မောင်ရင်ငတေ ● သမိုင်းထဲက လူသားများ

September 6, 2017

● သမိုင်းထဲက လူသားများ
(မိုးမခ) စက်တင်ဘာ ၆၊ ၂၀၁၇

● နပိုလီယံ ပြင်သစ် လူဝီများနဲ့ Coup d’État
နပိုလီယံ ဘယ်လို ဖြစ်လာသလဲ။ မောင်ရင်ငတေရဲ့ မှတ်စု အတိုအစ အကျဉ်းချုပ်ပါ။ နပိုလီယံကြီးက အရပ်သာပုပေမယ့် သူ့သမိုင်းကြောင်းက ဆွဲဆန့်ချင်သလောက် ဆွဲဆန့်နိုင်တာမို့မောင်ရင်ငတေ့ သမိုင်းအောင်မှတ် အမှတ်လေးဆယ် ရခဲ့တဲ့ နည်းနဲ့ရေးထားတဲ့ အတိုချုပ်ပါခင်ဗျ။

နပိုလီယံ သမိုင်းအစကို ရေးမယ်ဆိုရင် ပြင်သစ် လူဝီ ၁၃ ၁၄ ၁၅ ၁၆ ၁၈ နောက်ဆုံး လူဝီဖိလစ်ထိ ဘုရင်ကြီးတွေနဲ့ ဆက်စပ် ပြောရမှာပါ။ လူဝီ ၁၃ လက်ထက်မှာ သူလက်ရှိနေထိုင် နန်းစံရာ လုဗ်ရ်နန်းတော်ထက် ကြီးကျယ်ခမ်းနားတဲ့ နန်းတော်ကြီးတခု ပါရီမြို့ပြင်စပ်မှာ တည်ဆောက်ဖို့ ကြိုးစားခဲ့ပါတယ်။ ၁၆၂၃ ခုနှစ်မှာပါ။ သို့သော်လည်း ပြီးဆုံးအောင် မတည်ဆောက် နိုင်ခဲ့ပါဘူး။



Dôme des Invalides (ဓါတ်ပုံ မရငတ) 

 

လူဝီ (၁၃) အသက် ၄၁ နှစ် နန်းသက် ၃၃ နှစ် ၁၆၄၃ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ဖခင်ဘုရင်ကြီးဖြစ်သူ အောင်လီ (၄) ပါရီလမ်းမတခုမှာ ဓါးထိုးလုပ်ကြံခံရလို့ ငယ်ငယ်လေးနဲ့ ဘုရင် ဖြစ်လာသူပါ။ လုဗ်ရ်ကနေ ဗာဆိုင်းကိုပြောင်း လူဝီတခေတ် ဆန်းသစ်ဖို့ ကြိုးပမ်းခဲ့သူပါ။

လူဝီ (၁၃) သေတော့ လူဝီ (၁၄) က လေးနှစ်သားနဲ့ ဘုရင်ဖြစ်လာခဲ့ပါတယ်။ နန်းမတက်ခင် ၁၆၄၁ ခုနှစ်မှာ ဗားဆိုင်းသို့ စတင် ရောက်ဖူးခဲ့တယ်ဆိုပါတယ်။ ၁၆၅၁ – ၅၂ – ၅၃ ခုနှစ်တွေ နောက်ပိုင်းမှာတော့ လူဝီ (၁၄) ရဲ့ ရင်ခွင်ပိုက်မယ်တော်ကြီး ဦးဆောင်ပြီး ဗားဆိုင်းစီမံကိန်းကြီးကို နန်းတော်ဖြစ်လာအောင် ဆက်လက်ကြိုးပမ်းခဲ့ကြပါတယ်။

လူဝီ (၁၄) ဟာ မကြာခဏ နေထိုင်မကောင်း ဖြစ်ခဲ့ပေမယ့်ကံကောင်းလို့ အသက်ရှည်ခဲ့သူ တဦးပါ။ ၁၆၅၄ ခုနှစ်မှာတော့ ဘိသိက်ခံပြီး ဘုရင်အဖြစ် ပြင်သစ်ပြည်ကို ကိုယ်တိုင်အုပ်ချုပ်လာခဲ့ပါတယ်။

