ယမင်းခင် ● ဒိုင်ယာရီထဲက ကြယ်နီအမှတ်အသားများ

August 29, 2017

ယမင်းခင် ● ဒိုင်ယာရီထဲက ကြယ်နီအမှတ်အသားများ
(မိုးမခ) သြဂတ်စ် ၂၉၊ ၂၀၁၇

သားလေးနေမကောင်းတာ ငါးရက်လောက်ရှိနေပြီ။ ပုခက်ထဲမှာအိပ်နေတဲ့နှစ်လသားအရွယ် သားကိုတွေကြည့်နေရင်း မခင်မေ စိတ်မချမ်းမသာဖြစ်နေရ၏။

နေအိမ်မှာ ကူဖော်လောင်ဖက်ကိုယ်ခွဲမရှိသည့်ပြင် မိုးမလင်းခင်က တောင်သူသဘာဝ တောထွက်တတ်သောခင်ပွန်းသည် နေကြီးမြင့်မှပြန်လာတတ်ရာ ကလေးနှစ်ယောက်မိခင် မခင်မေအဖို့တိုင်ပင်ဖော် တိုင်ပင်ဖက်ပင်မရှိပေ။ မခင်မေတို့ အိမ် ထောင်ကျကတည်းက နှစ်ဖက်မိဘများက သဘောမတူဟုဆိုကာ ခပ်ရှောင်ရှောင်နေကြရာ ကလေးနှစ်ယောက်ရသည် ထိ စိတ်ပြေ၍ပြန်ခေါ်သည် နေအိမ်ကိုဝင်ထွက် ကူညီသည်ပင် မရှိခဲ့ကြပေ။

မခင်မေ သားငယ်အား ‘တွေ’ ကြည့်နေရင်း အတွေးစတွေဖြတ်လိုက်သည်။  လေးနှစ်ကျော်သမီးအကြီးမအား ရေချိုးပေးရန် ရေတွင်းသို့ လက်တွဲခေါ်သွားလိုက်သည်။ အကြီးမအားရေချိုးစေရင်း လျော်စရာအဝတ်တွေကို တုတ်ပုတ်ဖြင့်ထုရိုက်ကာ သားငယ်အသံအား နားစွင့်နေရသေး၏။

“အဲ့ အဲ့”

သားငယ်၏ အဲ့သံထွက်လာသည်နှင့် ရေစိုနေသောလက်များအားခါရင်း ပုခက်ဆီထသွားရာ  အကြီးမက ….

“အမေ မီး ချပ်ပြာတိုက်မယ်” ဆိုရင်း ဆပ်ပြာတုံးအား အတုံးလိုက်ရေထဲနှစ်ခါ ရေနှင့် ဆပ်ပြာဖျော်နေသည်။  သားငယ်အား ပုခက်ထဲမှခေါ်ယူရင်း  သေးစိုနေသည့်အနှီးစအားဖယ်ထုတ်ကာ အသစ်လဲပေးလိုက်သည်။

သားငယ်ကိုမွေးဖွားစဉ်က မိခင်ကကိုယ်ဝန်ဆိပ်တက်သဖြင့် ဂျူးဒိတ်ထက်ရက် သုံးပတ်စောကာ ခွဲမွေးခဲ့ရသည်။ မွေးကင်း စမှာ ဖြူဖွေးဖတ်ဖတ်လေးဖြစ်ကာ လက်ချောင်းခြေချောင်းထိပ်လေးများမှာ အရည်ကြည်လဲ့နေသည်။

“ယောက်ျားလေးက မိန်းကလေးတွေလို ဒဏ်မခံနိုင်ဘူး ကျန်းမာရေလည်း ချူချာတယ် ညှော်လည်းကြောက်တယ်နော်”

ဘေးအိမ်က အဒေါ်ကြီးသတိပေးတာ ခဏခဏကြားနေရ၍  မခင်မေစိတ်ထဲ မှန်ကောင်း၏ဟု တွေးကာနေသည်။

သားလေးအား မချီလိုက်သည်။

နေမကောင်းတာထက်  အဖျားမရှိသော်လည်း ကလေးက နို့ကောင်းကောင်း မစို့နိုင်ပါ။ ကလေးချီရသည်မှာ တနေ့ထက်တနေ့ ပေါ့ပေါ့လာသည်။ ရင်ကြပ်တာလို့ ခင်မေသိထားသည်။ သည်နေ့ခင်ပွန်းသည်ပြန်ရောက်ရင် ဆေးခန်းသွားမည်ဟု ဆုံးဖြတ် ချက်ချလိုက်မှ ‘ထွေ’နေ တွေဝေနေသောစိတ်တွေ အနည်းငယ်သက်သာရာရသွားတော့၏။

