မိုးဆတ် ● ချိန်းပွဲ

September 21, 2017

● ချိန်းပွဲ
(ဘာသာပြန်ဝတ္တုတို)
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂ဝ၁၇

မိုးမခ အတွဲ ၄၊ အမှတ် ၇၊ ဇူလိုင် ၂ဝ၁၇ ထုတ်မဂ္ဂဇင်းမှ ဖြစ်သည်။


ရေးဗားဘားရဲ့ ဝင်ပေါက်ကနေ လီယိုနီဒါ့စ်တယောက်ပေါ်လာတော့ ခါတိုင်း စနေနေ့တွေလိုပဲ ကျုပ်တို့ ဘီယာချနေတုံးပေါ့။ သူ့မျက်နှာကို ကြည့်လိုက်တာနဲ့ တခုခုတော့ တခုခုပဲဆိုတာ ချက်ခြင်း သိလိုက်တယ်။ “ဘာဖြစ်တာလဲ” လီယွန်က လှမ်းမေး လိုက်တယ်။

လီယိုနီဒါ့စ်က ခုံတလုံးဆွဲပြီး ကျုပ်တို့နားမှာ လာထိုင်တယ်။

“ရေဆာတာ သေတော့မယ်ကွာ”

ကျုပ်က သူ့ကို တခွက် အပြည့်ထည့်ပေးလိုက်တယ်။ စားပွဲပေါ်တောင် ဖိတ်ကုန်တယ်။

လီယိုနီဒါ့စ်က ဘီယာခွက်ကို နှုတ်ခမ်းနဲ့ အသာမှုတ်ပြီး ငြိမ်နေတယ်။ ပူဖောင်းလေးတွေ  ပေါက်နေတာကို ကြည့်နေတယ်။ နောက်တော့ တကျိုက်တည်းနဲ့ အကုန်သောက်ချပစ်လိုက်တာပဲ။

“ဒီည ဂျပ်စတိုတို့ ချကြလိမ့်မယ်” မူမမှန်တဲ့ အသံနဲ့ သူက ပြောလိုက်တယ်။

ကျုပ်တို့လည်း ခဏလောက် ငြိမ်ကျသွားတယ်။ လီယွန်က ဘီယာ ကောက်မော့တယ်။ ဘရီဆီနိုက စီးကရက် မီးညှိတယ်။

“မင်းတို့ကို ပြောပြလိုက်ဖို့ ငါ့ကို မှာလိုက်တယ်” လီယိုနီဒါ့စ်က ဆက်ပြောတယ်။

“သူက မင်းတို့ လာစေချင်တယ်”

နောက်ဆုံးတော့ ဘရီဆီနိုက မေးလိုက်တယ် “ဘယ်လိုဖြစ်ကြတာလဲ”

“နေ့လယ်တုံးက ကက်တာကော့စ်မှာ သူတို့ သွားဆုံမိတယ်” လီယိုနီဒါ့စ်က သူ့နဖူးကို လက်နဲ့သပ်လိုက်တယ်။ ပြီးတော့ လက်ကို လေထဲမှာ ယမ်းလိုက်တယ်။ သူ့လက်ချောင်းတွေကြားကနေ ချွေးစက်တွေ ကြမ်းပြင်ပေါ် ကြသွားတယ်။

“ကျန်တာတော့ ကိုယ့်ဟာကိုယ် တွေးကြည့်ကြကွာ”

“ဘာဖြစ်ဖြစ်ပေါ့လေ”  လီယွန်က ပြောလိုက်တယ် “သူတို့ ချမှဖြစ်မယ်ဆိုလည်း ဒီနည်းအတိုင်း ကောင်းပါတယ်။ စည်းကမ်း အတိုင်းပေါ့။ ကြောက်နေစရာတော့ မလိုပါဘူး။ ဂျပ်စတိုဆိုတဲ့ကောင်က သူဘာလုပ်နေသလဲ သူ့ဟာသူ သိမှာပါ”

“အင်းပေါ့” လီယိုနီဒါ့စ်က စိတ်ကတခြားရောက်နေပုံမျိုးနဲ့ လက်ခံလိုက်တယ်။

“ဒီလိုက ပိုကောင်းချင်ကောင်းမှာပေါ့”

ဘီယာပုလင်းတွေလည်း ကုန်ပြီ။ လေပြည်လေး တိုက်လာတယ်။ လဟာပြင် ကပွဲကနေ ပြန်လာတဲ့သူတွေနဲ့ တံတားပေါ်မှာ ပြည့်ကျပ်နေတယ်။ မြစ်ကမ်းစပ်က အရိပ်ရှိတဲ့အနေရာတွေမှာ ခိုနေခဲ့တဲ့ အတွဲတွေလည်း ပြန်ထွက်ခွာစ ပြုနေပြီ။ ရေးဗားဘားရဲ့ တံခါးပေါက်နားကနေ လူတွေအများကြီး ဖြတ်သွားနေတယ်။ တချို့က အထဲကို ဝင်လာတယ်။ သိပ်မကြာခင်ပဲ လမ်းဘေးကော်ဖီဆိုင်တခုလုံး ဆူညံရယ်မောနေတဲ့ ယောက်ျားတွေ မိန်းမတွေနဲ့ ပြည့်သွားတော့တယ်။

“အခု ကိုးနာရီတောင် ထိုးတော့မယ်” လီယွန်က ပြောလိုက်တယ် “ငါတို့ သွားကြမှ ထင်တယ်”

“အေးလေ သွားကြစို့” လီယိုနီဒါ့စ်က ပြောတယ် “ဘီယာတိုက်လို့ ကျေးဇူးပဲကွာ”

ကျုပ်တို့လည်း ထွက်လာခဲ့ကြတယ်။

“‘ဖောင်ကြီး’ ပေါ် မှာပဲ မဟုတ်လား” ဘရီဆီနိုက မေးလိုက်တယ်။

“အေး၊ ဆယ့်တနာရီ။ ငါမင်းတို့နဲ့ ဆယ်နာရီခွဲ ဆုံမယ်။ ဒီမှာပဲ”

အဘိုးကြီးက ဂွတ်ဘိုင်ဆိုပြီး လက်ဝှေ့ယမ်းပြရင်း ကတ်စတီလာ လမ်းမကြီးအတိုင်း ထွက်သွားတော့တယ်။ သူက မြို့စွန်ဘက်မှာ နေတယ်။ သဲတောင်ကုန်းတွေ ရှိတဲ့ဘက်ပေါ့။ အဲဒီနားမှာ သူ့တဲတလုံးပဲ ရှိတယ်။ အဲဒီကနေ မြို့ကိုစောင့်ရှောက်နေတဲ့ပုံမျိုးနဲ့ပေါ့။ ကျုပ်တို့လည်း ပလာဇာဘက် ထွက်ခဲ့ကြတယ်။ လူတောင် တော်တော် ရှင်းနေပြီ။ တိုးရစ်ဟိုတယ် နားမှာ ချာတိတ်တွေ အော်ဟစ်ငြင်းခုန်နေကြတယ်။ သူ့တို့ထဲက ကောင်မလေးတယောက်ကတော့ အသာပြုံးပြီး နား ထောင်နေတာ ဖြတ်လာရင်း တွေ့လိုက်တယ်။ ကောင်မလေးက အတော်လှသား။ ပျော်လည်း ပျော်နေပုံပဲ။

“ငကျိုးက ဒီကောင့်ကို သတ်မှာ” ဘရီဆီနိုက ရုတ်တရက် ပြောလိုက်တယ်။

“မင်းပါးစပ်ပိတ်ား” လီယွန်က ပြောတယ်။

ဘုရားကျောင်းနားက လမ်းထောင့်ရောက်တော့ ကျုပ်တို့ လမ်းခွဲလိုက်ကြတယ်။ ကျုပ်လည်း အိမ်ဘက်ကို ခပ်သွက်သွက်ပဲ လျှောက်ခဲ့လိုက်တယ်။ အိမ်မှာ ဘယ်သူမှ ရှိမနေဘူး။ ကျုပ်လည်း အင်္ကျီနှစ်ထပ်သုံးထပ် ဝတ်လိုက်တယ်။ လက်ကိုင်ပဝါနဲ့ ပတ်ထားတဲ့ ကျုပ်ဓားကို ဘောင်းဘီနောက်အိတ်ထဲ ဖွက်ထည့်လိုက်တယ်။ ပြန်ထွက်ခါနီး ကျုပ်မိန်းမ အိမ်ပြန်လာတာနဲ့ သွားတိုးတယ်။

“ပြန်ထွက်ဦးမလို့လား” သူက လှမ်းမေးတယ်။

“အေး၊ ငါလုပ်စရာလေး တခုရှိနေလို့”

