မိုဃ်းဇက်သော် ● မြို့ပျက်တခုရဲ့ နောက်ဆုံးအသက်ရှူသံ

September 14, 2017

မိုဃ်းဇက်သော် ● မြို့ပျက်တခုရဲ့ နောက်ဆုံးအသက်ရှူသံ

(မိုးမခ) စက်တင်ဘာ ၁၄၊ ၂၀၁၇


အခန်း (၁)
ကျွန်တော့်ထံတွင် အအေးမိနေသည့် မိုးညတချို့ရှိသည်။ ထိုမိုးညများနှင့်ကျွန်တော် လက်ဖက်ရည်အတူသောက်သည်။ ပြီး နောက် ခံတွင်းချဉ်လာသောအခါ စီးကရက်ဖွာ၏။ ဘဝတွင် တခါတလေ အချိုလျှော့သင့်ကြောင်း သူက စီးကရက်ဖွာရင်း ကျွန်တော့်ကို ပြောခဲ့သည်။ ထိုအချိန်တွင် လေတွေလည်း ယဉ်ကျေးစွာ မျောလွင့်သဲ့သဲ့လေးတိုက်ခတ်နေသည်။ တိမ်တွေ လည်း ယခင်ကထက် ပိုမိုချစ်ခင်စရာကောင်းစွာ မျောရွေ့နေ၏။ သူ့ရင်ဘတ်နှင့်မဆံ့သော အိပ်မက်ထူထူများ ထမ်းမထားရ သောကြောင့် ဖြစ်ပါလိမ့်မည်။ သို့သော် ကျွန်တော်ကတော့ ချောင်းဆိုးပါသည်။ ထို့နောက် ငယ်သူငယ်ချင်းနှင့် တွေ့သော အခါ ကံစမ်းမဲကူပွန်တခု လက်ဆောင်ရ ရှိလိုက်သည်။ ဗလာမဲမဟုတ်ဘဲ ကျွန်တော် ရှုံးပါသည်။ ငယ်သူငယ်ချင်းသည် ကျွန် တော့်ကို မသိသလိုလုပ်နေ၍ဖြစ်သည်။

ထို့ကြောင့်စီးကရက်ဖြတ်လိုက်သော်လည်း ချောင်းဆိုးတတ်ကြောင်း မိုးညများထံ ကျွန်တော် အသံပြာသည်အထိ အော်ပြော လိုက်သည်။ ပြီးနောက် အချိုမလျှော့ထားသော လက်ဖက်ရည်တခွက်အား အစာအိမ်သိက္ခာရှိရန် သောက်ခဲ့၏။ ပြီးတော့ အိမ်ပြန်ခဲ့ ပါသည်။ လမ်းခုလတ်တွင် မိတ်ဆွေတဦး၏ နာရေးအိမ်သို့ ဝမ်းနည်းခြင်းမျက်ရည်စက်များထံ တံခါးခေါက် ဝင် သွားခဲ့သေးသည်။

တကယ့်မျက်ရည်တွေနှင့် တကယ့်မျက်ရည်ကဲ့သို့ ရင်တွင်းမှ ကျိုချက်ခဲ့သော်လည်း မသန့်စင်သော ပေါ့ပျက်ပျက်မျက်ရည် အတုတွေကို မြင်ခဲ့ရ၏။ ကျွန်တော်လည်း ရွာတော့မည့်မိုးကဲ့သို့ ကျွန်တော်၏ မျက်ဝန်းများကို သင်ကြားပေးလိုက်၏။ ကျွန် တော် ကံကောင်းပါသည်။ ထိုသူတို့ မိသားစုတတွေက ကျွန်တော့်ကိုပင် ပြန်၍ နှစ်သိမ့်ကြရပါသည်။ ဝမ်းနည်းမှုကောင်းကင်ထဲ နာရီဝက် တနာရီလောက် ပျံဝဲရွက်လွှင့်ရင်း ပြန်ရန် ကျွန်တော်နှုတ်ဆက်လိုက်သည်။

ထို့နောက် ပြန်ဆင်းလာခဲ့ရင်း အောက်ဆုံးလှေကားထစ်သို့ ရောက်သွားသောအခါ ကျွန်တော့်ဖိနပ်မှာ ရှိမနေတော့ပေ။ ကျွန် တော့်ဖိနပ်သည် သူ့ကိုယ်သူစီး၍ ထွက်သွားပြီလား။ (ဒါတော့ လုံးဝမဖြစ်နိုင်လောက်ပါ။) ယခင်တပတ်ကမှ ဝယ်ခဲ့သော ကျွန်တော့်ဖိနပ်ကလေး။ ဒေါသတွေက ဆီလိုအပေါက်ရှာ၍ ထွက်လာကြသည်။ ဖိနပ်နှင့်ဆိုင်သော စကားနှစ်ရပ်ကို မဆီ မဆိုင် အလိုလိုသတိရလိုက်မိ၏။ အလကားရတဲ့မန်ကျည်းရွက် တက်ခူးရောင်းတာ ၅ ကျပ်ရှုံးတယ်။ အောက်က ခုံဖိနပ်လူခိုး သွားလို့။ နောက်တခုကတော့ အမှန်ဆုံးစကားပင် ဖြစ်ပါလိမ့်မည်။ မသာအိမ် ဖိနပ်ခိုး။ ဟုတ်ပါသည်။ ပလက်ဖောင်းပေါ်မှာပဲ လေလွင့်ခြင်း၊ မသမာခြင်းတွေရှိနေသည်မဟုတ်ပါ။ ထိုအရာများသည် နေကာမျက်မှန်လေးတပ်ပြီး အတာချီကေ့စ်လေးဆွဲရင်း လူကြီး လူကောင်းဒီဇိုင်းများနှင့် ဟိုတယ်မိုတယ်များတွင် ဒူးနန့်၍ လေချွန်နေနိုင်ပါသည်။ လောလောဆယ် ကျွန်တော်ပြု လုပ်စရာတခုတည်း ရှိပါသည်။ မေတ္တာပို့သလိုက်၏။  သေခြင်းဆိုး၊ ကာလနာ…၊ မြွေပွေးကိုက်…။ မေတ္တာပို့နည်း တော် တော်များများ စုံပါလိမ့်မည်။ ကျွန်တော်သည် လူစင်စစ်ဖြစ်နေသောကြောင့်။ ထိုထက်အတိအကျ ဆိုရလျှင် သာမာန်လူ ဖြစ်နေသောကြောင့်။ ပြီးတော့ ထိုအချိန်တွင် အလုပ်သင့်ဆုံး အလုပ်တခုကို လုပ်ခဲ့ပါသေးသည်။ သင့်တော်ရာဖိနပ်တရန်ကို ဟန်မပျက်စီးပြီးသိက္ခာရှိရှိထွက်လာနိုင်ခဲ့ပါသည်။ တခါတလေတော့လည်း အမှန်တရားဆိုသည်မှာ ကိုယ့်ဖိနပ်ပျောက် သွား တဲ့အခါ ခြေဗလာနှင့် ပြန်ရမှာထက် တွေဝေမျောလွင့်ပြီး မစဉ်းစားမိတော့ဘဲ သူများဖိနပ်ကို စီးခဲ့ရသလိုမျိုး ဖြစ်နေပါလိမ့်မည်။ ပြီးနောက် စီးခဲ့မိပြီးခါမှ တနုံ့နုံ့ပြန်တွေးကာ အတရားဆိုတာ ကိုယ်စီးခဲ့မိတဲ့ ဖိနပ်အမှားတရန်ဖြစ်နေပါလားဆိုတာ သိကြမြဲပင် ဖြစ်သည်။

ရထားစီးရင်းနှင့် ဖိနပ်တဖက် ကျွတ်ကျသွားသောအခါ နောက်ထပ်တဖက်ကိုပင် ချွတ်ချပေးခဲ့သည့် မဟတ္တမဂန္ဒီလို လူတွေ ကတော့ ရှားပါးမြဲ ရှားပါး နေဦးမည်ဖြစ်သည်။ (ဟုတ်ကဲ့။ ကျွန်တော်တို့၏ ခြေချောင်းများ အားစိုက်ကွေးကုပ်ထားကြပါသည်)  သင်တို့လည်း မြင်ဖူးကြားဖူးပါလိမ့်မည်။ လူစည်ကား များပြားသည့်နေရာ၌  အော်ဟစ်ရောင်းချ နေသော ဖိနပ်ရောင်းသူတချို့ ကို မှတ်မိပါ သေးသလား။ ဆင်ကြယ် မြင်းကြယ်ဖိနပ်တွေ ငါးရာတည်း တန်တယ်။ ဝယ်သွား။ တန်တယ်။ ထိုသို့ပြောသည့်အခါ ဝယ်မည့်သူက တန်သည်ဆို၍ တရံလောက်ပါဆိုပြီး ငါးရာတန်တရွက် ထုတ်ပေးပါသည်။ ထိုအခါ ရောင်းတဲ့သူ နောက် ထပ်ငါးရာလိုသေးတယ်ဟုပြောလိုက်သောအခါ မဟုတ်ဘူး။ တဖက်ကို ငါးရာ။ တရံလုံးကို တထောင်ဖြစ်သည်တဲ့။ ထိုဖိနပ်ရောင်း သူများကို တော်တော်တော့ ချီးကျူးစရာကောင်းပါသည်။ ထိုသူတို့သည် ဖိနပ်ကိုငါးရာဖိုးပဲစီးပြီး ကျန်သည့်ငါးရာဖိုးကို ထိုသို့ မသမာနည်းဖြင့် မည်သို့များ ရှာဖွေကြံဆခဲ့ပါသလဲ။ ကိုလံဘတ်စ် နယ်မြေသစ် ရှာဖွေတွေ့ရှိသွားသလို။  အိုင်းစတိုင်း E= mc 2 ဖော်မြူလာကို ရှာဖွေတွေ့ရှိသွားသလို။  ဘီသိုဘင်တယောက် နားထိုင်းပြီးမှ ကောင်းကင်ဘုံကအသံကို ရှာဖွေတွေ့ရှိ သွားသလို။ ထိုသူတို့လည်း သူတို့အဖြစ်ကိုယ်သူတို့ ဂုဏ်ယူနေပါလိမ့်မည်။ ကျွန်တော့်အတွက်တော့ ထိုသို့နားလှည့်ပါးရိုက် လုပ်ခြင်းသည် အဆိပ်ရှစ်အောင်စထက် ပိုခါးပါသည်။ ထိုလုပ်ရပ်များသည် နံကြားကို တေ့ထားသော ဓားသွားများဖြစ်၏။ မိတ်ကပ်ဖို့ထားသော သမ္မာအာဇီဝ အတုအယောင်များဖြစ်သည်။ လူတွေ။ လူတွေ။ လူတွေ။ လမ်းတွေသည် လူတွေကို မမြင်နိုင်ကြ။ ထို့ကြောင့် လှမ်းခေါ်သော်လည်း လမ်းတွေကိုယ်တိုင်က လမ်းမပြပေးနိုင်ကြ။ သေချာသည်ကတော့ လူတွေ လည်း အချင်းချင်းမြင်သော်လည်း အမှန်တကယ်မမြင်နိုင်ကြ။ မြင်ရသော်လည်း အော်ခေါ်၍မရကြပါ။ နောက်ထပ် သေချာ တာ တခုတော့ရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် လမ်းမတူ၍ လူချင်း ခုထိမတွေ့နိုင်ကြသေးတာ ဖြစ်နိုင်ပါသည်။ အသန့် ရှင်းဆုံးဂီတသံများဖြင့် သင်တို့၏အကြားအာရုံများကို ဆေးကြောလိုက်ဖို့ ကောင်းပါသည်။ ထိုသို့ကျွန်တော်ပြောလိုက်မိစဉ်တွင် ကျွန်တော့်လက်ဖမိုးပေါ်သို့ ဘယ်ကမှန်းမသိရသည့် ဆေးလိပ်မီးပွားများ လွင့်စင်ကျလာခဲ့သည်။ သည်ကဗျာ တပုဒ်၌ လည်း ကျွန်တော်နှုတ်ပိတ်နေရဦးမည်လား။ သမာဓိချိန်ခွင်သည် မြင်မကောင်းအောင် ခြစားနေလေပြီ။
***

