လင်းသက်ငြိမ် ● မာလာမေ မြင်မသွားခဲ့ဖူးတဲ့မြို့မှာ တနေ့လည်

September 14, 2017

● မာလာမေ မြင်မသွားခဲ့ဖူးတဲ့မြို့မှာ တနေ့လည်
(မိုးမခ) စက်တင်ဘာ ၁၄၊ ၂ဝ၁၇

ကျောင်းကုန်းနဲ့မဝေးဘူးဆိုတာရယ်၊ ဆရာမောင်သက်ငြိမ်နဲ့ ကိုအန်းကူက လာဖို့ခဏခဏပြောနေတာရယ်နဲ့ပဲ ဝါးခယ်မကို ကျွန်တော်ရောက်ဖို့အကြောင်းတိုက်ဆိုင်လာခဲ့တော့တာပေါ့။ ကိုညိုဝိုင်းလည်းလိုက်မယ်ဆိုတော့ အဖော်လည်းရပြီလေ။

အရင်နှစ်တွေကဆရာမခင်နှင်းယု အမှတ်တရပွဲ၊ ဆရာငွေယံဦး အမှတ်တရပွဲတွေကိုလာဖို့ လားရှိုးက လရောင်လမ်းချိုး ကိုကော ကျွန်တော့်ကိုကော ဖိတ်ပေမယ့် အကြောင်းကြောင်းကြောင့် မလာဖြစ်ခဲ့။ အခုတော့ အကြောင်းသင့်ပြီ။

ဆရာမောင်သက်ငြိမ်နဲ့ဖုန်းဆက်ထားပြီးပြီ။ ကိုအန်းကူကလည်း နေ့လည်ပြန်ရောက်မယ်လို့ပြောတော့ အားလုံးစိုပြေပြီပဲလေ။

ကျောင်းကုန်းကနေ ဝါးခယ်မလမ်းဆုံကို လိုင်းကားစီးရတယ်။ တယောက်ကို ထောင့်ငါးရာပေးရတယ်ထင်တယ် ကားခကို ကိုညိုဝိုင်း ရှင်းလိုက်တာမို့ အတိအကျမမှတ်မိ။ လူပြည့်အောင်စောင့်တင်ပြီး ကားထွက်လာခဲ့တယ်။ သူတို့က သိပ်မဝေးဘူး ဆိုပေမယ့် ကျောင်းကုန်းနဲ့ ဝါးခယ်မလမ်းဆုံက တော်တော်ဝေးပါတယ်။ ကားမောင်းကြမ်းချက်ကလည်း လှတောသားပြော သလို ပုဏ္ဏကဘီလူးနောက်က ဝိဓူရအမတ်လိုဖြစ်နေပြီပြောရမယ်။

ယိမ်းလိုက် ခုန်လိုက် ရှေ့ဟပ်ထိုးကျလိုက်နဲ့။ ကားတစီးနဲ့တစီးရှောင်တိုင်း ဘုရားတနေရတယ်။ အန္တရာယ်ကြီးတဲ့ယာဉ်မောင်း ပုံပါပဲ။ ခရီးသည်အားလုံးရဲ့ အသက်တွေကိုကားပေါ်တင်ပြီးမောင်းနေရတယ်လို့ တွေးမိဖို့ကောင်းလှပါတယ်။ နေ့တွက် မကိုက်တာတို့ ရှေ့ကကားကိုမီဖို့အရေးကြီးတယ်တို့ သူ့မှာလည်း သူ့အကြောင်းပြချက်တော့ရှိနေမှာပါပဲ။ ကျွန်တော့်ရှေ့ခုံက အဘိုးကြီးတယောက်က ပေါက်စီတွေ တလုံးပြီး တလုံး ထုတ်စားနေလေရဲ့။ ကျွန်တော့်ဘေးခုံကအမျိုးသမီးရဲ့ကလေးက အဘိုးကြီးကို လက်ညှိုးထိုးအော်ငိုပြီး မုန့်တောင်းတော့တာပဲ။ ချော့မရပဲပိုပိုငိုနေတော့ အမျိုးသမီးက ဦးလေးရယ် ကလေးက မုန့်တောင်းနေလို့ နည်းနည်းလေးပေးပါလို့ လှမ်းတောင်းတယ်။ အဘိုးကြီးကလည်းရော့ရော့ဆိုပြီး ပေါက်စီတလုံးပေးလိုက်ပါ တယ်။ အငိုတိတ်ပြီး ပေါက်စီကို ပလုပ်ပလောင်းနေတဲ့စားနေတဲ့ကလေးကို ကြည့်ပြီးပြုံးမိတယ်။ ကျွန်တော့်ကိုကြည်နူးစေတဲ့မြင်ကွင်းလေးပါပဲ။

