မောင်မောင်စိုး ● အသစ်မြင် မြန်မာပြည်ငြိမ်းချမ်းရေး – အပိုင်း (၈)

September 19, 2017

မောင်မောင်စိုး ● အသစ်မြင် မြန်မာပြည်ငြိမ်းချမ်းရေး – အပိုင်း (၈)
(ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သုံးသပ်ချက်)
(မိုးမခ) စက်တင်ဘာ ၁၉၊ ၂၀၁၇


● ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ အသားကျနေသည့်စဉ်းစားမှုများ
မိမိတို့သည် မိမိတို့ဖြတ်သန်းရသည့် ဘဝတလျောက် နေ့စဉ်နေထိုင်မှု ဘဝမှစ၍ မှန်တမ်းကျသည့်စဉ်းစားမှုများ အသားကျ နေသည့်စဉ်းစားမှုများနှင့် ဖြတ်သန်းလာခဲ့ ဖြေရှင်းလာခဲ့ကြသည်ဖြစ်သည်။ သို့ဖြစ်ရာ ပြဿနာတခုခုကို ဖြေရှင်းတိုင်း အသားကျနေသည့်စဉ်စားမှုများမှ ကင်းလွတ်ရန်ခက်ခဲပေသည်။ လူ့အဖွဲ့အစည်းတွင်း လူတို့၏အသားကျနေသော စဉ်းစား မှုများကို ပြောင်းလဲပစ်ရန်လိုသည်ဟု ဆိုကြသော်လည်း လက်တွေ့တွင် ပြောင်းလဲစဉ်းစားကြရန် ခက်ခဲကြပေသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပထမဆုံးတွေ့ရှိရသော အသားကျနေသည့် စဉ်းစားမှုတခုမှာ မိမိလိုချင်သည့် နိုင်ငံရေးရည်မှန်း ချက်ပေါက်မြောက်စေရန်တဖက်အား ဖိအားပေးခြင်းဖြစ်သည် အစိုးရနှင့်တပ်မတော်ဖက်လည်း လွန်ခဲ့သော နှစ် ၇၀ ပြည် တွင်းစစ်စကတည်းက မိမိ၏နိုင်ငံရေးရည်မှန်းချက် ပေါက်မြောက်စေရန် စစ်ရေးအရ ဖိအားပေးလာခဲ့သည်။ တဖက်အဖွဲ့ အစည်းများ ဖြိုခွင်းအားနည်းစေပြီး မိမိရည်မှန်းချက်ပေါက်မြောက်စေသည်။ ၁၉၈၈ခုနှစ်နောက်ပိုင်း အတွေ့အကြုံ များအရ ပုန်ကန်နေသူ လက်နက်ကိုင်အဖွဲ့များအား တဖွဲ့ချင်းခွဲ၍ စစ်ရေးဖိအားပေးခဲ့သည်။ ဤနည်းလမ်းဖြင့် လက်နက်ကိုင်အဖွဲ့ အချို့ ပျက်သွားသည်။ အချို့ကို ပသစ BGF စသည်ဖြင့် မိမိလက်အောက်ခံအဖြစ်သိမ်းသွင်းနိုင်ခဲ့သည်။ အချို့ကို အင်အား ချိနဲ့စေပြီး မိမိနိုင်ငံရေးရည်ရွယ်ချက်ကို ထောက်ခံစေနိုင်ခဲ့သည်။

ထို့အတူ တိုင်းရင်းသားများဖက်ကလည်း လက်နက်ကိုင်အင်အားကိုကြီးထွားအောင်တည်ဆောက်ခြင်း၊ စိုးမိုးနိုင်သည့် နယ် မြေတိုးချဲ့ခြင်း၊ စစ်ရေးအရထိုးနှက်ခြင်း၊ လူထုအားစည်းရုံးသိမ်းသွင်းခြင်းဖြင့် ပြန်လည်ဖိအားပေးကာ မိမိနိုင်ငံရေးရည်မှန်းချက်ပေါက်မြောက်အောင် ကြိုးစားခဲ့ကြသည်။ ဤသည်တို့မှာ နှစ် ၇၀ လုံး အသားကျလာသည့် စဉ်းစားမှုနှင့်လုပ်ဆောင်မှုများဖြစ်သည်။

လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်လည်း ထိုအသားကျနေသော စဉ်းစားမှုများမှလာသည့် အင်အားသုံးဖိအားပေးသည့် လုပ်ဆောင်ချက်များကိုတွေ့မြင်ရဆဲဖြစ်သည်။ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ထိုအသားကျနေခဲ့သည့်စဉ်းစားမှု များ မှ ပြောင်းလဲစဉ်းစားရန်လိုအပ်သည်။ ပွင့်ပွင့်လင်းလင်းနှင့် ရှိသောပြဿနာများ အချက်အလက်ပြည့်ပြည့်စုံစုံနှင့် ချ ပြဆွေး နွေးပြီး အတူတကွ အဖြေရှာကြသည့်နည်းလမ်းဖြင့် စဉ်းစားလုပ်ကိုင်ရန်လိုသည်။

အင်အားသုံးဖိအားပေးသည်ဆိုရာ၌ လူအင်အား စစ်လက်နက်ယန္တရားပိုမိုတောင့်တင်းသူက ပိုမိုဖိအားပေးနိုင်သည်ဖြစ်သည်။ အင်အားပိုကြီးသူကသဘောထား ပိုကြီးပြရန်လိုအပ်သည်။ ငြိမ်းချမ်းရေးဆွေးနွေးမှုသည် အကန့်အသတ်မရှိတော့ မဟုတ်။ အချိန်အကန့်အသတ်ရှိသည်ဆိုသည်ကား ငြင်းပယ်စရာမရှိပေ။ ထိုအချိန်အကန့်အသတ်လွန်၍ ဆွေးနွေးမှု မအောင်မြင်ပါက ပြန်လည်တိုက်ခိုက်ကြမည်မှာ ရှောင်လွှဲ၍ ရမည်မဟုတ်ပေ။ မည်သို့ဖြစ်စေ လက်ရှိငြိမ်းချမ်းရေးဆွေးနွေးသည့်ကာလကို စဉ်းစားပုံပြောင်း၍ အပြည့်အဝ လုပ်ကြည့်ကြရန်လိုသည်။ မိမိအမြင်အရဆိုသော် အနည်းဆုံး ၃ နှစ်ခန့်အပစ်အခတ်ရပ်၍ စားပွဲဝိုင်းပေါ်တွင် ဆွေးနွေးကြပါက အဖြေတခု ထွက်နိုင်ကောင်းသည်။ အချိန်အများကြီးမလိုပါ။ ၃ နှစ်ခန့် တပြည်လုံး အပစ်ရပ်ပြီး (ဝါ) အင်အားသုံးဖိအားပေးသည့်စဉ်းစားမှုကိုပြောင်းလဲပြီး ပွင့်လင်းစွာညှိနှိုင်း အဖြေရှာသည့်နည်းလမ်းကို ပြောင်းလဲကြည့်ရန်လိုပါသည်။ ပြည်တွင်းစစ် နှစ် ၇၀ တွင် ၃ နှစ်ခန့် အတိုက်အခိုက်ရပ်ခြင်းသည် မများလွန်းသည့် တောင်း ဆိုမှုသာဖြစ်ပါသည်။ ထို ၃ နှစ်အတွင်း အဖြေမရဘူးဆိုပါက ပြန်တိုက်ကြမည်ဆိုသည်ကတော့ ရှောင်လွှဲ၍ ရသည့်ကိစ္စ မဟုတ်ပါ။ မည်သို့ဆိုစေ ၃ နှစ်ခန့်တော့ အသားကျနေသည့် စဉ်စားမှုမှ ပြောင်းလဲစဉ်းစားကြည့်ကြရန် လိုပါသည်။

