မြဇင်ယော် ● သင်းကွဲ

September 22, 2017

● သင်းကွဲ
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၇

ဒီ​ကောင်​​ရောက်​ခါစကတည်းက ကျုပ်​ကြည့်​​နေတာ။ ၁၀ တန်း​ကျောင်းသားတဲ့၊ လူပုံက ​ပျော့တိ​ပျော့ဖတ်​၊ အသားအ​ရောင်​က ဖြူ​ဖျော့​ဖျော့၊ လမ်း​လျှောက်​ရင်​ ခါး​လေးရမ်းရမ်းပြီး နွဲ့နှောင်းနွဲ့နှောင်းနဲ့၊ ပုဆိုး​ခြေဖျားဖုံး​ အောင်​ဝတ်​ပြီးရင်​လည်း ​ခါး​ပေါ်က ပုဆိုး ကလနားကို အောက်​နည်းနည်း ​လျှောချလိုက်​​သေးတယ်​။ ခါးများ​ပေါ်​အောင်​ လုပ်​​နေသလားမသိ။ ထမင်းစားရင်​လည်း ဇွန်းနဲ့မှစားတတ်​သတဲ့။ ကျုပ်​က ​တောသား၊ လက်​နဲ့အားရပါးရ နယ်​ဖတ်​ပြီး စားတတ်​တဲ့​ကောင်​​ဆို​တော့ အထူးအဆန်း။ မင်းဘယ်​ကလဲမေးကြည့်​​တော့ သူလည်း ရွာသားပဲ။ ဘယ်​လို​ကောင်​တုန်းဟ ရွာသားမပီသလိုက်​တာ အံ့​ရော။

သူ့မိဘ​တွေ ​ပြောတာက သူ့မှာ ​သွေးအားနည်း​ရောဂါရှိသတဲ့။ ဆရာရယ်​ သူ့ကို ဂရုစိုက်​​ပေးပါဦး၊ သူက ​သွေးမကြာမကြာ သွင်းရတတ်​တယ်​၊ သူ့မျက်​နှာ​လေး ​ဖျော့နေလား၊ နှုတ်​ခမ်း​လေး​တွေဖြူနေလား အဲ့ဒါ​လေးပဲ သတိထား​နေရတာ။ နှုတ်​ခမ်း​လေး​တွေ ဖြူလာပြီဆိုရင်​ ​သွေးအား​ကောင်းတဲ့ အစားအစာ​လေး​တွေ ဂရုစိုက်​ပြီး ​ကျွေး​ပေးရတယ်​၊ မဟုတ်​လို့က​တော့ ​သွေးသွင်းရ​ရောတဲ့။ အဲ့​တော့ ​သြော်​ သူ့ခမျာ ငယ်​ငယ်​ရွယ်​ရွယ်​​လေးနဲ့ ကျန်းမာ​ရေးချူချာသူ​လေးဆိုပြီး ကျုပ်​က သူ့ကို သိသိသာသာတမျိုး မသိမသာတမျိုး အရိပ်​တကြည့်​ ကြည့်​လုပ်​​နေရတယ်​။

