွဲဝေခြင်း
၁၉၇၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် မုန်းကို နိုင်ငံရေးဌာနတွင် ရောက်ရှိနေသော ပြည်မမှတက်လာသည့် ဗမာရဲဘော်များ ကျောင်း သားရဲဘော်များဟုဆိုသည့် မိမိတို့အား တာဝန်ခွဲဝေမှု စပါတော့သည်။ ကိုစိုးနိုင် ကိုကြီးမြင့်နှင့် ကိုမြမောင်တို့က ဘာသာပြန် အဖွဲ့သို့ရောက်သွားသည်။ မော်စီတုန်းလက်ရွေးစင်ကျမ်း အတွဲ ၅ကို ဘာသာပြန်ရန်ဖြစ်သည်။ ကိုစိုးနိုင်တို့က အင်္ဂလိပ်လိုမှ ဘာသာပြန်ရန်ဖြစ်ပြီး တရုတ်ဘာသာမှဘာသာပြန်ရန် ပြည်သူအသံမှ ကိုဟန်စိန် (ဦးထွန်း ယောက္ဖ) နှင့် oversea ရဲဘော် ၂ ဦးခန့်အား တွဲပေးထားသည်။ တရုတ်မူနှင့် အင်္ဂလိပ်မူနှစ်ခုအား ညှိနှိုင်းပြန်ဆိုနိုင်ရန်ဖြစ်သည်။ ထိုဘာသာပြန်အဖွဲ့မှာ ဝေးဝေးသွားရန်မလိုပါ။ မုန်းကိုနိုင်ငံရေးဌာနမှာပင် အဆောင်တခု ခွဲပေးထားသည်။ ကြီးကြပ်သူကတော့ ရဲဘော်လွင်ခေါ် ဗိုလ်သိန်းအောင်ဖြစ်သည်။ ထိုသူများ တက်တက်ကြွကြွပြန်ဆိုခဲ့ကြသော်လည်း အတွဲ ၅ ကား ထွက်မလာပါ။ တရုတ်ပြည် တွင် တိန့်ရှောက်ဖင်တက်လာပြီးနောက် နိုင်ငံရေးလေထုပြောင်းသွားခဲ့ပြီး မော်စီတုန်းလက်ရွေးစင်ကျမ်း အတွဲ ၅ လည်း ချောင်ထိုးခံလိုက်ရပုံရသည်။

အသီးသီးအသက တာဝန်ခွဲဝေရာတွင် မိမိတဦးတည်းကတော့ နမ့်ခမ်းခရိုင်ရုံးစိုက်ရာ မန်ရှိုးဒေသရှိ ကောက်ကွတ်ရွာအနီး တွင် ဖွင့်လှစ်သင်ကြားသော KIA တပ်ပေါင်းစုသင်တန်းကျောင်းသို့ သွားရောက်တာဝန်ထမ်းဆောင်ရန် စေလွှတ်ခံရသည်။ လိုအပ်၍ တာဝန်ပေးသည်လည်း ဖြစ်နိုင်ပါသည်။ အလားတူ ၇၅ ပါတီဗဟိုကို ပြင်းပြင်းထန်ထန် ဝေဖန်နေသော မိမိတို့အား လူခွဲလိုက်ပြီး တာဝန်ချခြင်းလည်း ဖြစ်နိုင်သည်ဟု ဆိုရပါမည်။ မည်သို့ဆိုစေ တာဝန်ပေးပြီဆိုတော့ တာဝန်ယူရပေတော့ သည်။ ကျောပိုးအိတ်တလုံးလွယ်၍ ထွက်ခွာရတော့သည်။ ဤအကြိမ်ခရီးတွင် သေနတ် မပါပါ။ အခြေခံဒေသတွင်း သွားမည်ဖြစ်၍ လုံခြုံရေးအရ စိတ်ချရသည်ဖြစ်၍ မိမိတာဝန်ကျသည့် ဌာနရောက်မှ သေနတ်ထုတ်ရန် မှာကြားခြင်းခံရပြီး ကျောပိုးတလုံးလွယ်၍ တောင်ပြာတန်းတကြော၌ ခရီးဆက်ရပါတော့သည်။