ဒုတိယ အသားကျနေသည့်စဉ်းစားမှု မှာ သက်ဆိုင်ရာနိုင်ငံရေးအုပ်စုများ၏ စဉ်းစားမှုများမှလာသည်ဟု ဆိုရပါမည်။ လက်ရှိ နိုင်ငံရေးအမြင်များအရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ပါဝင်နေကြသည့် အုပ်စုကြီး ၃ စု၏ စဉ်းစားမှုများမှာ မတူညီကြပါ။ NLD နှင့် သူ့အားထောက်ခံသူများက ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေးအတွက် ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်သွားမှရ မည်ဟူသည့် စဉ်းစားမှုဘက်က စဉ်းစားသည်။ တပ်မတော်နှင့်သူအားထောက်ခံသူများက ပြည်ထောင်စုကြီးမပြိုကွဲရေး အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် တပ်မတော်အခန်းကဏ္ဍကို ထည့်သွင်းရေးဆွဲထားသည့် ၂၀၀၈ အခြေခံ ဥပဒေအား ရပ်ခံကာကွယ်ရေးဘက်က စဉ်းစားသည်။ ငြိမ်းချမ်းရေးပြဿနာကို ၂၀၀၈ ဘောင်အတွင်းက ဖြေရှင်းရန် စဉ်းစားသည်။တိုင်းရင်းသားပါတီများ တိုင်းရင်းသားလက်နက်ကိုင်အများစုက တိုင်းရင်းသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အသိ အမှတ်ပြုရေးဆွဲထားသည့် အခြေခံဥပဒေသစ်တရပ်ဖြင့် အစားထိုးပြီး ငြိမ်းချမ်းရေးပြဿနာကို စဉ်းစားသည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင်ပါဝင်နေသည့် အုပ်စုကြီး ၃ စု၏ အခြေခံစဉ်းစားမှုများ ကွဲပြားနေသည်။ ထိုကွဲပြားမှုများကို အသိမှတ်ပြု၍ အားလုံးပြောင်းလဲစဉ်းစားနိုင်မှသာ အဖြေထွက်နိုင်ပေမည်။

လက်ရှိ နိုင်ငံရေးဆွေးနွေးပွဲများတွင် ၂၀၀၈ ခြေဥအား ဘေးဖယ်ထားပြီး နိုင်ငံရေးမူဘောင်များ သတ်မှတ်ဆွေးနွေးနေသည်မှာ ထွက်ပေါက်တွေ့နိုင်သည့်လမ်းစဟုဆိုနိုင်သည်။ သို့သော် အဆုံးသတ်တွင် ၂၀၀၈ အခြေခံဥပဒေကို ရှောင်လွဲ၍ မရနိုင်ပေ။ မြန်မာပြည်နိုင်ငံရေးပြဿနာကို မည်သို့ဖြေရှင်းမှ မှန်ကန်နိုင်မည်ဆိုသည်ကို ရှေ့ရှုသည့် စဉ်းစားမှုမျိုးနှင့်သွားမှသာ အားလုံး လက်ခံနိုင်သည့် အဖြေရနိုင်ပေမည်။ သို့မဟုတ်ဘဲ မိမိတို့အခြေခံသည့် စဉ်းစားမှုမျိုး၌သာ အခြေခံရပ်ခံနေကြမည် ဆိုလျင် ညှိနှိုင်းအဖြေထွက်ရန် ခဲယင်းပေလိမ့်မည်။ ယခင် ညောင်နှစ်ပင်ညီလာခံ၌လည်း တိုင်းရင်းသားအဖွဲ့များတက်ရောက်ဆွေး နွေးခဲ့ကြဖူးသည်။ နအဖ၏ အခြေခံမူ၁၀၄ ချက်ကို ပြင်ဆင်နိုင်ခြင်းမရှိခဲ့။ ထိုအခြေခံမူများပေါ်မှ ၂၀၀၈ အခြေခံဥပဒေ ပေါ်လာပြီး ယနေ့တိုင် မြန်မာပြည်သည် အခြေခံအုပ်စုကြီး ၃ ခုကြားတွင် နိုင်ငံရေးအကြပ်အတည်းဖြစ်ပေါ်နေဆဲဖြစ်သည်။ ထို့ကြောင့် တိုင်းပြည်အတွက် အများစုလက်သင့်ခံနိုင်သည့်အဖြေထွက်ဖို့ အသားကျနေသည့်စဉ်းစားမှုများကို ပြောင်းလဲရန် လိုအပ်သည်။