ဝါးခယ်မလမ်းဆုံရောက်တော့ ကားကမရှိသေး။ ဒါပေမဲ့  နှစ်နာရီခြားတခါ လာတယ်ဆိုတာနဲ့ လမ်းဘေးကဆိုင်မှာမုန့်ဟင်းခါး ဝင်သောက်ရင်းစောင့်မယ်တွေးပြီး ဆိုင်ထဲဝင်ထိုင် မုန့်ဟင်းခါးမှာ စားပွဲခင်းမည်းညစ်ညစ်ပေါ် ယင်ကောင်တွေအုံနေတယ်။ မုန့်ဟင်းခါးကလည်း မည်းမည်းညစ်ညစ်ကြီးနဲ့စားချင်စဖွယ်မရှိ။ မှာပြီးမှတော့ မထူးတော့ဘူး ဆိုပြီးသောက်ကြည့်တော့ အရသာက အတော်ကိုကောင်းတယ်။ မုန့်ဟင်းခါးစားပြီးခါနီးမှာပဲ ကားရောက်လာပြီဆိုတာနဲ့ ကမန်းကတန်းကားပေါ် ပြေး တက်။ ကားထဲမှာလူတွေအပြည့်ပဲ။ ကားတံခါးနားမှာ ကျောင်းဆရာမတယောက်ထိုင်ပြီး စပယ်ယာနဲ့စကားပြောနေကြတယ်။ ဆွဲခြင်းရယ် အဖြူအစိမ်းရယ်ကိုကြည့်ပြီး ကျောင်းဆရာမလို့  ကျွန်တော်သတ်မှတ်လိုက်တာပါ။ ဒီကားကို စီးနေကျဖြစ်မယ် ထင်ပါတယ်။ သနပ်ခါးဝါဝါတွေက သူ့ပါးပြင်မှာ ဝင်းလို့။ သူ့ကိုကြည့်ရင်းလားရှိုးမှာ ကျောင်းဖွင့်တိုင်း မြင်ရတဲ့မြင်ကွင်းတွေကို သတိရမိတယ်။

လားရှိုးမြို့ပြင်ကိုသွားရင် ကျောင်းစိမ်းဝတ်စုံနဲ့ ကျောင်းဆရာမလေးတွေ လက်ကလေးတွေပြပြပြီး ကားကြုံတားနေကြတာကို မြင်ရလေ့ရှိပါတယ်။ အဲ့ဒီမြင်ကွင်းကကျွန်တော့်ကိုနာကျင်စေပါတယ်။ အရွယ်ကောင်းအမျိုးသမီးလေးတွေ၊ သူတို့ပြောတဲ့ ပညာရေးမဏ္ဍိုင်ရဲ့ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့  ဆရာမလေးတွေ။ သူတို့ဟာ မြို့နဲ့ဝေးတဲ့ နယ်ဘက်ရွာဘက် တွေကို အမြဲတမ်းကားကြုံလိုက်စီးပြီး ကျောင်းသွားနေကြရတယ်။

ကျောင်းကြိုပို့ဖယ်ရီလေးနဲ့ဆို အဆင်မပြေဘူးလား။ ဒီလိုမြင်နေရတဲ့ ယိုပေါက်ဟာ ဖြည့်စရာမရှိဘူးလား။ ကားတိုင်းက မရပ်ပေးပါဘူး။ ရပ်မပေးတဲ့အပြင် ရိသဲ့သဲ့ ပြောသွားကိုလည်း ခံကြရမှာပါပဲ။ လမ်းကြုံတင်တဲ့ကားပေါ်မှာကော အဆင် ပြေ ပါ့မလားလို့ ကျွန်တော်တွေးနေမိတယ်။ မြို့ခံလူတွေကို မေးကြည့်တော့ အရင်ကတည်းက အဲ့ဒီအတိုင်းပဲတဲ့။ အဲ့ဒီမြင်ကွင်း ကိုမြင်တိုင်း ကျွန်တော့်ရင်ထဲမှာ မေးခွန်းတွေအများကြီးနဲ့ စိတ်မကောင်းသလို ဝမ်းနည်းသလိုကြီးဖြစ်ရတယ်။ ပညာရေးလောကအကြောင်းတွေ ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းတွေ ဘာမှမသိပေမယ့် အပြင်ကမြင်ရတဲ့မြင်ကွင်းမှာဖြစ်မိတဲ့ကျွန်တော့်စိတ်ပေါ့။

