ကျော်ကျော် (မြရည်စမ်း) ● ပုံစံခွက်ထဲမှ ဝတ္ထုငယ်လေးများ

August 24, 2017

● ပုံစံခွက်ထဲမှ ဝတ္ထုငယ်လေးများ
(မိုးမခ) သြဂတ်စ် ၂၄၊ ၂၀၁၇

မိုးမခမဂ္ဂဇင်း အတွဲ ၄၊ အမှတ် ၇၊ ၂၀၁၇ ထုတ်တွင်လည်း ဖော်ပြပြီး ဖြစ်သည်။

 

“မသွားပါနဲ့….အိမ်မှာပဲ စိတ်ချမ်းသာအောင်နေပေါ့..၊ ဒါမှမဟုတ်  တလတန်သည်၊ နှစ်လတန်သည်  ဆရာတော့်ကျောင်းမှာ ဦးပဉ္ဇင်းဝတ်နေမလား..”

တိုးတိုးပြောနေကြသော်လည်း လူခြေကတိတ်သည့် ညဥ့်နက်နက်မို့ အတိုင်းသားကြားနေရသည်။ နံဘေးအိမ်မှ သားအမိ လေးနှစ်ယောက်၏ ဆွေးနွေးသလို၊ ငြင်းခုန်သလို စကားသံကို ကြားနေရသည်မှာ ရက်ဆက်ဖြစ်နေသည်။

သားဖြစ်သူက သူ..မူးယစ်ဆေးဝါးစွဲနေပြီဖြစ်ကြောင်း အမေဖြစ်သူကို အတိအလင်းကြေညာထားပြီး  ဆေးစစ်မှုခံယူကာ မူး ယစ်ဆေးဝါးအစားထိုးအဖြစ် ပြည်သူ့ဆေးရုံတွင် တိုက်ကျွေးသော မက်သဒုံးဆေးကို သောက်ချင်သည်။ သူကိုယ်တိုင်လည်း ဆေးစွဲနေသူလူငယ်တဦးအဖြစ် တာဝန်ရှိလူကြီးမင်းများထံ ဝန်ခံလိုသည်။ အမေဖြစ်သူ၏ခံစားချက်ကို နားနှင့်မကြားရသော် လည်း ရင်နင့်ခံစားသိမိသည်။ သူမ၏သားလေးကို လိုင်စင်ရမူးယစ်ဆေးဝါးစွဲနေသူတဦးအဖြစ်  မမြင်လို…မကြားလို…။

ညဥ့်သည်  လျှင်မြန်စွာနက်သထက် နက်လာပါသည်။ သူတို့သားအမိ၏ ဆွေးနွေးငြင်းခုန်သံသည်လည်း တဖြည်းဖြည်းနှင့် တိုးရာမှာတိတ်သွားတော့သည်။ ကျနော်လည်း တောင်စဉ်ရေမရအတွေးများ ဝင်မလာပါစေနဲ့ဟု ဆုတောင်းပြီး ပျော်အောင် အိပ်စက်ရအုံးမည်။
+++++++++++++

ညဦးပိုင်းကတည်းက ပြင်ဆင်ထားသော ပစ္စည်းပစ္စယများအားလုံးကို သေချာအောင်ပြန်စစ်လိုက်သည်။ ဆိုင်ကယ်နောက်ပိုင်းတွင်တင်ထားသည့် ဝါးပုတ်ကြီးကို အဖုံးလှပ်၍ ပြန်ကြည့်ဖြစ်သည်။ ရောင်စုံဘူးဆိုဒ်မျိုးစုံဖြင့် ထုပ်ပိုးထားသော ကိတ်မုန့် တိုက်များ အစီအရီဖြင့်နေသားတကျ သပ်သပ်ရပ်ရပ်…။