တတိယအချက်မှာ လက်ရှိငြိမ်းချမ်းရေးပြဿနာအား မည်သို့ စဉ်းစားဖြေရှင်းမည်နည်းဟု ဆိုရပါမည်။ အခြေခံစဉ်းစားနည်း နှစ်ခုကို တွေ့ရသည်။ တခုမှာ တည်ငြိမ်သော နိုင်ငံတော်တခုအား မည်သို့တည်ဆောက်မည်နည်းဟု စဉ်းစားခြင်းဖြစ်သည်။ နောက်စဉ်းစားနည်းတခုမှာ ၂၀၀၈ အခြေခံဥပဒေဘောင်အတွင်းမှ တိုင်းရင်းသားပြဿနာ တိုင်းရင်းသားလက်နက်ကိုင်တပ် ဖွဲ့ပြဿနာ ဖြေရှင်းရန်စဉ်းစားခြင်းဖြစ်သည်။ ထိုစဉ်းစား ၂ ခုအနက်ပထမစဉ်းစားမှု မှာ ပြောင်းလဲစဉ်းစားခြင်းဖြစ်ပြီး ဒုတိယ စဉ်းစားမှုမှာ အသားကျနေသောစဉ်းစားမှုဟု ဆိုရပါမည်။ ပြောင်းလဲစဉ်းစားကြရန် လိုအပ်ပါမည်။

စတုတ္ထအချက်မှာ တိုင်းရင်းသားများဘက်က အသားကျနေသော စဉ်းစားမှုတခုဖြစ်သည်။ တိုင်းရင်းသားအခွင့်အရေး ကိုယ် ပိုင်ပြဌာန်းခွင့် ဖက်ဒရယ်မူတို့နှင့်ပတ်သက်၍ တိုင်းရင်းသားများဖက်မှ တင်ပြတောင်းဆိုရာတွင်အလွန်အကျွံ တင်ပြတောင်း ဆိုလေ့ရှိသည်။ ဤသို့တောင်းဆိုကြခြင်းသည် စစ်အာဏာရှင်စနစ်အောက် နှစ် ၅၀ ကျော်နေခဲ့ရပြီး တိုင်းရင်းသားတို့၏ ကိုယ်ပိုင်လက္ခဏာနှင့် အခွင့်အရေး ဆုံးရှုံးရသည့်အပေါ်မှလည်း အခြေခံသည်။ နောက်တဖက်အရဆိုလျင် တိုင်းင်းသားအခွင့်အရေးတောင်းဆိုရာတွင် တကျပ်ဖိုးတောင်းမှ ဆယ်ပြားဖိုးလောက်ရတာဟူသည့် စဉ်းစားချက်ကလာကြခြင်းလည်းဖြစ်သည်။ တကယ်တမ်းအားဖြင့် တိုင်းရင်းသားတို့ ရသင့်ရထိုက်သောအခွင့်အရေးကို ထိုက်သင့်သည့်တောင်ဆိုမှုများသို့ ပြောင်းလဲစဉ်းစားရန် လိုအပ်သည်။ ဤသို့မျှတသည့် ရသင့်ရထိုက်သည့်တောင်းဆိုမှု ဖြစ်သည်ကို တိုင်းရင်းသားများကို သာမက ဗမာများကိုရော နိုင်ငံတကာကိုရော ပြသရန်လိုအပ်ပါသည်။ ဤသို့ပြောင်းလဲစဉ်းစားမှသာအများ၏ ထောက်ခံမှု ကို ရယူနိုင်မည်ဖြစ်သည်။