ကားစီးရင်းဆရာမတယောက်ကိုမြင်ပြီး ပြန့်ကားလာတဲ့ ကျွန်တော့်အတွေးစတွေကို ပြန်စုစည်းကာ အကြည့်တွေကို လမ်း ဘေးဝဲယာချကြည့်လိုက်တော့ အိုး အစိမ်းတွေ။ အစိမ်းရောင် ကတ္တီပါကောဇောကြီး ဖြန့်ခင်းထားသလို အစိမ်းတွေ။ ဧရာဝတီ တိုင်းရဲ့ စိမ်းစိုတဲ့ အနုပညာတွေ။ လမ်းဘေးဝဲယာချောင်းကလေးတွေစီးဆင်းလို့။ လှေကလေးများ၊ စက်လှေများကိုလမ်းတလျှောက်မြင်ရတယ်။ အဝါရောင်မရှိတဲ့နယ်မြေပဲဗျလို့ ကိုညိုဝိုင်းကိုပြောမိတယ်။ မိုးတွင်းကျက်သရေနဲ့နုပျိုနေတဲ့ မြင်ကွင်း တွေ။ စိတ်လေလွင့်သူကဗျာရေးသူဟာ ခွန်အားတွေနဲ့ တဖန်ပြန်နိုးထလာရသလိုပဲ။ ကျွန်တော်တို့ထွက်လာပြီလို့ ဆရာမောင်သက်ငြိမ်ဆီဖုန်းလှမ်းဆက်လိုက်တယ်။ ကိုအန်းကူဆီ ဖုန်းဆက်တော့ သူညနေပိုင်းပြန်ရောက်မယ်လို့ပြောပါတယ်။

တံတားတွေကိုဖြတ်သန်းရင်း လမ်းတွေကိုဖြတ်သန်းရင်း ရှုခင်းစိမ်းစိမ်းကိုဖြတ်သန်းရင်း ဝါးခယ်မကို လာခဲ့ပြီ။

သူတို့ကမဝေးဘူးဆိုတော့ ကျွန်တော်ကနီးနီးလေးထင်ခဲ့မိတော့ ရှေ့ကစုစုဆို ဝါးခယ်ချည်းထင်နေတော့တာလည်း အမှတ် တရပေါ့။ နီးလာပြီဆိုတဲ့အသိက ရင်ကိုခုန်စေတယ်။

တံတားကြီးတစင်းကိုကျော်ဖြတ်ပြီး ကျောင်းဆင်းချိန် ကျောင်းသား/သူများရှုပ်ထွေးနေတဲ့လမ်းတခုကို ကားရောက်လာ တယ်။ ရောက်ပြီလား ဟင့်အင်း မရောက်သေးဘူး။ နောက်ထပ်တံတားကြီးတစဟစင်းကို ကျော်ဖြတ်ရောက်ပါပြီ။ ကားဝင်း ဆီ ကားဟာ ဖြည်းညင်းစွာ ဝင်ရောက်လာခဲ့ပြီ။ ထီးကောက်ကလေးတချောင်းနဲ့ဆရာမောင်သက်ငြိမ် ကျွန်တော်တို့ကို လိုက်ရှာနေတယ်။ ပိန်ပိန်ပါးပါးကဗျာဆရာဟာ လှိုက်လှိုက်လှဲလှဲပြုံးလို့။

`လမ်းလျှောက်ပဲသွားရအောင်ဗျာ ကျွန်တော်က ဆိုင်ကယ်စီးလို့အဆင်မပြေလို့´။

သုံးယောက်သား ကားဂိတ်ကနေထွက်လာပြီး လမ်းဘေးကပ်လျှောက်လာခဲ့ကြတယ်။ လမ်းညာဘက်မှာ ဦးနုစာကြည့်တိုက်ကိုတွေ့တယ်။`လတိုင်းစာအုပ်တွေရောက်တယ်´၊ `စာဖတ်အားကကော´၊`မဆိုးပါဘူး ငှားတဲ့လူတွေ ရှိပါတယ်´။ တာ တေစနေသားရဲ့အငွေ့အသက်တွေနဲ့မြို့ကလေးစိတ်ကူးထဲသိပ်မမှတ်မိတော့တဲ့ ဒေါ်ခင်နှင်းယုရဲ့ အတွတ်နဲ့မွှေးတို့ရဲ့ မြို့က လေး။`သော်ကဘုရားကကော ဘယ်နားမှာလဲ´ဆိုတော့ ဟိုဘက်ကမ်းမှာတဲ့။

