မောင်ရစ် – ဒီဂျစ်တယ်ငွေကြေး စနစ် မိတ်ဆက်

October 5, 2017

မောင်ရစ် – ဒီဂျစ်တယ်ငွေကြေး စနစ် မိတ်ဆက်
(အတွေးအမြင် အောက်တိုဘာ ၂၀၁၇)၊ မိုးမခ၊ အောက်တိုဘာ ၅၊ ၂၀၁၇

အင်တာနက်မိုဘိုင်းခေတ်ဖြစ်လာတော့ လက်ရှိ နိုင်ငံရေး၊ လူနေမှုနဲ့ စီးပွားရေးစနစ်တွေမှာ အပြောင်းအလဲတွေ ဖြစ်လာတယ်။ သိသာထင်ရှားလာတာကတော့ ၂၀၀၇ နောက်ပိုင်းလို့ အကဲခတ်တွေက ပိုင်းဖြတ်ကြပါတယ်။ ၂၀၀၇ နောက်ပိုင်းလို့ ဘာကြောင့်ပြောတာလဲ။ အမှတ်ရလွယ်ကူအောင် ပြောရရင် ၂၀၀၇ နောက်ပိုင်းမှာ ဖေ့စ်ဘွတ်ခေတ်စားလာတာ၊ အိုဘားမား အမေရိကားမှာ သမ္မတဖြစ်လာတာ၊ ရွှေဝါရောင်တော်လှန်ရေးလိုမျိုး အရောင်စွဲ လူထုအုံကြွမှုတွေ ကမ္ဘာအနှံ့ ဖြစ်ပွားလာတာတွေကို သာဓက ပြနိုင်ကြပါတယ်။ လူမှုစီးပွားရေးတွေမှာလည်း ယခင်သမရိုးကျ လုပ်ပုံကိုင်ပုံတွေကနေ တီထွင်ဆန်းသစ်မှုတွေ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါတယ်။ သာမန် တက္ကစီငှားစီးနေတာကနေ မိုဘိုင်းဖုန်းကနေ ကားငှားစီးကြတယ်၊ မိုဘိုင်းပေါ်ကနေ ဈေးဝယ်တယ်၊ နေ့တဓူဝကိစ္စကို မိုဘိုင်းပေါ်ကနေ လုပ်ကိုင်ကြတယ်။ သည်တော့ ငွေပေးချေမှုမှာလည်း အွန်လိုင်းဘဏ်စနစ်တွေကနေ ပေးကြတယ်။ ဖုန်းကနေ ငွေဖြည့်တယ်၊ ငွေလွှဲတယ်။ 

အဲသည်မှာ ၂၀၀၉ နောက်ပိုင်းမှာ ဒီဂျစ်တယ်ငွေဆိုတာ ဖွံဖြိုးပြီးနိုင်ငံတွေကြားမှ စတင် ခေတ်စားလာပါတယ်။ သူတို့အခေါ်ကတော့ Bitcoin ဘစ်ကွိုင်း တဲ့။ နည်းပညာနဲ့ စီရင်ထုံးဖွဲ့ထားတဲ့ ဒီဂျစ်တယ်ငွေကြေးပေါ့။ နားလည်လွယ်အောင် ပြောရရင် အစိုးရတွေ၊ ဘဏ်တွေ၊ ငွေကြေးစနစ် အဖွဲ့အစည်းကြီးတွေကနေ ရိုက်ထုတ်လိုက်တဲ့ ငွေစက္ကူစနစ် မဟုတ်ပါ။ အင်တာနက်ချိတ်ထားတဲ့ ကွန်ယက်ထဲက ကွန်ပြူတာကနေ ထုတ်လိုက်တာပါ။ ဘစ်ကွိုင်း တဲ့။ သူ့ကွိုင်တစေ့ ထွက်လာအောင် နည်းပညာဆော့ဝဲတွေ တွက်ချက်နည်းတွေကနေ ထုတ်လိုက်တာတဲ့။ ဘစ်ကွိုင်တစေ့ကို ကျေထောက်နောက်ခံပေးမှာက လက်ရှိငွေကြေးစနစ် ဘဏ်စနစ်မဟုတ်တော့ဘူး။ နည်းပညာတွက်ချက်နည်းတွေ ကျေထောက်နောက်ခံပေးထားတဲ့ ဒီဂျစ်တယ်ငွေကြေးစနစ် လို့ ဆိုကြပါတယ်။

