ခွာညို ● ကမ္ဘာ ကမ္ဘာ အဝေး

October 6, 2017

● ကမ္ဘာ ကမ္ဘာ အဝေး
(မိုးမခ) အောက်တိုဘာ ၆၊ ၂၀၁၇


(တစ်)
“တို့နှစ်ယောက် ဘုရားကျောင်းကိုသွားရအုန်းမယ်လေ” ဆိုတဲ့ ကျနော့်ဇနီးသည်ရဲ့ သတိပေးစကားကြောင့် အင်တာဗျူး လာတဲ့ ဆရာမလေးက အားနာသွားပုံရပါတယ်။

ဟုတ်ကဲ့။ ဒီတပတ် ဘုရားကျောင်း အတူတက်ဖို့ စီစဉ်ရတာက ကျနော်တို့ရဲ့ ဘုရားကျောင်းကို အတူသွားတဲ့ နောက်ဆုံး ဝတ်ပြုပွဲလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီတနင်္ဂနွေဟာ ကျနော်တို့ဇနီးမောင်နှံအတွက် အလွန်အရေးကြီးတဲ့ တနင်္ဂ နွေဖြစ်ပါတယ်။ ဒါကြောင့် အင်တာဗျူးကို တနင်္ဂနွေမှာ လက်ခံလို့မရဘူးလို့ ကျနော့်ဇနီးက ငြင်းချင်တာပါ။

ကျနော့်မျက်နှာကို မော့ကြည့်နေတဲ့ သူ့မျက်နှာမှာ သူ့ကိုယ်သူ လုံးဝ အပစ်ပုံချထားလိုက်တဲ့ စိတ်ဆင်းရဲမှု အစုအပုံကြီးကို ကျနော်မြင်နေ ရတယ်။ တကယ်တော့ အပြစ်ရှိသူက ကျနော်ပါ။

ယောက်ကျားတယောက်အနေနဲ့ အိမ်ထောင်တခုကို ပြည့်စုံကုံလုံအောင် ရှာဖွေမပေးနိုင်ခဲ့တာ၊ သားသမီးတွေသာ မွေးဖွား စေခဲ့ပေမယ့် သူတို့ရဲ့ ပညာရေး၊ ကျန်းမာရေးတွေကို ဘာတခုမှ တာဝန်ယူမပေးနိုင်ခဲ့တာ။ မိဘထက်တဆင့်မြင့်တဲ့ အဆင့် တခုရောက်အောင် ပုခုံးထမ်းတင်မပေးနိုင်ဘဲနဲ့ နိုင်ငံကိုကယ်တင်ဖို့ကြိုးစားနေတဲ့ ကျနော့်ကို သူတို့ထားခဲ့တယ်ဆိုရင် ဒါဟာ ညီမျှတဲ့ တန်ပြန်သက်ရောက်မှုတခုပဲရယ်လို့ ကျနော် ကျေကျေနပ်နပ်ကြီး အထီးကျန်နေခဲ့ရဲရမှာပါ။

လာမယ့် သီတင်းနှစ်ပတ်လွန်မြောက်တဲ့အချိန်မှာ ကျနော့်မိသားစု အားလုံး ကျနော့်ကိုထားရစ်ခဲ့ပြီး ကမ္ဘာ့ မြောက်ဖျားပိုင်းကို ခရီးနှင်ကြတော့မယ်။ ဒါဟာ ကျနော်တို့အားလုံး လွန်ခဲ့တဲ့ လေးနှစ်လောက်ကတည်းက ကြိုတင်စဉ်းစားခဲ့ကြ ဆုံးဖြတ်ခဲ့ကြ တာပါ။ အဲဒီတုန်းက လုပ်သင့်တာကိုလုပ်လိုက်တာမို့ ဒီလိုအနီးကပ်မှာ ခံစားကြရမယ့် ခွဲခွာခြင်း၊ နှုတ်ဆက်ခြင်းရဲ့ဝေဒနာကို ကျနော်တို့လျှော့တွက်ခဲ့ကြတယ်။ ဟိုတုန်းကလည်း ကျနော်က အိမ်ကပ်ရတဲ့သူမဟုတ်။ အမြဲခရီးထွက်နေတဲ့သူဆိုတော့ မိသားစု အနားမှာ ကျနော် ရှိခြင်း မရှိခြင်း ဟာ ဘာမှထူးဆန်းတဲ့ကိစ္စတခု မဟုတ်ဘူးရယ်လို့ နှစ်ဦးနှစ်ဘက်လုံးက အယူ လွဲခဲ့ကြတယ်ဆိုပါတော့။

