ကျော်ကျော် (မြရည်စမ်း) ● မုန့်ဖိုနဲ့တူတဲ့ အစိုးရ

October 3, 2017

● မုန့်ဖိုနဲ့တူတဲ့ အစိုးရ
(မိုးမခ) အောက်တိုဘာ ၃၊ ၂၀၁၇


မီးပျက်သွားသည့်အချိန်လေးတွင် ကျနော့်အလုပ်များကို ရပ်နားထားပြီး မုန့်ဖုတ်စက်ကို ငေး ကြည့်နေမိပါသည်။ မုန့်ဖုတ်စက်က ဂက်စ်မီးတောက်ဖြင့် အပူပေးကာ အသုံးပြုရသော စက်ဖြစ် သဖြင့် မီးပျက်သောအခါ ဂက်စ်များ မထုတ်လွတ်နိုင်တော့ပါ။ လတ်တလော ထည့်သွင်းထား သော ကိတ်မုန့်အနှစ်ရည်များသည် အရည်အသွေးမီကိတ်မုန့်များအဖြစ်သို့ရောက်နိုင်တော့မည် မဟုတ်။

”နွားသိုးနဲ့မိုး အစိုးမရ” ဟူသည့်စကားပုံလိုပင် ကျနော်တို့ဆီ၌ လျှပ်စစ်မီးသည်လည်း အစိုးမရခဲ့ တာကြာခဲ့ပါပြီ။ လျှပ်စစ်မီး အစိုးမရသည့်အကြောင်းကိုသိထား၍ တရုတ်ပြည်လုပ်မီးစက်နှင့် ဒိုင်နမိုကို အရံသင့်တပ်ဆင်ထားပါသော်လည်း မီးစက်အင်ဂျင်ထဲ ဆီထည့်ဖို့ကိုတော့ ကျနော် မေ့လျော့နေခဲ့သည်။

အင်ဂျင်လည်ပတ်ဖို့လောင်စာလိုအပ်မှန်းသိသော်လည်း ကျနော့်မှာ ပေါ့ဆမိခဲ့ပါ၏။ စီမံခန့်ခွဲမှု များ ညံ့ဖျင်းခဲ့ပါ၏။ အရာရာ၏အစိုးမရဖြစ်တတ်ခြင်းများကို သိပါသော်လည်း မြင်းခွာကို သံစုံ အောင်ရိုက်ဖို့မူ အပျင်းထူခဲ့မိပါသည်။
က​လေးတ​ယောက်​ကို ဒီဇယ်​ဝယ်​ဖို့ အမြန်​လွှတ်​လိုက်​ရပါသည်​။

အစိုးမရ ဖြစ်တတ်သောအရာများထဲတွင် အစိုးရပါသလား မပါသလားဟူ၍တော့ ကျနော် မမှန်းဆတတ်ပါ။ ထိုမျှအထိလည်း နက်ရှိုင်းစွာ ကျနော်မတွေးခေါ်တတ်ပါ။ ကျနော်ကျင်လည်ခဲ့ဖူး ဖြတ်သန်းခဲ့ဖူးရာမှ အမှတ်ရစရာကလေးများကိုသာ ခပ်ပေါ့ပေါ့တွေးခေါ် တတ်ပါသည်။

ကိတ်​မုန့်​​၊ ​ပေါင်​မုန့်​ဖုတ်​သည့်​လုပ်​ငန်းကိုလုပ်​ကိုင်​ခြင်းသည်​ ကျ​နော့်​ဘဝအတွက်​ ဒုတိယ အကြိမ်​ဖြစ်​၏။ လွန်​ခဲ့​သောကာလများကလည်း လုပ်​ကိုင်​ခဲ့ဖူးသည်​။ ယခုလို ဂက်​စ်​မီးဖိုနှင့်​​တော့ မဟုတ်​။ အုတ်​များဖြင့်​တည်​​ဆောက်​ထားပြီး ထင်းနှင့်​မီး​သွေးကို ​လောင်​စာအဖြစ်​အသုံးပြုရ သည့်​ ဂျပန်​ရိုးရာမုန့်​ဖုတ်​ဖိုနှင့်​ လုပ်​ကိုင်​ခဲ့ခြင်းဖြစ်​၏။
xxxx

