ရွှေပိုးအိမ် (ပဲခူး) ● ညီမျှခြင်း

August 24, 2017

ရွှေပိုးအိမ် (ပဲခူး) ● ညီမျှခြင်း
(မိုးမခ) သြဂတ်စ် ၂၄၊ ၂ဝ၁၇
မိုးမခမဂ္ဂဇင်း အတွဲ ၄၊ အမှတ် ၇၊ ဇူလိုင်လ ၂ဝ၁၇ တွင် ဖော်ပြပြီး ဖြစ်သည်။

သူ့စိတ်က မှောင်ပြီးသားဆိုတော့ ခေါင်းစွပ် စွပ်ထားလည်း သိပ်မထူးတော့။
သူ တိုးတိုး ရယ်ကြည့်လိုက်သည်။ အသံက ရှင်းရှင်းလင်းလင်း ထွက်မလာဘူး။

သူ့ရင်ခုန်သံကို သူ ပြန်ကြားနေရသည်ကို တကယ်တမ်းက မကြိုက်ချင်လှ။ သူကြောက်နေတာလား….။ ဒါကိုတော့ ခါးခါး သီးသီး သူငြင်းချင်သည်။ တဘဝလုံး သူဆောင်ရွက်လာခဲ့သမျှ နောက်လှည့်ရန် အစီအစဉ်တခုတလေမှ မပါ။ ထို့အတူ သူလုပ်ခဲ့သည့် အပြစ်ဒဏ်တခုအတွက် ပြန်ခံရသည့်အချိန်တွင် စိုးရွံ့စိတ်ဖြစ်မိမှာကို အမုန်းဆုံးပဲ။ သူ လေချွန်ချင်လာသည်။ လက်ပြန်ကြိုးတုတ်ထားသည့် သူ့လက်နှစ်ဖက်ကို တဖက်တချက်စီ ဆွဲခေါ်လာသူနှစ်ဦး။ သူတို့နှစ်ယောက်စလုံးကို မျက်နှာ ဖုံး ခဏချွတ်ပြီး သူအဆင်ပြေကြောင်း သိသာစေရန်အတွက် အေးအေးချမ်းချမ်း ပြုံးပြသွားချင်သည်။ “ခင်ဗျားတို့ကို ကျွန် တော် သိပ်ချစ်တာပဲဗျာ” ဆိုပြီးတော့လည်း တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားချင်မိသည်။

ခုတော့… အင်း… မဖြစ်နိုင်တော့ဘူး ထင်ပါသည်။ သူ့အပေါ် ပေါ့ပေါ့ပါးပါးစိတ်ဖြစ်ရစေရန် သူရယ်လိုက်တော့လည်း ခေါင်း စွပ်ကြီး စွပ်ထားတော့ ရယ်သံတောင် အက်အက်ကြီးထွက်နေတာ။ တကယ်ဆို “ကျွန်တော့်ဘဝကြီးက ခင်ဗျားတို့ထင်သလို မအက်ပါဘူးဗျာ” ဟုလည်း ငြင်းလိုက်ချင်သေး….။ ဒီအချိန်ထိ ရောက်လာတာတောင် အတ္တလေးက ဂချိုးဂချောင်၊ တဒေါင် ဒေါင်တဒင်ဒင်နှင့် မင်းမူချင်သေးသည်။ အတ္တဆိုတာ ဒရင်းဘတ်တခုလို လိုသည့်အချိန်ဖြန့်ခင်းပြီး မလိုသည့်အချိန် ခေါက် သိမ်းထားလို့ ရနိုင်သည်တဲ့လား။

“ဘုရားကို အာရုံပြုထားပေါ့ဗျာ…”

