မောင်မောင်စိုး ● အသစ်မြင် မြန်မာပြည်ငြိမ်းချမ်းရေး – အပိုင်း (၄)

September 12, 2017

မောင်မောင်စိုး ● အသစ်မြင် မြန်မာပြည်ငြိမ်းချမ်းရေး – အပိုင်း (၄)
(ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သုံးသပ်ချက်)
(မိုးမခ) စက်တင်ဘာ ၁၂၊ ၂၀၁၇

● ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံနှင့် ဖြေရှင်းရန်လိုသည့်ပြဿနာများ
ဤနေရာ၌ ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံဟုဆိုရာတွင် ပထမအကြိမ် ၂၁ ရာစုပင်လုံနှင့် ဒုတိယအကြိမ်ကြား အမျိုး သားအဆင့်ဒေသအလိုက် လူမျိုးအလိုက်ဆွေးနွေးပွဲများကိုပါ ဆိုလိုသည်။ ညီလာခံတခုနှင့်တခုကြားတွင် ဒေသအလိုက် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်သွားမည်ဆိုသည်မှာ NCA ပါသဘောတူညီချက်တခုဖြစ် သည်။

အမျိုးသားအဆင့် နိုင်ငံရေးနွေးပွဲများကို ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ပဲခူးတိုင်းတွင် ဦးစွာပြုလုပ်ခဲ့သည်။ NCA လက် မှတ်ထိုးထားသည့် အဖွဲ့များထဲမှ ကရင် ၃ ဖွဲ့နှင့် ABSDF တို့ ပြုလုပ်ခွင့်ရခဲ့သည်။ နောက်ပိုင်း ထပ်မံညှိနှိုင်းမှုအရ ချင်း ပြည် နယ်နှင့် ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတို့တွင် ပြုလုပ်ခွင့်ရသည်။ NCA ထိုးထားသည့် CNF နှင့် PNLO တို့ ထပ်မံ လုပ် ခွင့်ရခဲ့သည်။ RCSS အား ရှမ်းပြည်နယ်၌ လုပ်ခွင့်ပြုသည်ဆိုသော်လည်း ကျင်းပမည့်နေရာနှင့်ပတ်သက်၍ ညှိနှိုင်း၍ မရသဖြင့် မပြုလုပ်နိုင်ခဲ့ပေ။ ရခိုင်ပြည်နယ်တွင် ALP အနေနှင့် လုပ်ခွင့်မရပေ။ အကဲဆတ်သည့်အခြေအနေရှိသည့်ပြည်နယ်ဖြစ်၍ လုပ်ခွင့်မပြုဟု ဆိုပါသည်။ ရှမ်းပြည်နယ်တွင် လူမျိုးအလိုက်အမျိုးသားအဆင့်ဆွေးနွေးပွဲ မလုပ်ဖြစ်သောအခါ ဒေ သအလိုက်ဆွေးနွေးပွဲဆိုသည်ကို ပြည်နယ်အစိုးရက ကြီးမှူးကျင်းပခဲ့သည်ကို တွေ့ရသည်။ ဤဆွေးနွေးပွဲသည် UPDJC ၏ဆုံးဖြတ်ချက်ဖြင့် ကျင်းပခြင်းဟုတ်မဟုတ် မရှင်းလင်းပေ။ ထိုရှမ်းပြည်နယ်ဒေသအဆင့် ဆွေးနွေးပွဲကို ရှမ်းပြည်နယ်အစိုးရ နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ဦးစီးကျင်းပသွားသည်ကိုတွေ့ရသည်။

ထို့ကြောင့် ချုပ်၍ဆိုလျင် NCA ထီးရိပ်အတိုင်းသွားမည် NCA အတိုင်းရပ်တည်မည်ဟုဆိုကြသော်လည်း NCA လက်မှတ် ထိုးထားသော ၈ ဖွဲ့စလုံး NCA ပါအတိုင်း အမျိုးသားအဆင့်ဆွေးနွေးပွဲများကို ကျင်းပခွင့်မရခဲ့ဟု ဆိုရပါမည်။ ထို့ကြောင့် အမျိုးသားဆင့်ဆွေးနွေးပွဲပြု လုပ်၍ မိမိတို့ရှမ်းတိုင်းရင်းသားများ၏ သဘောထားများကို စုစည်းခွင့်မရ၍ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံတွင် သဘောတူညီချက်များကို လက်မှတ်ထိုးမည်မဟုတ်ဟု RCSS ကကြို တင်ထုတ်ပြန်သည်ကို တွေ့ရသည်။

