စိုးခိုင်ညိန်း ● တောမြို့ဈေး

September 18, 2017

● တောမြို့ဈေး
(မိုးမခ) စက်တင်ဘာ ၁၈၊ ၂ဝ၁၇

မနက်ဝေလီဝေလင်းအချိန် ငါးနာရီခွဲ အချိန်လောက်ဆိုလျှင် ဈေးလေးထဲသို့ ရွာတွေဆီက ခံတောင်းတွေရွက်ပြီး လာရောင်း ကြတဲ့ဈေးသည်တွေက အလျှိုအလျှိုရောက် လာကြသည်။ သူတို့ခံတောင်းထဲမှာ လက်နှိပ်ဓာတ်မီးတွေ တွေ့ရတတ်၍ သူတို့ ဘယ်အချိန် ကတည်းက ရွာက ထလာခဲ့ကြသည်မသိ။ တချို့က နဖူးမှာစွပ်ထားသော ဓာတ်မီးဖြင့် တွေ့ရသည်။ သူတို့တွေရဲ့ ခံတောင်းထဲမှာက ရောင်းစရာတွေက အမျိုးစုံဖြစ်သည်။ သံပုရာသီးပါသည်။ ကြောင်လျှာသီးပါသည်။ ကြက်ဟင်းခါးသီး ပါသည်။ ဗူးသီး၊ ဖရုံသီးပါသည်။ ခရမ်းသီးပါသည်။ မကျီးရွက်ပါသည်။ ဖရုံရွက်၊ ဗူးရွက်ပါသည်။ ဟင်းနုနွယ်ရွက်ပါသည်။ ချဉ် ပေါင်ရွက်ပါသည်။ ကင်းပုံသီးပါသည်။ ရာသီအလိုက် ပေါ်တတ်သော မှိုပါသည်။ အင်ဥပါ သည်။ ခံတက်ချဉ်ပါသည်။ ငါးရံပလူရွက်ပါသည်။ တောမြို့ဈေးဆိုသည့်အတိုင်း တောမှရသော ဟင်းသီးဟင်းရွက် အမျိုးစုံသည်။ တခါတခါ စာက လေးကင်၊ ငုံးကင်လေးတွေ လည်း ပါတတ်သေးသည်။ လာရောင်းကြတဲ့သူတွေကလည်း အရွယ်စုံပဲ ဖြစ်သည်။ ဆယ့် လေး ဆယ့်ငါးအရွယ်ကနေ ငါးဆယ်ကျော်၊ ခြောက်ဆယ်ကျော်အရွယ်တွေအထိ ပါသည်။ သူတို့ရောက်လာပြီဆိုသည်နှင့် ဈေး လေးက သက်ဝင်လှုပ်ရှားလာပြီ ဖြစ်သည်။

တဖက်တချက်ခင်း၍ ပြိုင်ရောင်းနေကြသော ဟင်းသီးဟင်းရွက်ဈေးလမ်းလေးသည် မိုးရွာထားသဖြင့် ဗွက်ထနေသည်။ ဟိုဖက်ဒီဖက်မှ အပြိုင်ဈေးခေါ်နေသောအသံ၊ ဈေးမေးသောအသံ၊ ဈေးဆစ်သောအသံစသည်တို့ဖြင့် ဈးကလေးသည် ဆူ ညံလျှက် ရှိလေသည်။ ဈေးလမ်းကလေး၏အဝင်ဝ၌ထိုင်ရောင်းနေသော အရီးဒေါ်လှရီသည် ပြောင်းဖူး ဖက်ဆေးလိပ်ကို ဖွာရင်း “ကဲ ကဲ ဒါပဲ ကျန်တော့တယ်။ နှစ်ရာပဲ ပေးသွားလိုက်” ဟု ဆိုကာ ဈေးခေါ်နေလေသည်။ သူ့ရှေ့တွင် မကျီးရွက်နု အပုံလေး သုံးပုံ ပုံထားတာ တွေ့ရသည်။ ဒေါ်သန်းညွန့်သည် သူ့ရှေ့မှ ကုန်စိမ်းတို့ကိုပြင်ခင်းနေရင်း နဘေးမှ ဒေါ်ဘုမကို “ဟဲ့ ကောင်မ၊ ညည်းသမီး အကြီးမ တောထဲ မျှစ်ချိုးသွားမယ်ဆိုပြီး လင်နောက် လိုက်ပြေးလို့ ဆို” ဟု မေးနေလေသည်။ “အေးဟယ် ငါလည်း စိတ်ညစ်ပါတယ်။ သူ့အဖေကလည်း သူခိုး ဂျပိုးနဲ့မှလိုက်ပြေးရမလားဆိုပြီး ဒီကောင်မတော့ နေနှင့်ဦး တွေ့ရင်သတ်မယ်ဆိုပြီး ဓားကြိမ်း ကြိမ်းနေလေရဲ့” ဟု ဒေါ်ဘုမသည် သူ့ရှေ့မျှစ်ဆူးထိုးများကို ဖွရင်း ပြောလေသည်။ မျှစ်ဆူး ထိုးဆိုသည် မျှစ်ကိုသံဆူးချွန်ဖြင့် အစိတ်စိတ်အမွှာမွှာထိုးထားသော မျှစ်ကို ခေါ်ခြင်း ဖြစ် သည်။ ဒီအရပ်မှာက မျှစ် နှင့်ပတ်သက်ပြီး မျှစ်ဆူးထိုး၊ မျှစ်ရေစိမ်၊ မျှစ်ပြုပ်၊ မျှစ်သုပ်၊ မျှစ်ကို အကြော်လိုကြော်ထားတဲ့ မျှစ်ကြော်ဆိုပြီး အမျိုးမျိုး ရှိလေ သည်။