ကလေးက သူမလက်ထဲမှာ အိပ်မောကျနေတယ်။ ကျုပ်ဖြင့် သေများနေတာလာတောင် ထင်မိတယ်။

“ရှင် မနက် အစောကြီး ထရဦးမှာနော်” သူက လာရစ်နေတယ် “ရှင် တနင်္ဂနွေနေ့ အလုပ်ဆင်းရမယ်လေ မေ့နေပြီလား”
“ထားလိုက်စမ်းပါကွာ” ကျုပ်က ပြန်ပြောလိုက်တယ် “ခဏနေရင် ငါပြန်လာမယ်”

ကျုပ်လဲ ရေးဗားဘားဘက်ဆီ ပြန်လျှောက်သွားတယ်။ ဘီယာနဲ့ ဆန်းဒွစ်မှာလိုက်တယ်။ စားတော့ဖြင့် မစားနိုင်ဘူး။ စားချင် စိတ် မရှိဘူး ဖြစ်နေတယ်။ တယောက်ယောက်က ကျုပ်ပခုံးကို ပုတ်လိုက်တယ်။ ကြည့်လိုကတော့ မော့ဇက်ဖြစ်နေတယ်။ သူက ဒီဆိုင်ရဲ့ ဆိုင်ရှင်။

“ချကြတော့မယ် မဟုတ်လား”

“ဟုတ်တယ်။ ‘ဖောင်ကြီး’ ပေါ်မှာပဲ။ ဘယ်သူ့မှ လျှောက် မပြောရင် ကောင်းမယ်”

“မင်း ငါ့ကို ဆရာလုပ်စရာမလိုပါဘူးကွာ” သူက ပြောတယ် “ငါ ခုနလေးကမှ ကြားတာ။ ဂျပ်စတိုအတွက်တော့ စိတ်မ ကောင်းဘူး။ ဒါပေမယ့် ဒီအခြေအနေ ဆိုက်အောင် ဒီကောင်ပဲ လုပ်နေခဲ့တာ။ ငကျိုးက သိပ်စိတ်ရှည်တာမှ မဟုတ်တာ။ ငါ တို့ သိပြီးသားပဲဟာကို”

“ငကျိုးက ချီးထုပ်ပါကွာ”

“သူလည်း မင်းတို့ ဘော်ဒါဖြစ်ခဲ့တာပဲ…” မော့ဇက်က တခုခု ဆက်ပြောမလိုလုပ်ပြီးမှ ရပ်လိုက်တယ်။

အပြင်ဘက်စားပွဲက တယောက်ယောက်လှမ်းခေါ်တာနဲ့ သူလည်းထွက်သွားတယ်။ ခဏနေတော့ ကျုပ်နားရောက်လာ ပြန်ရော။

“ငါပါ လိုက်ခဲ့ရမလား”  သူက မေးတယ်။

“ရတယ်။ ငါတို့ဟာ ငါတို့ ဖြစ်တယ်။ ကျေးဇူးပဲကွာ”

“အိုကေလေ၊ ငါလုပ်ပေးနိုင်တာရှိလည်း ပြောဦး။ ဂျပ်စတိုကလည်း ငါ့သူငယ်ချင်းပဲလေ” သူက ဘာမပြောညာမပြောနဲ့ ကျုပ်ဘီယာတောင် တကျိုက်ယူကျိုက်လိုက်သေးတယ်။

“မနေ့ညကတောင် ငကျိုးက သူ့အုပ်စုနဲ့ ဒီကိုလာသွားသေးတယ်။ ဒီကောင်က ဂျပ်စတို အကြောင်းချည်းပဲ ပြောနေတာကွ။ ဂျပ်စတို့ကို တစစီလုပ်ပစ်မယ်ချည်း ကြိမ်းနေတယ်။ ငါ့မှာ မင်းတို့အုပ်စု ရောက်မလာပါစေနဲ့ ဆိုပြီး ဘုရားတနေရတာ”

“ငါတော့ ငကျိုးနဲ့ တွေ့လိုက်ချင်တယ်” ကျုပ်က ပြောလိုက်တယ် “ဒေါပွရင် ဒီကောင့်မျက်နှာက ရယ်ရတယ်ကွ”

မော့ဇက်က ရယ်တယ်။ “မနေ့ညကတော့ သရဲပူးသလား မှတ်ရတယ်ဟေ့။ သူ့မျက်နှာကြည့်ရတာနဲ့ ကိုယ်ပါ နေမကောင်း ဖြစ်ချင်လာသလိုပဲ”

ကျုပ်လည်း ဘီယာကို အပြောင်ရှင်းလိုက်ပြီး ကမ်းနားဘက် လျှောက်လိုက်ဦးမယ်ဆိုပြီး ထွက်လာလိုက်တယ်။  အဲဒီမှာ ရေးဗားဘားတံခါးဝကနေ ဂျပ်စတိုကို လှမ်းတွေ့လိုက်တယ်။ ငတိက အပြင်ဘက်စားပွဲမှာ တယောက်တည်း ထိုင်နေတာကိုး။ ရာဘာဖိနပ်စီးထားပြီး နားရွက်ထိအုပ်နေတဲ့ ခေါင်းစွပ်ဆွယ်တာ ဝတ်ထားတယ်။ ဘေးဘက်ကနေ အမှောင်ကို နောက်ခံ ထားပြီးကြည့်ရတာ ကလေးတယောက်နဲ့တောင်တူနေတယ်။ မိန်းမတယောက်နဲ့လည်း တူတာပဲ။ ဘေးတိုက် ကြည့်ရင် ဒီကောင့်ပုံက ခပ်ပျော့ပျော့ ခပ်နွဲ့နွဲ့ရယ်။ ကျုပ်ခြေသံကို ကြားတော့ လှည့်ကြည့်တယ်။ ဒီကောင်မျက်နှာက တဖက်မှာ ပန်းရောင် အမာရွတ်ကြီးနဲ့။ အမာရွတ်ကြီးက နှုတ်ခမ်းကနေ မျက်ခုံးထိ ရောက်ကရောပဲ။ (တချို့ကတော့ ကလေးဘဝ ဆော်ကြပြုကြရင်း ရခဲ့တာတဲ့၊ ဒါပေမယ့် လီယိုနီဒါ့စ်က အမြဲပြောတာကတော့ ဒီကောင် မွေးတဲ့နေ့မှာ ရေတွေကြီးသတဲ့။ ရေတွေတံခါးက ဝင်လာတာကို သူ့အမေက လန့်သွားရာကနေ ဒီအမာရွတ်ကြီး ဒီကောင်ရသွားတာပဲတဲ့)။

“ငါ ခုပဲ ရောက်တာ” သူက ပြောတယ် “ဟိုကောင်တွေရော”

“လာလိမ့်မယ်။ လမ်းမှာပဲ ရှိဦးမယ်”

ဂျပ်စတိုက ကျုပ်ကို စိုက်ကြည့်နေတယ်။ သူက ပြုံးတော့မလိုလိုပဲ။ ဒါပေမယ့် မျက်နှာ ပြန်တည်သွားပြီး အကြည့်ကိုလည်း လွှဲပစ်လိုက်တယ်။

“နေ့လယ်တုံးက ဘာဖြစ်ကြတာလဲ”

သူက ပခုံးပဲ တွန့်ပြတယ်။ ဘာမှန်းမသိတဲ့ အမူအယာမျိုး လုပ်ပြတယ်။

“ငါတို့ ဆန်းကင်းကာ့ထ်မှာ သွားဆုံမိတယ်။ ငါက တခုခုသောက်မလို့ ဝင်သွားတာ။ အဲဒီမှာ ငကျိုးနဲ့ သူ့ကောင်တွေနဲ့ တန်းတိုးတာပဲ။ တရားဟောဆရာသာ ကြားမဝင်ခဲ့ရင် ဒီကောင်တွေ အဲဒီမှာတင် ငါ့ကို လည်လှီးလောက်တယ်။ ငါ့ကို ခွေးတွေလို ဝိုင်းဆွဲကြတာ။ ခွေးရူးတွေကျနေတာပဲ။ တရားဟောဆရာက ငါတို့ကို လူချင်းခွဲလိုက်တယ်”

“မင်းက ယောက်ျားလား”  ဆိုပီး ငကျိုးက အော်တယ်။

“မင်းထက်တောင် ပိုသေးတယ်” ဂျပ်စတိုက ပြန်အော်တယ်။

“တိတ်ကြစမ်း၊ တိရိစ္ဆာန်ကောင်တွေ” တရားဟောဆရာက ပြောတယ်။

“ ‘ဖောင်ကြီး’ ပေါ်မှာ၊ ဒီညတွေ့မယ်” ငကျိုးက အော်ပြောတယ်။

“အေး၊ တွေ့မယ်” ဂျပ်စတိုက ပြန်ပြောလိုက်တယ်။

“အဲဒါပဲ”