လွန်ခဲ့သော နှစ်၂၀ နီးပါးက ရွှေဘိုမြို့ ၊ မြိုက်စုရပ်တွင်ရှိသော မုန့်ဖိုကြီးတခုတွင် မမျှော်လင့်ဘဲ ပညာသင်ခွင့်ရခဲ့ပါသည်။ ထိုအချိန်ကာလက မုန့်ဖုတ်ပညာသင်ကြားဖို့ဆိုသည်မှာ ယခုနေခါလို မလွယ်ကူလှ။ အရာရာသည် တံခါးပိတ်ဝါဒနှင့် မကွာရှင်းနိုင်ကြသေး။ မုန့်ဆရာများ မုန့်ဖုတ်ရန် ဆေးစပ်လျှင်ပင် အခန်းတံခါးပိတ် ဆေးစပ်ကြသည့်ကာလ။ ကျနော့်မှာသာ  ကံကောင်းလှစွာ ထိုနေရာသို့ ဝင်ထွက်ခွင့်၊ စူးစမ်းခွင့်နှင့်အတူ  မိသားစုရင်းချာပမာနေထိုင်ခွင့် ရခဲ့ပါ၏။

ကျနော့်အတွက် အရာရာသည် ထူးဆန်းနေသည်။ မီးနှင့်ဖုတ်သော မုန့်များတွင် နံပြားဖုတ်သည် ကိုသာအနီးကပ်မြင်ဖူးခဲ့သဖြင့် အုတ်ချပ်ရေတသောင်းနီးပါးဖြင့် တည်ဆောက်ထားသော ကိတ် မုန့်ဖိုကြီးမှာ  ကျနော့်အတွက် လွန်စွာခမ်းနား နေပါသည်။

မနက်စောစောတွင် မီးသွေးအကြေများနှင့် ထင်းတုံးများကို  စုပုံမီးရှို့ပြီး  မုန့်ဖိုကြီးကို မီးမွှေးရ သည်။ ထင်းနှင့်မီးသွေးများ ရဲပဒေါင်းထအောင် လောင်ကျွမ်းသွားသောအခါတွင်  အပေါ်ယံကို ပြာပါးပါးလေးဖုံးပြီး  မုန့်ဖုတ်ရန်အတွက် ပြင်ဆင်ကြရသည်။ ထိုသို့ပြင်ဆင်ခြင်းကို မီးကိုင်သည် ဟု သုံးနှုန်းကြပြီး မီးကိုင်သူမှာ ခဏချင်းပင် နဖူးမှချွေးများ ခြေမတင်မက မြေကြီးပေါ်ထိ ပေါက် ပေါက်ကျအောင် ပင်ပန်းလှပါသည်​။
xxxx

မုန့်​ပညာသင်​ဖို့ ပထမဆုံးသွားရ​သော​နေ့က ပိုင်​ရှင်​လည်းဖြစ်​ပြီး မုန့်​ဆရာကြီးလည်းဖြစ်​သည့်​ ဘဘဦးလှ​အောင်​က မုန့်​ပညာသင်​ချင်​တယ်​ဆို​ရင်​ ကြက်​ဥ​ကြော်​တတ်​သလား..၊ ​မြေပဲဆံ​ကြော်​တတ်​သလားဟု ​မေးဖူးသည်​။ ထို​မေးခွန်းများကို ​ပေါ့​ပေါ့တန်​တန်​သ​ဘောမထားရဲ။ ​သေ​သေ ချာချာ စဉ်းစားပြီးမှ အ​ဖြေ​ပေးခဲ့ဖူးပါသည်​။ သာမန်​အ​တွေးဖြင့်​ဆိုလျှင်​​တော့ မုန့်ဖုတ်​ခြင်း သည်​ ​မြေပဲဆံ​ကြော်​ခြင်း၊ ကြက်​ဥ​ကြော်​ခြင်းနှင့်​ မဆက်​စပ်​ မပတ်​သက်​သလို ထင်​ရ၏။

