နေဝင်း(ဘဝတက္ကသိုလ်)-ဘဝတက္ကသိုလ်အစ လမ်းဘေးက-အပိုင်း( ၅ )နှင့် (၆)

September 27, 2017

ဘဝတက္ကသိုလ်အစ လမ်းဘေးက-အပိုင်း( ၅ )(၆)
နေဝင်း(ဘဝတက္ကသိုလ်)

(မိုးမခ)စက်တင်ဘာ ၂၇၊ ၂၀၁၇
 …….
အပိုင်း( ၅ ) စက်တင်ဘာ ၂၀၊ ၂၀၁၇


ဘဝတက္ကသိုလ်ဆိုတဲ့ နာမည်နှင့် အငှားဆိုင်လေးလည်း ဖွင့်ထားပြီ။
ဒီနာမည်နှင့်ပဲ ကာတွန်း ရုပ်ပြလေးတွေလည်း စထုတ်နေပြီ။
အဆင်မပြေတာတွေရှိတယ်ဆိုပေမဲ့ အဆိုးကြီးမဟုတ်သေးဘူး။
ဒါပေမဲ့ ကိုယ်က ရုပ်ပြတွေတင်မကဘူး၊ စာအုပ်လေးတွေလည်း ထုတ်ကြည့်ချင်တယ်။
အဲဒီအချိန်မှာ ကျွန်တော်နှင့်တွဲအလုပ်လုပ်ဖူးတဲ့ ကိုဝင်းတင်တယောက် တနေ့မှာ ကျွန်တော့်ဆီ ပေါက်လာ ပါတယ်။ 

သူနှင့် အလုပ်အတူတူမလုပ်တော့ပေမဲ့ အဆက်အသွယ်တော့ မပြတ်ကြဘူးပေါ့ဗျာ။
သူက ကျွန်တော်စာအုပ်ထုတ်နေတာသိလို့ သူတတ်နိုင်တဲ့ဘက်က ကူညီချင်တယ်လို့ ပြောလာပါတယ်။
အဲဒီအချိန်က စာရေးလည်းကောင်း၊ စာအုပ်လည်းရောင်းရတဲ့ စာရေးဆရာတဦးနှင့် သူရင်းနှီးကြောင်း၊ သူ သာစာမူသွားတောင်းမယ်ဆိုရင် စာရေးဆရာက မပေးဘဲနေမှာမဟုတ်ကြောင်း ပြောပါတယ်။


ကျွန်တော်ကလည်း အဲဒီအချိန်က စာအုပ်တွေသာဖတ်ဖူးပြီး ဘယ်စာရေးဆရာနှင့်မှရင်းနှီးတာမဟုတ်တော့ သွားတွေ့ဖို့ ချိန်းလိုက်ကြပါတယ်။
တိုတိုပြောရရင် သွားတွေ့၊ စာရေးဆရာကလည်း သဘောတူ၊ စာမူခကတော့ တခါတည်း
အပြတ်ပေးရ မယ်၊ စာမူကိုလည်း မကြာခင်အပ်မယ်ဆိုပြီး သဘောတူကြပါတယ်။
စာမူခက ၃၀၀၀၀ ပေးရမယ်၊ သဘောတူရင် သူအမြန်ရေးပေးမယ်လို့ ဆိုပါတယ်။
ခင်ဗျားတို့ စဉ်းစားကြည့်ပါဦး။
၁၉၇၇ – ၇၈ လောက်က ငွေသုံးသောင်းဆိုတာ ခု သုံးသိန်းမဟုတ်ဘူး၊သိန်းသုံးဆယ်လောက် ရှိမယ်၊ အကြမ်းဖျင်းဆိုရင်။
ဒီထက်ကျော်ချင်သာ ကျော်မယ်၊ မအောက်ဘူး။



