ဒီလူည ● မိသားစု အက်ဆေး

September 13, 2017

ဒီလူည ● မိသားစု အက်ဆေး

(မိုးမခ) စက်တင်ဘာ ၁၃၊ ၂၀၁၇

(၁)
ကျနော်တို့မိသားစုမှာ မိသားစုဝင် ငါးဦးရှိပါတယ်။ အဖေ အမေ အစ်မကြီး ကျနော်နဲ့ ကျနော့်ညီ။ မိသားစုဆိုတာကိုအဓိပ္ပါယ်ဖွင့် ကြည့်ဖို့ ကျနော် သတိတရမရှိခင်ကတည်းက အဖေဟာ နံနက်လေးနာရီဆို အိပ်ရာကထပြီး ရေပုံး ရေထမ်းတံပိုး အစုံ အလင်နဲ့ လုပ်ငန်းခွင်ဝင်ဖို့ပြင်ဆင်တယ်။

ကျနော်တို့အိမ်မှာ နှိုးစက်ပါတဲ့နာရီတွေမရှိပေမယ့် အဖေ့ရဲ့အိပ်ရာထချိန်ကတော့ ဘယ်တော့မှ နောက်ကျတယ်လို့ မကြား မိခဲ့ဖူးဘူး။ အဖေဟာ နွေနွေ ဆောင်းဆောင်း သူ့ရဲ့အိပ်ရာထချိန်ဟာ မပြောင်းလဲခဲ့ဘူး။

အဖေအိပ်ရာကထပြီး ပထမဦးဆုံးလုပ်တဲ့အလုပ်က ရေအိမ်ဝင်တာပါပဲ။ ပြီးရင် မျက်နှာသစ် နောက် အမေ့ကို နှိုးပြီး ရေထမ်းထွက်ပါတယ်။

“ဝမ်းတလုံးကောင်းလို့ ခေါင်းမခဲတော့ဘူး။ ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ပဲ” ဆိုတဲ့ ဦးမိုးဒီရဲ့ကြော်ငြာထဲကလို အဖေ ဟာ ဖျားခဲ နာခဲလှတယ်။ ဖျားနာခဲ့ရင်လည်း အိပ်ရာထဲမှာခွေနေတဲ့သူမျိုး မဟုတ်ဘူး။ ဆေးမထိုးဘူး။ အပိုအလျှံစုဆောင်းမိတာမရှိတဲ့မိသားစုအတွက် တနေ့လုပ်မှတနေ့စားရတဲ့အနေ အထားမျိုးလေ။ ဒီတော့ အဖေဟာ ဘယ်တော့မှအလုပ်နဲ့ လက် မပြတ်ဘူး။

နေမကောင်းပေမယ့်လည်းလုပ်ရမယ့်အလုပ် (ရေထမ်း) ကိုပြီးစီးအောင်လုပ်ပြီးမှ အခိုးပွင့်ဆေးထုပ်သောက် နောက်စောင်ကိုခေါင်းမြှီးခြုံထားလိုက်တယ်။ ညနေရေပြန်ထမ်းရမယ့်အချိန်ရောက်ရင် အဖေ ရေ သွားပြန်ထမ်းတယ်။

ညရောက်ရင် အခိုးပွင့်ဆေးတထုပ်ထပ်သောက်ပြီး စောင်ကိုခေါင်းမြှီးခြုံကာ အိပ်လိုက်တယ်။ မနက်ရောက်တော့ အဖေ့ အဖျားက ပျောက်သွားပါပြီ။

အဖေဟာ မိသားစု ဝမ်းစာကို ရိုးရိုးသားသားနဲ့ ကြိုးစားရှာဖွေစားသောက်တယ်။ သူတပါးပစ္စည်းဥစ္စာ မခိုးဘူး။ မဝှက်ဘူး။ မလိမ္ဘူး။ မတောင်းဘူး။ သူတပါးကို ခြေထိုးမခံခဲ့သလို နောက်ကျောကိုလည်း ဓားနဲ့ မထိုးခဲ့ဘူး။ ဘဝကို ရေထမ်းပိုးတစုံနဲ့ ကြံ့ကြံ့ခံ ရင်ဆိုင်ဖြတ်သန်းခဲ့တယ်။

အဖေဟာ တဘက်တလမ်းကနေ အိမ်စားရိတ်ထောက်နိုင်ဖို့ တနိုင်တပိုင် ဝက်လေးမွေးတယ်။ အသားတိုးမွေးတာလို့ ပြော လို့ရပါတယ်။

အဖေ့ညီမဆီက အတိုးနဲ့ ငွေတချို့ချေးငှားပြီး ဝက်သားပေါက်ကလေး ဝယ်မွေးတယ်။ မိုးရာသီတခုလုံး ရေ မထမ်းရတဲ့ကာ လမှာ အဖေလုပ်တဲ့နောက် ထပ်အလုပ်တခုရှိတယ်။ အဲဒါက စဥ့်အိုးတွေရောင်းတဲ့သူဆီမှာ လာဝယ်တဲ့သူတွေကို စဥ့်အိုး လှိမ့်ပေးတာပါပဲ။ နေ့တိုင်းဝင်ငွေရတဲ့အလုပ်မျိုးတော့ မဟုတ်ဘူးပေါ့။

စဥ့်အိုးရောင်းတဲ့အိမ်မှာ မနက်ကတည်းကနေ သွားထိုင်နေရတယ်။ ဝယ်သူလာရင် အလှည့်ကျနဲ့ လှိမ့်ရတာပေါ့။ (စဥ့်အိုး လှိမ့်ရတဲ့နေ့ဆို ပိုက်ဆံကလေးရတော့ အဖေဟာ ကျနော်တို့အတွက် ကန်စွန်းဥတွေဝယ်လာတတ်တယ်။ ကျနော်တို့မောင်နှမ တွေလည်း အဖေပြန်အလာကိုသာ စောင့်နေတတ်လာတယ်လေ။ ထမင်းကလွဲလို့ ကျနော်တို့မောင်နှမတွေအတွက် မုန့်ပဲ သားရည်စာကတော့ အဖေဝယ်လာတတ်တဲ့ ကန်စွန်းဥပါပဲ။) အဲ့သလိုမိုးရာသီမှာ ပိုက်ဆံက နေ့တိုင်းမဝင်တော့ ချေးငှား စားသောက်ထားတာလေးကို အသားတိုးမွေးမြူထားတဲ့ ဝက်ကလေးအသားတိုးလို့ ထိုက်သင့်တဲ့အချိန်ရောက်တာနဲ့ ရောင်း ပြီး ရှိသမျှ အကြွေးတွေပြန်ဆပ်။

အနည်းငယ်ပိုတဲ့ပိုက်ဆံတချို့နဲ့ မိုးရာသီရဲ့နောက်ပိုင်းကာလတွေကို ဖြတ်သန်းခဲ့ပါတယ်။ ကျနော်တို့အတွက်ကတော့ မိုး ရွာရင် မိုးရေချိုး သူငယ်ချင်းတွေနဲ့ မိုးရေထဲကစားရတာ ပျော်ရွှင်စရာကောင်းလှပေမယ့် မိဘနှစ်ယောက်အတွက်ကတော့ ခက်ခက်ခဲခဲရင်ဆိုင်နေရတဲ့ကာလတခု ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။

ဒါပေမဲ့ မိသားစုကိုထမင်းနဲ့ဟင်းနဲ့ မှန်မှန်စားနိုင်အောင်အဖေက ဘယ်တော့မှ မပျက်ကွက်ဘူး။ ကျနော်တို့ မောင်နှမသုံး ယောက်လုံးကို ဘွဲ့ရတဲ့အထိ ပညာပေးနိုင်ခဲ့တယ်။ အမေ့ဘက်က အဒေါ်တယောက်က အဖေ့ကို ပြောပာဖူးတယ်။

