ဝေမြင့်မောင် ● မွေးမြူရေးမှတ်တမ်း [ 1995 – 2017 ]
September 16, 2017
● မွေးမြူရေးမှတ်တမ်း [ 1995 – 2017 ]
(မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၁၇
● မွေးမြူရေး  ၁
ကျွန်တော့်တွင် စုဆောင်းထားသော ငွေများမရှိ။ စုဆောင်းရန်လည်း မလိုအပ်တော့ပေ။ ထို့ကြောင့် ဘဏ်များ နှာစေးနေသော အကြောင်းကို ကောင်းမွန်စွာဖတ်ရှုနိုင်ခြင်းငှာ ကျွန်တော့်အတွက် မလွယ်ကူပါ။
ရေကူးကန်ထဲတွင် ပျော်ရွှင်စွာ ရေကူးနေသော ပိုးမွှားများရှိသကဲ့သို့ ပျော်ရွှင်စွာ သေဆုံးသွားသော ပိုးမွှားများလည်း ရှိကြပါ သည်။ ရှင်ကျန်ရစ်နေရခြင်း၏ဒုက္ခသည် ကြီးမားလှပေစွ။ လွန်ခဲ့သော သုံးနှစ်က လက်ဆွဲနှုတ်ဆက်မှုတခုသည် အတိတ်တွင် အေးစက်စက်နှင့်ပင် သေဆုံးသွားခဲ့ပြီဖြစ်သည်။ အခန်းထဲတွင် အသက်ကင်းမဲ့နေသော လူတယောက် လဲလျောင်း နေပါ သည်။ မိုးပေါက်များ ကျပြီ။ ပြောင်းပင် စိမ်းစိမ်းကလေးများကြားတွင် မီးခိုးငွေ့များကို မမြင်ရပါ။
ခေတ်ပေါ်သီချင်းတပုဒ်သည် လေယာဉ်ပျံတခုပေါ်မှ ခုန်ဆင်းကာ ခြံအတွင်းသို့ ကျရောက်လာသည်။ ထို့နောက် ထိုသီချင်း တပုဒ်သည် ဘတ်စ်ကားတစီးပေါ်တွင်တက်ကာ မြို့လေးသို့ပြန်လည်ထွက်ခွာသွားသည်။ ကျွန်တော်သည် ထိုအဖြစ်အပျက် များကို ပျင်းရိဖွယ်ကောင်းလောက်အောင် ထိုင်ကြည့်နေခဲ့ပါသေးသည်။
ကျွန်တော့်တွင် ကောင်းကင်ကြီး မရှိတော့ပါ။ ကျွန်တော့်တွင် ငယ်ရွယ်နုပျိုမှုများ မရှိတော့ပါ။ ကျွန်တော့်တွင် လက်ကျန် ကဗျာစာအုပ်တအုပ်မျှ မရှိတော့ပါ။ ကျွန်တော့်တွင် လက်ကျန်စားစရာ တခုမျှမရှိတော့ပါ။ ကျွန်တော့်တွင် အချစ်ကလေး ဝေ မရှိတော့ပါ။ ကျွန်တော့်တွင် လိမ္မော်ရောင် နံနက်ခင်းများ မရှိတော့ပါ။ ကျွန်တော့်တွင် ရွှေဝါရောင်သန်းသော စပါးခင်းများ မရှိတော့ပါ။ ကျွန်တော့်တွင် ချက်လက်မှတ်များ မရှိတော့ပါ။ ပုလင်းများတွင် ပျားရည်များ ယာမကာများ မရှိတော့ပါ။ ကျွန်တော့်တွင် သန်မာသော ခန္ဓာကိုယ် မရှိတော့ပါ။ ကျွန်တော့်တွင် ကြည်လင်ပြတ်သားသော မြင်ကွင်းများ မရှိတော့ပါ။ ညများသည် ကျွန်တော့်ထံမှ တရွတ်တိုက် ဆွဲခေါ်ခြင်းကို ခံခဲ့ကြရပါ သည်။ လတ်ဆတ်သော နံနက်ခင်းတို့ကို လည်း ကျွန်တော် ဆုံးရှုံးခဲ့ရပါ သည်။ ကျွန်တော် ပိုင်ဆိုင်သင့်သော အရာများကို ပြန်ပေးကြပါလေ။
● မွေးမြူရေး ၂     
တရားခံသည် တရားခွင်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်ဟု ကျွန်တော် ကြားရပြီး တရားသူကြီးသည် ခရမ်းချဉ်သီးဖျော်ရည် ပုလင်းကို လက်အိတ်ထဲတွင် ထည့်ကာ တရားခွင်သို့တက်လာသည်ဟုလည်း ကျွန်တော်ကြား ရပါသည်။ မိတ်ဆွေ။ ကျွန်တော့်အား အတည်ပြုပေးစေလိုသည်။ လူတို့ကို ကောင်းကင်မှကြည့်လျှင် ပုရွက်ဆိတ်ငယ်ကလေးများလို မြင်ရတယ် ဟူသော အသံသည် ကျွန်တော်၏ဘယ်ဘက်ရင်အုံအတွင်းတွင် ရှင်သန်နေဆဲ ပင်ဖြစ်သည်။ ထိုအသံသည် ကျွန်တော့် အသား သွေးများကို စားသောက်ကာ အသက်ရှင်နေသေးသည်။ ထို့ကြောင့် ကျွန်တော် ကျေနပ်ရသည်။ သို့သော် ကျွန်တော် ကျေနပ်ပါသည်။ ပေါင်မုန့်များ။ ထမင်းခဲများ။ ပြောင်းဖူးများ။ ကန်စွန်းဥများ။ သကြားခဲများ စသည်တို့ကို ကျွန်တော် မမြင်ရသည်မှာ နှစ်ပေါင်းများစွာ ကြာပြီ။ ပုပ်သိုးနေသော အရုပ်မလေးလီလီ၏ လက်ချောင်း ကလေးများမှာ  ကျွန်တော့် လက်ထဲတွင် နွေးထွေးခဲ့ကြသည်။ ထိုအချိန်က သို့မဟုတ် လွန်ခဲ့သောနှစ်များကဟုပြောရပါလိမ့်မည်။ ကျွန်တော် ဝတ်ဆင် ခဲ့သော တ်စုံတို့မှာလည်း အရသာ မရှိကြတော့ပါ။ ကြည့်ပါ။ အရသာမရှိတော့သည့် ပေါင်းသင်းဆက်ဆံရေးများ။ စကားလုံးများ။
ကျွန်တော့်ကို သေနတ်တစ်လက်ပေးပါ။ ကျွန်တော့်ကို စာရွက်အလွတ် တစ်ရွက်ပေးပါ။
● မွေးမြူရေး ၃
နတ်ဆိုးသည် သတင်းစာမှထွက်လာကာ ကျွန်တော့်ဦးထုပ်ထဲတွင် နေထိုင်သည်ဟု ကျွန်တော်ပြောလျှင် မိတ်ဆွေ ယုံပါမည်လား။ အိမ်သစ် တက်ပွဲလုပ်ပေးကြပါစို့။ ပါတီတစ်ခုလုပ်ပေးကြပါစို့။ မီပါသေးသည်။ ကျွန်တော့်တွင် အယူအဆ တခုရှိသည်။ ထိုအယူအဆကို နတ်ဆိုးမှ စားသောက်ပစ်လိုက်သည်။ ထို့ကြောင့် ကျွန်တော်၏ဦးထုပ်ထဲတွင် နတ်ဆိုး ရှိနေခြင်းကို မကျေမနပ်မဖြစ်ပါ။ ထိုအယူအဆကို မကောင်းသော အယူ အဆဟု ကျွန်တော် လက်ခံလာနိုင်ပေပြီ။ မကောင်းသော ထိုအယူအဆကို နတ်ဆိုးအား ကျွန်တော် ကျွေးလိုက်ပါသည်။ တန်ပါသည်။ ရဲရဲဝံ့ဝံ့ပင် ကျွန်တော် ပြောခဲ့ပါသည်။ အမှန်တကယ် တည်ရှိနေသော အကြောင်းအရာ ကို ကျွန်တော် ပြောပြနေခြင်းဖြစ်ပါသည်။ နတ်ဆိုးသည် ကျွန်တော်၏ ဦးထုပ်လှလှကလေးတွင် နေထိုင်ခဲ့သည်။ သို့သော် ကျွန်တော် သံသယ ဖြစ် သောအချက်တချက်ရှိသည်။ နတ်ဆိုးသည် သတင်းစာမှ ခုန်ထွက်လာခြင်း လား။ သို့မဟုတ် ကျွန်တော် အပျင်းပြေလမ်းလျှောက်ထွက်ရာ လမ်း ကလေးမှ ခုန်ထွက်လာခြင်းလား ကျွန်တော် ကောင်းမွန်စွာ မခွဲခြားနိုင်ပေ။ သေချာသည်ကတော့ နတ်ဆိုးသည် ကျွန်တော်၏ ဦးထုပ်ကလေးအတွင်း၌ ရှင်သန်နေခြင်းဖြစ်ပါသည်။ ကျွန်တော့်ကို ကြည့်မှန်တချပ် ပေးသနားကြပါ။ သွေးကွက်များပေကာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသောမှန်ချပ်များကို ကျွန်တော်မကြည့်ရဲပါ။ ကျွန်တော်မှန်ကြည့်သောအခါ နတ်ဆိုးသည် ကျွန်တော့်ရှေ့တွင်ခုန်ဆင်းလာ၍  ကိုယ်ယောင်ပြမည်ဟု  သိရပါသည်။ ကျွန်တော့်ကို မှန်တချပ်ပေးပါလေ။
● မွေးမြူရေး ၎
ကျွန်တော့်ထံ၌ ပလက်ဖောင်း တခုရှိခဲ့သည်။ ထိုပလက်ဖောင်းပေါ်တွင် ပင်လယ်ကြီးတခုကို ကျွန်တော် ဖန်ဆင်းခဲ့ပါသည်။ ကမ်းခြေတွင် သဲများ၊ ခရုကောင်ကလေးများ၊ ပင်လယ်ဂဏန်းငယ်များ၊ လူများ၊ မြင်းများ၊ နောက် ဆုံးပေါ်သီချင်းများ၊ ဘီယာပုလင်းများ၊ အကင်များ၊ စာမသင်ဘဲ ငွေရှာနေရ သော ကလေးငယ်များ၊ လူများ စသည်တို့ကို ကျွန်တော် မဖန်တီးဖြစ်ပါ။
