မောင်ရင်ငတေ ● ကာရံထားသော တံတိုင်းကြီးများမှသည် ခြံစည်းရိုးကို ခွကျော်သူများ

October 5, 2017

မောင်ရင်ငတေ ● ကာရံထားသော တံတိုင်းကြီးများမှသည် ခြံစည်းရိုးကို ခွကျော်သူများ
(မိုးမခ) အောက်တိုဘာ ၅၊ ၂၀၁၇

ဘာလင်ခြံစည်းရိုးရောက် မရငတ Berliner Mauer (18092010) (Photo BThang)

နာမည်ကျော် Berliner Mauer ဘာလင်တံတိုင်းကြီးကို ဖြိုချခဲ့ကြတာ ဒီကနေ့ ၂၀၁၄ ခုနှစ် နိုဝင်ဘာ ကိုးရက်နေ့မှာ နှစ်ပေါင်း အစိတ် ရှိသွားခဲ့ပါပြီ။

German Democratic Republic (GDR) အရှေ့ဂျာမဏီခေတ် ၁၉၆၁ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ စုစုပေါင်း ၁၆၀ ကီလို မီတာ ကိုးဆယ့်ခြောက်မိုင်ခန့်ရှည်တဲ့ ဒီတံတိုင်းကြီးကို လူတိုင်းလိုလို ကြားဖူးကြမှာပါ။ ဒီကနေ့ကာလမှာတော့ ဘာလင်မြို့ တော်ကိုရောက်ရှိလာကြတဲ့ ခရီးသွားတိုးလ်ရစ်တွေနဲ့ စည်ကားနေလေ့ရှိတဲ့ နေရာတနေရာ ဖြစ်နေပါပြီ။

အတိတ်ကာလကတော့ ဂျာမန်လူမျိုးတွေ အရှေ့နဲ့အနောက် နှစ်ခြမ်းနှစ်ပိုင်းကွဲစဉ်က အရှေ့ဂျာမန်ဘက်ခြမ်းကို အုပ်စိုးသူ (လက်ဝဲသမား) များက ဒီဘာလင်တံတိုင်းကြီးကို တည်ဆောက်ခဲ့ကြတာပါ။ ဘာလို့တည်ဆောက်ခဲ့သလဲ။ မောင်ရင်ငတေ သိသလောက် ပြောရရင်တော့ ဒီတံတိုင်းကြီး တည်ဆောက်ခဲ့ရခြင်းက အနောက်ခြမ်းက လူတွေ အရှေ့ခြမ်းကို ဝင်မလာစေဖို့ တားဆီးတာထက် သူတို့ အရှေ့ဂျာမန်များ အနောက်ဂျာမဏီသို့ မသွားစေချင် မကူးသန်းစေချင်တာက အဓိကသာပါ။

(Berliner Mauer) Tschüss Tschüss နှုတ်ဆက်ကြပါစို့ (ဓါတ်ပုံ မရငတ)

 

ဒီကနေ့ လက်ကျန် ဘာလင်တံတိုင်း (Mur de Berlin) (ဓါတ်ပုံ မရငတ)

 

နှစ်ခြမ်းပဲ့ ဘာလင် (ဓါတ်ပုံ မရငတ)

အဲဒါကြောင့်လည်း ဒီတံတိုင်းကြီးတည်ရှိခဲ့တဲ့ ၁၉၆၁ ခုနှစ်ကနေ ၁၉၈၉ ခုနှစ်အတွင်း နှစ်ပေါင်းသုံးဆယ်နီးနီးကာလမှာ အရှေ့ဘာလင်မှာနေကြတဲ့ အရှေ့ဂျာမဏီသားတွေ အနောက်ဘာလင်ဘက်ခြမ်းကို ခုန်ကျော်ကူးကြလို့ အရှေ့ဂျာမန် စစ်သားတွေရဲ့လက်ချက်နဲ့ သေခဲ့ကြရသူတွေ အများအပြားရှိခဲ့ပါတယ်။

အဲဒီလို အနှစ်သုံးဆယ်ကြာ ဘာလင်မြို့တော်ကို ပိုင်းခြားထားခံရတဲ့ အုတ်တံတိုင်းကြီး ပေါ်ပေါက်ခဲ့ရတာက လူမျိုးရေး ဘာ သာရေးကြောင့် မဟုတ်ရပါဘူး။ ဒုတိယ ကမ္ဘာစစ်ကြီးမှာ စစ်ရှုံးဂျာမဏီနိုင်ငံကို စစ်နိုင်နိုင်ငံများဖြစ်ကြတဲ့ မဟာမိတ် အမေရိ ကန်၊ အင်္ဂလန်၊ ပြင်သစ်၊ ရုရှားတို့က လေးစိတ်ပိုင်း၍ ခွဲဝေကြပါတယ်။ ဒါပေမယ့်လို့ စစ်နိုင် မဟာမိတ်တွေဖြစ်ကြပေမယ့် ကွန်မြူနစ် ဆိုဗီယက် ရုရှားနဲ့က ကျောင်းတော်ထဲက မတည့်ကြလေသူများ ဖြစ်ကြတာနဲ့အညီ ဆိုဗီယက်တို့ရဲ့ ဝေစုရနယ်မြေ ဖြစ်တဲ့ ဘာလင်အရှေ့ခြမ်းဟာ ကွန်မြူနစ်ထောက်ခံသူ လက်ဝဲသမားများရဲ့နယ်မြေ ဖြစ်လာခဲ့ပါတယ်။

အဲဒီအချိန်က ဥရောပလက်ဝဲတွေ အားကောင်းနေချိန်မို့ အရှေ့ဂျာမဏီအာဏာပိုင်များဟာ “Anti-Fascist Protection Wall” အမည်တပ်ပြီး လက်ဝဲဆန့်ကျင်သူများ မပြေးနိုင်ရလေအောင် အဲဒီလိုနာမည်ကျော်ကြားလှတဲ့ ဘာလင်တံတိုင်း ဆို တာကြီးကို ငွေကြေးအကုန်ခံ တည်ဆောက်ခဲ့တာပါ။

ဒါပေမယ့်လည်း အဲဒီ ဖက်ဆစ်ဆန့်ကျင်ရေး ဖက်ဆစ်ကာကွယ်ရေး တံတိုင်းကြီးကို ကမ္ဘာတဝှမ်းမှာတော့ “Schandmauer” (Wall of Shame) လို့သာ လှောင်ပြောင်ခေါ်ခြင်း ခံခဲ့ရပါတယ်။

ဒါပေမယ့် ဘာလင်တံတိုင်းကြီးကတော့ ကံမကောင်းအကြောင်းမလှစွာနဲ့ ဆိုဗီယက်အင်ပါယာကြီး မပြိုကွဲသွားခင် နှစ်နှစ် ခန့်မျှစောပြီး ၁၉၈၉ ခုနှစ် နိုဝင်ဘာလကိုးရက်နေ့မှာ လဲပြိုကျသွားခဲ့ရပါတယ်။
၁၉၉၀ ခုနှစ် အောက်တိုဘာ သုံးရက်နေ့မှာတော့ ဂျာမဏီ တနိုင်ငံတည်းအဖြစ် ပြန်လည်ပေါ်ထွန်းလာခဲ့ပြီး ဆိုဗီယက်ယူနီ ယံကြီးကတော့ နိုင်ငံပေါင်း ၁၅ နိုင်ငံအဖြစ် ကွဲပြားခြားနားသွားခဲ့ရပါတယ်။