မြို့နံ့ပီပီသသရတဲ့လမ်းရဲ့ဘေးက ဘီယာဆိုင်မှာထိုင်ရင်း ဆရာမောင်သက်ငြိမ်နဲ့ စကားဝိုင်းအစပြု။ သူက သောက်လို့မရဘူး တဲ့။ နားထားရတယ်တဲ့။ ရောဂါရဲ့နှိပ်စက်မှုနဲ့အားအင်နည်းနည်းပြုံးနေတဲ့ကဗျာဆရာရဲ့မျက်နှာကိုကြည့်ရင်း ကျွန်တော်တို့ရဲ့ ဟီးရိုးကဗျာဆရာကြီးကိုသတိရမိတယ်။ ဆရာမောင်သက်ငြိမ်ဆိုတာ မောင်ချောနွယ်မကွယ်လွန်ခင် နှစ်နှစ်နီးပါးလောက် သူ့အိမ်ထဲမှာ ကဗျာတွေကိုနေရာပေးထားခဲ့တဲ့ မောင်ချောနွယ်ရဲ့ချစ်သူ ကဗျာဆရာပါပဲ။ မောင်ချောနွယ် ကွယ်လွန်ပြီးတဲ့နောက်မောင်ချောနွယ်နေသွားခဲ့တဲ့ အခန်းကလေးကို ချိပ်ပိတ်ထားခဲ့သူပေါ့။ မောင်သက်ငြိမ်ပြောပြတဲ့ မောင်ချောနွယ် အကြောင်းတွေနဲ့ ညနေပေါ့။ ပြောပြသူမှာ မျက်ရည်စတွေနဲ့။ ကျွန်တော်တို့က တခါမှ မမြင်ဖူးခဲ့ရတဲ့ ကဗျာတယောက်ရဲ့ အကြောင်းမှာ ထိထိရှရှ စို့စို့နစ်နစ်။ တင်ပလ္လင်ချိတ်ပြီးထိုင်နေတဲ့ မောင်သက်ငြိမ်ဟာ မောင်ချောနွယ်ဝိညာဉ်ပူးကပ်နေတဲ့ အတိုင်း။

မောင်ချောနွယ်ကနေ ငွေယံဦး မောင်သိန်းဇော် အစရှိသဖြင့် သူနဲ့ထိစပ်ခဲ့သမျှ ကဗျာတွေရဲ့အကြောင်းတွေနဲ့ ဝင်းပနေတဲ့ စကားဝိုင်းကလေးထဲ ဆရာလူမျိုးလွင်ပါထပ်ရောက်လာ။

တုတ်ကောက်တချောင်းနဲ့ ကဗျာဆရာဟာ ကဗျာအကြောင်းတွေကို အားမာန်အပြည့်နဲ့ ပွင့်ကျလို့။ ဆရာမောင်လေးဇော် ကတော့ ရန်ကုန်ရွေ့သွားတယ်လို့ သိရတယ်။ လူငယ်ကဗျာဆရာတွေတော့ မတွေ့ခဲ့ရ သိပ်မရှိဘူးလို့လည်း သိရ။ ချစ်သူ တွေရဲ့အချိန်တွေဟာ အပြေးမြန်လွန်းလှပါတယ်။ နေရောင်ခြည်ဟာ တယောက်ယောက်က ဆွဲချနေသလို အလောတကြီး နိုင်နေရဲ့။ ဝါးခယ်မမှာ မောင်ချောနွယ်အငွေ့အသက်တွေ အများအပြားကျန်နေရစ်မှာပါပဲ။ ကျွန်တော်တို့လျှောက်နေတာ မောင်ချောနွယ်လျှောက်ခဲ့ဖူးတဲ့လမ်းတွေပေါ်မှာပေါ့။ ကမ္ဘာကျော်မြို့ပိုင် နယ်ပိုင်မရှိဘူးလို့ပြောခဲ့တဲ့ ကဗျာဆရာဟာ မြို့တွေ ကို ပိုင်ဆိုင်နေခဲ့သလိုပါပဲ။

