Than Win Hlaing – Nu – Attlee Agreement

October 3, 2013

နု – အက်တလီ စာချုပ် (မြန်မာ့လွတ်လပ်ရေး စာချုပ်)
သန်းဝင်းလှိုင်
အောက်တိုဘာ ၃၊ ၂၀၁၃

မြန်မာနိုင်ငံ လွတ်လပ်ရေးသမိုင်းတွင် နု-အက်တလီ စာချုပ်သည် အထူးအရေးပါသော စာချုပ် ဖြစ်သည်။ ထိုစာချုပ်တွင် ဗြိတိသျှအစိုးရက မြန်မာနိုင်ငံကို အချုပ်အခြာ အာဏာပိုင် လွတ်လပ်သော နိုင်ငံအဖြစ် အာဏာလွှဲပြောင်းပေးရာ၌ ပေါ်ပေါက်လာမည့် ပြောင်းလဲမှု ကိစ္စများအတွက် လိုအပ်သော အစီအစဉ်များကို ပြဋ္ဌာန်းထားသည်။ ထို့ကြောင့် ထိုစာချုပ်သည် ၁၉၄၇ ခုနှစ် အင်္ဂလိပ်- မြန်မာစာချုပ်ဟူ၍ လည်းကောင်း၊ မြန်မာ့လွတ်လပ်ရေး စာချုပ်ဟူ၍ လည်းကောင်း ခေါ်တွင်လေသည်။စာချုပ်သက်တမ်းသည် ယခုအခါ(၆၆)နှစ်ရှိပြီဖြစ်သည်။
နု-အက်တလီ စာချုပ်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ဗြိတိသျှအစိုးရက မြန်မာနိုင်ငံ ယာယီအစိုးရအား အာဏာလွှဲပြောင်းပေးအပ်သောစာချုပ် ဖြစ်သည်။ ထိုစာချုပ်ကို ၁၉၄၇ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် အင်္ဂလန်ပြည် လန်ဒန်မြို့တော်၌ ဗြိတိသျှအစိုးရ ကိုယ်စား နန်းရင်းဝန် ကလီမင့်ရစ်ချတ်အက်တလီနှင့် မြန်မာနိုင်ငံ ယာယီအစိုးရ ကိုယ်စား ဝန်ကြီးချုပ် သခင်နု (ယခု ဦးနု) တို့ နှစ်ဦး သဘောတူ ချုပ်ဆို၍ လက်မှတ် ရေးထိုးကြသည်။ ထိုစာချုပ်သည် ၁၉၄၇ ခုနှစ် အင်္ဂလိပ်-မြန်မာ စာချုပ် ဟူ၍လည်း တွင်သည်။ မြန်မာ့လွတ်လပ်ရေး စာချုပ် ဟူ၍လည်း တွင်သည်။
၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ဗြိတိသျှ နန်းရင်းဝန် ကလီမင့်ရစ်ချက် အက်တလီသည် မြန်မာပြည်အား အာဏာလွှဲပြောင်းပေးအပ်ရေးကို  ဆွေးနွေးရန် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဖိတ်ခေါ်ခဲ့လေသည်။ ထိုဖိတ်ခေါ်ချက်အရ ဘုရင်ခံအလုပ်အမှုဆောင် ကောင်စီအဖွဲ့ ဒုတိယဥက္ကဌနှင့် ဖက်ဆစ်ဆန့်ကျင်ရေး ပြည့်သူ့လွတ်လပ်ရေးအဖွဲ့  ဥက္ကဌ ဖြစ်သော ဗိုလ်ချူပ်အောင်ဆန်းသည် မြန်မာနိုင်ငံ ကိုယ်စားလှယ်တော်အဖွဲ့ ခေါင်းဆောင်အဖြစ်ဖြင့် လန်ဒန်မြို့တော်သို့ သွားရောက်၍ ဗြိတိသျှ အစိုးရနှင့် ဆွေးနွေးခဲ့လေသည်။ ထိုဆွေးနွေးပွဲများ အပြီးတွင် ၁၉၄၇ ခုနှစ် ဇန်န၀ါရီလ ၂၇ ရက်နေ့၌ ဗြိတိန်နိုင်ငံ ဘုရင်မင်းမြတ်အစိုးရနှင့် မြန်မာနိုင်ငံဘုရင်ခံ၏  အမှုဆောင်ကောင်စီမှ ကိုယ်စားလှယ်တော်တို့  ဆွေးနွေးတိုင်ပင်ရာမှ  ရောက်ရှိခဲ့သော အဆုံးသတ်ချက်များ ပါဝင်သည့် အောင်ဆန်း- အက်တလီစာချုပ်ကို  ဒေါင်းနင်းလမ်း၊ အမှတ်-၁ဝ တွင် ဗိုလ်ချူပ်အောင်ဆန်းနှင့် နန်းရင်းဝန် အက်တလီတို့သည်  လက်မှတ် ရေးထိုးခဲ့ကြလေသည်။ ထိုစာချူပ်အရ  မြန်မာနိုင်ငံ၏ လွတ်လပ်ရေးသည်  ထိုစာချူပ် ချူပ်ဆိုပြီးနောက်  တစ်နှစ်အတွင်း  အကောင်အထည် ပေါ်လာရမည် ဖြစ်သောကြောင့် ၊ လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံ၏  ဖွဲ့စည်းအုပ်ချူပ်ပုံအခြေခံ  ဥပဒေကို ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့တွင် တိုင်းပြည်ပြုလွှတ်တော်သည်  အတည်ပြု ပြဋ္ဌာန်းခဲ့လေသည်။  ထိုအချိန်တွင်  အောင်ဆန်း- အက်တလီ စာချုပ်အရ  