ပထမဆုံး ဒီ​ကောင့်​ကို ကျန်းမာ​ရေးအပြင်​ ​နေပုံထိုင်​ပုံအမူအရာနဲ့ပတ်​သက်​ပြီး အာရုံစိုက်​မိတာက သူ ပန်းကန်​​ဆေးတဲ့​နေရာမှာ ​ပြောတဲ့စကား​ကြောင့်​။ ဒီ​ကောင်​ သူ့ထမင်းပန်းကန်​ သူ​ဆေးရလို့တဲ့ ညည်း​နေတာ။ အိမ်​မှာဆို သူ​ဆေးစရာမလိုဘူး။ အိမ်​ကိုလွမ်းလိုက်​တာတဲ့။ ​နောက်​ သူ့သူငယ်​ချင်း တယောက်​ကလည်း သူ့စကားကို ​ ထောက်​ခံတယ်​။ ကျုပ်​ဆိုတာ ​ကျောင်း​နေပါပြီဆိုကတည်းက ကိုယ့်​ပန်းကန်​တင်​မကဘူး အ​ဖေနဲ့အ​မေပန်းကန်​ပါ ​ဆေး​ပေးလာတာ။ ကျကွဲတဲ့ ပန်းကန်​​ပေါင်းလည်း မ​ရေနိုင်​ဘူး။ အ​ဖေနဲ့အ​မေက ပန်းကန်​ကွဲလည်း မဆူဘူး ဆက်​ခိုင်းတာပဲ။ ၉ နှစ်​သားကတည်းက ကျုပ်​အဝတ်​ကျုပ်​​လျှော်​ဝတ်​တာ။ ကျုပ်​မှတ်​မိ​နေ​သေးတယ်​။ ​ အ​မေက ဒီ​နေ့ကစပြီး ကိုယ့်​အဝတ်​ကိုယ်​​လျှော်​ဝတ်​တော့ဆိုပြီး ​ရွှေဝါဆပ်​ပြာပိုင်း​လေး​ပေးလိုက်​တာ။ အင်္ကျီကိုတိုက်​​တော့ အမြုပ်​​လေး​တွေကထွက်​လာ ကျုပ်​ကသ​ဘော​တွေကျပြီး ဆက်​ဆက်​ပြီးတိုက်​နဲ့ ဆပ်​ပြာခဲအသစ်​က​လေးကို ခပ်​ပါးပါးပဲကျန်​တာ။ ၁၀ နှစ်​သားမှာ မီး​သွေးမီးဖိုနဲ့ ထမင်းအိုးနှပ်​တတ်​​နေပြီ။

အဲ့​တော့ ဒီ​ကောင်​​တွေကို ​တွေ့ရတာ ကိုးလိုးကန့်​လန့်​ဖြစ်​​နေ​ရော။ ဝို…သူတို့ကသူတို့ ငါကငါပဲ ဆိုတဲ့အ​တွေးနဲ့ ကျုပ်​မ​ပြော​တော့ပါဘူးလို့ ကြည့်​​နေတာ မ​နေနိုင်​ဘူးဗျ၊ အူ​တွေက ပွလာတယ်​။ မင်းတို့ အသက်​ဘယ်​​လောက်​ရှိပြီလဲ၊ ဒီအရွယ်​​ရောက်​တဲ့အထိ ကိုယ့်​ပန်းကန်​ကို ​ဆေးမစားကြဘူးလားဆို​တော့ ​ဆေးမစားဘူး ​မေ​မေ​က ထမင်းဟင်းခူး​ကျွေး၊ စားပြီးရင်​လည်း ​မေ​မေပဲ စားပြီးသားပန်းကန်​ ဆေး​ပေးတာတဲ့။ အဝတ်​​တွေဘာ​တွေ​ရော ဆို​တော့ ​မေ​မေ​လျှော်​​ပေးတာတဲ့။ ကျုပ်​ကလည်း စိတ်​ချဉ်​ချဉ်​နဲ့ အီးအီး​ရော ​မေ​မေကုန်း​ပေးတာလားဆို​တော့ ပြုံးပြုံးကြီးလုပ်​​နေတယ်​။ အဲ့လို​ကောင်​။

ပြီး​တော့ ဒီ​ကောင်​ ထမင်းကို ​ပြောင်​​အောင်​မစားဘူး။ ထမင်းနှစ်​လုတ်​ သုံးလုတ်​စာ​လောက်​ ချန်​ ချန်​ထားတယ်​။ ကျုပ်​က ထမင်းမှမဟုတ်​ဘူး အစားအ​သောက်​​တွေ အ​လေအလွင့်​ဖြစ်​တာ မကြိုက်​တဲ့​ကောင်​ဆို​တော့ ဘာလို့ ကုန်​​အောင်​မစားတာလဲ ​မေးကြည့်​ရတယ်​။ အမယ်​ ဒီ​ကောင်​အလာကြီး။ ဒါ ​ကောသလမင်းကြီးကို ဘုရားရှင်​​ ဟောကြားတဲ့ ဝိတ်​​လျှော့နည်း​လေဆရာတဲ့။ ​အေး မင်းက စာဖတ်​တယ်​ ဗဟုသုတရှိတယ်​၊ ငါ တကယ်​ ဝမ်းသာ တယ်​ကွာလို့၊ ဒါ​ပေမဲ့ ဒီလို သွန်​ပစ်​မယ့်​အစား ထမင်းထည့်​စဉ်​ကတည်းက မင်း​အနပ်​တိုင်း လွှင့်​ပစ်​​နေကျ ပမာဏ​လောက်​လေး ​လျှော့​လျှော့ထည့်​ရင်​ ပိုမ​ကောင်းဘူးလားကွာဆို​တော့ ဟုတ်​ကဲ့ တဲ့။ ​တော်​​သေးတယ်​ အ​လျှောက်​​ကောင်းသွားလို့။ ဒီ​ကောင့်​သွားပြီး ခြိုးခြံ​ရေးတရားတွေ သွား​ဟော​နေရင်​ ဒီ​ကောင်​စိတ်​ဝင်​စားမှာ မဟုတ်​ဘူး။ သူလည်း ဖတ်​ပြီးသား​တွေ​လေ။