ဈေးဆိုသည်က လူစုံသည်၊ ကြုံရင် ကြုံရင် တယောက်အကြောင်း တယောက် စပ်စုတတ်ကြသည်။ တယောက်ကွယ်ရာ တယောက်အတင်းပြောတတ်သည်။ အခက်အခဲ တို့ကို ရင်ဖွင့်တတ်ကြသည်။ စီးပွားရေးအကြောင်း၊ သာကြောင်းမာကြောင်း၊ မိုးအကြောင်း ၊ လေအကြောင်း လယ်အကြောင်း ယာအကြောင်း စသည် ပြောသည့် အကြောင်းအရာတွေ က များလှသည်။

ဈေးနှုံးကလည်း မြို့ကြီးပြကြီးက ဈေးနဲ့ အပုံကြီးသက်သာသည်။ မြို့က ဈေးမှာက ငါးဆယ်ဖိုး၊ တစ်ရာဖိုးဝယ်ရဖို့ ခက်သည်။ ဒီမှာက ငါးဆယ်ဖိုးလည်း ရောင်းသည်။ နှစ်ရာ ဖိုးလောက်ဆိုလျှင် အတော်များလှပေပြီ။ ပဲပြုပ်ဆိုလျှင် နှစ်ရာဖိုးဆို မြို့က ငါးရာဖိုး လောက်မက ရသည်။ လင်မယားနှစ်ယောက် စားလောက်သည်။ ဒီမှာက ဟင်းသီးဟင်း ရွက်တွေက အော်ဂဲနစ်ဟု ပြောလို့ရသည်။ ကိုယ့်ယာကိုယ့်ခြံထဲက တပိုင်နိုင်စိုက်ပျိုးထား၍ လတ်လတ်ဆတ်ဆတ် ရှိသည်။ စီးပွားဖြစ်စိုက်ပျိုးထား၍ ရောင်းချသည်မဟုတ်ပေ။ ကိုယ် စားဖို့သောက်ဖို့စိုက်ပျိုးထား၍ ပိုလျှံ၍ ရောင်းချခြင်းမျိုးဖြစ်သည်။ တယောက် တယောက်မှာ ရောင်းချသော ဟင်းသီးဟင်းရွက်များများစားစားရှိလှသည်မဟုတ်ပေ။ အပိုဝင်ငွေလေးရပါစေတော့သဘောဖြင့် ရောင်း သည့်သူများ ဖြစ်သည်။ အမြဲတမ်းလည်း ရောင်းသည့်သူများမဟုတ် ကိုယ့်ခြံကထွက်သည့်အခါမှသာ ရောင်းကြသည့်သူများ ဖြစ်သည်။