မြေပဲဆံကို မီးပြင်းပြင်းကြီးဖြင့်​ ​ကြော်​လျှင်​ အတွင်းမှာ မကျက်​ပဲတူးသွားမည်​။မီး​အေး​အေးဖြင့်​ ​ကြော်​​သော ကြက်​ဥဆိုလျှင်​​တော့ အကြွအရွနည်းပြီး ရှုံတွတွဖြစ်​ကာ စား မ​ကောင်းဖြစ်​မည်​။ မီး​အေး​အေးဖြင့်​​ကြော်​​သော ဟတ်​ဖ်​ဖရိုက်​နှင့်​ မီးပြင်းပြင်း​ဖြင့်​​ကြော်​ပြီး မြန်​မြန်​ဆယ်​လိုက်​​သော ဟတ်​ဖ်​ဖရိုက်​ခြင်းပင်​ စားရသည့်​ အရသာမတူ။

ထိုအ​ကြောင်းအရာများကို ​ပြောပြပြီး ကျ​နော့်​ကိုသင်​တန်းစ​ပေးပါသည်​။  ငါးရက်​၊​ ခြောက်​ရက်​ကြာသည်​အထိ မည်​သည့်​​နေရာကိုမှ ဝင်​ကူမခိုင်းဘဲ မတ်​တပ်​ရပ်​လျှက်​ ကြည့်​​နေ​စေပါသည်​။ ကျ​နော့်​မှာ မုန့်​လုပ်​သည့်​ အလျှားဆယ့်​နှစ်​​ပေ၊ အနံ ငါး​ပေ​ကျော်​ခန့်​ရှိသည့်​ စားပွဲကြီး​ဘေးမှာ ရပ်​ သည့်​အခါရပ်​၊ မုန့်​ဖုတ်​သည့်​ မီးဖိုနှစ်​ဖိုတွဲကြီးနားသွားလိုသွား၊ ကိတ်​မုန့်​​မွှေသည့်​စက်​နားကပ်​လိုကပ်​၊ လူးလား​နေမိသည်​။

ညောင်းလျှင်​ထိုင်​ဖို့​ပြော​သော်​လည်း ကျ​နော်​မှာ မထိုင်ဖြစ်​ပါ။ လုပ်​သားများနှင့်​တကွ သူ၏သား နှင့်​သမီးပါမတ်​တပ်​ရပ်​ပြီး လုပ်​ငန်းလုပ်​​နေကြခြင်းဖြစ်​ရာ သနားသဖြင့်​ပညာသင်​​ခွင့်ရသူ ​နော်​ကျနော်က ထိုင်​​နေပါမူ လူပါးဝရာရောက်​မည့်​အ​ကြောင်း ထိုစဉ်​က ဘာသာ​တွေးမိ၍ ဖြစ်​၏။

တပတ်​ခန့်​ကြာ​သောအခါမှ မုန့်​လုပ်​ငန်းကို ဝင်​​ရောက်​ကူညီခွင့်​​ပေးပါသည်​။ မျက်​စိယဉ်​ပါး၊ နား ရည်​ဝ​နေပြီ ဖြစ်​သဖြင့်​ အမှားအယွင်း သိပ်​မများလှပါ။ မည်​သည့်​လုပ်​ငန်းမျိုးမဆို မျက်​စိရည်​၊ နားရည်​ ယဉ်​ပါးပြည့်​ဝ​နေလျှင်​ သင်​ကြားတတ်​​မြောက်​ဖို့ လွယ်​ကူမည်​ဟု ကျ​နော်​ထင်​ပါသည်​။