သာမန်မျက်စိဖြင့်ကြည့်ရုံမျှသာဆိုလျှင်တော့  ကိတ်မုန့်လေးများသည် အပြင်ပန်းအားဖြင့် လွန်စွာကွဲပြားနေပေလိမ့်မည်။ အပေါ်ယံတွင် နှမ်းစေ့ကလေးများဖြူးထားတာပါသည်။ ဘိန်းစေ့ (ရှမ်းနှမ်း) လေးများဖြူးထားတာလည်းပါသည်။ မြေပဲဆံ လေးတွေ စီချယ်ထားတာပါသည်။   စပျစ်သီးခြောက်၊ သီဟိုဠ်စေ့လေးများတင်ထားသော သစ်သီးကိတ်လည်း ပါသေးသည်။

အနေအထားမပျက်ရှိနေသော မုန့်ဘူးလေးများကိုကြည့်ရင်း ကျေနပ်သွားမိသည်။ ကရင်မ်ပါးပါးလေးသုတ်၍ ချောကလက် ချောင်းရောင်စုံလေးများ တင်ထားသော မုန့်ဘူးလေးများကို ပိုပြီးသတိထားသယ်ဆောင်ရမည်။ သွားမည့်လမ်း၏ အဆင်း အတက်၊ အကွေ့အဝိုက်တွင် မတော်တဆလှုပ်ခတ်လွန်းပြီး အလှပျက်မှာ စိုးရသေးသည်။ သူ့တွင် အလှဆင်ထားသော ကရင်မ်လေးများက ဘူးခွံမျက်နှာပြင်ကို ပေကျံကုန်လျှင်  လမ်းခရီး၌ပြင်ဆင်ရန် အလွန်ခက်ခဲလှသည်။ ပြောမယ့်သာ ပြောရသည်။ သူတင်မဟုတ်..ကျန်သည့်ကိတ်မုန့်ဘူးလေးများအားလုံးကိုလည်း အလှမပျက်စေဖို့ ဂရုစိုက်ရသည်သာ…။

သူတို့အားလုံးတွင်   ဂျုံ၊ ကြက်ဥ၊ ဆီ၊ သကြား၊ ထောပတ်သာမက မုန့်နုဆေးကအစ..တူညီစွာ ပါဝင်ကြသည်။ ပြီးတော့ တခု ထဲသော မုန့်မွှေစက်အတွင်းမှထွက်ပြီး တခုထဲသော မုန့်ဖုတ်မီးဖိုကြီးထဲဝင်ကာ  ရနံသင်းသောမုန့်လေးများအဖြစ် အသွင် ပြောင်းလာကြခြင်းသာဖြစ်သည်။ စားကြည့်ပြီး … တစိမ့်စိမ့်အရသာခံကြည့်လျှင် တူညီသောအနှစ်သာကို ရှာတွေ့မည်မှာ သေချာပါသည်။ အပေါ်ယံအလှဆင်ထားခြင်းသာ ကွဲပြား၏။
+++++++++++

ဆိုင်ကယ်ဘရိတ်များနှင့်ရှေ့ဘီး၊ နောက်ဘီး လေအနည်းအများကိုစစ်ဆေးပြီး လမ်းသွယ်လေးမှထွက်လိုက်သည်နှင့်  ပြည် ထောင်စုလမ်းမကြီးပေါ်ရောက်သည်။

အကျင့်ပါနေသဖြင့် မိုးကောင်းကင်ကြီးပေါ် တချက်မော့ကြည့်ဖြစ်သည်။ တိမ်ကင်းစင်နေသည်ဟူ၍တော့မဆိုသာ…။ တိမ်မည်းမည်း တချို့ကိုတော့ ပျောက်တိပျောက်ကြားတွေ့နေရသည်။ မိုးသည် ချက်ချင်းကြီးတော့ ရွာသေးမည်မဟုတ်။ မျက်နှာချင်းဆိုင်မှ ဝင်တိုးလာသည့် နံနက်ခင်းလေနုအေးလေးက စိတ်ကိုကြည်လင်သွားစေသည်။ လက်ဝဲဘက်ကိုကြည့်မိ သည်။ မြို့ငယ်လေး၏ ပြည်သူ့ဆေးရုံသည် နိုးထစပြုနေပေပြီ။