သဘာဝအတိုင်း အရိုင်းဆန်ဆန် လှပနေသော ပင်လယ်လေးတခုကို ဖန်တီး တည်ဆောက်ခြင်း ဖြစ်ပါသည်။ ရေပြာပြာပေါ်တွင် နေလုံးကြီးတင်နေပုံမှာ အလွန်လှပငေးမော ဖွယ်ရာဖြစ်သည်။ ကမ်းစပ်တွင် လှိုင်းကလေးများ ပြေး လာလိုက် ဆုတ်သွားလိုက်။ ကျွန်တော် ဖန်တီးသော ပင်လယ်ကမ်းစပ်မှ ကောင်းကင်ပြာကြီးကို မြင်နိုင်ပါသည်။ ကျွန်တော်မေ့လျော့သော အရာ တခုရှိပါသည်။ ၎င်းမှာ ကောင်းကင်ပြာနောက်ခံ အမိုးကြီးကို မဖြုတ်မိခြင်း ဖြစ်သည်။ ပန်းချီဆရာကြီး ခင်မောင်ရင်ဖြုတ်ချချင်သော အမိုးကြီး ဖြစ်ပါ သည်။ သို့သော် ကျွန်တော့်ထံတွင် ပင်လယ်ကြီး မရှိတော့ပါ။
ကောင်းကင်အမိုးပြာကြီးကိုလည်း ဖြုတ်ချဖို့မလိုတော့ပါ။ ပလက်ဖောင်းကလေးသည် ကျွန်တော့်ထံမှအပြီးအပိုင် ထွက်ခွာသွားခဲ့ပေ ပြီ။ အဖြစ်အပျက်တို့ မှာ မနေ့တနေ့ကဲ့သို့ ရှိသည်။ ကျွန်တော့် ပလက် ဖောင်း ပြန်ပးပါ။ ကျွန်တော့် နာကျင်မှု ပြန်ယူပါ။ နှစ်ပေါင်းများစွာ ခိုးယူသိမ်း ဆည်းခြင်းခံထားရသော ကျွန်တော်၏အကြည်ဓာတ်ကလေးကို ပြန်ပေး ပါလေ။
● မွေးမြူရေး  ၅      
“ဟေးးးးး ငါ ပျော် တယ်ကွ ” ဟူ၍ အားပါးတရ ကျွန်တော် အော်ပစ်လိုက် ချင်သည်မှာ ကျွန်တော့်စိတ်ရင်းအမှန်သာ ဖြစ်ပါသည်။ သို့သော် ကျွန်တော် မအော်ပါ။ အကြောင်းမှာ ကျွန်တော့်တွင် ပျော်စရာကောင်းလောက်အောင် ဝမ်းသာရသည့် ကိစ္စမရှိ၍ ဖြစ်သည်။ တခါတရံ ကျွန်တော် တွေးဖူးပါသည်။ မြေကြွက်ကြီးများက ကျွန်တော်၏ပျော်ရွှင်မှုများကို ခိုးယူ ထားကြလေ သလား။ သို့မဟုတ် ခုတင်အောက်တွင် ပုန်းခိုနေတတ်ကြသော ခြင်များက ခိုးယူကြသလား။ ကျွန်တော် မပြောနိုင်ပါ။ ပြောလည်း မပြောတတ်ပါ။
သူငယ်ချင်း တဦးကတော့ ကျွန်တော့်ကို ပြောဖူးပါသည်။ ပျော်ရွှင်မှုကို လိုချင်ပါက ထီထိုးပါဟူ၍ ဖြစ်ပါသည်။ ကျွန်တော် စမ်းသပ်ကာ ထီထိုးခဲ့ပါ သေးသည်။သို့သော် ကျွန်တော် ထီမပေါက်ဖူးပါ။ နောက်ထပ် သူငယ်ချင်း တဦးကတော့ အရက်သောက်ပါဟု အကြံပေးပါသည်။ ကျွန်တော် အရက် သောက်ပါသည်။ သို့သော် မပျော်ပါ။ ထို့ကြောင့် ကျွန်တော် အရက် မသောက်တော့ပါ။ ထို့နောက် အကြံပေါင်းများစွာကို မိတ်ဆွေဆွေမျိုးများထံမှ ကျွန်တော် လက်ခံရှိခဲ့ပါသည်။ တချို့ က အားကစားလုပ်ပါဟူ၍ လည်းကောင်း ငွေရှာပါ စာဖတ်ပါဟူ၍လည်းကောင်း  အလှူလုပ်ပါဟူ၍ လည်းကောင်း စသည့် အကြံပေါင်းများစွာကို ကျွန်တော်လက်တွေ့ စမ်းသပ်ကြည့်ခဲ့ပါသည်။ သို့သော် ကျွန်တော့်မပျော်ခဲ့ပါ။ ပျော်ရွှင်မှုကို ကျွန်တော် မရခဲ့ပါ။ ပျော်ရွှင်မှုကို ကျွန်တော်လိုက်ရှာနေသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပေပြီ။ စီဒီချပ်များပေါ်တွင် ကျနေသော လရောင်ကိုလည်း ကျွန်တော် ဖမ်းယူခဲ့ပါသေးသည်။လက်မောင်းပေါ်တွင် ကျွန်တော်နှစ်ခြိုက်မိသော ကဗျာ စာကြောင်း တချို့ကိုလည်း တက်တူးထိုးခဲ့ပါသေးသည်။ ထိုမျှမကသေး ရေကန်တခုသို့သွားကာ ရေကူးခဲ့ပါသေးသည်။ သို့သော် ကျွန်တော်မပျော်ပါ။ ကျွန်တော့်အတွက် သို့မဟုတ်  ကျွန်တော်ပိုင်ဆိုင်သင့်သော ပျော်ရွှင်မှုကိုဘယ်သူတွေ ခိုးယူ သိမ်းဆည်းထားပါသလဲ။ ပြန်ပေးကြပါလေ။ ကျွန်တော်နှင့်အတူတကွ ပျော်ရွှင်ကြပါလေ။ ကျွန်တော် တောင်းပန်ပါရစေ။