သာမန်​မုန့်​လုပ်​ငန်းခွင်​တခုကို အ​ပေါ်ယံခြုံငုံမိ​စေရန်​ပင်​ ခုနှစ်​ရက်​တပတ်​ခန့်​ မတ်​တပ်​ရပ်​ကြည့်​ ခဲ့ရ​သေးလျှင်​ နိုင်​ငံ​တော်​အစိုးရတရပ်​အ​နေဖြင့်​ ​ဆောင်​ရွက်​​သောလုပ်​ငန်း​ဆောင်​တာကြီးများ ဆိုပါလျှင်​ ရက်​တိုသင်​ကြားမှုများဖြင့်​ မည်​သို့မျှ မပြည့်​စုံနိုင်​ဟုလည်းထိုစဉ်ကတည်းက ​တွေး​ တောမိ​ခဲ့သေးသည်​။ ယခု​တော့ သား​ကျွေးမှု၊မယား​ကျွေးမှု​များ​ကြောင့်​ နိုင်​ငံ​တော်​စီမံကိန်းများ၊အ​ကြောင်းကိုအလှမ်း​ဝေး​နေခဲ့ပြီဖြစ်​သည်​။ ဂျာနယ်​စာ​စောင်​ပင်​ ဝယ်​မဖတ်​နိုင်​။ ယခု​တော့ မသိ၊ ထိုစဉ်​အခါက သတင်းစာများတွင်​​တော့ တည်​​ဆောက်​ပြုပြင်​၊ မြန်​ပြည်​တခွင်​ ကင်​ပွန်းတပ်​လှလှ ဖြင့်​ ကြက်​ဆူပင်​များဖြင့်​အပြိုင်​ တနိုင်​ငံလုံးစီမံကိန်းများ ဗွက်​ထ​နေခဲ့ဖူးသည်​။ သို့​သော်​  နိုင်ငံ သားများအ​ပေါ် တိတိပပအကျိုးပြုသည်​ဟူ၍​တော့ ယ​နေ့တိုင်​မကြားဖူးခဲ့။ မျက်​စိရည်​၊ နားရည်​ မပြည့်​ဝမလုံ​လောက်​ခြင်းများလား။ အဘယ်​သို့​သော အ​ကြောင်းများလည်း ကျ​နော်​မ​ဝေခွဲတတ်​ပါ။ တည်​​ဆောက်​ထားခဲ့​သော တံတားကြီးတချို့ ပြိုကျခဲ့သည်​ကို​တော့ မျက်​ဝါးထင်​ထင်​မြင်​ဖူးခဲ့ရသည်​မှာ မကြာခဏ။

ကျ​နော်​တို့မုန်​ဖုတ်​လုပ်​ငန်းတွင်​ မုန့်​အမယ်​​တော်​​တော်​များများ၌ ကြက်​ဥ အသုံးပြုသည်​။ သတ်​မှတ်​ထား​သော ကြက်​ဥအ​လေးချိန်​စံနှုန်းလည်း ရှိပါသည်​။ တခါတရံ​တော့ ​စေတနာပါရင်​ ပို ထည့်​​ပေးလိုက်​​ပေါ့ ဟူ၍လည်း ​ပြောကြသည်​။ လိုအပ်​သည်​ထက်​ပိုထည့်​လျှင်​ စားလို့​ကောင်းပါ သည်​။ ​လျှော့ထည့်​ပါက ညံ့၏။ ​စေတနာနည်းခဲ့ကြ၍ တံတားကျိုး၊အ​ဆောက်​အဦပြို ဖြစ်​ခဲ့ခြင်း များလား ဟု ​တွေးမိပါသည်​။

မုန့်​ဖိုအ​ကြောင်းနှင့်​ ဆက်​စပ်​၍ ငယ်​ဘဝအမှတ်​ရစရာများကိုလည်း ပြန်​​တွေးမိသည်​။ ကျ​နော်​ငယ်​ဘဝနေထိုင်​ခဲ့ရ​သော နေရာသည်​ ​ဈေးလမ်းမအတို​လေး​​​ဘေးမှာ။ ​ဈေးလမ်းမဖြစ်​သည့်​ အား​လျှော်​စွာ လူစုံ၊ မြင်​ကွင်းစုံ၊ စကားစုံသည့်​အပြင်​ ဆိုင်​ကန္နားများလည်း စုံလင်​သည်​။