ရှေ့တူရူမှလာသော ကုန်တင်ကားကြီးများကိုသတိထား၍ ဆိုင်ကယ်ကို ပုံမှန်လေးပင် စီးခဲ့သည်။ လူသွားလူလာ သိပ်မများ သေးသော ပြည်ထောင်စုလမ်းမကြီးပေါ်တွင် နံနက်ခင်းဆိုင်ကယ်စီးရသည်ကပင် အရသာတခုလို။

မည်းနက်တောက်ပြောင်နေသော လမ်းမကြီးသည် သန့်ရှင်းသပ်ရပ်နေသည်မှာ အမှိုက်ကလေးပင် တစမရှိ။ အဝေးကို ကြည့်ပြန်လျှင်လည်း မှိုင်းဝေဝေတောင်ပြာတန်းတို့ နေခြည်ကို မျှော် လင့်နေပုံမှာ လွမ်းစရာ။ သို့သော်  အတွေးကိုတအားကြီး လွှတ်ပေးလိုက်လို့မရ။ အဆင်းအတက်၊ အကောက်၊ အကွေ့များလှသော ပြည်ထောင်စုလမ်းမကြီးသည် မာယာကြွယ် သော မိန်းမလည်တယောက်လိုပင် ချစ်စရာကောင်းသလို ကြောက်စရာလည်း ကောင်းလှပါသည်။ ယခုပင်..စောစောက မြင်နေရသော မှိုင်းညို့ညို့တောင်တန်းကြီး ဖြုတ်ခနဲပျောက်၍ ကြောက်စရာကောင်းလှသော ချောက်ကမ်းပါးကြီးက ဘွား ခနဲပေါ်လာသည်။
++++++++++++++

နေရောင်က စူးရှရှကြီး ထွက်လာသည်။ ရာသီဥတုက မူမမှန်တော့။ မိုးဦးဝင်စ နံနက်ခင်းနေရောင်ခြည်သည်ပင် အပူချိန်အလွန်မြင့်မားလွန်းနေသည်။

ကိတ်မုန့်များပို့ပေးထားခဲ့ရသည့် မင်္ဂလာအိမ်မှထွက်ပြီး  ရွာထဲ၌ တဝဲလည်လည်နှင့် လမ်းပျောက်နေရသည်။ တိုင်းရင်းသား ရွာလေးသည် တံခါးဖွင့်ထားသော အိမ်ဟူ၍ သိပ်မရှိ။ လုပ်ငန်းခွင်အသီးသီးသို့ သွားကြဟန် တူလေသည်။

နေသည် တဖြည်းဖြည်းမြင့်လာသည်။ ပြည်ထောင်စုလမ်းမကြီးပေါ်ပြန်တက်ရမည့် လမ်းကို မတွေ့နိုင်သေး။ ရွာလမ်းသွယ် လေးများသည် စတုရန်းကွက်၊ စတုဂံကွက်ကို ထောင့်မတ်ကျကျ ဖောက်ထားခြင်းမဟုတ်။ ချောင်းရိုးလေးစီးသည့်သဖွယ် အဆင်ပြေသလို ကွေ့ကာ၊ ဝိုက်ကာ ဖောက်ထားကြခြင်းဖြစ်သည်။

ထင်းရူးပင်ကြီးတပင်အောက်သို့အရောက်တွင် ရှေ့ခပ်လှမ်းလှမ်းမှ လူတယောက်လျှောက်လာတာမြင်ရသည်။
++++++++++++++

အနားရောက်လာတော့မှ လူငယ်တယောက်ဖြစ်မှန်းသိရသည်။ လွယ်အိတ်အပြာရောင်လေးလွယ်ထားသော လူငယ်ထံမှ သင်္ကာရနံ့မကင်းသောအကြည့်တချက် ရောက်လာသည်။ သူ့ကိုလှစ်ခနဲ ပြုံးပြလိုက်ပြီး…

“ညီလေး….၊ အစ်ကိုလမ်းပျောက်နေတယ်ကွာ။ အတော့်ကိုကြာပြီ… ပြည်ထောင်စုလမ်းမကြီးပေါ်ပြန်တက်ချင်လို့..”