ရေဗားဘားမှာတောင် လူတော်တော်ရှင်းလာနေပြီ။ ဘားမှာ လူနည်းနည်း ရှိနေသေးပေမယ့် အပြင်ဝိုင်းမှာတော့ ကျုပ်တို့ပဲ ကျန်တော့တယ်။

“ငါ ဒီဟာ ယူလာတယ်” ကျုပ်က ပြောလိုက်တယ်၊ လက်ကိုင်ပဝါထုပ်ကို သူ့ကို လှမ်းပေးလိုက်တယ်။

ဂျပ်စတိုက ဓားကို ထုတ်ပြီး ဆကြည့်နေတယ်။ အသွားက သူလက်ကောက်ဝတ်ကနေ လက်ဖျားလောက်ထိ ရှိမယ်။ သူအိတ်ထဲက နောက်တချောင်းထုတ်ပြီး ဓားနှစ်ချာင်းကို ယှဉ်ကြည့်နေတယ်။

“တူတူလောက်ပဲကွ” သူက ပြောတယ် “ငါ့ဟာပဲ ငါ ကိုင်တော့မယ်”

သူက ဘီယာ ထပ်မှာတယ်၊ ကျုပ်တို့လည်း ဘာမှ ထပ်မပြောပဲ သောက်လိုက် စီးကရက်ဖွာလိုက် လုပ်နေကြတယ်။

“ဘယ်နှစ်နာရီ ထိုးကုန်ပြီလဲ မသိဘူး” ဂျပ်စတိုက ပြောတယ် “ ဆယ်နာရီတော့ ကျော်လောက်ပြီ။ ငါတို့ လစ်ရအောင်”
တံတားထိပ်နားမှာ ဘရီဆီနိုနဲ့ တွေ့တယ်။

ပြီးတော့ လီယွန်။ သူတို့ ဂျပ်စတိုကို လက်ဆွဲပြီး နှုတ်ဆက်ကြတယ်။

“ဟေ့ကောင် ကြည့်စမ်း” လီယွန်က ပြောတယ် “မင်း ဒီကောင့်ကို တစစီ ဆုတ်ပစ်လိုက်စမ်းကွာ”

“ပြောနေစရာတောင် မလိုပါဘူးကွာ” ဘရီဆီနိုက ဆိုတယ်။

“ငကျိုးက မင်းကို ထိလို့တောင် ရမှမဟုတ်ဘူး”

နှစ်ယောက်စလုံး စောစောက တွေ့တုံးက အဝတ်အစားနဲ့ပဲ။ ဂျပ်စတို ရှေ့ရောက်ရင် ပေါ့ပေါ့ပါးပါး နေပြမယ်၊ ယုံကြည် ကြောင်းပြကြမယ်ဆိုပြီး ကြိုညှိထားကြပုံလဲ ရတယ်။

“ဒီဘက်က ဆင်းကြရအောင်” လီယွန်က ပြောတယ် “ပိုနီးတယ်ကွ”

“မဆင်းနဲ့ကွ”  ဂျပ်စတိုက ပြောလိုက်တယ် “ဟိုဘက်က ပတ်သွားမယ်။ ခုနေ ငါ ခြေတွေဘာတွေ ကျိုးသွားလို့ မဖြစ်ဘူး”

ဒီလို ပြောတာ ရယ်စရာတော့ ကောင်းတယ်။ ဘာဖြစ်လို့ဆို တံတားသံဘောင်တွေကို တွယ်ပြီး မြစ်ကမ်းပါးပေါ် ကျုပ်တို့ ဆင်းနေကြမို့လို့ပဲ။ ကျုပ်တို့ လမ်းအတိုင်း တဘလောက်လောက် ပြန်လျှောက်ရတယ်။ ပြီးတော့ ညာကွေ့၊ နောက်ထပ်နည်း နည်းလောက် ဘာမှမပြောဘဲ ဆက်လျှောက်ကြတယ်။ မြစ်ကမ်းဘက်ကို ဆင်းတဲ့ လမ်းကျဉ်းလေးအတိုင်း လာခဲ့ကြတယ်။
ဘရီဆီနိုက ခလုတ်တိုက်သွားလို့ ဆဲနေသေးတယ်။ သဲက ခပ်နွေးနွေးရယ်။ ဂွမ်းပင်လယ်ပေါ် ဖြတ်လျှောက်နေရသလိုပဲ ကျုပ်တို့ ခြေဖဝါးတွေ နစ် နစ် သွားတယ်။

လီယွန်က ကောင်းကင်ကို သေချာ မော့ကြည့်နေတယ်။

“တိမ်တွေ အများကြီးပဲ” သူက ပြောလိုက်တယ်။ “ဒီညတော့ လရောင် ရဖို့ သိပ်မရှိဘူး”

“ငါတို့ မီးပုံ ဖိုလိုက်မယ်လေ” ဂျပ်စတိုက ပြောတယ်။

“မင်း ရူးများနေသလား” ကျုပ်က ပြောလိုက်တယ် “ရဲတွေ လာစေချင်တာလား”

“လုပ်လို့ရပါတယ်ကွာ” ဘရီဆီနိုက မရေမရာ ပြောတယ်။

“မနက်ဖြန် ရွှေ့လိုက်။ သူတို့ အမှောင်ထဲမှာ ချလို့တော့ ဘယ်ရမလဲ”

ဘယ်သူမှ ပြန်မပြောတော့ ဘရီဆီနိုလည်း ဆက်မပြောတော့ဘူး။

“ရှေ့မှာ ‘ဖောင်ကြီး’ရောက်ပြီ” လီယွန်က ပြောလိုက်တယ်။

ဘယ်တုံးကတည်းကလဲ ဘယ်သူမှ မသိကြတော့တဲ့ အချိန်ထဲက ကာရော့ဘ်ပင်ကြီးတပင်က မြစ်ပေါ်ကို လဲကျနေတယ်။ အပင်ကြီးက ကြီးလွန်းတော့ ရေမရှိတဲ့ မြစ်ထဲမှာ လေးပုံသုံးပုံလောက်ကို နေရာယူထားတာ။ အပင်က ကြီးလွန်းတော့ ရေရှိ တဲ့ အချိန်တုံးကလည်း ရေစီးနဲ့ ပါမသွားဘူး။ နည်းနည်းတော့ ရွေ့တယ်။ အဲလိုနဲ့ “ဖောင်ကြီး”ဟာ မြို့ကနေ တနှစ်ကို နည်း နည်း နည်းနည်းချင်းတော့ ဝေးသွားနေတယ်။ အဲဒါကြီးကို “ဖောင်ကြီး”လို့ ဘယ်သူက နာမည်ပေးခဲ့မှန်းတော့ မသိဘူး။ ဒါပေမယ့် လူတိုင်းက အဲလိုပဲ ခေါ်နေကြတယ်။

“ဟိုကောင်တွေ ရောက်နေပြီကွ” လီယွန်က ပြောလိုက်တယ်။

“ဖောင်ကြီး”ကနေ ငါးကိုက်လောက် အကွာမှာ ကျုပ်တို့ ရပ်လိုက်တယ်။ ညဘက် ခပ်မှောင်မှောင်ဆိုတော့ ကျုပ်တို့ကို စောင့် နေတာ ဘယ်သူဘယ်ဝါတွေရယ်လို့တော့ သေချာ မမြင်ရဘူး။ လူရိပ်တွေသာ တွေ့နေရတာ။ ကျုပ်ရေကြည့်တယ်။ အားလုံး ငါးယောက်ရှိတယ်။ ဒါပေမယ့် ဘယ်ဟာက ငကျိုးရယ်လို့တော မပြောနိုင်ဘူး။

“မင်းသွားကြည့်” ဂျပ်စတိုက ပြောတယ်။

ကျုပ်လဲ အပင်ကြီးနားကို ကပ်သွားလိုက်တယ်။ ခပ်အေးအေးပဲဆိုတဲ့ ပုံမျိုးတော့ ဖမ်းထားရတယ်။

“ရပ်လိုက်” တယောက်ယောက် အော်လိုက်တယ် “ဘယ်သူလဲ”

“ဂျူလီယန်ဟေ့” ကျုပ်က ပြန်အော်လိုက်တယ် “ဂျူလီယန် ဟူအာတက်စ်။ မင်းတို့ ကန်းနေသလား”