ကျ​နော်​နှစ်​သက်​သည့်​ ဆိုင်​များပါသလို၊ မနှစ်​သက်​သည့်​ ဆိုင်​များလည်းပါ​လေသည်​။ အ​တော်​ကြီးမုန်း​သော်​လည်း တလတခါဆိုသလို မဖြစ်​မ​နေသွားရသည့်​ ဆိုင်​လည်းပါသည်​။ ထိုဆိုင်​က ဦးတင်​​မောင်​ဆံသဆိုင်​ ဖြစ်​သည်​။ တလတခါ၊ မပျက်​မကွက်​ အဘွားဖြစ်​သူ၏ ​စောင့်​ကြပ်​မှုဖြင့်​ ကျ​နော်ဆံပင်​အညှပ်​ခံရသည်​။ ဆံသဆရာဖြစ်​သူမှာလည်း ကျ​နော်​လာလျှင်​ အ​တော်​ပင်​စိတ်​ဆင်းရဲရရှာ​ပေမည်​။ သူ့ကို ကျ​နော်​မ​ကြောက်​ပါ ။ သို့​သော်​ ဗြုတ်​ခနဲ၊ ဗြုတ်​ခနဲ ဆံပင်​များကို ဆွဲနှုတ်​သလိုကြီး ဖြစ်​​သော သူ့စက်​ကတ်​​ကြေးအ​ဟောင်းကြီးကို​တော့ ​ကြောက်​သည်​။ ​အော်​ငိုရင်းဖြင့်​ သူ့ကို ကျ​နော်​ဆဲသည်​။ ပီပီသသ​တော့ မဟုတ်​။ က​လေးပီပီ ဗလုံးဗ​ထွေးအာလုတ်​သံဖြင့်​ ငါကိုင်​ခဲ့ခြင်းသာ။ ကျ​နော့်​ကိုသူစိတ်​မဆိုး။ သူ့ စက်​ကတ်​​ကြေးအ​ကြောင်းပဲ သူသိ၍ လား၊ ကျ​နော်​လို က​လေးများစွာ​ကြောင့်​ အ​ရေထူသွားခြင်းလား မ​ပြောတတ်​။ ပြုံး၍သာ​နေ သည်​။ လက်​ထဲမှ စက်​ကတ်​​ကြေးသံသည်​ ထိုအခါမျိုး၌ ပို၍ ဆူညံလာသလို၊ နားသယ်​တဝိုက်​ နာကျင်​မှုသည်​လည်း ပိုစိပ်​လာသည်​။ ထိုအချိန်​အခါမျိုးနှင့်​ တခါမဟုတ်​ နှစ်​ခါမဟုတ်။

တိုက်​ဆိုင်​လွန်းစွာ အလွန်​​မွှေးကြိုင်​​သော မုန့်​အနံ့ကို ကျ​နော်​ရတတ်​သည်​။ ထိုအနံ့သည်​ ဆံပင်​ညှပ်​ဆိုင်​​ဘေး မုန့်​ဖိုတခုမှ လာခဲ့ခြင်းဖြစ်​သည်​။ အဘွားဖြစ်​သူ ထသွားပြီး  ပြန်​အလာတွင်​ အညို​ရောင်​အနည်းငယ်​သန်း​သော ဘန်းမုန့်​တလုံးပါလာသည်​။ အ​ပေါ်တွင်​ ​ဆေးနီ​ရောင်​ အမှတ်​အသား​လေး ပါ​သေးသည်​။ ထိုမုန့်​ကို မြင်​မိလျှင်​ ကျ​နော်​ အငိုရပ်​သည်​။ ဆံပင်​ညှပ်​ခြင်းကိစ္စ မြန်​မြန်​ပြီးစီး​စေရန်​ ကျ​နော်​ငြိမ်​ခံမိသည်​။ ဆံပင်ညှပ်​​ပြီးမှ ကျ​နော်​မုန့်​စားရမည်​ဖြစ်​​ကြောင်း သိ၍ဖြစ်​၏။ ထို ပေါင်​မုန့်​ပူပူ​လေးမှ ရ​သောရနံ့သည်​ ကိတ်​မုန့်​မှရ​သောရနံ့နှင့်​ မတူ​ကြောင်းကို ထိုစဉ်​ကတည်းက သတိထားမိသည်​။ ကိတ်​မုန့်​မှရ​သောရနံ့သည်​ သွားရည်​ကျ​လောက်​​အောင်​ မဖြစ်​။ ​ပေါင်​မုန့်​မှ ရ​သောရနံ့သည်​ကား ခံတွင်း၌ တံ​ထွေးများပင်​စို့လာ​အောင်​ ဆွဲ​ဆောင်​မှု ရှိပါ သည်​။