● KIA သင်တန်းကျောင်းများ

၁၉၆၈ ခုနှစ် ဇန္နဝါရီ ၁ ရက်နေ့ သံလွင်အနောက်ခြမ်း မုန်းကိုးဒေသသို့ CPB တပ်ဖွဲ့များ စတင်ဝင်ရောက်သည်နှင့် KIA တပ်ဖွဲ့များနှင့် CPB တပ်ဖွဲ့များ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားခဲ့တော့သည်။ CPB တပ်ဖွဲ့များ ဝင်ရောက်ခဲ့သည့်ထိုဒေသသည် KIA တို့ ပြောက်ကျားလှုပ်ရှားစိုးမိုးနေသည့်ဖြစ်ရာ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားသည်မှာ မထူးဆန်းပေ။ သို့နှင့် CPB နှင့် KIA တို့လည်း ၁၉၆၈ မှ ၁၉၇၆ အထိ ဆွေးနွေးလိုက် ပြန်တိုက်လိုက်ဖြင့် သံသရာလည်နေသည်။ ကွန်မြူနစ်ဆန့်ကျင်ရေး ပြင်းထန်သည့် လထော်ဇော်ဆိုင်း ဇော်တူး ဇော်ဒန်တို့ ခေါင်းဆောင်သည့်ကာလတလျောက် စေ့စပ်မရနိုင်ခဲ့ပေ။

၁၉၇၅ ခုနှစ်အတွင်း KIA ခေါင်းဆောင်ပိုင်းအတွင်း အပြောင်းအလဲဖြစ်သည်။ ထိုင်းနယ်စပ်တွင် လထော်ဇော်ဆိုင်း လ ထော်ဇော်တူးနှင့် ပုန်ရွှေဇော်ဆိုင်းစသည့် KIA အဓိက ခေါင်းဆောင်များ လုပ်ကြံခံရပြီး ခေါင်းဆောင်ပိုင်းအပြောင်းအလဲဖြစ်သည်။ KIO/KIA ၏ ဥက္ကဌအဖြစ် မရန်ဘရန်ဆိုင်းက ဆက်ခံတာဝန်ယူသည်။ တချိန်တည်းတွင် လထော်ဇော်ဆိုင်း၏ ညီ ဖြစ်သူ KIA တပ်မဟာ ၄ မှူး ဗိုလ်မှူးဇော်ဒန်မှာလည်း ရွှေလီချိုင့်ဝှမ်းဂွင်အတွင်း CPB နှင့်ဖြစ်ပွားသောတိုက်ပွဲတွင် ကျဆုံး သွားခဲ့သည်။

သို့နှင့် CPB နှင့် KIO/KIA တို့၏ အစည်းအဝေးများ ၁၉၇၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် မုန်းကိုးဒေသ ကောင်းဒပ်ရွာတွင် ပြု လုပ် ခဲ့ပြီး အပစ်အခတ်ရပ်စဲရန်သာမက တပ်ပေါင်းစုဖွဲ့ရန်ပါ သဘောတူညီချက်ရရှိခဲ့သည်။ ထိုသဘောတူညီချက်အစိတ်အပိုင်းအဖြစ် KIA တပ်ဖွဲ့ဝင်များအား နှစ်ပိုင်းခွဲ၍ သင်တန်းပေးရန် လက်နက်တပ်ဆင်ထောက်ပံ့ရန်တို့ ပါဝင်သည်။