သဘောကတော့ နည်းပညာတွက်ချက်နည်းတခုကို သုံးစွဲပြီး ဒီဂျစ်တယ်ငွေတပြား ထုတ်လိုက်တယ်။ ၀ယ်မယ့်သူကို အပြင်က ငွေစက္ကူဈေးနဲ့ ချိန်ပြီး အမေရိကန် တပြားနဲ့ ရောင်းတယ်ဆိုကြပါစို့။ တီထွင်သူက ၀ယ်သူဆီကို ဒီဂျစ်တယ်ငွေတပြားနဲ့ ညီတဲ့ ကွန်ပြူတာကုဒ်တခု ပေးလိုက်တယ်။ ၀ယ်သူရဲ့ အမည်နဲ့ အချိန်နေ့ရက်တွေပါ တခါတည်း တွဲထားတယ်။ ဒါကို ကွန်ယက်ပေါ်မှာ မှတ်တမ်းတင်လိုက်တယ်။ ပြောင်းလို့ ဖျက်လို့ မရတော့ဘူး။ ၀ယ်သူလက်ထဲ တပြားတန် ကုဒ် ရောက်လာချိန်မှာ ကွန်ယက်ထဲမှာ အဲသည်တွက်နည်းနဲ့ မှတ်တမ်းလုပ်ထားတဲ့ ဘလောက် (block) တခုလည်း တခါတည်း သိမ်းဆည်းထားလိုက်တယ် ဆိုပါတယ်။ ဒီဘလောက်ကို ကွန်ယက်ထဲက အဆိုပါဒီဂျစ်တယ်ငွေကြေးစနစ်ကို အားပေးထောက်ခံသူ ပညာရှင်အစုအဖွဲ့တွေက လိုက်ပြီး သက်သေပြု မှတ်တမ်းလိုက်တင်ကြပါတယ်။ ဒီမှာတင် block chain လို့ခေါ်တဲ့ ဘလောက်ကွင်းဆက်တွေနဲ့ပါ ဂဟေဆက်လိုက်ကြသတဲ့။ ဒီလို သက်သေလိုက်ပေးတဲ့ ကွန်ယက်ပေါ်ကစက်တွေကို အဲသည်ပညာရှင်တွေက တပ်ဆင်မောင်းနှင် (run) နေကြတာကို mining လုပ်တယ်လို့ ခေါ်ကြသတဲ့။

အဲသည်လို တပြားပြီး တပြား စိတ်ဝင်စားသူတွေက ၀ယ်ယူကြတဲ့အခါ အဲသည် ကုဒ်တွေ၊ ဘလောက်တွေ၊ ဘလောက်ချိန်းတွေ၊ မိုင်းတူးသူတွေ တိုးပွား ကျယ်ပြန့် ကြီးကျယ်လာပါတယ်။ အဲဒီအလုပ်တွေဆိုတာက ကွန်ပြူတာဥာဏ်စမ်းပဟေဠိဆန်ဆန် တွက်ချက်နည်းတွေပါဝင်တော့ အင်တာနက်ကွန်ယက်ချိတ်ဆက်ထားတဲ့ ကွန်ပြူတာစက်တွေ၊ ကျွမ်းကျင်သူတွေရဲ့ အင်အားတွေပါ တိုးတက်များပြားလာပါတော့တယ်။ ကိုယ်က ဒီဂျစ်တယ်တပြားကို သူများရောင်းလိုက်တဲ့အခါမှာလည်း အဲသည်မှတ်တမ်းကို ကွန်ယက်ပေါ်မှာ အပျောက်အရှ အမှားအယွင်းမရှိ အတိအကျနဲ့ သူတို့က မှတ်သားထားကြပါတယ်။ တွက်ချက်မှုအပေါ်တည်ပြီး ဘလောက်တွေ တိုး၊ ဘလောက်ချိန်းတွေ ချဲ့၊ ဘလောက်ချိန်းများလေး မိုင်းတွေ ပိုတိုးလေ၊ အဲသည်လိုတိုးမှလည်း ဒီဂျစ်တယ်ကွိုင်းအသစ်တွေ ထုတ်ခွင့်ရအောင် စနစ်က သတ်မှတ်ထားတာလို့ ဆိုပါတယ်။ ပြောချင်တာက ဘဏ်တွေ အစိုးရတွေလို သူတို့သဘောကျ ငွေစက္ကူတွေ ငွေချေးစာချုပ်တွေ ရိုက်ပြီး ထုတ်နေတာမျိုးနဲ့တော့ မတူဘူးလို့ ။