သံရုံးအင်တာဗျူး နှစ်ကြိမ်ဝင်ပြီးတဲ့အချိန်ကစပြီး ကျနော့်ဇနီးဟာ တွေဝေငေးငိုင်စ ပြုလာတယ်။ ကျနော့်ကို အရိပ်လိုကြည့်ပြီး ကလေး လေးတယောက်ကို ပြုစုယုယသလိုမျိုးတွေလုပ်လာခဲ့တယ်။ ကျနော့်ကျန်းမာရေး ညံ့ရတာက မွေးရာပါ ပါ။

နှလုံးရောဂါဖြစ်လာရတာကတော့ နိုင်ငံရေးသမားပီပီ ဒေါသကိုချုပ်တည်းရတာတွေ။ မျိုသိပ်စောင့်စည်းရတာတွေ။ ဝန်နဲ့ အား မမျှအောင်ထမ်းခဲ့ရတဲ့ တာဝန်တွေ။ ထွက်ခဲ့ရတဲ့ ခရီးကြမ်းတွေကြောင့် သက်သက်ပါ။

“အေး၊ အရင်ကဆို တောထဲတောင်ထဲမှာ ပြေးရပုန်းရ စားစရာမရှိ။ အိမ်မရှိနဲ့ ဒီကလေးတွေတောင် ဒီအရွယ်ရောက်မှ ဘာလို့များ နိုင်ငံခြားသွားချင်စိတ်ပေါ်ခဲ့ရပါလိမ့်လို့ငါတွေးမိတယ်။ အခုဆိုရင် အကြီးမက ကျောင်းသားဆေးခန်းက ဖွင့်တဲ့ ကျောင်းမှာ ဆရာမလုပ်လို့။ အငယ်မလေးကလည်း ဆယ်တန်းအောင်ပြီးလို့ ကေအီးဒီစီမှာ ကျောင်းတက်နေရတာပဲ။ ကျမ ဆိုရင်လည်း ဒီမှာ အလုပ်ကလေးဘာလေးလုပ်နေရတာပဲ။ လစဉ်ရနေတဲ့ရိက္ခာနဲ့ ဒီမှာနေရတဲ့ဘဝလည်း သိပ်ဆိုးတာမှ မဟုတ်ဘဲနဲ့။ နော်-”

ကျနော့်ဇနီးက ဒီလိုပြောတော့ အင်တာဗျူးလာလုပ်တဲ့ စာရေးဆရာ မလေးက စိတ်ထိခိုက်သွားပုံ ခပ်မဲ့မဲ့ ဖြစ်သွားတယ်။ ကျနော့်ဇနီးက သူ့ကို တယောက်ယောက်က ပြင်းပြင်းထန်ထန်ဝေဖန်ရှုတ်ချတာကို လိုချင်နေတဲ့ပုံ။ ဒါဟာ မကြာခင်ကမှ သွေးအန်ပြီး ဆေးရုံရောက်ရတဲ့ အကြောင်းရင်းမှန်ပါပဲ။ ကျနော်က သူ့ကို အဲဒီလိုစိတ်ဝေဒနာတွေ ပွေ့ပိုက်ပြီးတော့မှ ကျနော့် နားကခွာသွားရတာမျိုး မဖြစ်စေချင်ဘူး။ ကျနော့်အနေနဲ့ ကျနော့်ကို ခွဲခွာသွားတော့မယ့် မိသားစုကို ကြိုတင်ပြီး လွမ်းမိ နေရတာက ကျနော့်က သပ်သပ်ပဲ ဖြစ်စေချင်ပါတယ်။