 

လူဝီများရဲ့ ဗားဆိုင်း (Château de Versailles (ဓါတ်ပုံ မရငတ)

(၁၆၆၀-၁၆၆၄) (၁၆၆၅-၁၆၆၈) (၁၆၆၉-၁၆၇၂) (၁၆၇၈-၁၆၈၄) (၁၆၉၉-၁၇၁၀) အဲဒီခုနှစ်များမှာ စစ်ပွဲတွေတိုက်ရင်း ဥယျာဉ်မှူးကြီးတွေ ဗိသုကာဆရာကြီးတွေဝိုင်းဝန်းပြီး ဗားဆိုင်းနန်းတော်ကြီးကို အကြိမ်ကြိမ် ပုံစံတွေ ပြောင်းလဲရင်း တည်ဆောက်လာခဲ့တာ နောက်ဆုံး ၁၇၁၅ ခုနှစ် စက်တင်ဘာ လမှာ လူဝီ (၁၄) သေဆုံးသည်ထိ တိုင်အောင်ပါ။ သူ့ရဲ့ အသက် ၇၆ နှစ် နန်းသက် ၇၂ နှစ် လုံးလုံး ဗားဆိုင်းနန်းတော်ကြီးကို တည်ဆောက်ခဲ့သလိုပါ။

လူဝီ (၁၅) ကတော့ ဗားဆိုင်းနန်းတော်မှာ မွေးဖွားလာခဲ့သူပါ။ ဗားဆိုင်းမှာမွေးသူ ဗားဆိုင်းမှာသေသူ ဗားဆိုင်းသားစစ်စစ် တဦးပေါ့၊ အဖိုး လူဝီ (၁၄) ဘုရင်ကြီး နန်းသက် ရှည်လှတာကြောင့်ရော အဖေအပါအဝင် ဦးလေးတွေ ဦးကြီးတွေ မောင်နှမ တွေ အားလုံးလိုလို အသေစောခဲ့ကြတာကြောင့်ရော အသက် ငါးနှစ်ကျော်ကျော်မှာ ကံကောင်းခြင်းများစွာနဲ့ နန်းတက်ခွင့် ရခဲ့သူပါ။

အဖိုးဖြစ်သူလို နန်းသက်ရှည်ခဲ့သူပါ။ ဗားဆိုင်းနန်းတော်ကို ၅၉ နှစ်နီးပါးမျှ အုပ်ချုပ်ခဲ့ပြီး ၁၇၇၄ ခုနှစ် အသက် ၆၄ နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ လူဝီ (၁၄) နဲ့ (၁၅) မြေးအဖိုး ဘုရင်နှစ်ယောက်နဲ့အတူတူ ဘုန်းမီးနေလ တောက်ပခဲ့တဲ့ ဗားဆိုင်းနန်း တော်ကြီးရဲ့ ရွှေအိုရောင်နေ့ရက်များပါ။

 

လူဝီများရဲ့ ဗားဆိုင်း (Château de Versailles) (ဓါတ်ပုံ မရငတ)

အဖိုး လူဝီ (၁၄) ၇၂ နှစ် အပေါင်း မြေး လူဝီ (၁၅) ၅၉ နှစ် စုစုပေါင်းနှစ်ပေါင်း တရာ့သုံးဆယ်ကျော်သာယာလှပခဲ့တဲ့ ဗား ဆိုင်းနန်းတော်ကြီးရဲ့ ရွှေအိုရောင် နေ့ရက်များဟာ လူဝီ (၁၆) ဘုရင်ခေတ်အ ရောက်မှာတော့ ရွှေရောင်တလက်လက်တွေ တဖြေးဖြေး ကွာကျစ ပြုလာပါပြီ။