ခင်ပွန်းသည်ပြန်ချိန်တမျှော်မျှော့်ဖြစ်နေသူအဖို့ သည်နေ့မှ ကမ္ဘာကြီးလည်တာ နှေးလွန်းလှသည်ဟု ထင်သည်။

သားငယ်ကို ပခုံးထက်မှောက်ချီကာ ကျောလေးပွတ်သတ်လျက် ချော့မြှူကာဖြင့် အိမ်ထဲဝင်လာမည့် ခင်ပွန်းအသံကိုနား စွင့်နေသည်။

နေသာ မွန်းတိမ်းသွားသည်။ ပြန်ချိန်တန်လေပြီ၊ ဒင်းဘာလုပ်နေသနည်း၊

မခင်မေ စိတ်ထွက်လာသည်။  ခင်ပွန်းသည် အိမ်ပြန်ချိန်နောက်ကျတတ်သည်ကို အပြစ်မတင်လိုသော်လည်း ဘယ်သော အခါမျှ ငါတော့ ဒီနေ့နောက်ကျမယ်ဟေ့ဟု ပြောမသွားတတ်သည်ကို မကြိုက်ပါ။

ညနေစောင်းပြီ။

ဘေးအိမ်မှကလေးငယ်များ လမ်းမပေါ်ထွက်ကာ ဆော့ကစားနေသံများ ကြားနေရသည်။ လူနေအိမ်ခြေကျဲပါးသော မခင် မေတို့ရပ်ကွက်မှာ နံက်ခင်းနှင့်ညနေခင်းမှာတော့ လူသံသူသံတို့ကြားရသည်။ ဖြတ်သွားဖြတ်လာ စက်ဘီးဆိုင်ကယ် လမ်း သွားရင် တဦးကိုတဦး နှုတ်ဆက်သွားသံများက စီိစီလေးကြားနေရချိန်မှာတော့ မခင်မေတို့အိမ်မှာ တိတ်ဆိတ်နေသည်။ အကြီးမက သူ့ကစားစရာ အိုးပုတ်ခွက်များအား  တောင်းထဲထည့်လိုက်သွန်ချလိုက်ဖြင့် တယောက်တည်း ဆော့ကစားနေ သည်။

မိုးချုပ်သွားပြီ။ ဆော့ကစားနေသောအကြီးမကို လက်တွေဆေးပေး အသင့်ပြင်ထားသော ထမင်းခွက်အားကလေးရှေ့ချ ပေးကာ…

“သမီး ထမင်းကုန်အောင်စားနော် အဖေလာရင် မုန့်ပါလာမှာ” ဟုချော့မော့ကာ ထမင်းစားစေရင်း ထွန်းထားသော ခြင်ဆေး အငွေ့တွေ သားလေးငယ်မရောက်အောင်နဲ့ မနံစေရန် နေရာရွှေ့လိုက်၏။

မခင်မေတို့ရပ်ကွက်မှာ ဆင်ခြေဖုန်းဖြစ်ကာ မြက်ထူရေအိုင်ပေါ၍ ခြင်ထူလေသည်။ သွေးလွန်တုတ်ကွေးရပ်ကွက်ထဲကလေးတွေဖြစ်နေ၍ ဆေးခန်းသွားသူကသွားဆေးရုံတက်သူကတက်နေရကြောင်း ဘီဘီစီအဒေါ်ကြီးပြောသဖြင့် သိရ၏။ ရပ်ကွက်အတွင်းအသွားအလာများကာ အပေါင်းအသင်းဆန့်သူထိုအဒေါ်ကြီးကို သတင်းစုံသဖြင့် ဘီဘီစီအဒေါ်ကြီးဟု မ ခင်မေ အမည်ပေးမိ၏။ သူလာလည်သည့်အခါ သတင်းပလင်းကြားရသလို ဗဟုသုတလေးများသင်ပြပေးတတ်သဖြင့် သူ့ ကို ကျေးဇူးတင်၏။