နိုင်ငံရေးခံယူချက်တွေ မတူကွဲပြားရာကနေ ပေါ်ပေါက်ခဲ့ရတဲ့ ဒီလိုမျိုး ဘာလင်တံတိုင်းကြီး ဖြိုချခံရပြီးနောက် နှစ်ပေါင်း အစိတ်အတွင်းမှာ အခြားသောအကြောင်း အမျိုးမျိုးနဲ့ ပေါ်လာခဲ့တဲ့ တံတိုင်းကြီးတွေလည်း ကမ္ဘာအရပ်ရပ်မှာ ရှိပါသေးတယ်။

Korean Demilitarized Zone (DMZ) Hanbando Bimujangjidae (Photo Google)

အဲဒီမှာ ထင်ရှားတာတခုကတော့ ဒီကနေ့ ၂၀၁၇ ခုနှစ်ထိတိုင် ခိုင်ခိုင်မာမာ တည်ရှိနေပါသေးတယ်။ အရှေ့အာရှမှာ တည်ရှိ ပြီး နယ်စည်းတွေကို ခြားနားထားတဲ့ အဲဒီနာမည်ကြီး တံတိုင်းကြီးကတော့ မြောက်နဲ့တောင်ကိုရီးယား နှစ်နိုင်ငံကို ပိုင်းခြား ထားတဲ့ Korean Demilitarized Zone (DMZ) ပါ။ လူမျိုးတူပေမယ့် နိုင်ငံရေးဝါဒ မတူညီမှုကနေ နိုင်ငံနှစ်ခြမ်းကွဲသွားပြီး နောက် ကာရံခဲ့ရတဲ့တံတိုင်းပါ။

တောင်နဲ့မြောက်ကိုရီးယားတို့ရဲ့ နာမည်ကျော် Demilitarized Zone (DMZ) စစ်မဲ့ဇုံ တံတိုင်းကြီးကို စစ်မဲ့ဇုံလို့သာ ခေါ်ဝေါ် နေကြပေမယ့်လည်း အဲဒီခြံစည်းရိုးတံတိုင်းရှည်ကြီးရဲ့ ဘယ်ဘက်ခြမ်းရော ညာဘက်ခြမ်းမှာပါ သုံးလိုက်ကြတဲ့ ကာကွယ် ရေးအသုံးစရိတ်တွေက မီလီယံတွေ ဘီလီယံနဲ့ချီပြီး သောက်သောက်လဲ ကုန်ကျနေမှာကတော့ မြေကြီးလက်ခတ်မလွဲ မှန် လှပါပေတယ်တဲ့။ စစ်ဖြစ်ဖို့ တပြင်ပြင်ဖြစ်နေတဲ့ စစ်မဲ့ဇုံတံတိုင်းကြီးတခုသာပါ။

South Korean Soldiers Patrol along the DMZ (Photo Google)

ဒီကိုရီးယားနှစ်နိုင်ငံရဲ့ သံဇကာခြံစည်းရိုးကြီး ဖြစ်ပေါ်လာခဲ့တာက ဘာလင်တံတိုင်း ဖြစ်ပေါ်လာပုံနဲ့ သဘောတရားခြင်းက တူညီပြီး ၁၉၅၃ ခုနှစ်မှာ တည်ဆောက် ပြီးစီးခဲ့တာကြောင့် အချိန်ခြင်းလည်း သိပ်မကွာလှပါဘူးလို့ ပြောရမှာပါ။ ဒါပေမယ့် ဘာလင်တံတိုင်းကြီးကိုဖြိုချနိုင်ခဲ့တာ နှစ်ပေါင်းအစိတ် ရှိခဲ့ပြီ ဖြစ်ပေမယ့် အဲဒီကီလိုမီတာ ၂၅၀ ကျော် ရှည်လျှားတယ်ဆိုတဲ့ ကိုရီးယားရဲ့ ခြံစည်းရိုးကြီးကတော့ ဒီကနေ့တိုင် တည်ရှိနေဆဲပါ။ နောက်ထပ်လည်း နှစ်တော်တော်များများ တည်ရှိနေလိမ့် ပါဦး မယ်လို့ တတ်သိကျွမ်းကျင် ပညာရှင်များက ခန့်မှန်းထားကြတဲ့ တံတိုင်းကြီး တခုသာပါ။

ကာရံထားသော ကမ္ဘာ့ခြံစည်းရိုးတွေထဲမှာ သူ့ရဲ့ထူးခြားချက်က တောင်နဲ့မြောက် နှစ်ဘက်စလုံးက ကိုယ့်ခြံကိုယ်ကာ ကိုယ့် စည်းရိုးကိုယ်စောင့် လက်နက်တွေ တပြင်ပြင်နဲ့ ငြိမ်းချမ်းရေးတောင်းဆိုနေကြတာပါ။ မြောက်ဘက်ခြမ်းက ပိုဆိုးတယ် လို့တော့ မီဒီယာတွေက အော်သံပိုကြားရတာပေါ့။ သူလည်း Wall of Shame ထဲမှာ ထိပ်ဆုံးတန်းနေရာကို ယူထားတာ ကြာခဲ့ပါပြီ၊ ဆင်းပေးမယ့်ပုံ မပေါ်လှပါဘူးတဲ့။ အဓိက သွေးထိုးလှုံ့ဆော်ခဲ့ သူတွေကတော့ ထုံးစံအတိုင်း ငပွကြီး အမေရိကန်နဲ့ ဆိုဗီယက်ရုရှားတို့သာပါ ခင်ဗျာ။

ယူနိုက်တက်ကင်းဒမ်း မြောက်အိုင်ယာလန်မှာ ခပ်သေးသေး တံတိုင်းတခုတော့ ရှိပါတယ်။ အဲဒီမြောက်အိုင်ယာလန် နိုင်ငံ မှာရှိတဲ့ Belfast Peace Lines ငြိမ်းချမ်းရေး ခြံစည်းရိုးတံတိုင်းဆိုတာကတော့ နိုင်ငံရေး လူမျိုးရေး မတူညီမှုတွေကြောင့် ကာရံခဲ့ရတာပါ။ ၁၉၆၉ ခုနှစ် နောက်ပိုင်းမှာစပြီး တည်ဆောက်ခဲ့ကြရာက တစတစ တိုးချဲ့ကာရံခဲ့ကြတာ အခုဆိုရင် မိုင်နှစ် ဆယ်လောက် ရှိနေပါပြီ၊ မလိုအပ်တော့ဘူးလို့ ယူဆသူတွေ ရှိလာနေပေမယ့်လည်း ပြန်လည် ဖြိုချဖျက်စီးပစ်ဖို့ကတော့ အခု လောလောဆယ်ထိ မဖြစ်နိုင်သေးဘူး ဆိုပါတယ်။ အဲ ငြိမ်းချမ်းရေး အကြောင်းပြ ခြံစည်းရိုးကိုတော့ လာရောက်လေ့လာ ကြည့်ရှုချင်ကြသူ ခရီးသွားတိုးလ်ရစ်တွေက ပိုမိုများပြားလို့လာနေတာကြောင့် အကုန်မဖျက်ချင်ကြသူများလည်း ရှိနေ ကြောင်းပါ။

နောက်ထပ် နာမည်ကြီး တံတိုင်းခြံစည်းရိုးများကတော့

Ceuta Border Fence (၁၉၉၃) (တည်ဆောက်သူ စပိန်)
Melilla Border Fence (၁၉၉၈) (တည်ဆောက်သူ စပိန်)
Israeli West Bank Barrier (၂၀၀၀) (တည်ဆောက်သူ အစ္စရေး)
Mexico–United States Barrier (၂၀၀၆) (တည်ဆောက်သူ အမေရိကန်)

အဲဒီတံတိုင်းလေးခုထဲမှာတော့ အစ္စရေးတံတိုင်းကြီးကတော့ သူတို့ရဲ့ကမ္ဘာ့ရန်ဘက် ပါလက်စတိုင်း တွေနဲ့ သမိုင်းတလျှောက် ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ဘာသာရေး နိုင်ငံရေး အကြောင်းကြောင်းတွေကို အကြောင်းပြ ကာရံခဲ့တာဖြစ်ပြီး ကျန်တဲ့သုံးခုကတော့ နယ်စပ်ဒေသ လူဝင်မှု ဥပဒေနဲ့ အကြောင်းပြ တည်ဆောက်ခဲ့ကြတာပါ။ တခြား နာမည်သိပ် မထင်ရှားတဲ့ တံတိုင်းများလည်း ရှိဦးမှာပါ။

အဲဒီတံတိုင်းတွေ အသစ်အဟောင်းအားလုံး အကုန်လိုလိုကတော့ “Wall of Shame” စာရင်းထဲမှာ သာ ပါဝင်နေတာကတော့ ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား မောင်ရင်ငတေ မခံစားနိုင် မသိနိုင်တော့ပါဘူး။ ဒေါသ လောဘ မောဟတွေရဲ့ကြားမှာ တံတိုင်းကြီးတွေကိုကျော်ပြီး ငြိမ်းချမ်းရေးလေပစ်ပွဲက ဘယ်လိုများ ငြိမ်းချမ်းရေးကို သရုပ်ဖော်လို့ ရနိုင်ပါတော့မလဲခင်ဗျာ။

ဒီနေရာမှာ အမေရိကန်တို့အစ္စရေးတို့က မောင်ရင်ငတေနဲ့ သိပ်မသက်ဆိုင်သလိုမို့လို့ နည်းနည်းပိုမိုသက်ဆိုင်တယ် ထင်ရ တဲ့ ဥရောပကတံတိုင်းများအကြောင်းကိုသာ ရေးချင်မိရပါတယ်။

ဥပမာအနေနဲ့ပြပြီး ရေးရရင်တော့ နာမည်အကြီးဆုံး အမေရိကန်နဲ့မက္ကစီကိုနယ်မြေတွေကို ပိုင်းခြား ကာရံ ထားတဲ့ Nogales Border Fence (Mexico–US Barrier) တံတိုင်းအကြောင်းက ရေးမယ်ဆိုရင်တော့ အကောင်းဆုံးဇာတ်လမ်းတွေ တည်ရှိ ရာနေရာပါ။ ဒါပေမယ့် မောင်ရင်ငတေနဲ့က အလှမ်းကွာဝေးလှတာမို့လို့ မရေးတော့ပါဘူး။

တကယ်တော့ ဥရောပက တံတိုင်းများ ဆိုတာက တကယ်တမ်း ဥရောပ ကုန်းမကြီး မြေပေါ်မှာ မရှိ ပါဘူး။ Ceuta Border Fence နဲ့ Melilla Border Fence နှစ်ခုစလုံးက တည်ဆောက်သူ စပိန်လို့ဆိုပေမယ့် စပိန်မြေကြီးပေါ်တည်ရှိတာ မဟုတ်ပါ ဘူး။ မြောက်အာဖရိက မော်ရိုကို နိုင်ငံအတွင်းမှာ တည်ရှိတဲ့ စပိန်ပိုင် နယ်မြေလေးနှစ်ခုကို ကာရံထားရတဲ့ ခြံစည်းရိုးတွေပါ။ အဲဒီ အကြောင်းတွေကို ၂၀၁၄ ဘာလင်တံတိုင်း မရှိတော့တဲ့ အနှစ်အစိတ်ပွဲလုပ်ချိန်မှာ ဒီခြံစည်းရိုးကို ခွကျော်ကြသူများရဲ့ အကြောင်းကိုလည်း မောင်ရင်ငတေ စိတ်ဝင်စားသမျှဖတ်မိပြီး ရေးတို့ထားမိတဲ့ မှတ်တမ်းတွေပါ။

 

ခြံစည်းရိုးကို ခွကျော်သူများ Climbing “Valla de Melilla” (Photo Google)

ပြီးခဲ့တဲ့ ၂၀၁၄ နိုဝင်ဘာလမှာ ဘာလင်တံတိုင်းကြီး ဖြိုချဖျက်စီးခဲ့တဲ့ ငွေရတုပွဲ အပြီးမှာတော့ မောင်ရင်ငတေတယောက် ဒီကနေ့ခေတ်သစ်ကာလ အရပ်နေရာဒေသအသီးသီးမှာ အသစ်အသစ် ကာရံလာကြတဲ့ တံတိုင်းအသစ်တွေအကြောင်းကို ဆက်စပ်ပြီး စိတ်ဝင်စားလာမိရပါတယ်။

ဘာလင်တံတိုင်းရဲ့ အကြောင်းကတော့ ဒီကနေ့ခေတ် အခါမှာတော့ ဘာမှသိပ်မထူးဆန်းတော့တဲ့ ရာဇဝင်ထဲ ထားခဲ့ရ တော့မယ့်အကြောင်းတခုသာ ဖြစ်နေပါပြီ၊ သူထက် ထူးခြားဆန်းပြားတဲ့တံတိုင်း အသစ်အသစ်တွေ ပေါ်လာနေလို့ပါ။ မောင် ရင်ငတေ တကယ်တမ်းရေးချင်တာကလည်း ကိုရီးယားရဲ့ ခြံစည်းရိုးတို့ ဘာလင်တံတိုင်းတို့လို နိုင်ငံရေးအရ မဟုတ်ပါဘဲ ကမ္ဘာဦးလူသားတွေ ခေတ်တည်းက ရေကြည်ရာမြက်နုရာ သွားလာခဲ့ကြတာတွေကို တားမြစ်ပိတ်ပင်သလို ဖြစ်နေရပါတဲ့ ခြံစည်းရိုးသစ် တံတိုင်းသစ်တွေရဲ့ ပေါ်ပေါက်လာရပုံ အကြောင်းပါ။ မောင်ရင်ငတေကိုယ်တိုင်ကလည်း ခြံစည်းရိုး ခွကျော် ဝင်ရောက်လာတာ မဟုတ်ပေမယ့် ရွှေ့ပြောင်း ရောက်ရှိလာသူတယောက် မဟုတ်လား။