အဖေဖြစ်သူက အသက် ၃၆ နှစ်မှာ စောစောစီးစီး သေဆုံးခဲ့လို့ အဖိုးဘုရင် လူဝီ (၁၅) ၁၇၇၄ ခုနှစ် ကွယ်လွန်ခဲ့ပြီးနောက် အသက်နှစ်ဆယ်မှာ ကံဆိုးစွာနဲ့ ဘုရင်ဖြစ်လာသူလို့ ဆိုရပါမယ်။ နန်းသက်က ၁၈ နှစ်ထိစံခဲ့ရတာကိုသာ ကျေနပ်စရာလို့ ဖျော့တွေးတော့ တွေးနိုင်မယ်ထင်ပါတယ်။

 

လူဝီများရဲ့ ဗားဆိုင်း (Château de Versailles) (ဓါတ်ပုံ မရငတ)

 

လူဝီများရဲ့ ဗားဆိုင်း (Château de Versailles) (ဓါတ်ပုံ မရငတ)

နန်းတော်ကြီးရဲ့ ကြီးကျယ်ခမ်းနားမှုနဲ့အတူ ပန်းခြံကြီးရဲ့ ကြီးကျယ်ခမ်းနားမှုကတော့ အပြိုင်ပါ။ မြေပေါ်မှာသာမက မြေ အောက်ထပ်တွေက ဘယ်နှစ်ထပ်များရှိလေမလဲဆိုတာ မောင်ရင်ငတေတို့လို ကောင်မျိုးတွေ ဝင်ခွင့် အလွယ်တကူ မရနိုင် လို့ သေချာမသိနိုင်ပါဘူး၊ အခွင့်ကြုံခဲ့လို့ ဝင်ခွင့်ရခဲ့သမျှ မြေအောက်ထပ်ကြီးနဲ့ အဝင်တံခါးမကြီးတောင်မှ အတော်ကြီးကျယ် ခမ်းနားလှပါပေတယ်။

ဒီကနေ့ နန်းတော်ကြီး အဝင်ဝဂိတ်ကနေ အနောက်ဘက် ပန်းခြံရေကန်ကြီး အဆုံးထိသွားမယ်ဆိုရင် မောင်ရင်ငတေတို့လို ခပ်မြန်မြန် လျှောက်နိုင်ပါတဲ့သူမျိုးတောင် တနာရီကြာ လျှောက်ရမှာဖြစ်ပြီး သုံးကီလိုမီတာခွဲကျော် ရှည်လျှားတာပါ။ အဲဒါက ဒီကနေ့ လက်ရှိပါ။ လူဝီကြီးတို့ ခေတ်မှာတုန်းက ဒီထက် လေးငါးဆမျှမက ကျယ်ဝန်းတယ် ဆိုပါတယ်။

အဲဒါကြောင့်လည်း နေဘုရင် လူဝီတို့တတွေ နိဂုံးချုပ်မှုက  တခြားတနိုင်ငံ တိုင်းခြားပြည်ခြားကို စစ်ရှုံးခဲ့ရလို့ မဟုတ်ပါဘဲ။ သာမန် လက်လုပ်လက်စား ပြည်သူတွေ မခံမရပ်ဖြစ် အသိဉာဏ် ပွင့်လင်းလာမှုတွေကနေ ပြည်သူ့တော်လှန်ရေးကြီး ဖြစ် ပေါ်လာကာ နောက်ဆုံးမှာတော့ ဘုရင်စနစ် ချုပ်ငြိမ်းစေခဲ့တာပါ။ အများအားဖြင့် ဘုရင်စနစ်တွေ အဆုံးသတ်သွားခဲ့ရတာက တိုင်းတပါးနဲ့ ရန်ဖြစ် စစ်ပွဲတွေရှုံးရာကနေမှ ဘုရင်စနစ်ပျက်ပြီး သမ္မတတွေ ပါလီမန်တွေနဲ့အုပ်ချုပ်တဲ့စနစ် အစားထိုးခဲ့ကြ တာပါ။ ပြင်သစ်ကတော့ ကိုယ့်ဘုရင် ကိုယ်ဖြုတ်ချရာမှာ နာမည်ကြီး သမိုင်းဝင်ခဲ့တယ် ဆိုရပါမယ်။