ကိတ်​မုန့်​သည်​ ​မွှေး​စေသည့်​ ရနံ့ ‘flavour’ ထည့်​ထား၍သာ ​မွှေးရခြင်းဖြစ်​သည်​။ ​ပေါင်​မုန့်​သည်​ကား ထိုသို့မဟုတ်​။ ဂျုံထဲ၌ပါဝင်​​သော သကြားဓာတ်​နှင့်​ မုန့်​ပြုလုပ်​စဉ်​ ပါဝင်​​သောသကြားကို တ​ဆေးဟု ​ခေါ်ကြ​သော ဂျုံအလျင်​ ‘yeast’က ​ရေ​နွေး​ငွေ့ဖြင့်​ အပူ​ပေး​နေစဉ်​မှာပင်​ စားသုံး​ နေ​လေပြီး မီးဖိုထဲထည့်​ကာ ဖုတ်​ချိန်​၌ သင်းပျံ့​သောရနံ့ကို ထုတ်​လွှတ်​ခြင်းပင်​ဖြစ်​သည်​။

ထိုရနံ့သည်​ လျှာ၌ရှိ​သော အာရုံခံဆဲလ်​များကို လှုပ်​နိုးလိုက်​ခြင်းပင်​ဖြစ်​၏။ ငယ်​စဉ်​က ဖြစ်​စဉ်​ကို ​သေချာမသိပဲ သွားရည်​ကျမိ​သော ကိစ္စရပ်​များကို စာ​တွေ့ လက်​​တွေ့ဘဝဖြင့်​ သိရချိန်​တွင်​ ကျ​နော်အရွယ်​ပင်​လွန်​​နေခဲ့​လေပြီ။

လွန်​ခဲ့​သောဆယ်​စုနှစ်​များက ဆားမန်​ကျည်း​စေ့သာသာ​လောက်​၊​ ရေတဖလားခွဲ၊ ဂျုံမုန့်ပုံးတပုံးခွဲ စသဖြင့်​..စသဖြင့်​​သော ​ရေရာတိကျမှုမရှိသည့်​ အချိန်​အတွယ်​များ​နေရာတွင်​ တစ်​ဂရမ်​မျှပင်​ အလွဲမခံသည့်​ ဂရမ်​စံနစ်​အသုံးပြု​သော ဒစ်​ဂျစ်​တယ်​ကတ္တား အစားထိုး အသုံးပြုလာကြပြီ…။

အရာရာသည်​ အတိမ်းအ​စောင်းမခံ​တော့။ စားသုံးသူများကလည်း ပါးနပ်​လာကြပြီဖြစ်​သည်​။ သို့​သော်​ ပြင်​ဆင်​ထုတ်​ပိုးမှု ဖြင့်​​တော့ စားသုံးသူ၏ တဏှာ​လောဘအ​ပေါ် အသုံးချ၍ ရ​နေ​သေး သည်​ဟု ဆိုရမည်​လားမ​ပြောတတ်​။ ဟိုး..တုန်းက ဘန်းမုန့်​ဆိုလျှင်​ ရိုးရှင်းလှသည်​။ ပဲ ဘန်းမုန့်​ ဆိုလျှင်​ အနီစက်​က​လေးတို့ထားသည်​။ အုန်းသကြားဘန်းမုန့်​ဆိုလျှင်​ မည်​သည့်​အမှတ်​အသား မျှမပါ။ ယခု​တော့ အုန်းသီးစစ်​စစ်​နှင့်​ဘန်းမုန့်​ကို စားရဖို့ပင်​ ခက်​ခဲ​နေပြီ ဖြစ်​သည်​။ ရယ်​ဒီမိတ်​အုန်းဆံမှုန့်​များ အသုံးပြု၍ အ​ပေါ်ယံမျက်​နှာပြင်​ အလှဆင်​ထား​သော’pastry’ ဘန်းမုန့်​များကို စားသုံးသူတို့ မျက်​စိ​တွေ့ကြသည်​။ မှန်​ရာဆိုရလျှင်​ ကျ​နော့်​အတွက်​မူ ငယ်​စဉ်​​တောင်​​ကျေး က​လေးဘဝက ဆံပင်​ညှပ်​အပြီး စားခဲ့ဖူးသည့်​ ပဲဘန်းမုန့်​​လေး​လောက်​ ခံတွင်းမ​တွေ့လှ…။