NCA သဘောတူညီချက်အရပြု လုပ်သော နိုင်ငံရေးဆွေးနွေးပွဲများတွင် NCA လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပြင် တိုင်းရင်းသားပါတီများအပါအဝင် တရားဝင်နိုင်ငံရေးပါတီမျာလည်း ပါဝင်ကြပေသည်။ သို့သော် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများတွင် လက်နက်ကိုင်အဖွဲ့မရှိသော တိုင်းရင်းသားလူနဲစုများ ပါဝင်ခြင်းသည်လည်း ကောင်း၊ လက်နက်ကိုင်တိုက်ပွဲမရှိသည့် တိုင်းဒေသကြီးများရှိ တိုင်းရင်းသားလူနဲစုများ အမျိုးစားအဆင့်ဆွေးနွေးမှုများတွင် ပါဝင်ခြင်းသည်လည်းကောင်း မတွေ့ရှိရပေ။

ဥပမာအားဖြင့်ဆိုလျင် ဧရာဝတီတိုင်းအတွင်းရှိ ကရင်/ရခိုင်၊ မကွေးတိုင်းအတွင်းရှိ မြေပြန့်ချင်း၊ စစ်ကိုင်းတိုင်းအတွင်းရှိ က ဒူး/ကဏန်း/နာဂရှမ်းပြည်နယ်အတွင်းရှိ အင်းသား/ဓနု စသည့် တိုင်းရင်းသားလူနဲစုများသည် ဆွေးနွေးပါဝင်ခွင့်မရှိကြပေ။ သို့ဖြစ်ရာ ပြည်နယ်အလိုက် တိုင်းဒေသကြီးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများတွင် အဆိုပါ တိုင်းရင်းသား လူနဲစုများ ပါဝင်နိုင်ရေးကို ထည့်သွင်းစဉ်းစားရန်လိုအပ်သည်။ လက်နက်မကိုင်၍ လူရာမဝင် ဆွေးနွေးခွင့်မရှိသည့် အခြေ အနေမျိုးမဖြစ်ရန် လိုပါသည်။

၂၀၁၇ မေလကုန် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကျင်းပရန်ခေါ်ဆိုသောအခါ UPDJC  တွင် မူအရသဘောတူထား သော အဆိုပြုတင်သွင်းချက် ၄၁ ချက် (မြေယာကဏ္ဍဖွင့်ဆိုချက် ၄ ချက်အပါ စုစုပေါင်း ၄၅ ချက်) အား ညီလာခံတွင် တင်သွင်း၍ ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်းအဖြစ် ထည့်သွင်းရန် ဆွေးနွေးဆုံးဖြတ်မည်ဟု ကြေညာခဲ့ပါသည်။