 

စပိန်ပိုင် မော်ရိုကိုကမ်းခြေက “Valla de Melilla” et “Valla de Ceuta” (Photo Google)

ဘာလင်တံတိုင်းဖြိုချခဲ့တဲ့ ငွေရတုနေ့နဲ့ ဆက်စပ်ပြီး မောင်ရင်ငတေ ရေးချင်တာတခုကတော့  စပိန်နိုင်ငံပိုင် မြို့နှစ်မြို့က သံ ဇကာတံတိုင်း နှစ်ခုရဲ့အကြောင်းကိုပါ။ နှစ်ခုစလုံးက စပိန်နိုင်ငံဆိုပေမယ့် အာဖရိကမြေကြီးပေါ်မှာတည်ရှိတာပါ။ Valla de Melilla, Valla de Ceuta အမည်ရပါတယ်။ အဲဒီနယ် နှစ်နယ်က ၁၉၉၅ ခုနှစ်မှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ Mayor-President တွေက အုပ်ချုပ်တဲ့ မြို့ လေးများ ဖြစ်လာခဲ့တာပါ။ လူဦးရေက တသိန်း မပြည့်တတ်ပါဘူး။ ယူရိုငွေသုံးပြီး ယူရိုပီယံယူနီယမ် အဖွဲ့ဝင်နယ်မြေတွေ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ဒီမြေကြီးကိုနင်းမိရင် အဆင်ပြေနိုင်ကောင်းရဲ့တွေးထင်ကြပြီး ခြောက် မီတာမြင့် သံဇကာတံတိုင်း နှစ်ထပ်သုံးထပ်ကို ပျော်ပျော်ပါးပါးနဲ့ ဖြတ်ကျော်ကြည့်ကြဖို့ ကြိုးစားကြဟန် တူပါတယ်။ ဒီအ တိုင်း သူတို့မွေးရပ်မြေမှာ ထိုင်နေကြရတာထက် ငါးမရ ရေချိုးပြန်ရရင်လည်း မဆိုးပါဘူးလေ အတွေးရှိကြတာလည်း ပါကြ မှာပေါ့။


ခြံစည်းရိုးကို ခွကျော်သူများ Climbing “Valla de Melilla” (Photo Google)

အဲဒီမြို့လေးတွေရဲ့ ထူးခြားချက်က စပိန်ပိုင်မြို့တွေ ဖြစ်နေပေမယ့် ဥရောပကုန်းမကြီးရဲ့ စပိန်နိုင်ငံဧရိယာထဲမှာ တည်ရှိနေ တာ မဟုတ်ပါဘူး။ အာဖရိကမြောက်ဘက်စွန်း မော်ရိုကိုပြည်ထဲမှာ တည်ရှိနေပြီး မြေထဲပင်လယ် ကမ်းခြေဒေသတွေပါ။ အဲဒါကြောင့် အာဖရိကမြေကို စွန့်ခွာဖို့  ကြိုးစားကြတဲ့ အာဖရိကသားတွေဟာ အလွယ်ကူဆုံးလမ်းကြောင်းအဖြစ် ရွေးချယ် လာခဲ့ကြရာက ဒီမော်ရိုကိုမြေ စပိန်မြို့နယ်လေးနှစ်ခုကို အောင်မြေအဖြစ် ပစ်မှတ်ထား အရောက်လာကြတော့တာပါ။

ဒီနေရာတွေက လှေစီးခရီးနှင် လာကြသူတွေ လာတဲ့ လမ်းကြောင်းတော့ မဟုတ်ပါဘူး။ လှေစီးလာကြသူတွေက တူနီးရှား လစ်ဗျားကမ်းခြေများကနေ အီတလီမြေကို ရေကြောင်းခရီးနဲ့ လာတာမျိုးပါ။ အဲဒီ လှေစီးခရီးနှင်ကြသူများရဲ့အကြောင်း မောင်ရင်ငတေရေးထားတာ ဒီနေရာမှာ ဖတ်နိုင်ပါတယ်။ “လှေစီးခရီးနှင်ကြသူများ” http://www.maungyinngatay.com/2015/09/blog-post.html။

ပထမတခု Valla de Melilla တံတိုင်းကို ၁၉၉၈ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး နာမည် တစတစကြီးလာသလို သံဇကာ ကာမှုကိုလည်း တထပ်ပြီးတထပ် တိုးမြှင့်ပြီး ကာခဲ့ကြတာကြောင့် အခုတော့ သံဇကာသုံးထပ်နဲ့ တံတိုင်းဖြစ်လို့လာခဲ့ပါပြီ၊ နယ်မြေကသေးသေးကျဉ်းကျဉ်းမို့ အရှည်ကတော့ ၁၂ ကီလိုမီတာမျှသာ ရှည်လျှားပါတယ်။ အလျှားတိုသလောက် ပြဿနာ ကတော့ များလှပါပေတယ်လို့ စပိန်နယ်ခြားစောင့် တပ်ဖွဲ့တွေ ညည်းချင်းထုတ်ရတဲ့ နေရာပါတဲ့။

ဒုတိယတခုက Valla de Ceuta သံဇကာ ခြံစည်းရိုးပါ။ သူလည်း မော်ရိုကိုမြေဝိုင်းထားတဲ့ စပိန်ပိုင် ကျွန်းစွယ်အငူလေးပါ။ မြေထဲပင်လယ်ရဲ့ အနောက်ဘက်ထွက်ပေါက် ဂျီဘရော်တာရေလက်ကြားဝ အင်္ဂလိပ်ပိုင် ဂျီဘရော်တာမြို့နဲ့ ဟိုဘက်ကမ်း ဒီဘက်ကမ်း မျက်စောင်းထိုးမှာ တည်ရှိပါတယ်။

 

“Wall of Shame”  ခြံစည်းရိုးကို ခွကျော်သူများ (Photo Google)

အဲဒီ သံဇကာတံတိုင်းနှစ်ခုကို ၁၉၉၀ ခုနှစ် နှောင်းပိုင်းဆီက တည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၀၅ ခုနှစ် အရောက်မှာတော့ ကျော်ဖြတ်သူများ များပြားလာမှုကြောင့် မီဒီယာလောကမှာ ပိုမို၍ထင်ရှားလာပြီး ၂၀၀၆ ခုနှစ်မှာ ပြင်သစ်စကားပြော Victimes de nos Richesses ဇာတ်ကား ထွက်လာပါတယ်။