သူတို့သည် ဆင်းရဲသော်လည်း ရိုးသားကြသည်။ မာန်မာနမရှိကြ။ ဝတ်ကောင်း စားလှမဆင်မြန်းနိုင်။ ယောထမီ၊ ဖျင်ကြမ်း လုံချည်၊ ဖလံထည်အင်္ကျီလက်ရှည်၊ သနပ်ခါးပါး ကွက်ကြားရုံလောက်သာအလှပြင်နိုင်သည်။ နှုတ်ခမ်းနီ လက်သည်းနီဆို လျှင်လည်း တစ်ရာ နှစ်ရာတန်လောက်သာ သုံးနိုင်ကြသည်။ သို့သော်လည်း သူတို့သည် သူတို့ဘဝကို သူတို့ ကျေနပ် နေနိုင်ကြသူများဖြစ်သည်။ ကိုယ့်ဘဝကိုကိုယ် စိတ်ပျက်အားငယ်နေသည့်ပုံစံ သူတို့တွင် မတွေ့ရပေ။ သူတို့မှာ လတ်တလော ဈေးရောင်းရဖို့၊ ကောက်ပဲသီးနှံ အောင်မြင်ဖြစ်ထွန်းဖို့၊ မိုးလေဝသမှန်ဖို့စသည့် အကြောင်းအရာများသာလျှင် စိတ်ထဲမှာ ရှိကြသည်ထင်သည်။

သူတို့သည် သတင်းစာဖတ်ရကောင်းမှန်းမသိ၊ စာအုပ်စာပေ ဖတ်ရကောင်းမှန်းမသိ၊ ရန်ကုန်မြို့ကြီး မည်သို့မည်ပုံ တိုး တက်ပြောင်းလဲနေသည် သူတို့မသိ၊ နိုင်ငံရေးဆိုတာလည်း စိတ်မဝင်စား၊ ကမ္ဘာ့အရေးအခင်းအကြောင်း သူတို့မသိ၊ အမေရိ ကန်သမ္မတ ဘယ်သူလဲ စိတ်မဝင်စား၊ မြောက်ကိုးရီးယား၏ ဒုံးကျည်စမ်းသပ်မှုအကြောင်းလည်း သူတို့မသိ၊ ဆီးရီးယား နိုင်ငံရေးအကျပ်အတည်း၊ အီရတ်နဲ့ IS တို့၏တိုက်ပွဲတွေအကြောင်း သူတို့မသိ၊ သူတို့သိတာ ပါလာတဲ့ ဟင်းသီးဟင်းရွက် လေးတွေ ရောင်းကုန်ဖို့၊ စိုက်ပျိုးထားတဲ့ဟင်းသီး ဟင်းရွက်တွေ ဖြစ်ထွန်းဖို့လောက်ပဲ စိတ်ဝင်စားသည်။

ဆယ်နာရီ၊ ဆယ့်တစ်နာရီလောက်ဆိုလျှင် ဈေးထဲမှာ တဖြည်းဖြည်းလူပါး၍ ဈေးခေါင်းကွဲလေသည်။ ပါသည့်ဟင်းသီးဟင်း ရွက်တို့ကို မကုန် ကုန်အောင်ရောင်းသည်။ ရွာကိုတော့ ပြန်မယူသွားကြ၊ နောက်ဆုံး ရသလောက်ဈေးနဲ့ပဲ အကုန်ရောင်း ထားခဲ့ကြသည်ပဲဖြစ်သည်။ ဈေးရောင်းလို့ရတဲ့ပိုက်ဆံလေးနဲ့ အိမ်အတွက်လိုအပ်တဲ့ အသုံးအဆောင်လေးတွေ ပြန်ဝယ်ရ သည်။ ဆန်၊ ဆီ၊ ဆား၊ ငပိ၊ ငါးခြောက်စသည် ဝယ်ရသည်။ သွားတိုက်ဆေး၊ ဆပ်ပြာ၊ ဖိနပ်၊ အဝတ်အထည် စသည် ဝယ်ရသည်။ သူတို့ဝယ်သော အသုံးအဆောင် ပစ္စည်းတွေက ဈေးကြီးသော အကောင်းစားပစ္စည်းတွေမဟုတ်၊ ဈေးသက်သာ သောအရာများသာ ဖြစ်လေသည်။ ဖိနပ်ဆိုလည်း အကောင်းစားတွေမစီးနိုင်၊ အဝတ်အစားဆိုလည်း အသင့်အတင့်လောက် မျှသာ ဝယ်ဝတ်နိုင်ကြသည်။