● မွေးမြူရေး ၆
မနေ့ညက ကျွန်တော် အိပ်ရာဝင်နောက်ကျပါသည်။ ကျွန်တော့် အိပ်ရာပေါ် တွင် ကြမ်းပိုးမရှိပါ။ ရှိကောင်း ရှိနိုင်ပါသည်။ ကျွန်တော့်ကတော့ မရှိဟု ယူဆသည်။ အိပ်ရာဝင်နောက်ကျရခြင်းမှာ ကြမ်းပိုးကိုက်၍ မဟုတ်ပါ။ ကျွန်တော်၏ ခုတင် ပေါ်တွင် အခြားလူတယောက် ရောက်နေသောကြောင့် ဖြစ်သည်။ စဉ်းစား၍ မရပါ။ ကျွန်တော့်တွင် မိတ်ဆွေမရှိပါ။ ကျွန်တော့်တွင် ဆွေမျိုးမရှိပါ။ သို့ဆိုလျှင် ထိုသူကားမည်သူနည်း။ သေချာကြည့်တော့မှ ကျွန်တော် လန့်သွားရသည်။ ထိုသူသည် ကျွန်တော်၏ရုပ်သွင်ပြင် လက္ခဏာများကို ပိုင်ဆိုင်ထားသည်။ ထိုသူဝတ်စားထားသော အင်္ကျီ ဘောင်းဘီများ မှာလည်း ကျွန်တော့်အဝတ်အစားများနှင့် အတူတူပင်ဖြစ် သည်။ ထိုသူကား ကျွန်တော့်ကို မတွေ့ပါ။ ကျွန်တော့် ခုတင်ပေါ်တွင် တခေါ ခေါနှင့်ပင် အိပ်နေလိုက်သေးသည်။ ခုတင်ပေါ်သို့တက်ကာ သူ့ကို ကျွန်တော် အော် ဆွဲနှိုးပါသည်။ သို့သော် ထိုသူကား မနိုးပါ။ ရုတ်တရက် ခုတင်ပေါ်မှ ဆွဲချမည်ဟု ကျွန်တော်စဉ်းစားပါသေးသည်။ သို့သော် ထိုစိတ်ကူးကို ကျွန်တော်အကောင်အထည် မဖော်ဖြစ်ပါ။ နှိုး၍ မရသည့် အဆုံး ခုတင်အောက်ကြမ်းပြင်ပေါ်တွင် ကျွန်တော် ထိုင်နေလိုက်သည်။ တချိန်ချိန်တော့ သူ နိုးပါလိမ့်မည်။ ကျွန်တော် စီးကရက်ဖွာကာ ထိုင်စောင့် နေလိုက်သည်။ စီးကရက်ကိုင်ထားသော ကျွန်တော့်လက်များမှာ တဆတ် ဆတ်တုန်နေကြသည်ကို သတိထားမိပါသည်။ အခန်းနံရံမှ တိုင်ကပ်နာရီ ကြီးမှာ တချက်ချက်နှင့် မြည်နေသည်။
ကျွန်တော်သည် ထိုင်ရာမှထကာ အခန်းတွင်းတွင် လှည့်ပတ်ကာ လျှောက် နေမိသည်။ ကျွန်တော် ဘာများဖြစ်နေတာလဲ။ အိပ်မက်များကျွန်တော် မက်နေတာလား။ တောင်တွေးမြောက်တွေးတွေးကာ အခန်းထောင့်မှန်ရှိရာ စားပွဲခုံသို့ ကျွန်တော်သွားလိုက်သည်။ အိပ်မက်လား လက်တွေ့လား စမ်း သပ်မှ ဖြစ်ပေမည်။ စားပွဲတင်မှန်လေးကိုမယူကာ ကျွန်တော် ကြည့် လိုက်ပါ သည်။ ထိတ်လန့်စရာကောင်းသောချောက်ချားစရာကောင်းသော ကိစ္စတခုကို ကျွန်တော် ကြုံတွေ့ လိုက်ရသည်။ မှန်ထဲတွင် ကျွန်တော့်ပုံပေါ် မလာပါ။ ခုတင်ပေါ်တွင် တခေါခေါနှင့် အိပ်နေသော ကျွန်တော့်ပုံသာ ပေါ်လာသည်။ ရုတ်တရက် မှန်သည် ကျွန်တော့်လက်ထဲမှလွတ်ကာ အောက်သို့ ကျသွားသည်။ ထို့နောက်တွင်မူ မှန်ကွဲသံများကို ကျွန်တော် ကြားရသည်။ ထို့နောက် ကျွန်တော်ဘာမျှမသိတော့ပါ။ နိုးလာသောအခါ ခုတင်ပေါ်တွင် ကျွန်တော် ရောက်နေသည်။ ကျွန်တော်နှင့်တူသော ထိုသူ မှာလည်း မရှိတော့ပါ။ဟုတ်ပါသည်။ ကျွန်တော် အိပ်မက် မက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။ ကျွန်တော်သည် ခုတင်ပေါ်မှထကာ မနေ့ညက အဖြစ် အပျက်များကို စဉ်းစားနေမိသေးသည်။ မှန်ရှိရာသို့ကျွန်တော်သွားသည်နှင့် အဖြေက ပေါ်နေပါပြီ။ ကျွန်တော်၏ ကြည့်မှန်ကလေးမှာ အကောင်း ပကတိ ပင် စားပွဲခုံပေါ်တွင် ရှိနေသည်။ စားပွဲခုံသို့ပြေး၍ မှန်လေးကိုမကာ ကျွန်တော် ကြည့်လိုက်ပါသည်။ နောက်ထပ် မျက်စိတ်ပွတ်၍ ကျွန်တော် ကြည့်လိုက်ပြန်သည်။ တုန်လှုပ်စရာကောင်းနေပါပြီ။ ကြည့်မှန်ထဲတွင် ပေါ်နေသော လူပုဂ္ဂိုလ်မှာ ကျွန်တော် မဟုတ်ပါ။ အဲဒါ ငါ့ပုံမဟုတ်ဘူး။ အဲဒါ ငါ မဟုတ်ဘူး။ အလွန်အော်ဂလီဆန်စရာကောင်းသော ယုတ်ညံ့သော မျက်နှာနှင့်လူပုံမှာ ကျွန်တော် မဟုတ်ပါ။ လုံးဝ မဟုတ်ပါ။ ကြည့်မှန်ကို ကြမ်းပြင်ပေါ်သို့ ကျွန်တော် ရိုက်ခွဲလိုက်ပါသည်။ ကျွန်တော့်ကို ရှာပေးကြပါ။ ကျွန်တော့်ပုံအစစ်အမှန်ကို ပြန်ရှာပေးကြပါလေ။
● မွေးမြူရေး ၇
မွေးမြူရေးမှတ်စု
ငါးကလေးတွေဟာ သမိုင်းတန်ဖိုးကို ဗိုက်ထဲထည့်ပြီး
ပင်လယ်အထိ ကူးသွားကြ အဲဒါ ဖြစ်နိုင်ပါတယ်
ဒီမြို့လေးမှာ ငါဟာ အသားပိုတခုသက်သက်ပဲ စာသားများကွာကျ
မြေကြီးနဲ့ စကားပြောရ ပုရွတ်ဆိတ်ကလေးတွေ ငေးရ
ပြောင်းပင်ပေါ်က နေရောင်ကို ဓာတ်ပုံရိုက်ရ
ရွှဲစိုနေတဲ့ မိုးကာအင်္ကျီထဲ အရာဝတ္ထုများ တည်ဆောက်ပုံ
အဲဒါ တစုံတယောက်က ကျပျောက်ခဲ့တာ
နားရွက်ပဲ့နေ သော တနင်္ဂနွေ ညနေ အစာပေးထားပါတယ်
ငါကလေးဟာ ဘယ်လောက်စားစားဝ မလာနိုင်ဘူးပြောပြီး
 စက္ကူတစ်ချပ်နဲ့ ချိတ်ဆွဲရင်း ကစားကွင်းထဲ ပစ်ချခဲ့
၂၁ ရာစုမှာ မင်းက ဘာကောင်လဲဆိုတော့
ရေအိုင်ငယ်ထဲ ဆင်းသေသူဖြစ်နိုင်တာပေါ့
အချစ်စိတ်ဟာ အမြဲနွေးနေတာပဲဆိုတာကို ထပ်ဖြည့်မယ်
အေးစက်စက်နဲ့ ရှင်ကျန်ရစ်ခဲ့တာကိုလည်း ထည့်သွင်းပါ
မင်း ငါ့ကို မြင်နိုင်မှာမဟုတ်ဘူး
မင်းရှေ့ရောက်နေတဲ့ငါဟာ အတုအယောင်တခုသက်သက်
မှန်ကိုကြည့်တိုင်း ငှက်ပျောသီး ပန်းသီးပုံတွေပဲ မြင်ရ
ဒါကြောင့်မို့ မင်း မမှားဘူး
ငါတို့ စွန်တွေ ရစ်ခဲ့ကြတုန်းက
အဲဒီကတည်းက ငါဟာ ပျောက်ဆုံးခဲ့တာပါ
ပန်းသီးနီနီတွေကတော့ ချိုနိုင်ပါတယ်
ငါ့ကိုယ်ငါ  ဒီလိုပဲ မျှော်လင့်ခဲ့ဖူးပါတယ်။
[ 2017 May 11 တွင် ရေးသားပြီးစီးသည်။]
● မွေးမြူရေး  ၈
ကျွန်တော့်တွင် ချစ်စဖွယ်ကောင်းသော တနင်္လာနေ့ကလေး မရှိတော့ပါ။ ကြာသပတေး နေ့ကလေးသည်လည်း မရှိတော့ပါ။ ထို့ကြောင့် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသာပတေး၊ သောကြာ၊ စနေ၊ တနင်္ဂနွေဟု ရေတွက်ရ မည့်အစား အင်္ဂါ ဗုဒ္ဓဟူး သောကြာ စနေ တနင်္ဂနွေဟူ၍သာ ရေတွက်ရပါ တော့မည်။ တနင်္လာနှင့် ကြာသပတေးမရှိတော့သည့်အတွက် ကျွန်တော် ဝမ်းမနည်းပါ။ စားပွဲပေါ်တွင် ဟင်းများ အမဲသားများကို တင်ထားသည်ကို ကျွန်တော်တို့မြင်တွေ့ ကြရသည်။ ကျွန်တော်တို့၏ဝမ်းဗိုက်များမှာ အလွန် တရာ ဆာလောင်ရုန်းကြွနေကြသော်လည်း ထိုထမင်းဟင်းများကို တို့ထိ စားသောက်နိုင်သည့် အခွင့်အရေးကိုမူ ကျွန်တော်တို့ မရခဲ့ကြ။ အငွေ့ တထောင်းထောင်းထနေသော ထမင်းဟင်းများမှာ ကျွန်တော်တို့ရှေ့မှာပင် ပုပ်သိုးသွားကြသည်။ ကျွန်တော်တို့ ထိုင်ကြည့်နေခဲ့ကြပါသည်။ မည်သူမျှ မထိရဲကြ။ မစားရဲကြ။ စုတ်ပြတ်သပ်နေသော  နေ့များလွန်သောအခါ ကျွန်တော်တဦးတည်းသာ ရှင်ကျန်ခဲ့ပါသည်။ ခန္ဓာကိုယ်သည် ပိန်လှီ ခြောက်ကပ်လျက်။ ကျွန်တော်၏အပေါင်းအဖော်တို့မှာ သေဆုံးသွားကြ သကဲ့သို့ ထိုစဉ်က စားပွဲပေါ်တွင်ရှိသော ထမင်းဟင်းများမစားသောက်ရန် တားမြစ်ခဲ့ကြသူများသည်လည်း သေဆုံးခဲ့ကြပါပြီ။ သေခြင်းတရားကို ကျွန်တော် နားလည်ပါသည်။ သေခြင်းတရားတွင် အားလုံးအတူတူ သာဖြစ်ပါသည်။ ကျွန်တော်သည် တနင်္လာနေ့ ကြာသပတေးတို့နှင့် မသက်ဆိုင်သော လူငယ်လေးတယောက်သာဖြစ်ပါသည်။
● မွေးမြူရေး ၉
ချစ်သော ဝေ
ပထမဆုံး မင်းကို ကျေးဇူးတင်ပါတယ်။ မင်းဟာ သိပ်ကို နူးညံ့ သိမ်မွေ့ပြီး ပွင့်ပွင့်လင်းလင်းရှိတတ်တဲလူငယ်ကလေးတယောက်ပါ။ မင်းနဲ့ အတူရှိခဲ့တဲ့အချိန်တွေအတွက် ကျေးဇူးတင်ကြောင်း ထပ်ပြောပါရစေ။ ဒီစာကို မင်းဖတ်ရတဲ့အချိန်မှာ  ငါ ဟာ မင်းရဲ့ အဝေးဆုံးကို ထွက်သွားခဲ့ပြီ။ ဒါပေမဲ့ မင်းရဲ့ အနီးဆုံးမှာ ငါရှိနေတယ်ဆိုတာကိုတော့ မင်းအနေနဲ့ သံသယ ဖြစ်စရာမလိုပါဘူး။ ငါကတော့ အဲဒီလို စိတ်မျိုးကို မတည်ဆောက်စေလို ဘူး။ ပြောချင်တာက မင်းဟာ ငါ့ကိုရှာဖို့မကြိုးစားပါနဲ့။ ငါတို့ နှစ်ယောက်ရဲ့ ကွက်လပ်ကလေးကို ဒီအတိုင်းပဲ ထားလိုက်ပါတော့။ ဒါဟာ အချိန်အတိုင်း အတာတခုရဲ့အလိုအရပဲ။ အဲဒီကွက်လပ်လေးတခုကို ချဲ့ ထွင်တာပဲ ဖြစ်ဖြစ် ရှင်းလင်းပစ်ချင်တာပဲ ဖြစ်ဖြစ်မလုပ်ပါနဲ့လို့ ငါ အကြံပေးပါရစေ။ ဒါဟာ ငါ တတ်နိုင်တဲ့ စက်ဝိုင်းတခုထဲက အကြောင်းအရာ သေးသေးလေး တခုပဲ။ မင်းဟာ ထက်မြက်တဲ့ လူငယ်လေး တယောက်ဆိုတာကို ငါ့အနေနဲ့ထပ်ပြီး ပြောနေစရာမလိုပါဘူး။
ငါထင်တယ်။ မင်းကို ငါစတွေ့တော့ မင်းဟာ အသက် ၁၇ ၁၈ လောက် ပဲ ရှိအုံးမယ်။ အခုတော့ မင်းလည်း အသက် ၂၁ ကျော်နေပြီပေါ့။၂၂ နှစ် တောင် ရောက်နေလောက်ပြီ။ မင်းရဲ့မွေးနေ့ကို အတိအကျမသိတဲ့အတွက် ဝမ်းမနည်းပါနဲ့။ ဒါတွေဟာ အပိုတွေလို့ ငါ မင်းကို ပြောခဲ့ဖူးပါတယ်။ ထားတော့ အဲဒီတုန်းက မင်းဟာ မောင်ချောနွယ်ရဲ့ကဗျာတွေ လှသန်းရဲ့ ကဗျာတွေ စဖတ်တတ်နေပြီ။ ခင်ဝမ်းကို မင်းသိတယ်။ ဆယ်လမွန်ငါးတွေကို မင်းသိနေပြီ။ အဲဒါကြောင့်လည်း မင်းနဲ့ ငါ ပေါင်းလို့ ရတာပေါ့။ တကယ့်စစ်မှန်တဲ့ ပေါင်းသင်းမှုတွေမှာ အသက်တွေ မလိုအပ်ဘူး ဆိုတာ မင်းပြောခဲ့တာပေါ့။ အဲဒါကြောင့်လည်း ငါ ကျေနပ်ခဲ့ရတယ်။