ညီလာခံတွင် လက်တွေ့ဆွေးနွေးခဲ့သောအခါ အချိန်လောက်ငခြင်းမရှိဟု ကိုယ်စားလှယ်တို့က ဆိုပါသည်။ ဒုတိယပြဿနာ မှာ သဘောတူညီချက်ရယူရာတွင် NCA စာချုပ်ပါအတိုင်း မဲခွဲဆုံးဖြတ်ခြင်းမရှိဘဲ ဖိအားပေး၍ သဘောတူညီချက်ရယူခဲ့သည် ကို တွေ့ရသည်။ သဘောတူညီချက်များရယူရာတွင် နိုင်ငံရေးကဏ္ဍမှ အဆိုပြုချက် ၂၀ အနက်မှ ၁၂ ချက်သာ သဘော တူ နိုင်ခဲ့သဖြင့် စုစုပေါင်း ၃၇ ချက်သာ သဘောတူညီချက် ရယူနိုင်ခဲ့သည်။ လုံခြုံရေးကဏ္ဍ၌ သဘောတူညီချက် ရယူနိုင်ခြင်း မရှိပေ။ မြေယာနှင့်သယံဇာတကဏ္ဍ၌ မြေယာကဏ္ဍသာ ဆွေးနွေးနိုင်ခဲ့ပြီး အရေးကြီးသည့် သယံဇာတကဏ္ဍပြုတ် ကျန်ခဲ့ သည်ကို တွေ့ရသည်။ သဘောတူညီချက်များကို လက်မှတ်ရေးထိုးရာတွင် လက်မှတ်ရေးထိုးကြသူများ၏ ကိုယ်စားပြုမှု မှာလည်း မေးခွန်းထုတ်ဖွယ်ဖြစ်ခဲ့ပြီး အားလုံး၏စိတ်ကျေနပ်မှု ရရှိခဲ့ခြင်းမရှိပါ။ ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်အင်အား ၈၀ ရာခိုင်နှုန်းခန့် မပါဝင်သေးသည့်အချိန်တွင် ပြုလုပ်သည့် သဘောတူညီချက်ဖြစ်ရာ ကျန်သူများ သဘောတူမတူဆိုသည်မှာ လည်း မသေချာသည့် အချင်းအရာတခုဖြစ်သည်ဟု ဆိုရပါမည်။ ညီလာခံမတိုင်မီ ကြေညာထားသည့် အများစိတ်ဝင်စားကြ သည့် ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲရေးလည်း လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ပေ။

မည်သို့ဆိုစေ ဒုတိယပင်လုံအပြီး သဘောတူညီချက် ၃၇ ချက်ရယူနိုင်ခဲ့ခြင်းနှင့်ပတ်သက် NLD အစိုးရအနေနှင့် ငြိမ်းချမ်း ရေး အတွက် ခြေလှမ်းတလှမ်း လှမ်းနိုင်ခဲ့ပြီဟုဆိုခဲ့ပါသည်။ ဤအချက်နှင့်ပတ်သက်၍ အငြင်းပွားစရာမရှိပေ။ ဘာမှမရှိတာ ထက်စာလျင် နဲနဲရှိတာက ပိုကောင်းသည်ဟုသာ ဆိုရပါမည်။ ထို့ကြောင့် ငြိမ်းချမ်းရေးအတွက် ခြေလှမ်းတလှမ်းလှမ်းလိုက်နိုင်သည်ဆိုခြင်းအား အငြင်းပွားစရာမရှိပါ။ သို့သော် ခြေလှမ်းပေါင်းမြောက်များစွာ လှမ်းရန်လိုအပ်နေသေးသည်ဆိုသည်ကိုတော့ အသိမှတ်ပြုရန် လိုအပ်ပါသည်။

အထက်ပါညီလာခံတွင် တွေ့ရှိရသည့် ဆွေးနွေးချိန်မလောက်ငသည့်ပြဿနာမှာ ဆွေးနွေးသည့်ပုံစံနှင့် သက်ဆိုင်ပါသည်။ ဦးစွာအားဖြင့် အမျိုးသားဆင့်ဆွေးနွေးပွဲများကို ကျယ်ကျယ်ပြန့်ပြန့် အချိန်ယူလုပ်ဆောင်ရန် လိုအပ်ပါသည်။ ထိုအမျိုးသားအ ဆင့်ဆွေးနွေးပွဲသယ်ဆောင်လာသည့် ကဏ္ဍအလိုက် ဆွေးနွေးပွဲများကို နေပြည်တော် NRPC တွင် အချိန်ယူ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးရန်လိုအပ်ပါသည်။ ထိုသို့သော ဆွေးနွေးနွေးပွဲများပြီးမှ ညီလာခံကျင်းပပါမှသာ ဆွေးနွေးချိန်လုံလောက်မည်ဟု သုံးသပ်ရပါသည်။