အခု အဲသည်လိုနည်းပညာနဲ့ တီထွင်လိုက်တဲ့ ဒီဂျစ်တယ်ငွေကြေးတွေက ခုဆိုရင် bitcoin တင်သာမကတော့ဘဲ အမျိုးမျိုးအဖုံဖုံသော ဒီဂျစ်တယ်ငွေတွေ အမျိုးပေါင်း ၁၀၀ ကျော် ရှိနေပြီ ဆိုပဲ။ အဲသည် ဒီဂျစ်တယ်ငွေကြေး တနည်းအားဖြင့်  Cryptocurrency တွေကို ၀ယ်ပြီး စုဆောင်းနေကြတာလည်း ငွေစက္ကူ အမေရိကန်ဒေါ်လာတန်ဖိုးနဲ့ တွက်ရင် ဘီလျံ ၂၅ ကျော်နေပြီ ပြောပါတယ်။

ဘာကြောင့် ငွေကို ဒီဂျစ်တယ်နဲ့ စုဆောင်းနေကြတာလဲ လို့ မေးခွန်း ဖြစ်လာပါတယ်။ ဘဏ်တွေ ငွေကြေးစတော့ ဈေးကွက်တွေထဲ ထည့်ဝင်စုဆောင်းမယ့်အစား ခုနင်ကလို အစိုးရတွေ ဗဟိုချုပ်ကိုင်မှုတွေ မပါဘဲ နည်းပညာသက်သက် စနစ်တွေနဲ့ ထုတ်လုပ်လည်ပတ် စာရင်းပြုစုထားတဲ့ ဒီဂျစ်တယ်ငွေကြေးထဲမှာ ပိုင်ဆိုင်မှုသိမ်းဆည်းထားတာကို မျိုးဆက်သစ်တွေက ပိုပြီး အယုံအကြည်ရှိတယ်ဆိုတာကို ပြသနေပါတယ်။ ဘဏ်တွေ ငွေကြေးကုမ္မဏီကြီးတွေက ကြားဖြတ် ကောက်နေတဲ့ ကော်မရှင်တွေ ပွဲစားခတွေကို ပေးစရာ လုံးလုံးမလိုတဲ့ စီးဆင်းမှုကို အားပေးချင်တဲ့ သဘောပါ။ သာမန် ငွေစက္ကူသုံးစနစ်မှာ ငွေကြေး အရှုပ်အရှင်းဖြစ်လာလို့ တရားတဘောင်တွေနဲ့ ရှင်းရတာတွေ ရှိသော်လည်း ဒီဂျစ်တယ်ငွေ လက်လွဲရောင်းဝယ်ကြရမှာ တိုက်ရိုက် ၂ ဦး ၂ဘက်ချည်း သီးသန့် ရောင်းဝယ်တာမို့လို့ တရားတဘောင်ကို မျက်ကွယ်ပြုတဲ့ သဘောလည်း ပါပါတယ်။ သို့သော် ဒီဂျစ်တယ်ငွေကြေးစနစ်မှာ ဘလောက်ချိန်းသက်သေတွေရှိတာကြောင့် ငွေဟာ ဘယ်သူ့ဆီကနေ ဘယ်သူ့ဆီကို နောက်ဆုံး ရောက်သလဲဆိုတာ မိုင်းနင်းလုပ်သူတွေကနေ တဆင့် ထုတ်ဖော်နိုင်တဲ့အတွက် ဖုံးကွယ်လို့ မရနိုင်ဘူးလို့လဲ ပြောကြပါတယ်။

သို့သော်လည်း အစိုးရတွေ ဥပဒေတွေ ကျေထောက်နောက်ခံမရှိတာကြောင့် ဒီဂျစ်တယ်ငွေကြေးတွေကို မှောင်ခိုတွေ၊ ဒုစရိုက်သမားတွေ၊ ငွေမည်းခ၀ါချသူတွေက သုံးစွဲကြတယ်၊ လက်နက်ကုန်သည်တွေ မူးယစ်ဆေးဝါး ဖောက်ကားသူတွေက လက်ကိုင်ပြုကြတယ်လို့လည်း ပြောကြပါတယ်။ ဒီဂျစ်တယ်ငွေကြေးကို သိမ်းထားတဲ့ ကုဒ်တွေ (သူတို့အခေါ် digital wallet – ဒီဂျစ်တယ်ငွေအိတ်) မိမိကွန်ပြူတာတွေကနေ အခိုးခံရလို့ ဒုက္ခရောက်ကြသူတွေလည်း ရှိတယ်လို့ သတင်းတွ ဖတ်နေရပါတယ်။ အကောင်း အဆိုး ဒွန်တွဲနေတဲ့ နည်းပညာစနစ်သစ်ရဲ့ ငွေကြေးလို့ ဆိုရမှာပေါ့ခင်ဗျာ။