မြန်မာနိုင်ငံအား အာဏာလွှဲပြောင်းပေးအပ်ရန်  ကိစ္စကို  ဆောင်ရွက်ရန်  ရှိသောကြောင့် တိုင်းပြည်ပြုလွှတ်တော်သည်  မြန်မာနိုင်ငံ ယာယီအစိုးရ  ၀န်ကြီးချုပ်သခင်နုသည်  ၁၉၄၇ ခုနှစ် အောက်တိုဘာလအတွင်း  လန်ဒန်မြို့သို့  သွားရောက်ပြီးလျှင်  အထက်အဆိုပါ နု- အက်တလီ စာချုပ်ကို မြန်မာနိုင်ငံ ယာယီအစိုးရ ကိုယ်စား ဗြိတိန်နိုင်ငံနှင့်  ချူပ်ဆို လက်မှတ် ရေးထိုးခဲ့လေသည်။  ထိုသို့လက်မှတ် ရေးထိုးပြီးသည့် နောက်တစ်နေ့တွင် ၀န်ကြီးချုပ်သခင်နုသည်  လန်ဒန်မြို့ ဘီဘီစီ အသံလွှင့်ရုံမှနေ၍  ထိုစာချုပ်နှင့် စပ်လျဉ်း၍  အောက်ပါ မိန့်ခွန်းကို မြွတ်ကြားလေသည်။
“ မြန်မာလွတ်လပ်ရေးကို ဖြစ်မြောက်စေသော အင်္ဂလိပ် – မြန်မာ စာချုပ်သည် မြန်မာရာဇ၀င်တွင်သာမက ကမ္ဘာ့ ရာဇဝင်တွင်ပါ  အခန်းသစ် တစ်ရပ် ဖွင့်လိုက်ခြင်း ဖြစ်သည်။  အကြောင်းကို ဆိုသော်  ယနေ့ အင်ပိုင်ယာ အင်အားစုတစ်ခုသည်  မိမိ အလိုအလျောက်  ခင်မင်ရင်းနှီးလျက်  စိတ်စေတနာကောင်းကို  ထားရှိကာ လက်အောက်ခံ  နိုင်ငံတစ်နိုင်ငံကို အချုပ်အခြာ အာဏာပိုင်  လုံးဝ လွတ်လပ်သော  နိုင်ငံတစ်ခုအနေသို့  ပြန်လည်ထားရှိလိုက် ခြင်းကြောင့်ပင်  ဖြစ်ကြောင်း’’ ။
ထို နု- အက်တလီစာချုပ်အရ  ပြည်ထောင်စု မြန်မာနိုင်ငံသည်  ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက် တနင်္ဂနွေနေ့ နံနက် ၄ နာရီ မိနစ် ၂၀ အချိန်တွင်  လွတ်လပ်ရေးကို  ကြေညာနိုင်ခဲ့လေသည်။ စာချုပ်၏ မူရင်းမှာ ဤသို့  ဖြစ်သည်-
● မြန်မာ-အင်္ဂလိပ် စာချုပ်
ဗြိတိသျှနိုင်ငံ (ဂရိတ်ဗြိတိန်နှင့် အိုင်ယာလန်မြောက်ပိုင်းတို့၏ ယူနိုက်တက်ကင်းဒမ်း) အစိုးရနှင့် မြန်မာနိုင်ငံ ယာယီအစိုးရတို့သည် –
မြန်မာနိုင်ငံအား လွတ်လပ်သော နိုင်ငံဖြစ်စေရမည်ဟု ပြဋ္ဌာန်းလိုက်သော ဥပဒေတစ်ရပ်ကို ဆောလျင်စွာ အတည်ပြုရေးအတွက် ပါလီမန်ကို ပန်ကြားရန် ဗြိတိသျှနိုင်ငံအစိုးရ၏ ရည်ရွယ်ရင်း ဖြစ်သည် ဟူသော အချက်ကို စဉ်းစားကြ၍ လုံးဝလွတ်မြောက်ရေး အတန်းအစား ညီမျှမှု၊ လွတ်လပ်ရေးတို့ ရှိရမည် ဟူသော အချက်တို့ကို အခြေပြုကာ အချုပ်အခြာ အာဏာပိုင် လွတ်လပ်သော နိုင်ငံများ၏ အစိုးရများအဖြစ်ဖြင့် အနာဂတ်ဆက်ဆံရေးတို့ကို ပိုင်းခြားသတ်မှတ်ရန် လည်းကောင်း၊ ဗြိတိသျှနှင့် မြန်မာ နှစ်တိုင်း နှစ်နိုင်ငံတို့၏ ချစ်ခင်ရင်းနှီးမှုနှင့် သိနားလည်မှုတို့ကို ခိုင်ခံတည်မြဲစေရန် ထိုအမှုတို့ကို အဓွန့်ရှည်စွာ ဆက်လက် တည်မြဲစေရန် လည်းကောင်း အလိုရှိကြသည် ဖြစ်သဖြင့် –
ထို့ပြင် –
နှစ်တိုင်း နှစ်နိုင်ငံတို့၏ ဆက်ဆံရေးတွင် ပေါ်ထွက်လာမည်ဖြစ်သော ပြောင်းလဲမှုမှ ပေါ်ပေါက်အပ်သည့် ကိစ္စများအတွက် ပြဋ္ဌာန်းချက်များ ပြုရန်လည်း အလိုရှိသည်ဖြစ်ရာ၊ ဤရည်ရွယ်ချက်ဖြင့် စာချုပ်တစ်ခုကို ချုပ်ဆိုရန် ဆုံးဖြတ်ကြ၍ အခွင့်အရေး အာဏာပိုင်များ အဖြစ်ဖြင့် ခန့်အပ်ခြင်းကို ခံရသော ဗြိတိသျှ အစိုးရအတွက် နန်းရင်းဝန်နှင့် ပဋ္ဌမရွှေတိုက်စိုးဖြစ်သည့် “ကလီမင့်ရစ်ချတ်အက်တလီ” စီ၊အိပ်(ခ်ျ)၊အမ်၊ပီ နှင့် မြန်မာနိုင်ငံ ယာယီအစိုးရအတွက် နန်းရင်းဝန် သခင်နုတို့က အောက်ပါအတိုင်း သဘောတူညီကြလေသည်။