သို့​သော်​ ကျ​နော်​ကြိုက်​ခြင်း၊ မကြိုက်​ခြင်းသည်​ အဓိကမဟုတ်​ လူအများအကြိုက်​ကိုသာ ကျ​နော် ​ပြုလုပ်​​ပေးရမည်​ဖြစ်​သည်​။ အာဟာရပါဝင်​မှုတန်​ဖိုးကို ကျ​နော်​ရှင်းပြ​​နေလျှင်လည်းေ​​ခတ်​​နောက်​ပြန်​သွား လူသားတဦးအဖြစ်​သာ အ​လှောင်​ခံရဖွယ်ရှိပါသည်​။
xxxx

ပေါင်​မုန့်​၏ မွှေးပျံ​သောရနံ့သည်​ တရှိုက်​မက်​မက်​ဖြစ်​​စေရုံမျှမက​သေး၊ တမ်းတသလို မရခဲ့ပါမူ မွတ်​သိပ်​သူလူအများကို ​တော်​လှန်​သူများအဖြစ်​သို့ ​ပြောင်းလဲသွား​စေနိုင်​​သေး​​ကြောင်းကို လည်း သမိုင်းစာမျက်​နှာစစ်​စစ်​များ​ပေါ်တွင်​ ဖတ်​ခဲ့ရဖူး​သေးသည်​။ ထိုစဉ်​က ယခု​ခေတ်​အခါ လို အလွယ်​တကူရ​သော ရယ်​ဒီမိတ်​တ​ဆေးကို အသုံးမပြုနိုင်​​သေး၍ ဂျုံချဉ်​တ​ဆေးကိုသာ အသုံး ပြုကြရ​ပေမည်​။ ထိုမှသော ရနံ့သည်​ ဆာ​လောင်​သူများကို ​တော်​လှန်​​သူများအဖြစ်​ ရဲရင့်​​စေခဲ့ ခြင်းလည်း ဖြစ်​​ကောင်းဖြစ်​​နေနိုင်​​သေးသည်​။

xxxx

အတိတ်​ကအ​ကြောင်းများကို ​တွေး​နေရင်းနှင့်​ ​ပေါင်​မုန့်​များအပွခံထားရာ စင်​ကြီးဆီသို့ ကျ​နော်​ကြည့်​မိ​လေသည်​။ ထို့​နောက်​နာရီကို ကြည့်​မိသည်​။ အစီအစဉ်​အရ ​ကိတ်​မုန့်​များ ကျက်​သည်​နှင့်​ ​ပေါင်​မုန့်​များကို ဖုတ်​ရ​ပေမည်​။ လည်း​ကောင်းတို့အပွလွန်​သွားလျှင်​ စားသုံး၍ မ​ကောင်း။ ည​နေ​စောင်းချိန်​၌ စားသုံးသူ​ဖောက်​သည်​များထံသို့လည်း မပျက်​မကွက်​​ရောင်းချ​ပေးရမည့်
ဝတ္တရား ရှိ​နေသည်​။ ဒီဇယ်​သွားဝယ်​သည့်​ က​လေးကိုသာ ​မျှော်​​နေမိသည်​။

ဟိုးအရင်​ လုပ်​ကိုင်​ခဲ့သည့်​ အုတ်​မီးဖိုကြီးနှင့်​ဆိုလျှင်​ ထင်းနှင့်​မီး​သွေး အသုံးပြုရသဖြင့်​ မီးပျက်​လျှင်​လည်း ကိစ္စမရှိ။ မုန့်​သားလှတာမလှတာ အပထား၊ စားလို့​တော့ ဖြစ်​​သေးသည်​။ ​ခေတ်​မီမီ ကမ္ဘာသုံးဂက်​စ်​ဖိုက​တော့ လုံးဝပြည့်​စုံ​နေဖို့လိုအပ်​သည်​။ တခုခုချွတ်​​ချော်​ခဲ့လျှင်​ လွှင့်​ပစ်​လိုက်​ရုံသာရှိ၏။ ​မြေပဲဆံ​ကြော်​ခြင်းနှင့်​ကြက်​ဥ​ကြော်​ခြင်းကို ပုံပမာပြပြီး ကံ့ကူလက်​လှည့်​ ပညာ​သင်​​ ပေးခဲ့​သော ဘဘဦးလှ​အောင်​ ကို သတိရလိုက်​မိသည်​။ မြေပဲဆံက ​အစိုအ​ခြောက်​​ရော​နှော​ နေပြီး စံချိန်​မမီခြင်းများ၊ ကြက်​ဥက အကာပြဲ့ပြဲ့ အနှစ်​မဲ့မဲ့ အ​နေအထားများဖြစ်​​နေလျှင်​မည်​သို့ပြုလုပ်​ရမည်​နည်းဟု ​မေးလိုက်​ချင်​ပါသည်​။ ဘဘက ကွယ်​လွန်​ခဲ့ပြီးဖြစ်​ပါသည်​။
xxxx