ငါ စီးကရက်သောက်ရင် မင်းလည်း ဝင်သောက်တတ်တယ်။ ငါ ဘီယာ ပုလင်းကိုင်တော့လည်း မင်းဝင်ကိုင်တာပဲ။ ဘာလို့လဲလို့ မင်းကို ငါ မမေးဖူး ဘူး။ မေးဖို့လည်း ငါမရည်ရွယ်ဖူးဘူး။ မေးရင်လည်း မင်းဖြေမှာ မဟုတ် ဘူးလို့ ငါထင်တယ်။မ င်း ကဗျာတွေ ဝတ္ထုတွေ မဂ္ဂဇင်းတွေမှာပါတဲ့ အကြောင်းတွေ မင်းငါ့ကို ပြောပြဖူးတယ်။ မင်းကဗျာတွေလည်း ငါဖတ်ရပါ တယ်။ ဒါကြောင့်လည်း မင်းကို ငါ ချစ်ရတာဖြစ်မယ်ထင်တယ်။ မင်းပြောပြောနေတဲ့ အသစ်ကိစ္စကိုတော့ ငါလည်း မပြောပြတတ်ဘူး။ ဒါပေမဲ့ မင်းကို ငါယုံကြည်တယ်။ မင်းရဲ့အနုပညာကိုလည်း ငါယုံကြည် တယ်။ မင်းရဲ့ နိုင်ငံတော်ကိုလည်း ငါ ယုံကြည်တယ်။ မင်းကတော့ အရာ အားလုံးကို ခဏခဏစိတ်ပျက်နေတတ်တယ်မလား။ ဒါကလည်း ခဏ ဆိုတာကို ငါ သိပါတယ်။
ငါ့ ကိုလည်း ခွင့်လွှတ်ပါလို့ပဲ ပြောချင်တယ်။ ဒါကလည်း ကြည့်ကောင်း အောင်ပြောတဲ့ စကားမျိုးလို့ မင်းအနေနဲ့ ထင်ကောင်းထင်နေနိုင်ပါတယ်။ တကယ်ခွင့်လွှတ်တယ်ဆိုတာမျိုးကို ငါ့အနေနဲ့ ဘယ်လိုမှမတွေးနိုင်ဘူး။ တကယ်ခွင့်လွှတ်တယ်ဆိုတာ ရှိကောရှိလို့လား။ မင်းတွေ့ဖူးလား။ ကြားဖူးရဲ့လား။ မင်းရဲ့ရန်သူဟာ မင်းကို တခါ ခွင့်လွှတ်ပေးလိမ့်မယ်။ ဒါပေမဲ့ သူ့အနေနဲ့မင်းကို နောက်ထပ်ခွင့်လွှတ်ဖို့တော့ အခွင့်အရေးပေးမှာ မဟုတ်ဘူး။
ဆက်လက်ရှင်သန်ပါ။ သူတပါးဆာလောင်နေတဲ့အခါ မင်း သိပ်ဝမ်း မနည်းဖို့ ငါ အကြံပြုပါရစေ။ ဒါဟာ မင်းရဲ့ကျန်းမာရေးပဲ။ စိတ်ကျန်းမာရေးပဲ။မင်း ရေးပါ။သတ္တိရှိပါ။အာမခံချက်မရှိတဲ့ နိုင်ငံမှာ မင်း ဝမ်းမနည်းပါနဲ့။ မင်းရဲ့အနုပညာကို နိုင်ငံတော်ကို အကောင်းဆုံးဖြစ်အောင် မင်း လုပ်နိုင်မှာပါ။ခါတိုင်းလိုပဲ။အားနည်းသူတွေ တရားမျှတမှုတွေ ဘက်က မင်း တိုက်ပွဲဝင်ပါ။သိပ္ပံပညာကရှာဖွေပြီး အနုပညာက ဖန်တီးတာလို့ ဂျွန်အိုပီးရဲ့စကားကို ငါယုံကြည်တယ်။ အဲဒါတွေထက် မင်းကို ငါ ပိုယုံကြည် ပါတယ်။ အဆင်ပြေအောင်နေပါလို့ ငါပြောလိုက်ရင် ယုတ်ညံ့ရာ ရောက် သွားလိမ့်မယ်။ ငါ့အနေနဲ့ကတော့ သွားမှ ဖြစ်တော့မယ်ဆိုတဲ့အချိန် ရောက် လာလို့ပါ။ ငါ့ကို ဆဲပစ်ပါ။ ငါ့ကိုမုန်းပါ။ ငါ့ကိုမေ့ပစ်ပါ။ တကယ်တော့ ဒီစာကို မရေးဖို့ ငါ ကြိုးစားပါသေးတယ်။ ဒါပေမဲ့ မင်းအပေါ် ငါ့အလေးထားမှုကို ပြချင်ခဲ့လို့ ပါ။ဒါတွေကိုလည်း ဟာသ တပုဒ်အနေနဲ့ မင်း မှတ်ယူပါ။ပြီးတော့ မင်းရယ်မောပါ။
မင်း ဒီစာကိုဖတ်နေတဲ့အချိန်မှာ ငါဟာ တနေရာမှာ ပေါက်ရောက် ရှင်သန်နေမှာပေါ့။ သစ်ပင်တပင်လည်း ဖြစ်နေနိုင်တာပဲ။ အလကား။ ငါ လျှောက်ပြောတာ။ ငါလည်း မသိနိုင်ဘူး။နှု တ်ဆက်ခဲ့ပါတယ် ညီလေး။ ဂွတ်လပ်ခ့်။
ချစ်သော မစ္စတာ အွမ်
2017 May 15
● မွေးမြူရေး ၁၀