“ကလေးတွေလည်း အရွယ်ရောက်လာပြီ။ အတန်းပညာလည်း ထိုက်သင့်သလောက်ရှိပြီပဲ။ တော်ရောပေါ့။ ကျောင်းထုတ်ပြီး ခိုင်းစားပါလား” တဲ့။

အဖေကလည်း ပြန်ပြောခဲ့တယ်။ “ကျနော့်လို ရေမထမ်းရအောင် ပညာသင်ပေးနေတာ။ သူတို့ရဲ့ဘဝတွေကို အရိပ်အောက် မှာ ဘောလ်ပင်လေးကိုင်ပြီး ဖြတ်သန်းစေချင်လို့” တဲ့။ အဲ့ကတည်းကအဖေ့ကို အမေ့ဘက်ကအဒေါ်လည်း ဘာမှမပြောတော့ ဘူး။ တကယ်တော့ ဘဝဆိုတာ ဘာလဲလို့ ကျနော် စာအုပ်တွေထဲမှာရှာဖွေနေပေမယ့် ဘဝကိုလက်တွေ့လက်တွေ့ဖွင့်ပြခဲ့တဲ့ အဖေ့ရဲ့အဓိပ္ပါယ်ကို ကျနော်သတိမထားမိခဲ့ဘူး။

လူတယောက်ဖြစ်တည်လာတဲ့အဓိပ္ပါယ်မှာ ဘာတွေပါသလဲကျနော် မသိဘူး။ ဘာတွေပါဝင်ရမယ်လို့ ပြဋ္ဌာန်းထားတဲ့ သတ် မှတ်ချက်တွေလည်း ကျနော် မဖတ်မိခဲ့ဘူး။ လူသားတယောက်ဟာ သူရှင်သန်ရာနေရာမှာ ဘယ်လိုရပ်တည်ခဲ့ ခြေချော်ခဲ့ ခြေထိုးခဲ့သလဲဆိုတာ ကျနော်ရှာဖွေ မကြည့်ခင်မှာပဲ အဖေဟာ ကျနော်သွားရမယ့်ခရီးရဲ့မြေပုံပေါ်ကအမှတ်အသားတချို့ကို သူ့သွေး သူ့ချွေးနဲ့ ထစ်ပြခဲ့တယ်။ ကျနော်က ပညာသင်ဘွဲ့ရ ဓာတ်ပုံတွေချိတ်ပြီး ခရီးခုရဲ့အကွာအဝေးကိုဖြတ်သန်းဖို့ အစပျိုးနေချိန်မှာ အဖေဟာ ကျနော့်ခရီးတဝက်လောက်ကို ရောက်အောင်ပို့ပေးခဲ့တယ်ဆိုတာ ကျနော်မသိခဲ့ဘူး။

သတိမထားမိခဲ့တာ ဆိုပိုမှန်မှာပေါ့။ အဖြေဟာသူပြောခဲ့သလိုပါပဲ။ သူ့သားသမီးတွေ အရိပ်အောက်မှာ နေထိုင်နိုင်အောင် သူ့လိုရေထမ်းတဲ့ ဘဝမျိုးနဲ့မဖြတ်သန်းရအောင် လုပ်ပေးနိုင်ခဲ့တယ်။ ကျနော်တို့ မောင်နှမသုံးယောက်စလုံး ဘွဲ့ရအောင်ပညာ ပေးနိုင်ခဲ့တယ်။

အဖေ့သူငယ်ချင်းရေထမ်းသမားတချို့ရဲ့သားတွေဟာ သူတို့အဖေရဲ့ ရေထမ်းတဲ့အလုပ်ကို လက်ဆင့်ကမ်းလုပ်နေချိန်မှာ ကျနော်တို့မောင်နှမသုံးယောက်က ဘဝကို အဖေမိုးပေးခဲ့တဲ့ အရိပ်အောက်မှာ ဖြတ်သန်းနိုင်ခဲ့တယ်။ (ကျနော့်အစ်မက သမဝါယမမှာ နေ့စားဝန်ထမ်းလုပ်တယ်။ ကျနော့်ညီက ရဲဝန်ထမ်း၊ ကျနော်က ကျူရှင်ပြတယ်။)

အဖေဟာ သူ့လိုမျိုးဘဝနဲ့ကျနော်တို့ဘဝကို ခက်ခဲပင်ပန်းစွာ ဖြတ်သန်းရမှာ အတော်စိုးရိမ်ခဲ့ပုံရတယ်။ (တကယ်ကိုစိုးရိမ်ခဲ့ တာပါ) ရေထမ်းပြီးလို့ အိမ်ပြန်ရောက်ရင် မိသားစုအတွက် အိမ်မှာရှိတဲ့ရေအိုးတွေကို ရေထပ်ဖြည့်တယ်။ ကျနော်တို့ရေထမ်း ပြီးဘဝကိုခရီးဆက်ဖို့မပြောနဲ့။ အိမ်မှာရှိတဲ့ စဥ့်အိုးကိုတောင် ရေဖြည့်ဖို့တခါမှ မပြောခဲ့ဘူး။ ကျနော်တို့ခုအရွယ်ရောက်လာတဲ့အထိပဲ။

ကျနော်တို့ရေထမ်းမယ်ဆို အဖေက နံနက်စောစောကျနော်တို့မနိုးခင် အိမ်ကရေအိုးကိုရေဖြည့်ပြီးမှ ရေထမ်းသွားတယ်။

အမေက ကျနော်တို့ညီအစ်ကိုကိုရေထမ်းခိုင်းမှပဲ ကျနော်တို့လည်း အိမ်က စဥ့်အိုးတွေကိုရေဖြည့်ရတော့တယ်။ ရေကလည်း သိပ်အဝေးကြီး ထမ်းရတာ မဟုတ်ပါဘူး။ ကျနော်တို့ခြံရှေ့ကိုထွက်တာနဲ့ခြေလှမ်း သုံးလှမ်း လေးလှမ်းလောက်ဆို ကန် ဘောင်ကိုရောက်ပြီ။ ကန်ထဲရေဆင်းခပ်။ ကန်ဘောင်ကနေ ခြံထဲက စဥ့်အိုးရှိတဲ့နေရာလောက်ပဲ အကွာအဝေးက။ ဒါ ကျနော်တို့ညီအစ်ကို အဖေ့ကိုဝိုင်းကူလုပ်ပေးတဲ့ ခရီးအစပေါ့။

အဖေက အတန်းပညာမသင်ခဲ့ရဘူး။ ဘုန်းကြီးကျောင်းသားဘဝနဲ့ စာရေးတတ်ဖတ်တတ်ခဲ့ရတယ်။ ဒါ့ကြောင့်လည်း ကျ နော်တို့မောင်နှမသုံးယောက်ကို ပညာတတ်တွေဖြစ်စေချင်တာဖြစ်မယ်။ (မောင်နှမသုံးယောက်ထဲမှာ ကျနော်ဟာ အဖေဖြစ် စေချင်တဲ့ဘဝ (အထူးသဖြင့်ဝန်ထမ်း) ကို မလျှောက်ခဲ့ဘူးလို့ ပြောလို့ရပါတယ်။ အဖေက သူ့သားသမီးတွေကို နိုင်ငံ့ဝန်ထမ်း ဖြစ်စေချင်တယ်။ အရိပ်အောက်မှာဘဝကို ဘောလ်ပင်လေးကိုင်ပြီး ဖြတ်သန်းစေချင်တာ။ ဒါ့ကြောင့် တခါက ထွေအုပ်ဖြေဖို့ ကျနော့်ကို တော်တော်လေး တိုက်တွန်းခဲ့တယ်။ အဲ့ဒီကာလမှာ ဌာနတော်တော်များများဟာ ရန်ကုန်ကနေ နေပြည်တော်ကို ပြောင်းနေတဲ့ အချိန်ကာလ။