အခန်း (၂)
ပျင်းပျင်းရှိသည်နှင့် ရည်ရွယ်ချက်မရှိဘဲ ကျွန်တော် လျှောက်လှမ်းခဲ့သည်။ ခပ်လှမ်းလှမ်းလျှောက်ခဲ့ပြီးသောအခါ၌ လမ်း ဘေးတနေရာတွင် လူများအုံခဲနေသည်ကို မြင်ရ၏။ ကလေးလူရွယ်တွေရော အစုံမြင်နေရသည်။  ယာဉ်မတော်တဆမှုလား။ အံ့သြစရာမြင်ကွင်းတရပ်ကို စုပြုံတိုးဝှေ့ကြည့်ရှုနေကြသလိုမျိုးဖြစ်သည်။ လျှောက်လာရင်း အသံခပ်သဲ့သဲ့ကြားလာရသည်။ သေချာနားထောင်ကြည့်မိ၏။ ဘင်တီးသံ။ စည်းချက်ကျကျတီးခတ်နေသောအသံ။ နောက်ပြီးအသံတမျိုးပါကြားမိသေးသည်။ လင်ကွင်းချန်းသံပင်ဖြစ်သည်။ ဒါဆို မျက်လှည့်ဝိုင်းပဲဖြစ်ပါလိမ့်မည်။ မည်သည့်ပြကွက်ဆန်းတွေနှင့် ဒီလောက်များသည့် လူအုပ်ကြီးကို ဖျားယောင်းထားနိုင်ရတာလဲ။ ကျွန်တော်ပို၍သိချင်လာမိသည်။ လူအုပ်ထဲသို့ တိုးဝင်လာခဲ့တော့သည်။ မျက်လှည့်ဝိုင်း၏အလယ်တည့်တည့်တွင်တော့ မျက်လှည့်ဆရာဖြစ်ဟန်တူသူက အနက်ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ မေးရိုးကားကားနှင့် တည်ကြည်သည့် ဥပဓိရုပ်ရှိ၏။  ထိုမျက်လှည့်ဆရာသည် လူလတ်ပိုင်းတဦးဖြစ်နိုင်သည်ဟု ခန့်မှန်းရ သည်။ ဝိုင်း၏ဘေးဘက်တွင်တော့ သူ၏တပည့်ဖြစ်ဟန်တူသူက ဘင်ကိုရိုက်တံဖြင့် စည်းချက်ကျကျပံ့ပိုးပေးနေသည်။ ကျန်လက်တဖက်ဖြင့် လင်ကွင်းချန်းကိုစည်းချက်ညီညီပံ့ပိုးပေးနေသည်။ ကျွန်တော်မျက်လှည့်ဝိုင်းအတွင်းသို့ရောက်သွားသောအခါ မျက်လှည့်ပြကွက်တော်တော်များများပြီးသွား လောက်ပြီထင်သည်။ နံဘေးကပရိသတ်တွေက အံ့သြသံတွေ အာ မေဍိတ်သံတွေနှင့် အချင်းချင်းတွတ် ထိုးနေကြတုန်းဖြစ်၏။ သူတို့၏ပြောသံတွေအရ ကျွန်တော်မရောက်သေးခင်တွင် အံ့သြဖွယ်ပြကွက် တော်တော်များများ ပြသွားပြီးပုံပင်ဖြစ်သည်။ ကျွန်တော့်နံဘေးမှသူတွေ၏ ပြောစကားအရ ဆက်စပ်နား ထောင်ကြည့်လိုက်သောအခါ မျက်လှည့်ဆရာသည် အဆိပ်ပြင်းသည့်မြွေဟောက်တကောင်အား ကြာပွတ်တချောင်းသို့ ပြောင်းလဲသွားအောင်လုပ်ပြခြင်းပင်ဖြစ်သည်။ ဒီလောက်ဆိုရပြီ။ ပျင်းနေတာနဲ့ အတော်ပဲ။ ထိုမျှလောက်ဆိုလျှင် ကျန်သည့် ပြကွက်တွေသည် ကျွန်တော့်ကို စွဲဆောင်နိုင်စွမ်းရှိလိမ့်မည်ထင်သည်။ ထို့နောက် မျက်လှည့်ဆရာသည် သူ၏အင်္ကျီ လက် မောင်းကို ပင့်တင်လိုက်ရင်း ကြည့်နေသည့် ပရိသတ်များထံသို့တည်ငြိမ် ခန့်ညားသောအသံဖြင့် ပြောလိုက်သည်။

“ကဲ…နောက်ထပ်ပြကွက်ဆန်းတွေ အများကြီး ကျန်ပါသေးတယ်ခင်ဗျာ၊ မိတ်ဆွေတို့ ပြန်မသွားကြပါနဲ့ဦး… နောက် ထပ် လည်း မူလသဏ္ဌာန်ကနေပြောင်းရွှေ့ သွားတဲ့ပြကွက်တွေကို ရှုစားကြရပါလိမ့်မယ်…” ဟုဆိုပြီး ရှေ့ဆုံးပရိသတ်နားက ပင်ပေါင်လုံးခန့်ရှိသည့် ကျောက်ခဲတလုံးကို ကောက်ကိုင်ကြည့်ပြီး ဟန်ပါပါပြောသည်။

“ဒီကျောက်ခဲတလုံးဟာ မျက်လှည့်ဆရာရဲ့ လက်ထဲရောက်သွားရင် ပန်းတပွင့်ဖြစ်သွားနိုင်သလို သေနတ်တလက်လည်း ဖြစ်သွားနိုင်ပါတယ်၊ ခန့်မှန်းလို့မရနိုင်အောင် ဘာမဆိုဖြစ်သွားနိုင်ပါတယ်”

ခဏနား၍ သူ၏ပြောစကားကို အာရုံစိုက်နေသလားဟု သေချာ အောင် ပရိသတ်အဝန်းအဝိုင်းကို လေ့လာကြည့်လိုက်သေး၏။ ပြီးမှ တည်ငြိမ်စွာဖြင့် …

“အဲ…တခုတော့ရှိတာပေါ့လေ၊ မျက်လှည့်ဆရာရဲ့ကြိုတင် အကွက်ချစီစဉ်ထားတဲ့အတိုင်းတော့ဖြစ်ရတာပေါ့၊ လျှို့ဝှက် ချက်ကိုတော့ မျက်လှည့်ဆရာကိုယ်တိုင်သာသိပါလိမ့်မယ်၊ မျက်လှည့်ဆိုတာ ကြည့်သူတွေကို အမြင်မှောက်မှားအောင်ပြုလုပ်ရပါတယ်၊ လက်ရဲ့လျင်မြန်ခြင်းအတတ်တွေနဲ့ အမြင် ဒိုင်မေးရှင်းတွေကို အကာအကွယ်ယူပြီး ပစ္စည်းတွေကို ဖုံးကွယ် ဖျောက်ရပါတယ်။ ဘယ်ဘက်ကကြည့်ရင် ညာဘက်မှာရှိနေတာမျိုး ညာဘက်ကနေကြည့်ရင် ဘယ်ဘက်မှာရောက်နေ တာမျိုး၊ တည်တည့်ကကြည့်ရင် အနောက်ဘက်ရောက်နေတာမျိုး အာရုံငါးပါးကိုလှည့်စားပြီး ပဉ္စလက်အတတ်နဲ့ အပြောအဆိုဟန်ပန်အမူအရာတွေအားလုံးနဲ့ မဖြစ်နိုင်လောက်တဲ့အခြေအနေတွေကို ဖြစ်အောင်လုပ်ပြရတာပါ။ သာမန်လူတွေအတွက် စက္ကန့်ပိုင်းနောက်ကျတယ်ဆိုတာ အပြစ်မဟုတ်ပေမယ့် မျက်လှည့်ပညာမှာကျတော့ စက္ကန့်တိုင်းဟာ နောက်ကျလို့ နှောင့် နှေးလို့မရပါဘူး။ လွဲချော်လို့မရပါဘူး။ အံချော်နောက်ကျသွားလို့ လျှို့ဝှက်ချက်ပေါ်သွားရင် ပြကွက်ရဲ့တန်ဖိုးနိမ့်ကျသွားတတ်ပါတယ်။ အဲဒါကြောင့်လည်း မျက်လှည့်ပညာကို မသိရင် ရွှေတဆုပ်သိရင် ဖွဲတဆုပ်ဆိုပြီး ပြောဆိုကြရတာပါ၊ လျှို့ဝှက် ချက်မပေါ်ခဲ့ရင်လည်း စပါးရော ဖွဲရောနဲ့ တခြားပြကွက်ကို ပြောင်းလဲပြလိုက်ရတာမျိုးဆိုရင် မိမိကိုယ်ကို လိပ်ပြာမလုံဖြစ်ကြ ရပါတယ်။  အဲဒီလိုတွေကြောင့် တစက္ကန့်ရဲ့တန်ဖိုးဟာ အလွန်ကြီးမားလွန်းပါတယ်။  ဒါကြောင့်လည်း စစ်သူရဲကောင်းတ ယောက် စစ်တိုက်ထွက်သလို ယှဉ်ပြိုင်ထိုးသတ်တော့မယ့် လက်ဝှေ့ကျော်တယောက်လို ကျွမ်းကျင်တဲ့ဂစ်တာသမားတ ယောက်လို အမြဲမပြတ်အလစ်အငိုက်မခံ လေ့ကျင့်နေရပါတယ်”