အဲ့လို စာ​လေးကလည်းဖတ်​၊ ဗဟုသုတ​လေးလည်းရှိ၊ စကား​ပြော​လေးလည်း​ကောင်းဆို​တော့ သူ့ကို သူ့​အောက်​အတန်းက က​လေး​တွေက ​တော်​​တော်​ခင်​ကြချစ်​ကြတာ။ အဲ အခု​ပြောမယ့်​ကိစ္စ မဖြစ်​ခင်​အထိ​ပေါ့။ အဲ့တုန်းက သူရယ်​၊ သူ့သူငယ်​ချင်းနှစ်​​ယောက်​ရယ်​၊ သူ့​အောက်​က အတန်းက က​လေးတယောက်​ရယ်​၊ တစားပွဲထဲမှာ မနက်​စာအတူတူစား​နေကြတာ အ​ကြော်​နဲ့။ တို့လိုက်​ကြ ဆိတ်​လိုက်​ကြပဲ။ ဗြုန်းဆို ဒီ​ကောင်​ထပြီး ကြမ်းပြင်​ ဖ​နောင့်​နဲ့​ပေါက်​၊ ပါးစပ်​ကလည်း မင်းေ-ာက်​စည်းကမ်းမရှိဘူး၊ ​​တော်​​တော်​မိုက်​ရိုင်းတဲ့​ကောင်​၊  ​ခွေး​တောင်​စားခွက်​မလုဘူး၊ ​မင်းက ခွေး​လောက်​​တောင်​ အဆင့်​မရှိဘူးတဲ့ ထကြမ်း​ရော။ ကျုပ်​ဗျာ လုံးဝ​မျှော်​လင့်​ မထား​တော့ အံ့သြပြီး ရုတ်​တရက်​စကားရှာမရဘူး။

အဖြစ်​က သူ့​အောက်​အတန်းက က​လေးက သူ့ပန်းကန်​ထဲက အ​ကြော်​တကိုက်​ နှိုက်​စားလို့တဲ့​လေ။ ထမင်း​တွေ​ရော ကျန်​တဲ့အ​ကြော်​ရော အကုန်​သွန်​ပစ်​တာ။ ကျုပ်​ ​တော်​​တော်​စဉ်းစားပြီး မင်းတို့အချင်းချင်း စကြ ​နောက်​ကြနဲ့​နေတာ​တွေ့​တော့ ငါဝမ်းသာ​နေတာကွာလို့၊ က​လေးက မင်းကိုခင်​လို့ ချစ်​လို့ စတာပါ၊ လုစားချင်​တဲ့စိတ်​ မဟုတ်​ပါဘူးလို့၊ အစကတည်းက မင်းတို့ချင်းမခင်​ရင်​ သူ ဘယ်​လုပ်​မှာလဲလို့၊ မင်း စကားကို အဲ့လို ရင့်​ရင့်​သီးသီးမသုံးသင့်​ပါဘူးလို့၊ မင်း​ပြောတာမဟုတ်​ဘဲ မင်းခံရတာဆို ဘယ်​လို​နေမလဲ စဉ်းစားကြည့်​ပါ ဦးလို့၊ မင်းကို ချစ်​ကြခင်​ကြတာ ဒီအ​ပြော​လေး​ကြောင့်​ပဲ အခုဒီအ​ပြော​လေး​ကြောင့်​ပဲ မင်​ကို စိတ်​ခုကြ​တော့မယ်​လို့၊ အတတ်​နိုင်​ဆုံးစိတ်​ကိုထိန်းပြီး သူ့ကို​ပြောပြရတယ်​။ နှိုက်​စားတဲ့က​လေးကိုလည်း သား​ရေ ..လူ​တွေက စရိုက်​အမျိုးမျိုးရှိတယ်​ကွ၊ အာဃာတ မထားပါနဲ့လို့၊ သူမကြိုက်​မှန်းသိပြီဆို​တော့ ​နောက်​မစပါနဲ့ကွာ လို့ ​ချော့​မော့ရတယ်​။ အဲ့​နောက်​ သူ့နားကို က​လေး​တွေ မကပ်​ကြ​တော့ဘူး။

