သင်းရည်လွင် ● ခေတ်ပေါ် စာမျက်နှာများ

September 23, 2017

● ခေတ်ပေါ် စာမျက်နှာများ
(မိုးမခ) စက်တင်ဘာ ၂၃၊ ၂၀၁၇

၁။
လမ်းတွေ လူပေါ်ပြုတ်ကျလို့ လူတွေက ဘဝပေါ်ပြိုကျလာလို့။ ခေတ်က မနက်ဖန်တွေနဲ့ လိုက်လျောညီထွေမရှိဘူး။ ဒါကို အရသာခံပြီး ရှင်သန်နေကြတာ ပျော်နေတယ်လို့ ထင်နေရတာလည်း အရသာတခုပဲ။

မိုးလင်းရင် မျက်နှာကိုဘာဖြစ်မှာလဲဆိုတဲ့အတွေးနဲ့မျက်နှာသစ်ရတယ်။ ဘာမှမလုံခြုံဘူးလို့ ပြောပြောနေကျ။ သူနောက်ဆုံးသောက်ခဲ့မိတဲ့ကော်ဖီခွက်ကို မမှတ်မိဘူး။ လူတွေက အကျယ်ကြီးအော်ပြောနေကြတယ်။

ခွေးလေခွေးလွင့်တွေတောင် မခက်ခဲတဲ့နေ့မှာ သူတို့ခက်နေကြရတာ စိတ်ပျက်စရာ။ လမ်းထိပ်မှာ ကျုးကျော် ဈေးဆိုင်တွေရဲ့ စိမ်ပြေးတန်း ခုထိ ပွဲကောင်းတုန်း။ ထမင်းတစ်ဖဲ့စာလောက် ခတ်အေးအေးလေး စားချင်ခဲ့တယ်လို့ ချင်ခြင်း တတ်ခဲ့ဘူးတာ နွေရာသီပေါင်း ဘယ်လောက်များပြီ မသိ ။

၂။
အမှန်ဆိုသည့်တရားကို သေချာစေချင်ကြောင်း ဗာဒံပင်အောက် ခုံတန်းလျားပေါ်ထိုင် နေစဉ်ပြောဖို့ပါ စဉ်းစားဖူးသည်။ ရေနည်းသာနွေရာသီများပိုမိုဖွံ့ထွားလာကြောင်း ဖြစ်သည်။ မလိုအပ်ဘဲကြီးရင့်လာသော မာနများကြုံလှီလာတတ်ကြောင်း သိစေချင်သေးသည်။
သည်စကားမျိုး နောက် နှစ်ပေါင်းများစွာ မစိုက်ပျိုးချင်ပါ။
နောက်ထပ် မျက်ရည်များ မစီးစေချင်၍ ဖြစ်သည်။

နေရောင်က စူးရှမှုပိုလာသည်။ အေးချမ်းသောစိတ်ကူးတို့ပူလောင်နေပေမည်။ ဘယ် အချိန် ဆိုက်ကပ်လာမယ်မသိသော သင်္ဘောက အရိပ်အယောင်မျှ မတွေ့သေး။
မျှော်လင့်ခြင်းကမ်းပါးမှာ အလိုဆန္ဒတွေ ပိုမိုထူထပ်လာသည်။

၃ ။
ညရဲ့အဓိပ္ပါယ်မှာ အမှောင်ဖြစ်ခြင်းဆိုတဲ့စကားစုတခုနဲ့ လုံလောက်ပါရဲ့လား။ ညတွင် တိတ်ဆိတ်ခြင်းလျှို့ဝှက်ခြင်း မာယာ များခြင်းတွေအပြင် စိတ်စေရာလွင့်ပါးနိုင်ခြင်းတို့ပါဝင်ကြောင်း ပြောပြချင်နေသည်။
အိပ်မက်အသစ်တို့သည် ည၏စကားဝှက်ဖြစ်သည်။
လူငယ်တို့အသံကို ညမှာ ကျယ်လောင်စွာကြားနိုင်သည်။
ညသည် မနက်ဖန်များအတွက် အသင့်ဖျော်ပေးသော ခွန်အားးဖြစ်ပြီး ပုန်းအောင်းနေသော စိတ်တို့ဖြေရာတခုလည်းဖြစ်သည်။