မျက်လှည့်ဆရာသည် အတန်ငယ်မောသွားဟန်ဖြင့် ခဏနားသည်။ ပြီးနောက် လည်ချောင်းတချက်ရှင်းကာ ဆက်ပြောပြန် သည်။

“ခုလည်း ဘာမှတန်ဖိုးမရှိတဲ့   လမ်းဘေးက ကျောက်ခဲတလုံးကို အဖိုးတန်တဲ့အရာတခုဖြစ်လာအောင် ကျွန်တော် လုပ်ပြမှာ ပါ။ ကျောက်ခဲကိုညှစ်လို့ အရည်ထွက်လာစရာအကြောင်းမရှိပေမယ့် ကျွန်တော်တို့လုပ်ပြလိုက်ရင်အရည်လည်းထွက်နိုင် သလို  မီးလည်းတောက်လာနိုင်ပါတယ်။ ရွှေတွေ စိန်တွေလည်းဖြစ်သွားနိုင်တာပေါ့၊ မိတ်ဆွေတို့အားလုံးမျက်တောင်မခတ်ဘဲ ကြည့်ထားကြပါ၊ ဖြစ်နိုင်ရင် အသက်တောင်မရှူဘဲ အောင့်ထားပေးကြပါ၊ ဟုတ်ကဲ့ပါခင်ဗျာ … ဟုတ်ကဲ့ ဟောဒီရှေ့ဆုံးက အစ်မကြီးတယောက်တောင် မျက်လုံးကြီးပြူးပြီး အသက်အောင့်ထားနေပါပြီ ကြည့်လိုက်ကြပါ”

မျက်လှည့်ဆရာက ရယ်မောပြီး ပြောလိုက်သောအခါ အားလုံးလည်း ပွဲကျသွားပြီး ထိုမိန်းမကြီးထံသို့ ကြည့်လိုက်မိလေသည်။ ထိုမိန်းမကြီးလည်း ရှက်အန်းအန်းဖြင့် ရယ်မောနေတော့၏။ ဘင်သံနှင့်လင်ကွင်းချန်းသံကလည်း စည်းချက်ကျကျ တီးခတ် ပေးနေတုန်းပင်ဖြစ်သည်။ ရယ်သံများတိတ်သွားပြီး မျက်လှည့်ဆရာထံသို့ အာရုံစိုက်လိုက်ကြသည်။ ကျွန်တော် လည်း ထိုမျက်လှည့်ဆရာဘာများဆက်ပြောမည်လဲဟု အာရုံစူးစိုက်လိုက်ရ၏။ အားလုံးငြိမ်သက်သွားပြီဆိုတော့မှ မျက်လှည့်ဆရာ သည် ချောင်းတချက်ဟန့်လိုက်ရင်း ဆက်လက်ပြောလေသည်။

“ကဲ…မစခင်လေးမှာ ရှေ့ဆုံးက မိတ်ဆွေများ ငုတ်တုတ်ထိုင်ပေးကြရင် ပိုကောင်းပါလိမ့်မယ်၊ ဟုတ်ကဲ့ ဟုတ်ကဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ၊ ဟုတ်ပြကွက်စပြပါပြီခင်ဗျာ… အားလုံး သေချာအာရုံစိုက်ကြည့် ထားကြပါ”

ဆိုပြီး ဝဲဘက်လက်ဖဝါးပေါ်တွင် တင်ထားသောကျောက်ခဲလေးကို လက်သီးဆုပ်ကာ ပိတ်လိုက်လေ၏။ ထို့နောက် သူ၏ နှုတ်မှ တိုးတိတ်စွာ ဂါထာတခုခုမန်းမှုတ်၍ ယာဘက်လက်ဖြင့် အနည်းငယ်သော အမြင့်မှနေ၍ လက်ချောင်းလေးများ လှုပ်ယမ်း ဝေ့ဝိုက်ဟန်ပြုနေသည်။ ထိုသို့ ယာဘက်လက်ဖြင့် စုန်ဆန်ဝေ့ဝဲကာပြုလုပ်နေသည်မှာ ဘာမျှမကြာချေ။ ကျွန် တော့်အထင် ၁မိနစ်ပင်မပြည့်လောက်ပါ။ အလွန်ဆုံး စက္ကန့်၃ဝ စွန်းစွန်းလောက်ပင် ကြာမြင့်ပေလိမ့်မည်။ ထို့နောက် သူ၏ ဖြန့်၍ ဆုပ်ထားသော ဝဲဘက်လက်၏ လက်သန်းမှစ၍ တချောင်းချင်း ဖွင့်ပြလိုက်သည့်အခါတွင်တော့ ကျောက်ခဲတလုံး မဟုတ်တော့ပါ။ ပန်းအခက်ကလေးတွေနှင့် အရောင်ဖိတ်လက်နေသော လှပလွန်းသည့် စိန်ဘယက်လေးဖြစ်နေပါ တော့ သည်။ ဟာခနဲ ဟင်ခနဲအံ့သြသွားသည့် အထဲတွင် ကျွန်တော်ကော အပါအဝင်ဖြစ်သည်။ အားလုံးလက်ခုပ်တီး အားပေး ဖို့ပင် ကြက်သေသေနေကြတော့၏။ ခဏနေတော့မှ လက်ခုပ်လက်ဝါး ကျယ်လောင်စွာတီးကာ အားပေးကြလေတော့သည်။ တယောက်တမျိုး ပြောဆိုဝေဖန်ကြသူတွေ တိုးတိုးတမျိုး ကျယ်ကျယ်တဖုံ ထင်မြင်ချက်များ အမျိုးမျိုးပေးနေကြတော့သည်။ ထို့နောက်မှ မျက်လှည့်ဆရာက တည်ငြိမ်အေးစက်သောအသံဖြင့် ပြောလိုက်ပြန်၏။

“ဟုတ်ကဲ့ အားလုံးကျေးဇူးပြုပြီး နားထောင်ပေးကြစေချင်ပါတယ်၊ ဒါစိန်ဘယက်လေးပါပဲ၊ အတုမဟုတ်ပါဘူး၊ အစစ်ပါ၊ မယုံသူများလာပြီး ကိုင်တွယ်စမ်းသပ်ကြည့်လို့ရပါတယ်။ အဲဒီတော့မိတ်ဆွေတို့က ဝေဖန်ကြပါလိမ့်မယ်၊ ဒီအဖိုးတန်တဲ့ စိန် ဘယက်နဲ့ မျက်လှည့်ဝိုင်းနဲ့မတူမတန် မအပ်မရာ ဘာလို့မျက်လှည့်ဝိုင်းထဲရောက်နေရတာလဲစသည်ဖြင့် သံသယများစွာဝင်လို့ရပါတယ်၊ဝင်ခွင့်လည်းရှိပါတယ်လေ”

မျက်လှည့်ဆရာထိုသို့ပြောလိုက် သောအခါတွင်မှ ကျွန်တော့်နံဘေးနားက စုံတွဲတတွဲမှာလည်း အချင်းချင်း တိုးတိုး  အပြန် အလှန် ပြောနေကြတော့သည်။ တခြားသူတွေလည်း ထင်မြင်ချက်ကိုယ်စီဖြင့် ရှိကြပေလိမ့်မည်။ မည်သူမျှတော့ ထိုဘယက် လေးအား ကိုင်တွယ်စမ်းသပ်ခြင်းမရှိကြချေ။ ကျွန်တော်ကတော့ မျက်လှည့်ဆရာကိုပဲ သေချာစွာ စိုက်ကြည့်နေမိသည်။ ရုတ်ချည်းပင် မျက်လှည့်ဆရာ၏ မျက်ဝန်းတွေသည် နဂိုဟန်ပန်မဟုတ်တော့။ ယခင်ကတောက်ပစူးလက်နေသည့်မျက်လုံးများသည် မှုန်မှိုင်းကာ ဆွေးမြည့်နေဟန်သို့ကူးပြောင်းလာသည်ကို ကျွန်တော်မြင်တွေ့နေရသည်။ ဘာဖြစ်လို့များပါလိမ့်။ ကြီကြီးမားမားစိတ်ထိခိုက်စရာ အကြောင်းအရင်း တခုခုထိုမျက်လှည့်ဆရာထံ၌ ရှိနေပေလိမ့်မည်။ ကျန်တော်ကြည့်နေစဉ် တွင်ပင် မျက်လှည့်ဆရာ၏ မျက်လုံးတွင် မျက်ရည်များ ရစ်ဝဲလာသည်ကိုမြင်တွေ့လိုက်ရသည်။ ပြီးနောက် ဝမ်းနည်းဆွေး မြည့်တော့မည့်လေသံကို ယောက်ျားပီပီထိန်းသိမ်းကာ အေးစက်စွာတလုံးချင်းဆက်ပြောလေသည်။

“မိတ်ဆွေတို့အနေနဲ့ ဒါဟာ သိပ်ကိုလှပပြီးအနုပညာမြောက်တဲ့ ပြကွက်ပေါ့ဗျာ၊ လမ်းဘေးက ကျောက်ခဲလေးတလုံးကနေ မကြာခင်အချိန်မှာပဲ စိန်ဘယက်လေးတခု ဖြစ်သွားတယ်၊ ဒါပေမဲ့ ကျွန်တော့်မှာတော့ ဒီပြကွက်လေးပြပြီးတိုင်း ပီတီဖြစ်ရမယ့် အစား မျက်ရည်ကိုသာ အနိုင်နိုင်ထိန်းပြီး ပင်ပန်းခက်ခဲစွာ ပြခဲ့ရတာပါ၊ ပညာရပ်အနေနဲ့မပြောလိုပါဘူး စိတ်ထိခိုက်ခံစားမှု ပုဂ္ဂလိကဝေဒနာတခုအနေနဲ့ ခက်ခဲရတာကိုပြောပြချင်တာပါ”