ခြံစည်းရိုးကို ခွကျော်နေသူများရယ် တာဝန်ကျတဲ့ နယ်စပ်လုံခြုံရေးက ရဲတွေရယ် သံဇကာထက်မှာ ပြေးတမ်းလိုက်တမ်း ကစားနေပြီဆိုရင် အချိန်ကိုက် ရောက်ရှိလာကြတာကတော့ ကင်မရာကြီးတွေ တကားကားနဲ့ မီဒီယာမန်းများပါ။ အဲသည့် အခါဆိုရင် သံဇကာအလယ်မှာ ဒို့နှစ်ယောက် တယောက်တဘက်ခြား ဇာတ်လမ်းဆင်ကြသူတွေလည်း ရှိတတ်သလို သံဇ ကာ တံတိုင်းထက်က လူမည်းမင်း သားတွေကလည်း သရုပ်ဆောင် မညံ့လှပါဘူး။ ဒါကြောင့် အဲရုပ်ရှင်ကား ပေါ်လာဟန် တူပါတယ်။

အဲဒီလိုနဲ့ သာယာလှပတဲ့ မြေထဲပင်လယ် ကမ်းခြေမြို့ကလေးမှာ ဒီလို အရုပ်ဆိုးလှတဲ့ သံဇကာကြီး ကာရံခဲ့ကြတာ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကျော်ကပါ။ ဒါပေမယ့် ဒီလိုမျိုး သံဇာကာတွေ နှစ်ထပ် သုံးထပ် ကာရံလို့ ထားပေမယ့်လည်း နေ့စဉ်နဲ့အမျှ အာဖရိကသားတွေဟာ ဒီသံဇကာကြီးတွေကို ကျော်ခွလို့ လာကြပြီး စပိန်မြေ Melilla မြို့လေးကို ရောက်လာနေကြမြဲပါ။ ဒါပေမယ့် အာဖရိက မြေကြီးပေါ်မှာ
ရှိတဲ့ Melilla မြို့ကမှ ဥရောပကုန်းမကြီးပေါ် အောင်မြင်စွာ ရောက်ရှိလာတဲ့ အရေအတွက်ကတော့
နည်းပါးလွန်းလှပါတယ်တဲ့၊ ၂၀၁၄ ခုနှစ် စာရင်းတခုမှာတော့ တသောင်းနှစ်ထောင်ကျော် စပိန်နယ် မြေကြီးကို နင်းခွင့်ရခဲ့ပါတယ်။ ဒီဘက်ကမ်း ဘယ်နှစ်ယောက်ကူးခွင့်ရသလဲ သေချာမသိနိုင်ပါဘူး။

အာဖရိကမြေမှာ မွေးဖွားလာကြတဲ့ သူတွေအဖို့မှာလည်း သူတို့ရေမြေမှာ သူတို့နေထိုင်လိုကြမှာက
မလွဲမသွေပါ။ ဒါပေမယ့် ထိုင်နေရင်းနဲ့ အငတ်မခံနိုင်လို့ ဒီလိုနယ်စည်းခြားထားတဲ့ ခြံစည်းရိုးတွေကို ခွကျော် တက်နေကြရတဲ့ ပြဿနာမျိုးတွေ ဖြစ်ပေါ်လာ နေရခြင်းပါ။ သေမထူး နေမထူးတော့လည်း နေ့နေ့ညည ခြံစည်းရိုး ခွကျော်မှုတွေကို တွေ့မြင်နေရတာ မထူးဆန်းတော့သလို ဖြစ်နေပါပြီ။

“Wall of Shame” ခြံစည်းရိုးကို ခွကျော်သူများ (Photo Google)

တကယ်တော့ အဲဒါဟာ ကစားပွဲတခုကဲ့သို့ အသက်တွေဘဝတွေကို အပေါင်ထားပြီး ကျော်ဖြတ်နေကြရတဲ့ အာဖရိကန်သား တို့ရဲ့ ရင်နာဖွယ်ရာ ဘဝများသာပါ။ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။

“Wall of Shame”  ခြံစည်းရိုးကို ခွကျော်သူများ (Photo Google)

အာဖရိကန်တွေ အများစုဟာ မောင်ရင်ငတေတို့ အာရှသားတွေရဲ့ မျက်စေ့နဲ့ ရုတ်တရက် ကြည့်ရင် မုန်းချင်စရာ ကောင်းလှပါတယ်။ ရွှေဗမာမ အများစုကလည်း သူတို့ကိုကြောက်ကြသလို ရွံကြသလို ရှိကြပါတယ်။ မောင်ရင်ငတေရဲ့ မိတ်ဆွေ ပြင်သစ်နိုင်ငံသား လူမည်းတယောက် ပါရီ ဆေးရုံတရုံက လုပ်သား (Radiologiste,X-Ray Technician) တဦး ရှိပါတယ်။  တကယ်တမ်းကတော့သူက သူ့ရဲ့ မျိုးနွယ်အရ အာဖရိကန်သွေးပါလို့ အသားမည်း လူမည်း ဖြစ်နေပေမယ့် အာဖရိကတိုက်သား တဦး မဟုတ်ပါဘူး။ အမေရိက တိုက်နား ကာရေဘီယန် ပင်လယ်ထဲက ပြင်သစ်နိုင်ငံရဲ့ ပြည်နယ်တနယ် ဖြစ်တဲ့ Martinique မာတီနစ်ကျွန်းသားတဦးပါ။ သူကပြောပြတာက သူအလုပ်လုပ်နေတဲ့ ဆေးရုံကို ရွှေဗမာ သူနာပြုဆရာမလေးတွေ လွန်ခဲ့တဲ့ လေးငါးဆယ်နှစ်က ရောက်လာကြပါတယ်တဲ့၊ သူ့ကို စ တွေ့ကြသူတိုင်းက ကြောက်ရွံ့ ကြတဲ့ပုံစံ ပြကြပါတယ်တဲ့၊ ဘာလို့မှန်း အစက မသိပါဘူးတဲ့၊ နောက်ပိုင်းမှ သူရဲ့ကပ္ပလီမည်းမည်းတဲ့ အသားမည်းပုံနဲ့ လူပုံ စံမျိုးကို ကြောက်ကြမှန်းသဘောမကျကြမှန်း သူရိပ်မိခဲ့ရပါတော့တယ်တဲ့၊ အာဖရိကန်တွေရဲ့ ဘဝအကျိုးပေးတွေက အဲလို မျိုးသာပါ။

သူလိုလူမျိုး မောင်ရင်ငတေရဲ့ လုပ်ဖော်ကိုင်ဖက်ထဲမှာ အသည်းနှလုံး နူးညံ့လှသလို ကူညီတတ်တဲ့ အိုင်ဗရီကို့စ်သား အာဖရိကန်စစ်စစ်ကြီးတယောက် ရှိခဲ့ဖူးပြီး သုံးနှစ်ကျော်ကျော် အလုပ်တူတူတွဲပြီး လုပ်ခဲ့ဖူးပါတယ်။ အတူတွဲလုပ်ခဲ့ဖူးတဲ့ သုံးနှစ်ကျော်ကာလအတွင်းမှာ သူကနေ ပြဿနာရှာခဲ့တာမျိုး မရှိခဲ့ဖူးပါဘဲ သူကိုသာ ပြဿနာ ရှာခဲ့ကြသူတွေ ရှိခဲ့ဖူးပါတယ်။ အဲဒီလိုမျိုး သူတို့ လူမည်းတွေထဲမှာ အသည်းနှလုံး ကောင်းကြသူများလည်း အများအပြား ရှိကြမှာကတော့ ယုံမှားဘွယ်ရာ မရှိပါဘူး။