အချက် – ၁
ဗြိတိသျှနိုင်ငံ အစိုးရသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအား လုံးဝလွတ်လပ်သော အချုပ်အခြာ အာဏာပိုင်နိုင်ငံဟူ၍ အသိအမှတ်ပြုသည်။ ဤစာချုပ်ကို ချုပ်ဆိုကြသော အစိုးရတို့သည် နည်းလမ်း ကျနစွာ ယုံမှတ်ခန့်အပ်သော သံတမန်ဆိုင်ရာ ကိုယ်စားလှယ်များကို လဲလှယ်ထားရှိရန် သဘောတူကြသည်။

အချက် – ၂
ပြည်ထောင်အချင်းချင်း ချုပ်ဆိုကြသည့် တည်မြဲလျက်ရှိသော စာချုပ် တစ်စုံတစ်ခုမှ ဗြိတိသျှနိုင်ငံသို့ ကျရောက်သည့် တာဝန်ဝတ္တရားအားလုံးသည် မြန်မာနိုင်ငံနှင့် သက်ဆိုင်သည်ဟု ယူဆလေသမျှ မြန်မာနိုင်ငံ ယာယီအစိုးရသို့ ယခုမှစ၍ အခွင့်အရေးနှင့် အကျိုးကျေးဇူးတို့ကိုလည်း ပြည်ထောင်အချင်းချင်း ချုပ်ဆိုကြသော စာချုပ် တစ်စုံတစ်ခုအရ မြန်မာပြည်နှင့် သက်ဆိုင်သမျှ မြန်မာနိုင်ငံ ယာယီအစိုးရက ယခုမှစ၍ ခံစားနိုင်ရမည်။

အချက် – ၃
ဤစာချုပ် အတည်ဖြစ်လာသော နေ့ရက်တွင် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို အကြောင်းပြု၍ ပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင်ငံသည်လည်း ဖြစ်၍ ဗြိတိသျှအစိုးရ လက်အောက်ခံလည်း ဖြစ်သော သို့တည်းမဟုတ် နောက်နောင်မှ မိမိကိုယ်ကို မိမိ ရွေးချယ်ခြင်းဖြင့် ဗြိတိသျှအစိုးရလက်အောက်ခံ ဖြစ်သည်လည်း မှတ်ယူခြင်း ခံရသောသူသည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ တရားဥပဒေအရ သတ်မှတ်ထားသော နည်းလမ်းနှင့်လျော်ညီစွာ နိုင်ငံခြားသားအဖြစ်ကို ခံယူကြောင်း ထုတ်ဖော် ကြေညာနိုင်သည်။ ထို့ပြင် ထိုသူသည် ထိုသို့ ကြေညာသည်မှစ၍ ပြည်ထောင်စု မြန်မာနိုင်ငံ၏ နိုင်ငံသားအဖြစ်မှ ရပ်စဲရမည်။
မြန်မာနိုင်ငံ ယာယီအစိုးရသည် ဤအချက်ကို ပြဋ္ဌာန်းချက်များ အထမြောက်ရေးအတွက် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပါလီမန်တွင် စောနိုင်သမျှ စောစွာ၎င်း၊ မည်သည့်နည်းနှင့်မဆို ဤစာချုပ် အတည်ဖြစ်လာည်မှစ၍ တစ်နှစ်အတွင်း၌ ၎င်းဥပဒေပြု၍ စီမံဆောင်ရွက်ရမည်။