တခါကြီးကလည်း ကျုပ်​က စာစစ်​​နေတာ။ ဒီ​ကောင်​ရယ်​ ၁၀ တန်း Repeater ​ကောင်​ရယ်​က စာပြမလို့ ​စောင့်​​ နေကြတာ။ ကျုပ်​မျက်​စိထဲ ဒီ​ကောင်​ လက်​လှုပ်​လိုက်​တာ ရိပ်​ခနဲ မြင်​လိုက်​တယ်​။ Repeater ​ကောင်​က မျက်​နှာ ရှုံ့မဲ့မဲ့နဲ့ ဗိုက်​နှိပ်​ပြီး ကုန်း​နေပြီ။ ကျုပ်​ မသင်္ကာတာနဲ့ မင်းမဟုတ်​လား မင်း ဘာလုပ်​လိုက်​တာလဲဆို​တော့ တံ​တောင်​နဲ့ တွက်​လိုက်​တာတဲ့။ ဘာလို့တုန်းကွ ဆို​တော့ သား နားရွက်​ဖျားကို လက်​နဲ့​တောက်​လို့တဲ့။ မင်းကွာလို့ ဒါပဲ ​ပြောနိုင်​​တော့တယ်​။ ဟို​ကောင့်​​မေးကြည့်​​တော့ ရင်​ညွန့်​ရိုးကို တွက်​မိတာတဲ့။ ကျုပ်​ကလည်း ဒီ​လောက်​က​လေး​တောင်​ သည်းမခံနိုင်​တဲ့​ကောင်​ဆိုပြီး စိတ်​ကတို​ရော။ ဒါ​ပေမယ့်​ စိတ်​ထိန်းလိုက်​တယ်​။

သူ့ကို ​ပြောပြရာမ​ရောက်​ဘဲ ဒီလို ​ဒေါသထွက်​ရတယ်​ကွ လို့သင်​​ပေးလိုက်​သလို ဖြစ်​မှာစိုးလို့။

မင်းကိုခင်​လို့ စတာပါလို့ သ​ဘောမထားနိုင်​ဘူးလား ဆို​တော့ ခဏခဏ စ ​နေလို့တဲ့။ ​အေး အဲ့ဒါကို လက်​မသုံးဘဲ တခြားနည်းနဲ့ မစ​အောင်​လုပ်​လို့မရဘူးလားဆို​တော့ ရတယ်​တဲ့။ စတဲ့​ကောင်​ကိုလည်း ဒီ​ကောင့်​ကို မစပါနဲ့ကွာ၊ မင်းတို့အချင်းချင်း ရန်​များကြမှာစိုးလို့ပါ၊ မင်းကခင်​လို့စတာ မှန်​​ပေမယ့်​ သူက မကြိုက်​ရင်​ ​ပျော်​စရာ မ​ကောင်း ဘူး​လေကွာလို့ ​ပြောပြလိုက်​ရတယ်​။ သက်​သာသွားတာက စတဲ့​ကောင်​က ချွတ်​တီးချွတ်​​နောက်​ ​ပျော်​​ပျော်​​နေ တတ်​​ကောင်​မို့။ စိတ်​ဆတ်​တဲ့​ကောင်​ဆိုလို့က​တော့ ဒီ​ကောင်​ကွဲပြီ။ အဲ့ကိစ္စ​နောက်​ ဒီ​ကောင့်​ကို စကြ​နောက်​ကြသံ မကြားရ​တော့ဘူး။ ၁၀ တန်း Repeater ​လေး​တွေနဲ့ ခပ်​တန်းတန်းဖြစ်​သွားတယ်​။