တောမြို့ဈေးဆိုသည်က တောမှရွာမှလူတွေကိုပဲ အဓိက အားထားရောင်းရသော ဈေးဖြစ်သည်။ ချက်ပြုတ်စရာ ဟင်းသီး ဟင်းရွက်ကို သူတို့ဆီမှ အားထားဝယ်ရသလို လူ့ အသုံးအဆောင် ကုန်ခြောက် ကုန်မာပစ္စည်းများကိုလည်း သူတို့ကိုပဲပြန်ပြီး အားထား ရောင်း နေရခြင်းဖြစ်သည်။ ဈေးကလေးမှာ လူစည်မစည်ကိုကြည့်၍ သူတို့၏စီးပွားရေးအခြေအနေ ကို မှန်းဆ၍ ရနိုင်သည်။ သူတို့လုပ်ကိုင်နေသော လယ်ယာကိုင်းကျွန်းတွေအခြေအနေမကောင်း၊ ကောက်ပဲသီးနှံတို့ အခြေအနေမဟန် လျှင် ဈေးကလေးသည် လူကျဲကျဲသာလျှင် တွေ့ရတတ်လေသည်။ သူတို့ လယ်ယာကိုင်းကျွန်းတို့အခြေအနေကောင်းလို့ စီးပွားရေး အဆင်ပြေလျှင်တော့ ဈေးကလေးထဲမှာ လူက စည်းကားလှသည်။

သိပ် မကြာသေးခင်ကတော့ သိမ်းဆည်းခံလယ်မြေများ ပြန်လည်ရရှိရေး၊  အဆောက်အဦးလွတ်သော လယ်ယာမြေများ လွတ်လပ်စွာ ထွန်ယက်စိုက်ပျိုးခွင့်ရရှိရေး၊ လယ်ယာမြေပေါ် အဆောက်အဦးမဆောက်ရေး၊ အဆောက်အဦးလွတ်သော လယ်ယာမြေ ပုံစံ ၇ ချပေးရေး၊ ရွာချင်းဆက်လမ်းများ လွတ်လပ်စွာသွားလာခွင့်ရရှိရေး ဆိုသည့် ဆိုင်း ဘုတ်များကိုင်ကာ မြို့လေးထဲသို့ ဆန္ဒပြ ကြွေးကြော်နေသည့် သူတို့လူတန်းကြီးကို တွေ့ လိုက်ရလေသည်။ အခုထိတော့ ဖြေရှင်းပေးသည်ဟူ၍တော့မကြားမိသေးပေ။ အခုရက်ပိုင်းမှာတော့ သူတို့ရွာတွေ မြစ်ရေကြီးလို့ ရေမြုပ်တဲ့သတင်းတွေ၊ ကမ်းပါးပြိုလို့ ပြောင်း ရွေ့ရတဲ့ သတင်းတွေ၊ သူတို့ကျွန်းတွေ ရေမြုပ်လို့ စိုက်ခင်းတွေပျက်စီးတဲ့သတင်းတွေ ကြားရပြန်သည်။ ဆိုတော့ ဈေးလေး ထဲမှာ လူက ခပ်ကျဲကျဲသာ တွေ့ရလေတော့သည်။

မြို့ပြမှာဖွံ့ဖြိုးတိုးတက်မှု၏အပြောင်းအလဲကို မြင်တွေ့နေရသော်လည်း ကျေးလက် တောရွာတွေမှာတော့ သိပ်ပြီးမထူးခြား လှသေးပေ။ လူနေမှုအဆင့်အတန်းနှင့် အဆောက်အဦး စသည်တို့သည် များစွာနိမ့်ကျလျက် ရှိနေပါသေးသည်။ မြန်မာ နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုနှုန်းသည် လွန်ခဲ့သည့် ဆယ်စုနှစ်တခုအတွင်း ၃၁ ဒသမ ၁ ရာခိုင်နှုန်းမှ ၁၉ ဒသမ ၄ ရာခိုင်နှုန်းသို့ လျော့နည်းလာကြောင်း အစိုးရနှင့်ကမ္ဘာ့ဘဏ်တို့က ၂ဝ၁၅ ခုနှစ်အထိ ရရှိသောအချက်များကို အခြေခံပူးတွဲ ပြုစုသည့် အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည် ဟုဆိုပါသည်။ သို့သော်လည်း တောရွာတွေမှာတော့ တရုတ်ဆိုင်ကယ်ကလေး ဝယ်စီးနိုင် လောက်တာကိုပဲ အပြောင်းအလဲတခုအနေဖြင့် တိုးတက်မှု ရှိလေသည်။