ခပ်သေးသေးတယောက် ထွက်လာတယ်။ အဲဒါ ချာလူပက်စ်ပဲ။

“ငါတို့က ပြန်တောင်လစ်တော့မလို့” သူကပြောတယ် “ဂျစ်စတိုတော့ ရဲဆီသွားပြီး သူ့ကိုကယ်ပါဦးဆိုပြီး ပြောနေလောက် ပြီလို့ ငါတို့က တွက်ထားတာ”

“ယောက်ျားချင်းပဲ ပြောမယ်ဟေ့ ” ဒီကောင့်ကို ဘာမှ ပြန်မပြောဘဲ သူတို့အုပ်စုဆီ ကျုပ်ကလှမ်းအော်လိုက်တယ် “ဒီ ဂျပုနဲ့ မပြောချင်ဘူး”

“မင်းက တကယ် သတ္တိ ရှိလို့လား” ချာလူပက်စ်က မေးလိုက်တယ်။ စိတ်တိုတဲ့လေသံနဲ့။

“တိတ်ကြစမ်း” ငကျိုးက အော်လိုက်တယ်။ သူတို့တဖွဲ့လုံး ရှေ့တိုးလာတယ်။ ငကျိုးက ကျုပ်နားကို ကပ်လာတယ်။ ဒီကောင်က မြင့်တယ်၊ ကျန်တဲ့အားလုံးထက် မြင့်တယ်။

အမှောင်ထဲမှာ မြင်တော့ မမြင်ရဘူး။ ဒါပေမယ့် ဝက်ခြံ ထူလဗျစ်နဲ့ မျက်နှာ၊ သူ့ရဲ့ အရေပြား၊ သံလွင်ဆီလိမ်းထားမှာ၊ မုတ်ဆိပ်မွေးမရှိပဲ ပြောင်ချော်ချော်ဖြစ်နေမှာ၊ မျက်လုံးထဲက အစက်တွေ၊ လက်ချောင်းလောက်ထူတဲ့ နှုတ်ခမ်းတွေ၊ ပုတ်သင်လို ခပ်တွဲတွဲကျနေတဲ့ ပါးတွေ အားလုံးကို မြင်ယောင်နေတယ်။ ငကျိုးရဲ့ ဘယ်ခြေထောက်က မသန်ဘူး။ လူတွေပြောတာက အဲဒီခြေဖဝါးမှာ ကြက်ခြေခတ် အမာရွတ်ကြီး ရှိသတဲ့။ သူအိပ်နေတုံး ဝက်ကိုက်သွားလို့ အဲဒါကြီး ကျန်ခဲ့တာ ဆိုပဲ။ တကယ်က အမာရွတ်ကိုဖြင့် ဘယ်သူမှ မြင်ဖူးတာ မဟုတ်ဘူး။

“မင်းက လီယိုနီဒါ့စ်ကို ဘာကြောင့် ခေါ်လာတာလဲ” ငကျိုးက လေသံအက်အက်နဲ့ မေးတယ်။

“လီယိုနီဒါ့စ်ကို.. ဘယ်သူက လီယိုနီဒါ့စ်ကို ခေါ်လာလို့လဲ”

ငကျိုးကို ဘေးဘက်ကို လက်ညှိုးထိုးရင်း မေးတယ်။ အဘိုးကြီက ခပ်လှမ်းလှမ်းမှာ ရောက်နေတယ်။ သူ့နာမည် ပြောသံ ကြားတော့ ရှေ့ကို တိုးလာတယ်။

“ငါလား” အဘိုးကြီးက ငကျိုးကို စိုက်ကြည့်ရင်း ပြောတယ်။

“ငါက သူ့တို့ခေါ်မှ လာရမှာလား။ ငါ့ခြေထောက်နဲ့ ငါလာတာပေါ့ကွ။ ငါလာချင်လို့ ငါလာတာ။ မင်းက မချချင်လို့ ဆင်ခြေရှာ နေတာလား”

ငကျိုးက ဘာမှပြန်မပြောနိုင်ဘဲ ခဏ တန့်သွားတယ်။ ဒီကောင် အဘိုးကြီးကို တခုခု လုပ်လိုက်မလားတောင် ကျုပ်ထင် လိုက်မိတယ်။ ကျုပ်လက်ကိုလည်း နောက်အိတ်ထဲ အသင့်ထည့်ထားလိုက်တယ်။

“ခင်ဗျား ဝင်မပါစမ်းပါနဲ့ဗျာ”  ငကျိုးက ကောင်းကောင်းမွန်မွန်ပဲ ပြောတယ်။
“ကျုပ်က ခင်ဗျားနဲ့တော့ မချချင်ဘူး”

“ငါ့ကို သိပ်အိုနေပြီလို့တော့ မထင်နဲ့” လီယိုနီဒါ့စ်က ပြောတယ် “ငါက ကြုံခဲ့ရတာတွေ မင်းထက်များတယ် ပိုပြီးများတယ် ဟေ့ကောင်ရ”

“ဟုတ်ပါပြီ အဘရယ်” ငကျိုးက ပြန်ပြောတယ် “ခင်ဗျားပြောတာလည်း ယုံတယ်”

သူက ကျုပ်ဘက် လှည့်ပြီးပြောတယ် “မင်းတို့က အဆင့်သင့်ပဲလား”

“အသင့်ပဲ။ မင်းဘော်ဒါတွေ ဝင်မပါအောင်သာ ပြောထား။ ပါရင်တော့ နာပြီသာမှတ်”

ငကျိုးက ရယ်တယ် “ငါ အကူ မလိုတတ်ဘူးဆိုတာ မင်းသိပါတယ်။ ဒီနေ့အတွက်ဆိုရင်တော့ ပြောမနေနဲ့တော့။ ပူမနေနဲ့”
ငကျိုးတို့အဖွဲ့ထဲက တကောင်ကလည်း ရယ်တယ်။ ငကျိုးက ကျုပ်ကို တခုခု လှမ်းပေးတယ်။ ကျုပ်လှမ်းယူလိုက်တယ်။ သူဓားကို အသွားက ကိုင်မိရက်သား ဖြစ်သွားတယ်။ ကျုပ်လက် နဲနဲ ရှသွားပြီး ဆတ်ခနဲ ဖြစ်သွားတယ်။ သတ္တုအသွားက ရေခဲလိုပဲ အေးစက်နေတယ်။

“မီးခြစ်လေး ဘာလေး မပါဘူးလား”

လီယိုနီဒါ့စ်က မီးခြစ်ဆံတခု ခြစ်လိုက်ပြီး သူ့လက်သည်းတွေ လောင်တဲ့အထိ ကိုင်ထားတယ်။ မီးရောင် မှုန်တိမှုန်မွှားနဲ့ပဲ ဓားကို ကျုပ်သေချာ စစ်တယ်။ အရှည်နဲ့ ဗျက်ကို တိုင်းတယ်။

“ရပြီ” ကျုပ်က ပြောလိုက်တယ်။

“ချန်ဂါ” ငကျိုးက လှမ်းခိုင်းလိုက်တယ် “သူနဲ့လိုက်သွား”

ချန်ဂါက လီယိုနီဒါ့စ်နဲ့ ကျုပ်တို့ နှစ်ယောက်ကြားကနေ လိုက်လာတယ်။ ကျန်တဲ့သူတွေဆီ ရောက်တော့ ဘရီဆီနိုက ဆေးလိပ်သောက်နေတယ်။ ဒီကောင် ဆေးလိပ်ကို ရှိုက်လိုက်တိုင်း ရဲတက်လာတဲ့ မီးရောင်နဲ့ ဂျပ်စတိုရဲ့ မျက်နှာကို တချက်တချက် လှမ်းမြင်ရတယ်။ မျက်နှာကတော့ မျက်နှာသေပဲ၊ နှုတ်ခမ်းကိုဖြင့် တင်းတင်းစေ့ထားလေရဲ့။

လီယွန်ကတော့ တခုခုကို ဝါးနေတယ်။ မြက်ပင်တပင်ပင်ကို ကိုက်နေတာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒီကောင်ရော ဘရီဆီနိုပါ ချွေးပြန်နေတယ်။

“ခင်ဗျားကို လာလို့ရတယ်လို့ ဘယ်သူက ပြောလဲ” ဂျပ်စတိုက ခပ်မာမာပဲ မေးတယ်။

“ဘယ်သူမှ မပြောပါဘူးကွ” လီယိုနီဒါ့စ်က အကျယ်ကြီး ပြန်ပြောတယ်။

“ငါလာချင်လို့ လာတာ။ ငါက မင်းကို ရှင်းပြရဦးမှာလား”