လက်ရှိနိုင်ငံရေးဆွေးနွေးပွဲ၌ တိုင်းရင်းသားပြည်နယ်များ ဖွဲ့စည်းပုံဥပဒေရေးဆွဲရေးပြဿနာ သယံဇာတခွဲဝေရေးပြဿနာ တို့သည့် တိုင်းရင်းသားပြဿနာဖြေရှင်းရာတွင် အရေးပါသောပြဿနာ ကနဦးဖြေရှင်းရန်လိုအပ်သောပြဿနာမျာဖြစ် သည်။ ၎င်းပြဿနာများကို ဦးစားပေးပြဿနာအဖြစ် သဘောထားဖြေရှင်းရန်လိုသည်။ လုံခြုံရေးကဏ္ဍနှင့်ပတ်သက်၍ မည် သည့်သဘောတူညီချက်မှ မရသည်ကတော့ အံ့သြစရာမရှိပေ။ နိုင်ငံရေးအရ ရှင်းလင်းပြီးသဘောတူညီချက်မရရှိဘဲ လုံခြုံ ရေးကဏ္ဍနှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နှင့်ပတ်သက်၍ သဘောတူညီချက်ရရှိရန် ဖြေရှင်းနိုင်ရန် ခက် ခဲပေမည်။

တကယ်တမ်းဆိုလျင် ငြိမ်းချမ်းရေးညီလာခံတွင် သဘောတူညီချက်များ ရယူနိုင်ရန် အရေးကြီးပါသည်။ ထိုသဘောတူညီ များကို အများစုက လှိုက်လှိုက်လှဲလှဲ သဘောတူညီရန် ပို၍ အရေးကြီးပါသည်။ ထိုအတွက်လည်းသဘောတူညီချက်များ ရရှိရန်အတွက် NCA သဘောတူညီချက်ပါအတိုင်းအများစုသဘောထားရရှိရန် မဲခွဲဆုံးဖြတ်ရန်လိုအပ်ပါသည်။ သဘောတူညီ ချက် ရယူပုံသည် ပွင့်လင်းမြင်သာ ရှင်းလင်းဖို့ လိုပါသည်။ အများစုက တကယ်တမ်းသဘောတူ ဆုံးဖြတ်မှသာ အကောင် အထည်ဖေါ်နိုင်ပေလိမ့်မည်။

နောက်ဆုံးအနေနှင့်ဆိုလျင် ငြိမ်းချမ်းရေးညီလာခံတွင် ပါဝင်သင့်သည့် stakeholdrs များ ပါဝင်ခြင်း မရှိသေးပါက ညီလာခံ တွင် သဘောတူညီချက်များရယူသည့်အချက်အား ထိပါးစေနိုင်သည်ကို လေးနက်စွာ ဂရုပြုကြရန်လိုပါသည်။

● NCA နှင့် NRPC
ယနေ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် NCA သည် အခရာကျနေသည်။ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် NCA တွင် ဗဟိုပြု နေ သည်။ ထို့အတူ အဆိုပါ NCA နှင့်ပတ်သက်၍ အငြင်းပွားဖွယ်ဖြစ်နေသည်ကလည်း ရှောင်လွှဲ၍မရပေ။ NCA နှင့် ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစု ပါဝင်ဆွေးနွေးညှိနှိုင်းထားသောရလဒ်ဟု ဆိုကြသည်။ ဤသည်မှလည်း ငြင်းဖွယ် မရှိပေ။ သို့သော် အပြီးသတ်၌ စုံစုံညီညီ ပြည့်ပြည့်ဝဝသဘောတူညီနိုင်ခဲ့သည်တော့ မဟုတ်ပေ။ ၂၀၁၅ နိုဝင်ဘာ ရွေး ကောက်ပွဲမတိုင်မီ ဦးသိန်းစိန်အစိုးရအနေနှင့် အတန်ငယ်တက်သုတ်ရိုက်ခဲ့ရသည်တော့ အမှန်ပင်ဖြစ်သည်။ မည်သို့ဆိုစေ NCA သဘောတူညီချက်ဆိုသည်မှာ MPC ဦးအောင်မင်းအနေနှင့်၂၀၀၈ အခြေခံဥပဒေနှင့် မလွတ်အောင် ရေးဆွဲနိုင်ခဲ့သည် အားထုတ်ခဲ့မှုအဖြစ် အသိအမှတ်ပြုရပေမည်။

