မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၄၃)

October 6, 2017

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၄၃)
(မိုးမခ) အောက်တိုဘာ ၆၊ ၂၀၁၇

● မိမိနှင့် မော်တာ
KIA ကို သင်ပြပေးမည့်စစ်သင်တန်းတွင် မော်တာ ပစ်ခတ်ခြင်းလည်းပါသည်။ သို့သော် မိမိတို့သင်တန်းဆရာများထဲတွင် လက်နက်ကြီးတပ်ဖွဲ့တွင်တာဝန်ယူဘူးသူ မပါဝင်။ သို့နှင့် ဆရာအားလုံးကို ကော်မတီဝင် ရဲဘော်ချီ လတန်က အရင်ပြန်သင် ပေးရသည်။ သူကတရုတ်ပြည်ထဲက ကချင်မျိုးနွယ်စုဝင် အဇီးအမျိုးသားတယောက်ဖြစ်ပြီး တပ်မဟာအဆင့် ကေဒါတဦးဖြစ် သည်။ မိမိလည်း သင်တန်းဆရာများနှင့်အတူ မော်တာပစ်ခတ်ခြင်း သင်ကြားမှုကို လိုက်လံသင်ယူရန် ရဲဘော်ချီလတန်က ခွင့်ပြု ပေးခဲ့သည်။ မီးဖိုချောင်မှ ထမင်းချက်က ငြိမ်ငြိမ်မနေနိုင်၊ ပစ်ချင် ခတ်ချင်နေသည်။

မော်တာသည် သက်တန့်ကွေးပစ်ခတ်၍ရသော လက်နက်ကြီးအမျိုးအစားဖြစ်သည်။ ရှေ့တွင်ရှိသော တောအုပ် တောင် တန်းများကို ကျော်၍ ပစ်ခတ်နိုင်သည်။ ဤအရာမှာ မော်တာနှင့် နောက်ပွင့်လက်နက်ကြီးများ၏ ကွာခြားချက်ဖြစ်သည်။ နောက် ပွင့်များကတော့ ရှေ့တွင်အတားအဆီး ရှိနေပါကပစ်ခတ်ရန် မဖြစ်နိုင်တော့ပေ။ သို့ဖြစ်ရာ လက်နက်ကြီးပစ်ခတ်မှု တွင် မော်တာသည် အသုံးတည့်မှု ခြင်းမတူပေ။ ထိုစဉ်က CPB တပ်ဖွဲ့တွင် အသုံးပြုနေသော မော်တာများမှာ ၆၀ မမ နှင့် ၈၂ မမ တို့ဖြစ်သည်။ နောက်ပိုင်းတွင်၁၂၀ မမ မော်တာကို အသုံးပြု နိုင်ခဲ့သည်။ မဆလအစိုးရတပ် အသုံးပြု သောမော် အမျိုးအစားမှာ ၂ လက္မ၊ ၃လက္မ၊ ၈၁ မမ၊ ၁၂၀ မမ မော်တာများဖြစ်သည်။

မော်တာကိုယ်ထည်တွင် အဓိက အစိတ်အပိုင်း ၄ ခုပါသည်။ အောက်ခံဗန်း၊ ပြောင်း၊ ဒေါက်နှင့် ရေချိန်တို့ဖြစ်သည်။ မော်တာဆင်ရာတွင်အပင်ပမ်းဆုံးကတော့ အောက်ခံဗန်း ထည့်ရန် မြေတူးရခြင်းဖြစ်ပေမည်။ ၆၀ မမမော်တာက သေးငယ်၍ မထောင်းတာသော်လည်း ၈၂ မမ နှင့် ၁၂၀ မမ အောက်ခံဗန်းများကြီး၍ အတော်လေးတူးရသည်။ မော်တာတပ်စိတ်အတွက် ဂေါ်ပြားပေါက်ပြားသည် မပါမဖြစ် ဖြစ်သည်။ ပစ်ခတ်မည့်ဘက်အား မျက်နှာမူ၍အောက်ခံဗန်းကို မြေတူးထားသည့်အတိုင်း ခပ်စောင်းစောင်း ရိုက်ထည့်ရသည်။ ဗအာက်ခံဗန်းငြိမ်ပြီး အသားကျအောင်လုပ်ရသည်။ သို့မှသာ မော်တာပစ်ရာ ငြိမ်ပြီး ပစ်မှတ်ဆီသို့ တန်းတန်းမတ်မတ် သွားပေမည်။ ဗန်းထားမည့် အောက်ခံမြေသားသည် မာကျောရန်လည်းလိုသည်။ မြေသားပျော့ကဗန်းသည် ပစ်အားကြောင့် မြေကြီးထဲကျွံဝင်ပြီး ပစ်မှတ်လည်းလွဲချော်ပေလိမ့်မည်။ ထို့နောက် အောက်ခံဗန်း ပေါ် မော်တာပြောင်းတပ်ဆင်ပြီးနောက်ရှေ့ဒေါက်တပ်ရသည်။ ပြီးလျင် ရေချိန်တပ်ဆင်ကာ ပစ်မှတ်ကို ချိန်ရန်လိုသည်။ မိမိဖက်မှ ပစ်ခတ်မည့် အကွာအဝေးကို ခန့်မှန်းတွက်ချက်ပြီးနောက်ပုံသေဇယားပါအတိုင်း ရေချိန်ကိုညှိရသည်။ ဒေါင်လိုက် နှင့် အလျားလိုက်ရေချိန်ကို ညှိပါက မော်တာပြောင်း၏ အစောင်းဒီဂရီသည် ပစ်မှတ်သို့ ချိန်ရွယ်ပြီးဖြစ်သည်။