ဂျပ်စတိုက ဘာမှ ပြန်မပြောဘူး။ ကျုပ်က သူ့ကို ချန်ဂါ ဆီ ညွှန်ပြလိုက်တယ်။ ဟိုကောင်က နောက်နားမှာ ချန်နေခဲ့တာ။ ဂျပ်စတိုက သူ့ဓားကို ထုတ်ပြီး ပစ်ပေးလိုက်တယ်။ ဓားက ချန်ဂါ ရဲ့နားမှ သွားကျတော့ ဟိုကောင်က တွန့်ခနဲ ဖြစ်သွားတယ်။ “ဆောရီး” ကျုပ်က ပြောလိုက်တယ်။ ဓားကို သဲပေါ်မှာ လိုက်စမ်းရတယ်။

“ငါ့ဆီကနေ လွတ်သွားတယ်။ ဒီမှာ၊ ရပြီ”

ကျုပ်လုပ်သလိုပဲ ဒီကောင်လည်း မီးခြစ်ဆံက မီးရောင်နဲ့ ဓားကို စမ်းကြည့်တယ်။ ပြီးတော့ ဘာမှမပြောဘဲ ကျုပ်တို့ကို ပြန်ပေးပြီး  “ဖောင်ကြီး” ဘက်ကို ခြေလှမ်းကျဲကျဲနဲ့ ပြန်ထွက်သွားလေရဲ့။ ခဏလောက် ကျုပ်တို့ ငြိမ်နေကြတယ်။ လေထဲမှာ အနီးအနားက ဝါခင်းတွေရဲ့ အနံ့ကို ရနေတယ်။ မြစ်ရဲ့ တဖက်တချက်မှာ မြို့ရဲ့ မီးရောင်တွေကို တလက်လက် မြင်နေ ရတယ်။ တိတ်တာကဖြင့် အတော့်ကို တိတ်နေတာ။ တချက်တချက်တော့ ခွေးဟောင်သံ ဖြစ်ဖြစ် မြင်းဟီသံဖြစ်ဖြစ် ထွက် ထွက်လာတယ်။

“ရယ်ဒီပဲလားဟေ့” ဟိုဘက်က တယောက်က လှမ်းအော်မေးတယ်။

“ရယ်ဒီပဲ” ကျုပ်က ပြန်အော်လိုက်တယ်။

“ဖောင်ကြီး” နားက အုပ်စုထဲမှာ တိုးတိုး တိုးတိုးနဲ့ ပြောနေကြတယ်။ နောက်တော့ ထော့နဲ့ထော့နဲ့ဖြစ်နေတဲ့ တယောက်က နှစ်ဖက် အမှတ်အသား လုပ်ထားတဲ့နေရာကို လျှောက်လာတယ်။ ငကျိုးက မြေကြီးကို ခြေထောက်နဲ့ လိုက်စမ်းနေတာ တွေ့ရတယ်။ ကျောက်ခဲတွေ တွင်းတွေ ရှိသလားပေါ့။ ဂျပ်စတိုကို ကျုပ်လှမ်းကြည့်လိုက်တယ်။ လီယွန်နဲ့ ဘရီဆီနိုက သူ့ပခုံးပေါ် လက်တွေ တင်ထားကြတ်ယ။ ဂျပ်စတိုက သူတို့ဆီကနေ မြန်မြန်ပဲ လျှောက်ထွက်သွားတယ်။ ကျုပ်အနားရောက်တော့ ကျုပ်ကိုတောင် ပြုံးပြသေးတယ်။ သူဆက်သွားမယ်လုပ်တုံး လီယိုနီဒါ့စ်က ခုန်ထွက်ပြီး သူ့ကို ဖမ်းဆွဲတယ်။ အဘိုကြီးက သူ့ကျောမှာသိုင်းထားတဲ့ ပွန်ချိုကို ချွတ်လိုက်တယ်။ သူက ကျုပ်ဘေးနားတင် ရပ်နေတာ။

“သူ့ကို တစက္ကန့်တောင် အနားကပ်ဖို့ အခွင့်အရေး မပေးလိုက်နဲ့ ”

အဘိုးကြီးက ခပ်ဖြေးဖြေး ပြောတယ်။ သူ့အသံက နည်းနည်းတော့ တုန်နေသလိုပဲ။ “ခပ်ခွာခွာနေ။ သူ့ကို မောလာအောင် လုပ်။ မင်းဗိုက်နဲ့ မျက်နှာကို ကာထား။ လက်ကို တောက်လျှောက် မြှောက်ထား။ ကိုယ်ကို ကိုင်းထား။ ခြေလည်း မြဲပစေ။ လဲသွားရင်လည်း သူမကပ်နိုင်အောင် ကန်သာကန်နေ။ အေး..အေး..သွားတော့။ ယောက်ျားပီပီ ချပစ်လိုက်စမ်းကွာ.…”

လီယိုနီဒါ့စ်ပြောတာတွေကို ဂျပ်စတိုက ခေါင်းအသာငုံ့ပြီး နားထောင်နေတယ်။ ဖက်ပြီး နှုတ်ဆက်ကြမယ်လို့ထင်လိုက်မိပေမယ့် ဘာမှန်းမသိတဲ့ အမူအရာတခုခုပဲ လုပ်ပြတယ်။ အဘိုးကြီးလက်ထဲက ပွန်ချို ယူပြီ လက်မှာ ပတ်သွားတယ်။ သဲပေါ်မှာ ခြေလှမ်းမှန်မှန်နဲ့ လျှောက်သွားတယ်။ သူ့ခေါင်းကိုလည်း မတ်ထားတယ်။

သူ ကျုပ်တို့ဆီကနေ ဝေးသွားတာနဲ့ သူ့ညာလက်ထဲက သတ္တုထည်က အလင်းပြန်ပြီး လက်နေတာ တွေ့ကြရတယ်။ ဂျပ်စတိုက ငကျိုးနဲ့ နှစ်ကိုက်လောက် အကွာမှာ ရပ်လိုက်တယ်။

စက္ကန့်ပိုင်းလောက်တော့ သူတို့ ငြိမ်နေသေးတယ်။ သူတို့ မျက်လုံးထဲကို ကြည့်ခွင့်ရရင် တယောက်နဲ့ တယောက် ဘယ်လောက် မုန်းတီးသလဲဆိုတာ တွေ့ကြရမှာပဲ။

သူတို့ တယောက်နဲ့ တယောက် မျက်ခြေမပြတ် ကြည့်နေကြတယ်။ အင်္ကျီအောက်မှာ ကြွက်သားတွေလည်း တောင့်တင်းလို့။ ညာဘက်လက်က ဓားကို ကျိုးကြေလုမတတ် ဆုပ်ထားကြတယ်။ ခပ်လှမ်းလှမ်းကလည်းဖြစ်နေ နဲနဲလည်း မှောင်နေတော့ သူတို့နှစ်ယောက်ကြည့်ရတာ တိုက်ခိုက်ကြမယ့် လူနှစ်ယောက်နဲ့ မတူဘူး။ အမည်းရောင် အရာတခုခုနဲ့ ထုထားတဲ့ ရုပ်တုနှစ်ခုလိုလို မြစ်ပြင်ပေါ် ပေါက်နေတဲ့ ကာရော့ဘ်ပင် နှစ်ပင်လိုလိုက သဲပေါ်မှာမဟုတ်ဘဲ လေထဲမှာ အရိပ်လာထင် နေသလို ဖြစ်နေတယ်။

တခုခုက ရုတ်တရက် အမိန့်ပေးလိုက်သလိုပဲ သူတို့ တပြိုင်တည်း စပြီး လှုပ်ရှားလိုက်ကြတယ်။

ဂျပ်စတိုက အရင်စတာ၊ ဟိုကောင်က နောက်မှ။

နေရာမှ ရပ်နေရင်းကနေ ဂျပ်စတင်က ဒူးကနေ ပခုံးထိ လှုပ်နေတယ်။ ငကျိုးကလည်း လိုက်လှုပ်တယ်။ သူ့ခြေထောက်တွေကိုတော့ ကားမထားဘူး။ နှစ်ယောက်လုံးရဲ့ ကိုယ်ဟန်က တူတူ ဖြစ်နေတယ်။ ညာလက်ကို ရှေ့ထုတ်ပြီး  ရှေ့နည်းနည်းကိုင်းလိုက်တယ်။ တတောင်ဆစ်ကို အပြင်ဘက်ကို ကားထားတယ်။ လက်တွေကတော့ ရန်သူ့ရဲ့ အလယ်ပိုင်းဆီ ချိန်ရွယ်ထားကြတယ်။ ဘယ်လက်က ပုံမကျပန်းမကျတော့ ဖြစ်နေတယ်။ ပွန်ချိုနဲ့ ပတ်ပြီး မျက်နှာရှေ့မှာ ဒိုင်းလိုကာထားတယ်။  စစချင်းတော့ သူတို့ကိုယ်ခန္ဓာတွေပဲ လှုပ်နေကြတယ်။ သူတို့ခေါင်းတွေ၊ ခြေထောက်တွေ နဲ့ လက်တွေကတော့ မလှုပ်မယှက်ပဲ။ မသိမသာလေးတွေ အရှေ့ကို ကိုင်းလာကြတယ်။  ခါးကိုကိုင်းထားရင်းနဲ့ ခြေထောက်တွေက ရေထဲကို ဒိုင်ဗင်ထိုးမဲ့ ပုံမျိုး ဖြစ်လာတယ်။ ငကျိုးက စပြီး ချတယ်။ ရှေ့ကို ခုန်တက်ပြီး လက်ကို စက်ဝိုင်းပုံ ဝှေ့ယမ်းလိုက်တယ်။ ဂျပ်စတိုကို ထိတော့ မထိဘူး။ ဂျပ်စတိုက ခပ်သွက်သွက်ပဲ ရှောင်လိုက်တယ်။ သူကာ ထားတာကို မချလိုက်ဘဲ ဟိုကောင်ကို ပတ်ချာလည် လှည့်နေတယ်။ သဲပေါ်မှာ အသာရွေ့နေတယ်။ ရွေ့နေတာ ပိုပိုပြီးတော့ဖြင့် မြန်လာနေကြတယ်။

ငကျိုးက သူ့နေရာကနေပဲ လှည့်နေတယ်။ ရှေ့ကို ထပ်ကိုင်းလိုက်တယ်။ သူ့ရန်သူ ရွေ့တဲ့အတိုင်း သူ့ကိုယ်ကို လိုက်ပြီး လှည့်နေတယ်။ မျက်လုံးကလည်း စိတ်ညှို့ခံရတဲ့လူလို မပြတ်လိုက်ကြည့်နေတယ်။

ဘယ်သူမှ မထင်တဲ့ပုံနဲ့ ဂျပ်စတိုက မတ်မတ် ရပ်လိုက်တယ်။ ဟိုကောင့်ကိုယ်ပေါ်ကို တကိုယ်လုံး ပစ်ထည့်ပီး ခုန်ဝင်လိုက် တယ်။ ပြီးတော့ စက္ကန့်ပိုင်းလောက်နဲ့ သူ့နေရာသူ ပြန်ယူလိုက်တယ်။

“ဟေ့” ဘရီဆီနိုက တိုးတိုးပြောတယ် “ဟိုကောင့်ကို ထိုးလိုက်ပြီ”

“ပခုံးပဲ ထိတယ်” လီယိုနီဒါ့စ်က ပြောတယ် “ဒါပေမဲ့ ထိရုံလေးကွ”

ငကျိုးက အသံတောင်မထွက်ဘဲ သူ့နေရာမှာသူ ငြိမ်ငြိမ်လေး လှည့်နေတယ်။  ဂျပ်စတိုကလည်း ငကျိုးကို ပတ်ချာလည် မလှည့်တော့ဘဲ ရှေ့တိုးနောက်ဆုတ်လုပ်နေတယ်။ သူရဲ့ ပွန်ချိုကို ယမ်းနေတယ်။ အဲဒါကို နည်းနည်းချလိုက်ပြီး ကာတော့ ဆက်ကာထားတယ်။ သူ့ရဲ့ကိုယ်ကို ကိုင်းလိုက် ဆုတ်လိုက် လုပ်နေတယ်။ စိတ်ပါနေတဲ့ မိန်းမတယောက်လိုမျိုး သူ့ရန်သူ ကို လမ်းဖွင့်ပေးလိုက် ပြန်ကာထားလိုက် လုပ်နေတယ်။ ဒီကောင့်ကြည့်ရတာ ဟိုကောင့်ကို အာရုံထွေပြားအောင် လုပ်ချင် ပုံပဲ။ ဒါပေမယ့် ငကျိုးက ရင့်လည်းရင့် နပ်လည်းနပ်တယ်လေ။ ဂျပ်စတို ပတ်ချာလည်လှည့်နေတဲ့ထဲကနေ ရှောင်ထွက် သွားတယ်။

အဲဒီတော့ ဂျပ်စတိုက ဒီကောင့်နောက် လိုက်နေသလို ဖြစ်သွားတာပေါ့။ ဂျပ်စတိုက အရှေ့ကိုကိုင်းပြီး ခြေလှမ်းသွက်သွက်နဲ့ လိုက်နေတယ်။ မျက်နှာကိုတော့ လက်ပေါ်က ပွန်ချိုနဲ့ ကွယ်ထားတယ်။ ငကျိုးက အသာနောက်ဆုတ်သွားတယ်။ ခြေကို ရှပ်တိုက်သွားတယ်။ ကိုယ်ကိုယ် ငုံ့လိုက်တာ ဒူးနဲ့ သဲနဲ့တောင် ထိမတတ်ပဲ။ ဂျပ်စတိုက လက်ကို ဆန့်ပြီး နှစ်ချက် လှမ်းထိုးတယ်။ နှစ်ချက်လုံး လေကိုချည်း ထိုးမိတယ်။

“သိပ်မကပ်ရဘူးကွ” လီယိုနီဒါ့စ်က ကျုပ်ကြားရုံလောက် ခပ်တိုးတိုး ပြောတယ်။ အဲဒီအခိုက်မှာပဲ ခုဏက ပိုးတောင့်မာလို့ ဝပ်နေတဲ့ ခပ်ထွားထွား ထော့ကျိုးထော့ကျိုး သဏ္ဍာန်ဟာ ရုတ်တရက် သူ့ပုံမှန်အရွယ်အတိုင်း ပြန်ပြီး မားမားမတ်မတ် ဖြစ်လာလို့ ဂျပ်စတိုလည်း ကျုပ်တို့မြင်ကွင်းကနေ ကွယ်သွားတယ်။  ကျုပ်တို့အားလုံး သုံးလေးစက္ကန့်လောက်တောင့် အ သက်တောင် မရှုနိုင်ဘူး ဖြစ်သွားတယ်။ စိန်ခေါ်ပွဲ စကတည်းက ပထမဆုံးအကြိမ်အနေနဲ့ လေတက်ရင် ထွက်တဲ့အသံမျိုးတသံ ဖြတ်ခနဲ ကြားလိုက်ရတယ်။