ကျွန်တော်ကလည်း လူ့လောကအကြောင်း ဘာမှနားလည်သေးတမဟုတ်ဘူး၊
ဒီလောက် နာမည်ကြီး အထင်ကရစာရေးဆရာက လိမ်မယ်လို့ကျွန်တော့်စိတ်ထဲမှာ လုံးဝသံသယမရှိဘူး။ အရှုံးအမြတ်ကတော့ ဖြစ်နိုင်တယ်ပေါ့ဗျာ။
ကျွန်တော်လည်း သူ့ဆီက စာမူမြန်မြန်ရရင် မြန်မြန်ထုတ်မယ်။
ငွေမြန်မြန်ပေါ်အောင် ပြန်ဖော်မယ်ပေါ့ဗျာ။
ဒါပေမဲ့ ဒီလောက်များတဲ့ငွေတွေ ကျွန်တော့်မှာဘယ်ရှိမှာတုန်း။
ကိုယ့်မှာရှိတဲ့ ငွေလေးနှင့် နီးစပ်ရာဆွဲလို့လွဲလို့ရတဲ့ ငွေနှင့်ပေါင်းပြီး ကျွန်တော်ကိုယ်တိုင် သွားပေးလိုက် တယ်။
ဆရာစာမူလေး မြန်မြန်ရေးပေးပါပေါ့ မေတ္တာရပ်ခံရတယ်။
ဒါပေမဲ့ ကိုယ်နှင့်မထိုက်လို့ပဲဆိုဆို၊ အ, လို့ ခံရတယ်ပဲပြောပြော စာမူကတော့ မရတော့ပါဘူး။
စာရေးဆရာရဲ့အိမ်ကို ကျွန်တော်ချောင်းပေါက်မတတ်သွားတယ်၊ စာမူလေးရေးပေးဖို့ အမျိုးမျိုး တောင်းပန် တယ်၊ မရတော့ပါဘူးဗျာ။
သူကမပေးဘူးလို့မပြောပေမဲ့ အကြောင်းအမျိုးမျိုးပြပြီး မပေးဘူး။
ကျွန်တော့်မှာတော့ ကိုယ်ရှာထားတဲ့ငွေ ကိုယ်မသုံးရတဲ့အပြင် သူများဆီကဆွဲထားတဲ့ ကြွေးကိုလည်း ဆပ်ရသေးတယ်။

ဆရာကြီးရွှေဥဒေါင်းရေးသလို ဘဝမှာကြုံတွေ့ရတဲ့ ဆူးကြီးတချောင်းပေါ့ဗျာ။
ဘယ်လောက် ကြိုးစားပမ်းစားလုပ်လုပ် အရာမထင်တဲ့ကိုယ့်ရဲ့ဘဝကိုလည်း စိတ်ပျက်မိတယ်။
ဒီလောကဟာ ငါနှင့် ဘယ်လိုမှမအပ်စပ်ပါဘူးလေဆိုပြီးတော့လည်း စိတ်ဓာတ်တွေ အဝီစိထိထိုးဆင်းသွား တယ်။
ဒီလောက်စိတ်ပျက်စရာ စိတ်ဓာတ်ကျစရာတွေကြုံရဲ့သားနှင့်များ ဘာဖြစ်လို့ ဒီလောကထဲမှာ ဆက်ပြီး ရှင်သန်ချင်ရတာတုန်း။
ဒီအမေးကို ကျွန်တော်ကိုယ်တိုင်လည်း ခုချိန်ထိမဖြေနိုင်ဘူး။
ရှက်ရမ်း ရမ်းတယ်ပဲဆိုဆို ကြောက်ကန် ကန်တယ်ပဲ ပြောပြောကျွန်တော် ဇွတ်ရှေ့တိုးဖို့ ဆုံးဖြတ်လိုက် တယ်။
ဒီလိုနှင့်ပဲ ဘဝတက္ကသိုလ်ဟာ ဒဏ်ရာအနာတရများစွာနှင့် ရှေ့ဆက်ခဲ့ပါတယ်။

(ဒီအကြောင်းတွေကို ကျွန်တော်နှင့် ရင်းရင်းနှီးနှီး
ပေါင်းခဲ့ဖူးသူများတောင် သိပ်မသိကြပါဘူး။ ဘယ်သူဘယ်ဝါဆိုတာကိုလည်း
ထုတ်ဖော်ပြောချင်တဲ့ဆန္ဒ ကျွန်တော့်မှာ မရှိ တော့ပါဘူး။ မေးလည်း
မမေးကြပါနှင့်တော့။
သင်ခန်းစာတခုကတော့ စာရေးဆရာတွေရဲ့စာကိုဖတ်ပြီး လူကိုအကဲဖြတ်လို့ရမယ်လို့ အမြဲမထင်ကြပါနှင့်ခင်ဗျာ။)