ညာဘက် တယောက်ဆီက နောက်ဆုံး ကြားလိုက်ရသော စကားသံ။

“ကျွန်တော့်ဘုရားက ဘယ်မှာလဲ။ ကျွန်တော့်အတွက်တော့ ကျွန်တော်ကိုယ်တိုင်က ဘုရားပဲဗျ။ လောလောဆယ် ခင်ဗျားတို့ အာရုံက ကျွန်တော်ဆီမှာ အပြည့်ရှိတယ်ဆိုတာ ဝန်ခံလိုက်စမ်းပါ” အဲ့ဒီလို သူပြောချင်ခဲ့တာ။ သူ့ခြေလှမ်းတွေ နှေးသွား တာကို ပြန်သတိထားလိုက်မိတော့ စိတ်ကို ပြန်တင်းလိုက်သည်။

ဘဝ၏ နောက်ဆုံးအချိန်တွင် သူ ဘယ်လောက် ရဲရင့်ပြသလဲဆိုတာ သိစေ့ချင်သည်။

သူ့တည်ငြိမ်မှုသည် သူ့ ပုံရိပ်ပဲဖြစ်သည်။ ဘဝတလျှောက် သူ လုပ်ဆောင်ခဲ့သမျှ အရာအားလုံးသည် ခုချိန်လောက် အရေးပါ ချင်မှ ပါမည်။ သူ တည်ငြိမ်ရမည်။

သူ တလှမ်းချင်း … သွားသည်။ သူ တရွေ့ ရွေ့ ထွက်ခွာဖို့ ပြင်မည်…။ သူ ….. သူ…..။

ကမ္ဘာမြေကြီးပေါ်ကနေ အစက်တစက် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

အဲ့ဒီနေ့က နိုင်ငံရေးအခန်းကဏ္ဍတွင် အရေးပါသောပုဂ္ဂိုလ်တဦးကို တကိုယ်တည်းဆုံးဖြတ်ချက်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့ ခြင်းအတွက် “မာန်” ဆိုသော အသက် ၃ဝ အရွယ် လူရွယ်တယောက်ကို ကြိုးမိန့်ပေးခဲ့သော နေ့တနေ့ဖြစ်သည်။ သူထွက် သွားတော့ ငိုသံမဲ့စွာဖြင့်….။

ထို့အတူ ရယ်သံမဲ့စွာဖြင့်….။
++++

သူ အခန်းထဲ ဝင်လာစဉ် သူ့အမေက တခြား ယောက်ျားတယောက်နှင့် ပူးကပ်ပြီး ထိုင်နေရာက အနည်းငယ် ခွာလိုက်တာကို မမြင်ချင်ယောင်ဆောင်ရင်း အခန်းထဲသို့ ဝင်သွားရန် ပြင်လိုက်သည်။

“မာန်….”

အမေ့အသံက သူ့နာမည်ခေါ်သည့် အချိန်ဆို အဲ့ဒီလိုပဲ မာနေတတ်တာ ထူးဆန်းသည့်ကိစ္စတော့မဟုတ်။

“ပြော…”