ကိုအန်းကူရောက်လာတော့ ညနေဟာကုန်ဆုံးခါနီးနေပြီ။ ညအိပ်ဖို့ကလည်း မဖြစ်နိုင်တော့။ ကျောင်းကုန်းကို ကိုအန်းကူ က သူ့ကားနဲ့လိုက်ပို့ပေးမယ်တဲ့။ ဆရာမောင်သက်ငြိမ်နဲ့ ဆရာလူမျိုးလွင်ကလည်း လိုက်ပို့ကြမယ်တဲ့။မကြာခင် နေကျ တော့ မှာမို့ တဖက်ကမ်းကို ဘယ်လိုမှမသွားနိုင်တော့။ မောင်ချောနွယ်နေခဲ့တဲ့ အခန်းလေးဆီလည်းမရောက်နိုင်တော့။ မောင်ချောနွယ်ရဲ့လက်ရေးမူတွေကို မြင်ခွင့်လည်းမရနိုင်တော့။

မြို့တပတ်ကားလေးနဲ့ လိုက်ပို့ကြတယ်။ သကျမဟာသီရိဘုရားကြီးကိုဖူးခဲ့တယ်။ မြစ်ဆိပ်မှာရပ်ပြီး မီးခိုးတလူလူ စက်ရုံ ကလေးတွေနဲ့ အိမ်ကလေးတွေကို ငေးပြီးအမည်ဖော်မရနိုင်တဲ့ခံစားချက်တွေနဲ့ တင်းကျပ်လို့နေခဲ့ရ။ ညနေဆို မောင်ချော နွယ်က ပုလင်းလေးခါးကြားထိုးပြီး သမ္မာန်ဆရာကိုခေါ်ပြီး လှေကလေးနဲ့ မြစ်ရိုးအတိုင်းစုန်ဆင်းတတ်သတဲ့လေ။ လွမ်းစရာ တွေအပြည့်နဲ့မြို့ဟာ နေဝင်တိမ်တွေနဲ့တောက်ပလို့။ ကားကလေးထဲမှာ အသံတွေငြိမ်သက်လို့။ အတွေးကိုယ်စီ အငေး ကိုယ်စီ။

`မြို့ကိုထမ်းပြီး ပြန်လာခဲ့ရတာပဲဗျာ´တဲ့ တိတ်ဆိတ်မှုကို လှုပ်ခတ်လိုက်တဲ့ ကိုညိုဝိုင်းရဲ့ စကားမှာအားလုံး အသက်ပြန် ဝင်လာကြတယ်။ ကျောင်းကုန်းအပြန်ကားလမ်းဟာ မှောင်မည်းနေလေပြီ။ မြို့နီးချုပ်စပ်ရဲ့သမိုင်းတွေ၊ ကဗျာအကြောင်းတွေ နဲ့ကားပေါ်က စကားဝိုင်းလေးပါပဲ။ ရေထဲမြို့ကိုခေါက်တော့ အရောက်ထပ်လာခဲ့ဖို့တွေးထားမိပါတယ်။ဟ ကျောင်းကုန်းကိုရောက်တော့ညရှစ်နာရီကျော်ပြီ။ မောင်သက်ငြိမ်ရဲ့အမျိုးသမီးက ဖုန်းဆက်သည်။ မြစ်ဖက်ကမ်းက မျှော်နေ သူရဲ့အသံ တွေပေါ့။ ကျောင်းကုန်းကပြန်လာမယ့်ကဗျာဆရာကို လှေကလေးနဲ့ သူလာကြိုပါလိမ့်မည်။ ပခုံးချင်းဖက် နှုတ်ဆက်ပြီး ခွဲခွာ ခဲ့ကြရတယ်။

နောက်တခါ ပြန်ဆုံကြမယ်ပေါ့လေ။ အသက်အရွယ်ချင်းခေတ်ချင်းမတူညီခဲ့ကြပေမယ့် ကဗျာလို့ပြောလိုက်တဲ့ တသား တည်းဖြစ်သွားတတ်တဲ့ ကဗျာဆရာတွေရဲ့ အရသာဟာ ထိထိရှရှ။

ကားဖြူကလေးဝေးသထက်ပိုဝေးသွားလေပြီ။ ကဗျာဆရာ အရင့်အမာကြီးကို ဆွဲငင်ခဲ့တဲ့မြို့ပဲလေ။ ကျွန်တော့်လို နုသက် တဲ့ကဗျာရေးသူရဲ့ရင်ထဲ ဝါးခယ်မဟာ ငေါငေါကြီး တင်ကျန်နေရစ်တော့တယ်။

* မာလာမေမြင်မသွားခဲ့ဖူးတဲ့မြို့ – မောင်ချောနွယ်ရဲ့ကဗျာစာသား

လင်းသက်ငြိမ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်