ပြောလက်စစကားကို ခဏရပ်ပြီး မျက်လှည့်ဆရာသည် ပရိသတ်တွေကို ကြည့်လိုက်ပြန်သည်။ အားလုံးကလည်း မကြာ သေးခင်ကမှ ရယ်မောခဲ့ရ၊  အံ့သြခဲ့ရသည်။ ခုဆက်လက်ပြီး မျက်လှည့်ဆရာနှင့်အတူ ကြေကွဲဝမ်းနည်းကာလွမ်းဆွတ်ရတော့မည်လား။ (ရုပ်ရှင်ဆန်လွန်းသည်ဟုတော့ အလွယ်တကူ မစွပ်စွဲလိုက်ကြပါနှင့်ဦး) ထို့နောက်မျက်လှည့်ဆရာသည် သက်ပြင်းတချက်ကိုဆွေးမြည့်စွာချလိုက်ပြန်လေသည်။ ပြီးတော့ဆက်လက် ပြောသည်။

“ဒီဘယက်လေးဟာ တခြားသူဆီက ဓားပြတိုက် အကြမ်းဖက်ထားတာ လည်းမဟုတ်ပါဘူး၊ အခုကြည့်နေတဲ့ မိတ်ဆွေတို့ တယောက်ယောက် ဆီကနေလည်း ဆွဲဖြုတ်နှိုက်ယူထားတာလည်း မဟုတ်ပါဘူး၊ ဘယ်သူ့ဆီကမှ မတရားတဲ့နည်းနဲ့ယူ ထားတာ မဟုတ်ရပါဘူး၊ ကျွန်တော်ချွေးနဲစာနဲ့ ကိုယ်ပိုင်ဝင်ငွေနဲ့ဝယ်ထားခဲ့တဲ့ ပစ္စည်းလေးပါ၊ သေချာရှင်းအောင်ပြောရမယ် ဆိုရင် ကျွန်တော့်ချစ်လှစွာသောဇနီးလေးရဲ့ လည်ဆွဲဘယက်လေးပါ၊ သူသိပ်ကြိုက်လွန်းတဲ့ ဒီဘယက်လေးကို ဆင်မြန်းပြီး ၂ ရက်လောက်မှာပဲ သူဟာ မူးမေ့လဲသွားခဲ့ပါတယ်”

မျက်လှည့်ဆရာသည် ခဏနား၍ လူအုပ်ထံသို့ ကြည့်လိုက်သည်။ ကျွန်တော်လည်း ထိုမျက်လှည့်ဆရာကို ကြည့်နေဆဲ။ တချို့ကလည်း မျက်လှည့်ပြရမည်ကို မပြဘဲ၊ သူ့အကြောင်းမျာကိုသာ ပြောနေသောကြောင့် စိတ်ပါဝင်စားမှု မရှိတော့ဘဲ တဦးစ နှစ်ဦးစ ထွက်ခွာသွားကြတော့သည်။ သူတို့မှာလည်း အလုပ်ကိုယ်စီ ရှိပေလိမ့်မည်။ တဖြည်းဖြည်းနှင့် ယခင်ရှိနေသည့် လူဦးရေထက်ဝက်ခန့်မျှ လျော့နည်းသွားတော့သည်။ ကျွန်တော်သည်လည်း အနည်းငယ်ပျင်းရငြီးငွေ့လာပြီဖြစ်သည်။

ထို့နောက် မျက်လှည့်ဆရာသည် သူ့ဇနီးမှာ အထူးကုပါရဂူများပင် ပျောက်အောင်ကုသဖို့ဝေး၍ ရောဂါအမည်ကိုပင် မ တတ်နိုင်ကြောင်း ဆက်၍ ပြောပြန်သည်။ ပယောဆရာတွေကော နတ်ဆရာတွေရောစုံသလောက်ရှိမောင်ပြခဲ့ကြောင်း ထို့ နောက် နိုင်ငံရပ်ခြားသို့ပင်သွားရောက်ကုသသော်လည်း အခြေအနေထူးခြားမလာကြောင်းတွေ ကြေကွဲဆွေးမြည့်စွာဖြင့် ပြောပြနေ ဆဲဖြစ်သည်။ ထို့နောက် စကားလည်းမပြောနိုင် အာရုံကြောများ ပြတ်တောက်သွားကာ အသိမဲ့သွားကြောင်းတွေ ဆက်ပြောပြန်သည်။ စားချိန်လည်းမသိတော့ အိပ်ချိန်လည်းမသိတော့ စကားမပြောနိုင်၊ အသက်ရှင်နေသော်လည်း သေနေ သည်ကဲ့သို့ဖြစ်ကြောင်းတွေ ပြောနေပြန်သည်။ အစစအရာရာ အချိန်ပေးပြုစုကုသနေရတဲ့အကြောင်းတွေ ဝမ်းနည်းပမ်း နည်းဖြင့် ပြောပြနေပြန်သည်။

“ရပါတယ် မိတ်ဆွေတို့ နားထောင်ဖို့အချိန်မပေးနိုင်သူများ ပြန်သွားလို့ရပါပြီဗျာ၊ ဒီစကားလေးတွေပြောပြီးတာနဲ့ မျက်လှည့် ဝိုင်း သိမ်းတော့မှာပါ၊ အဲဒီလိုနဲ့ ကျွန်တော့်ဇနီးသည်ဟာ အိပ်ရာထဲမှာ အသေလိုပဲရှင်သန်နေရင်း ၈နှစ်ကျော်ကြာတဲ့အချိန်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဒါဟာ ဝဋ်ကြွေးတခုလား ဝဋ်ကြွေးတခုဆိုရင်လည်း အဲဒီဝဋ်ကြွေးဆိုတဲ့အရာကို ကိုင်တွယ် စောင့်ကြပ်ပြီး ချမှတ်နေခဲ့တဲ့သူဟာ ဘယ်သူလဲ၊ ကျွန်တော်သိချင်လှပါတယ်၊ ဟုတ်ပါတယ်  အရူးလို့ပြောရင်လည်း ခံရမှာပါ ပဲ၊ သိပ်ချစ်လွန်းလှတဲ့ ကျွန်တော့်အပေါ်မှာ ဇနီးကောင်းပီသလွန်းတဲ့သူမှာမှ ဒီလိုဝေဒနာဖြစ်ခဲ့ရတယ်၊ ဒီဘယက်လေးဟာ ကျိန်စာသင့်နေတာလား၊ မဟုတ်နိုင်လောက်ပါဘူး၊ ဒီဘယက်လေး ကျွန်တော့်ဆီရောက်နေတာ ၈ နှစ်ကျော်ကြာခဲ့ပါပြီ၊ ကျွန်တော့်လက်ထဲမှာ  ဘာမှဆန်းကြယ်စွာဖြစ်ပျက်ခဲ့တာတွေ လုံးဝမရှိခဲ့ပါဘူး၊ ခုဆိုသူကွယ်လွန်သွား တာ ၁နှစ်တိတိရှိပါပြီ၊ ကျွန်တော်လည်း စိတ်တွေပရမ်းပတာဖြစ်ဦးတည်ချက်မဲ့ပြီး အနယ်နယ်အရပ်ရပ်ကို လှည့်လှည်သွားနေခဲ့ပါတယ်၊ အလုပ် အကိုင် မည်မည်ရရမရှိဘဲ ရှိတဲ့ဥစ္စာပစ္စည်းတွေကို ထုခွဲရောင်းချရင်းနေခဲ့တယ်၊ ကျွန်တော့်တပည့်နဲ့အတူ  ကျွန်တော် တတ်ကျွမ်းတဲ့ပညာရပ်နဲ့ မျက်လှည့်လေးတွေပြမယ်၊ မိတ်ဆွေတို့က ကျန်တော့်ပြကွက်တွေကို ကြည့်ရှုကြမယ်၊ သူမရှိတဲ့ နောက်ပိုင်း ကျွန်တော်ဘယ်လောက်ဆင်းရဲနေပါစေ၊ ဒီဘယက်လေးကိုတော့ လုံးဝထုခွဲရောင်းချမှာ မဟုတ်ပါဘူး၊ သူမရှိ တော့ရင်လည်း ဒီစိန်ဘယက်လေးရှိရင် ကျွန်တော့်ဘေးမှာသူရှိနေသလို အားအင်တွေအလိုလိုပြည့်လာတယ်လို့ခံစားရတယ်၊ ကျွန်တော်ရှိနေသရွေ့ နေရာအနှံ့မျက်လှည့်တွေ လိုက်ပြနေမယ်၊ ပြီးတော့ ကျွန်တော့်ရဲ့ဇနီးလေးရဲ့ ဝမ်းနည်းစရာအဖြစ်လေးတွေပြောရင်းပေါ့၊ ဒီလိုနဲ့ပဲ ကျွန်တော့်ရဲ့နောက်ဆုံး အချိန် ကိုကျော်ဖြတ်သွားမယ်လို့ဆုံးဖြတ်ထားပါ တယ်”

မျက်လှည့်ဆရာသည်အတန်ငယ် မောသွားပုံရသည်။ ထို့နောက် ကြေကွဲသည့်အသွင်ဖြင့်ဆက်လက်ပြောလေ၏။

“ဒီဘယက်လေးဟာ သူ့လည်တိုင် လေးမှာပဲခမ်းနားလှပမှာပါ၊ သူကလွဲပြီး ဘယ်သူမှမဆင်မြန်းစေချင်ဘူး၊ သူ့ကိုချစ်တဲ့ စိတ်တွေက ကျွန်တော့်သွေးထဲသားထဲ စီးဆင်းနေတုန်းပါပဲ၊ တပါးသူတယောက်ယောက်မှ လုံးဝဆင်မြန်းခွင့်မရှိစေရဘူး၊ ခုချိန်မှာ သူသာပြန်ရှင်လာမယ်ဆိုရင်ပေါ့  ဘယ်လောက်အင်အားကြီးတဲ့အရာတွေနဲ့ တိုက်ခိုက်ရပလေ့စေ ကျွန်တော်မတုန် လှုပ်ဘူး၊ မကြောက်ရွံ့ဘူး၊ အရာအားလုံးအသင့်ပါပဲ၊  ဟုတ်ကဲ့ကျွန်တော့်ကို အရူးလို့သတ်မှတ်ရင်လည်း ရနိုင်တာပေါ့”