အချက် – ၎
ကာကွယ်ရေးဆိုင်ရာ ကိစ္စများတွင် ဤစာချုပ်ကို ချုပ်ဆိုကြသော အစိုးရများ၏ ဆက်ဆံရေးကို ၁၉၄၇ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့က အစိုးရ နှစ်ဦးနှစ်ဖက်ကို လက်မှတ်ရေးထိုးကြသော သဘောတူညီချက်ဖြင့် စည်းမျဉ်းသတ်မှတ်ရမည်။ အဆိုပါ သဘောတူညီချက်ရှိ ပြဋ္ဌာန်းချက်များကို ဤစာချုပ်၏ နောက်ဆက်တွဲတွင် ဖော်ပြထားသည်။ ထိုပြဋ္ဌာန်းချက်များသည် ဤစာချုပ်၏ အစိတ်အပိုင်းများအဖြစ်ဖြင့် အကျိုးသက်ရောက် ရမည်။

အချက် – ၅
ဤစာချုပ် အတည်ဖြစ်လာသော နေ့ရက်တွင် အိန္ဒိယနှင့် ပါကစ္စတန်မှတစ်ပါး အခြားနိုင်ငံများတွင် အိုးအိမ်အခြေအမြစ်တည်ရှိသော ဗြိတိသျှလက်အောက်ခံ ဖြစ်သူများအား ပင်ရှင်များ၊ အချိုးကျပင်ရှင်များ၊ ဆုငွေများ၊ မိသားစုဆိုင်ရာ ပင်ရှင်ရံပုံငွေများမှ၎င်း၊ အိုမင်းစာရံပုံငွေများမှ၎င်း၊ ပေးစရာရှိသည်များနှင့် ထောက်ပံ့ငွေများ၊ ခွင့်လစာများနှင့် မြန်မာနိုင်ငံအစိုးရ ဘဏ္ဍာတော်မှဖြစ်စေ၊ မြန်မာနိုင်ငံ အုပ်ချုပ်မှု အခွင့်အာဏာအောက်တွင် ထားရှိသော အခြားရံပုံငွေများမှ ဖြစ်စေ၊ ပေးသင့်ပေးထိုက်သော ငွေများတို့ကို ဤစာချုပ် အာဏာမတည်မီက ထမ်းရွက်ခဲ့သော အလုပ်သမားအားလုံးအတွက် ဤစာချုပ် အာဏာတည်အံ့ဆဲဆဲ ကာလက အသုံးပြုခဲ့သော နည်းဥပဒေများအရ ပေးရန် မြန်မာနိုင်ငံ ယာယီအစိုးရသည် မိမိ၌ တာဝန်ရှိသည်ဟု ထပ်မံဝန်ခံပြုသည်။

အချက် – ၆
အောက်ပါ ပြဋ္ဌာန်းချက်များသည် ဤအချက်တွင် ပါဝင်သော ငွေရေးကြေးရေး ပြဿနာများအတွက် အပြီးသတ် ဖြေရှင်းမှုဖြစ်ကြောင်းကို စာချုပ် ချုပ်ဆိုကြသော အစိုးရတို့က သဘောတူကြသည်။

၁။ မြန်မာနိုင်ငံ ယာယီအစိုးရသည် သိုလှောင်ထားသော စစ်တပ်များဆိုင်ရာ ပစ္စည်းရောင်းရငွေများကို အပြည့်ပေးရန် သဘောတူကြောင်း ထပ်မံ၍ ခံဝန်ပြုသည်။ ထိုပစ္စည်းများတွင် စစ်ဘက်လက်အောက်ခံ မြန်မာနိုင်ငံ မြို့ပြအုပ်ချုပ်ရေးဆိုင်ရာ ပစ္စည်းများ ပါဝင်သည်။ မြို့ပြဆိုင်ရာ မူလအစိုးရကို မထူထောင်ခင်က တည်ရှိခဲ့သော စစ်ဘက်လက်အောက်ခံ မြို့ပြအုပ်ချုပ်ရေးအတွက်  ကုန်ကျသော စရိတ်များကို ဗြိတိသျှနိုင်ငံ အစိုးရသည် မြန်မာနိုင်ငံ ယာယီအစိုးရထံမှ မတောင်းဆိုတော့ပါဟု သဘောတူသည်။