ဒီလိုနဲ့ ကျနော့်ဇနီးကို အင်တာဗျူးတဲ့ကိစ္စက လာမယ့် စနေနေ့မနက်ပိုင်း မှာ အတည်ဖြစ်သွားတယ်။

(နှစ်)
ဆောင်းပါးရှင်လေးက ကျနော့်ဇနီးနဲ့စကားပြောချင်တာဖြစ်တဲ့အတွက် ကျနော် အိမ်ရှေ့ခန်းကို မထွက်ပါဘူး။ စာရေးဆရာမ လေးက မြန်မာမလေးပါ။ ကရင်ပြည်သူအများစု အထူးသဖြင့် တောကြိုတောကြားမှာ နေထိုင်ကြီးပြင်းကြသူအများစုဟာ စစ်တပ်ရဲ့ နှိပ်စက်မှုမျိုးစုံကိုခံနေရတော့ ဗမာဆိုတာနဲ့ မုန်းတီးစိတ်က အရင်ကြွထပါတယ်။ ကျနော့်အနေနဲ့ကတော့ နိုင်ငံ ရေးစည်းရုံးရေးမှူးတယောက်ဖြစ်တာကြောင့် အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံလူတန်းစားဆိုတာကို ခွဲခြားနားလည်တတ်အောင် တဘက်ကလည်း စည်းရုံးရမယ်၊ အသိပညာပေး ရမယ်ဆိုတဲ့စိတ်ကို စွဲမြဲထားပါတယ်။ ကရင် ဗမာဆိုတဲ့ လူမျိုးရေးခွဲခြားတဲ့ အမြင်တွေရှိနေသမျှ ကျနော်တို့တိုင်းပြည် ဘယ်တော့မှ ငြိမ်းချမ်းရေး ရမယ်မဟုတ်ဘူး။ စိတ်ကမငြိမ်းချမ်းရင် စိတ်နှလုံးမှာ လွတ်လပ်မှု ပါမလာရင် အဲဒါက စစ်မှန်တဲ့လွတ်လပ်ရေးမဟုတ်နိုင်တော့ဘူး။

“ရန်သူ့တပ်ဝင်လာပြီဆိုတာနဲ့ ကျမတို့ဟာ ရိက္ခာထုတ်တွေထမ်း ကလေးကို ပိုး။ အဝတ်ထုတ်တွေရွက်ပြီး ပြေးရတော့တာပါပဲ။ အဲဒီ လိုပြေးရတိုင်း ကလေးတွေအဖေက ဘယ်တော့မှ အိမ်မှာရှိနေတာ မဟုတ်ဘူး။ ကျမနဲ့ အတူလာနေပေးတဲ့ ရဲဘော်လေးတွေနဲ့ပဲ ပြေးကြရတာပေါ့။ ရွာထဲက လူတွေက ကျမတို့ကို မကြည်ဖြူကြဘူး။ ကျမတို့လို နိုင်ငံရေးလုပ်တဲ့မိသားစု တွေကို ရွာထဲမှာလက်ခံထားလို့ အခုလို အစိုးရက အမုန်းခံ၊ အငြိုးခံရတာလို့ ပြောတော့ ကျမလေ သူတို့ကို အားလည်း အားနာတယ်။ သူတို့ဒီလိုပြောတာလည်း ဟုတ်နေတာပဲကိုး.. နော့။ ဒါပေမယ့် ရွာနဲ့ဝေးဝေးမှာလည်း မနေရဲတော့ ရွာအပြင် က ချောင်းဘေးမှာ ကျမလင်လိုပဲ နိုင်ငံရေးသမား မိသားစုတွေ လေးငါးအိမ် စုပြီး နေကြရတာပေါ့။ တကယ်လို့များ ကျမတို့ က စစ်တပ်ဝင်မယ်သိလို့ ပစ္စည်းမြန်မြန်သိမ်းပြီးလို့ ပြေးနှင့်တယ်ဆိုရင်လည်း ရွာသားတွေက ကျမတို့ကို သူတို့လင်တွေ နိုင်ငံရေးလုပ်လို့ လာဖမ်းတော့ သူတို့က အရင်သတင်းရပြီး အရင်ပြေးနှင့်တယ်လို့ ပြောပြန်ရော”