မျက်လှည့်ဆရာသည် အံကြိတ် ထားရင်း တည်ငြိမ်စပြုလာပြီဖြစ်သည်။

သူ၏ ရီဝေနေသော မျက်လုံး အစုံမှာ ပြန်လည်တည်ငြိမ်စပြုလေပြီဖြစ်သည်။ ထို့နောက်ဆက်လက် ပြောပြန်၏။

“ဟောဒီနားမှာ ကျွန်တော့်ရဲ့ခရီးဆောင်အိတ်ငယ်လေးကို ဇစ်ဖွင့်ပြီး ချထားပါတယ်၊ ကိုယ့်ဇနီးရဲ့ရောဂါကိုတောင် အဖြေရှာ နိုင်စွမ်းမရှိခဲ့တဲ့သူတယောက်ဖြစ်တာနဲ့အညီ ဘာဆေးမှလည်း ရောင်းချနေမှာမဟုတ်ပါဘူး၊ ဆေးရောင်းတဲ့မျက်လှည့် သမားတွေကို တိုက်ခိုက်ပြောနေတာမဟုတ်ပါဘူး၊ သူတို့ကလည်း သူတို့အကြောင်းနဲ့သူပါ၊ ကျွန်တော်ကလည်း ကျွန်တော့်အကြောင်းနဲ့ကျွန်တော်ပါ၊ လောကမှာတရားမျှတမှုတွေထွန်းကားသည်ထက် ထွန်ကားစေချင်တာ အားလုံးရဲ့ဆန္ဒတခုပဲ ဖြစ်မှာပါ၊ အဲဒီတော့ မိတ်ဆွေတို့ စေတနာရှိသလောက်ငွေကြေးလေးတွေ ထည့်ခဲ့ပေးဖို့ တောင်းဆိုချင်ပါတယ်ဗျာ မထည့်ခဲ့ ရင်လည်း ဘာမှမဖြစ်ပါဘူး၊ ကျွန်တော်နဲ့ ကျွန်တော့်တပည့်စားဖို့ သောက်ဖို့ရယ်ကျွန်တော့်ဇနီးသည်အတွက် ကောင်မှုတခုခု ပြုပြီး အမျှဝေပေးမယ်၊ ဟုတ်ကဲ့ အလှူငွေသဘောပါဗျာ၊ မထည့်ဖြစ်ဘူးဆိုရင်လည်း ကျွန်တော်နားလည်ပေးနိုင်ပါတယ်၊ ကျွန်တော့်အားလုံးကို သွေးအေးစွာကျော်ဖြတ်ခဲ့တာလည်း ကြာခဲ့ပါပြီ ဘာမှမထူးခြားတော့ပါဘူးလေ”

မျက်လှည့်ဆရာ၏ စကားသံအဆုံးမှာ ကြည့်ရှုသည့်လူများ သည် တချို့က ငါးရာမျိုးတထောင်မျိုး စေတနာရှိသလောက်ဝင်ထည့်ဝင်ကြလေသည်။ ကျွန်တော်လည်း အင်္ကျီအိတ်ကပ်ထဲစမ်းလိုက်မိတော့ တထောင်အနွမ်းလေးတရွက်နှင့် ငါးရာတန် လေးရယ်ကို တွေ့ရသဖြင့် ထိုပွင့်နေသောအိတ်ထဲသို့ သွားရောက်ထည့်လိုက်ပါသည်။ တည်ငြိမ်စပြုနေပြီဖြစ်သော မျက် လှည့်ဆရာနှင့် သူ၏ တပည့်သည် မျက်လှည့်ပြသည့် ပစ္စည်းများကို သိမ်းဆည်းနေကြပြီဖြစ်သည်။ ပရိသတ်များလည်း အလျှိုလျှိုပြန်ကုန်ကြ ပြီဖြစ်သည်။ မျက်လှည့်ဆရာနေရာမှာကျွန်တော်ဆိုရင် ဘယ်လိုနေမည်လဲ၊ စိတ်ကူးနှင့်အစား ထိုးကြည့်သည်။ ထို့နောက်ကျွန်တော်လည်း ရုပ်ရှင်ဇာတ်လမ်းတပုဒ်ထဲမှ ထွက်ခွာလာခဲ့သလို ခံစားမှုပေါင်းစုံဖြင့်  ပြန်လာ ခဲ့တော့သည်။ ကျွန်တော်သည် ပင်ပန်းခက်ခဲသောအရာများ ခံရခက်သောဝေဒနာများနှင့် အဝေးဆုံးဝေးရာကို ထွက်ခွာ ပြေးချင်လှသူဖြစ်ပါသည်။
***

အခန်း (၃)

လောကတွင် ရယ်မောစရာများသာ သောင်ထွန်းနေလျှင် မည်မျှကောင်းလိမ့်မည်နည်း။ အဖော်မပါသော်လည်း ယုံကြည်မှု သစ္စာတခုတည်းသာ ယန္တရားအဖြစ် ထွန်းကားချင်ပါသည်။ ထိုမျှလောက်ဆိုလျှင်ပင် လုံလောက်နေပြီဖြစ်သည်။ ကျွန်တော် သည် စိတ်တွေအုံ့မှိုင်းကာ ခဏနေရင်ပဲ အလိုလိုနေရင်း ပေါက်ကွဲလွင့်စဉ်သွားတော့မလိုလို။ တယောက် ယောက်က ကိုယ့်ကို အမြဲတစေ ချောင်းမြောင်းစောင့်ကြည့်ပြီး နောက်ကွယ်ကနေ လုပ်ကြံလိုက်တော့မလိုလို။ လေကို ပြည့်ပြည့်ဝဝရှူ သွင်းနေရသော်လည်း ထွက်သက်ဝင်သက်သည် မွန်းကျပ်လွန်းလှ၏။ ဘယ်သူဘယ်ဝါမှမသိသည့် လွင်ပြင်ရိုင်းတခုတွင် ကံစီမံရာကိုပဲပျင်းရိလေးလံစွာ ထိုင်စောင့်နေပြီး ဘာမှမလုပ်ဘဲ ငြိမ်သက်အေးဆေး နေရလျှင်ကောင်းလိမ့်မည်ထင်သည်။ ယုတ်စွအဆုံး နေရောင်ခြည်တမျှင်မှ ခိုးကြောင်ခိုးဝှက် အလည်မလာနိုင်ဘဲ မှောင်မိုက် တည်ငြိမ်နေချင်ပြန်၏။ ဆောင်ယောင် အခန်းခန်းမှ အဆိပ်များ။

ဆောင်ယောင်အခန်းခန်းမှ လောက်လန်းများ။ ဆောင်ယောင်အခန်းခန်းမှ မြေလျှိုးမိုးပျံတတ်သည့် လူ့အပုပ်အသိုးများ။ မင်္ဂလာပါ။ ယခုဖွင့်နေသည့် သီချင်းသံခဏပိတ်ထားပါ။ သက်ပြင်းများကို ရွံရှာသလို ခါချခဲ့၍ ကျွန်တော်နှင့်အတူ ပျော်ရွှင် လှည့်ပါ။ ပျော်စရာဟုခေါ်ပါသည်။ သို့သော်ထိုအရာမှာ မျက်ရည်များမှအမြစ်တည်၍ အပင်ပေါက်လာခြင်းဖြစ်ပါသည်။ သင့်ရဲ့အမောကို ပြောပြပါ။ ကျွန်တော့်ရဲ့အလွမ်းကို သံခြေကျင်းဖြေ၍ လွှတ်လိုက်ပြီးပါပြီ။ လမ်းသည် မီးခိုးမဆုံးနိုင်သော တေလေကို အေးအေးလူလူထမ်း၍ မြွေလိမ်မြွေကောက်သွားနေတော့သည်။

အသက်မှန်မှန်ရှူပါ။ ထို့နောက် အသက်မှန်မှန်ပဲ ရှူနေပါ။ အသက်အောင့်ထားပြီး အသက်ရှည်ချင်၍ မရသကဲ့သို့ ချစ်နေ ရက်နှင့် အချစ်ကိုအောင့်ထားပြီး မုန်းချင်၍ မရပါ။ စစ်ပွဲဟုခေါ်ကြပါစို့။ တုတ်ဓားလက်နက်ကိုင်ဆောင်ပြီး မေတ္တာတေး ဆိုချင်၍ မရပါ။ ကမ္ဘာကြီးသည် ပြာပုံမှလူးလဲပြီးအကြိမ်ကြိမ်ထလာခဲ့ဖူးပြီဖြစ်သောကြောင့် ပြာပုံထဲသို့ မသွားချင်လောက် သေးပါ။ မည်သည့်အချိန်ဖြစ်ပါစေ ပြန်မသွားချင်လောက် သည်မှာ သေချာပြီးဖြစ်ပါသည်။ ကမ္ဘာကြီးကို အားနာစရာအလွန် ကောင်းပါသည်။
***

အခန်း (၄)
ဦးတည်ချက်သတ်သတ်မှတ်မှတ်မရှိဘဲ ကျွန်တော်လျှောက်လှမ်းလာခဲ့ပြန်သည်။ မှိုင်းမှုန်သော မိုးသားများအောက်တွင် ရည်ရွယ် ချက်မရှိ စိတ်ဗလာဖြင့် လျှောက်လှမ်းခဲ့သည်။ မည်မျှတည်ငြိမ်လိုက်သလဲ။ မည်မျှအေးဆေးလိုက်ပါသလဲ။ ခြေ လှမ်းထဲမှာလည်း စိတ်ကမရောက်။ ရင်ထဲတွင်လည်း စိတ်ကမရှိ။ ပျော်ရွှင်ခြင်းလည်းမရှိ။ ဝမ်းနည်းခြင်းလည်းမရှိ။ စိုးရွံ့ခြင်း လည်း မရှိ။ ဘယ်လိုခံစားမှုမျိုးပါလိမ့်။

ထိုမျှအေးစက်တည်ငြိမ်လွန်းသောအခြေအနေကို ကျွန်တော်မသင်္ကာချင်တော့ပေ။  ကျွန်တော့်စိတ်သည် မည်သည့်နေရာထံ ရောက်ရှိနေပါသလဲ။ ဘဝမဆုံးမီအချိန်အထိ ထိုသို့အရာရာနှင့်ကင်းလွတ်နေရလျှင် မည်မျှကောင်းလိမ့်မည်နည်း။ လေထဲ လွင့်နေသည့်လဲမှို့တစလို၊ ငြိတွယ်စရာကင်းကင်းနှင့် ပေါ့ပါးစွာကျွန်တော်လျှောက်လှမ်းလာစဉ်တွင် နောက်ဘက်မှခြေသံများ ကြားလာရသည်။ ထိုခြေသံများသည် မည်သည့်နေရာကို ဦးတည်ရွေ့လျားနေကြပါသလဲ။