မှော်ဆန်သောအချိန်များ ပိုမိုနက်ရှိုင်းလာသည်။ အလိုက်သင့်ကြွေကျနိုး စောင့်မျှော်နေမိသည်လား။ မုတ်ဆိတ်မွှေးလို ရှည် လျားလာသောမြစ်ကို ခေါက်သိမ်းချင်သည်။ လွယ်အိတ်ကိုဘေးတိုက်လွယ်သူတွေပါပဲ။ လူဟာ ဖြစ်ချင်တာတွေထူပြော လွန်းသော တောအုပ်တခုဖြစ်သည်။

၎ ။
သူတို့မျက်နှာတွေမှာ မျှော်လင့်ချက်များ တလက်လက်။ သူတို့လက်တွေမြှောက်လို့ ဝမ်းသာအားရဟစ်ကြွေးလို့။ တစုံတရာ အတွက် သူတို့ကမ္ဘာကြီးကို ကျေးဇူးအထပ်ထပ်တင်လို့။ အခိုက်အတန့်လေးအတွင်း သူတို့ပျော်ရွှင်ခြင်းတွေကြဲပက်လို့။

ဘယ်လောက်ကြာကြာထွန်းညှိနိုင်မလဲ။ သည်မီးအိမ်လေးကိုမငြိမ်းအောင် လေပြင်းတိုက်ခတ်မှုကလွတ်အောင် ဘယ် လောက် စောင့်ရှောက်နိုင်မလဲ။ အနောက်တောင်မှာ ရာသီက ဖောက်ပြန်စပြုလာပြီ။

တချို့အတွေးတွေ ဝေဝါးစေခဲ့ပြီ။ မာန်နတ်ရဲ့ ကျိန်စာများ မိုးလိုပါးပါး ရွာစပြုပြီ။ ရပ်တည် ရာမဲ့နေသောမျက်နှာများအသိုက်ပျက်ဆည်းဆာမှာ ငြိမ်းချမ်းနိုင်ပါ့မလား။
သူတို့တီးတိုးစကားဆိုလာကြတော့မည်။

၅ ။
ဘယ်လိုအခြေနေမျိုးမှာဖြစ်ဖြစ် သွားသုတ်သုတ် စားသုတ်သုတ်မှာ နေသားကျသူ ချည်း ဖြစ်သည်။ လောကသည် အပြော ကျယ်လွန်းပြီး အထနှေးသောကမ္ဘာတခု။
လူတူရာစုပြီး မတူရာလူတွေအကြောင်း ထိုင်ရာမထ ပြောနေသူများ ဖြစ်သည်။
လူငယ်တွေက အမှန်တရားကိုသိချင်ပြီး လူကြီးတွေက အမှန်ကိုသိမ်းထားချင်ကြသည်။ တကယ်တမ်းပြောဆိုကြမယ်ဆိုတော့ လည်း သူတို့ဖြတ်သန်းမှုတို့တွင် အမှန်တရားဆိုသည် ပြောကောင်းဆိုကောင်း စားကောင်းသောက်ကောင်း သရေစာမုန့် တမျိုးသာဖြစ်ကြောင်း သတိပြုမည့်သူ အနည်းငယ်မျှသာရှိပေမည်။

ကိုလိုနီခေတ်ကို အပြစ်တင်နိုင်သည်။ သီပေါမင်း ပါတော်မူပြီးနောက်ဟု ပြောလိုက ပြောနိုင်သည်။ သည်နေ့သည် မနက်ဖန် အတွက် သမိုင်းတပုဒ် ဖြစ်သည်။ အခု ရေးနေ သောသမိုင်းသည် လှပနေလိမ့်မည်ကိုတော့ အာမခံရန် ခက်ခဲလွန်းသည်။

သူတို့သည် ရှေးဖြစ်ဟောင်းကိုသင်ခန်းစာယူသည်။ တသက်တာယူမကုန်နိုင်သော စာမျက်နှာများ။ လူနှင့် အတ္တဒွန်တွဲနေ သမျှ သူတို့စိုက်ခင်းများ ပိုးကိုက်နေပေတော့ မည်။