သမီးကြီးအိပ်ပျော်နေပြီဖြစ်၍ ခြင်ထောင်ထဲ ချီပွေ့ပို့လိုက်သည်။  သားငယ် ခြင်ထောင်ထဲပို့ထားတာကြာလေပြီ၊

အိမ်ရှေ့ကစက်ဘီးသံကြားလိုက်တော့ ခင်ပွန်းပြန်လာပြီိဖြစ်ကြောင်း သိလိုက်ပြီ၊  တောင်သူလုပ်သော်လည်း နွားပိုင် ယာ ပိုင်မရှိ။ မိဘ၏ ယာခင်းတွင်သာ သုံးစုတစုစား လုပ်ရသူမို့ အိမ်တွင် လှည်းနွားမရှိပေ။

သူများနွားဝယ်ရာ အနောက်ဖက်ကမ်းလိုက်သွား၍ အိမ်ပြန်နောက်ကျကြောင်း၊ နွားကြည့်ပေးခနဲ့ နွားမောင်းခရခဲ့ကြောင်း ပြောနေသောခင်ပွန်းသည်ကိုကြည့်ကာ မခင်မေစိတ်ပြေသွား၏။

သားငယ်အိပ်နေရာသို့ ဖခင်ဖြစ်သူကဝင်ကြည့်ရင်း..

“သား လက်ဖျားတွေအေးနေပါလား”

မခင်မေ သတိမပြုမိသည်ကိုကြားရသဖြင့် စိတ်ပူကာ ကလေးအား ခြင်ထောင်ထဲဝင်ကြည့်မိ၏။ ကလေးမှာဖြူရော်ရော် အ သက်ရှုနေသည် မောနေသလိုရှိ၏၊ ကလေးအားပွေ့ချီ၍ အင်္ကျီရင်ဘတ်မတင်လိုက်ရာ ကလေး၏ရင်ညွန့်လေးခွက်ဝင်နေပြီး အသက်ရှုကြပ်နေသောသားငယ်လေးအားမြင်လိုက်ရာ မခင်မေရင်ဆို့သွားသည်။

လင်မယားနှစ်ယောက် ဆေးရုံသွားရန်ပြင်ရလေပြီ။ အကြီးမကို မချီ ပွေ့ကာ သူ့မိဘအိမ်ပို့ထားကာ ဆေးရုံသို့တန်းပြေးရလေ၏။

ကလေးရင်ညွန့်ခွက်ဝင်နေသည်မှာ အရေးပေါ်အခြေအနေရောက်နေပြီဖြစ်ကြောင်း မခင်မေသိထား၍ မျက်ကလူးဆန်ပြာ ဖြစ်ကာ ဟိုလူ ဒီလူ မကြေမချမ်းဖြစ်နေသည်များ လွင့်ထွက်ပြေးသွားကြကုန်၏။

သားငယ်လေးဆေးရုံတက်ရသည်။ အောက်စီဂျင်ပိုက်လည်းတပ်ပေးထားသည်။ ကလေးဆောင်တွင်ကလေးလူနာများပြည့်သိပ်ကာ ခုတင်လွတ်မရှိသည့်ပြင် အိမ်သာကအနံ့အသက်များထွက်နေ၍ ရင်ကြပ်ဝေဒနာရှင်ကလေးများ၊ တနည်းအသက်ရှုလမ်းကြောင်းပိုးဝင်နေသည့်ကလေးများအား လေကောင်းလေသန့်ရသည့် လူကြီးဆောင် အရိုးဆောင်သို့ပို့ထားသည်။  မိုးဦးကာလဇူလိုင်လတွင် ဖျားနာသူကလေးပေါများခြင်းကြောင့် အရိုးဆောင်ပို့ထားရသောကလေူးလူနာမှာ (၁၅)ဦးခန့်ပင် ရှိ၏။ မိမိလို ဆေးရုံတက်နေရသူ ဒုက္ခသည်ကလေးများနှင့် မိခင်များတွေ့ရ၍  စိတ်ဆင်ရဲအနည်းငယ်သက်သာသွား၏။ ဟိုနယ်သည်နယ်က သွေးလွန်တုတ်ကွေးကြောင့်လာတက်သူကလေးများ အရွယ်စုံတွေ့ရသလို  သားငယ်လေးလိုရင်ကြပ်သည့်ကလေးများလည်းတွေ့ရ၏။ ကလေးမိခင်အချင်းချင်းအတွေ့အကြုံဖလှယ်ရင်း ကူညီကြကာ နေအိမ်တွင်တဦးတည်း ကူညီသူမရှိ စိတ်ညစ်နေရသည်ထက် ဆေးရုံလာတက်တာက ပိုစိတ်ချမ်းသာသေးတယ်ဟုမခင်မေတွေးမိကာ  စိတ်မပျက် မိပေ။  သို့သော်လည်း မခင်မေအား ကံဇာတ်ဆရာက ခံနိုင်ရည်အားစမ်းသပ်လျက်ရှိသည်ဟုထင်ရလောက်အောင် စိတ်မ ဆင်းရဲ ဆင်းရဲအောင်ကြံနေလေ၏။