ယခုအချိန်တွင် NCA အတိုင်း သွားမည်ဆိုသော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပြဿနာ ၂ ခုကို တွေ့ရသည်။ ပထမ အချက်မှာ NCA တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ဟုဆိုသော်လည်း တနိုင်ငံလုံး မပါသည့်ပြဿနာ အများစု မပါနိုင်သေးသည့်ပြဿနာ ဖြစ်နေသည်။ ဒုတိယအချက်မှာ NCA ပါသဘောတူညီချက် အတိုင်းအကောင်အထည် ဖေါ်ရာတွင် အားနည်းချက်ရှိသည့်ပြဿနာဟု ဆိုရမည်။

ထို့ကြောင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှေးတိုးနိုင်အောင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အများစုပါဝင်လာအောင် NCA နှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ရန်လိုအပ်သည်ဟု ဆိုနေရခြင်းဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ပြောင်းလဲ ချိန်တန်ပြီဟူသော ဆောင်ပုဒ်နှင့် ရွေးကောက်ပွဲတွင် အနိုင်ရပြီး အစိုးရတာဝန် လွှဲပြောင်းယူနိုင်ခဲ့သည်။ အစိုးရသစ်တရပ် အနေနှင့် ယခင်အစိုးရဟောင်း၏အမွေများကို ဆက်ခံရသည်ဆိုသော်လည်းယခင်အစိုးရဟောင်း လုပ်သည့်အတိုင်း လုပ် စရာမလိုပေ။ မူဝါဒ ပေါ်လစီများပြောင်းလဲရန်လိုအပ်ပေသည်။ လက်ငင်းပြဿနာမှာ အရင်အစိုးရ လုပ်ခဲ့သည်ဆိုသည်ထက် ၂၀၀၈ အခြေခံဥပဒေအရ တပ်မတော်၏ သဘောတူညီချက်မရဘဲ အပြောင်းအလဲမလုပ်နိုင်ခြင်းဖြစ်သည်။ သို့ဖြစ်ရာ လက် ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့မတိုးသာ နောက်မဆုတ်သာအခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် တပ်မတော် နှင့် ပိုမိုဆွေးနွေးညှိနှိုင်းရန် လိုအပ်ပေလိမ့်မည်။

လက်ရှိ NRPC ၌ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့စသည်တို့ ထပ်ဆင့်ဖွဲ့စည်းလုပ်ဆောင်လျှက်ရှိသည်။ ကော်မရှင် ဥက္ကဌ ဒုဥက္ကဌ အတွင်းရေးမှူးနှင့် အကြံပေးအဖွဲ့ ခေါင်းဆောင်များသည် စေ့စပ်ညှိနှိုင်းရေး၊ ကြားကာလအစီအစဉ်၊ အမျိုးသားအဆင့်အစည်းအဝေးများကျင်းပခြင်း၊ NCA နှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ပြန်လည်သုံးသပ်ခြင်း စသည့်များကို တာ ဝန် ခွဲဝေလုပ်ဆောင်လျက်ရှိသည်။ NRPC နှင့်ပတ်သက်၍ဆိုရလျှင် တခုက ကျွမ်းကျင်သူဝန်ထမ်း အင်အားခန့်ထားမှုနှင့် ဘဏ္ဍာရေးပြဿနာဟု ဆိုနိုင်ပါသည်။