နောက်လှည့်မကြည့်ဘဲဆိုတော့ သူ့အမေအသံက ပိုမာသွားသည်။ ရေချိုးစင်ပေါ်တင်ထားသည့် သူမလက်စွပ်တကွင်းကို သွားဖျောပစ်လိုက်သည့်ကိစ္စနှင့်ပတ်သက်ပြီး ခုထိ အစာကျေသေးပုံမပေါ်သေး။ သူကလည်း အစာမကျေပါဘူး။ အပြင်မှာ စားလာသည်တွေက အများသား။ အစားအသောက်တွေအပြင် ဘီယာ ၇ ခွက်လောက်ပါ တီးလာတော့ လူကလည်း ကောင်းနေပြီလေ။ အမေ တခွန်းပြောရင် သူ နှစ်ခွန်း ပြန်ပြောသည်။ အမေ နှစ်ခွန်းပြောရင် သူ သုံးခွန်း ပြန်ပြောသည်။ အမေ့ဘေးက ယောက်ျားက ဒေါသတကြီးထလာပြီး သူ့မျက်နှာကို လက်သီးနှစ်ချက်လောက် ဆင့်ထိုးလိုက်မှ အမေရော သူ ရော အသံတိတ်သွားတော့သည်။ “မဆိုးပါဘူး။ ဘဲကြီးက ပွဲထိန်းတတ်သားပဲ” နှုတ်ခမ်းထောင့်မှ စီးကျလာသော သွေးစတွေ ကို တချက်သုတ်ပြီး ခပ်ရွတ်ရွတ်ပြောရင်း အခန်းတံခါးကို သူ စောင့်ပိတ်ပစ်လိုက်သည်။ အခန်းတံခါးပိတ်လိုက်ရုံဖြင့် သူ့ အာရုံတွေထဲ ဘယ်အရာမှဝင်မလာနိုင်တော့ရင် ကောင်းမည်။ သို့သော် အချိန်တန်လျှင် ဒီအခန်းလေးထဲကနေ သူ ထွက် ရပြန်ဦးမည်။ အသက်ရှင်သန်မှုအတွက် သူ့တကိုယ်လုံးရှိ အကြောများကြားထဲတွင် အပူကောင်များ တရွရွ ပြေးလွှားဆော့ ကစားလျှက်ရှိသည်။ နေ့စဉ် အပူကောင်များအပြည့်ဖြင့် အိပ်ယာက ပြန်ပြန်နိုးလာစေ့ချင်သူတဦးတော့ ရှိကို ရှိနေပြီ။ ဒီလိုနည်းဖြင့် အိပ်စက်ခြင်းကို ကြောက်ရွံ့လာစေရန် တယောက်ယောက်က သူ့ကို ကျိန်စာတိုက်ထားခဲ့ပုံရသည်။

ဆောင်းဘောက်ကို ဂိတ်ဆုံးအထိ ဖွင့်ချပစ်လိုက်သော သီချင်းသံများ သူ့အခန်းထဲမှ ဝုန်းဒိုင်းကြဲပြီးထွက်လာကြသည်။ သူ့ အမေနှင့် တစိမ်းယောင်္ကျားသည် တယောက်ခါးကိုတယောက် ခပ်တင်းတင်းဖက်ရင်း အပေါ်ထပ်က သူမ အိပ်ခန်းဆီသို့ တက်သွားကြတော့မည်။

နောက်နေ့မနက် သူ အခန်းထဲက ထွက်လာသည့်အချိန်တွင် ထိုယောက်ျားကို တွေ့ရတော့မည်မဟုတ်။ ရီဝေနွမ်းလျနေ သော သူ့အမေ၏ပုံရိပ်ကို မြင်ယောင်လို့ ကြိုပြီး အော်ဂလီဆန်ချင်လာသည့်အတွက် သီချင်းသံတွေနဲ့အတူ အားကုန်အော် ပစ်လိုက်သည်။

အော်တာ အားရတော့ သီချင်းသံကို ပိတ်ပစ်လိုက်သည်။ သူ မောပန်းသွားခဲ့ပြီ။

အသက်ရှင်ရက်ရှိပြီး ဘယ်တော့မှပြန်မလာတော့သောအဖေ့ကို အိပ်မက်ထဲတွင် ဒေါသတကြီး သူပေါက်ကွဲစွာ ပြောဆိုနေခဲ့ သည်။ အိပ်မက်ကလည်း ထုံးစံအတိုင်း။ အစီအစဉ်မကျခဲ့သော ဘဝ၏အကွေ့အပတ်များကြားတွင် ဒဏ်ရာပေါင်း များစွာ ဖြင့် သူ ကျောက်သားလို ဖြစ်လာခဲ့ရသည်။

မရယ်မပြုံး မျက်နှာဖြင့်…။  ပုံမှန်မဟုတ်သော မျက်ဝန်းတွေဖြင့်….။ တဖက်တည်း တွန့်တွန့်ပြုံးတတ်သော နှုတ်ခမ်းပါး တစုံ ဖြင့်….။
++++