တခါသားကလည်း ​ကျောင်းသားနှစ်​​ယောက်​ စကားများ​နေကြတာတဲ့။ များ​နေတုန်းက မသိလိုက်​ဘူး များပြီးမှ သိတာ။ ​ယောက်ျား​လေး​တွေဆို​တော့လည်း ​နေရာတကာ လိုက်​​ပြောမ​နေချင်​လို့ မသိလိုက်​မသိဖာသာပဲ ​နေ လိုက်​တယ်​။ အဲ ​နောက်​ နှစ်​ရက်​​နေ​တော့ “ခွပ်​-ခွပ်​-ဘတ်​-ခွပ်​-​ဖောင်း-ခွပ်​” ဆိုပြီး အသံ​တွေ ဆက်​တိုက်​ကြား တာ၊ စကြားကတည်းက ​ပြေးလာတာ ဒီ​ကောင်​နဲ့ သူ့သူငယ်​ချင်းတယောက်​နဲ့ ​ရေချိုးတဲ့​နေရာမှာ အင်္ကျီကျွတ်​ကြီးတွေနဲ့ထိုး​နေကြတာ။ ကြားက ​ကျောင်းသား​တွေ ဝိုင်းဖျဉ်​​နေကြလို့ အချင်းချင်း ထိန်းကြပါ​စေဆိုပြီး ကျုပ်​ ရပ်​ပဲကြည့်​​နေလိုက်​တယ်​။

ပြီး​တော့ ဖြစ်​​ကြောင်းကုန်​စင်​ကို ကာယကံရှင်​​တွေ တယောက်​ချင်းစီ သီးသန့်​​​ခေါ်မေး၊ အနားမှာရှိ​နေ တဲ့ ​ကျောင်းသားနှစ်​​ယောက်​ကို​လည်းမေး။ အ​ကြောင်းရင်းက အရင်​​နေ့က စကားများကြတာကို အ​ခြေခံတယ်​။ စကားက ဘာလို့များတာလဲဆို​တော့ ဒီ​ကောင်​ သူလှန်း​နေကျ အဝတ်​တန်း​ပေါ် သူ့ သူငယ်​ချင်းက လာလှန်းလို့ တဲ့။ ဒီ​ကောင်​နဲ့ စကား​ပြောလှည့်​မှာ မင်းလှန်း​နေကျ​နေရာ သူ လှန်းလို့မရဘူးလားဆို​တော့ သားလှန်းစရာ ​နေရာ မရှိဘူး​လေတဲ့။ ဟာ သည့်​ပြင်​​နေရာ​တွေ ဟိုမှာ အကျယ်​ကြီးဆို​တော့ သားက လှန်း​နေကျ​နေရာပဲ လှန်းတတ်​တာတဲ့။ မင်းက ဒီအ​ဆောင်​မှာ တသက်​လုံး​နေမှာလားလို့ ဆို​တော့ ​ခေါင်းရမ်းတယ်​။ လှန်း​နေကျနေရာမှာပဲ လှန်းတတ်​တယ်​ဆို ​နောက်​နှစ်​ မင်းအိမ်​ မင်းပြန်​​ရောက်​ရင်​၊ ​နောက်​  ၁၀ တန်း​အောင်​လို့ တက္ကသိုလ်​တက်​ရင်​ ဒီ​နေရာကိုပဲ လာလှန်းမှာလားဆို​တော့ မဟုတ်​ဘူးတဲ့။ မင်းကွာ ဒီမှာအလွန်​ဆုံး​နေရလှ ၁၀ လ ပါကွာလို့၊ အားလုံးက မိဘကိုခွဲပြီး ​ခေတ်​စနစ်​အရ ပညာ​ရေး​ကြောင့်​သာ ဒီမှာလာ​နေကြရတာပါလို့၊ အနီးကပ်​​စောင့်​​ရှောက်​မယ့်​ မိဘမရှိကြတာချင်းအတူတူ၊ အချင်းချင်းပဲ ပြန်​​စောင့်​​ရှောက်​ကြရတာလို့ ​ပြော​တော့ ငြိမ်​​နေတယ်​။