KIA အထက်ဆင့်အရာရှိများအတွက် သင်တန်းကျောင်းတခုအား မုန်းကိုးနှင့် ကြူကုတ် ပန်ဆိုင်းကြားရှိ မုန်လုံရွာတွင် ဖွင့် လှစ်ရန် ပြင်ဆင်ခဲ့သည်။ ထိုသင်တန်းကျောင်းတွင် KIO/KIA စစ်ဖက်မှ တပ်ရင်း/တပ်မဟာ/ဗဟိုအဆင့် ၃ ဆင့် အုပ်ချုပ် ရေးဖက်မှ ခရိုင်/တိုင်း/ဗဟိုဟူ၍ အဆင့် ၃ ဆင့် တက်ရောက်မည်ဟု သတ်မှတ်ခဲ့ကြသည်။

ထိုစဉ်က KIO/KIA ၏ ဖွဲ့စည်းပုံမှာ နိုင်ငံရေးပါတီအဖြစ် KIO (ပြည်လွတ်လပ်ရေးအဖွဲ့) စစ်တပ်အဖြစ် KIA ( ပြည်လွတ်လပ်ရေးတပ်မတော်) နှင့် အုပ်ချုပ်ရေးပိုင်းအရ KIC (ပြည်လွတ်လပ်ရေးကောင်စီ) ဟူ၍ ခွဲခြားထားသည်။ KIO အောက်တွင် KIA နှင့် KIC ရှိသည်။ ၁၉၇၆ ကာလက KIO ဗဟို KIA စစ်ဦးစီးဌာနချုပ်အောက်တွင် တပ်မဟာ ၄ ခုရှိ သည်။ မြစ်ဆုံအထက်တွင် တပ်မဟာ ၁ မြစ်ဆုံအောက် ဧရာဝတီအနောက်ခြမ်းတွင် တပ်မဟာ ၂၊ ဧရာဝတီအရှေ့ခြမ်းတွင် တပ်မဟာ ၃ နှင့် ရှမ်းမြောက်တွင် တပ်မဟာ ၄ ဟူ၍ ခွဲခြားဖွဲ့စည်းထားသည်။

အုပ်ချုပ်ရေးပိုင်းဖြစ်သည့် KIC အားလည်း တပ်မဟာ ၁ နယ်မြေအား မြောက်ပိုင်းတိုင်း တပ်မဟာ ၂ နယ်မြေအား အ နောက်ပိုင်းတိုင်း တပ်မဟာ ၃ နယ်မြေအား အရှေ့ပိုင်းတိုင်းနှင့် တပ်မဟာ ၄ နယ်မြေတွင် တောင်ပိုင်းတိုင်းဟူ၍ ဖွဲ့စည်း ထားသည်။ တိုင်းတခုတွင် တပ်မဟာမှူးက စစ်ရေးတာဝန်ယူပြီး တိုင်းမှူးက အုပ်ချုပ်ရေးတာဝန်ယူသည်။ ၎င်းတို့အောက်၌ တပ်ရင်းနှင့် ခရိုင်ရှိသည်။ တပ်ရင်းမှူးက စစ်ရေးတာဝန် ခရိုင်မှူးက အုပ်ချုပ်ရေးတာဝန်ဖြစ်သည်။ ၎င်းတို့အောက်တွင် တပ်ခွဲမှူးနှင့် မြို့နယ်မှူးတို့က တာဝန်ယူကြသည်။ ထိုစဉ်က KIO/KIA သည် ၎င်းတို့၏တပ်များကို ဗဟိုလုံခြုံ ရေးအတွက် အနည်းငယ် စုစည်းထားသည်မှအပ ကျန်တပ်မဟာအားလုံး၏တပ်များအား ပြောက်ကျားစနစ်ဖြင့် ဖြန့်ခွဲထားသည်။ ထိုစဉ် က KIA တပ်ရာထူးပေးအပ်ပုံမှာ တပ်မဟာအဆင့်အား ဗိုလ်မှူး၊ တပ်ရင်းမှူးအဆင့်အား ဗိုလ်ကြီး၊ တပ်ခွဲမှူးအဆင့်အား ဗိုလ်အဆင့်သာ သတ်မှတ်ထားသည်။ KIC အုပ်ချုပ်ရေးပိုင်းများတွင် ရာထူးအဆင့်မတွေ့ရသေးဘဲ တာဝန်ဖြင့်တွဲ၍ က ချင်စကားဖြင့် ဆလန်ကဘာဟု ခေါ်ဝေါ်ကြသည်။