၂။ ဗြိတိသျှနိုင်ငံအစိုးရသည် သာမန်ဘတ်ဂျက်နှင့် နယ်စပ်ဒေသ ဘတ်ဂျက်များထံ၌ ငွေလိုနေသည်ကို ဖြည့်ပေးရန် ထုတ်ချေးခဲ့သော ငွေများအနက် စတာလင်ပေါင်ပေါင်း ၁၅ သန်းကို လျှော်ပစ်ရန် သဘောတူသည်။ ကျန်ငွေများကို ၁၉၅၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ထက် နောက်မကျသော နေ့ရက်မှအစပြု၍ အနှစ် နှစ်ဆယ်မျှ နှစ်စဉ်နှစ်တိုင်း အချိုးတူ အရစ်ကျ မြန်မာနိုင်ငံက ပေးဆပ်ရမည်။ အတိုးကားပေးရန် မလိုချေ။ မြန်မာနိုင်ငံက ပေးရန်ရှိသော အထက်ပါ ကြွေးမီလျှော်ပစ်ခြင်းကို  မြန်မာနိုင်ငံ၏ ငွေရေးကြေးရေး အခြေအနေ ပြန်လည်ထူထောင်လာမှုအတွက် ဗြိတိသျှနိုင်ငံ အစိုးရက အထောက်အပံ့ပြုသည်ဟူသော သဘောအဖြစ်၎င်း၊ မြန်မာနိုင်ငံတွင် ဗြိတိသျှ စစ်ဘက်အုပ်ချုပ်ရေးအတွက် ကုန်ကျခဲ့သော ပစ္စည်းအထောက်အပံ့နှင့် ရာထမ်း၊ မှုထမ်းများ၏ စရိတ်များနှင့် စပ်လျဉ်း၍ ဗြိတိသျှနိုင်ငံ အစိုးရက တောင်းဆိုရန် ရှိသည်တို့ကို အပြီးသတ် ရှင်းလင်းလျှော်ပစ်လိုက်သည် ဟူသော သဘောအဖြစ်၎င်း မြန်မာနိုင်ငံ ယာယီအစိုးရက လက်ခံသည်။

၃။ မြန်မာနိုင်ငံ ယာယီအစိုးရသည် ပရိုဂျက်စီမံကိန်းများ၏ စရိတ်အတွက် ဗြိတိသျှနိုင်ငံအစိုးရက ထုတ်ချေးခဲ့သော ငွေများကို အကုန်အစင် ပြန်လည်ပေးဆပ်ရန် သဘောတူသည်။ (ပရိုဂျက် စီမံကိန်းများတွင် ပြည်သူသုံးပစ္စည်းများဆိုင်ရာ စီမံကိန်း အစရှိသည်တို့ ပါဝင်သည်။) လိုအပ်သော အသုံးစရိတ်ငွေများနှင့် ရင်းနှီးလုပ်ကိုင်သော အရင်းငွေများမှ ပိုလျှံသော လက်ရှိရငွေများမှ၎င်း၊ ပရိုဂျက်များကို ဖျက်သိမ်းရှင်းလင်းသဖြင့် မသုံးဖြစ်သော ငွေများမှ၎င်း လက်ရှိ သဘောတူညီချက်များနှင့် လျော်ညီစွာ ဆက်လက်၍ ပြန်လည်ပေးဆပ်ရမည်။ ထို့နောက် ပေးဆပ်ရန် ကျန်ရှိသေးသော ကြွေးမြီများကို ၁၉၅၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ထက် နောက်မကျသော နေ့မှ အစပြု၍ အနှစ် နှစ်ဆယ်မျှ နှစ်စဉ်နှစ်တိုင်း အချိုးတူ အရစ်ကျ မြန်မာနိုင်ငံ ယာယီအစိုးရက ပေးဆပ်ရမည်။ အတိုးကား ပေးရန်မလို။

၎။ (က) ၁၉၄၂ ခုနှစ် ပဋ္ဌမ မြန်မာနိုင်ငံ စစ်ပွဲတွင် မြန်မာနိုင်ငံ စစ်တပ်များအား ပေးရသော အထောက်အပံ့နှင့် ထိုစစ်တပ်များတွင် ထမ်းရွက်ကြသော ရာထမ်း မှုထမ်းများအတွက် တောင်းဆိုရန် ရှိသော စရိတ်များနှင့် (ခ) စစ်တပ် အစည်းအရုံးများကို ဖျက်သိမ်းသဖြင့် မြန်မာနိုင်ငံ စစ်တပ်များရှိ ရာထမ်း မှုထမ်းများအား အမှုထမ်းခဲ့သည့်အတွက် ပေးရန်ရှိသော ငွေများနှင့် စပ်လျဉ်း၍ ကုန်ကျသည့် စရိတ်ကို ဗြိတိသျှနိုင်ငံ အစိုးရက မြန်မာနိုင်ငံ ယာယီအစိုးရအား ဆက်လက် ထုတ်ပေးရန် သဘောတူသည်။