အပိုင်း- ( ၆ ) စက်တင်ဘာ ၂၄၊ ၂၀၁၁၇ 

တခါ တခါ စဉ်းစားမိတယ်။
ဘဝဆိုတာ ကျွန်တော်တို့ ငယ်ငယ်ကကစားခဲ့တဲ့ မြွေကစားနည်းနှင့် သိပ်တူတယ်။
မြွေကစားတဲ့အခါ တခါတလေ လှေကားနှင့်တွေ့ပြီး အပေါ်ကို ထောင်တက်သွားတယ်။
တခါတလေ မြွေနှင့်တွေ့ပြီး မမျှော်လင့်ဘဲ အောက်ကိုထိုးစိုက် ဆင်းသွားတတ်တယ်။
မူလအစနားထိအောင် ပြန်ဆင်းသွားတာလည်း ကြုံရတတ်တယ်။

ဘဝတက္ကသိုလ်စာပေကို စတင်မွေးဖွားစဉ်အခါမှာ ရင်ဆိုင်ခဲ့ရတဲ့ အကျပ်အတည်းတွေအပြင် တကယ်တမ်း လုပ်တဲ့ကိုင်တဲ့အခါ ကျွန်တော် အများကြီး ရင်ဆိုင်ခဲ့ရတာကတော့ ဘာမှနားမလည်ဘဲနှင့် ဝင်လုပ်မိလို့ ကြုံရတဲ့ အခက်အခဲတွေက အဆိုးဆုံးပါပဲ။

တကယ် ပြောရမယ်ဆိုရင်လည်း ကိုယ်နှင့် အစိမ်းသက်သက် လောကတခုကိုဝင်ရတဲ့အခါမှာ မျက်စိ သူငယ် နားသူငယ်နှင့် စမ်းတဝါးဝါးဖြစ်ရတာ မဆန်းလှပါဘူး။

ဒီကြားထဲ ဝင်ချင်လို့သာဝင်လာတာ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်တော့လည်း တတ်လို့ဝင်လာတာမဟုတ် ငတ်လို့သာ (ဘဝရပ်တည်မှုအတွက်) ဝင်ရတာဆိုတော့ ကိုယ့်ကိုယ်
ကိုယ် သိမ်ငယ်မှုတွေကိုပါ ရင်ဆိုင်ခဲ့ ရတာပါ။
အခု နှစ်ပေါင်း ၄၀ လောက် ဒီလောကထဲမှာ ကျင်လည်ခဲ့တယ်ဆိုပေမဲ့လည်း ဘယ်တုန်းကမှ ကိုယ့်ကိုယ် ကိုယ် တော်လှတတ်လှတယ်လို့ မထင်ခဲ့ပါဘူး။

ခုခေတ်လူငယ်တွေ ဂျာနယ်လစ်ဇင်သင်တန်းတွေတက်ကြ၊ နိုင်ငံတကာကို သွားရောက်လေ့လာကြ၊ နိုင်ငံ ခြားစာပေတွေ သင်ကြားတတ်မြောက်ကြတာတွေကြည့်ပြီး အားကျမိပါတယ်။
ကျွန်တော်တို့ခေတ်တွေတုန်းက ဒီလိုသင်တန်းတွေလည်း ရှား၊ ရှိရင်လည်း ကျွန်တော်တို့ မတတ်နိုင်နှင့်ဖြစ် သလိုသာ ရုန်းကန်ခဲ့ရပါတယ်။

အဖြစ်အပျက်ကလေးတခုကိုလည်း ဒီနေရာမှာ ပြန်ပြောခွင့်ပြုပါ။

ကျွန်တော် လမ်းဘေးမှာ စာအုပ်ရောင်းနေစဉ်အခါ တက်ချင်လွန်းလို့
နိုင်ငံခြားဘာသာ သင်တန်းမှာ ဂျာမန် ဘာသာသင်တန်းကိုစာရင်းပေးပြီး ညနေပိုင်းသင်တန်း တက်ရောက်ခဲ့ဖူးပါတယ်။