ငါ့ကို ရှာပါ။ မှတ်စုတွေထဲမှာ ငါ့ကိုရှာပါ။ မင်းကိုမင်းလည်း ဒီထဲမှာ တွေ့ရလိမ့်မယ်။ ဒါကို ငါ့အနေနဲ့ အံ့သြစရာမရှိဘူးလို့ အပြည့်အဝ ယုံကြည် တယ်။ လူတယောက်ကွယ်လွန်သွားတဲ့အခါ ကျန်ရစ်သူဟာ နှင်းတွေကို ငေးနေမလား။ ရှာပါ။ နှင်းတွေထဲမှာ မင်းကိုမင်း ပြန်ရှာပါ။
လူတယောက်မွေးလာတဲ့အခါ မင်းဝမ်းသာသလား။ ဝမ်းနည်းနေ သလား။ မင်းကို မင်းရှာပါ။ နံနက်ခင်းစောစောမှာ မီးကို ပိတ်လိုက်ပါ။ သဘာဝကိုချစ်မြတ်နိုးမိတဲ့အခါ မင်းသစ်ပင် စိုက်ဖြစ်သလား။ သစ်ပင်တွေဟာ လူသားတွေရဲ့အသွေးအသားထဲက ပရိုတင်းတွေကို စားသောက်နိုင်ကြပါတယ်။ လူသားရဲ့အရိုးတွေထဲက ကယ်လစီယမ် ဓာတ်ကိုလည်း စားသောက်ကြတာပေါ့။ သစ်ပင်တွေကို မြင်တဲ့အခါ ထွက်သွားခဲ့သူတွေကို ချီးမွမ်းပါ။ ကလေးငယ်တွေကို ချစ်ပါ။ သတင်းစာရောင်းနေတဲ့ ကလေးငယ်လေးဟာလည်း မင်း ညီကလေး ပါပဲကွယ်။ ကျားသစ်တွေဟာ တောကြီးတောင်ကြီးထဲမှာ ရှင်သန်ကြတယ်။ မင်းနားလည်ပါ။ ခွင့်လွှတ်တတ်တဲ့စိတ်ကိုထားပါ။ ချစ်တတ်တဲ့ စိတ်ကိုမွေးပါ။ မတွေ့ဘူးလား။ မှတ်စုထဲမှာ ငါ့ကိုမရှာတော့နဲ့။ မင်းကိုမင်း တွေ့ရပြီလား။
● မွေးမြူရေး  ၁၁
ကျွန်တော်သည် တွင်းဟောင်းကြီး တခုဖြစ်ပါသည်။ ကျွန်တော်၏ တွင်းသစ်ကလေးများမှာ မကြာမီအချိန်၌ပင် တွင်းဟောင်းကြီးများ ဖြစ်သွားကြသည်။ တွင်းဟောင်းကြီးသည် ကျွန်တော် ဖြစ်ပါသည်။ တွင်းဟောင်းကြီးတွင် ရှင်ကျန်ရစ်နေသော သူမှာ ကျွန်တော် ဖြစ်ပါသည်။ တွင်းဟောင်းကြီးထဲတွင် ကျွန်တော့်ကို ကျွန်တော် မွေးမြူနေရသည်။ မွေးမြူခံရသူမှာ ကျွန်တော်ဖြစ်ပြီး မွေးမြူသူမှာလည်း ကျွန်တော်ပင် ဖြစ်ပါသည်။ မွေးမြူရေးသမား ကျွန်တော်။ မွေးမြူခံသတ္တဝါ ကျွန်တော်။ မိတ်ဆွေ ကျွန်တော့်ကို မေ့ပစ်နိုင်ပါပြီ။
ဝေမြင့်မောင်
မေ ၁၇၊ ၂၀၁၇
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
Tags:
အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို
Comments are closed.
ကြော်ငြာ … ကြော်ငြာ …
စာအုပ်မြင် ချစ်ခင်ပါစေ
မိုးမခမှာ ကြော်ငြာပါ
Help MoeMaKa
မိုးမခမာတိကာစဉ်
%d bloggers like this:
ကြော်ငြာရန် …
မိုးမခနဲ့ ပတ်သက်သမျှ
ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ
By
  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...
Read more »
မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ
By
မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...
Read more »
မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ
By
မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...
Read more »
မိုးမခ သြဂတ်စ် ထွက်ပြီ
By
မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...
Read more »
သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ
Recent Comments
ကဏ္ဍများအလိုက်
ကဏ္ဍများအလိုက် မာတိကာစဉ်