နေဘုရင်လူဝီကြီးတို့ရဲ့ ဆွေတော်မျိုးတော်ဝင်တွေနဲ့ သူကောင်းမျိုးနွယ်ဝင်တွေ ဇိမ်ခံရာ အပန်းဖြေရာ တောလိုက်ရာ (ဒီက နေ့ခေတ် ဆူပါ ဖိုက်စတားစ် ဟော်တယ်တွေထက် အဆပေါင်းများစွာသာပါတဲ့) ပန်းခြံဥယျာဉ် နန်းတော်ဝင်းကြီးက အများ သူငှာ အလွယ်တကူ ဝင်ရောက်အပန်းဖြေနိုင်တဲ့နေရာအဖြစ် ပြောင်းလဲလာခဲ့ပါပြီ၊ ကျေးဇူးတင်ပါတယ် လူဝီတို့ရယ်။

 

ဒီကနေ့ဘားစတီးရဲ့ အကြွင်းအကျန် (ဓါတ်ပုံ မရငတ)

အဲသလို လူဝီ (၁၆) ဟာ ဗားဆိုင်းရဲ့ ရွှေအိုရောင် ခေတ်နှောင်းပိုင်း နေ့ရက်များမှာ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို
ရင်ဆိုင်ရရင်း ပြည်တွင်းပြည်ပ အာဏာဖီဆန်မှုတွေကို ရင်ဆိုင်ရရင်း ပြင်သစ်သမိုင်းတလျှောက်မှာ နာမည်ကျော် Prise de la Bastille (14 juillet 1789) ဘားစတီး အကျဉ်းထောင် ဖျက်စီးခံရတဲ့နေ့ကိုပါ သနားစဖွယ်ရင်ဆိုင်ခဲ့ရသူ ဘုရင်ပါ။ နောက်လေးနှစ်နီးပါးအကြာ ၂၁ ဂျန်နဝါရီ ၁၇၉၃ ခုနှစ်မှာပြင်သစ်တော်လှန်ရေးရဲ့ အဓိက ခေါင်းဖြတ်အသတ်ခံခဲ့ရသူ ဘုရင် အဖြစ် သမိုင်းဝင်ခဲ့ပါတယ်။

ခေါင်းဖြတ်ခံရသူတွေက လူဝီ (၁၆) တယောက်တည်းတင် မဟုတ်ပါဘူး။ မိဖုရားအန်တွမ်းနက် အပါအဝင် ဘုရင့်ဆွေတော်မျိုးတော်များ မှူးကြီးမတ်ကြီးများ နယ်စားပယ်စားကြီးများ တော်လှန်ရေးခေါင်းဆောင်များ တော်လှန်ရေး နောက်လိုက်များ တော်လှန်ရေးပညာရှင်များ သာမန်လူများ တသောင်းခွန်နှစ်ထောင်ကျော် ခေါင်းဖြတ်သတ်ခံခဲ့ရပါတယ်။ သေနတ်နဲ့ ပစ်သတ်ခံ ရသူ တခြားနည်းများနဲ့ အသတ်ခံရသူ စုစုပေါင်းလိုက်ရင်တသိန်းလောက် ရှိခဲ့တယ်ဆိုပါတယ်။ အဲဒီ ထဲက သုံးပုံနှစ်ပုံကတော့ သာမန်လူများဖြစ်ကြပြီး ဘာမဟုတ်တာလေးနဲ့ အသတ်ခံခဲ့ကြတာပါ။

အဲဒီလိုနဲ့ ပြင်သစ်ရဲ့ ဘုရင့်နိုင်ငံတော်ကြီး နိဂုံးချုပ်ဖို့လမ်းစ ပီပြင်လာခဲ့တယ် ဆိုပါတော့၊ သို့ပေမယ့်လည်း ပြင်သစ်လို ရာစု နှစ်များစွာ အခြေကျခိုင်မာခဲ့တဲ့ ဘုရင်စနစ်ကြီးကို အလွယ်တကူ အဆုံးမသတ်နိုင်ခဲ့ပါဘူး၊ တော်လှန်ရေးကာလ ဆယ်နှစ် ကြာအထိ ပီပြင်တဲ့ ပါလီမန်အုပ်ချုပ်ရေးကို မတည်ထောင်နိုင် မအောင်မြင်ဘဲ နပိုလီယံရဲ့ စစ်အာဏာသိမ်းမှုနဲ့ အဆုံးသတ် ခဲ့ပါတယ်။