ဒါပေမယ့်လည်း သူတို့တွေဟာ သူတို့အာဖရိကန်တွေရဲ့ ဘဝပေး အခြေအနေတွေ မလှပမှုကြောင့် အခုလို တံတိုင်းကျော်ဖြတ် ရတဲ့ ဘဝဆိုးမျိုးတွေ အပါအဝင် အဆိုးတွေမျိုးစုံကို ရင်ဆိုင်ခဲ့ရလို့လည်း သူတို့တတွေရဲ့ အသည်းနှလုံးတွေက မာကြောပြီး နေကြသလို ရိုင်းစိုင်းမှုတွေ များပြားလာကြရတာ ဖြစ်နိုင်ပါတယ်။ ကြမ်းတမ်းတဲ့ ဘဝပေးတွေဟာ ကြမ်းတမ်းတဲ့ အသည်း နှလုံး ဖြစ်လာစေတာပါ။

၁၉၄၅ ခုနှစ်ဝန်းကျင်ကနေ ကမ္ဘာအရပ်ရပ်မှာ အကြောင်းအမျိုးမျိုးတွေပြ တည်ဆောက်လာခဲ့ကြတဲ့ ခြံစည်းရိုးတွေက ဒီကနေ့မှာ အကြီးအသေး အခု ငါးဆယ်ခန့် ရှိနေပါပြီ၊ လွတ်လပ်ရေး ငြိမ်းချမ်းရေး တွင်တွင်အော်နေကြလို့သာ တော် တော့ပါတယ်။

 


ပင်လယ်ရေပြင်ထိပ်ရောက် ခြံစည်းရိုး (Photo Google)

ပြင်သစ် တဖြစ်လဲ မော်ရိုကိုသားဟောင်းတယောက် အပြောအရကတော့ လွန်ခဲ့တဲ့ အနှစ်သုံးဆယ် ကျော် သူခပ်ငယ်ငယ်က သူမိဘ မောင်နှမများနဲ့ အဲဒီ နယ်မြေတွေကို နွေ ကျောင်းပိတ်ရက်တွေဆို အနားယူအပန်းဖြေဖို့ မကြာခဏသွားခဲ့ကြဖူးကြောင်း အလွန်တရာပျော်ရွှင်ခဲ့ရကြောင်း အပြာရောင် မြေထဲပင်လယ်ရေပြင်ဟာ သဘာဝအတိ လွတ်လပ်အေးချမ်းသလို ဒေသခံ စပိန်ကြီးတွေကလည်း သူတို့မော်ရိုကန်တွေအပေါ် သဘောဖြူကူညီခဲ့ကြပါကြောင်း နယ်စပ်ဂိတ်ဝရောက်ကားရပ် ပတ်စ်ပို့ အိုင်ဒီလေးပြ အစဉ်ပြေလှပါကြောင်း အခုတော့  အပြာရောင် ရေပြင်ကြီးလည်း နှစ်ပိုင်းပိုင်းခံထားရ သည်မှာ မြင်တာနဲ့ပင် ဝမ်းနည်းဖွယ်ရာ ကောင်းလှပါကြောင်း၊ တရားခံ ဘယ်သူလဲ ဟေ့ ဆိုတာတော့ မပြောချင်တော့ပါကြောင်း   …။

မောင်ရင်ငတေရဲ့ မဟာရှန်ဂန်ဧရိယာအတွင်း လွတ်လပ်စွာသွားလာခွင့်လေးတော့ မောင်ရင်ငတေ မသေခင်လေး နောက် အနှစ် နှစ်ဆယ်ကျော် သုံးဆယ်လောက် ရှိတန်ကောင်းပါရဲ့လို့သာ မျှော်လင့် ဆုတောင်း နေမိရကြောင်းပါ ခင်ဗျား။

 

 

Dem Ak Xabaar (Partir et Raconter) (Photo Google)

ဒီလို အာဖရိကမြေကနေ ဥရောပကုန်းမကြီးဆီသို့ အိမ်မက်တွေ တလှေကြီးထမ်းပြီး လာကြသူတွေအကြောင်း မြောက်များ စွာထဲက တယောက်ရဲ့ ကိုယ်တွေ့ ဖြစ်ရပ်မှန်အကြောင်း ရေးထားတဲ့စာအုပ် တအုပ် ရှိပါတယ်။ ဆီနီဂေါ လူမျိုး Mahmud Traoré ရဲ့ သူကိုယ်တိုင် သုံးနှစ်ကျော်ကြာ ဖြတ်သန်းခဲ့ရတဲ့ “ဥရောပသွား တောလား” အကြောင်း ပြန်ပြောင်းလို့ ပြောပြချက် တွေကို မားဆေးလ်မြို့သား ခရီးသွား စာရေးဆရာ ဂျာနယ်လစ် Bruno Le Dantec မှတ်တမ်းတင် ရေးသားခဲ့တာပါ။ မိုင် ၆၀၀၀ ခရီးစဉ် စွန့်စားဖြတ်ကျော် သံဇကာတံတိုင်းပေါ် ဖြစ်ရပ်မှန်ဇာတ်လမ်း Dem Ak Xabaar (Partir et Raconter) (Leaving and Telling) စာအုပ်ကို ၂၀၁၂ ခုနှစ်မှာ ပြင်သစ်ဘာသာ စကားနဲ့ ထုတ်ဝေ ဖြန်ချီခဲ့ပါတယ်။

 

လွတ်မြောက်နယ်မြေသို့ မိုင်ခြောက်ထောင် (ကီလိုမီတာ ၉၀၀၀) ခရီး (Photo Google)

 

 

ဆီနီဂေါသားလေး Mahmud Traoré ရဲ့ စွန့်စားဖြတ်ကျော် သံဇကာတံတိုင်းပေါ် ခရီးစဉ်

ဆီနီဂေါ Dakar မှ မာလီနိုင်ငံ မြို့တော် Bamako 1353.3 km
နီဂျေး Niger နိုင်ငံ မြို့တော် Niamey 1413.1 km  Niamey မှတဆင့် Agadez မြို့ 899.1 km
လစ်ဗျားနိုင်ငံရဲ့ နယ်စပ်မြို့ Ghat
လစ်ဗျားအလယ်ပိုင်းက Sebha
လစ်ဗျားရဲ့မြို့တော် Tripoli ထရီပိုလီ 772.5 km
တူနီးရှား နယ်စပ်မြို့ Ghadamès 606.3 km
ဆာဟာရသဲကန္တာရရဲ့ မြောက်ဘက်စွန်းမြို့ Ouargla 615.5 km
အယ်ဂျီးရီးယားရဲ့ မြို့တော် Alger 776.2 km
မော်ရိုကိုနိုင်ငံနယ်စပ် Maghnia 547.3 km
မော်ရိုကို Melilla မြို့နဲ့ Maghnia, Melilla 267.6 km Melilla မှ Ceuta 381.4 km
စုစုပေါင်း ကီလိုမီတာ ၇၅၀၀ ခန့် (မိုင်အားဖြင့် ၆၀၀၀)