ပြောပါဦး မင်းက စထိုးတာလား မင်းသူငယ်​ချင်းက စထိုးတာလားဆို​တော့ သားက စထိုးတာတဲ့၊ ဘယ်​နှချက်​ ထိုးမိလဲဆို​တော့ ၄ ချက်​တဲ့။ ဟို​ကောင်​က ဘယ်​နှချက်​ပြန်​ထိုးလဲ ဆို​တော့ နှစ်​ချက်​တဲ့။ အဝတ်​လှန်းရမယ့်​​ နေရာ​လေးအတွက်​ မင်းတို့​ပေးဆပ်​ရတာ မများဘူးလားလို့၊ လှန်းမှာကလည်း အင်္ကျီ​လေး ၂ ထည်​၊ ပုဆိုး​လေး ၁ ထည်​ရယ်​ပါလို့၊ မျှပြီး လှန်းလိုက်​ရင်​​တောင်​ လှန်း​လောက်​ပါတယ်​လို့ ။ ဒီ​ကောင်​ ဘာမှ မ​ပြောဘူး ငြိမ်​နေတယ်​။

ကျုပ်​ကလည်း သူငြိမ်​​နေတာ အခွင့်​အ​ရေးယူပြီး ငါ တက္ကသိုလ်​တက်​တုန်းက အ​ဆောင်​မှာ​နေခဲ့ရင်း ထမင်းစား ခါနီး ထမင်းပန်းကန်​​ပျောက်​၊ လိုက်​ရှာ​တော့ မ​ဆေးဘဲထားထားတာ ပြန်​​တွေ့ဖူးတယ်​။ စိတ်​​တော့ဆိုး​ပေမယ့်​ ကိုယ်​က စားချင်​လှပြီဆို​တော့ တရားခံရှာချိန်​မရဘူး ကိုယ့်​ဘာသာ ​ဆေးစားလိုက်​ရတာပဲ၊ အပြင်​ထွက်​ခါနီး ဆိုင်​ကယ်​ဦးထုပ်​သူများယူသွားလို့၊ တခါတ​လေ ဆိုင်​ကယ်​ယူသွားလို့၊ ယူသွားရုံတင်​မကဘူး တချို့ဆို ဘီး​ပေါက်​တာ ကို ဆိုင်​ရှာမဖာဘဲနဲ့၊ အဲ့ထက်​ဆိုးတဲ့လူ​တွေဆိုရင်​ မဖာတဲ့အပြင်​ တွန်းရမှာ​ကြောက်​လို့ ​ပေစီးလာကြတာ​ တွေ့ဖူး တယ်​၊ ကိုယ်​ထည့်​ထားတဲ့ အဆီ​ပြောင်​ပြီး ကိုယ်​သွားချိန်​ကျ​တော့ အဆီဆိုင်​​ရောက်​တဲ့အထိ တွန်းသွားရတာ၊ ကိုယ့်​အဝတ်​​လျှော်​ဇလုံ ယူသုံးပြီး အဝတ်​စို​တွေ မလှန်းခဲ့ ကိုယ်​သုံးချင်​​တော့ ကိုယ်​က လှန်း​ပေးလိုက်​ရတာ၊ အိမ်​ကပို့​ပေးတဲ့ အ​ကြော်​အ​လှော်​​တွေ ဘယ်​​လောက်​များများ အလွန်​ဆုံး ၁ ရက်​ပဲ စားရတာ​တွေ မကြာမကြာကြုံရတယ်​။ ကိုယ်​တင်​ပဲလား ဆို​တော့ မဟုတ်​ဘူး။ တချို့သူငယ်​ချင်း​တွေလည်း ကြုံကြရတာပဲ။ မင်းလိုသာ ရန်​လိုက်​ဖြစ်​​နေမယ်​ဆိုရင်​ ဘယ်​သူမှ ဘယ်​သူနဲ့မှ တည့်​ကြမှာမဟုတ်​ကြဘူး။ မိ​ပေါင်းသား အများနဲ့​နေကြတာ သည်းခံပြီး​နေကြရတာပဲလို့။