ရေးထားမှတ်ထားတာ အလေ့အကျင့်မရှိတဲ့ကျနော့်အတွက် ဘယ်နှစ်ခုနှစ်လဲဆိုတာတော့ မသိဘူး။ ထားပါ။ အဖေရော အမေရော ကျနော့်ကို အဲ့ဒီ စာမေးပွဲဝင်ဖြေဖို့ တိုက်တွန်းတယ်။ အတင်းအကျပ်တော့ ဘယ်တော့မှပြောလေ့မရှိဘူး။ မိဘ ဆိုပြီး အပေါ်စီးကနေ အမိန့်မပေးဘူး။

အဲ့ဒီဝန်ထမ်းဘဝနဲ့ ကျနော့်ကို တော်တော်လေးဖြစ်စေချင်တာပါ။ ကျနော်ကတော့ ငြင်းတယ်။ အကြောင်းပြချက်တွေစီပြီး မဖြေရအောင်ပြောတယ်။

မိဘတွေကလည်း ဖြစ်စေချင်။ ဒါနဲ့နောက်ဆုံးတော့ ကျနော်စဉ်းစားလာတယ်။ မိဘတွေရဲ့ဆန္ဒကို လိုက်လျောဖို့ပေါ့။

ဒိ့နောက်တော့ ကျနော် အဲ့ဒီအရာရှိစာမေးမွဲကို သူငယ်ချင်း ကိုညီနောင်ကို အဖော်ခေါ်ပြီးသွားဖြေခဲ့တယ်။ ကျနော်တယောက်တည်းနေပြည်တော်မှာသွားဖြေရမှာကို မိဘတွေက စိတ်မချဘူး။ နေ့ချင်းပြန်သွားဖြေလို့ရတဲ့ခရီးလည်း မဟုတ်ဘူး။ ပြီး တော့ ကျနော်ကလည်း နေပြည်တော်ကို မသွားတတ် မလာတတ်နဲ့။ ဒါ့ကြောင့် အဖော်ပါတော့ တိုင်းပင်လို့လည်းရ စိတ် လည်း ချရတယ်မဟုတ်လား။

စာမေးပွဲကနှစ်ရက်ကျင်းပတယ်။ ပထမနေ့က မနက်တချိန် နေ့လည်တချိန် ဖြေရတယ်။ အဲဒါကိုကျနော် ကောင်းကောင်း ဖြေနိုင်ခဲ့တယ်။

နောက်နေ့တဘာသာပဲဖြေရတယ်။ အဲ့ဒီနေ့မှာတော့ ကျနော် သက်သောင့်သက်သာမရှိခဲ့ဘူး။ တချို့တဝက်ကို ကျနော်ဖြေ နိုင်ခဲ့သလို တချို့ကိုလည်း ကျနော်မဖြေနိုင်ခဲ့ဘူး။ ဒီတော့ပေးထားတဲ့ စာမေးပွဲအချိန်အတွင်းကျနော်  အချိန်တော်တော်များများ အားနေခဲ့တယ်။

ဘယ်ကနေရလာမှန်းမသိတဲ့ စာရွက်ကြီးတွေနဲ့ ကူးရေးနေတဲ့သူတချို့ကို ကျနော်တွေ့မိတယ်။ အခန်းစောင့်တဲ့ဆရာမရှိ ပေမယ့် ဖြေတဲ့သူတွေက ကျောင်းပြီးဘွဲ့ရတွေဆိုတော့ လူကောင်က ခပ်ကြီးကြီးတွေ များတယ်။ ဒီတော့ ဆရာမလည်း ရှိန် မှာပေါ့။ နောက်ထပ်ဖြစ်နိုင်တဲ့အနေအထားက ဆရာမ မမြင်တာလည်း ဖြစ်နိုင်တယ်။ အဲဒီအားနေတဲ့အချိန်အတွင်းမှာ နောက်ထပ်လုပ်တာတခုက ကျနော်ဟာ အဖြေလွှာစာရွက်ကို ကိုင်ပြီးစဉ်းစားတာပါပဲ။ ကျနော်ဖြေထားတဲ့ အနေအထားက သေချာပေါက်အောင် မယ်လို့ မပြောနိုင်ပေမယ့် ကျရှုံးနိုင်တဲ့ ရာခိုင်နှုန်းကလည်း နည်းနေနိုင်တဲ့အခြေအနေပါ။ အဲဒီအချိန်မှာ ပဲကျနော်ဆီ မေးခွန်းတခုဟာ ဝင်လာတယ်။ အဲဒါက ကျနော်ဟာ ခုဖြေတဲ့စာမေးပွဲအောင်ရင် အဲဒီအလုပ်ကိုလုပ်မှာလား။

တကယ်သေချာရဲ့လားဆိုတာပါပဲ။ သေချာတာတခုက ကျနော်အဲ့ဒီဖြေထားတဲ့ အဖြေလွှာကို ခြစ်ချခဲ့တာပါပဲ။ အဲဒါကို ကျနော် ကနေ့အချိန်အထိ ကျနော့်ဇနီးနဲ့ ကျနော့်သူငယ်ချင်းတယောက်လောက်ကိုပဲ ပြောပြဖူးပါလိမ့်မယ်။ အဲဒီထက်မပိုခဲ့ တာ သေချာပါတယ်။

ကျနော်အဲ့လိုလုပ်တာကို မိဘအပေါ်အပြစ်လုပ်တာလို့ မခံစားရသလို နောင်တလည်း မရမိခဲ့ပါဘူး။ မိဘတွေ ဖြစ်စေချင်တာ ကိုကျနော် ငြင်းပယ်မိတဲ့အတွက် စိတ်မကောင်ဖြစ်မိရုံကလွဲလို့ ခုထက်ထိလည်း အဲ့ဆုံးဖြတ်ချက်ကို ကောင်းတယ်လို့ပဲ ခံယူထားမိတယ်။ တကယ်တော့ ကျနော်တို့ရှင်သန်နေထိုင်မှုမှာ လိုချင်တာရော မလိုချင်တာရော လိုအပ်တာရော မလို အပ်တာရော အထိုက်အလျောက်တော့လုပ်ပေးမှ ဘဝရဲ့လည်ပတ်နေတဲ့ဟန်ချက်ကို ကျနော်တို့ထိန်းနိုင်မှာမဟုတ်လား။)

ကျနော်သိတတ်လာတဲ့အရွယ်ကစပြီး သတိထားမိ လေးစားမိလာတဲ့ ပထမဆုံးပုဂ္ဂိုလ်ဟာ အဖေပါ။ အဖေက ကျနော်တို့မိ သားစုအတွက်တော့ ထာဝရ လွှင့်ထူနေရမယ့်အလံတခုပါပဲ။