ပဉ္စမအချက်မှာ တိုင်းရင်းသားပြဿနာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပြဿနာကို စစ်အင်အားနှင့် ဖြေရှင်းခဲ့ကြစဉ်က တိုင်းရင်းသားများအားခွဲခြား၍ ရင်ဆိုင်ရန် အုပ်ချုပ်သူများဘက်က ဆောင်ရွက်ခဲ့သည်များလည်း ရှိသည်။ တဖက်ကလည်း ပြည်နယ်များအတွင်းရှိ မတူသော လူမျိုးများအကြား သန္ဓေတည်နေခဲ့သော ပဋိပက္ခများလည်းရှိကြသည်။ ဥပမာအားဖြင့်ဆိုလျင်ပြည်နယ်တွင် နှင့် ရှမ်းနီကြား၊ ကချင်အတွင်း ဂျင်းဖေါနှင့် ရဝမ်ကြား၊ ဂျင်းဖေါနှင့်လီဆူးကြား မတူကွဲပြား မှုများရှိရာ ထိုအချက်များပေါ် အခြေခံပေါ်မှတဖက်နှင့် တဖက်ကို တည်၍ ရင်ဆိုင်ကာ အင်အားမျှချေပြု၍ ဖြေရှင်းခဲ့ကြသည်။ ထို့အတူ ရှမ်းပြည်နယ်အတွင်း ရှမ်းနှင့် ကချင်ကြား၊ ရှမ်းနှင့်တအာင်းပလောင်ကြား၊ ရှမ်းနှင့်ပအို့ဝ်ကြား၊ ရှမ်းနှင့် ဝ ကြား စသဖြင့် ပဋိပက္ခလေးများ ရှိနေရာ ထိုပဋိပက္ခများကို အသုံးပြု၍ တဖက်နှင့်တဖက် ပြန်လည်ရင်ဆိုင်စေကာ အင်အားမျှခြေပြု ခဲ့ကြသည်။ အခြားပြည်နယ်များ တွင်လည်းဤသို့ပင်ဖြစ်ခဲ့သည်။ ထိုစဉ်းစားနည်းနှင့် လုပ်ဆောင်နည်းများသည် ပြည် တွင်း စစ် နှစ် ၇၀ အတွင်း အသားကျခဲ့နေခဲ့သည့် စဉ်းစားလုပ်ဆောင်မှုများ ဖြစ်သည်။

လက်ရှိကာလ ငြိမ်းချမ်းရေးတည်ဆောက်မည်ဆိုပါက အဆိုပါအသားကျနေသော စဉ်းစားလုပ်ဆောင်မှုများကို ပြောင်းလဲ ပစ်ရန်လိုသည်။ ငြိမ်းချမ်းရေးနှင့်အတူ တိုင်းရင်းသားများကြား စည်းလုံးညီညွတ်မှု အပြန်အလှန်လေးစားမှု အပြန်အလှန် အသိမှတ်ပြုမှု လိုအပ်ပါမည်။ တိုင်းရင်းသားတိုင်း လိုအပ်သည့် တိုင်းရင်းသားအခွင့်အရေးရရှိရေးအတွက် အပြန်အလှန်စဉ်းစားပေးရန်လိုအပ်ပါမည်။ အထူးသဖြင့် တိုင်းရင်းသားရောယှက်နေသည့် နေရာများနှင့်ပတ်သက်၍ ထူးခြားချက်များကို ထည့်သွင်းစဉ်းစား၍ ဖြေရှင်းကြရန်လိုအပ်ပါမည်။ ငြိမ်းချမ်းရေးသည် ညီညွတ်ရေးအခြေခံပေါ်မှ တည်ဆောက်၍ရသည် ဆိုသည့်ဖက်မှ ပြောင်းလဲစဉ်းစားရန်လိုအပ်ပါသည်။ တိုင်းရင်းသားများအား ခွဲခြားရင်ဆိုင်စေသည့် စဉ်းစားမှုကိုလည်း ပြောင်းလဲပစ်ရန် လိုပါမည်။