လူငယ်လေး၏မျက်နှာမှာ စောစောကလို ခပ်တင်းတင်းအနေအထားများမရှိတော့..။ မယုံမကြည်အမူအရာများ လျှော့ပါး သွားသည်။ လမ်းလက်စ ခြေလှမ်းများ အရှိန်သတ်ကာ ရပ်တန့်ပြီး…၊

“ယောက်ဖ…မင်းကမုန့်လာရောင်းတာလား…”

“အေး..ညီလေး..၊ မင်္ဂလာအိမ် မုန့်လာပို့တာပါကွာ..၊ ပြန်အထွက်…မျက်စိလည်သွားတယ်..”

သူသည်နှစ်ခြိုက်စွာ ပြုံးလိုက်သည်။ ထို့နောက်အားပါးတရ ရယ်ချလိုက်ပြီး ဆိုင်ကယ်ရှေ့တွင် ထိုင်ချလိုက်သည်။

လက်ကြားမှာပါလာသည့် ဆေးပေါ့လိပ်လေးကို မီးညှိလိုက်ရင်း…

“မင်းက ဘယ်သွားမှာလဲ”

အသံဝဲဝဲစကားကို နားစိုက်ထောင်ပြီး……

“အေး…အစ်ကိုက. လမ်း ပြန်တွေ့ရင်  ဟိုး…တောင်ပေါ်က. ..ကန်ကြီးတွေဘက်ကို ပြန်မှာလေ..”

သေချာကြည့်နေသော သူ့မျက်လုံးများကြောင့် ခေါင်းမှာဆောင်းထားသော ကွန်မန်ဒိုကွက်ကြား လျှာထိုးဦးထုပ်ကို အလျှင် အမြန် ချွတ်လိုက်သည်။ ပြီးတော့  ရှပ်အင်္ကျီလက်ရှည်ကိုပါ  ချွတ်လိုက်သည်။ ညာဖက်လက်မောင်းပေါ်မှာ ထိုးထားသည့် “သေနတ်နဲ့ နှင်းဆီ” စာတန်းရေးထားသော တက်တူးပုံလေးကို သူသေချာစိုက်ကြည့်နေသည်။ လမ်းမေးသည်ကို မဖြေသေး ပဲ…

“အေးကွာ….လှတာနော်..၊

ငါလည်းတနေ့တော့ ထိုးမယ်”

သူ့လက်ထဲမှ  ဆေးပေါ့လိပ်သည် အတော်ပင်တိုနေပြီ ဖြစ်၏။ တံဆိပ်စက္ကူပတ်ညှော်နံ့ပင် ထွက်နေပြီ။  သူ့လွယ်အိတ်ပြာ လေးထဲမှ  ဆေးပေါ့လိပ်တလိပ်ကိုနှိုက်ပြီး ….

“သောက်လေ…ရော့..”

“တော်ပြီ…ညီလေး.. အစ်ကိုမသောက်ဘူး…”

ဆေးလိပ်တံဆိပ်ပတ်လေးတွင် နေပြည်တော် ဟူသည့် စာတန်းလေး ရေးထိုးထားသည်။ တခါမှတော့ မသောက်ဖူးခဲ့…။ ဟိုး…အရင်…၊ လူငယ်ဘ၀ကတော့ ဂစ်တာတလက်နှင့် ငြိမ်းချမ်းရေးမအေးခင်ဆေးပေါ့လိပ် တလိပ်ရှိလျှင် ပြီးပြည့်စုံတဲ့ ဘဝဟု  ယူဆခဲ့ဖူးပါသည်။ အချိန်သည် အမြဲတမ်းလည်ပတ်နေသည်။ အရာရာသည် ပြောင်းလဲနေသည်။ အခုတော့ ဂစ် တာနှင့်ဆေးပေါ့လိပ်သာမက…၊ နေပူပူမှာ  ငွေကိုလိုက်ရှာနေရပြန်သည်။ ငွေပူပူကို အရိပ်အောက်မှာမလိုချင်၍၊နေပူထဲထွက်ပြီး ငွေစမ်းချောင်းလေးကို လိုက်ရှာရတာကို ပင်ပန်းသည်ဟု  မယူဆမိသော်လည်း…၊