ငါ ​မှော်​ဘီမှာရှိတဲ့ ဆရာ​တော်​အရှင်​​ဆေကိန္ဒရဲ့ ၁၆နှစ်​-၂၅နှစ်​၊ နှစ်​ညအိပ်​ သုံးရက်​ ယဉ်​​ကျေးလိမ္မာတရားစခန်းဝင်​တာ၊ လူ ၁၄၀၀ ​ကျော်​တယ်​လို့၊ ဆရာ​တော်​ကြီးက ပထမဦးဆုံး ငါတို့​တွေကို နှစ်​ဖက်​မြင်​တတ်​ဖို့ စသင်​တာလို့၊ ပိုက်​ဆံရှိတဲ့လူ သားသမီး၊ အရာရှိအရာခံသားသမီး၊ ငါတို့လို နယ်​ကလူ​တွေ အားလုံး ဆင်းရဲချမ်းသာ အရုပ်​အလှအမြတ်​မ​ရွေး တ​ပြေးညီတည်း​နေကြရတာလို့။ ဆရာ​တော်​ကြီးက ​ရှေ့ထွက်​ပြီး မိုက်​ခရိုဖုန်းနဲ့ စကား​ပြောခိုင်း​တော့ တ​ယောက်​​တ​ပေါက်​နဲ့ အရင်​က တခါမှ ဒီလို အများနဲ့မ​နေဖူးဘူး။ ​နေ လည်းမ​နေတတ်​ဘူး၊ အခု ဘုန်းဘုန်း​ကျောင်းမှာ ​နေကြည့်​​တော့ ​ပျော်​စရာ​ကောင်းလို​က်​တာဆိုပြီး ထ​ပြောကြ တာ ကြက်​သီး​တောင်​ ထတယ်​လို့။ ဆရာ​တော်​ကြီးက ငါတို့​တွေကို အများနဲ့​နေရရင်​လည်း ​နေတတ်​​အောင်​၊ တ​ယောက်​တည်း​နေရရင်​လည်း ​နေတတ်​​အောင်​ ​သေချာ​ဟော​​ပြော​ပေးခဲ့တာလို့။  ​ပြောပြသမျှ​တော့ အကုန်​နား​ထောင်​တာပဲ ဘာမှပြန်​မကွန့့်​ဘူး။ အဲ ပြန်​မ​ပြော နားမ​ထောင်​ ဆိုတာလား​ပေါ့။

အမြဲလိုလို စီခနဲဖစ်​လိုက်​ပြီဆို သည့်​ပြင်​တဖက်​က ​ပြောင်းသွားမယ်​၊ ဒီ​ကောင်​ဒိုင်​ခံ။ ဒီ​ကောင်​က လက်​ပါတတ်​တဲ့​ကောင်​ဆို​တော့ ရိုက်​နှက်​ဆုံးမလို့ ဘယ်​လိုမှမဖြစ်​နိုင်​ဘူး။ အဲ ချီးကျူးစရာ​ကောင်းတာက ဒီ​ကောင်​ စာ​တော် ​​တော်​ဖတ်​တယ်​။ များ​သောအားဖြင့်​ ၉ တန်း ၁၀ တန်း က​လေးဆိုတာ စာဖတ်​ရင်​ စာစီစာကုံး စာအုပ်​​လောက်​ဖတ်​တာ။ ဒီ​ကောင်​က ​တွေ့တဲ့စာအုပ်​အကုန်​ဖတ်​တာ။ ထမင်းစားရင်းဖတ်​တယ်​၊ သည့်​ပြင်​အချိန်​လည်း အားရင်​အားသလို ဖတ်​တယ်​။ ​ကျောင်းသွားရင်​လည်း စာအုပ်​ တစ်​အုပ်​ အမြဲထည့်​ထည့်​သွားတယ်​။ မျက်​မှန်​ပါဝါ​တွေ​တောင်​ တိုးလို့။