ဘဝကိုရှင်သန်ဖို့အကျိုးအကြောင်းတွေပြပြီး ဆင်ခြေတွေပေးနေတဲ့လူတွေကို အတွေ့များလာလေလေ ကျနော်ဟာ အဖေ့ ကို ပိုပြီး လေးစားမိလေပါပဲ။ ရေထမ်းပြီးမိသားစုကို ရှာဖွေကျွေးမွေးတာချင်းအတူတူ သူများတွေနဲ့မတူအောင် သူ့ပခုံးနဲ့ ကျနော် တို့သွားရမယ့်လမ်းတွေကို မြှင့်တင်ပေးခဲ့တယ်။ ရုန်းကန်ပေးခဲ့တယ်။ ဒီနေရာမှာမိဘဆိုတဲ့မေတ္တာတရားထက် အဖေဟာ မိသားစုကို ပိုပြီးလူသားဆန်တယ်လို့ ကျနော်မြင်မိတယ်။ မိဘဆိုတိုင်း စုန်ရေပဲရှိတယ်ဆို မိဘမဲ့ဂေဟာတွေ စွန့် ပစ်ခံရတဲ့အဖေ အဖေခေါ်ခွင့်မရှိတဲ့ ကလေးငယ်တွေကိုနေ့စဉ် ကြားနေ မြင်နေရတဲ့သတင်းတွေကို ကျနော်တို့ ကြားရ တွေ့ ရမှာ မဟုတ်ပါဘူး။

ဒါ့ကြောင့်ကျနော်ဟာ ဒီနေရာမှာ အဖေ့ကိုမိဘဆိုတာထက် လူသားဆန်မှုကိုပဲ ပြောနေရတာပါ။ လူတယောက်ဟာ ဘယ် လိုအနေအထား ဘယ်လိုရာထူး ဂုဏ်သိမ်တွေရှိရှိ အရေးကြီးဆုံးကတော့ လူသားဆန်မှုလို့ပဲ ကျနော်ခံယူထားတယ်။ မှား သည်ဖြစ်စေ မှန်သည်ဖြစ်စေ ဒါ ကျနော်ခံယူထားမိတာပါ။ အဲ့ဒီလူသားဆန်မှုကြောင့်ပဲ မိဘဆိုတဲ့ဂုဏ်ပုဒ်ချင်းတူနေတောင် ပြန်လည်တန်ဖိုးထားပုံချင်း ကွာမယ်။

တကယ့်စိတ်ထဲကလေးစားကြည်ညို တန်ဖိုးထားတာကိုပြောတာပါ။ အပေါ် ယံ စ်ကြောက်ရိုသေ လေးစား သမှုတွေကို ဒီနေရာမှာဖယ်ထုတ်ထား ရပါမယ်။ ဒီလိုလက်ခံထားတဲ့ကျနော့်ခံယူချက်ဟာ ဘယ်သူတွေနဲ့ ကွဲလွဲနေ မလဲဆိုတာကိုလည်း ကျနော်မလေ့လာမိခဲ့ပါဘူး။ နောက်ပြီးတော့ အဖေ့ရဲ့လူသားဆန်မှုမှာ အနစ်နာခံမှုက အဓိကနေရာကပါ ပါလိမ့်မယ်။

လူတယောက်ဟာ သူ့ရဲ့ဆိုးရွားလှတဲ့ဘဝဖြတ်သန်းပုံမျိုး နောက်လူတွေဆီ လက်ဆင့်မကမ်းသင့်ဘူးလို့ ကျနော်ထင်ပါတယ်။

ကိုယ်က ဖယောင်းလမ်းကိုလျှောက်ရလို့ ကိုယ့်နောက်ကလူတွေလည်း ဖယောင်းလမ်းအတိုင်းလျှောက်လှမ်းလာတာ ကိစ္စ မရှိပေမယ့် ကိုယ်က ဆူးခင်းလမ်းကိုသွားပြီး ကိုယ့်နောက်ကလူတွေကိုလည်း ဆူးခင်းလမ်းအတိုင်း လျှောက်ခိုင်းမယ်ဆို ရင်တော့ ဒါဟာ ကိစ္စရှိလာပြီလို့ ထင်ပါတယ်။

ဒီလိုထင်မြင်တဲ့ယူဆချက်ကိုအဖေဟာ ကျနော့်အတွက်အကောင်းဆုံး သက်သေပြနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း အဖေ့ အတွက်ကဗျာတပုဒ်မှာ ကျနော် ဒီလိုရေးခဲ့ပါတယ်။

“အဖေဟာ
ဘဲဥနဲ့ အာလူးရောချက်တဲ့ဟင်းမှာ
ကျွန်တော်တို့ ဘဲဥစားရဖို့
အာလူးကို ရွေးကြိုက်ခဲ့တဲ့သူ

အဖေဟာ
နည်းနေတဲ့ထမင်းကိုကြည့်ပြီး
စောစောစီးစီး ဗိုက်ပြည့်သွားလို့
ထမင်းဝိုင်းထဲကနေ ဦးစွာထထွက်သွားတဲ့သူ”

ကျနော်တို့အတွက် အဖေဟာ အဲ့ကဗျာထဲကအတိုင်း တကယ်တည်ရှိခဲ့ပါတယ်။ (ကျနော်ရေးနေတဲ့အဖေဟာ စိတ်ကူးထဲက ပုံဖော်ရေးသားနေတာ မဟုတ်ဘဲ ခုထိရှင်သန်နေထိုင်နေသေးတဲ့ ကျနော့်အဖေအကြောင်းဆိုတာကိုတော့ ပြောထားပါရစေ) နောက်ပြီး အဖေပြောတတ်တဲ့စကားတခု ရှိသေးတယ်။

“ကိုယ့်မိသားစုအဆင်ပြေမှ ကိုယ်နေထိုင်ရာလမ်း၊ နောက် ကိုယ်နေထိုင်ရာရပ်ကွက်၊ နောက် မြို့အတွက် နောက် နိုင်ငံ့ အတွက်” တဲ့။ ဒါ အဖေခံယူထားတာ။ အဖေခံယူချက်ထဲမှာ မိသားစုက နံပါတ်တစ်ပဲ။ ဒါပေမဲ့ ငါ့မိသားစုအတွက်ဆိုပြီး ငါ တကော ကောနေတဲ့သူမျိုးတော့ မဟုတ်ဘူး။ မခိုးဘူး။ မဝှက်ဘူး။ မလုဘူး။ မလိမ္ဘူး။ ရိုးရိုးသားသားနဲ့ပဲ ငါ့မိသားစုအတွက် ကြိုးစားရုန်းကန်ခဲ့တယ်။ လေကြမ်း ရေကြမ်းကာလတွေကို ဖြတ်သန်းခဲ့တယ်။

“တိုင်းပြည်အတွက် အများအတွက်” ဆိုပြီး ရှေ့ထွက်လာကြတဲ့သူတွေထဲမှာ တကယ်တိုင်းပြည်အတွက် အများအတွက်ဖြစ် ခဲ့ပြီး လူအများ မှတ်မှတ်သားသား ရှိခဲ့ကြတဲ့ပုဂ္ဂိုလ်တွေဟာ ကျနော်တို့ရှင်သန်ရာမှာ ဘယ်လောက်များ ထုထည်ကြီးကြီး မားမားနဲ့ တည်ရှိခဲ့သလဲ။ တည်ရှိနေသလဲ။

ဘာပဲပြောပြောအများအတွက်ဆိုပြီး ရှေ့ထွက်ပြီးမှ အများအတွက်မဖြစ်ခဲ့တဲ့သူတွေထက်စာရင် အများအတွက်ကို မိသားစု နောက်မှာထားတယ်လို့ ခံယူထားတဲ့ အဖေ့ကို ကျနော်လေးစားမိပါတယ်။  ။