အရေးတကြီးနိုင်လိုက်ကြတာ။ အရေးကြီးခြင်းမကြီးခြင်းကို စွန့်ပစ်ထားခဲ့ရင် ဘယ်လောက်ကောင်းလိမ့်မလဲ။ ထိုခြေသံများ ကို မည်သည့်အရာများက အမိန့်ပေးစေခိုင်းနေကြပါသလဲ။ တဆက်တည်း ကြာပွတ်သံများ တရွှမ်းရွှမ်းဆက်တိုက်ကြားလာရပြန်၏။

လူဆိုသည်မှာ အမိန့်ပေးစေခိုင်း၍ရသည့် တိရစ္ဆာန်မဟုတ်ကြောင်းကို ထိုသူတွေမသိကြဘူးလား။

ဒါ ကျွန်တွေနေတဲ့အရပ်မှမဟုတ်တာ။ လူ့ပြည်လေ။ လူ့ပြည်စစ်စစ်ကြီးလေ။ ထို့နောက် နာကျင်ခံခက်စွာ ညည်းညူနေသံ များ…။ နောက်ပြီးအသံတွေ…။ ထို့နောက် မပီမသအော်သံတွေ။  လူသေကောင်၏အာခံတွင်းထဲ ငုံထားရသည့် အေးစက်ချောက်ချားဖွယ်ရာအသံတွေ…။ ငါအိပ်မက်မက်နေတာလား။ မဟုတ်ပါ၊ လုံးဝမဟုတ်ပါ။  အိပ်မက်လုံးဝမဟုတ်မှန်း ကိုတော့ စိတ်ကအလိုအလျောက် သိခြင်းတမျိုးဖြင့် သိနေရသည်။ ဒါဆို ငရဲဘုံကို ရောက်နေတာများလား။ ထိုသို့ဆိုလျှင်လည်း တကယ်မမြင်ဖူးတဲ့သူတွေပြောပုံအရ ဦးချိုတွေ မှိန်းချွန်တွေကိုင်ထားသည့် ကြောက်မက်ဖွယ်အင်္ဂါရုပ်တွေ တွေ့နေရ မည်ဖြစ်သည်။ ဒါ အခုဘဝမှာတင်ဖြစ်နေတာပါ။  သေချာပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်သိနေပါတယ်။ လူရွယ်လူလတ်၊ ကျားမပေါင်းစုံ၏ အသံများ…။ နောက်ပြီး ကလေးသူငယ်များ၏ ညည်းတွားအော်ဟစ်သံများ…။ အသံတွေစက္ကန့်တိုင်းတွင်ကြားနေရသည်။ ခြေသံတွေ။ မည်သည့်နေရာကို ဦးတည်ပြေးလွှားနေမှန်းမသိရသည့်ခြေသံတွေ။ ထိုအသံများထဲတွင် ကြားနေရသည့်အသံတစကို ကျွန်တော်အသေအချာမှတ်မိလိုက်သောအခါတွင်တော့ ကျွန်တော်သွေးပျက်မတတ်ကြောက်ရွံ့သွားရလေတော့သည်။ အလွန်အံ့သြစရာကောင်းလေသည်။ ထိုအသံတွေထဲ၌ ကျွန်တော့်အသံကောပါဝင်နေခြင်းဖြစ်သည်။ သေချာနားထောင်ကြည့်သည်။ အသံတူတာမဖြစ်နိုင်ဘူးလား။ အသံတူတာမဟုတ်မှန်းကိုလည်း အလိုအလျောက် သိစိတ်ဖြင့် သိနေရသည်။ ကျွန်တော်ကိုယ်တိုင်ပင် ကျွန်တော်၏နားဝ၌ ကပ်၍အော်ဟစ်နေသလို ကြားနေရခြင်း ဖြစ်သည်။ ဒါဆိုဒီခြေသံတွေထဲမှာ ကျွန်တော်ကိုယ်တိုင်လျှောက်နေရတာပဲ။ ဘာတွေများပါလိမ့်။ မေးရမည် တယောက်ယောက်ကို။ ကျွန်တော့်ရှေ့တွင်လှမ်းမြင်နေရသည့်လူအုပ်ထဲမှ အနီးနားသူတယောက်ကို မေးရန်ကြည့်လိုက်မိသည်။  အံသြဖွယ် ပင်ဖြစ် ၏။ ထိုလူ၏ မျက်လုံးတွေမှာ ဟောက်ပက်ကြီးဖြစ်သည်။ ကျွန်တော်ကြောက်ရွံ့တုန်လှုပ်သွားမိသည်။ ထိုသူ၏ မျက်လုံးမှာ မျက်ဆန်မရှိ။ ဒါဆို သူကလမ်းကိုကိုယ်တိုင်မမြင်ရဘဲ အကြားနှင့်သာပြေးသွားနေရသည်ပေါ့။ ဒုက္ခကြီးလိုက်တာ။  ဒါဆို နောက်တယောက်ကကော။ ကျွန်တော်ကြည့်လိုက်မိပြန်သည်။ ဟာ…။ ထိုသူကတော့ မျက်ဆန်ရှိလျက်နှင့် မျက်ဆန် အနက်ရောင်သူငယ်အိမ်မပါ။ အဖြူထည်သက်သက်။ ဒါဆိုသူလည်း ဘာမှမမြင်ရတာ သေချာပါသည်။  နောက်တယောက် ကကော။ နောက်တယောက်။ ကျွန်တော့်အမြင်အာရုံများပါ မှုန်ဝါးစပြုလာသလို မှင်သက်သွားမိသည်။ မျက်လုံးဟောက် ပက်တွေ။ မျက်ဆန်ရှိသည့်သူတွေကလည်း မျက်သားအဖြူသက်သက်တွေ။ ဆက်၍ ဆက်၍ ကျွန်တော်လူအုပ်ကြားထဲ တိုးဝင်ပြေးလွှားရင်း အံ့သြခြင်းကြီးစွာ ဖြစ်နေမိတော့သည်။ ကလေးလေးတွေ။ မိန်းကလေးငယ် ငယ်လေးတွေ။ ယောက်ျားရင့်မာတွေ။ အိုကြီးအိုမတွေ။ ထိုသူတို့၏ အော်သံတချို့သည် ဘူးလုံးနားမထွင်း မပီမသဖြစ်နေကြသည်။ တ ယောက်ယောက်တော့ အကောင်းပကတိအတိုင်း ရှိသင့်သည်။ ရှိလည်းရှိပါလိမ့်မည်။ ရှာစမ်း ရှာစမ်း။ ပြေးနေရင်းဖြင့် ငဲ့စောင်းရှာဖွေကြည့်သည်။ ထိုစဉ်တွင် ကျွန်တော့်ဘေးနားမှ လူရွယ်တယောက်အော်နေစဉ် ထိုသူ၏ပွင့်ဟလာသော ပါးစပ်ထဲသို့ကြည့်လိုက်မိသည်။ ဘုရား…ဘုရား…။ ထိုသူမှာ လျှာမရှိ။  ဒါဆို သူ့အော်သံ ညည်းညူသံကို ဘယ်သူကနားလည် ကူညီနိုင်တော့မလဲ။ လျှာဖြတ်ခံထားရသည်ထင်၏။ သနားစရာအလွန်ကောင်းလှပါလား။ အော်လိုက်စဉ်တွင် သူ့ခံတွင်းထဲ၌ သွေးစတချို့မြင်လိုက်မိ၏။ ဒါဟာ ဝဋ်ကြွေးလား။ ကိုယ့်ပြုလုပ်ခဲ့သမျှ အကုသိုလ်ကံတွေက အကျိုးပေးနေကြခြင်းပဲလား။ မစဉ်းစားနိုင်အား။ ပြေးလွှားဖို့ပဲ အားထုတ်နေရတော့သည်။ တချို့ကတော့ နားရွက်တွေလှီးဖြတ်ခံထားရပြီး ကြားနိုင်ရန် နားပေါက်မပါရှိ။ အရာဝတ္ထုတခုခုနှင့် သပ်လျှိုရိုက်သွင်းခံထားရသလို။ မည်သူတွေရိုက်နှက်နေမှန်းမသိရသည့် ကြာပွတ် သံတွေ။ ကျွန်တော့်ကိုလည်း လာရောက်ထိစဉ်ကျလာသည်။ ရွှမ်းခနဲ…ရွှမ်းခနဲ။ သွေးစက်တွေ။ မျက်ရည်တွေ။ တချို့ငိုကြွေး ရဖို့ပင် ထုံထိုင်းလေးလံနေကြသည်။ တချို့ခမျာတော့ ပါးစပ်ပေါက်ကိုပင် ကြိုးစတွေနှင့် အသေပိတ်ချုပ်ထားခံရ သည်။ သို့သော် ထိုသူတို့မှာ မျက်စိနှင့်နားတော့ ကောင်းကြသေးသူ တွေဖြစ်နိုင်ပါသည်။ သူတို့၏ မျက်လုံးအကြည့်တွေက သူတို့တစွန်းတစ နားလည်ခဲ့ရသည့် အဘိဓမ္မာတရပ်ကို မျက်ရည်ဝဲရင်း ပြန်လည်ပြောပြနေသလို။ သနားစရာအလွန် ကောင်းလှသည်။  ကျွန်တော့်အသိအာရုံများ ဝေဝါးလာတော့သည်။ ထို့ကြောင့်လူအုပ်ကြီး၏ ရှေ့သို့မရောက်ရောက်အောင် ပြေးလွှားကြည့်ရမည်။ ရှေ့ဆုံးမှ ဦးဆောင်သွားနေသူကို မေးမြန်းပြီး နောက်ပြန်လှည့်ကာ ကြာပွတ်ထိန်းတွေ ရက်စက် သူတွေကို ပြန်လည်တွန်းလှန်ဖို့။ နောက်က ကြာပွတ်သံတွေ။ ဘယ်သူရိုက်နေမှန်းမသိရသည့် ကြာပွတ်သံတွေ။ ထိုခဏတွင် လေပြင်းစတိုက်လာသည်။