“ဗိုက်ဆာတယ်ကွာ…၊ မင့်မှာ မုန့်ကျန်သေးလား…”

ဝါးပုတ်ကြီး၏ အဖုံးကိုလှပ်၍  ကိတ်မုန့်တဗူး သူ့ကိုပေးလိုက်သည်..။

အားပါးတရစားနေသောသူ့ကို  စွပ်ကျယ်အင်္ကျီပါးလေးဖြင့် ပတ်ပြီးယူလာခဲ့သော ရေခဲရေဗူး  ထုတ်ပေးလိုက်သည်။

အငမ်းမရစားပြီး  ရေတဂွပ်ဂွပ်သောက်နေသော သူ့ကိုကြည့်ရင်း လမ်းပျောက်နေတာပင်  မေ့နေ၏။

ရေသောက်ပြီးတော့ ခံတွင်းချဉ်လာဟန်တူ၏။ ဆေးပေါ့လိပ်တိုကို မီးညှိသည်။ အားစိုက်ဖွာသည်။ မီးခိုးက သိပ်မလိုက်ချင် တော့။ ဆိုင်းဘုတ်ပင်မီးလောင်နေချေပြီ။

ဆေးပေါ့လိပ် အသစ်လေးကို မီးကူးဆက်စေပြီး သူပစ်ချလိုက်သော ဆေးလိပ်တိုသည် အငွေ့လေးက တလူလူထချင်နေတုန်း။

“ကောင်းတာကွာ…၊ ငါထမင်းမစားတာ နှစ်ရက်ရှိပြီ…မင်း…ဆေးချအုံးမလား..၊ ငါ့မှာရှိတယ်..”

မမျှော်လင့်ထားသော စကားများသည် အတော်ပင်ခေါင်းနားပန်းကြီးသွားစေသည်။ ပျာပျာသလဲမငြင်းရဲ…။ အလိမ္မာလေးဖြင့် သာ ငြင်းရ၏။ အတော်ပင် စိတ်မောသွားသည်။ စိတ်မောခြင်းသည် လူမောခြင်းထက်ပို၍ ပင်ပန်းစေပါသည်။

“ငါ…မလုပ်ချင်ဘူးကွာ…၊ လောလောဆယ် အိမ်ပြန်ချင်တာပဲ သိတယ်..၊ လမ်းပြောပါအုံး။”

“ငါက ခင်လို့ မင့်ကိုပြောတာပါ…၊ မနေ့ညက တောင်ပေါ်မှာအလုပ်သွားလုပ်တော့  လုပ်အားခတွေ အများကြီး ရခဲ့တာလေ…”

သူ့လွယ်အိတ်လေးကို ဖြဲပြတော့ ရောင်စုံဆေးပြားလေးများက မော့ကြည့်နေကြသည်။ လွယ်အိတ်လေးကို ပြန်အပိတ်တွင် လွယ်အိတ်ပေါ်မှအိုးစည်ရှည်ကြီးတီးနေသော သူ၏အိုးစည်သံသဲ့သဲ့ကို ကြားရမလားနားစွင့်မိ၍ ကိုယ့်ဘာသာ အံ့သြနေမိ သည်။