သို့နှင့် မုန်လုံသင်တန်းကျောင်းတွင် KIO/KIA/KIC မှ အထက်အဆင့်၃ ဆင့် အရာရှိများကို နိုင်ငံရေးသင်တန်းပေးရန် ဖွင့် လှစ်ခဲ့သည်။ သင်တန်းကျောင်း ကျောင်းအုပ်အဖြစ် ဗိုလ်သန်းရွှေ ခေါ် ရဲဘော်ဟိုကောင်းမှတာဝန်ယူသည်။ ဗိုလ်သန်းရွှေ သည် ဂျပန်ခေတ်ဗိုလ်သင်တန်းကျောင်း (BIA/BDA) တွင် သင်တန်းဆရာအဖြစ်လည်းကောင်း၊ ဗိုလ်သင်တန်းနှင့် တွဲဖက် လူငယ်စစ်ကျောင်း ကျောင်းအုပ်အဖြစ်လည်းကောင်း တာဝန်ယူခဲ့ဘူးသူဖြစ်သည်။ ၁၉၅၀ ဝန်းကျင်ကတည်းက တရုတ်ပြည် သို့ CPB ကိုယ်စားလှယ် အဖွဲ့နှင့် အတူရောက်ရှိနေပြီး သခင်သန်းမြိုင် အရေးယူခံရပြီးနောက် CPB ဗဟိုကော်မတီဖြစ်လာ သူဖြစ်သည်။ ၁၉၆၈ အရှေ့မြောက်စစ်ဒေသ စတင်ဖွင့်လှစ်စဉ်က စစ်ဒေသနိုင်ငံရေးမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်သော်လည်း နောက်ပိုင်းတွင် လူမှုရေးကိစ္စကြောင့် တာဝန်မှရပ်ဆိုင်းခြင်းခံရပြီး ၁၉၇၅ အရှေ့မြောက် ပါတီဗဟိုကော်မတီဖွဲ့စည်းချိန်မှပါတီဗဟိုကော်မတီဝင်အဖြစ် ပြန်လည်တာဝန်ပေးခြင်းခံရသူဖြစ်သည်။

ဗိုလ်သန်းရွှေလက်အောက်တွင် ကိုမြအောင် (စစ်ချွမ်းရဲဘော်ဟောင်း) က လက်ထောက်အဖြစ် တာဝန်ယူသည်။ မိမိနှင့် တပ်မဟာ ၂ နှင့် ဆုံခဲ့ဘူးသူကိုသိန်းဆွေက သင်တန်းကျောင်း ရိက္ခာမှူးအဖြစ် တာဝန်ယူသည်။ ကျန်သည်ကတော့ ရုံးအဖွဲ့ ဆေးအဖွဲ့ရဲဘော်များနှင့် ရိက္ခာရုံတွင် ချက်ပြုတ်သည့်ရဲဘော်အချို့ ရှိသည်။ လုံခြုံရေးကင်းတပ်ခွဲတခွဲမှ ခွဲရုံးနှင့် တပ်စု နှစ်စု ထားရှိသည်။ တပ်စုတစုကိုတော့ ကောက်ကွတ်သို့ ပို့ထားသည်။ သို့သော် ထိုစဉ်က မုန်လုံသည် အခြေခံဒေသနောက်တန်း၌ လုံခြုံ စိတ်ချရသည်ဖြစ်ရာ အဆိုပါ ကင်းတပ်ခွဲကို ရွှေကျင်ဝမ် ရှေ့တန်းစစ်မျက်နှာဖက်တွင် တွဲဖက်ထားလေ့ရှိသည် ။