၅။ ဤသဘောတူညီချက်နှင့်တကွ ၁၉၄၇ ခုနှစ် သြဂုတ်လ ၂၉ ရက် နေ့စွဲပါ ကာကွယ်ရေး သဘောတူညီချက်များက သီးခြား၍ ပြောင်းလဲ သို့မဟုတ် လွှမ်းမိုးလိုက်သည်မှတစ်ပါး ဗြိတိသျှနိုင်ငံ အစိုးရနှင့် မြန်မာနိုင်ငံအစိုးရတို့ ချုပ်ဆိုခဲ့ကြသော ၁၉၄၇ ခုနှစ် ဧပြီလ ၃ ရက် နေ့စွဲပါ ငွေရေးကြေးရေး သဘောတူညီချက်တွင် ပါဝင်သော ပြဋ္ဌာန်းချက်များသည် အတည်ဖြစ်မြဲ ဖြစ်သည်။

အချက် – ၇
(က) ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအာဏာ မတည်မီက နိုင်ငံ၏ အုပ်ချုပ်မှု အခွင့်အာဏာကို သုံးစွဲရာတွင် ပြုခဲ့သောပဋိညာဉ်များအနက် အစိုးရအမှုထမ်းဆိုင်ရာ ပဋိညာဉ်များမှ တစ်ပါး ဗြိတိသျှနိုင်ငံတွင် အိုးအိမ်အခြေအမြစ် ရှိသော ဗြိတိသျှ လက်အောက်ခံ ဖြစ်သူသော်၎င်း၊ မည်သည့်အရပ်ဒေသတွင် မှတ်ပုံတင်ထားသည်ဖြစ်စေ ဗြိတိသျှနိုင်ငံတွင် အိုးအိမ်အခြေအမြစ် ရှိသည့် ဗြိတိသျှ လက်အောက်ဖြစ်သူ အဓိကအားဖြင့် ပိုင်ဆိုင်သော သို့တည်းမဟုတ် စီမံခန့်ခွဲ ကြီးကြပ်အုပ်ချုပ်သော ကုမ္ပဏီသော်၎င်း၊ ပဋိညာဉ်ပြုသူအဖြစ်ဖြင့် ပါဝင်ခဲ့သော ပဋိညာဉ်များသည် သို့တည်းမဟုတ် ပဋိညာဉ်အရ ပုဂ္ဂိုလ်တစ်ဦးဦးဖြစ်စေ၊ ကုမ္ပဏီတစ်ခုခုဖြစ်စေ၊ အခွင့်အရေးကိုသော်၎င်း၊ အကျိုးကျေးဇူးကိုသော်၎င်း၊ ခံစားနိုင်ခွင့် ရခဲ့သော ပဋိညာဉ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အာဏာတည်သော နေ့မှစ၍ ထိုနေ့တွင် ဖွဲ့စည်းသော မြန်မာနိုင်ငံ ယာယီအစိုးရက ပြုဘိသကဲ့သို့ အကျိုးသက်ရောက်ရမည်။ ထို့ပြင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အာဏာ တည်အံ့ဆဲဆဲတွင် မြန်မာနိုင်ငံ ယာယီအစိုးရက လိုက်နာဆောင်ရွက်ရန် ရှိသော ၀တ္တရားအားလုံးနှင့်တကွ ပဋိညာဉ် သဘောအရဖြစ်စေ ၊ အခြားနည်းအရ ဖြစ်စေ ထိုအစိုးရက ခံယူရသော တာဝန်အားလုံးတို့သည် အထက်အဆိုပါ ပုဂ္ဂိုလ်တစ်ဦးဦးနှင့်သော် လည်းကောင်း ၊ ကုမ္ပဏီတစ်ခုခုနှင့်သော် လည်းကောင်း အကျိုးသက်ဆိုင်သည်အထိ မြန်မာနိုင်ငံ ယာယီအစိုးရ အပေါ်သို့ သက်ဆင်းကျရောက်မည်။

(ခ) ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအာဏာ မတည်မီက မြန်မာနိုင်ငံရှိ ပုဂ္ဂိုလ်တစ်ဦးဦး၌သော်၎င်း ၊ အာဏာပိုင်တစ်ဦးဦး၌၎င်း အပ်နှင်းထားခြင်း ခံရသော ပစ္စည်းကိုဖြစ်စေ၊ ထိုပစ္စည်းဆိုင်ရာ အကျိုးသက်ဆိုင်ခွင့်ကိုဖြစ်စေ၊ ထိုရက်မတိုင်မီက ပုဂ္ဂိုလ်တစ်ဦးဦးသော်၎င်း၊ အာဏာပိုင်တစ်ဦးဦးသော်၎င်း၊ ပါဝင်ချုပ်ဆိုသော ပဋိညာဉ်တစ်ခုခုရှိ အကျိုးခံစားခွင့်ကိုဖြစ်စေ၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ် အာဏာတည်ပြီးနောက် မြန်မာနိုင်ငံ ယာယီအစိုးရသို့သော်၎င်း ၊ နောင်ဆက်ခံသော မြန်မာနိုင်ငံအစိုးရသို့သော်၎င်း၊ လွှဲပြောင်းသောအခါ သို့မဟုတ် အပ်နှင်းသောအခါ ဖော်ပြထားသော ဂုဏ်အခြင်းအရာ အဆင့်အတန်းရှိသည့်ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် ကုမ္ပဏီတစ်ခုခုအတွက် ယခင်က ပေါ်ပေါက်ခဲ့၍ တည်ဆဲလည်းဖြစ်သော အခွင့်အရေးများကို ထောက်ထားငဲ့ညှာလျက်သာ ထိုသို့ လွှဲပြောင်းခြင်း သို့မဟုတ် အပ်နှင်းခြင်းကို ပြုရမည်။