ဒီလူကြီးကို သူ ကြည့်နေတာကြာပြီ။ သတင်းတွေမှာလည်း မကြာခဏ ပါတတ်တာတွေ့ရသည်။ သူ့အိတ်ကပ်ထဲက ဓာတ်ပုံ တပုံကို ထုတ်ကြည့်လိုက် တီဗွီပေါ်မှာပေါ်လာသည့် ဒီလူကြီး၏ပုံကို ကြည့်လိုက်နှင့် သူ အလုပ်ရှုပ်နေသည်။ ဘဲကြီး၏ နာမည်ကလည်း သူ့အိတ်ကပ်ထဲက ဓာတ်ပုံပိုင်ရှင် အမျိုးသားနာမည်နှင့် အတူတူပဲ။ ဒါပေမယ့် ဓာတ်ပုံထဲက အမျိုးသားသည် သူ၏ မွေးသဖခင် ကျေးဇူးရှင်။ ရယ်ရတာက သူ့ကို တစက်ကလေးတောင် မကျွေးမမွေးလိုက်ရပါဘဲ ပိုက်ဆံချမ်းသာသည့် အမျိုးသမီးတဦးခါးကိုဖက်ပြီး အိမ်ပေါ်ကဆင်းသွားသည့် သူ့ဖခင်။ ကျေးဇူဆိုတာ သူ့ကို သုတ်ကောင်တကောင်အဖြစ် ကမ္ဘာမြေပေါ် စွန့်ထုတ်ပေးခဲ့သောအဖြစ်ထက် မပိုခဲ့။ သိပ်မုန်းစရာကောင်းသည့် လူကြီး။ အဲ့ဒီလူကြီးက အခုဆို ဒီနိုင်ငံ၏ အစိုးရပိုင်းမှာ အရေးပါ အရောက်ရောက်သည့် ပုဂ္ဂိုလ်တဦးတဲ့။

“ခင်ဗျားကြီးဘဝက ဂုဏ်ဒြပ်နဲ့၊ အာဏာနဲ့သြဇာနဲ့ သိပ်ကို ပြီးပြည့်စုံနေသတဲ့လား….၊ ပြီးပြည့်စုံခြင်းဆိုတာ ဘယ်သူမှ မရနိုင် ဘူး ကိုယ့်လူ…..၊ မကြာခင်…. ခင်ဗျားဆီကျုပ်လာခဲ့မယ်…. ခင်ဗျားမလိုချင်တဲ့ပုံစံမျိုးနဲ့၊ ခင်ဗျားပြည့်စုံမှုတွေကို ဖျက်ဆီး မယ့်သူပေါ့….”

“ဟား ဟား ဟား”

အေးစက်တောင့်တင်းသည့် လေသံဖြင့် အံကြိတ်ကာပြောရင်း တီဗွီထဲက ပုဂ္ဂိုလ်မျက်နှာကို မောင်းချဓားဖြင့်ထောက်ရင်း သူ တဟားဟား အော်ရယ်နေတော့သည်။ သူ့ မျက်နှာသည် ရေခဲပြင်တမျှ မာကြောလို့။ ဖခင်ဆိုသည့်ဝေါဟာရကို အသေ စက်ဆုတ်နေပုံက အစဉ်အလာ လောကနီတိတွေအတွက်တော့ ကြောက်ရွံ့ထိတ်လန့်စရာ……။

သူကိုယ်တိုင် သတ်ခဲ့မိသော မိခင်၏သွေးစက်တွေကို လျှာဖြင့်ရက်ရင်း ရယ်နေခဲ့စဉ်က တကြိမ်…၊ ဖခင်၏ သွေးစက်တွေ ကိုဆာလောင်မိရင်း ရယ်နေခဲ့မိစဉ်က တကြိမ်….။ သူ့သွေးတို့က တိရစ္ဆာန်တကောင်၏ သွေးတို့နှင့်မခြား…. လည်ပတ်စီးဆင်း ပုံ ဆန်းကြယ်လှတော့သည်။
++++