ဝါးအခင်း၊ ၀ါးထရံကာတဲ့ ဖက်မိုးတဲအိမ်ကြီးဖြစ်တာကြောင့် ဖိနပ်ချွတ်ပြီး တက်တာနဲ့ရောက်တဲ့ အိမ်ရှေ့ခန်း (ဧည့်ခန်းဆိုပါ တော့) မှာ သူတို့ စကားတိုင်းကို တလုံးမကျန် ကျနော် ကြားနေရပါတယ်။ သူက ဒီအဖြစ် အပျက်ကို ရယ်ကာမောကာ ပြော နိုင်ပေမယ့်လို့ ကျနော့ရင်ကတော့ နင့်ကနဲ နာသွားရပါတယ်။ ကျနော့ကိုယူလို့ သူလက်ခံရတဲ့ ဒုက္ခတွေအကြောင်း သူတခါမှ ညည်းငြူ ပြစ်တင်တာမျိုး ကျနော် မခံခဲ့ရဘူးလို့ပါ။

“အဲဒီလိုအခါတွေမှာ ဒေါဒေါ်က အတီး (ဦးလေး) အပေါ်မှာ ငြိုငြင်မိသေးလား”

ကျနော်သိလည်းသိချင် မေးလည်းမမေးရဲတဲ့မေးခွန်းကို ဆရာမလေးက မေးလိုက်တယ်။ သူဘယ်လိုများဖြေမလဲ။

“အို ဒါကတော့ သူ့ကို ကျမစတွေ့ကတည်းက သူက နိုင်ငံရေးသမားပဲဟာ။ သူ့အလုပ်က ဒီလိုပဲ အမြဲခရီးတွေ ထွက်နေရ တာပဲဟာ။ ယူပြီးမှ တွေ့ရတာမှမဟုတ်ဘဲ။ ပြီးတော့ ကိုယ့်နိုင်ငံအရေးအတွက် စိတ်သန့်သန့်နဲ့ လုပ်ပေးနေတာပဲ။ ဘာမှ စိတ်ဆိုးနေဖို့မရှိပါဘူး”

ကျနော့်ဇနီးကို ကျနော်မြတ်နိုးတွယ်တာခဲ့တဲ့ အဓိကအကြောင်းက နားလည်ခွင့်လွှတ်တတ်တဲ့ အဲဒီ သူ့ရဲ့စိတ်ကလေးပါပဲ။ တချို့ ကျနော့် မိတ်ဆွေတွေရဲ့ ဇနီးတွေမှာတော့ အဲဒီလို ခွင့်လွှတ်တတ်တဲ့စိတ်မရှိလို့ပဲ ထင်ပါရဲ့။ ကိုယ့်ယောက်ကျားတွေရဲ့ ငွေမရှာနိုင်မှုအပေါ်မှာ အပြစ်ဖွဲ့ငြင်ငြိုလာကြတာကိုတွေ့ရတယ်။

ဘယ်သူ့ယောက်ကျားကတော့ဖြင့် နိုင်ငံခြားထွက်သွားပြီး မိသားစုကို ဘယ်လို ထောက်ပံ့နေတာဆိုတာမျိုး… ဘယ်သူက တော့ဖြင့် နိုင်ငံခြားရောက်နေတဲ့ သူ့သူငယ်ချင်းတွေဆီက ပိုက်ဆံတောင်းနိုင်လို့ ပြေလည်နေပြီ။ တော်တောင်းရင် ဒီထက် တောင်ရအုန်းမှာ၊ ဘာဖြစ်လို့ မတောင်းတာလဲ။ တော့်သားသမီးတွေငတ်နေတာ ကြည့်လို့ကောင်းနေတယ်ပေါ့… ဆိုတာမျိုး။ ကျနော့်ဇနီးဆီက အဲဒီလို ငြိုငြင်မှု၊ တောင့်တမှုတွေ ဘယ်တုန်းကမှ ကျနော်မကြားခဲ့ရပါဘူး။