ဒီဇယ်​များကို အင်​ဂျင်​တိုင်​ကီထဲ အလျင်​အမြန်​ထည့်​လိုက်​သည်​။ ဂွရှင်​​လေးဖြင့်​ ဆီပို့ပိုက်​မူလီ များကို ​လျှော့ချကာ ဆီပြတ်​စဉ်​က ခို​နေ​သော​လေများကို ထုတ်​ပစ်​လိုက်​သည်​။ ​သေချာပြီိဆို ကာမှ ​ခြေကိုမြဲမြဲရပ်​ကာ စက်​နိုးသည့်​လက်​ကိုင်​​ကို ​သေချာစွာတပ်​၍ အားစိုက်​လှည့်​သည်​။ ဘယ်​ဘက်​လက်​ညှိုး၊ လက်​မဖြင့်​ဖိထား​သော ​လေဗား​လေးကို လွတ်​ချပြီးချိန်​အထိ ဆက်​တိုက်
လှည့်​ပါ​သော်​လည်း ​နော်​ဇယ်​သံပင်​ ထွက်​မလာ​တော့။ အချိန်​သည်​တ​ရွေ့​ရွေ့ကုန်​​လွန်​​နေ ပေပြီ…။

ဆိုင်​ကယ်​ဆီတိုင်​ကီထဲမှ ဓာတ်​ဆီအနည်းငယ်​ဆိုရုံ​လေးကို ထုတ်​ယူလိုက်​ပြီး ဒီဇယ်​အင်​ဂျင်​ကြီး၏ နှာ​ပေါက်​ဝထဲသို့ ပက်​ဖြန်းလိုက်​ရသည်​။ ​ပေါ့​ပေါ့ပါးပါးပင်​ အင်​ဂျင်​က နိုးထလာသည်​။ တကယ်​​တော့ မလုပ်​သင့်​​သောအရာမှန်းသိပါ၏။ ကျ​နော့်​တွင်​ အချိန်​မရှိ​တော့ပါ။ ပစ်​စတင်​များ၊​ နော်​ဇယ်​ပလန်​ချာများ သည်​ ပြင်းထန်​​သော ​ပေါက်​ကွဲမှု​ကြောင့်​ အထိနာကြမည်​မှန်း ကျ​နော်သိ ပါ၏။ ​ရွေးချယ်​စရာလမ်းက မရှိ​တော့ပါ။ ည​နေ​စောင်းတွင်​ ဆာ​လောင်​​နေကြမည့်​ ​ပေါင်​မုန့် စား သူ ဖောက်​သည်​များကို ဦးစား​ပေးစဉ်းစားလိုက်​ရပါ​တော့သည်​။ ကိတ်​မုန့်​များ အရည်​အ​သွေး မမီ​သော်​လည်း ​ပေါင်​မုန့်​များကို စံချိန်​မီဖုတ်​နိုင်​ခဲ့ပါသည်​။

ထိုအဖြစ်​အပျက်​များပြီးစီးသည့်​ ​နောက်​ပိုင်းတွင်​ လုပ်​ငန်း​​ဆောင်​ရွက်​ရာ၌ တတ်​နိုင်​သမျှ ​ထောင့်​ စေ့နိုင်​​အောင်​ ကြိုးစားခဲ့ပါသည်​။  ခဏခဏမှားယွင်းပါက စားသုံးသူများဖက်​မှ သည်းခံနိုင်​ဖို့ မလွယ်​ကူမှန်း ကျ​နော်​ ဆင်​ခြင်​မိပါသည်​။

ကျော်​​ကျော်​ (မြရည်​စမ်း)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်