ပေါင်​သင်းဆက်​ဆံ​ရေးဖက်​မှာ အဲ့လိုဖြစ်​​နေ​ပေမယ့်​ စည်းကမ်းပိုင်းကျ​တော့ သူ့​နေရာမှာ စာအုပ်​က​လေး​တွေ စီ​နေ​အောင်​ ထားတယ်​။ ပုံနှိပ်​စာအုပ်​​​တွေ၊ ​လေ့ကျင့်​ခန်းစာအုပ်​​တွေ၊ အိမ်​စာစာအုပ်​​တွေ၊ အကြမ်းစာအုပ်​​တွေ တကန့့်​စီ ထားတယ်​။ အဲ သူ့စာအုပ်​ထဲ သူများစာအုပ်​လာ​ရောရင်​ မကြိုက်​ဘူး။ အဝတ်​အစားတွေဆို ​သေချာသပ်​သပ်​ရပ်​ရပ်​​လေး ​ခေါက်​ထားတာ၊ သူ့အဝတ်​ပုံထဲ သူများအဝတ်​လာ​ရောရင်​ မကြိုက်​ဘူး။ မကြိုက်​တာက နားလည်​​ပေးနိုင်​​ပေမယ့်​ လက်​ပါ​နေတာက ခက်​တယ်​။ လက်​ကလည်း အလွန်​သွက်​တဲ့​ကောင်​။

စာဆိုလည်း ​ပြောစရာမလို​အောင်​လုပ်​တယ်​။ စာရတဲ့အထဲ ပါတယ်​။ ဒါ​ပေမယ့်​ အချင်းချင်း စာ​တွေ​မေးရင်​ မ​ဖြေချင်​ဘူး။ စာ​ရေးကိရိယာ​တွေ ​ဝေငှမသုံးချင်​ဘူး။

သူ့တကိုယ်​​ရေစာတည်းကြည့်​ရင်​ အပြစ်​ရယ်​လို့ မ​တွေ့တတ်​​ပေမယ့်​ အများနဲ့၊ သူ့သူငယ်​ချင်း​တွေနဲ့ကျ​တော့ စလိုက်​စ​လျော​လေး မ​နေ​ပေးဘူး။ အ​ပေါင်းအသင်းကြားမှာ သာတူညီမျှ၊ မရှိ​ဝေစား မလုပ်​နိုင်​ဘူး။ သူ့စိတ်​မ​တွေ့ဘူးဆိုရင်​ တန်းချဲတာပဲ။

အခုဆိုရင်​ ​ကျောင်းသွားလည်း တစ်​​ယောက်​တည်း ​ငေါင်​စင်းစင်း၊ ​ဈေးသွားရင်​၊ မုန့်​စားထွက်​ကြရင်​လည်း တစ်​​ယောက်​တည်း ​ငေါင်​စင်းစင်း။ စာကျက်​ရင်​လည်း တစ်​​ယောက်​တည်း ​ငေါင်​စင်းစင်း။ သူ့သူငယ်​ချင်း​တွေ၊ သူ့​အောက်​တန်းက က​လေး​တွေကလည်း သူနဲ့ ရင်းရင်းနှီးနှီးမ​ပေါင်းဝံ့ကြဘူး။ တခြားက​လေး​တွေကို သည်းခံခွင့်​လွှတ်​ဖို့ လက်​တွဲ​ခေါ်ကြ​ဖို့ ​ပြောပြထား​တော့ စကားလုံးဝ မ​ပြောဘဲ​တော့ မ​နေကြဘူး။ အရင်​လို ချစ်​ချစ်​ခင်​ခင်​ ရင်းရင်းနှီးနှီး မဟုတ်​ဘဲ လိုအပ်​သ​လောက်​ ​မေးထူး​ခေါ်​ပြောပဲ ဖြစ်​ကုန်​တာ။

ဝါဆိုအခါ ​ကျောင်းပိတ်​တုန်းကများဆို အဖွဲ့လိုက်​ကြီး အိမ်​က လာအ​ခေါ်​ စောင့်​ကြရင်း မိဘ​ အရင်​​ရောက်​လာသူ​တွေက သူ့ကိုလိုက်​ပို့ရမလား၊ လိုက်​လည်​ပါလား၊ သွားနှင့်​ပြီ​နော်​နဲ့ အရင်​ထွက်​သွားတဲ့ လူတိုင်းလိုလိုက နှုတ်​ဆက်​တယ်​။ အခု သီတင်းကျွတ်​အခါ ​ကျောင်းပိတ်​​တော့ သူ့ကို ပြုံးရုံပြုံးပြကြပြီး အူယားဖားယား နှုတ်​ဆက်​မယ့်​သူမရှိ​တော့ဘူး။ သူ့အိမ်​ကို​စောင့်​ရင်း …..သူ တ​​ယောက်​တည်း​ ငေါင်​စင်းစင်း။

မြဇင်​​ယော်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်