၆ ။
သူတို့ကစားပွဲဆီ စိတ်ရောက်နေပြီး ကစားပွဲသို့ ဝင်ခွင့်မရသူများဖြစ်ကြောင်း ကိုယ့်အစီအစဉ်နဲ့ကိုယ် ဖြေသိမ့်နေကြသည်။ မိုးကြိုးပစ်တာကို ထန်းလက်နဲ့ကာရန် ဝန်မလေးသူများ ဖြစ်သည်။ နေရောင်သည် စမ်းချောင်းငယ်ထဲသို့ထိုးဖောက်ကျနေသည်။ အလင်းရောင်ကြောင့် ငါးကလေးတွေ ကူးခတ်နေတာ တွေ့နိုင်သည်။ သည် ငါးလေးတွေ အသက်ရှင်နေထိုင်ပုံမျိုး နေချင်သည်ဟု တွေးသည်။

လူတို့သည် ကျင်လည်ရာထဲမွန်းကျပ်လာသောအခါ သည်လိုပေါ့ပေါ့ ပါးပါးတွေးကြသည်။ ဒါသဘာဝမကျပေမယ့် ခဏပျော် သလိုထင်သည်။ သူလည်း တခါက ငါး တကောင်လို ကူးခတ်ဖူးကြောင်း သတိရသည်။ မပြေလည်ခြင်းစီးကြောင်း တခုထဲမှာ ဖြစ်သည် ။

၇ ။
မြစ်ဆိပ်တွင်ထိုင်ရင်း သပွတ်အူမျောတာ တော်သေးသည် တွေးမိသည်။ မွစာကျဲနေသောနာရီများတွင် အချက်ပေးကိရိယာ မတတ်ထားဖို့ စဉ်းစားနေမိသည်။ ဘယ်အချိန်မှန်းမသိတာ တခါတလေ ကောင်းသည် ထင်သည်။

ယက္ကန်းစင်ကလွန်းလို ပြေးပြေးလွှားလွှား အလိုလောဘများ ဘယ်လိုရိတ်သိမ်းရင် ပြီးမလည်း တွေးသည်။
သည်နေ့လည်း အဆင်မပြေ၊ နောက်နေ့တွေလည်း မဲပြာပုဆိုးဖြစ်သည်။ လူများက ကသုတ်ကရက် နိုင်လွန်းသည်။
တချို့က ကမ္ဘာကြီးကို သူဝယ်ထားသလို။ ကျန်သူများအတွက်ဆင်းရဲခြင်း ချန်ခဲ့သည်။
အလင်းရောင်က မှုန်ပျပျ။ အကြီးကြီးပြောပြီး ရုပ်ခံကောင်းဖို့လိုသည်ဟု တယောက် ယောက်က ပြောသည်။

အဝေးမှာ မပြေလည်ခြင်းတွေ သိပ်သည်းနေတုန်း ဖြစ်သည်။

၈။
တကယ်ဆို သည်အသီးကို မစားသင့်ဘူးလို့ တယောက်ယောက် တွေးနေသည်။ စောလွန်းသည် ထင်မိသည်။ ဒါပေမဲ့ သူ့ အလိုအလျှောက် စီးဆင်းခြင်းကို နားလည်ပေးရသည်။ ဒုက္ခသည်စခန်းက ကလေးတယောက်လည်း ဖြဖစ်ချင်ဖြစ်မည်။ ရွှေ့ပြောင်းအလုပ်သမားတယောက် ဖြစ်ချင်ဖြစ်မည်။ မြို့သစ်အစွန်အဖျားက သူတယောက်လည်း ဖြစ်နိုင်သည်။ ဖြတ်သန်းခြင်းဒုက္ခက အတူတူဖြစ်သည်ဟု ပြော ကြသည်။

မိုးကောင်းကင်ကို မထိမှန်းသိသည်။ ရသလောက်သီးပွင့်ဖို့ မျှော်လင့်သည်။ ဝေးတော့ ဝေးနေအုံးမည်။ အတ္တများထုဆစ် ကောင်းနေသမျှ လမသာခဲ့သောညများ လွမ်းနေပေ ဦးတော့မည်။
အဆင်ပြေမှာပေါ့၊ ဖြစ်လာမှာပါ။ သည်အကြောင်းတွေဘယ်တော့မှမတိတ်တဲ့ မီးလိုပါပဲ။ ရပ်ကွက်ထဲမှာ လက်ဖက်ရည်ဆိုင်မှာ အရက်ဆိုင်မှာ ကားဂိတ်မှာ ရယ်ရွှင်နေသော မျက်နှာဖုံးများ ရောင်းကောင်းလွန်းသည်။
လူအများသည် စိတ်ပျက်ခြင်းကို နေ့စဉ်စားနေသည့်ထမင်းလို ကျေကျေနပ်နပ် စားသုံးနေဆဲ ဖြစ်သည်။