Mahmud Traoré ဟာ သူနေထိုင်ရာ မွေးရပ်ဇာတိ Sénégal ဆီနီဂေါ်နိုင်ငံ Dakar မြို့တော်ကနေ အာဖရိကခါးလယ် Sahel belt နယ်မြေထဲမှာ ပါဝင်တဲ့ မာလီနိုင်ငံ မြို့တော် Bamako၊ နီဂျေး Niger နိုင်ငံ မြို့တော် Niamey မှတဆင့် Agadez မြို့ကို ရောက်လာပါတယ်။ အဲဒီကနေမှ လစ်ဗျားနိုင်ငံရဲ့ နယ်စပ်မြို့ Ghat ကိုရောက်ပြီး လစ်ဗျားအလယ်ပိုင်းက Sebha မြို့ ထိုမှတဆင့်လစ်ဗျားရဲ့မြို့တော် Tripoli ထရီပိုလီ မြို့တော်မှတဆင့် လစ်ဗျားရဲ့ အယ်ဂျီးရီးယားနဲ့ တူနီးရှား နယ်စပ်မြို့ Ghadamès ကိုရောက်လာပါတယ်။ အဲဒီကနေ ဆာဟာရသဲကန္တာရရဲ့ မြောက်ဘက်စွန်းမြို့ Ouargla ရောက်ပြီး  မြေထဲပင်လယ်ကမ်းခြေက အယ်ဂျီးရီးယားရဲ့ မြို့တော် Alger ကို ရောက်လာပါတယ်။ အဲဒီကနေမှ လမ်းကြောင်းရှာရင်း မော်ရိုကိုနိုင်ငံနယ်စပ်က Maghnia မြို့ကိုရောက်လာခဲ့ရပြန်ပါတယ်။ အဲဒီကမှသူရည်ရွယ်ချက်ထဲမှာပါတဲ့ ဥရောပ မြေကြီး ကိုနင်းရဖို့ လမ်းကြောင်းရှိရာ မော်ရိုကို တိုင်းပြည်ထဲက Melilla မြို့နဲ့ Ceuta ဆီသို့ ရောက်ရှိလာရပါတယ်တဲ့၊ Ceuta မြို့က ထိမ်းသိန်းရေးစခန်းကို ရောက် ရှိခဲ့ဖို့ ၂၀၀၂ ခုနှစ် စက်တင်ဘာလကနေ ၂၀၀၅ ခုနှစ်အတွင်း စုစုပေါင်း သုံးနှစ် ကြာမြင့်ခဲ့ ပါတယ်။

အဲဒီစာအုပ်မှာ တရားမဝင် နယ်စပ်ဖြတ်ကျော်သူတယောက်ရဲ့ အံသြဖွယ်ရာနဲ့ အမှန်အကန်ဘဝကို ရေးသားထားတာပါ။ သူသွားလိုရာ ခြေချလိုရာ မျှော်လင့်ခြင်းမြေ ဥရောပမြေက စပိန်မြေ Séville မြို့ကိုတော့ ၂၀၀၆ ခုနှစ် ဖေဖေါ်ဝါရီလမှာ အောင်မြင်စွာ ခြေချနိုင်ခဲ့ပြီးနောက် ခြောက်နှစ်အကြာမှာ ဒီစာအုပ် Partir et Raconter ထွက်ရှိလာခဲ့ခြင်းပါ။

ဒီနေရာမှာ မောင်ရင်ငတေ တခုသွားသတိထားမိရတာက သူဖြတ်သန်းခဲ့ရတဲ့ ဒေသနိုင်ငံတွေထဲမှာ လစ်ဗျားတနိုင်ငံကလွဲလို့ ကျန်တဲ့နိုင်ငံတွေက ပြင်သစ်ကိုလိုနီဟောင်း ပြင်သစ်စကားပြောနိုင်ငံတွေ ဖြစ်နေတာပါ။ လစ်ဗျားကတော့ အီတလီရဲ့ ကိုလိုနီဟောင်းနိုင်ငံပါ။ အဲဒါကြောင့် ထင်ပါရဲ့ စာရေးသူ သတင်းထောက်ကလည်း ပြင်သစ်ပြည် မားဆေးလ်မြို့သားဖြစ်နေပြီး သံဇကာတံတိုင်းကြီးကို ဖြတ် သန်းကျော်ဖြတ်လာသူ Mahmud Traoré တယောက်လည်း အခုတော့ မားဆေးလ်မြို့မှာ နေထိုင် ခွင့်ရနေပြီလို့ ဆိုကြပါတယ်။ သူရဲ့ ဖြတ်သန်းမှု သမိုင်းမှာတော့ အခက်ခဲပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ရ တာကိုတော့ ယုံမှားဘွယ်ရာ မရှိပါဘူး။

သည်းခံရမှု စောင့်စားရမှု ခြိမ်းခြောက်ခံရခြင်း ငွေညှစ်ခံရခြင်း လူသားမဆန်တဲ့လုပ်ရပ်များကို ခံစား ခဲ့ရသလို အပြန်အလှန် နားလည်မှု ကူညီကြမှုတွေနဲ့လည်း တွေ့ကြုံခဲ့ရပါတယ်တဲ့၊ သဲကန္တာရထဲမှာ ဖြတ်သန်းခဲ့ရတဲ့ ညပေါင်းများစွာကိုတော့ ဘယ်လိုမှ မေ့လို့ရမှာ မဟုတ်ပါဘူးတဲ့၊ အဲဒီလို ဖြစ်ရပ်မှန် စာအုပ်မှာ ကိုယ်တွေ့ ကြုံခဲ့ရသူရဲ့ အပြောတွေက ဘယ်လောက် ထိအောင် မှန်၏ မမှန်၏ ဆိုတာကို မောင်ရင်ငတေ မဝေဖန်ချင်ပေမယ့် အဲဒီ သူ့ရဲ့ ဖြတ်သန်းမှုဘဝထက် ဆိုးသူများက ရေတွက်မရနိုင် လောက်အောင်ရှိနေမှာကိုတော့ မောင်ရင်ငတေ အသေအချာ ထောက်ခံပြောနိုင်ပါတယ်။

 

Dem Ak Xabaar (Partir et Raconter) (Photo Google)

Dem ak Xabaar (Partir para Contar) (Partir et Raconter) ပြင်သစ်ဗာရှင်းနဲ့ ရေးထားတာကို ဖတ်ချင်ရင်တော့ အောက်ပါ အင်တာနက်စာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်။
http://fr.calameo.com/read/00002039190a2c1d46182?authid=pKvySwwIl2g5