နောက်ပြီးမိုးစက်တွေ စွေဖြိုင်သည်းကျလာသည်။ လျှပ်စီးရောင်များ ဝင်းလက်ထစ်ချုန်းလာသည်။ မဖြစ်ဘူး။ ရှေ့ဆုံး ရောက်အောင် ပြေးမှ။ ငါတို့ကိုဦးဆောင်နေတဲ့သူဆီ ပြေးမှ။ နောက်ဆုံးက လူတွေပဲ ကြာပွတ်ရဲ့ဒဏ်တွေကို ခါးဆီးပြီး ခံနေရတာ။ တယောက်ပြီးတယောက် တိုးဝှေ့ပြေးထွက်ဖြတ်ကျော်ခဲ့သည်။ လူပင်လယ်ကြီး။ နောက်ပြီး မိုးတွေ။ လေတွေ။ လျှပ်စီးတွေ။ သွေးစက်တွေ။ မှောက်မိုက်ခြင်း။ အိပ်မက်လား တကယ်လား။ သရဲရထားစီးနေရသလိုလား။ အောက်စ်ဝစ် အကျဉ်းစခန်းလား။ အိုက်ခမန်းငရဲခန်းလား။ ဒီဖြစ်ရပ်ကြီးကနေ တန်ခိုးရှင်တယောက်ယောက် လူစွမ်းကောင်း တယောက် ယောက် အမြန်ဆုံးလာကယ်လိမ့်မည်ဟု ရုပ်ရှင်ဇာတ်လမ်းတွေထဲကလိုဖြစ်ပါစေဟုထင်မိပြန်သည်။ ဟာသပဲ။ ဒီလောက်အလူးလူးအလိမ့်လိမ်ပြေးနေရတာကို အတွေးခေါင်မနေနဲ့ဟု ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆုံးမဖြစ်သည်။ ချွေးစေးတွေ ခန္ဓာကိုယ်မှ စိမ့်ယိုစီးကျလာသည်။ တခြားသူတွေ၏ အော်သံတွေလည်း တစတစ သေးသိမ်လာသည်။  ကျွန်တော့်အမြင် အာရုံဝေဝါးလာသည်။ ရှေ့ဆုံးရောက်ဖို့ အားသွန်ခွန်စိုက် ကျွန်တော်ထိုးထွက်ရဦးမည်။ လဲကျမခံနိုင်။ ကျွန်တော်တို့ကို ဦးဆောင်နေသူက ဘယ်သူလဲ။ ရှေ့ကို အားကုန်ရုန်းထွက်သည်။ ကြာပွတ်သံများသိပ်မသဲကွဲတော့ပေ။ မမြင်ရမည်မှန်း သိသော်လည်း နောက်သို့လှည့်ကြည့်မိသေးသည်။ သိပ်သည်းထူထပ်သည့် အမှောင်ထုကြီး။ ကြာပွတ်ရိုက်ချက်တွေတော့ တချက်တချက်ကျရောက်လာသေး၏။ သို့သော် ချွေးစေးတွေ၊ သွေးစက်တွေ၊ လျှောက်လှမ်းလာသည့်ခြေထောက်များ ညောင်းလာခြင်းကြောင့် ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာဒဏ်ချက်များ ထုံထိုင်းဆွံ့အလာသည်ဟု ထင်မှတ်လာမိသည်။ လာစမ်းပါ…ကြာပွတ်တွေ။ မီးလျှံနဲ့ရက်ထားတဲ့ကြာပွတ်တွေ။ ကိုယ့်ခြေလှမ်းကိုယ် ယုံကြည်နေဖို့ပဲ လိုပါလိမ့်မည်။