(၂)
ဒီနေရာမှာ ကျနော်နောက်ထပ်သတိထားမိတာက အမေပါ။ ကျနော်တို့ဟာ ချမ်းသားတဲ့မိသားစုဆိုတဲ့ စကားလုံးနဲ့သိပ်ကို ဝေးကွာလွန်းပါတယ်။ အသင့်အတင့်ရှိတဲ့မိသားစုမျိုးတောင်မဟုတ်တဲ့အတွက် ကျနော်တို့မောင်နှမတွေ ငယ်ငယ်တုန်းက အမေဟာ နို့မှုန့်တို့ တခြားအာဟာရမှုန့်တွေကို တိုက်ကျွေးနိုင်ခြင်း မရှိပါဘူး။

ပိတ်စပါးပါးလေးတခုရဲ့အစွန်းတဖက်ကို ကြိုးနဲ့ချည်ပြီး တိုင်တခုမှာကပ် ချည်ထားတယ်။ အခြားတဖက်ကိုတော့ လက် တဖက်နဲ့ ကိုင်ထားတယ်။ ပြီးတော့ ထမင်းချက်ပြီးပြီးချင်း တချို့ကို ပန်းကန်လုံးထဲခပ်ထည့်ပြီး အအေးခံထားတဲ့ ထမင်းတွေ ကိုပိတ်စပေါ်တင် နောက်အဲ့ဒီထမင်းတွေကိုပိတ်စပေါ်မှာ ပွတ်တိုက်တယ်။ ဒီတော့ ပိတ်စရဲ့အခြားမျက်နှာပြင်တဖက်မှာ ပွတ်တိုက်ထားလို့ရတဲ့ထမင်းတွဟာ စိမ့်ထွက်လာပါတယ်။ သိပ်ကိုနူးညံ့ပြီး ရေ၊ ဒါမှမဟုတ် ရေနွေးနည်းနည်းထည့်ပြီး မွှေ လိုက်ရင် အာဟာရမှုန့်တွေကို ရေနွေးနဲ့ဖျော်လိုက်သလိုမျိုးပါပဲ။ ကျနော်တို့ကိုအမေက အဲ့သလိုကျွေးမွေးခဲ့ပါတယ်။

နောက် သွားကလေးတွေပေါက်လာတော့ ထမင်းကို ဆီနဲ့ဆားနဲ့နယ်ပြီး ကျနော်တို့ကို ဝါးကျွေးပါတယ်။ ညဘက်ရောက်ရင် ဝတ္တရားမပြတ်လုပ်တဲ့ အလုပ်တခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ အမေဟာ တညကို သုံးခါလောက် ခြင်ရှာတာပါပဲ။

(ခြင်ရှာတယ်ဆိုတာ ခြင်ထောင်ထဲရောက်နေတဲ့ခြင်တွေကို ဖယောင်းတိုင်လေးနဲ့ အပူပေးသတ်တာပါ) ကျနော်တို့မောင်နှမ တွေဟာ အမေနဲ့ပဲ အိပ်ကြ ပါတယ်။ ဘုရားစင်ရှေ့မှာ ခြင်ထောင်နှစ်လုံးထောင်၊ တလုံးက အဖေအိပ်တယ်။ ကျန်တလုံးက တော့ အမေနဲ့ကျနော်တို့မောင်နှမတွေ အိပ်ကြတယ်။ ဒီတော့ ကျနော်တို့ ခြင်ကိုက်မခံရအောင် အမေဟာ ခြင်ရှာတာပါပဲ။

လျှပ်စစ်မီးမရှိတဲ့အိမ်ဆိုတော့ အမှောင်ထဲမှာ ဖယောင်းတိုင်ထွန်းပြီး ည ည အိပ်ရေးပျက်ခံကာ ခြင်ရှာပေးတဲ့ အမေ့ရဲ့ မေတ္တာ တရားအောက်မှာ ကျနော်တို့ မောင်နှမတွေ နှစ်ခြိုက်စွာ အိပ်မောကျခဲ့ကြပါတယ်။

ကျနော်တို့ခန္ဓာကိုယ်ထဲကသွေးတွေကိုမစုပ်ယူနိုင်အောင် အမေဟာ ကာ ကွယ်ပေးခဲ့တယ်။ အမေ့ရဲ့ မေတ္တာတရားအောက်မှာ ကျနော်တို့အပေါ် ကျရောက်မယ့်ရောဂါဘယတချို့ဟာ ဦးလှည့်ပြန် ခဲ့ရပါလိမ့်မယ်။

အမေ့အတွက်တော့ ပါဏာတိပါတာကံကို ညတိုင်းချိုးဖောက်ခဲ့ရတာပေါ့။ တခါတလေ သားသမီးအပေါ်ထားတဲ့ မိဘ ရဲ့မေတ္တာတရားတွေဟာ တချို့သော ဘာသာရေးခံယူချက်တွေကို မေ့လျော့စေတတ်တဲ့အထိ ဖြစ်စေပါတယ်။ ကိုယ့်အ သွေးအသားဆိုတဲ့ ခံစားချက်တွေကနေပေါ့။

အမေဟာကျနော်တို့သားသမီးတွေကိုပြုစုစောင့်ရှောက်ရင်း တဖက်တလမ်းကနေ အဖေ့ကိုကူညီဖို့ (ရတဲ့နေရာကနေ မိ သားစုအတွက် ) ဆေးလိပ် လိပ်ပါသေးတယ်။ ကျနော် မှတ်မိသေးတယ်။ အဲ့ဒီအချိန်တုန်းက ဆေးလိပ် အလိပ်ငါးရာလိပ်မှ ပိုက်ဆံ ၁၀၀/၁၅၀ လောက်သာရတယ်။ အစ်မိကြီးလည်း အမေ့ရဲ့ဆေးလိပ်ခုံမှာ တတပ်တအား ပါဝင်အားဖြည့်ခဲ့ပါတယ်။

အမေဟာ အတန်းပညာမသင်ခဲ့ရပါဘူး။ ရေးတတ်ဖတ်တတ်ရုံလောက်သာပါပဲ။ ကျနော့်အမေဟာ “လက်မှတ်” ဆိုတဲ့နေရာ မှာ သူမနာမည်ကိုပဲ ရေးတတ်ပါတယ်။

“အမေ့မှာ ဘွဲ့လက်မှတ် မရှိဘူး
အမေ့မှာ ဆာတီဖီကိတ်တွေ မရှိဘူး
အမေဟာ LCCI ကို မသိဘူး
ဖရန်စစ်ဖူကူယားမားကိုလည်း မသိဘူး
ဒါပေမဲ့
အမေစီမံအုပ်ချုပ်တဲ့မီးဖိုဆောင်လေးကတော့
အချိန်မှန်မှန် မီးခိုးတွေထွက်လို့။

ငါတို့ထမင်းဝိုင်းမှာ
ဟင်းရနံ့လေးကအမြဲမွှေးလို့။

အဖေ့ချွေးထဲပျော်ကျလာတဲ့ လုပ်အားခတွေတောင်
အမေ့ဈေးဖိုးထဲ နေရာမှန်မှန်ယူကြရတယ်။ ။”

အမေနဲ့ပတ်သက်ပြီး ရေးခဲ့ဖူးတဲ့ကဗျာတပုဒ်ထဲမှာ အဲ့ဒီစာသားတချို့ကို ရေးသားခဲ့ဖူးပါတယ်။