Mahmud Traoré လိုလူတယောက်ကတော့ စိုင်ကော်လို့ဥရောပရောက် ယူရိုပီယမ်ကြီးတယောက် ဖြစ်လာခဲ့ပေမယ့် သူလို ဘဝတူ လူသားပေါင်းများစွာဟာ ဆာဟာရ သဲကန္တာရ သဲသောင်ပြင်ထဲမှာ သော်လည်းကောင်း အပြာရောင် မြေထဲပင်လယ် ကြမ်းပြင်မှာသော်လည်းကောင်း ထာဝရအနားယူ ကြရင်း လွတ်လပ်ငြိမ်းချမ်းရာ ဘဝသို့ ရောက်ရှိသွားကြပါပြီ။

ဒီလို တံတိုင်းနေရာ နှစ်ခုသုံးခုမှာတင် မဟုတ်ပါဘူး။ ဥရောပကုန်းမြေကြီးကို နင်းကြရဖို့ ရတဲ့နေရာ ချောင်တဲ့အပေါက်က နေလာကြဖို့ ကြံရွယ်နေကြသူပေါင်း သိန်းပေါင်း သောင်းခြောက်ထောင်မျှမက ရှိနေပါတယ်။ ဝင်လာမဆဲ တဖွဲဖွဲနဲ့ပါ။ အာဖရိ က ကတင် မကပါဘူး။ အာရှ အိုးရှန်းနီးယား အမေရိက နေရာပေါင်းစုံကပါ။ အဲဒါကြောင့်လည်း ပါရီမြို့ကြီး အပါအဝင် ဥရောပမြို့ကြီးတွေရဲ့ လမ်းမကြီးများ ပေါ်မှာ ရောက်ရှိလာသူ ဖြူမည်းဝါညိုတွေကို များသထက်များစွာ တွေ့လာနေရပါတယ်။

ဖြည့်စွက်ပြောချင်တာလေး နောက်တခုကတော့ အဲဒီလို စွန့်စားဖြတ်ကျော် သံဇကာတံတိုင်းပေါ် ကိစ္စကြီး ဖြတ်သန်းပြီးလို့ အောင်မြေနင်းလာခဲ့ကြ သူတွေထဲမှာ ဘယ်နှစ်ရာခိုင်နှုန်းလောက်က အလုပ်အကိုင်တွေကောင်း ချမ်းသာကြွယ်ဝ သွားကြပါ သလဲဆိုတာပါ အများစုကတော့ စိတ်ဝင်စားရင် ဖတ်ကြည့်ကြပါ ခင်ဗျား။

ပါရီ သို့မဟုတ် မျှော်လင့်ခြင်း၏ မနက်ဖန်များ  
http://moemaka.com/archives/47443
http://www.maungyinngatay.com/2015/07/blog-post_7.html


ဘာလင်တံတိုင်း နောက် ကာရံလာကြသော တံတိုင်းသစ်ကြီးများ အကြောင်းရယ် အဲဒီ တံတိုင်းကြီးများ ခြံစည်းရိုးကြီးများကို ဖောက်ဖြဲခွကျော်ကြတဲ့ ခြံစည်းရိုးကို ခွကျော်သူများရဲ့အကြောင်းများကို ပေါင်းစပ်ရေးသားလိုက်ရခြင်းပါ။ သူတို့ အာဏာ ပိုင်တွေက ဘာအကြောင်းတရားနဲ့ ကာကြသည်ဖြစ်ပါစေ စစ်ရေးအရကာကာ စီးပွားရေး ကြီးပွားရေးအရကာကာ နယ်နမိတ် စည်းများကို အတားအဆီးမရှိ လွတ်လပ်အေးချမ်းစွာဖြတ်သန်းရင်း သဘာဝအလှအပကိုခံစားရင်းနဲ့ ခရီးသွားခြင်း အနုပညာ ကို အကောင်အထည် ဖော်ချင်တဲ့ မောင်ရင်ငတေအတွက်တော့ အဲဒီ ခြံစည်းရိုးကြီးတွေ တည်ရှိနေခြင်းဟာ လုံးဝ မနှစ်မျို့ မနှစ်ချိုက်ဖွယ်ရာ အရာတွေသာပါ။

ဒါကြောင့် အထက် စာပိုဒ်တနေရာမှာရေးခဲ့မိတဲ့ မောင်ရင်ငတေရဲ့ မဟာရှန်ဂန်ဧရိယာအတွင်း လွတ်လပ်စွာသွားလာခွင့် လေးတော့ မောင်ရင်ငတေ မသေခင်လေး နောက်အနှစ် နှစ်ဆယ်ကျော် သုံးဆယ်လောက် ရှိတန်ကောင်းပါရဲ့လို့သာ မျှော်လင့် ဆုတောင်းနေမိရကြောင်း ထပ်မံပြောကြားရင်း …။

“ကာရံထားသော တံတိုင်းကြီးများမှသည်  “ခြံစည်းရိုးကို ခွကျော်သူများ” အကြောင်း လက်ဝဲတံတိုင်းများမှသည် လက်ယာတံ တိုင်းများအဖြစ် ပြောင်းလဲလာခဲ့ရခြင်းအကြောင်းရေးဖြစ်ခဲ့တာလေးတွေကို အဆုံးသတ် နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။

မဟာ ရှန်ဂန် ဗီဇာ ဧရိယာကြီးအား ကျေးဇူးအထူး အထူးတင်စွာဖြင့် နယ်စည်းမခြား ခရီးသွားချင်သူ (မရငတ)

 

22nd Coup d’Etat Day of BURMA (Berliner Mauer) (ဓါတ်ပုံ မရငတ)

Berliner Mauer ဘာလင်တံတိုင်းဖြိုခံခဲ့ရတဲ့ နှစ်ပေါင်းအစိတ်ပြည့်တဲ့နေ့  ၂၀၁၄ ခုနှစ် နိုဝင်ဘာ ကိုး ရက်နေ့မှာ ရေးဖြစ်ခဲ့ သော အဆုံးမသတ်ဖြစ်ခဲ့ပါသော “ကာရံထားသော တံတိုင်းကြီးများ” စာစုနဲ့  “ခြံစည်းရိုးကို ခွကျော်သူများ”  စာစု နှစ်ပုဒ်ကို ပေါင်းစပ်ပြီး ဘာလင်တံတိုင်း တည်ရှိခဲ့ရာကို ရောက်ခဲ့တဲ့ (၂၀၁၀ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့) (22nd Coup d’Etat Day of BURMA နေ့) ခွန်နှနှစ်မြောက်နေ့ အမှတ်တရသတိတရအနေနဲ့ဒီစာစုကို ဒီကနေ့ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှာပြန်လည် ပြင်ဆင် ဖာထေး ပေါင်းစပ်၍ ရေးသားလိုက်ရကြောင်းပါခင်ဗျာ။

မောင်ရင်ငတေ
၀၉၁၁၂၀၁၄-၁၈၀၉၂၀၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခရီးသွား ဆောင်းပါး, မောင်ရင်ငတေ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်