သားငယ်လေးမှာ ရောက်စ ညနှင့်နောက်နေ့တိုင်အောင် အောက်စီဂျင်ရှုသည့်ပိုက်နှာခေါင်းတွင်တပ်ထားရကာ ပိုက်ပြုတ် ထွက်သွား၍ ဆေးရုံဝန်ထမ်းအား မကြာမကြာသွားခေါ်ရ၏။  မျက်နှာထားတင်းသောဆရာမတချို့က ကလေးမိခင်များကို ဟောက်တတ်ကြသည်။ မိမိကလေးဖျားနာသဖြင့် စိတ်မချမ်းမမြေ့ဖြစ်နေသည့်မိခင်များ၏မျက်နှာမှာ ဆရာမများဆူပူမှု ကြောင့် ဇီးရွက်ထက်ပင်ငယ်နေသည်ဟု မခင်မေတွေးထင်မိသည်။

သည်နေ့ကလေးအထူးကုဆရာဝန်မကြီးလှည့်သွားပြီး သားငယ်လေးသွေးသွင်းရမည့်ဟုပြောသည်။ သွေးသွင်းလျှင် ယခု အဆောင်တွင်မရဘဲ မူလကလေးဆောင်သို့ပြန်သွားရသွင်းရမည်ဖြစ်ရာ ပြည့်ညပ်သိပ်နေသောအဆောင်သို့သွားရပေမည်။  အသက်ရှုလမ်းကြောင်းပိုးဝင်နေသူကလေးများအား ဆေးငွေ့ရှုခြင်းကိုနံက်တိုင်းရှုစေရာ အဆိုပါ နံနက်ချိန်ခဏအတွင်းမှာပင် သွေးလွန်တုတ်ကွေးကလေးလူနာများနေ့စဉ်ဆုံးပါးနေသည်ကိုမြင်နေရ၏။ အသက်နှစ်လခွဲသားလေးသည် သွေးအိတ်တန်း လန်းဖြင့် မူလကလေးဆောင်တွင်သွေးသွင်းချိန်မှာ မနက်ပိုင်းကစခဲ့သော်လည်း  နေ့လည်မဆိုထားနှင့် ညနေပိုင်းတွင်ပင်မပြီးနိုင်သေးပေ။  သွေးစက်ကျနှုန်းမျာ အလွန်နှေးထားရာ သွေးစက်ကျမကျကို မိနစ်ပိုင်းခန့်ကြည့်နေမှမြင်ရပြီး ကလေးလက်တွင်ထိုးထားသောပိုက်အားလည်းသွေးဝင်မဝင် ကြည့်ပေးနေရ၏။ သွေးမဝင်ပါက ဘေးသို့လျှံထွက်ခြင်း အပ်ထိုးထားသည့် ပိုက် အသားအရေ အနီးဖောင်းကြွလာခြင်းမရှိစေရန် မျက်ခြေမပြတ်ကြည့်ရှုနေရပေရာ မိမိမှာ ကလေးမိခင်လော သူနာပြု လောဟုပင်မသဲကွဲတော့၊