အဆိုပါ မုန်လုံရှိ KIA အားသင်တန်းပေးသည့်ကျောင်းအား သုံးဆင့်ကေဒါသင်တန်းကျောင်းဟုဆိုသော်လည်း မုန်လုံသင် တန်းကျောင်းဟုသာ ခေါ်ဆိုကြသည်။ ထိုသင်တန်းတွင် KIA အထက်ဆင့်အရာရှိများအတွက်သာဖြစ်သဖြင့် လူဦးရေနည်း သည်။ ပထမပတ်ဆိုလျင် ၁၅ ယောက်သာ တက်သည်။ သို့ဖြစ်ရာ သင်တန်းဆရာနှင့် အထောက်အကူပြုအဖွဲ့များစွာ မ လိုပေ။

နောက်သင်တန်းကျောင်းတခုကိုတော့ မန်ရှိုး အနောက်ဖက် ၂ မိုင်အကွာရှိ ကောက်ကွတ်ရွာအနီးတွင့် ဖွင့်လှစ်သည်။ ထို သင်တန်းကျောင်းတွင် KIA တပ်ရင်းလိုက်အား သင်တန်းပေးမည်ဖြစ်သည်။ KIA တပ်ရင်းလိုက်ဆိုသော်လည်း ၎င်းတို့ရှိပြီးသားတပ်ရင်းများကိုတော့မဟုတ်ပေ။ သင်တန်းတက်ရန်အတွက် KIA  မှ ၎င်းတို့ဘာသာ ထုတ်နှုတ်၍ တပ်ရင်းတရင်းဖွဲ့စည်းပြီး သင်တန်းလာခြင်းဖြစ်သည်။ မုန်လုံသင်တန်းကျောင်း သင်တန်းကာလမှာ စုစုပေါင်း ၆ လဖြစ်သည်။ ၅ လသင်တန်းတက်ရပြီး ၁ လကတော့ တရုတ်ပြည်တွင်း လှည့်လည်ကြည့်ရှုရေးအစီအစဉ်ဖြစ်သည်။ KIA အား CPB တို့ သင်တန်းပေးရာတွင် တ ရုတ်ကွန်မြူနစ်ပါတီက ပူးပေါင်းပါဝင်ခဲ့သည်ဟု ဆိုရပါမည်။ ကောက်ကွတ်သင်တန်းကျောင်းကတော့ သင်တန်းကာလ ၃ လဖြစ်သည်။ တရုတ်ပြည်လေ့လာရေးအစီအစဉ်မပါဝင်ပေ။

KIA တို့သည် အင်္ဂလိပ်တပ်ဖွဲ့စည်းပုံအတိုင်းယူထားသည်ဖြစ်ရာ တပ်ရင်းမှူး (OC) ဒုတပ်ရင်းမှူး (2 IC) တပ်ရေးဗိုလ်ကြီး တပ်ရင်းအရာခံဗိုလ်တို့နှင့် တပ်ရင်းရုံးအား ဖွဲ့စည်းထားပြီး တပ်ခွဲ ၅ ခွဲပါဝင်သည်။ ပထမပတ်တွင် အင်အား ၃၅၀ ကျော် ခန့်ဖြင့် ဖွဲ့စည်းပြီး သင်တန်းလာတက်သည်။ မုန်လုံသင်တန်းကျောင်းမှာ နိုင်ငံရေးသင်တန်း သက်သက်သာဖြစ်သော်လည်း ကောက်ကွတ်ကျောင်းမှာ နိုင်ငံရေး ၈၀% စစ်ရေး ၂၀% ဟု သတ်မှတ်ထားသည်။