ဥပဒေပညာရှင်တဦးနှင့် စိတ်ကျန်းမာရေးဆရာဝန်တဦးတို့ မိတ်ဆွေဖြစ်ခဲ့သည်မှာ ဆယ်စုနှစ်တခုစာ ကြာခဲ့ပြီ။ နိုင်ငံရေးနှင့် ပတ်သက်၍ပဲဖြစ်စေ၊ အခြား ထူးခြားသောအမှုအခင်းများရှိလာ၍ပဲဖြစ်စေ သူတို့အချင်းချင်း၏ ပညာရပ်ဆိုင်ရာ ဘောင်တခု ထဲကနေ ဘောင်အပြင်ဘက်အထိ ဆွေးနွေးလေ့ရှိကြသည်မှာလည်း ဆယ်စုနှစ်တခုစာ ရှိခဲ့ပြီ။

အခုလည်း သတင်းစာ ခေါင်းကြီးပိုင်းတွင် ပါလာသော နိုင်ငံတော်အရေးကြီးပုဂ္ဂိုလ်တဦးအား တဦးတည်း ဆုံးဖြတ်ချက်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သူ မာန် ဟူသည့် လူရွယ်တဦး၏ အကြောင်းအရာနှင့်ပတ်သက်၍ သူတို့နှစ်ဦး ဆွေးနွေး နေခြင်းဖြစ်သည်။ သူတို့၏ ပကတိ အတွင်းစိတ်ထဲ၌လည်း လုပ်ကြံ သတ်ဖြတ်ခံရသော ပုဂ္ဂိုလ် အပေါ် နိုင်ငံရေးအရ နှစ်သက်ခြင်း အလျဉ်းမရှိ။ ထို့အတွက် ယင်းလုပ်ကြံမှုတွင် ကြိုးမိန့်ပေးခံခဲ့ရသူ မာန်ဘက်မှနေ၍ အကြောင်းတရား တခုခုများ ထွက်လာလေမလားဆိုသည့် ပကတိဆန္ဒဖြင့် ဆွေးနွေးနေကြခြင်းဖြစ်သည်။ အကြောင်းတရားတခုခုပေါ့။ ဒီအကျိုးတရားကို ဖြစ်ပေါ်စေသော အဓိက အကြောင်းတရားက ဘာများလဲပေါ့။ လူတွေ ဝေဖန်နေကြသလို လုပ်ကြံခံရသောပုဂ္ဂိုလ်နှင့် မာန်ဟူသော လူငယ်တို့ကြားရှိ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပတ်သက်ဆက်နွယ်မှုထက် ပိုပြီးတော့များပေါ့…။

“သူ့မှာ ဘာရည်ရွယ်ချက်ရှိမယ်လို့ ခင်ဗျားထင်သလဲ”

“ဦးတည်ချက်၊ ရည်ရွယ်ချက်၊ ဒီလုပ်ကြံမှုအတွက် ဘယ်လိုအကျိုးသက်ရောက်မှု … အဲဒါလား”

“အင်းပေါ့၊ ကျုပ်သိရသလောက်ဆိုရင်တော့ ဒီလူက နိုင်ငံရေးသမားလည်း မဟုတ်ဘူး။ ပြီးတော့ ဘယ်လို အဖွဲ့အစည်းမျိုး နဲ့မှလည်း ပတ်သက်မှု ရှိမနေဘူးလေ။ သူ သတ်ခဲ့တယ်လို့ ဝန်ခံတယ်။ ပြီးတော့ သူတယောက်တည်းရဲ့ ပုဂ္ဂလိကနိုင်ငံရေး ခံစားချက်အရ ပုဂ္ဂိုလ်ရေး အမုန်းတရားမရှိဘဲ သတ်ခဲ့တယ်လို့လည်း တရားရုံးမှာ ထွက်ဆိုတယ်။ ကြိုးမိန့်ပေးတာကိုလည်း လုံးဝ ကန့်ကွက်မှုမရှိဘဲ ကျေကျေနပ်နပ်လက်ခံခဲ့တယ်။ သူ့နောက်ကြောင်း ရာဇဝင်စုံစမ်းကြည့်တော့လည်း လူငယ်ပြုပြင် ရေး သင်တန်းကျောင်းမှာ ငါးနှစ်လောက်နေခဲ့ဖူးတယ်တယ်ဆိုတဲ့ အထောက်အထားတခုရှိတယ်။ အဲ့ဒါကလည်း သူ ၁၅ နှစ်အရွယ်မှာ သူ့အမေအရင်းနဲ့ သူ့အမေရဲ့ရည်းစားကို အိပ်နေတုန်း ကတ်ကျေးနဲ့ထိုးသတ်မှုနဲ့လေ….”