အမေဟာ မိသားစုကိုစီမံခန့်ခွဲဖို့ မေတ္တာတရားကို အရင်းခံပါတယ်။ အဖေရှာတဲ့ပိုက်ဆံနဲ့မိသားစုစားဝတ်နေရေးကို မေတ္တာ တရားပေါ်အခြေခံပြီး ဖြေရှင်းခဲ့ပါတယ်။ ဒါဟာ တကယ်ဖြစ်ခဲ့ရှိခဲ့အနေအထားတွေပါ။

ကျနော်တို့အိမ်မှာ အလေ့အကျင့်တခုရှိတယ်။ အဲဒါက ဟင်းကို ည မနက်စာ တခါတည်း ချက်မစားတာပါပဲ။ အဖေကလည်း မနက်ကချက်တဲ့ဟင်းကို ညဘက်မှာထပ်စားဖို့ ခံတွင်းမတွေ့သလို ကျနော်တို့ကလည်း မစားချင်ပါဘူး။ ဒီနေရာမှာ အဖေ့ ရဲ့ရေထမ်းတဲ့ဖြစ်စဉ်ကို ပြေပြချင်ပါသေးတယ်။

အဖေက နံနက်တခါ ညနေတခါ ရေထမ်းထွက်ပါတယ်။ ဘယ်လိုစပြီး ဒီအစဉ် ဖြစ်လာသလဲတော့ ကျနော်မသိဘူး။ ကျနော် သတိထားမိတဲ့အချိန်မှာတော့ အဖေနံနက်ရေထမ်းကပြန်လာပြီးမှ အမေက ဈေးဝယ်ထွက်ပါတယ်။ အဖေရေထမ်းရတဲ့ အိမ်တွေက ရေထမ်းပြီးပြီးချင်း လက်ငင်းရတဲ့ အိမ်တွေရှိသလို နံနက်ရေထမ်းခကို ညနေမှရတဲ့ရေထမ်းအိမ်တွေလည်းရှိပါတယ်။

အဖေရေထမ်းတဲ့အိမ်တွေကနေ့တိုင်းထမ်းရတဲ့အိမ်တွေရှိသလို တချို့က နှစ်ရက်ခြား သုံးရက်ခြားမှ ထမ်းရတဲ့ အိမ်တွေ လည်း ရှိပါတယ်။ ဒါ့ကြောင့် တပတ် နှစ်ပတ်လောက်မှ ရေထမ်းခရှင်းရတဲ့အိမ်တွေလည်း ရှိခဲ့ပါတယ်။ ဒီတော့ ညနေ ရေ ထမ်းလို့ရတဲ့ပိုက်ဆံကို ညဘက်မီးထွန်းဖို့ (ကျနော်တို့ စာကျက်ဖို့ရော) ဖယောင်းတိုင်ဝယ်။ နံနက် အစာပြေစာအတွက် တချို့ကိုသုံး၊ နောက် ကျနော်တို့မောင်နှမတွေအတွက် ကျောင်းသွားရင်ပေးဖို့ မုန့်ဖိုးအတွက် ဖယ်ရတယ်။

(မှတ်မိသလောက် ကျနော်ဆယ်တန်းရောက်တော့ တနေ့မုန့်ဖိုး နှစ်ဆယ်ကျပ် ရပါတယ်။ ကျောင်းပိတ်တဲ့ရက်တွေဆိုရင် တော့ မုန့်ဖိုးမရပါဘူး။ ပြီးတော့ အဲ့ဒီကာလက စစ်အစိုးရဲ့အုပ်ချုပ်မှုအောက်မှာရှိနေတဲ့ အချိန်ဆိုတော့ ကျနော်တို့ကျောင်း မှာလည်း ကောက်ခံမှုတွေရှိပါတယ်။) အဲဒါတွေပြီးမှ ကျန်တဲ့ပိုက်ဆံတချို့နဲ့ နံနက်ခင်းရေထမ်းလို့ရတဲ့ပိုက်ဆံတချို့ကိုပေါင်းပြီး တနေ့တာရဲ့စားရေးသောက်ရေးကို ဖြေရှင်းခဲ့ရတာပါ။ အမေဟာ ရသမျှပိုက်ဆံနဲ့ လောက်ငှအောင် သုံးစွဲခဲ့ပါတယ်။

ကျွမ်းကျင်တဲ့ပန်းပုဆရာတယောက်ရဲ့ လက်ကထွက်လာတဲ့ လက်ရာမြောက် ပန်းပုရုပ်တရုပ်လို ကျနော်တို့မိသားစုကို အဖေ ရှာဖွေလို့ရသမျှနဲ့ နေရာယူမှန်မှန် စီမံနိုင်ခဲ့တယ်။ အမေ့ရဲ့မီးဖိုဆောင်ဟာ ကျိုးပေါက်ဖို့မလွယ်ကူလှတဲ့ဆည်တခုလို ပါပဲ။

ဆိုပါတော့။ နေ့လည်စာကို ငါးဆီပြန်ဟင်းနဲ့စားပြီး ကျန်တဲ့တနပ်စာအတွက် မနက်ကချန်ထားတဲ့ငါးဟင်းကျန်တချို့ကို ကန်စွန်းရွက်/ချဉ်ပေါင်ရွက်တို့နဲ့ ရောပြီး ဟင်းနဲ့စားရအောင် ဖန်တီးပေးတယ်။

ငါးပိရည်တို့စရာနဲ့မစားရအောင် ရှိတာလေးနဲ့ရှာကြံပြီး အမေဟာ ကျနော်တို့အတွက် ဟင်းတခွက်ဖန်တီးပေးခဲ့တယ်။ အဖေရှာဖွေတဲ့ပိုက်ဆံကို အလေအလွင့်မရှိအောင် ကျနော်တို့လူကြားထဲသွားတဲ့အခါ လူလူသူသူလေး ဝတ်နိုင်အောင် အမေဟာ စီမံနိုင်ခဲ့တယ်။

ပညာတတ်ခြင်း မတတ်ခြင်းဆိုတာထက် ဖြစ်ပေါ်လာတဲ့ စီးဆင်းမှုတွေပါပဲ။ သင်ယူခဲ့တာတွေမဟုတ်ဘဲ မေတ္တာတရားနဲ့ ရင်ဆိုင်ခဲ့တာတွေပါ။

ကျနော်ဟာ အရာရာတိုင်းကို ပညာတတ်ခြင်း မတတ်ခြင်းနဲ့ တိုင်းတာလို့မရဘူးဆိုတာကို အမေ့ကိုကြည့်ပြီး သိမြင်ခဲ့ရတယ်။ ပညာမတတ်လည်းရတယ်လို့ မျက်လုံးစုံမှိတ်ပြီး ပြောတာမဟုတ်ပါဘူး။ ပညာပါတတ်တော့ ပိုကောင်းတာပေါ့။ ဒါပေမဲ့ ပညာတတ်ပြီး မိဘမေတ္တာတရားအပြည့်မပေးကြတဲ့မိဘ တချို့ကိုတွေ့တိုင်း အမေ့ရဲ့သားဖြစ်ရတာ ကံကောင်းတယ်လို့ ကျနော်မှတ်ယူမိပါတယ်။

မိသားစုတစုမှာ ပညာတတ်ခြင်းမတတ်ခြင်းကို ဖယ်လိုက်ရင်မေတ္တာတရားနဲ့ လူသားဆန်မှုက ခရာကျတယ်လို့ ကျနော်မြင်မိ ပါတယ်။

ကိုယ့်ဘက်ကကောင်းစေချင်လွန်းလို့ဆိုပေမယ့် သားသမီးအတွက် စတေးရမယ့်အဖြစ်ကို မေတ္တာတရားဆိုတဲ့ခေါင်းစဉ် တခုအောက်မှာ ကြပ်ညှပ်သိပ်အောင် ကျနော်တို့မောင်နှမတွေ မကျရောက်ခဲ့ကြဘူး။