ဒီ ဘားစတီးထောင်ဖျက်တဲ့ တော်လှန်ရေးက ၁၈ ရာစုနဲ့ ၁၉ ရာစုအတွင်း ပြင်သစ်တော်လှန်ရေးနေ့ ဆိုပြီး အသိအမှတ်ပြုထား ခဲ့ကြတဲ့ တော်လှန်ရေး လေးကြိမ်မှာ ပထမဦးဆုံးအကြိမ် ဖြစ်ပါတယ်။ အဲ ဒါကြောင့်လည်း တော်လှန်ရေးတွေရဲ့ ပထမဦး ဆုံးရက်အဖြစ် သမိုင်းမှတ်တမ်းတင်ခံခဲ့ရပြီး ဒီကနေ့ ပြင်သစ်အမျိုးသားနေ့အဖြစ် သတ်မှတ်ခံခဲ့ရဟန် တူပါတယ်။

IV Juillet 1776 = XIV Juillet 1789 (Photo Google)

ပြင်သစ် ဆယ့်လေးဂျူလိုင် ဘားစတီးတော်လှန်ရေးမတိုင်မီ အမေရိကန်မှာ တော်လှန်ရေးကြီးတခုဖြစ်ပွားခဲ့ပါတယ်။ အဲဒီ နောက် ၁၇၇၆ ခုနှစ်မှာတော့ အမေရိကန် လူ့အခွင့်အရေး ကြေညာစာတမ်းနဲ့အတူ အမေရိကန်တို့ အင်္ဂလိပ် ဘုရင့်နိုင်ငံ တော်အောက်မှ လွတ်မြောက်ခဲ့ပါတယ်။ အင်္ဂလိပ်နဲ့ အမြဲ လိုလို မတည့်ပါတဲ့ ပြင်သစ်တွေရဲ့ အားပေးကူညီမှုနဲ့ အမေရိကန်တို့ လွတ်လပ်ရေး ရခဲ့တယ်ဆိုရင် မမှားပါဘူး၊ အဲဒါက ပြင်သစ် လူဝီ (၁၆) နန်းတက်စအချိန်မှာပါ။

အဲဒီ အမေရိကန်လွတ်လပ်ရေးရဲ့ လှိုင်းဂယက်က အတ္တလန်တစ်သမုဒ္ဒရာရေပြင်ကိုကျော်ဖြတ်ပြီး ပြင်သစ်မြေအထိ ရောက် လာခဲ့ပြီးနောက် ပထမအကြိမ် ပြင်သစ်တော်လှန်ရေး (ဆယ့်လေးဂျူလိုင် ဘားစတီးနေ့ တော်လှန်ရေး) ကူးစက် ဖြစ်ပွား လာခဲ့တာပါ။

အဲဒီနေ့ နှစ်နေ့
(၁) ၀၄ ရက် ဂျူလိုင်က အမေရိကန် လွတ်လပ်ရေးနေ့၊ အမေရိကန် လွတ်လပ်ရေး ကြေညာစာတမ်း ထွက်တဲ့နေ့
(၂) ၁၄ ဂျူလိုင်က ပြင်သစ် ဘားစတီးထောင် ဖျက်တဲ့နေ့၊ ဒီကနေ့မှာတော့ ပြင်သစ် အမျိုးသားနေ့လို့ ခေါ်ကြတဲ့နေ့

လူသားတို့ရဲ့ အခွင့်အရေးများအတွက် အဓိကကျတဲ့ နေ့များအဖြစ် သမိုင်းမှတ်တမ်းဝင်ပါတယ်။ ဒါကြောင့် ပါရီမြို့က လေ ဘာတီရုပ်တုမှာ IV Juillet 1776 = XIV Juillet 1789 ရက်စွဲစာတမ်းကို အမှတ်တရအဖြစ် သမိုင်းမှတ်တမ်းတင် ရေး ထိုးထားခဲ့ကြတယ်လို့ ဆိုပါတယ်။