သူတို့အမေးအဖြေတွေက ကျနော့်ကို ကြေကွဲမှုထက် ကြည့်နူးမှုကို ဖြစ်စေပါတယ်။ ကျနော်ကတော့ နေ့ ခြောက်လ။ ညခြောက်လဆိုတဲ့ ဒေသတခုမှာ သူ နေလို့ပျော်ပါ့မလားလို့ တွေးနေမိတယ်။ ကိုယ့်မိသားစုကလွဲရင် ကိုယ့်လူမှုအသိုင်း အဝိုင်းမဟုတ်တော့တဲ့ ဒေသစိမ်း။ လူစိမ်းတွေကြားမှာ အခုမှ စကားပြောတတ်ကာစ ကလေးတယောက်လို စကားပြောပြန် သင်ရမယ့်အတွက် စိတ်ဖိစီးမှုတွေများနေမှာကို စိုးရိမ်မိတာပါပဲ။

(သုံး)
ကားက အုပ်ချုပ်ရေးရုံးရှေ့ကအထွက်မှာ စိတ်ခိုင်လှပါတယ်ဆိုတဲ့ ဇနီးသည်ရဲ့ မျက်ရည်စကို မြင်ဖြစ်အောင် မြင် လိုက်ရပါ တယ်။ သူ့အဖေ နာတာရှည်ရောဂါဖြစ်နေတဲ့ အသက်ရှစ်ဆယ်ကျော်လူကြီး တယောက် အတွက် အစာ အာဟာရအပြည့်အဝရ နိုင်မယ့်နေရာတခုဆီ…

ငှက်ဖျားတောထဲမှာမွေးဖွားခြင်းခံခဲ့ရပြီး ငှက်ဖျားပိုး အစားခံရတဲ့ ဦးနှောက်နဲ့ လူတကာကို ရယ်ပြတတ်တာကလွဲရင် စာသင် လို့ မရနိုင်တော့တဲ့ သမီးလတ်အတွက် ဆေးကုဖို့ အချိန်လွန်နေပြီဆိုရင်တောင်မှ လုံခြုံစိတ်ချစွာ ထားပေးနိုင်မယ့်နေရာ တခုဆီကို…

နိုင်ငံ့အတွက် အသက်ပေးထားတဲ့ ကျန်းမာရေးဆုတ်ယုတ်လာသည့်တိုင်အောင် ဘယ်တော့မှ တော်လှန်ရေးနယ်မြေကို အသက်ရှင်လျှက် စွန့်ခွာထွက်သွားမှာမဟုတ်တဲ့ သူ့ယောက်ကျား-ကျနော့်ရဲ့လိုအပ်ချက်ပေါင်းများစွာအတွက်…

သူကပဲ သူ့မှာ အပြစ်ရှိနေသလို နာကျင်ခံစားရင်း မျက်ရည်စက်တွေနဲ့ ထွက်ခွာသွားခဲ့ပါပြီ။ IOM ဆိုတဲ့စာတန်း ပြူးပြူးနဲ့ ကားကြီးထဲမှာ လူတွေကိုထည့်၊ ခြေနင်းခုံကနေ လူနှစ်ယောက်က ကားတံခါးကို ပိတ်လိုက်ပြီး အပြင်က ကြိုးနဲ့တုပ်တာ မြင်ရတော့ ကျနော့စိတ်ထဲ အလွန်နာကျင်ရပါတယ်။ လူတင်တဲ့ကားနဲ့မတူ၊ ၀က်တွေတင်သလို တင်ခေါ်သွားလေခြင်းရယ်လို့ ရင်ထုမနာနဲ့ ကျနော် ခြေစုံရပ်ကျန်ရင်း ကျနော့်မိသားစုပါသွားတဲ့ အဲဒီကားဖြူဖြူကို မြင်ကွင်းကပျောက်သည်အထိ ကျနော် ငေးမောနေမိပါတယ်။