ဒါ့ကြောင့်ပညာတတ်ခြင်း မတတ်ခြင်းဆိုတဲ့ကိစ္စကို မိသားစုခေါင်းစဉ်အောက်က ဖယ်ထုတ်မိတာပါ။ အမေဟာ မိန်းမသားဆို တော့ အဖေရတဲ့ လုပ်အားခအနည်းအများပေါ် တခါတလေ ညည်းညူပေမယ့် အဖေအပေါ် နားပူနားစာမလုပ်ခဲ့။ ဖိအား မပေးခဲ့ပါဘူး။ ရတာလေးနဲ့ ရှိတာလေးနဲ့ မိသားစုစားဝတ်နေရေးအတွက် ကျွမ်းကျင်စွာလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ပြီးတော့ အမေဟာ ကျနော်တို့အဝတ်အစားတွေကိုလျှော်ဖွပ်ပြီးတိုင်း မဲနယ်ဆိုးပေးပါတယ်။ ဒါ့ကြောင့်လည်း ကျနော်တို့မောင်နှမ တွေရဲ့အဝတ်အစားတွေဟာ အချိန်ကြာလာပေမယ့် ဟောင်းနွမ်းမှုက နောက်ကျခဲ့ပါတယ်။ ခဏခဏ အဝတ် အစားမဝယ် ပေးနိုင်တဲ့ အမေ့ရဲ့ကျွမ်းကျင်စွာဖြေရှင်းနည်းတခုပေါ့။  ။

(၃)

“ဟိုးအပေါ်က
မိုးစက်တွေလို
ကျွန်တော် ခုန်ချကြည့်လိုက်တယ်
မိဘရင်ခွင်ထဲရောက်ရဲ့
ဘယ်တော့မှ ကျိုးကြေမသွားဘူး
ကျွန်တော်တို့မောင်နှမတွေ။  ။ ”

(ဝင်းမြင့်… မိသားစုကဗျာမှ )

ဆရာဝင်းမြင့်ရဲ့ကဗျာထဲကလိုပါပဲ။ ကျနော်တို့မောင်နှမသုံးယောက်ဟာ မိဘရဲ့ရင်ခွင်ထဲမှာ မကျိုးမကြေဘဲ ကောင်းမွန်စွာ နေထိုင်နိုင်ခဲ့ပါတယ်။ ဆင်းရဲခြင်းရဲ့လှိုင်းကြမ်းလေကြမ်းတွေကို ကျနော်တို့ရှေ့ကနေ မိဘနှစ်ပါးက တံတိုင်းတခုလို ကာဆီး ပေးရင်း မိသားစုဆိုတဲ့ အသိုက်အမြုံလေးကို ရှေ့ဆက်ပြီး ရွက်လွှင့်နိုင်ခဲ့တယ်။ အန္တရာယ်ကင်းကင်းနဲ့။ မကျိုးမကြေဘဲနဲ့။

အဖေက ရေထမ်း အမေက ဆေးလိပ်လိပ်ရင်း အိမ်မှာကျနော်တို့မောင်နှမသုံးယောက်ရဲ့ ဘွဲ့ဓာတ်ပုံကို ချိတ်ဆွဲထားနိုင်ခဲ့ပါ တယ်။

အဲ့ဒီဘွဲ့ဓာတ်ပုံတွေဟာ မိဘနှစ်ပါးရဲ့ ခယောင်းလမ်းမှာ အလှပဆုံး ရနံ့တွေနဲ့ပွင့်ခဲ့တဲ့ ပန်းပွင့်တွေပါပဲ။ ကျနော့်အစ်မက ရှစ် တန်းမှာ ချိသလို ကျနော်လည်း ရှစ်တန်းရောက်တဲ့အခါ ချိပါတယ်။ (ကျနော့်ညီကတော့ အဲ့ဒီအစဉ်အလာကို ဖြတ်ကျော် နိုင်ခဲ့ပါတယ်။) သွားရ လာရ အတော်လေးအဆင်မပြေတဲ့အနေအထားပါ။ ဘာမှထိမိခိုက်မိတာလည်းမဟုတ်။ ညဘက် သူငယ်ချင်းတွေနဲ့ ဆော့ကစားနေတာ အကောင်းပါ။

မနက်ရောက်မှခြေထောက်တွေက လှုပ်ရှားဖို့မလွယ်တော့ဘူး။ ခြေတလှမ်း လှမ်းဖို့အတော်ကလေးကို အားစိုက်ထုတ်ရတယ်။ ခြေချောင်းတွေက ဖိနပ်စီးဖို့ ကုပ်အားမရှိဘူး။ ဖိနပ်စီးချင်ရင် လက်တဖက်က ဖိနပ်ကိုကိုင်ပြီး ခြေမကြားထဲထည့်ရတယ်။ ဒါမှမဟုတ်ရင် စီးမယ့်ဖိနပ်ရဲ့အရှေ့မှာအခု အခံလေးထားပြီး ဖိနပ်ထဲခြေချောင်းတွေကို ထည့်ရတယ်။

ကျနော်တို့မြို့နယ်မှာရှိတဲ့ ဆရာဝန်တယောက်ဆီမှာ ဆေးထိုးရပါတယ်။ အဖေဟာ ညနေရေထမ်းက  ပြန်လာပြီးပြီးချင်း ကျ နော်တို့ကို ဆေးထိုးဖို့ စက်ဘီးသမားခေါ်၊ နောက်ဆေးခန်းကိုသွားတယ်။ ညဘက်ရောက်ရင် တိုင်းရင်းလိမ်းဆေးကို အဖေ ဒါမှမဟုတ် အမေကကျနော်တို့ရဲ့ခြေထောက်တွေကို လိမ်းပေးပါတယ်။ (ကျနော်တို့ဆေးခန်းပြတဲ့ဆရာဝန်ကလည်း တိုင်း ရင်းဆေးလိမ်းဖို့ပြောပါတယ်။)

မိဘနှစ်ပါးအတွက်တော့ ခက်ခဲတယ်ဆိုတဲ့စကားလုံးပေါ်နောက်ထပ်လေးလံမှုတွေ ကျရောက်နေတဲ့ကာလတွေပေါ့။ ဒါပေမဲ့ သူတို့ မငြူစူခဲ့ကြဘူး။ မညည်းငြူ ခဲ့ကြဘူး။ မိဘဆိုတဲ့မေတ္တာတရားနဲ့။ သားသမီးဆိုတဲ့သံယောဇဉ်နဲ့။ မိသားစုဆိုတဲ့ ကြည် နူးမှုတွေနဲ့ပါ။

မိသားစုထဲကနေဘယ်သူမှပဲ့ထွက်မသွားအောင် ကျားကန်နိုင်ခဲ့ကြတယ်။ တဖြည်းဖြည်းနဲ့ ကျနော်တို့ခြေလှမ်းတွေ အရင် လောက် လေးလံမှုမရှိတော့တဲ့အခါ ခြံထဲမှာ လမ်းမြန်မြန်လျှောက်နိုင်အောင် လေ့ကျင့်ပေးတယ်။ အမေက အရင်လိုလမ်း လျှောက်တဲ့ကိုယ်နေဟန်ထားရဖို့ အိမ်ပေါ်ကကြမ်းနှစ်ချောင်းမှာ လမ်းလျှောက် ကျင့်ပေးတယ်။ သားသမီးတွေရဲ့လမ်း လျှောက်ပုံကအစ အမေဟာ ဂရုစိုက်ပေးခဲ့တယ်။ နောက်ဆုံးတော့ ကျနော်တို့မောင်နှမတွေ သူများနည်းတူ လမ်းပြန်လျှောက် နိုင်လာခဲ့ကြတယ်။