လူဝီ (၁၆) ဘုရင် ဖြစ်နေချိန်အတွင်း (၁၇၇၄-၁၇၉၂) ၁၈ နှစ်တာ ကာလအတွင်း ကမ္ဘာ့သမိုင်းမှာ အဲဒီ အထင်ကရ ဖြစ်ရပ်ကြီး နှစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဆိုရမှာပါ။ ကမ္ဘာ့သမိုင်းမှာ ဒီကနေ့တိုင်အောင် အရေးပါ အရာရောက်နေဆဲ နှစ်ခုပါ။

အဲဒီနောက် ဘုရင်မရှိတဲ့ မြောက်အမေရိကမှာ သမ္မတအုပ်ချုပ်တဲ့စနစ် ဖြစ်ပေါ်လာခဲ့ပေမယ့်လည်း ပြင်သစ်မှာတော့ လူဝီဘုရင် စစ်စစ်တွေရဲ့ သမိုင်းနိဂုံးချုပ် ပျက်သုဉ်းဖို့လမ်းစ ပထမအဆင့်မျှသာပါ။ ပါလီမန်ဆိုတာကြီး အစားထိုး အုပ်ချုပ်ပေ မယ့်လည်း တည်ငြိမ်တဲ့ အနေအထား မရောက်ရှိခဲ့ပါဘူး။

၁၇၉၃ ခုနှစ် လူဝီ (၁၆) ခေါင်းဖြတ်သတ်ခံရပြီး နောက်ပိုင်း ပြင်သစ်တော်လှန်ရေးသမားတွေ ပြုပြင်ပြောင်းလဲရေးသမား တွေကလည်း အစွန်းရောက်ကုန်ကြပြီး အချင်းချင်း သတ်နေဖြတ်နေကြတာက များပါတယ်။ အဲအချိန် ခေါင်းထောင်ထ လာသူကတော့ စစ်ဘုရင် မင်းသားကြီး နပိုလီယံ ဘိုနာပတ်ပါ။ နိုင်ငံတွင်းအုပ်ချုပ်ရေးအာဏာ ပျက်ပြားနေချိန်မှာ ထုံးစံအတိုင်း ပြိုင်ဘက်တွေက ဝင်ခလောက်ဆန်ကြလေတော့ ပြည်ပစစ်ပွဲ ဆင်နွှဲရတာမှာ စစ်ဗိုလ်လေး နပိုလီယံ နာမည်ရ လာလေသည်ပေါ့။

အတိုချုပ်ဆိုရရင် အာဏာပိုင်တွေဘုရင်တွေ တန်ခိုးထွား စည်းစိမ်ယစ်၊ အခွန်တုတ်တွေ အများကြီးကောက်၊ သာမန်လူတွေ ဆင်းရဲမွဲတေ၊ ကျပ်တည်းရာမှပေါက်ကွဲ၊ တော်လှန်ရေးဆိုတာဖြစ်၊ နောက်သဘောထားတွေကွဲကြ၊ ဂိုဏ်းအုပ်စုတွေကွဲကြ အာဏာတွေရူးကြ၊ လက်လွန်စွာ သတ်ကြဖြတ်ကြ၊ နောက်ဆုံးမှာတော့ အာဏာရှင်တွေ ပြန်ပေါ်လာကြ၊ အဲဒီလိုနဲ့ ပြင်သစ် သမိုင်းမှာ လူ့သားအခွင့်ရေး လွတ်လပ်မှုတွေကို ဆာလောင်မွတ်သိပ်စွာ တောင်းဆိုခဲ့ကြရင်းကနေ နပိုလီယံဆိုတာက ပြင် သစ်နိုင်ငံရေး သမိုင်းဇာတ်ခုံပေါ် နေရာရလာခဲ့သူ တယောက်လို့သာ မောင်ရင်ငတေ ဆိုချင်ပါတယ်။


Napoleon Bonaparte à Sainte-Hélène (1821) (Photo Google)