ကောက်ကွတ်သင်တန်းကျောင်းတွင် လူများသည်ဖြစ်ရာ CPB ဖက်မှ တာဝန်ယူရသူများသည်။ ကောက်ကွတ်ကျောင်း၏ ကျောင်းအုပ်မှာ စိုင်းအောင်ဝင်းဖြစ်သည်။ ၎င်းဦးဆောင်ပြီး ကျောင်းကော်မတီကို ဖွဲ့စည်းထားသည်။ ကော်မတီဝင်များအဖြစ်ပါဝင်သူများအနက် သင်တန်းဆရာများကို ဦးဆောင်သူများမှာ ရဲဘော်ဇော်တူးနှင့် ရဲဘော်ချီ လတန်တို့ဖြစ်သည်။ ရဲဘော် ဇော်တူးမှာ ယခင် ဗိုလ်နော်ဆိုင်းတပ်မှ ကွေ့ကျိုးရဲဘော်ဟောင်းဖြစ်ပြီး ရဲဘော်ချီ လတန်ကတော့ တရုတ်ပြည် လက်ဝဲကူညီရေးတွင်ပါလာသည့်အဇီးရဲဘော်ဖြစ်သည်။ သူတို့နှစ်ယောက်တွင် သင်တန်းဆရာ ၁၀ ယောက်ကျော်ခန့်ရှိသည်။ အားလုံး ကချင်ရဲဘော်များဖြစ်ပြီး ကွတ်ခိုင်ခရိုင်တပ်တွင်တပ်စိတ်မှူး တပ်စုမှူး တပ်ခွဲမှူးတာဝန်ယူဘူခဲ့သူများဖြစ်သည်။

ရိက္ခာဖက်တာဝန်ယူသူကော်မတီဝင်မှာ စစ်ချွမ်းရဲဘော်ဟောင်း ရဲဘော်မြရင်ဖြစ်ပြီး သူလက်အောက်တွင် KIA အင်အား ၃၅၀ အတွက် ရိက္ခာမှူးတယောက်နှင့် ထမင်းချက်တာဝန်ယူရသူ အမျိုးသမီးရဲဘော် ၂၀ ကျော်ခန့်ရှိသည်။ ထို့ပြင် မိမိအင် အား ၈၀ ကျော်ခန့်အတွက် ရိက္ခာမှူးတယောက်နှင့် ထမင်းချက် အမျိုးသမီးရဲဘော် ၃ ဦးခန့်ရှိသည်။

လုံခြုံရေးတာဝန်ယူသူကော်မတီဝင်မှာ ရဲဘော်ဖိုးချို ဖြစ်ပြီး သူ့လက်အောက်တွင် တပ်စုတစု အင်အား ၂၀ ကျော်ခန့်ရှိသည်။ ဆေးဘက်ဆိုင်ရာကော်မတီဝင်မှာ ကွေ့ကျိုးရဲဘော်ဟောင်း ဆရာဝန်ခမ်းသာဖြစ်ပြီး သူ့အောက်တွင် ဆေးဘက်ဆိုင်ရာ ဆရာဝန်နှင့် သာနာပြုရဲဘော်များရှိသည်။ ထို့ကြောင့်လည်း ကောက်ကွတ်သင်တန်းကျောင်းတွင် တာဝန်ယူရသည့် CPB ရဲဘော်အင်အားကလည်း ၈၀ ခန့်ရှိနေခြင်းဖြစ်သည်။

● မုန်လုံသင်တန်းကျောင်း
ဤအကြိမ်တွင်တော့ မိမိသည့်ရဲဘော်သစ်မဟုတ်၍ လိုက်ပို့မည်သူမရှိတော့ပေ။ တကိုယ်တော်ခရီးနှင်ရသည်။ မုန်ကိုးနှင့် ပန်ဆိုင်းကြားရှိ မုန်လုံသင်တန်းကျောင်းတွင် ဝင်ရောက်သတင်းပို့ရသည်။ မုန်လုံသင်တန်းကျောင်းတွင် ကိုမြအောင်( စစ် ချွမ်းရဲဘော်ဟောင်း) နှင့် ကိုသိန်းဆွေ (ဗန်းမော်) တို့ကို တွေ့ရသည်။ အရပ်ပုပု ဗိုက်ရွှဲရွှဲ စကားပြောလျင် တခစ်ခစ်ရီမော ပြောဆိုတတ်သော ဗိုလ်သန်းရွှေအားလည်း တွေ့ရသည်။