ဆဌမအချက်အားဆိုရလျင်ဒေါ်အောင်ဆန်းစုကြည်အစိုးရတာဝန် စယူခဲ့စဉ်က ပြောကြားခဲ့သည့် ကိုယ်ကဘာပေးမလဲ ဆိုတာက အရင်အစပြုပါဆိုသည့်အချက်ဖြစ်သည်။ ယင်းအချက်သည်လည်း အသားကျနေသည့် စဉ်းစားမှု မှပြောင်းလဲ စဉ်းစားရန် လှုံ့ဆော်ခဲ့သည့်အချက်ဖြစ်သည်။ သို့သော် တိုင်းရင်းသားများဘက်ကလည်း ထိုအချက်ကို လက်ခံရန်အသင့် မဖြစ်ခဲ့ပေ။ သူတို့၏ အခြေအနေပေါ်မူတည်၍ တိုင်းရင်းသားတွေမှာ ဘာမှပေးစရာမရှိတော့။ ပြည်မအစိုးရက အကုန်ယူထား သည်ဟူသည့်ဘက်က တုန့်ပြန်ကြ သည်ကို တွေ့ရသည်။

ထို့အတူ အစိုးရနှင့်ငြိမ်းချမ်းရေးကော်မရှင်ကလည်း ကိုယ်ကဘာကို စပေးမည်ဆိုသည်မှာလည်း လက်တွေ့တွင် ပျက်ကွက် ခဲ့သည်။ ပထမဥပမာအနေနှင့် ဆိုရလျင် NDAA မိုင်းလားအဖွဲ့သည် NCA မထိုးဟု ငြင်းဆန်ထားသော်လည်း ပြည်မအစိုးရနှင့် အဆင်ပြေလိုသည့် ဆန္ဒရှိသည်ကို တွေ့နိုင်သည်။ ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံတွင် အင်ပြည့်အားပြည့်တက် ရောက်ပြီး ဖေါ်ပြခဲ့သည်။ NDAA မိုင်းလားအနေနှင့် အစိုးရနှင့်ပြေလည်လိုသည့် အကြောင်းအချက်တခုရှိသည်။ ၎င်းတို့ ဒေသတွင်းတွင် ၆၀ MW ထွက်ရှိသည့် ရေအားလျပ်စစ်စက်ရုံတခုဆောက်လုပ်ထားရာ ၎င်းတို့ဒေသသုံးထက်များစွာပိုလျံသည်ဖြစ်ရာ MW ၄၀ မှ ၅၀ ကြားအား အစိုးရထိမ်းချုပ်မှုအောက်ရှိ ကျိုင်းတုံတာချီလိတ်ဒေသသို့ ရောင်းချလိုသည်။ အစိုးရ ဝန်ကြီးဌာနသို့လည်း တရားဝင်တင်ပြထားသည်။

သို့သော် ယနေ့တိုင်အကောင်အထည်မပေါ်သေးပေ။ ၂၀၁၆ အတွင်း UWSA တပ်များ မိုင်းလားသို့ဝင်ရောက်လာမှုကြောင့် ကျိုင်းတုံမှ မိုင်းလားသို့သွားသည့် တာပင်းဂိတ်အားပိတ်လိုက်ရာ ပို၍ အလှမ်းဝေးသွားခဲ့သည်။ NDAA မိုင်းလားရှိ ရေအား လျှပ်စစ်စက်ရုံမှ လျှပ်စစ်ဓါတ်အားဝယ်ယူပြီး မိမိဘက်သို့ ဆွဲကပ်ရမည့်အစား တဖက်သို့တွန်းပို့သကဲ့သို့ဖြစ်ခဲ့သည်။ ဤနေ ရာတွင် တွေ့ရသည့် စဉ်းစားမှုမှာ သဘောတူညီချက်ရမှ အခွင့်အရေးပေးမည်ဆိုသည့် စဉ်းစားချက်ဖြစ်သည်ကို တွေ့ရ သည်။ အခွင့်အလမ်းအရင်ပေး၍ သဘောတူညီချက်ရအောင်လုပ်သည့် စဉ်းစားမှု မဟုတ်ချေ။ ဒေါ်အောင်ဆန်းစုကြည် ပြောသည့် ကိုယ်ကဘာပေးမလဲဆိုသည်က အရင်စသည့် စဉ်းစားမှုမဟုတ်ပေ။