သူက ပြင်သစ်ဘုရင်မျိုးနွယ် ရှားလ်းတို့ အောင်လီတို့ လူဝီတို့နဲ့ ဘာမှမပတ်သက်သူပါ။ ပြင်သစ်တောင်ပိုင်း မြေထဲပင်လယ် ထဲက ကော်ဆီကာကျွန်းသား အီတလီနွယ်ဖွားတဦးပါ။ ကော်ဆီကာကျွန်းဆိုတာ အီတလီ စစ္စလီကျွန်းနဲ့ ကပ်လျှက် မြေထဲ ပင်လယ်ထဲမှာ တည်ရှိတာပါ။ အဲဒီကျွန်း ဆိုတာက ပြင်သစ်ပိုင်လို့ပြောနေကြပေမယ့် မျိုးနွယ်တွေက အီတလီတွေသာပါ။

နပိုလီယံ ဘိုနာပတ် ဆိုသူက ၁၇၆၉ ခုနှစ်မှာ မွေးခဲ့တာဆိုတော့ လူဝီ (၁၆) ခေါင်းဖြတ်ခံရချိန် ၁၇၉၃ ခုနှစ်မှာ ၂၄ နှစ်သား အရွယ်ပါ။ ၁၇၇၉ ခုနှစ် ဆယ်နှစ်သားအရွယ်ထဲက စစ်ကျောင်း စတင်တက်ခဲ့သူတဦးပါ။ ၁၇၈၄-၈၅ မှာတော့ ပါရီမှာရှိတဲ့ École Militaire (France) စစ်ကျောင်း တက်ခွင့်ရခဲ့ပါတယ်။ ၁၇၈၅ ခုနှစ်အကုန် အသက် ၁၆ နှစ်မှာတော့ ဒုဗိုလ်ပေါက်စ ဖြစ်လို့လာခဲ့ပါပြီ၊ ဒါပေမယ့် ၁၇၈၉ ခုနှစ်ပြင်သစ်တော်လှန်ရေး စတင်ဖြစ်ပွားလာချိန်အထိ သူဟာ ဘာတခုမှ မယ်မယ်ရရ လုပ်ပြထားတာတွေ မရှိခဲ့သေးပါဘူး၊ စစ်ကျောင်းတက်နေချိန်မှာလည်း နောက်နားတနေရာကသာ ဆိုပါတယ်။


 

နပိုလီယံကြီး မကြိုဆိုလိုက်ရတဲ့ စစ်အောင်ပွဲပြန် ကြိုဆိုရေးမုခ်ဦး (ဓါတ်ပုံ မရငတ)

၁၇၉၃ ခုနှစ် လူဝီဘုရင် (၁၆) မရှိတော့တဲ့နောက်ပိုင်း တပ်သားလေးထောင် ပါဝင်တဲ့ ပြင်သစ်စစ်တပ်သစ်ကို အုပ်ချုပ်ရတဲ့ Général de Brigade ဖြစ်လာခဲ့ပါတယ်။ ရှစ်နှစ်အတွင်းဖြစ်လာခဲ့တာပါ။ နောက် သုံးနှစ်အကြာ ၁၇၉၆ ခုနှစ်မှာတော့ အီ တလီတပ်မြေရဲ့ စစ်ဗိုလ်ချုပ်ဖြစ်လာပါပြီ။ ခေါင်းဖြတ်ခံရသူက ဗလပွ ရုတ်ရုတ်ရက်ရက် ခေတ်ပျက်ကြီးထဲမှာ နေရာယူ ကောင်းလွန်းတယ်လို့ ပြောကြသူတွေက များလှပါတယ်။ ဒါပေမယ့် နပိုလီယံကတော့နပိုလီယံပါ။ အမှန်တကယ် နေရာယူ ကောင်းသူ နပိုလီယံဟာ များမကြာခင် ၁၇၉၇ ၉၈ ခုနှစ်တွေမှာ နေရာတဖြေးဖြေး ရရှိလာပြီး အရေးပါအရာရောက်သူ ဖြစ် လာခဲ့ပါတယ်။ စစ်ပွဲတွေ တပွဲပြီး တပွဲတိုက်ရင်း အီဂျစ်က ပြန်ရောက်လာတဲ့ ၁၇၉၉ ခုနှစ် နိုဝင်ဘာလမှာတော့ နာမည်ကျော် Coup d’État du 18 Brumaire နဲ့ ပါလီမန်ကိုကျော်ဖြတ်ခါ အာဏာသိမ်းခဲ့ပြီးပြင်သစ် နပိုလီယံနိုင်ငံတော်ကြီး တည်ဆောက် နိုင်ဖို့ စိတ်ကူးစီမံကိန်းတွေ ချမှတ်ပါတော့တယ်။