“ကျုပ် မှတ်သားဖူးသလောက်တော့ နိုင်ငံရေးဆိုင်ရာ လုပ်ကြံမှုတွေဟာ နိုင်ငံရေးရည်ရွယ်ချက်တခုအတွက် တသီး ပုဂ္ဂလ လူသားကို ဥပဒေအပြင်ဘက်ကနေ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်ခြင်းရယ်ပဲ။ ဒါပေမယ့် ဒီလူရဲ့ကေ့စ်ကတော့ နိုင်ငံ ရေးရည်ရွယ်ချက်ထက်စာရင် သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာစေ့ဆော်မှုတခုကြောင့် သတ်ဖြတ်ခဲ့တယ်လို့ပဲ ကျုပ်တော့ထင်တယ်”

“ဘယ်လို…..”

ဥပဒေပညာရှင်က အံ့သြဟန်ဖြင့် အာမေဋိတ်ပြုသည်။ သူတို့နှစ်ယောက်ကြားတွင် ခဏတော့ တိတ်ဆိတ်သွားသည်။ စိတ် ရောဂါကုဆရာဝန်က သက်ပြင်းတချက်ချလိုက်သည်။ သူဖတ်ဖူးသည့်စာများအရဆိုလျှင် တကိုယ်တော် နိုင်ငံရေး လုပ်ကြံ သူတွေဟာ စည်းအပြင်က လူတွေ ဖြစ်နေတတ်ပြီး လူငယ်ဘဝ၏ စိတ်ဒဏ်သင့်မှုခံစားရခြင်းတွေကနေ ဒီလိုလုပ်ကြံမှုတွေဆီ အခြေပြုလာခဲ့သည်တဲ့။ လူမုန်းများသော နိုင်ငံရေးခေါင်းဆောင်ပိုင်းတဦးကို လုပ်ကြံခြင်းအားဖြင့် မာန်ဟူသော လူငယ် အတွက် ဘယ်လိုအကျိုးကျေးဇူတွေ ရလာလေမလဲ။ သူ စဉ်းစားခဲ့သည်။ လူတွေအသိအမှတ်ပြုမခံရသည့် ခံစားချက်က အရာရာကို လုပ်ဆောင်နိုင်ရန်အတွက် ကြီးစွာသောစွမ်းအားတခု ဖြစ်လာခဲ့သည်လား။

မာန့်အတွက် မိဘနှစ်ပါးသည် နှစ်သက်ဖွယ်လူသားများ မဟုတ်ခဲ့သည်ကို တွေ့ရသည်။ ထို့အတူ မိဘနှစ်ပါးအတွက်လည်း မာန်သည် နှစ်သက်ဖွယ် လူသားတဦးမဟုတ်ခဲ့တာကလည်း ရင်နာဖွယ်ရာတော့ ကောင်းလှသည်။

မိတ်ဆွေဥပဒေပညာရှင်နှင့် စကားဆက်ပြောစရာတော့ရှိသည်။ လုပ်ကြံခံရသူ နိုင်ငံရေးခေါင်းဆောင်နှင့် လုပ်ကြံသူ မာန် တို့နှစ်ဦး၏ရုပ်သွင်သည် ဘာကြောင့်များ ဒီလောက်တောင် ဆင်တူနေရသလဲဆိုတာ…..။

သူ ကြုံတွေ့နေရသော လူ့အဖွဲ့အစည်းကြီးသည် စိတ်ဒဏ်သင့်စရာ အခြေအနေတခုမှာ အဆက်မပြတ် မျောလွှင့်လို့နေ တော့သည်။

ရွှေပိုးအိမ် (ပဲခူး)
ဧပြီ ၁၀၊ ၂၀၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်