ခဏနေတော့ ပိုကြီးတဲ့ အရိပ်ရဲ့ဘေးမှာ နောက်အရိပ်တခု ဖြတ်ခနဲ ပေါ်လာတယ်။ ပိုသေးပေမယ့် ပိုခန့်ညားတဲ့အရိပ်ပေါ့။ ဒီအရိပ်က သူတို့နှစ်ယောက်ကြားမှာ မမြင်ရတဲ့ နံရံတခုရှိနေသလိုမျိုး နောက်ကို နှစ်ခုန်လောက် ဆုတ်သွားတယ်။ ဒီတကြိမ်မှာတော့ ငကျိုးက စပီးလှုပ်ရှားတယ်။ သူ့ညာဘက်ခြေထောက်ပေါ်ကို အားစိုက်ပြီး ဘယ်ဘက်ခြေထောက်ကို ရွှေ့လိုက်တယ်။ ကျုပ်လည်း မျက်စိကို အတင်းပြူးပြဲပြီး အမှောင်ထဲကို ကြည့်ရတယ်။ ဒီရန်သူနှစ်ယောက်ဟာ ချစ်သူတွေလို လုံးခနဲဖြစ်သွားတဲ့အချိန်မှာ ဂျပ်စတိုရဲ့ အရေပြားပေါ် ဘာဖြစ်သွားသလဲသိရအောင်လို့ပေါ့။ “လူချင်းခွာလိုက်ဟေ့” လီယိုနီဒါ့စ်က ခပ်ဖြေးဖြေး ပြောလိုက်တယ် “မင်းဘာလို့ ဒီလောက် အနီးကပ်ပြီး ချနေရတာလဲ”  အံသြစရာကောင်း လောက်အောင်ပဲ။ တိုက်နေတဲ့ လေက အဘိုးကြီးပြောလိုက်တာကို ဂျပ်စတိုဆီ သယ်သွားပေးသလိုမျိုး ဂျပ်စတိုကလည်း ငကျိုးလိုပဲ ခုန်ဆွ ခုန်ဆွ ဖြစ်လာတယ်။ တယောက်နဲ့ တယောက်အလစ်မပေးဘဲနေရာက နှစ်ယောက်လုံး ခံစစ်ပုံကနေ တိုက်စစ်ပုံပြောင်းလိုက်ကြတယ်။ တခါ လျှပ်လက်သလို ခံစစ်ပုံ ပြန်နေရာယူနေကြတယ်။ တယောက်နဲ့ တယောက် ဖိန့်လို့မရဘူး ဖြစ်နေပုံရတယ်။ အခုပဲ ကျောက်ခဲနဲ့ ပေါက်လိုက်တော့မလိုလို ဟန်ရေးပြနေကြတာက တကယ် ချဖို့မဟုတ်ဘူး။ ရန်သူကို စိတ်ရှုပ်အောင် လုပ်ဖို့လောက်ပဲ။ သတိတချက်တလေ လွတ်သွားအောင် လုပ်ဖို့ပဲ။ တခြားတယောက်ကလည်း အလိုလို တုန့်ပြန်မှုလုပ်နေတယ်။ ကျုပ်ကတော့ သူတို့မျက်နှာတွေကို မမြင်ရဘူး။ ကျုပ်မျက်လုံးကို ပိတ်ထားလိုက်မိတယ်။ သူတို့ကို စိတ်ထဲကနေ မြင်ယောင်ကြည့်ရတာက ပိုတောင် ကောင်းနေသေးတယ်။ ငကျိုးက ချွေးတွေပြန်လို့။ နှုတ်ခမ်းကို တင်းတင်းစေ့ထားတယ်။ သူ့ရဲ့ ဝက်လိုမျက်လုံးတွေက အရောင်တောက်နေတယ်။ သူ့အရေပြားတောင် တုန်နေမယ်။ သူ့နှာခေါင်းပြားပြားရဲ့ ထိပ်နှစ်ဖက်ရော နှုတ်ခမ်းကွဲနေတဲ့နေရာပါ မသိမသာ တုန်နေဦးမယ်။  ဂျပ်စတိုကတော့ သူရဲ့ ပုံမှန် သရော်မော်ကားမျက်နှာပေါ် ဒေါသတွေ လွှမ်းနေလိမ့်မယ်။ စိတ်တိုတာရော ပင်ပန်းတာရောကြောင့် နှုတ်ခမ်းတွေ စိုနေလိမ့်မယ်။ ကျုပ်မျက်လုံးကို ပြန်ဖွင့်လိုက်တဲ့ခဏမှာပဲ ဂျပ်စတိုက ဟိုကောင့်ဆီက အရူးလို ခုန်ဝင်သွားတာ တွေ့လိုက်ရတယ်။ သူမျက်နှာရော ကိုယ်လုံးပါ အကာအကွယ်မဲ့နေတယ်။ ဒေါသနဲ့ မချင့်မရဲစိတ်က သူ့ကို မြှောက်ပေးလိုက်ပုံရတယ်။ ရန်သူ့ဆီကို ဝုန်းခနဲ ဝင်ချသွားတယ်။ ရုတ်တရက်ဆိုတော့ ငကျိုးလည်း ကြောင်သွားပုံပဲ။ ခဏလောက်တော့ ဘာလုပ်ရမှန်းမသိ ဖြစ်သွားပုံရတယ်။ သူက အသာရှေ့ကိုကိုင်းလိုက်ပြီး သူ့လက်ကို မြားတစင်းလို ဆန့်ထုတ်လိုက်တယ်။ ကျုပ်တို့ဆီကနေ မမြင်ရပေမယ့် အတွေးထဲမှာ လက်နေတဲ့ ဓားသွားကို မြင်နေမိကြတယ်။ ဂျပ်စတိုရဲ့ အရူးလို တိုက်ကွက်ဟာ အချည်းနှီးတော့ မဖြစ်ဘူးဆိုတာ ကျုပ်တို့ သိလိုက်ရတယ်။ ဆိုင်မိတဲ့အချိန်မှာ ချနေတဲ့ နှစ်ယောက် လုံးဆီက ထွက်လာတဲ့ အော်သံက ညထဲမှာ ပွက်လောရိုက်သွားတော့တယ်။ အဲဒီ ဝုန်းခနဲ ဆိုင်မိကြတဲ့ အခိုက်အတန့်ဟာ ဘယ်လောက်ကြာလိုက်သလဲဆိုတာ ကျုပ်တို့ မသိလိုက်ဘူး။ ဘယ်တော့မှလည်း သိကြတော့မှာ မဟုတ်ဘူး။ ဘယ်အရိပ်က ဘယ်သူဆိုတာ ကျုပ်တို့ ခွဲလို့မရတော့ဘူး။ ဘယ်သူ့လက်က  ဘယ်သူ့ကို ထိုးနေတယ်ဆို တာလည်း မမြင်ရတော့ဘူး။ အော်သံကြီးက ဘယ်သူ့လည်ချောင်းကထွက်လာတာလည်း မပြောပြတတ်တော့ဘူး။ လေထဲမှာ ဓားသွားတွေ တလက် လက်ဖြစ်နေတာပဲ မြင်နေရတော့တယ်။ ဓားသွားတွေက ကောင်းကင်ဆီ မြောက်တက် သွာလိုက်၊ အမှောင်ထဲကို နစ်ဝင် သွားလိုက်။ မြင်ရလိုက် မမြင်ရလိုက်။ မျက်လှည့်ပွဲမှာလို ပေါ်လာလိုက် ပျောက်သွားလိုက်။ ကျုပ်တို့လဲ ပါးစပ်တောင် ပိတ် ချင်မှ ပိတ်မိကြတော့မယ်။ အသက်လည်း ရှုချင်မှ ရှုမိကြမယ်။ မျက်လုံးတွေကတော့ ပြူးထွက်နေမယ်။ ပါးစပ်ကလည်း ဘာတွေမှန်းမသိ တတွတ်တွတ် ရွတ်လို့ပေါ့။ နောက်ဆုံးတော့ လူသားပိရမစ်ဟာ ပြိုကွဲသွားတယ်။ အလယ်ကနေ တခုခုနဲ့ ဖြတ်ချလိုက်သလို ရုတ်တရက် ဟက်တက်ကွဲသွားတယ်။ နှစ်ယောက်လုံးဟာ တခုခုက အနောက် ဘက်ကနေ အား ပြင်းပြင်းနဲ့ တပြိုင်တည်း ဆွဲလိုက်သလိုမျိုး နောက်ကို ပြန်ဆုတ်သွားကြတယ်။ တကိုက်လောက် ခွာပြီး ရပ်နေကြတယ်။ အသက်ကို ပြင်းပြင်းရှုနေကြတယ်။

“ဒီကောင်တွေကို ရပ်ခိုင်းရင်ကောင်းမယ်” လီယွန်ရဲ့အသံထွက်လာတယ် “ဒီလောက်ဆို တော်လောက်ပြီ” ကျုပ်တို့ ဘာမှ မလုပ်နိုင်ခင်မှာပဲ ငကျိုးက ဥက္ကာပျံလို့ ဂျပ်စတိုဆီ ပြေးဝင်သွားတယ်။ ဂျပ်စတိုကလည်း မရှောင်ဘူး။ နှစ်ယောက်စလုံး မြေပေါ်မှာ လုံးထွေးနေတော့တယ်။ လုံးရင်းထွေးရင်း တရွှပ်ရွှပ်နဲ့ လေကို ထိုးမိတဲ့အသံလည်းကြားရတယ်။ အသက်ရှုသံ ပြင်းပြင်းကိုလည်း ကြားနေရတယ်။ ဒီတကြိမ်တော့ ပူးသတ်တာ ခဏလေးနဲ့ ပြီးသွားတယ်။ ခဏလောက် သူတို့ ငြိမ်နေကြ တယ်။ မြစ်ကြမ်းပြင်ပေါ်မှာ စန့်စန့်ကြီး။ အိပ်နေတာ ကျနေတာပဲ။ ကျုပ်လည်း သူတို့ဆီကို ပြေးသွားလိုက်တော့မလို့ပဲ။ ကျုပ်စိတ်ကိုများ သိနေသလား မဆိုနိုင်ဘူး။ လဲနေတဲ့ထဲက တယောက်က ထလာတယ်။ အမူးသမားလို ဒယိမ်းဒယိုင်နဲ့။ လဲပြီးကျနေတဲ့ တယောက်ဘေးမှာ ရပ်နေတော့တယ်။ အဲဒါ ငကျိုးပဲ။

ပူးသတ်ကြတုံးမှာ သူတို့ ပွန်ချိုတွေလည်း လွင့်ကုန်ပုံရတယ်။ ခပ်လှမ်းလှမ်းက အဖုအထစ်တွေနဲ့ ကျောက်တုံးပေါ် ကျနေ တာ တွေ့ရတယ်။