ကျနော် သူ့ကိုထားရစ်ခဲ့ပြီး ခရီးပေါင်းမရေတွက်နိုင်အောင်ထွက်ခဲ့တုန်းက အိမ်အပြန်သူ့ကို မြင်ရမယ်ဆိုတဲ့အသိနဲ့ ဘယ် လောက်နက်တဲ့ တောကိုပဲဖြစ်ဖြစ် ကျနော်တိုးရဲခဲ့တယ်။ ဘယ်လောက်နီးကပ်တဲ့ အန္တရာယ်မြေကိုဖြစ်ဖြစ် သွားရဲခဲ့တယ်။ အခု သူမရှိတဲ့အိမ်ကို ကျနော် မပြန်ရဲတော့ဘူး။

(လေး)
ကျနော့ဆီက ငှားထားတဲ့ နိုင်ငံ့သမိုင်းစာအုပ်လေးကို ဆရာမလေးကပြန်လာပေးရင်း မေးပါတယ်။

“တီးတီ ပိန်သွားလိုက်တာနော်။ နေမကောင်းဘူးလား” တဲ့။

ကျနော့ရယ်ပုံက မဲ့တဲ့တဲ့ဖြစ်နေမလားတော့မသိဘူး။

“အတီး ခရီးသွားတော့မယ်။ တကယ်လို့စာအုပ်ဖတ်ချင်သေးတယ်ဆိုရင် ပြန်ယူသွားပါ။ အိမ်မှာ အတီးညီမ ကျန်ရစ်ခဲ့ လိမ့် မယ်။ သူ့ကိုလာပေးထားလိုက်ရင်ရပါတယ်”

ဆရာမလေးက ကျနော့်ကို ပြောသင့်မပြောသင့် ချိန်ဆနေသလို တွန့်ဆုတ်နေပြီးမှ-

“အတီးကျန်းမာရေးနဲ့ ခရီးဝေး ခရီးပြင်းတွေ မသင့်ဘူးလို့ထင်တယ်နော်”

“အိမ်မှာနေတော့လည်း တယောက်တည်းဖြစ်နေတာကတကြောင့်ရော နောက်ပြီး အခုတိုက်ပွဲတွေလည်း ဖြစ်နေတော့ ဘယ်လိုပဲဖြစ်ဖြစ် သွားမှဖြစ်မယ်လေ။ ကျန်းမာရေးမကောင်းတာက တကဏ္ဍ ပေါ့။ ဒါက မလုပ်ရင် မဖြစ်တဲ့အလုပ်မဟုတ်လား”

တရားသောတိုက်ပွဲမှန်သမျှ အောင်မြင်ရမှာပါအတီးရယ် ဆိုတဲ့ ကလေးမရဲ့အားပေးသံကလည်း ခပ်ပျော့ပျော့သာ။ သူမမွေး ခင်ကတည်းက ဖြစ်လာခဲ့တဲ့ ပြည်တွင်းစစ်အကြောင်း၊ ကျောင်းနေစဉ်က သင်ခဲ့ရတဲ့ စာတွေ့တွေ နဲ့ သူ့ရဲ့ စာရေးဆရာမဘဝမှာ လုပ်ခဲ့တဲ့ အင်တာဗျူးထဲက လက်တွေ့ဘဝတွေရဲ့ကွာဟမှုအကြားမှာ ခရီးယူဇနာပေါင်း ထောင်သောင်းချီတဲ့ ကွာဟမှုကို သူ သေချာမြင်တွေ့ခဲ့တယ်ဆိုရင် ကျနော်တို့ ပင်ပမ်းဆင်းရဲရကျိုးနပ်ပါတယ်။ မျိုးဆက်သစ် လူငယ်တွေအချင်းချင်းကြားမှာ အပြန်အလှန်ဖေးမကူညီလိုစိတ်တွေနဲ့ နွေးထွေးကြ စေချင်ပါတယ်။

အခုတော့ ကျနော့်မိသားစုက ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတနိုင်ငံဆီရောက်နေပြီး အိမ်မဲ့မြေမဲ့တော်လှန်ရေးသမား ကျနော်က တော့ အန္တရာယ်တောကို ငယ်ငယ်တုန်းကလိုပဲ တိုးဝင်မြဲတိုးဝင်လျှက်။

ခွာညို
(၂ဝဝ၇- ခုနှစ်၊ ဇွန်လ ၂ဝ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်