တကယ်တော့ မိမိ မုန်လုံရောက်တော့ သင်တန်းကျောင်းစဖွင့်သည်မှာတပတ်ခန့်ပင်ရှိနေပေပြီ။ မိမိကား နောက်တိုးဖြစ်ပုံရ သည်။ ကောင်းစွာတော့မမှတ်မိတော့။ ထိုမုန်လုံကျောင်းပထမပတ်သို့ မိမိတခေါက်ပြန်ရောက်သေးသည်ထင်သည်။ ပထမ ပတ် KIA ခေါင်းဆောင်ပိုင်း ၁၅ ယောက်ထဲမှ ၃ ယောက်ကို ကောင်းစွာမှတ်မိလိုက်သည်။

တယောက်က လညော်ဇောင်းဟရာဖြစ်သည်။ ထိုစဉ်က သူသည် KIO အတွင်းရေးမှူးတာဝန်ယူနေသည်။ အသားဖြူ ဖြူ အရပ်နဲနဲပုပု ခပ်ပိန်ပိန်ဖြစ်သည်။ မျက်နှာချိုပြီး ဆက်ဆံရေးကောင်းသည်။ သူပုန်တယောက်ပုံထက်ပညာတတ် အစိုးရ အရာရှိပုံစံပေါက်သည်။ KIO သို့မရောက်မီ အစိုးရအရာရှိလုပ်ခဲ့ဘူးပုံရသည်။ ယခုတော့ KIO ဥက္ကဌအဖြစ် တာဝန်ယူသည်။ ၁၉၇၅ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းခဲ့သော KIO ခေါင်းဆောင်ပိုင်းထဲ တဦးတည်းကျန်နေသေးသော သက်တော်ရှည် တယောက်ဖြစ်သည်။

ဒုတိယတယောက်ကား ထိုစဉ်က အရှေပိုင်းတိုင်းမှူးတာဝန်ယူနေသော ဆင်ဝါးနော်ဖြစ်သည်။ အသားဖြူဖြူ ပိန်ပိန်ပါးပါး ခပ်သွယ်သွယ် ဖြတ်လတ်သွက်လက်သည်။ ဖေါ်ရွေသူလည်းဖြစ်သည်။ ဂိုက်ဆိုက်လည်း သိပ်များသူမဟုတ်၍ ဝင်ဆန့် သူဖြစ်သည်။ သူလည်း ပညာတတ်တယောက်ဖြစ်သည်။သူလည်း ယခုတိုင် KIA ခေါင်းဆောင်ပိုင်းတွင် ဂုဏ်ထူးဆောင်ခေါင်း ဆောင်ရဲဘော်ဟောင်းကြီးအဖြစ် ရှိနေဆဲဖြစ်သည်။ တတိယတယောက်ကတော့ အသားခပ်လတ်လတ် အသက် ၃၀ တန်း ခန့်သာရှိသေးသော ဗိုလ်ကြီး လခန်ပန်းအောင်ဖြစ်သည်။ ဗန်းမော် ဇာတိဖြစ်ပုံရသည်။ ထိုစဥက KIA တပ်မဟာ ၃ ရင်း ၁ ရင်းမှူးအဖြစ် တာဝန်ယူနေသည်။ သူသည်လည်း ပေါင်းသင်းဆက်ဆံရေးကောင်းသူဖြစ်ပြီး သူ၏ တပ်တွင်း၌အောက်ခြေ ရဲဘော်များ၏ ချစ်ခင်မှုရသူဖြစ်သည်ဟု သိရသည်။ သူကတော့ မရှိရှာတော့ပေ။ ရောဂါဖြင့် ကွယ် လွန်သွားပြီဟု သိရသည်။ မုန်လုံသင်တန်းကျောင်း ပထမအပတ်စဉ်မှ ထိုသူ ၃ ဦးအား မှတ်မိနေခြင်းမှာ ထိုစဉ်ကသာမက နောင်တွင်လည်း ဆုံကြရ၍ ဖြစ်ပေလိမ့်မည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်