အချက် – ၈
အစိုးရ နှစ်ဦးနှစ်ဘက် ကျေနပ်နှစ်သက်လောက်သော ကူးသန်းရောင်းဝယ်ရေးနှင့် ရေကြောင်းခရီး သွားလာရေးစာချုပ်ကို စောနိုင်သမျှ စောစွာ ချုပ်ဆိုရန် ဆုံးဖြတ်ပြီး ဖြစ်သဖြင့် ဤစာချုပ်ကို ချုပ်ဆိုကြသော အစိုးရတို့သည် ဤစာချုပ် အတည်ဖြစ်သော နေ့ရက်မှစ၍ ၂၅ နှစ်မျှသော ကာလအပိုင်းအခြားအတွက် ဖြစ်စေ၊ အထက်ပါ ကူးသန်းရောင်းဝယ်ရေးနှင့် ရေကြောင်းခရီး သွားလာရေး စာချုပ်ကို ချုပ်ဆို လက်မှတ်ရေးထိုး ပြီးသည့်တိုင်အောင် ဖြစ်စေ၊ ဤစာချုပ်၌ ပူးတွဲပါရှိသော အလဲအလှယ် မှတ်ချက်များရှိ အမှတ် ၁၊ ၂၊ ၃ တို့တွင် သဘောစေတနာ ထားရှိသည့်အတိုင်း ကူးသန်းရောင်းဝယ်မှုနှင့် ပတ်သက်သည့် ဆက်ဆံမှုတို့ကို ဆောင်ရွက်ရန် သဘောတူညီကြပြီး ဖြစ်သည်။ သို့ရာတွင် စာချုပ် ချုပ်ဆိုသူ တစ်ဦးဦးက ဤစာချုပ် အတည်ဖြစ်သောနေ့မှစ၍ ၆ လကုန်ဆုံးပြီးနောက် တစ်နေ့နေ့တွင် အဆိုပါ မှတ်ချက်များ၌ ဖော်ပြထားသော ဆောင်ရွက်အပ်သည့် အမှုကိစ္စများကို ပြီးဆုံး ရပ်စဲစေရန် ၃ လ ကြိုတင် အကြောင်းကြားနိုင်သည်။

အချက် – ၉
ဤစာချုပ်ကို ချုပ်ဆိုကြသော အစိုးရတို့သည် လက်ရှိနည်းစနစ်အတိုင်း လေကြောင်း စာပို့ဆောင်ရေးနှင့် ငွေလွှဲဆိုင်ရာ ကိစ္စများပါဝင်သည့် စာပို့ဆောင်ရေးလုပ်ငန်းကို ဆက်လက်ဆောင်ရွက် ထားရှိစေရန် သဘောတူကြသည်။ သို့ရာတွင် အသေးစိတ် ဆောင်ရွက်အပ်သော အချက်အလက်များတွင် အပြောင်းအလဲ ပြုရန် လိုအပ်ပါက စာပို့ဆိုင်ရာ အုပ်ချုပ်ရေးအရာရှိ အချင်းချင်းတို့က စီမံဆောင်ရွက်နိုင်သည်။

အချက် – ၁ဝ
မြန်မာနိုင်ငံတွင် ဗြိတိသျှ အကျိုးတူ နိုင်ငံစုနှင့် အင်ပါယာတို့၏ စစ်သင်္ချိုင်းမြေများနှင့် သို့မဟုတ် စစ်သင်္ချိုင်းများကို ထိန်းသိမ်းစောင့်ရှောက်ရန် အရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ယာယီအစိုးရသည် အင်ပါယာ စစ်သင်္ချိုင်း ကော်မီရှင်အဖွဲ့၌ ပါဝင်သော အစိုးရများနှင့် စာချုပ်ချုပ်ဆို စေ့စပ်ရန် သဘောတူသည်။ ထိုသို့ မစေ့စပ်မီ ကာလတွင် ထိုစစ်သင်္ချိုင်းမြေများနှင့် (သို့မဟုတ်) စစ်သင်္ချိုင်းများနှင့် စပ်လျဉ်း၍ အင်ပါယာ စစ်သင်္ချိုင်း ကော်မီရှင်အဖွဲ့ကိုသာလျှင် အာဏာပိုင်ဟု အသိအမှတ်ပြုရန် သဘောတူသည်။ ထို့ပြင် ကော်မီရှင်အား ဤစာချုပ်၌ ပူးတွဲပါရှိသော အလဲအလှယ် မှတ်ချက်များရှိ အမှတ် ၄ နှင့် ၅ ၌ ဖော်ပြထားသည့် အခွင့်အရေးများကို ပေးအပ်ရန်လည်း သဘောတူသည်။