ဒုတိယဥပမာပြရလျင် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံတွင် ဖြစ်သည်။ ဒုတိယအကြိမ်ညီလာခံတွင် ပြည်နယ်ဖွဲ့စည်းပုံဥပဒေရေးဆွဲမည်ဟုကြေညာထားခဲ့သော်လည်း ရေးဆွဲနိုင်ခဲ့ခြင်းမရှိပေ။ အကြောင်းမှာ ခွဲထွက်ခြင်းမပြုပါဟု တိုင်းရင်းသား အဖွဲ့များဖက်မှ ကတိကဝတ်ပြုမှ ပြည်နယ်ဖွဲ့စည်းပုံရေးကို ခွင့်ပြုမည်ဟုဆိုခြင်းကြောင့်ဖြစ်သည်။ ဤတွင်လည်း တွေ့ရှိရ သည်မှာ အစိုးရဖက်က ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲရေးကို အရင်ပေးခြင်းမဟုတ်ပေ။ တိုင်းရင်းသားအဖွဲ့များဖက်မှ ကတိ ကဝတ်ကို အရင်တောင်းခြင်းဖြစ်သည်ကိုတွေ့ရသည်။ ဤနေရာတွင် ကိုယ်ဖက်က ဘာအရင်စပေးမလဲဆိုသည်ကို အစိုးရ ဘက်က အရင်ဖေါ်ပြနိုင်ခြင်းမရှိပေ။ အသားကျနေသောစဉ်းစားမှုများကို ပြောင်းလဲရန် လက်တွေ့တွင်ခက်ခဲသည်ကို တွေ့ ရသည်။

ထိုသို့ အသားကျနေသည့် စဉ်းစားမှုများထဲတွင် ပြောင်းလဲ၍ မရနိုင်ကြသည့် စဉ်းစားမှုမျိုးကို ဖက်အားလုံးတွင် တွေ့ရသည်။ ဤသည်မှာ မိမိအဖွဲ့အစည်းအား ထိပါးမှုမခံသည့် မိမိအဖွဲ့အင်အားချိနဲ့သည်ကို လက်မခံနိုင်ကြသည့် စဉ်းစားမှုဖြစ်သည်။ မိမိ၏နိုင်ငံရေး ရည်မှန်းချက်ပေါက်မြောက်အောင်မြင်ရေးအတွက် မိမိအဖွဲ့အစည်း အင်အားတောင့်တင်းခိုင်မာအောင်ပြုလုပ်ရန်လိုသည်ဟူသည့် စဉ်းစားမှုမှာ အသားကျရုံသာမက အရိုးစွဲနေသော စဉ်းစားမှုဟု ဆိုနိုင်ပါသည်။ ဤသို့အခြေအနေမှ ငြိမ်းချမ်းသော ဖွံ့ဖြိုးသောတိုင်းရင်းသားအားလုံး တန်းတူညီမျှမှုနှင့် ဖက်ဒရယ်အခွင့်အရေးများရရှိသော နိုင်ငံတခုတည် ဆောက်ရန်ဆိုသည့်ဘက်မှ ပြောင်းလဲစဉ်းစားရန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သည့် ဖက်အားလုံးအတွက် ခက်ခဲနေ ဆဲဖြစ်သည်။

သို့ဖြစ်ရာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပေါက်မြောက်အောင်မြင်ရေးအတွက် အသားကျနေသော စဉ်းစားမှုများမှ ခွဲထွက်ပြီး ပြောင်းလဲစဉ်စား နိုင်ရေးသည် ကြည့်မြင်မှုပိုင်းအရ အခြေခံကျသည်ဟု သုံးသပ်ရပါသည်။ ထို့အတူ လက်တွေ့တွင် ပြောင်း လဲရန်မလွယ်ကူကြသည့် အသားကျနေသော စဉ်းစားမှုများမှ ပေါ်ထွက်လာသည့် အကျိုးဆက်များကို ထည့်သွင်းတွက် ချက်ထားရန်လည်း လိုပေလိမ့်မည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သူတို့အာဘော်, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်