၉ ။
ကပျက် ယပျက်များ မင်းမူနေသော နေ့များရှိခဲ့ပြီ။ လူကျယ်တွင်တာ ဖြစ်သည်။ ကိုယ့်ဖဲ ကိုယ်ချိုးတတ်သူတွေ။ အလိုလိုပုပ် အဲ့အဲ့ဖြစ်လာကြောင်း လေထဲ ရနံ့မကောင်းတာ တွေပါလာသည်။ နှာခေါင်းရှုံ့ရင် တချို့မကြိုက်။ သွေးဖြင့်ရင်းသူများ နှာစေး လိုက်ကြပြီ။

ဇာတာကောင်းသူများ ခန့်ညားလို့နေသည်။ လမ်းပေါ်တောင်းရမ်းစားသူများ ပိုမို ထူထပ်၊ အလိုဆန္ဒတောင်ပုံယာပုံ။
ကိုယ်ခံအားနည်းသူထံ ပြင်ပပိုးများ အလုံးအရင်း ချီတက်ကြပြီ။ မြို့ တော်ဦးသိန်းအောင် ရေးခဲ့တဲ့ ပြင်တလင်းသား ငနင်းပြား ဇာတ်ပြန်ကြည့်နေရသည်။

ပွဲက ကြည့်မကောင်း စိတ်ဓာတ်အားနည်းတာပိုမို ခံစားရသည်။
ဘယ်အထိသွားမှာလဲ၊ ရထားက အရှိန်ဖြင့် ခရီးဆက်ရန် ချီတုံချတုံ။ ခုထိ တွဲလဲ ခိုလိုက်နေသူတွေ တောထ။
မြစ်က ဒိုက်သရောတွေ အမှိုက်တွေထည့်ပြီး စီးဆင်းနေသည်။ မိုးမှောင်နေဆဲ ကောင်းကင်အောက်မှာ ဖြစ်သည်။

၁၀ ။
အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်နေမြဲ။
ပြောင်းလဲခြင်းသည် ရွတ်ဆို၍ကောင်းသော စကားတခုသာဖြစ်ကြောင်း နားလည်လာ သည်။ ရေစီးကြောင်းထဲ သူတို့မျောပါ လာကြပြီ။ လာဘ်ပေး လာဘ်ယူ သီချင်းခွေလည်း လူကြိုက် များနေဆဲ။ ထိုင်ခုံပေါ်က သူတွေပြောင်းသွားသည်။ မြစ်ထဲ ရောက် ငါးတွေက အရင်တုန်းက ငါးတွေမဟုတ်ဘူးလို့ငြင်းဆိုရန် စကားမရှိ။

လူအများစုဝေးလာကြပြီ။ မီးရထားက မလာသေး။ ခရီးဝေးသွားမယ့်သူလည်း ပါသည်။ တကယ်ဆို ဤခရီးဝေးနေဆဲ။
မူလတန်း ဖတ်စာတပုဒ် လွမ်းပါသည်။

နေသည် ထန်းတဖျား ကျော်လာပြီ။ အရိပ်အောက် ရောက်သူများ သတိမေ့တတ် ကြောင်း နားလည်ခဲ့သည်မှာ ကြာခဲ့ပြီ။

အမှားကိုသိသော်လည်း ပြင်ရန်ခက်ခဲသော ပုစ္စာများရှိသည်ကို မသိခဲ့လောက်အောင် ညံ့လွန်းခဲ့သည်။

အိမ်ပြန်ချိန်မသိသောသူများ ခပ်စိပ်စိပ် ရွာနေသည်။
ကောင်းကင်မသိသူများ လမ်းမရှိပါ။ ငေးကြည့်နေရပေဦးမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်