ကျနော်တို့အကောင်းအတိုင်းပြန်ဖြစ်လာတဲ့အခါ ကျနော်တို့ထက်ပိုပြီးပျော်ရွှင်မိတဲ့သူတွေကတော့ မိဘနှစ်ပါးဆိုတာ လုံးဝ သေချာခဲ့ပါတယ်။ မိဘဆိုတာကိုယ်သာ “ခံ” မယ်။ ကိုယ့်သားသမီးကိုတော့ “စံ” စေချင်တာပဲ မဟုတ်လား။

ဒီနေရာမှာ ကျနော်ထပ်ပြီးတွေးမိတာက “မိသားစု” ဆိုတာနဲ့ “အိမ်ထောင်စု” ဆိုတာပါပဲ။ ဘယ်လို သတ် မှတ်ချက်တွေရှိသလဲ ကျနော်မလေ့လာမိဘူး။ ကျနော်ခံစားမိတဲ့အတိုင်း အဲ့ဒီစကားလုံးနှစ်စုကို ခွဲခြားကြည့်တာပါ။

ကျနော့်အတွက်တော့ “မိသားစု” ဆိုတာ မိဘနဲ့သားသမီးတည်ရှိနေတဲ့အသိုက်အဝန်းတခုပါ။ ဝေးကွာချင်ကွာမယ်။ တစည်း တလုံးထဲရှိ ချင်ရှိမယ်။ ကိစ္စမရှိဘူး။ “အိမ်ထောင်စု” ကတော့ လက်ထပ်ထိမ်မြားကြပြီး သားသမီးမရကြသေးတဲ့ အခိုက် အတန့်မျိုးလို့ ကျနော်ယူဆမိတယ်။

သိပ်ပြီး အထိအခိုက်မခံဘူးလို့လည်း တခါတလေထင်မိပါတယ်။

အိမ်ထောင်စု ဆိုတာပြိုကွဲသွားရင် သီးခြားစီဖြစ်သွားပေမယ့် မိသားစုကတော့ ထာဝရတည်ရှိနေမယ့်အရာပါပဲ။ ဒီလိုပြောလို့ အိမ်ထောင်စုဟာမတည်မြဲဘူးလို့ မယူဆစေလိုပါဘူး။ ကျနော်တို့ဆီမှာအိမ်ထောင်ကျပြီဆိုကလေးရှိမှ တည်မြဲမယ် သာယာ မယ်ဆိုတဲ့ အစွဲမျိုးလေးတွေ ရှိတတ်ကြပါတယ်။

သားသမီးရှိပြီး ပြိုကွဲသွားတဲ့သူတွေလည်း မနည်းသလို သားသမီးမရှိဘဲ တည်မြဲနေတဲ့သူတွေလည်း မနည်းပါဘူး။ လင် မယားနှစ်ယောက်ပြတ်စဲမှုဟာ အိမ်ထောင်စုနဲ့ဘဲ ဆိုင်ပါတယ်။

မိသားစုနဲ့မဆိုင်ဘူးလို့ ထင်ပါတယ်။

ဒါ့ကြောင့်လည်း အမေနဲ့ပါသွားတဲ့ သမီးက အမေမသိအောင် အဖေ့ကိုသွားတွေ့တတ်သလို အဖေနဲ့ပါသွားတဲ့သားကလည်း အဖေမသိအောင် အမေ့ကို လိုက်ရှာတတ်ကြတာ ဓါတ်ရှင်တွေထဲမှာတင်မဟုတ်ဘဲ တကယ့်လက်တွေ့မှာလည်း ရှိပါတယ်။

(ကျနော် အဲ့လိုမိသားစုနှစ်စုကို တွေ့ဖူးပါတယ်။ ကျနော်နဲ့ အတော်နီးနီးကပ်ကပ်တွေမှာပါ)

ခုဆိုကျနော်လည်း အရွယ်ရောက်လို့ အိမ်ထောင်ရက်သားလည်း ကျခဲ့ပါပြီ။ ကျနော့်အမျိုးသမီးဟာ ကိုယ်ဝန်နှစ်ခါဆောင် တယ်။ နှစ်ခါလုံး ပျက်ခဲ့ပါတယ်။ ကျနော်တို့နှစ်ယောက်ထူထောင်တဲ့ အိမ်ထောင်စုဟာ မိသားစုဖြစ်ခွင့်မရသေးပါဘူး။ မိသား စုဆီသွားနေတဲ့လမ်းကလေးတခုပေါ်မှာပဲရှိပါသေးတယ်။

ကျနော်တို့ပြောလေ့ရှိတတ်တဲ့ “ဆယ်တန်းဟာ နတ်ကြီးတယ်” ဆိုသလိုပါပဲ အိမ်ထောင်စုကနေ မိသားစုဖြစ်လာဖို့ကလည်း ကံတရားတော့လိုအပ်မှု ရှိသလောက် လိုအပ်မယ်ထင်ပါတယ်။ ဒီကမ္ဘာမြေပေါ် သက်ရှိတယောက်ရောက်လာဖို့ ခက်ခဲတာ ကို အိမ်ထောင်စုတိုင်း အနည်းနဲ့အများတော့ ကြုံဖူးသလို ခံစားဖူးမိကြမယ်ထင်ပါတယ်။ ဒါပေမဲ့ နေ့တိုင်းနီးပါးကြားနေရတဲ့ စစ်ပွဲတွေကြောင့် သေဆုံးခဲ့ရသူတွေကို ကျနော်တို့ ဘယ်အတိုင်းအတာလောက်ထိ စာနာတတ်ကြသလဲ။ ဘယ်လောက်ထိ သေဆုံးသူတွေရဲ့နောက်မှာ ကျန်ခဲ့မယ့်မိသားစုအနက်တွေကို နားလည်းခဲ့ကြသလဲ။

မိသားစုဆိုတဲ့ခေါင်းစဉ်အောက်မှာရှိပြီး မိသားစု တစည်းတလုံးတည်း ထမင်းလက်စုံ စားခွင့်မရကြတဲ့ မိသားစုတွေအတွက် ဘာတွေသင်ယူ တတ်မြောက်ခဲ့ကြသလဲ။

တကယ်တော့ ဒီကမ္ဘာမြေပေါ်ကသက်ရှိတိုင်းမှာ မိသားစုတွေရှိကြပါတယ်။ ကိုယ့်မိသားစုကို ကာကွယ်ရသလို အခြားမိ သားစုတွေကိုလည်း စာနာလေးစားတတ်ဖို့လိုပါတယ်။ ကိုယ့်မိသားစုကိုကာကွယ်ရင်း အသက်ဆုံးရှုံးသွားကြသူတွေရှိသလို ကိုယ်ကြောင့် အခြားမိသားစုထဲကမိသားစုဝင်တချို့ ဖဲ့ထုတ်ခံနေရသူတွေလည်း ရှိနေပါလိမ့်မယ်။

မိသားစုဆိုတာပင်မြင့်ထက်မှာလည်းမွှေးသလို ကြွေချိန်ရောက်လည်း ပန်းခြောက်ကလေးအဖြစ် ဆက်လက်မွှေးနေမြဲ ခရေ ပန်းလေးလိုပေါ့။

မိသားစုတွေကိုကာကွယ်ဖို့ ကျနော်တို့ဟာ မိသားစုတွေလိုအပ်လှပါတယ်။  ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်