မနက်က စလို့ တနေကုန် လမ်းဘေးမှာဈေးရောင်းပြီးတော့ ညနေကျတော့တခါ ကျောင်းကို ပြေးတက်ရ ပြန်ပါတယ်။
ကျောင်းကပေးလိုက်တဲ့စာတွေကို အိမ်ပြန်ရောက်တော့ ပြန်ဖတ်ရနှင့်ပင်ပန်းလွန်းလို့ အဲဒီသင်တန်းကို လည်း တလလောက်တက်ပြီး ထွက်ခဲ့ရပါတယ်။
ကျွန်တော်ပြောချင်တာက ဘယ်လောက် ပညာလိုချင်ပါသည်ဆိုဆို အခြေအနေကမပေးတော့ မတက်နိုင်ခဲ့ ပါဘူး။
အဲဒီတည်းက ကျွန်တော်လည်း ပညာသင်ကြားတာကို စွန့်လွှတ်လိုက်ပြီး အလုပ်ထဲကိုသာ လုံးဝနှစ်မြုပ်ခဲ့ပါ တော့တယ်။
အကြောင်းဆိုက်လို့ပြောရရင် ကျွန်တော်က အမြဲတမ်းရှင်သန်နေချင်သူပါ။

အဆင်ပြေသည်ဖြစ်စေ အဆင်မပြေသည် ဖြစ်စေ ဘယ်လိုပဲကြုံရကြုံရ လက်မြှောက် အရှုံးမပေးလိုသူပါ။
ရှင်သန်နေတယ်ဆိုရာမှာ ( အင်္ဂလိပ်လို ပြောခွင့်ပြုပါ) survival ဖြစ်နေချင်သူပါ။

အမြဲရှင်သန်နေပြီး အသစ်အသစ်တွေကိုသာ ဖန်တီးထုတ်လုပ်နေချင်သူပါ။
ဒါကြောင့်လည်း နှစ်ပေါင်းများစွာအတွင်းမှာ အဟောင်းတွေကိုမပစ်ပယ်ပေမဲ့ အသစ်ကိုဖန်တီးရတာ ပိုပြီး အရသာ တွေ့ပါတယ်။

ဘဝတက္ကသိုလ်ကို ကျွန်တော်လုပ်နေနိုင်သေးသရွေ့အသစ်အသစ်တွေကို တတ်နိုင်သလောက် မွေးဖွားနေ ချင်ပါတယ်။

ဘဝတက္ကသိုလ်ရဲ့ ပထမဆုံးလုံးချင်း ၊စိုးသိဏ်းရဲ့ စစ္စလီ ရန်ကြွေး စာအုပ်လေး ပထမအကြိမ် ၁၉၇၉ မှာ စတင်ထုတ်ဝေခဲ့တဲ့အကြောင်းလေး ဖော်ပြရင်းနှင့် ကျွန်တော်ရေးခဲ့တဲ့ ဘဝတက္ကသိုလ်အစ လမ်းဘေးက ဆိုတဲ့ ဆောင်းပါးမဟုတ် စာမဟုတ် ရေးချင်ရာရေးခဲ့တဲ့ စာတိုပေစလေးကို အဆုံးသတ်ခွင့်ပြုပါ။
ဖတ်ပေးခဲ့တဲ့ လူအားလုံးကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။
အကြောင်းညီညွတ်ခဲ့ရင် ဘဝတက္ကသိုလ် အစကာလများ၊ စာရေးဆရာများနှင့် ဘဝတက္ကသိုလ်၊ ပန်းချီ ဆရာများနှင့် ဘဝတက္ကသိုလ်၊.. …. …. …. . နှင့်
ဘဝတက္ကသိုလ် စသည်ဖြင့် ဆက်ရေးချင်ပါသေးတယ်။

ဆက်စပ်ဖတ်ရှုရန် …
နေဝင်း (ဘဝတက္ကသိုလ်) ဘဝတက္ကသိုလ် အစ လမ်းဘေးက- အပိုင်း (၁) နှင့် (၂)
http://moemaka.com/archives/60501


နေဝင်း (ဘဝတက္ကသိုလ်) ဘဝတက္ကသိုလ် အစ လမ်းဘေးက- အပိုင်း (၃) နှင့် (၄)
http://moemaka.com/archives/60548
 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာပဒေသာ, ခေတ်ပြိုင်အတွေ့အကြုံ, မြန်မာပြည်တွင်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်