တောင်ပေါ်ဒေသတွင် အိုးစည်သံနှင့် ဓားသိုင်းအကကို တခါတရံကံကောင်းမှသာ ကြားနိုင်၊မြင်နိုင်တော့သည်။ ရွာထဲ မင်္ဂလာအိမ်၌ မြင်ခဲ့ရသူအများစုမှာ သက်ကြီးရွယ်အိုနှင့်အမျိုးသမီးများသာ ဖြစ်ကြသည်။ လမ်းညွှန်ပြသော လူငယ်လေးကို ကျေးဇူးတင်စွာဖြင့်ရေသန့်ဗူးလေး ပေးထားခဲ့သည်။

“အတော်ပဲကွာ….၊ ငါလည်းရချင်နေတာ၊ မင့်ဆီတောင်းမလို့ပဲ..”   ဟု… ရေသန့်ဗူးလေး လွယ်အိတ်ထဲ ထည့်ရင်း ပြောလိုက် သော စကားသံသည်၊ တစုံတရာအတွက် စိတ်အားတက်ကြွနေမှန်း သိသာလှ၏။
++++++++

ပြည်ထောင်စုလမ်းမကြီးအတိုင်း ဆိုင်ကယ်စီး၍ အိမ်ပြန်ခဲ့ရသော်လည်း တာဝန်မကျေသလို ခံစားရ၍ ဘာသာ မကျေမနပ် ဖြစ်နေမိသည်။ သူကသာ လမ်းပျောက်ကိုလမ်းမှန်ပို့ပေးခဲ့သော်လည်း ကိုယ်က တာဝန်မကျေ။ တစွန်းတစမျှ မဟနိုင်၊ မဟခဲ့ရဲပါလား။

လှပသောတောင်ကမ်းပါးရံကြီးဘေးမှ အဖြတ်တွင် သူ့အလှကိုမနစ်မြောနိုင်အား…၊ဘေးတဖက်မှ ချောက်ကမ်းပါးကြီးကို သတိထားနေရသည်။

ဆယ့်နှစ်ဘီးကားကြီးကျော်အတက်ကို ရှောင်ဖို့ ဆိုင်ကယ်ကို လမ်းနံဘေးအချ၊ ပုတ်အတွင်းမှ လက်ကျန်မုန့်လေးများ လှုပ်ခါသွားတာ သိလိုက်ပါသည်။ သူတို့ အလှပျက်ကြတော့မည်။ တကယ်စီးနင်း သူများသာ လမ်းမကြီး၏လိုအပ်သည်ထက် ကျဉ်းမြောင်းနေမှုကို ဒုတ်ဒုတ်ထိ ခံစားသိကြရသည်။တောင်ပေါ်ဒေသလေး၏ ရာသီဥတုက အပြောင်းအလဲမြန်လှပေသည်။ တိမ်စိုင်တိမ်မည်းများ ရုတ်ခြည်းရောက်လာပြီး မိုးသည်။ သည်းထန်စွာရွာလေပြီ…။
+++++++++++

မြို့လေးထဲသို့ စိုစိုရွဲရွဲရောက်လာသဖြင့်  အားလုံးက ဝိုင်းကြည့်နေသည်မှာ မြို့အဝင်ကတည်း က…။

လက်ယာဘက်သို့တချက်အငေးတွင် ပြည်သူ့ဆေးရုံကြီးရှေ့မှာ လူအုပ်ကြီးထိုင်နေကြတာ မြင်ရသည်။

အသက်အရွယ်၊ အသားအရောင်၊ ယောက်ျားမိန်းမ စုံလင်ကွဲပြားလှပါသည်။ အဓိက အချင်း အရာကတော့ တူညီလွန်းလှ၏။

သူတို့အားလုံးသည် ပြည်သူ့ဆေးရုံကြီးမှ တိုက်ကျွေးမည့်  မက်သဒုန်းဆေးရည်ကို လာရောက်စောင့်ဆိုင်းနေကြခြင်းပင်။   ။

ကျော်ကျော် (မြရည်စမ်း)
ဇူလိုင် ၁၁၊ ၂၀၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်