နံဘေးမှလူတွေကို ကျွန်တော်တွန်းတိုက်ရုန်းထွက်မိသည်။ တလှမ်း။ နှစ်လှမ်း။ သုံးလှမ်း။ ကလေးသူငယ်တွေ။ မိန်းကလေးငယ်ငယ် တွေ။ သက်ကြီးရွယ်အိုတွေ။ တချို့ပြိုလဲကျ။ ညည်းတွားအကူအညီ တောင်းခံနေကြသော်လည်း တယောက်ကိုတယောက်က မထူမတ် နိုင်အား။ (ထူမတ်ချင်သော်လည်း မထူမတ်နိုင်အား) ပြေးလွှားနေရသည့် ကျွန်တော့်ခြေထောက်တွေ အားလျော့နွမ်းလျလာသည်။ အရှုံးပေးရန်ကျန်နေခဲ့ရင် ကောင်းမလား။ ဆက်ပြေးရင်လွတ်မြောက်နိုင်ပါ့မလား။ လုံးဝလဲကျ၍မဖြစ်။ ကြာပွတ်ဒဏ်တွေကို အလူးအလဲ မတုံ့ပြန်နိုင်ဘဲ သည်အတိုင်းတော့ ကျွန်တော်အသက်မပျောက်သွားချင်ပါ။ လုံးဝလဲကျ၍ မဖြစ်။ ကျွန်တော့်ခန္ဓာအနှံ့သွေးစက်များ တစိမ့်စိမ့်ယိုစီးကျလာနေ၏။ ခေါင်းထဲတချက်တချက် မိုက်ခနဲ။ နောက်မှ တွန်းတိုက်ကျော်ဖြတ်သွားသူ များ။ ဆက်၍ အားတင်းလှမ်းနေစဉ် ကျွန်တော့်ခေါင်းထဲ၌ မှောင်မိုက်သွား သည့် ခဏ။ ဝုန်းခနဲ ကျွန်တော်ပြိုလဲသွား ရသည်။ မှောက်လျက်သားလဲကျနေသည့် ကျွန်တော့်အပေါ်မှ လူတွေတယောက် ပြီးတယောက် နင်းဖြတ်ကျော်လွှားသွား ကြ၏။ အားတင်းထား။ အားတင်းထား။ ကျွန်တော့်နံဘေးတွင်လည်း တချို့ပြိုလဲ။ တချို့တော့ သေဆုံးကုန်ပြီလားမသိ။ မရဏခံတွင်းထဲ ကျွန်တော်ဒူးထောက် မဝင်ရသေးသရွေ့ရှိစုမဲ့စုအားလေးဖြင့် ရှေ့သို့မရောက်ရောက်အောင် သွားရဦးမည်။ လေတွေမိုးတွေ လျှပ်စီးတွေကြား ငရဲဆန်ဆန် ကြာပွတ်သံများ။ ကျွန်တော့်အပေါ် ရက်စွက်စွာရွာကျ။ ရှေ့ဆုံးမှ ဦးဆောင်ပြေးလွှားနေသူသည် ဘယ်သူလဲ။ နောက်လူတွေကို မစာမနာ ချန်ရစ်ပြီး ကိုယ်လွတ်ရုန်းပြေးသွားသလိုပဲ ခံစားမိသည်။ တကယ်ဆို လွတ်ရာလွတ်ကြောင်းညှိနှိုင်းတိုင်ပင်ပြီး ပြန်လည်တိုက်ခိုက်ဖို့မသင့်ပေဘူးလား။ ကျွန်တော့်အသက်မှာ နောက်ထပ် ဘယ်နှစက္ကန့်၊ ဘယ်နှမိနစ်အသက်ရှင်ရဦးမည်လဲ။ ကျွန်တော် မတွေဝေနိုင်အား။ မတွေးတောနိုင်အား။ စိတ်ကို မရရအောင် စုစည်း။ ဦးနှောက်ကို အလျင်အမြန်သတင်းပို့။ ထို့နောက်ခြေလက်များထံ တစတစ အာရုံများ စေလွှတ်၍ ထူမတ်သည်။ လူတော်တော်များများပင် ကျွန်တော်ရှေ့ခပ်ဝေးဝေးသို့ ပြေးလွှားရောက်ရှိနေလေပြီ။ ကျွန်တော်လည်း တစတစ ထူမတ်ရုန်းထနိုင်လာသည်။ စ၍ အားတင်းကာ ကျွန်တော့်ခြေလက်တွေ လှုပ်ရှားလို့ရလာပြီ။ ကြာပွတ်တွေ ရွှမ်းခနဲ…ရွှမ်းခနဲ။ တလှမ်း…နှစ်လှမ်း။ စ၍လှမ်းကြည့်လိုက်သည်။ တဖြည်းဖြည်း ကျွန်တော့်စိတ်တွေ အနည်ထိုင်ကာ တည်ငြိမ်စပြုလာပြီ။ ပြေးသည်။ ပထမဖြည်းဖြည်း။ ပြီးနောက် ခပ်မှန်မှန်။ ထို့နောက် သွက်လက်ထက်မြသော ခြေလှမ်းများ။ လဲကျနေစဉ်မှာ ခံလိုက်ရသည့် ကြာပွတ်ရဲ့ဒဏ်တွေက အလွန်ပင်အထိနာသည်။ သို့သော် ထိုအရာများကို ဂရုစိုက်မနေနိုင်အား။ ခံရပါးများသည့် ဒဏ်ချက်များကြောင့် ထုံသွားခြင်းလည်း ဖြစ်နိုင်ပါသည်။ ရှေ့မှ ပြေးလွှားနေသူတယောက်ပြီးတယောက် ကျော်ဖြတ်ခဲ့သည်။ သွေးစများပင် အနည်းငယ်ခြောက်သွေ့စပြုလာပြီ။ စ၍ ရေအလွန်ငတ်နေမှန်းသိရသည်။ တပြိုင်နက်တည်း တမ်းတနေ၍ အပိုဖြစ်မှန်းလည်း သိသည်။ သို့သော် ကျွန်တော့်စိတ်တွင် ရှေ့ဆုံးမှ ဦးဆောင်ပြေးလွှားနေသူသည် ဘယ်သူလဲဟု သိချင်စိတ်ကပဲ ကျွန်တော့်စိတ်ကို အားဖြစ်စေ၏။ ပြေးလွှားနေရင်း နှင့်ဖိနပ်မပါသော ခြေဖဝါးနှင့်မြေပြင် အထိအတွေ့သည် တဖြည်းဖြည်း ကြမ်းရှဆိုးဝါးလာမှန်းသိသည်။ ချွန်မြနေသည့် ကျောက်ချွန်ကျောက်ခက်တွေ မို့မောက် ရုန်းကြွ။ ကျွန်တော့်ခြေဖဝါးကို လာစိုက်ကြသည်။ လျှပ်စီးများလက်လာစဉ်တွင် တတ်နိုင်သမျှတော့ ရှောင်ကွင်းပြေးလွှားနေရသည်။ ရှေ့ဆုံးသို့ရောက်ရန် လူငါးယောက်ခန့်မျှသာ လိုတော့သည်။ ပြေးထားစမ်း။ ပြေးထားစမ်း။ သဘာဝတရား၏ မှော်ဝင်ဓာတ်တွေ ကျွန်တော်တောင်းခံရင်း အားတင်းရင်းနှင့် ကျော်ဖြတ်ခဲ့သည်။ တယောက်ပြီးတယောက်။ ထို့နောက် နောက်တယောက်။ မိုးတွေကလည်း သည်းတုန်းရှိသေးသည်။ ထို့နောက် လေစိမ်းတွေ။ လူသေတွေရဲ့လက်ချောင်းတွေလို အေးစက်သွေးပျက်ဖွယ် ကုတ်ခြစ်ခံနေရသလို ရွာကျနေသည်။ ရှေ့ဆုံးမှ လူ၏နောက်ကျောကို လှမ်းမြင်နေရပြီ။ သူ့ကိုယ်မှသွေးစက်တွေနှင့် ဒဏ်ရာဒဏ်ချက်တွေသည် ကျွန်တော်တို့လောက်မများပြား။ ပါးလျလွန်းသည်။ သို့သော် ထိုသူသည်လည်း ဆူးချွန်များ အပြိုင်းအရိုင်း ကျောက်ခက်ချွန်မြတွေကြောင့် ထော့နဲ့ထော့နဲ့ ပြေးလွှားနေရသည်။ ဟေ့လူ…ဟေ့လူ။ ကျွန်တော်အော်ပြောလိုက်သည်။ ထိုသူမကြားတာလား။ ကြားလျက်နှင့်မသိချင်ယောင်ဆောင်နေတာလားမသိ။ ဆက်၍ ကျွန်တော်အော်ပြောလိုက်သည်။ ထိုသူမှာ ကောင်းဘွိုင်လိုဦးထုပ်ကို ဆောင်းထားသည်။ အော်ခေါ်၍ လှည့်မလာနိုင်သည့်အဆုံး၌ ထိုသူ၏ပုခုံးကို အားပြင်းပြင်းလှမ်းပုတ်လိုက်သည်။ သည်တော့မှ ထိုသူ ဒေါသတကြီးဖြစ်သွား၍ ထင်သည်။ ကျွန်တော့်ဘက်သို့ ခပ်မြန်မြန်လှည့်လိုက်သည့်ခဏ…။ ထိုသူ၏ ဦးထုပ်မှာ မြေပြင်ပေါ်သို့ ဝေ့ဝဲပြုတ်ကျသွားသည်။ ထိုသူသည် ရက်စက်သွေးအေးစွာ ကျွန်တော့်ကို ပြုံးပြနေသည်။ ထိုအပြုံးကို ရင်းရင်းနှီးနှီးမြင်ဖူးပါသည်။ ဘယ်နေရာမှာပါလိမ့်။ စဉ်းစား၍ မရ။ သူ၏နှုတ်ခမ်းများမှာ အကောင်းအတိုင်း။ သူ့မျက်နှာတွင် ဒဏ်ရာဒဏ်ချက်မရှိ။ ဒီလောက်ဆို သူ့ကို စကားပြော၍ ရပြီ။ မေးရမည်။ အသက်ကိုဖြည်းညင်းစွာ ရှူလိုက်၏။ ထိုသူကို စကားပြောရန် ကျွန်တော့်မျက်နှာကို ခပ်မော့မော့ဟန်ပြင် လိုက်စဉ်တွင်တော့ ကျွန်တော့်အသိဥာဏ် တခုလုံး ပြာဝေသွားပြီး ငလျင်ပြင်းတခု လှုပ်ခါလိုက်သလို ဖြစ်သွားတော့သည်။ တခါက ကြည့်ခဲ့ဖူးသည့် မျက်လှည့်ဝိုင်းမှ မျက်လှည့်ဆရာ။ ထိုသူ၏ နဖူးအထက်တွင် ဓားထက်ထက်ဖြင့် လှီးဖြတ်ခံထားရသလို ဟောင်းလောင်းပွင့်နေပါလား။  သို့သော် ထိုသူ၏ ခေါင်းမှ ဦးနှောက်တွေ ထွက်ကျမနေ။ အံ့သြစရာအလွန်ကောင်းသည်။  ဒါဆိုကျွန်တော်နားလည်သွားပြီ။ ကြောက်စိတ်ကြားမှတည်ငြိမ်စပြုလာပြီ ဖြစ်သည်။ ဒါကျွန်တော်တို့ကို မျက်လှည့်ပြနေတာပဲ။ ဒါပေမဲ့ရက်စက်လိုက်တဲ့ပြကွက်တွေပဲ။ ထိုမျက်လှည့်ဆရာကို  ကြောက်မက်ဖွယ်ရာ အလွန်ကောင်းသည့် ဒီပြကွက်တွေ ရပ်ပေးပါတော့ ဟု ပြောရန်အားယူလိုက်သည်။ ကျွန်တော့်အာရုံတွေ မှောင်တလှည့် လင်းတလှည့်ဖြစ်နေသည်။ ထိုသူကလည်း အေးစက်စက်ပြုံး၍ ကျွန်တော့်ကို ကြည့်နေသည်။ လေစိမ်းတွေလည်း တိုက်ခတ်နေတုန်း။ မိုးထန်မိုးပြင်းတွေ တရစပ်သည်းထန်နေတုန်းဖြစ်၏။ လျှပ်စီးတွေ ပြင်းအားကောင်းကောင်းဖြင့် လက်လိုက်သော အခါတွင်တော့…။ ထက်ခြမ်းပိုင်းခံထားရသော သူ့ဦးခေါင်းထဲမှ အရာများမှာ ဦးနှောက်တွေမဟုတ်မှန်း သိလိုက်ရသည်။ လက်ခနဲ လက်ခနဲ။ မည်သည့် အရာဝတ္ထုတွေလဲ။ အမြင်များ ပြာဝေသွားရသည်။ နောက်တချက် လျှပ်စီးများလက်လိုက်စဉ်တွင်တော့ သူ့ခေါင်းထဲတွင် စိန်တွေ ကျောက်သံပတ္တ မြားတွေ။ လက်ခနဲ လက်ခနဲ။ အံ့သြစရာအလွန်ကောင်းလှပေသည်။ နောက်ထပ် လျှပ်စီးများ ရွာကျလာပြန်သည်။ ကျွန်တော်မြင်လိုက်ရသည်မှာ ဝါယာကြိုး အမျှင်တွေဖြင့် ဦးနှောက်တကန့်တွင် လိမ်ယှက်ထားသည့် ဆားကစ်ပြားအကြီး အသေးတွေ။ နောက်ဆုံးပေါ်သိပံ္ပပညာဖြင့် ပြုလုပ်ထားသည်ဟု ခန့်မှန်းရသည့် ဆားကစ်ပြားတွေ။ ဒါဆို သူဟာ လူသား စင်စစ်မဟုတ်တော့ဘူးပေါ့။ သူ့ဦးနှောက်တွေ ဖောက်ထုတ်ခံလိုက်ရပြီး စိန်ထည် ကျောက်သံပတ္တပြားတွေနဲ့ သိပ္ပံပညာတွေနဲ့ ပြန်လည် ပြုလုပ်ထားသည့် စက်လူရုပ်ကြီးပေါ့။ ဒါကြောင့် ကိုယ်လွတ်ရုန်းပြီး ရှေ့ဆုံးက ပြေးနေတာပဲ နေမှာ။ တကယ်ဆို ငါတို့ကို စောင့်ဆိုင်းပြောပြသင့်တာပေါ့။ ငါ့ကိုများ သတ်ပစ်လေမလား။ သူ့နားရောက်လာပြီဆိုတော့ သူ့ကိုကျော်ပြီး ငါဆက်ပြေးရဦးမလား။ သူ့ကိုကျော်ပြီးပြေးရင်ကော လွတ်ပါ့မလား။ ရှေ့မှာ ဒီထက်ကြောက်မက်ဖွယ်ရာတွေ မရှိနိုင်ဘူး မတွေ့နိုင်ဘူးလို့ ဘယ်သူကအာမခံနိုင်လို့လဲ။ တွေးရင်း တွေးရင်းဖြင့် ကျွန်တော့်အမြင်အာရုံတွေ အမှောင်ထုထက်ကို ပို၍ မှောင်မိုက်လာသည်။ ကြောက်ရွံ့လာသည်။ ပြောရမည့် စကားတွေ ပြောမထွက်နိုင်တော့။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော့်လည်ပင်းကို ထိုသူက အေးစက်သောလက်ချောင်းတွေဖြင့် ညှစ်ထားလိုက်ပါသောကြောင့်ဖြစ်သည်။  ကျွန်တော့်၏ကိုယ် ကျွန်တော် ဟိုးအဝေးကြီးမှ လှမ်းအော်ခေါ်ငင်နေရသလိုမွန်းကျပ်လာတော့သည်။ နောက်ဆုံး နောက်ဆုံးတွင်တော့ တခုပဲမှတ်မိလိုက်ပါတော့သည်။ ထိုသူ၏ လက်မှာလက်ထိပ်ကဲ့သို့ တုပ်နှောင်ချုပ်ထားခံရသည့် ကြိုးစတစ။ မည်သူ ဆွဲခေါ်နေမှန်းမသိရသည့် ကြိုးစရှည်ကြီး။ ဒါဆို နောက်ထပ်သူ့ကို ဆွဲခေါ်နေတဲ့သူက ဘယ်မှာလဲ။ ဘယ်အထိရှည်လျားဦးမည်လဲ ကျွန်တော်မသိနိုင်တော့။ ကျွန်တော်မျက်လုံးများ ပြာဝေလာပြီးအသက်ရှူရ သည်မှာကျပ်သထက် ကျပ်လာတော့သည်။ ကျွန်တော့်ကိုယ်စောင့်နတ်က ကျွန်တော့်အတွက် အသက်ရှူပွင့်တွေ တပွင့်မှ ပွင့်မပေးနိုင်တော့ဘူးလား။ နောက်ဆုံးလက်ကျန်အသံတခုသာ ကျွန်တော့်နှုတ်က ပွင့်အန်ကျလာပြီးနောက် အရာအားလုံးနှင့် ကျွန်တော် အဆက်ပြတ်သွားလေတော့သည်။

မိုဃ်းဇက်သော်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်