NRPC တွင် ခန့်ထားသည့် ဝန်ထမ်းများတွင် သာမန်ရုံးဝန်ထမ်းများအပြင် ကျွမ်းကျင်သူများလိုအပ်ပါသည်။ လက်ရှိ တိုင်း ရင်းသား လက်နက်ကိုင် ၂၁ ဖွဲ့ နှင့်ပတ်သက်၍ တဖွဲ့ချင်း အထူးပြု ကျွမ်းကျင်သူလိုအပ်ပါသည်။ ထို့ပြင် ပြည်နယ်များအလိုက် ထိုပြည်နယ်အခြေအနေ ထိုပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးစုများ၏အခြေအနေကို ကျွမ်းကျင်သူများလိုအပ်ပါသည်။ အဆို ပါ တခုချင်းကျွမ်းကျင်သူများအား အပိုင်းလိုက်စုစည်းသည့် သုံးသပ်သည့် ကျွမ်းကျင်သူများလည်းလို အပ်ပါသည်။ တပြည် လုံးအရ တိုင်းရင်းသားပြဿနာကို ဆုပ်မိကိုင်မိရှိရန် ကျွမ်းကျင်သူ ၅၀ မှ ၁၀၀ ကြား ခန့်ထားနိုင်ရန်လိုအပ်ပါသည်။ ထို ကျွမ်းကျင်သူများအား နိုင်ငံရေးပါတီများ ပြင်ပပညာရှင်သုတေသီများနှင့် တပ်မတော်မှ စိစစ်ရွေးချယ်ခန့်ထားရန်လိုသည်။ စိတ်ပါဝင်စားသူများကို လေ့ကျင့်ဖွဲ့စည်းရန်လိုအပ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို စစ်ရေးအရဖြေရှင်းလျင် သိန်းနှင့်ချီသောအင်အား လိုအပ်မည်ကို သဘောပေါက်ကြသကဲ့သို့ နိုင်ငံရေးအရ ဖြေရှင်းရာတွင်လည်း တိုင်းရင်းသားအရေး ကျွမ်းကျင်သူ ၅၀ မှ ၁၀၀ ကြား လိုအပ်နိုင်သည်ကို ထည့်သွင်းစဉ်းစားရန်လိုပေသည်။ သို့မှသာများပြားသော တိုင်းရင်းသား လူမျိုး၊ တိုင်းရင်းသားပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ပတ်သက်၍ စေ့ငုစွာသိပြီး ဟန်ချက်ညီ ဖြေရှင်း နိုင်ပေ လိမ့်မည်။

ဒုတိယ ဘဏ္ဍာငွေပြဿနာဖြစ်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းများအတွက်ပြည်ပနှင့် ပြည်တွင်းအလှူရှင်များ၏ အလှူငွေများ ဖြင့် ဆောင်ရွက်နေသည်။ ထိုသို့ အလှူငွေများလက်ခံရရှိသည်မှာ ကောင်းသည်ဟု ဆိုနိုင်ပါသည်။ သို့သော် လောက်ငမှု မရှိပါက တိုင်းပြည်ဘတ်ဂျက်ထဲမှ သတ်မှတ်သုံးစွဲရန်လိုအပ်ပါသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ကြီးမားကျယ်ပြန့်သည့် လုပ်ငန်းစဉ်ဖြစ်ပေရာ လိုအပ်သည့် သုံးစွဲမှု ကုန်ကျမှု မရှိဘဲ မဖြစ်နိုင်ပေ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စစ်ရေးအရ ဖြေရှင်းစဉ်က တိုင်းပြည်ဘတ်ဂျက်ထဲက သုံးစွဲခဲ့ပြီး နိုင်ငံရေးအရဖြေရှင်းချိန်တွင် တိုင်းပြည်ဘတ်ဂျက်ထဲမှ မသုံးနိုင်စရာ အ ကြောင်းမရှိပေ။

ထို့ကြောင့် ချုပ်၍ဆိုရလျင် တိုင်းရင်းသားပြဿနာကို စစ်ရေးအရဖြေရှင်းစဉ်က လူအား ငွေအားသုံးခဲ့သကဲ့သို့ပင် နိုင်ငံရေး အရ ဖြေရှင်းရာတွင်လည်း လူအား ငွေအားသုံးစွဲရန် လိုအပ်ပေသည်ဟု သုံးသပ်ရပေသည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သူတို့အာဘော်, မောင်မောင်စိုး

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်