“သွားကြည့်ရအောင်” လီယွန်က ပြောလိုက်တယ်။ ဒါပေမယ့် ဒီတကြိမ်မှာ ကျုပ်တို့အားလုံး မလှုပ်မယှက် ဖြစ်သွားစေမယ့် အဖြစ်က ဖြစ်လာတယ်။ အဲဒါကတော့ ဂျပ်စတိုက အတင်းပြန်ကုန်းထလာတာပဲ။ သူ့ညာလက်ကို အားပြုပြီး ထောက်ထားတယ်။ နောက်လက်တဖက်က မျက်နှာကို ကာထားတယ်။ တခုခုကို မကြည့်ချင်လို့ ကာထားတဲ့ပုံမျိုးနဲ့တောင် တူနေသေးတော့။ သူပြန်ထလာတော့ ငကျိုးက သုံးလေးပေလောက် နောက်ဆုတ်သွားတယ်။ ဂျပ်စတိုက ယိုင်တိုင်တိုင် ဖြစ်နေတယ်။ လက်ကို မျက်နှာရှေ့ကနေတော့ မချဘူး။ နောက်တော့ ကျုပ်တို့ သိပြီးသား အသံတသံကို ကြားရတယ်။ တကယ်တော့ အမှောင်ထဲက ရုတ်တရက်ထွက်လာတာမဟုတ်ရင် ကျုပ်တို့လဲ အဲဒီအသံကို မှတ်မိမှာ မဟုတ်ဘူး။

“ဂျူလီယန်” ငကျိုးက လှမ်းအော်တယ် “မင်းကောင်ကို အရှုံးပေးဖို့ ပြောလိုက်တော့”

လီယိုနီဒါ့စ်ကို ကျုပ်လှည့်ကြည့်လိုက်တယ်။ ဒါပေမယ့် လီယွန်က ကွယ်နေလို့ သူ့မျက်နှာကို မမြင်ရဘူး။ လီယွန်က အတော်ကို တုန်လှုပ်နေတဲ့ပုံမျိုးနဲ့ ကြည့်နေတာကိုပဲ တွေ့ရတယ်။ ကျုပ်လည်း ချနေတာကို ပြန်ကြည့်လိုက်တော့ သူတို့နှစ်ယောက် လုံးခနဲ ပြန်ဖြစ်သွားပြီ။ ဂတ်စတိုရဲ့ စကားတွေကြောင့် ဖြစ်မယ်။ ကျုပ်အကြည့်လွှဲနေတဲ့ခဏမှာ သူ့မျက်နှာကို ကာထားတဲ့ လက်ကိုချပြီး ဂျပ်စတိုက သူ့ရန်သူဆီ ခုန်ဝင်လိုက်တယ်ဖြစ်မယ်။ ထိထားတဲ့ကြားက နောက်ဆုံးအားကို ညှစ်ထုတ်ပြီး ခုန်ဝင်လိုက်တာပေါ့လေ။ သူ့အရှုံးအပေါ် ခါးသီးတဲ့စိတ်နဲ့ပေါ့လေ။ ငကျိုးကတော့ ဒီ စိတ်ပဲရှိပြီး အားမပါတော့တဲ့ တိုက်ခိုက်မှုကနေ နောက်ကို အသာရှောင်ထွက်သွားတယ်။

“လီယိုနီဒါ့စ်” သူက စိတ်တိုနေတဲ့ လေသံနဲ့ ထပ်အော်တယ်။

“ဒီကောင့်ကို အရှုံးပေးခိုင်းလိုက်တော့”

“ပါးစပ်ပိတ်ပြီး ချမှာသာ ချစမ်းကွာ” လီယိုနီဒါ့စ်က ချက်ခြင်း ပြန်အော်တယ်။

ဂျပ်စတိုက တချက်တော့ ထပ်ချဖို့ လုပ်သေးတယ်။ ဒါပေမယ့် ကျုပ်တို့အားလုံး အထူးသဖြင့်တော့ လီယိုနီဒါ့စ်လို အသက် ကြီးပြီး ချိန်းပွဲတွေ အများကြီး ကြည့်ခဲ့ဖူးတဲ့သူမျိုးအတွက်တော့ အခုအချိန်မှာ ဘာမှ လုပ်မရတော့ဘူးဆိုတာ သိနေပြီ။ သူ့လက်က ငကျိုးရဲ့ သံလွင်ရောင်အရေပြားကို ကုတ်ခြစ်ဖို့တောင့် အားမကျန်တော့ဘူး။  သူ့ရဲ့အတွင်းထဲမတော့ ဒေါသ စိတ်က ဆူဝေပြီး သူ့နှုတ်ခမ်းထိ လျှံကျလာတယ်။ နှုတ်ခမ်းတွေ ခြောက်သွေ့ကုန်တယ်။ ဒေါသစိတ်က မျက်လုံးတွေ ပြီး တော့ တကိုယ်လုံးကို လွှမ်းနေပုံပဲ။ ခပ်ဖြေးဖြေးတော့ လှုပ်ရှားနေသေးတယ်။ ကျုပ်တို့ခဏ လောက် ဆက်ပြီးကြည့်နေကြတယ်။ နောက်တော့ အဲဒီအရိပ်ဟာ မြေကြီးပေါ် တုန်းခနဲ လဲကျသွားတော့တယ်။

ဂျပ်စတိုလဲနေတဲ့ဆီ ကျုပ်တို့ ရောက်သွားတော့ ငကျိုးက သူ့လူတွေဆီပြန်သွားပြီ။ နောက်တော့ သူတို့ တအုပ်လုံး စကား တခွန်းမှ မပြောဘဲ ထွက်သွားကြတော့တယ်။ ကျုပ်မျက်နှာကို သူ့ရင်ဘတ်ဆီ ကပ်ကြည့်လိုက်တယ်။ ကျုပ်လက်က အင်္ကျီစုတ် နေတဲ့နေရာကနေ နှိုက်ပြီး သူ့ရင်ဘတ်နဲ့ ကျောကို လိုက်စမ်းနေတုံး ပူနွေးနွေးဟာတွေက ကျုပ်လည်ပင်းနဲ့ ပခုံးကို စိုထိုင်းသွားစေတယ်။ အဲဒီဟာတွေက ကုန်းပေါ်လာတင်နေတဲ့ ဂျယ်လီငါးတကောင်ရဲ့ စိုတိုတို အေးစက်စက် အသေကောင်ပေါ်ကိုတောင်  ပွက်ခနဲ ပွက်ခနဲ သွားကျနေတယ်။ ဘရီဆီနိုနဲ့ လီယွန်က သူ့တို့ ဂျာကင်အကျီတွေကို ချွတ် လိုက်ကြတယ်။ သူ့ကို သေချာ ပတ်ပေးပြီး ခြေနဲ့ လက်ကနေ မကြတယ်။

လီယိုနီဒါ့စ်ရဲ့ ပွန်ချိုကို လိုက်ရှာကြည့်တော့ ခပ်လှမ်းလှမ်းမှာ ကျနေတာ တွေ့ရတယ်။ သူ့မျက်နှာကို မကြည့်ဘဲ လက်နဲ့ပဲ စမ်းပြီး မျက်နှာကို အုပ်ပေးလိုက်တယ်။ လေးယောက်သား  သူ့ကို ပခုံးပေါ် မတင်ပြီး အခေါင်းလိုပဲ ထမ်းလာခဲ့လိုက်ကြတယ်။ ခြေလှမ်းညီညီလှမ်းရင်း မြစ်ကမ်းကနေ အပေါ်ပြန်တက်တက်တဲ့အတိုင်း မြို့ဘက်ကို ဦးတည်ပြီး လျှောက်ခဲ့ကြတယ်။

“မငိုနဲ့ အဘိုးကြီးရေ” လီယွန်က ပြောလိုက်တယ် “ခင်ဗျားသားလောက် သတ္တိကောင်းတဲ့သူ ကျနော်ဖြင့် မတွေ့ဘူးဘူး။ တကယ်ပြောတာ”

လီယိုနီဒါ့စ်က ဘာမှတော့ ပြန်မပြောဘူး။ သူက ကျုပ်နောက်ကဆိုတော့ သူ့မျက်နှာဖြင့် ကျုပ်လည်း မမြင်ရဘူး။ ကတ်စတီ လာဘက်က တဲတွေဆီ ရောက်လာတော့ ကျုပ်က မေးလိုက်တယ်။  “လီယိုနီဒါ့စ်..သူ့ကို ခင်ဗျားအိမ်သယ်သွားရမလား”

“အေး” အဘိုးကြီးက နားမထောင်လိုက်မိတဲ့ပုံမျိုးနဲ့ ဖျတ်ခနဲ ပြန်ဖြေတယ်။

Mario Vargas Llorsa ရဲ့ The Challenge  ကို ပြန်ဆိုပါတယ်။

မိုးဆတ်

 
Illustration by Patrick Bremer


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို, ဘာသာပြန်ကဏ္ဍ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်