 

နပိုလီယံ (ဓါတ်ပုံ မရငတ)

အဲဒီ ပြင်သစ်နပိုလီယံ နိုင်ငံတော်ကြီးတည်ဆောက်ဖို့ အောင်မြင်တဲ့တိုက်ပွဲတွေဆင်နွှဲနေရင်း ၁၈၀၄ ခုနှစ် မေလ ၁၈ ရက် နေ့မှာ သူ့ကိုယ်သူ ပြင်သစ် ဧကရာဇ်ဘွဲ့ ခံယူလိုက်ပါတော့တယ်။ ထို့နည်းတူစွာ ကမ္ဘာ့စစ်ဘုရင် စစ်ဘီလူးကြီးဘွဲ့ကိုလည်း နှစ်ချိုက်စွာနဲ့ ခံယူလိုက်ခဲ့တယ်လို့ ထင်ပါတယ်။

Première République Française ပြင်သစ်တို့ရဲ့ ပထမသမ္မတ နိုင်ငံတော် (၁၇၉၂-၁၈၀၄) ကြီးဟာ နပိုလီယံက ပထမဆင့် အာဏာသိမ်း၊ ဒုတိယဆင့် ဧကရာဇ်ဘွဲ့ခံယူပြီးနောက်မှာ  နိဋ္ဌိတံ သွားခဲ့ရပြီးနပိုလီယံ ဘုရင်လုပ်အုပ်ချုပ်တဲ့ Premier Empire Français ပထမ ပြင်သစ် အင်ပါယာကြီး (၁၈၀၄-၁၈၁၄/၁၅) အဖြစ် အသွင်ကူးပြောင်းရောက်ရှိ သွားပါတော့တယ်။

ဒါကြောင့်
နပိုလီယံနဲ့ Coup d’État
Coup d’État နဲ့ နပိုလီယံ
Coup d’État အစ နပိုလီယံကလို့သာ ဆိုကြကြောင်းပါ ခင်ဗျား။

နပိုလီယံကြီးအကြောင်း ရေးဖို့ကတော့ များပြားလှတာမို့ မောင်ရင်ငတေ ဦးနှောက်အစားမခံနိုင်လို့ ဒီလောက်နဲ့သာဤ၍ ဤမျှနဲ့သာ ကျေနပ်ကြပါရန်။

မောင်ရင်ငတေ ရေးပြီးခဲ့သမျှ ပြင်သစ် လူဝီတွေအကြောင်း ဆက်စပ် ဖတ်ရှုချင်ကြရင်တော့ ….

● ပါရီမြို့လယ်ခေါင်က ကာသရင်းဒမေဒီစီ ပန်းခြံကြီး
http://moemaka.com/archives/31792

● ပြင်သစ်သမိုင်းမှ လူဝီဘုရင်များ (တစ်)
http://moemaka.com/archives/43427

● ပြင်သစ်သမိုင်းမှ လူဝီဘုရင်များ (နှစ်)
http://moemaka.com/archives/43445

● ပြင်သစ်သမိုင်းမှ လူဝီဘုရင်များ (သုံး)
http://moemaka.com/archives/43800

● မာရီ အန်တွမ်းနက် သို့မဟုတ် ကိတ်မုန့်စားသူကြီး
http://moemaka.com/archives/46664


မောင်ရင်ငတေ
၂၅၀၈၂၀၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, လူများ၊ ရုပ်ပုံလွှာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်