အချက် – ၁၁
လေကြောင်း သယ်ယူသွားလာရေးနှင့် စပ်လျဉ်း၍ သဘောတူညီချက်ကို ချုပ်ဆို၍ မပြီးသေးမီ ကာလတွင် ဤစာချုပ်ကို ချုပ်ဆိုကြသော အစိုးရတို့သည် လေကြောင်း သယ်ယူသွားလာရေး ကိစ္စများ၌ ယခင်ကကဲ့သို့ပင် အချင်းချင်း ပြုမူကျင့်ဆောင်မည်ဟု သဘောတူကြသည်။ သို့ရာတွင် ဤစီမံချက်ကို တစ်ဦးဦးက ၆ လကြိုတင် အကြောင်းကြားခြင်းဖြင့် ပြီးဆုံးစေနိုင်သည်။

အချက် – ၁၂
ဤစာချုပ်ကို ချုပ်ဆိုကြသော အစိုးရတို့သည် အခွန် နှစ်ထပ်နှစ်လီ ထမ်းဆောင်ရခြင်းကို ရှောင်ရှားနိုင်စေရန် သဘောတူညီချက် တစ်ခုကို စောနိုင်သမျှ စောစွာ ချုပ်ဆိုရန် သဘောတူကြသည်။

အချက် – ၁၃
ကမ္ဘာ့ကုလသမဂ္ဂ၏ ချာတာစာချုပ်အရသော်၎င်း၊ ထိုချာတာစာချုပ်ရှိ အချက် ၄၃ ချက် အရ ချုပ်ဆိုသော အထူးသဘောတူညီချက်များ အရသော်၎င်း၊ စာချုပ် ချုပ်ဆိုကြသူများအနက် တစ်ဦးဦးသို့ သက်ဆင်းကျရောက်သော သို့တည်းမဟုတ် သက်ဆင်းကျရောက်နိုင်သော အခွင့်အရေးများနှင့် ဝတ္တရားများကို ဤစာချုပ်သည် အကျိုးယုတ်စေရန် မရည်ရွယ် ၊ အကျိုးယုတ်စေမည် မဟုတ်။

အချက် – ၁၄
ဤစာချုပ်အရ ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ ဤစာချုပ်ကို အဓိပ္ပာယ် ကောက်ယူခြင်းနှင့်သော်၎င်း စပ်လျဉ်း၍ သဘောကွဲလွဲချက် ပေါ်ပေါက်လာခဲ့သော် ထို့ပြင် သဘောကွဲလွဲချက်ကို စာချုပ် ချုပ်ဆိုသူများသည် တိုက်ရိုက်စေ့စပ်မှုဖြင့် ဖြေရှင်းရန် ပျက်ကွက်ခဲ့သော် ထိုသဘော ကွဲလွဲချက်များကို စာချုပ်ချုပ်ဆိုသူများက အခြားနည်းဖြင့် ဖြေရှင်းရန် သဘောမတူလျှင် ပြည်ထောင်ချင်းချင်း တရားခုံတော်သို့ ထောက်လှမ်း မေးမြန်းရမည်။

အချက် – ၁၅
လက်ခံအတည်ပြုရေး စာချွန်တော်များကို လဲလှယ်ပြီးသည်နှင့် တစ်ပြိုင်နက် ဤစာချုပ်ကို လက်ခံ အတည်ပြုရမည်။ ထို့ပြင် ဤစာချုပ်လည်း အတည်ဖြစ်လာရမည်။ အဆိုပါ လက်ခံအတည်ပြုရေး စာချွန်တော်များ လဲလှယ်ခြင်းကို ဗြိတိသျှနိုင်ငံတွင် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် တင်သွင်းရန် ရှိသည့် သင့်လျှော်သော ဥပဒေနှင့် လျော်ညီစွာ မြန်မာနိုင်ငံ လွတ်လပ်လာသော နေ့တွင် ပြုရမည်။
သက်သေအဖြစ်ဖြင့် အထက်အမည် ဖော်ပြပါ အခွင့်အရေး အာဏာပိုင် ပုဂ္ဂိုလ်တို့သည် ဤစာချုပ်တွင် လက်မှတ်ရေးထိုး၍ မိမိတို့၏ တံဆိပ်များကို ခတ်နှိပ်ကြပြီး ဖြစ်သည်။

၁၉၄၇ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဤစာချုပ်မူနှစ်စောင်ကို လန်ဒန်မြို့တော်၌ ပြုလုပ် ပြီးဆုံးသည်။
(ပုံ) ကလီမင့်ရစ်ချတ်အက်တလီ

(ပုံ) သခင်နု

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments