ကျော်ထင် ● အယူတိမ်းတိမ်းနဲ့ နတ်စိမ်းတွေများ ဖြစ်ကုန်သလား

October 5, 2017

● အယူတိမ်းတိမ်းနဲ့ နတ်စိမ်းတွေများ ဖြစ်ကုန်သလား
(မိုးမခ) အောက်တိုဘာ ၅၊ ၂၀၁၇

(၁)
အသက် (၄၈) နှစ်အရောက်မှာ ပြန်လှည့်ကြည့်မိတယ်။ ကိုယ့်ဘေးမှာ ငယ်ငယ်ကပေါင်းခဲ့သင်းခဲ့တဲ့ သူငယ်ချင်းတွေ တော် တော်များများ မရှိတော့ဘူး။

မရှိတော့ဘူးဆိုတာက ရေခြားမြေခြားတွေ တနေရာရာကို သွားကုန်ကြလို့မရှိတော့ တာမျိုးဟုတ်ဘူး။ ဘဝကူးကုန်ကြတာ။ သေကုန်ကြတာ။ အသက် (၃၅) (၄၀) ပတ်လည်လောက်တွေမှာ ဆုံးကုန်ကြတာ။ ရဲကျော်၊ ချစ်ညီ၊ သက်နိုင်၊ ထွက်ကြီး၊ ရွှေလုံး။ ငမော၊ ထိန်လင်း…။

ဒီကောင်တွေ ရှေ့ ဆင့်နောက်ဆင့်တွေ ထွက်သွားကြတာ။ စောစောစီးစီးပဲ။ ဘာလို့ စောစောစီးစီးသေကြသလဲဆိုတော့ သူတို့မသေခင်ပြောတဲ့စကားလို ပြောရရင် မအိုဆေးသောက်လို့ သေကြတာ။ မအိုဆေးဆိုတာက အရက်လေ။

အရက်သောက်တော့ ဘယ်အိုမှာလဲ။ မ အိုခင် သေကုန်ကြတာကိုး။ အိုသောဆင်းရဲ ဇရာပိ ဒုက္ခာကို သူတို့မခံစားလိုက်ရဘူပေါ့။

အိုသောဆင်းရဲကိုကျော်ပြီး သေသောဆင်းရဲဆီ ရောက်ကုန်ကြတာ။ အမြန်လမ်းပေါ့။ မြန်ဆိုသူတို့သောက်တဲ့ အရက်တွေကို လည်း ကြည့်ဦး။ ကောင်းမှ မကောင်းတာ။ သန့်မှ မသန့်တာ။ အရက်ချက်တာကိုတောင် တင်လဲရည်ထဲ ပုလဲမြေသြဇာတွေ ထည့်ပြီး ကစော်ဖောက်ပြီးချက်ကြတာ။ မြန်မြန်အရက်ဖြစ်အောင်တဲ့။ မြန်မြန်လည်း အရက် တကယ်ဖြစ်ပါတယ်။ မြန်မြန် လည်း ဖောယောင်ပြီး အမြန်လမ်းအတိုင်းလည်း ကြွမြန်းကြပါတယ်။

အဲ့ဒီလို လုပ်လို့ရတဲ့ဖြစ်လာတဲ့အရက်ဆီကိုမှ ရေအေးနဲ့စပ်ပြီး ဘုံဆိုင်လေးတွေက ရောင်းကြတာ။ တကယ်တမ်းက ရေ ကျက်အေးနဲ့အရက်ဆီကိုရောပြီး စဥ့်အိုးကြီးတွေနဲ့ အငွေ့သေအောင် နှပ်ထားရတာ။ ဒါပေမဲ့ ဘုံဆိုင်လေးတွေဆိုတာက ဘယ်မှာလာပြီး ရေကျက်အေးနဲ့ရောနေမှာလဲ။ ထင်းဖိုး၊ မီးသွေးဖိုး အကုန်မခံနိုင်ပါဘူး။

အရက်ခိုးသေအောင်နှပ်တယ်ဆိုတာက လွယ်သလား။ လွယ်တယ်ဆိုရင်တောင် သက်သာသလား။ အိုးထဲမှာထည့်ပြီး ပိတ် ပါးလေးနဲ့ဖုံးထားရတာ။ ဒီကြားထဲမှာ တရက်ကို သုံးလေးခါလောက် ဖွင့်ဖွင့်မွှေပေးရတာ။

ဘယ်သူက သောက်သုံးသူတွေအတွက် အပင်ပန်းခံပြီး စေတနာထား လုပ်နေကြမှာလဲ။ စားသုံးသူဝါဒအောက် မှာ စားသုံး သူတွေဟာ ခါးကော့အောင်ခံကြလေ။ ရောင်းချသူတော်တော်များများကတော့ ဆူလွယ်နပ်လွယ်အောင် ခုရော၊ ခုစပ်၊ ခု ရောင်းလုပ်ကြမှာပဲမဟုတ်လား။ အကုန်မဟုတ်ဘူးဆိုရင်တောင် အဲ့ဒီလိုဆိုင်မျိုးကများ ပါတယ်။ ဘယ်ဆိုင်မှာမှ မသောက် ဘဲနဲ့ သူ့ဆိုင်မှာပဲသောက်။ သုံးနှစ်အတွင်း ဖောရင် ဆေးကုပေးမယ်လို့ ကြေညာပြီးရောင်းတဲ့ဆိုင်တဆိုင်တော့ တွေ့ဖူးပါ တယ်။

ကျနော်တို့ ရပ်ကွက်ထဲကဆိုင်ဆို နာရီဝက်ပဲစောင့်ဆိုပြီး အရက်ဆီထည့်ထားတဲ့ စဥ့်အိုးထဲ ရေထမ်းရောင်းတဲ့သူဆီက ရေတထမ်းဝယ်ထည့်။ စပါကလင် တလုံးဖောက် ထည့်။ ပလပ်စတစ်ခွက်လေးနဲ့ ထက်အောက်နှံ့အောင်မွှေလိုက်တာ ရပြီ။ ရောင်းတော့တဲ့။ အရက်များ၊ နာရီဝက်ပဲစောင့်တဲ့။ အရက်ဆီ (၁)၊ ရေ (၃) အချိုးနဲ့ အရက် ရောစပ် ရောင်းကြတာ။ ဒီလို မမှန်မကန်၊ အနံ့ဆိုးဆိုးအရက်ပြင်းပြင်းကိုပဲ ချို့ချို့တဲ့တဲ့ အမြည်းနဲ့တွဲသောက်နေကြတာ။

ဆီးထုပ်လေးတထုပ်ဘေးချပြီး အမြည်းလုပ်နေကြတာတောင် တွေ့သေး။ သရက်သီးစိတ်လေးတွေနဲ့တွဲပြီး လည်းသောက်ကြ တယ်။ ဘာမှမပါဘဲ ကုလားမော့ မော့သောက်တာမျိုးတွေလည်း ရှိတယ်။ ဒီလို အာဟာရကင်းမဲ့နေတဲ့အရက်ဝိုင်းတွေဖွဲ့လို့ အိမ်ပြန်ကြတော့ အိမ်မှာကော ညထမင်း နေ့ထမင်းမှန်ရဲ့လားဆိုတော့ ဒေါင်ချာစိုင်းနေတဲ့ခေါင်းတွေက နေ့ထမင်းမှန်း ည ထမင်းမှန်းတောင် မသိကြတော့ပါဘူး။

ပါးဖောင်းဖောင်းလေးတွေ၊ မျက်လုံးရဲရဲလေးတွေနဲ့ သူတို့ကိုသူတို့အာဟာရကင်းမဲ့ နေတယ်ဆိုတာကို မေ့လို့၊ အိုလို့အိုမှန်း တောင် မသိလိုက်ကြပါဘူး။ မအိုခင် အသေက ဦးသွားတာကိုး။ ဦးမယ်ဆိုလည်း ဦးချင်စရာပါပဲ။ မိုးမလင်းသေး ဘူး၊ ခွေးမှ ချေးစား မထွက်သေးဘူး။ အရက်ဆိုင်ရှေ့ မှာ ဆိုင်မဖွင့်သေးလို့ထိုင်စောင့်နေကြတာတဲ့။

ဆိုင်လည်းဖွင့်ရော ဟေးလို့တောင်အော်ပြီး ဆိုင်ထဲကို ပျော်ပျော်ကြီးပြေးဝင် သွားကြတာ။

ဒါကို ဘယ်လိုပြောရမယ်မှန်းတောင် မသိတော့ပါဘူး။ သေမင်းဆီတန်းစီတယ်လို့ကော ထင်မိရဲ့လား။ သူတို့ကတော့ ဒါကို မမှုသလိုနေကြတယ်။ သေမှာကို မကြောက်တော့ လို့လား။ အဲ့ဒီလိုတော့ ဟုတ်မယ်မထင်ပါဘူး။ ချစ်ညီဆို သေခါနီး ကြောက်ချေး နှစ်ခါပန်းတယ်ဆိုတယ်။ ဇောချွေးတွေများ သီးလို့တဲ့။ သူတို့ကြောက်ကြတာက အရက်မသောက်ရမှာကို ကြောက်ကြတာပါ။

(၂)
ဒါကြောင့်လည်း သေရက်ရောက်တဲ့အထိ သောက်လက်စကို ဖြတ်မှမဖြတ်ကြတာ။ အရက်ကို တော်တော် စွဲငြိသွားကြတာ။ အရက်ကကော အဲ့ဒီ့လောက် စွဲလမ်းစရာ ကောင်းလို့လား။ ကျနော်လည်း သောက်ဖူးပါတယ်။ အဲ့ဒီ့ လောက်ကြီးမဟုတ်ဘူးလို့ ထင်တာပဲ။ သူတို့နဲ့အတူသောက်ခဲ့တာ ဒီကောင်တွေလည်းအသိပါ။ ရဲကျော်ဆို သူမသေခင်တလလောက်က မင်းကတော့ အရက်အတူတူသောက်ခဲ့ပြီး အရက်သမားမဖြစ်ဘူးနော်လို့တောင် ပြောသွားသေးတာ။

အဲ့ဒါ ကြံရည်ဆိုင်မှာ။ သူမသေခင် ကြံရည်တိုက်ဆိုလို့လိုက်တိုက်တာ။ အဲ့ဒီ့မှာ ဒီကောင် လွမ်းလွမ်းမြေ့မြေ့နဲ့ ပြောသွားတာ။ ကျနော်ကတောင် ဒါဆို ဖြတ်ပေါ့ကွ။ မသောက်တော့နဲ့ပေါ့လို့ဆီသည်မလက်သုတ်ဝတ်စကားကို ပြောမိသေးတယ်။မင်းလည်း ဗုဒ္ဓဘာသာပဲလေ။ ဗုဒ္ဓအဆုံးအမနဲ့အညီ နေကြည့်ပေါ့။

ဗုဒ္ဓရှင်ကတော့ အရက်ကို တော်တော်ဆန့် ကျင်ထားတာပဲ။ လူအများသိတဲ့ ငါးပါးသီလမှာလည်း သူရာမေယိရ မစ္ဆ လို့ပြောထားတာ ရှိတာပဲ။ မင်္ဂလသုတ်မှာလည်း မဇ္ဇဆိုတဲ့ မူးယစ်မေ့လျော့စေတဲ့ ယစ်မျိုးတွေကိုရှောင်တာဟာ မင်္ဂလလို့  ဟောထားတာ ရှိတယ်။ မင်္ဂလဆိုတာ ကြီးပွားကြောင်းတရား။ မင်း မကြီးပွားရတာဟာ အရက်ကြောင့် အများကြီးပါတယ်။ ဒါကို ပိုပြီးတော့ လုံအောင် သိင်္ဂါလောဝါဒသုတ်မှာပါတဲ့ အရက်သောက်ခြင်းရဲ့ အပြစ်ခြောက်မျိုးနဲ့ပါ တွဲပြောဖြစ်တယ်။

အင်္ဂုတ္ထိုရ်မှာဆိုရင် အရက်ရောင်းတာကိုတောင် မရောင်းဖို့တားမြစ်ထားတာ။ ချစ်ဦးဆိုရင်ကြည့် ..ဗုဒ္ဓဘာသာဝင်ပြောပြီး အရက်ပါရောင်းနေတာ။ ဒီကောင်က ရောင်းလည်းရောင်းလည်းရောင်း၊ သောက်လည်းသောက်ဆိုတော့ နှစ်ပြစ်။ မင်းက တော့ သူ့လောက် မဆိုးသေးပါဘူးကွာလို့ ကြံဖန်ဖြေသိမ့်ပေး၊ ချော့မော့ပြီး အရက်ဖြတ်ခိုင်းခဲ့ရသေးတယ်။ အရက်အ ကောင်းလည်း ဒီကောင်တွေက ဝယ်သောက်နိုင်မှာမှ မဟုတ်တော့ ကောင်းတာပဲ သောက်ပေါ့ကွာလို့ ဘယ်ပြောထွက်မှာတုန်း။

ဒါကို ရဲကျော်က တို့ကသေတော့မှာပါကွာတဲ့။ ဖြတ်လည်း အရက်ပြတ်တာပဲ ရှိမယ်။ သေတာကတော့ သေတော့မှာပါပဲ တဲ့။ အထဲမှာ ဘာမှ မရှိတော့ဘူးတဲ့။ သူ့ ရင် ဘတ်ကြီးတခုလုံးကို ပွတ်ပြတယ်။ စိတ်မကောင်းစရာဗျာ။ ပြီးတော့ ပြောသေးတယ်။ အရက်သောက်ဖြစ်တာ ကျနော့်ကြောင့်တဲ့။ ကျနော်က ဒုစရိုက်ဆယ်ပါးထဲမှာ အရက်သောက်တာမပါဘူး။ အရက်သောက် တာဟာ ဒုစရိုက်မဖြစ်ဘူး။ ဖြစ်လည်း လူသေရင် လူပဲ ပြန်ဖြစ်ကြမှာဆိုလို့ စမ်းသောက်ကြတာက စွဲသွားတာ။

အဲ့ဒီ့တော့ ဘာစိုးရိမ်စရာရှိလဲ။ လူသေရင် လူပြန်မွေးမှာပဲတဲ့။ ရဲကျော်သေရင် ရဲကျော်ပဲ ပြန်လာမှာလေတဲ့။ အသက်တောင် ငယ်သွားဦးမယ်တဲ့။ အဲ့ဒီ့ကျတော့ မင်းက အဘိုးကြီးဖြစ်ရင် ဖြစ်၊ မဖြစ်ရင် သေနေပြီတဲ့။ ကျနော့် ကို။

ဒီကောင်တွေ သိသိရက်နဲ့သောက်နေကြတာ။ အရက်ကို အောက်စီးကနေ ငုံ့ခံနေကြ တာ။ အရက်ရဲ့ကျေးကျွန်ဆိုတာမှန်တယ်။ ဒီကောင်တွေ စနစ်ကိုတော်လှန်ဖို့ နေနေ သာသာ အရက်ကိုတောင် မတော်လှန်ဝံ့တော့ဘူး။

အသေခံသောက်သွားကြတာ။ ဒါကို ရင်နာလွန်းလို့ပါ။ ငါတို့ဟာ ကျေးကျွန်တွေ မဟုတ်ဘူး။ လွတ်လပ်သူတွေတဲ့။ တကယ် တော့ ဒီကောင်တွေ မလွတ်လပ်တော့ဘူး။ ဒီကောင်တွေ အရက်ရဲ့ကျေးကျွန် ဖြစ်နေပြီ။ ဒါကို မချိလွန်းလို့ပါ။ ဒါကြောင့်လည်း ဒီကောင်တွေအကြောင်းကို မတွေးဖြစ်ဘူး။ တွေးလည်း မတွေးချင်ဘူး။ ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင်တခုနဲ့ လာကြုံနေရလို့ တွေးဖြစ်သွားတယ်။ ဒါကြောင့်လည်း ရေးဖြစ်သွား တယ်။

(၃)
ဟိုဘက်ရက်တုန်းက စာသင်ခန်းထဲမှာ ၁၅ နှစ် ၁၆ နှစ်အရွယ် မရှိတရှိတွေကို အရက်သောက်ဖူးလား မေးကြည့်တော့ သောက်ဖူးတယ်လို့ဖြေကြတယ်။ အယောက် ၃၀ လောက်မှာ မသောက်ဖူးတာ ငါးယောက်ပဲ ရှိတယ်။ အဲ့ဒီ့မှာ ယဉ်ကျေးမှု အရွေ့ကြီးကို ကျနော် ခေါင်းနားပန်းကြီးသွားတယ်။ အရက်ယဉ်ကျေးမှုဟာ ကျနော်တို့ဆီမှာ မင်းမူ နေပြီလား။

ဒါဆို အဲ့ဒီ့ဟိုဘက်ရက်က အဖြစ်အပျက်ကို ခုလေးတင်ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်နဲ့ ယှဉ်စားကြည့်ရမှာပဲ။ ဒီနေ့စာကျက်ဝိုင်း မရှိပေမယ့် စကားပြောကောင်းနေလို့ ည ဆယ့်တစ်နာရီခွဲလောက်မှပဲ ကျနော် အိမ်ပြန်လာဖြစ်တယ်။ ကျနော်တို့ ရပ်ကွက်က တောင်ကုန်းလေး။ တောင်ကုန်းအတက်နားမှာ ဘုန်းတော်ကြီးကျောင်း တကျောင်းရှိတယ်။ ကုန်းအလယ်လောက်မှာ ဘုန်းကြီးကျောင်းရဲ့ အုတ်လှေကားတခု။

အဲ့ဒီ့လှေကားပေါ်မှာ အင်္ကျီဖြူနွမ်းနွမ်းနဲ့ငမော။ ရပ်နေတာ ကျနော်မြင်နေရတယ်။ ဒီကောင်က ဘုန်းကြီးကျောင်းမှာ နေတဲ့ ကောင်။ ကိုရင်ဘဝနဲ့ အကြာကြီးနေပြီးမှ ဆယ်တန်းအောင်တော့ လူထွက်တယ်။ လူထွက်တော့လည်း သူ့အိမ်သူ မပြန်တော့ ဘူး။ ဘုန်းကြီးကျောင်းမှာပဲနေတယ်။ ဆယ်တန်း မြန်မာစာသင်ပြီး ကျူရှင်ဆရာတောင် လုပ်လိုက်သေးတယ်။

ကျနော်ဖြတ်သွားတော့ ဒီကောင်ကရယ်ပြပြီး နှုတ်ဆက်တယ်။ ကျနော်လည်း ပြန်ရယ်ပြပြီး ဆက်မောင်းလာလိုက်တာ တောင်ကုန်းထိပ် ကျနော့်အိမ်ဘက် ကွေ့ခါနီးတော့မှ ငမောသေတာကြာပြီပဲဆိုတာ သတိရလိုက်တယ်။

ကြက်သီးတွေတောင်ထသွားတယ်။ ဒါဟာ ကျနော့်စိတ်ထဲမှာ ပုန်းခိုနေတဲ့ စွမ်းအင်တခုကို ပြန်မြင်မိတာလားတော့မသိဘူး။ ဒီကောင်နဲ့ကျနော်က ဒီလှေကားထစ်မှာ မသေခင် ဒီလိုပဲ နှုတ်ဆက်နေကြ။

ကျနော့်ဆီကနေ အရက်ဖိုးကို ဒီလှေကားထစ်ပေါ်ကနေ ထိုင်ထိုင်စောင့်ပြီး တောင်းနေ ကြဆိုတော့ အဲ့ဒီ့စွမ်းအင်ကို ကျနော် ပြန်မြင်မိနေတာလား။ ရူပဗေဒမှာ အတည် စွမ်းအင်နဲ့ အရွေ့စွမ်းအင်ဆိုတာ မီးကျိုးမောင်းပျက်လောက်ပဲ သင်ယူဖူးတာ ဆိုတော့၊ သိပ်တော့ မသေချာဘူး။ အဲ့ဒီ့ထဲက အတည်စွမ်းအင်လား။ အရွေ့စွမ်းအင်လားဆိုတာ။

ဒါမှမဟုတ် ဒီကောင်တွေ မကျွတ်မလွတ်တာများလားလည်း မသိဘူး။ ဒီအရက်သမားဝိညာဉ်ကောင်တွေ ခုခေတ်လူငယ်တွေ ကို ပူးဝင်နေကြတာများလား။

ဆရာကြီးမင်းသုဝဏ်က ဖိုးမောင်လာပြီကဗျာမှာ ဖိုးမောင်ရဲ့ရပ်ရွာချစ်စိတ်တွေ ကိန်းအောင်နေသေးတာကို …

ရွာလုံးစိတ်တွင်၊ ဖိုးမောင်ဝင်၍၊
ပဲ့တင်ထပ်ကာ၊ ဟည်းလျက်ပါတည့် လို့ဖွဲ့ ပြခဲ့တာ။

ကောင်းပါ့။ ဖိုးမောင်ရဲ့ဝိညာဉ်၊ ဖိုးမောင်ရဲ့ဒေသချစ်တဲ့ဝိညာဉ်ဟာ ရွာနားရစ်ဝဲနေတာ ကောင်းပါ့။ ရွာသားတွေဆီ ပူးဝင်နေတာ ကောင်းပါ့။ ဒါပေမဲ့ ငမောင်တို့ဝိညာဉ်၊ အရက်ချစ်တဲ့ဝိညာဉ်တွေ အဲ့ဒီလို ရစ်ဝဲခံလို့ သင့်ပါ့မလား။

ဖိုးမောင်ကြီးရပ်ရွာချစ်သလို မျိုးဆက်သစ်လူငယ်တွေ ရပ်ရွာချစ်စိတ်ကိုမွေးကြပါအစား၊ ငမောကြီး အရက်ချစ်သလို လူငယ် တွေ အရက်ချစ်ကြပါဆိုတာမျိုး ဖြစ်ကုန်ပြီလား။

ဒီလိုမှ မဟုတ်ဘဲ လူငယ်တွေကိုးကွယ်ရာ နတ်စိမ်းတွေများ ဖြစ်ကုန်လေသလား။ လူငယ်ရေးရာနတ်တပါးက အရက်သောက် သေပြီး နတ်စိမ်းဖြစ်တဲ့ နတ်ငမောတဲ့။ နတ်ငကျော်တဲ့။ နတ်ငသက်တဲ့။ နတ်ငချစ်တဲ့…

အမေလေး ကိုဒါသရဲ့ ကျနော်တို့လူ့အဖွဲ့အစည်းတော့ ဒုက္ခပါကွဲ့….။

ကျော်ထင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်