ကျေးလက်တောရွာ ဒေသများမှ တောသူတောင်သားတို့၏ဆင်းရဲမွဲတေမှုသည် မွေးရာပါနာတာရှည် ရောဂါတခုလိုအမြစ်စွဲလျက်ရှိသည်မှာ ကြာပေပြီ။ ခေတ်အဆက်ဆက် နှစ်ပေါင်းများစွာ ဆေးမြီးတိုနည်းများဖြင့် ကုသခဲ့သော်လည်း အခုချိန်အထိ နာတာရှည်နေ ဆဲပဲ ဖြစ်သည်။ ခံစရာရှိက သူတို့ပဲ ဒိုင်ခံ ခံခဲ့ကြသည်ဆိုတော့ သူတို့သည် အရေထူနေခဲ့ပြီ ဖြစ်သည်။ ဆင်း ရဲခြင်းလောကဓံကိုတော့ သူတို့က ကြံ့ကြံ့ခံ ရင်ဆိုင်နေကြဖြစ်သည်။

ယခုနှစ်တော့ သူတို့လယ်ယာမြေစိုက်ပျိုးရေးနှင့်စီးပွားရေး အခြေအနေမကောင်းကြဘူးထင်သည် ဈေးကလေးသည် သွေ့ ခြောက်ခြောက်ဖြစ်လျက် ရှိလေသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ယခုစာ ရေးနေသောအချိန်မှာပင် ကဗျာဆရာဈာန်ခ၏ “ကလေးတဖက် ဈေးတဖက်” ဆိုတဲ့ ကဗျာတပုဒ်ကို ဖတ်လိုက်ရပြန်သည်။ လမ်းဘေး ခေါင်းရွက်ဗျတ်ထိုး ဈေးသည် မိန်းမတယောက်၏ဘဝကိုဖွဲ့ထားသော ကဗျာဖြစ်လေသည်။

 

ကလေးတဖက် ဈေးတဖက်

ဒီရက်ပိုင်း လေပူတွေ တအားတိုက်တာပဲ
ဗန်းထဲမှာ ရောင်းနေတဲ့ ပစ္စည်းက မကုန်နိုင်တော့
ကလေးချော့တေးကိုတောင် အလွတ်မရတော့ဘူး
ဈေးတောင်းကို ဖောက်ထွက်လာတဲ့ နေရောင်ခြည်ဟာ
ချွေးသီးချွေးပေါက်တွေနဲ့ ပြာနှမ်းလို့
အလိုက်မသိတဲ့ ယောင်္ကျားကိုလည်း အပြစ်မတင်နိုင်အားဘူး
ချည်မိတဲ့ကြိုး ပြုတ်မသွားအောင်ပဲ ထိန်းထားရတယ်
ကလေးငိုလို့ ကြည့်လိုက်တိုင်း
ထမီဟာ သေးတွေနဲ့ စိုရွှဲလို့
အပျိုဘဝက ရှက်စိတ်တွေလည်း
ကြက်ပျောက် ငှက်ပျောက် ပျောက်လို့
ဖြစ်တည်လာတော့လည်း ဘာမှ မတတ်နိုင်တော့ဘူး
ဒီယောင်္ကျားနဲ့တော့
အနာဂတ်မှာ ကလေးမျက်နှာငယ်ရမှာ ကျိန်းသေနေပြီ
ချစ်စိတ်နဲ့ ချည်လိုက်တာပဲ
ဘာပစ္စည်းမှတော့ တိုးတက်မလာသေးဘူး
ငယ်ထိပ်လေး ပုပုနေတဲ့ ကလေးတစ်ယောက်ပဲ
အခန့်သား ပေါ်ထွန်းလာတယ်
ခေါင်းရွက်ဗျပ်ထိုး လျှောက်နေတဲ့ ရှင်သန်မှုမှာ
တအိမ်ဝင် တအိမ်ထွက် အော်ရောင်းနေတဲ့ အသံ
ယောကျာ်းကြားရင် ရင်နင့်နေမလား မသိ
မသက်ဆိုင်တဲ့ အတွေးတွေ ဝင်လာတော့
ရောင်းနေတဲ့ ပစ္စည်းတောင် မှားအော်မိတယ်
ပူးဝင်နေတဲ့ ဒုက္ခဆားငံရေတွေအောက်
တကိုယ်ရေ တကာယဆို
သေမယ်ဆို ဂျွမ်းထိုး သေလိုက်ချင်တော့တယ်
ရာဟုဖမ်းစားထားသလို
ကလေးငိုသံ ကြားတော့လည်း
ချည်ထားတဲ့ ကြိုးကွင်းကို ပြန်ဖြုတ်လိုက်ရသလို
ကိုယ့်အသက်ကိုပဲ
ရှင်သန်မှုလမ်းကြောင်းထဲ ပစ်ထည့်ထားရတော့တယ်။ ။


စိုးခိုင်ညိန်း
စက်တင်ဘာ ၂၊ ၂၀၁၇

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်