၂၀၀၉ မှာ စတင်ခေတ်ဆန်းတဲ့ ဘစ်ကွိုင်ဟာ သာမန် တပြားကို ဆယ်ဂဏန်းဈေးကနေ အခုဆိုရင် တပြားကို အမေရိကန်ဒေါ်လာ ၄ ထောင် ပေါက်နေပါပြီ။ ၂၀၁၃ တုန်းက ဘစ်ကွိုင် ၅ ပြားကို ရာဂဏန်းဈေးနဲ့  ဈေးချိုချိုနဲ့ ၀ယ်စုထားသူဟာ ခု ၂၀၁၇ သြဂုတ်မှာ ဒေါ်လာ ၂ သောင်းတန်ဖြစ်နေပြီ။ ရင်းနှီးမြုပ်နှံသူတွေအဆိုအရကတော့ ဘယ်စတော့ ဘယ်ငွေကြေး ဈေးကွက်မှ သည်လို ၁၀ နှစ်အတွင်း ထောင်ချီပြီး ဈေးတန်ဖိုး ခုန်မတက်ဖူးဘူးလို့ ပြောပါတယ်။ ရာခိုင်နှုန်းနဲ့ဆိုရင် ရာခိုင်နှုန်း ထောင်ဂဏန်း တန်ဖိုး တက်ကုန်တာကိုး။

ဒီဂျစ်တယ်ငွေကြေးစနစ်ကို အမှီပြုပြီး တီထွင်ဖန်တီးဆန်းသစ်နေကြရတဲ့ နည်းပညာတွက်ချက်နည်းတွေ စက်တွေကလည်း တိုးတက်ပြီးရင်း တိုးတက်နေတာကြောင့် သည်စနစ်ကို ဖျက်နိုင် ပျက်နိုင်ဖို့ ဆိုတာကလည်း အတော်ခဲယဉ်းမယ်လို့ ဆိုကြပါတယ်။ ဘလောက်ချိန်းတွေ မိုင်းတွေကို အစိုးရတွေ အကြမ်းဖက်သမားတွေက လိုက်လံစုံစမ်းပြီး ၀င်ရောက် စီးနင်း တိုက်ခိုက်သိမ်းပိုက်ကြရင်တော့လည်း ဘယ်တတ်နိုင်ပါ့မလဲ။ သို့သော် ဘလောက်ချိန်းတခု ပျက်သွားသော်လည်း အခြားဘလောက်ချိန်းတွေက ကွန်ယက်ပေါ်မှာ ဆက်ရှိနေတာကြောင့် အလုံးစုံ ပျက်သွားတယ် မဆိုနိုင်ပါ။ မိုင်းတခု အသိမ်းခံရလို့ အဲသည်မိုင်းက ကုဒ်တွေ သူများလက်ထဲ ရောက်သွားနိုင်သော်လည်း အခြားမိုင်းတွေက ကုဒ်တွေက ဆက်ရှိနေမှာ ဖြစ်လို့ ခုနင်က အခိုးခံရတဲ့ ကုဒ်တွေက အကုန်လုံးကို ဂယက်မရိုက်နိုင်ပါ။ ဒီဂျစ်တယ်ငွေကြေးစနစ်တခု နိဌိတံဖို့ဆိုတာ ၀ယ်ယူစုဆောင်းထားသူတွေ အားလုံးက စိတ်ကုန်ပြီဆိုတဲ့နေ့မှာမှ သက်တမ်းကုန်မယ်လို့ အကဲခတ်တွေက ဆိုကြပါတယ်။ သူ့နည်းပညာကောင်းနေသမျှ သုံးစွဲနေသမျှတော့ သူ ဇာတ်သိမ်းဦးမှာ မဟုတ်ဘူးလို့ ဆိုကြပါသဗျား။

ဒါကတော့ ဒီဂျစ်တယ်ငွေကြေးစနစ် မိတ်ဆက်ပါ။ အကျယ်ကိုတော့ အင်တာနက်မှာ ဆက်ရှာဖတ်ကြပါ ခင်ဗျာ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အတွေးအမြင်, မောင်ရစ်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်