မိမိကလေးသွေးသွင်းသည့်ခုတင်အနီးတွင် အရေးပေါ်ကလေးများကုသသည့် ခုတင်ရှိနေရာ သွေးလွန်တုတ်ကွေးသွေးလန့် သည့်အဆင့်ဖြင့်ရောက်လာသောကလေးများ၏ သေလွန်ခါနီးအချိန်အား တဦးထက်မကတွေ့မြင်နေရသည်။ ကလေးများ တယောက်ပြီးတယောက် မျက်စေ့ရှေ့ သေသွားကြသည်မှာ နွေဦးမှာ သစ်ရွက်ကြွေသလိုပင်။ သေခါးနီးကလေးတို့၏ မိခင် သည်၎င်း ဖခင်သည်၎င်း အဒေါ်ဦးလေးသော်၎င်း (၄) ဦး (၅) ဦးအနားနေခွင့်မပေးပဲ ဖခင်တဦးမိခင်တဦးသာလျှင် နေခွင့်ပေး သဖြင့် အနားကပ်လိုကြည့်ရှုလိုသောမိဖများ၏မကျေမနပ်ပြောဆိုသံအားလည်းကြားနေရသည်။ ဆေးရုံမှတာဝန်ကျဆေးဝန် ထမ်းက တဦးထက်ပိုအောင်ကပ်လာသောလူနာရှင်ကိုမောင်းထုတ်လျက်ရှိစဉ် သွေးလန့်နေသော သေခါနီးကလေးဖခင်က…

“ကျနော့်သားက သေတော့မှာဗျ” ဟုသာ တခွန်းပြန်ပြော၏။

အဆိုပါမြင်ကွင်များကား မခင်မေအဖို့နေ့ခင်းကြောင်းတောင် တစ္ဆေခြောက်သလို ခံစားနေခဲ့ရ၏။  သူနာပြုဆရာမတဦးက မိမိကလေးအား အရိုးဆောင်သို့ခေါ်သွားနိုင်ပြီးဖြစ်ကြောင်း သွေးအိတ်ကိုသတ်မှတ်ထားသောအမှတ်ရောက်လျှင် ဆရာမ များ ခေါ်ဖြုတ်ရန်မှာလိုက်ပြီး ပြန်စေခိုင်းလိုက်ရာ မခင်မေနှင့်ခင်ပွန်းသည်ကလေးအားပွေ့ချီ၍ အရိုးဆောင်သို့ပြန်လာကြ လေ၏။ အဆိုပါအရိုးဆောင်မှာ အရိုးကျိုးသောထိခိုက်လူနာထားသည့် လူကြီးဆောင်ဖြစ်၍ လူရှင်းကာ သရဲခြောက်သည်ဟု နာမည်ကြီးလေရာ ရောက်စရက်များတွင် ကြောက်တတ်သည့်မခင်မေအဖို့အနေကြာ၍ပဲလား နေ့ပိုင်းက တွေ့ကြုံရသည့် ခါးသီးခက်ခဲခြင်းများကြောင့်ပဲလားမဝေခွဲနိုင်ဘဲ တစ္ဆေသရဲများကိုပင် မကြောက်နိုင်တော့ပေ။

သားငယ်သွေးသွင်းပြီးချိန်တွင်ကား သန်းခေါင်တိုင်လေပြီ၊ မခင်မေ၏ခန္ဓာကိုယ်နှင့် ဦးခေါင်းတို့သည်ပူလောင်လျက်ရှိရကား အရိုးဆောင်၏ရေချိုးခန်းသို့ဝင်ကာ စိတ်လွတ်ကိုယ်လွတ် ခေါင်းမှရေလောင်းချလိုက်တော့သည်။  ဆေးရုံခုတင်ထက် အိပ် ပျော်နေသော သားလေးမျက်နှာသွေးရောင်သန်း၍ အားအင်တို့ပြည့်ဝလာပြီ။ မနက်ဖြန် ဆရာဝန်မကြီးလှည့်ပြီးချိန် ဆေးရုံ က ဆင်းနိုင်ပြီဖြစ်ကာ မည်သည့်ရောဂါဖြစ်ဖြစ် ကလေးအား ဆေးရုံသို့သာလာပြရန် တာဝန်ကျဆရာဝန်က မှာကြားနေ၏။

မခင်မေ ကျောင်းသူဘဝက နေ့စဉ်ဒိုင်ယာရီရေးလေ့ရှိခဲ့ပြီး မေ့မရနိုင်သောနေ့ရက်များကို ကြယ်နီလေးများပြလျက် အမှတ် အသားထားလေ့ရှိရာ သည်ရက်ပိုင်းမှာ မခင်မေကြုံဆုံသမျှတွေကို ဒိုင်ယာရီမှာ အနီရောင်ကြယ်များဖြင့် အမှတ်အသားပြုမှတ် ထားရပေဦးမည်မှာ ယုံမှားမေ့ပျောက်စရာ မဟုတ်တော့ပါပေ။

ယမင်းခင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်