မော်တာကျည်ဆံတွင်လည်း အစိတ်အပိုင်း ၄ ခုပါသည်။ ဗုံးသီး၊ ကြွေထိပ်ဖူး၊ ပို့ကျည်နှင့် အားပေးယမ်းတို့ဖြစ်သည်။ ဗုံးသီး ကတော့ ကျစ်နေအောင်ပြုလုပ်ထားသည့် တီအင်တီ ယမ်းတုံးကြီးဖြစ်သည်။ နောက်ပိုင်းတွင်သံဒလက်တခုတပ်ဆင်ထားသည်။ ဗုံးသီးသွားရာလမ်းကြောင်းထိမ်းရန်ဖြစ်သည်။ ဗုံးသီးသက်သက်သည် ယမ်းတုံးကြီးသာဖြစ်၍ အန္တရယ်မရှိ စိတ်ချ လက်ချ ကိုင်တွယ်နိုင်သည်။ အန္တရယ်ရှိသည်က ကြွေထိပ်ဖူးဖြစ်သည်။ အမာတခုခုနှင့် ထိသည်နှင့် ကွဲလွယ်ရန် ပြု လုပ်ထား သော ဒီတိုနေတာဖြစ်သည်။ဒီတိုနေတာ ပေါက်ကွဲမှု မှတဆင့် ဗုံးသီးကို ပေါက်ကွဲစေသည်။ ထို့ကြောင့်ပစ်ခါနီးမှ ဗုံးသီးတွင် ကြွေထိပ်ဖူးကို တပ်ဆင်သည်။ ကြွေထိပ်ဖူးတပ်ဆင်ပြီးသော ဗုံးသီးကား ပေါက်ကွဲရန်အဆင်သင့် အန္တရယ်အဆင့်ဖြစ်သွားပြီး သတိထားကိုင်တွယ်ရန်လိုအပ်သည်။ နောက်အစိတ်ပိုင်းကား ပို့ကျည်ဖြစ်သည်။ ဗုံးသီး၏ဖင်ပိုင်းတွင် တပ်ဆင်ရသည်။ ဗုံးသီးအား သတ်မှတ်အကွာအဝေးသို့ ပို့ကျ ည်ပေါက်ကွဲအားနှင့် ပို့ဆောင်ရသည်။ မော်တာပြောင်းထိပ်မှထည့်လိုက်သော ဗုံးသီး၏ ဖင်ပိုင်းရှိ ပို့ကျ ည်အား ပြောင်းရင်းရှိ ရိုက်တန် ငုတ်ဖြင့် ရိုက်မိသောအခါ ဗုံးသီးသည် ပို့ကျည်၏ ပေါက်ကွဲအားဖြင့် ပြောင်းထဲမှ ထွက်သည်။ နောက်အစိတ်အပိုင်းဖြစ်သည့် အားပေယမ်းကား ယမ်းထုတ်ပုံစံနှင့်လည်းလာသည်။ ယမ်းပြားပုံစံ နှင့်လာသည်။ ၆၀ မမ ဖြစ်စေ၈၂ မမဖြစ်စေ အကွာအဝေးပေါ်မူတည်၍ ပုံသေသတ်မှတ်ထားသော အားပေးယမ်းကို ထပ်ဖြည့်ပေးရသည်။ နီးလျင် အားပေးယမ်းမလိုပေ။ အားပေးယမ်းကား ပို့ကျ ည်ကို အားဖြည့်ပြီး ဗုံးသီး အဝေးကို ပြေးရန် အသုံးချသည်။

KIA ကိုသင်ပေးရမည်မှာ ၆၀ မမ ဖြစ်သော်လည်း မိမိတို့က ၆၀ မမသာ မက ၈၂ မမ ပါ လေ့လာပစ်ခတ်ခွင့်ရခဲ့သည်။ မိမိတို့လေ့ကျင့်သည့်နေရာကားကျ ဉ်းမြောင်း၍ မီတာ ၃၀၀ ခန့်ကိုသာ ပစ်ခတ်ကြည့်သည်။ မီတာ ၃၀၀ အားရေချိန်ညှိပြီး ၈၂ မမ မော်တာပြောင်းက အတော်လေး မတ်မတ်ထောင်နေသည်။ ထိန်ကနဲ ပို့ကျည်ပေါက်ကွဲပြီး မော်တာကျ ည်ဆံထွက် သွားပြီး ခဏအကြာတွင် မော်တာကျည်ဆံ ပြန်ကျလာသည့် လေခွင်းသံ တရှုတ်ရှုတ်ကြားရသည်။ လေခွင်းသံကား ကျယ် လွန်း၍ မိမိတို့ခေါင်းပေါ်ပြန်ကျသကဲ့သို့ ခံစားရပေရာ မိမိတို့သင်ယူနေသော အုပ်စုလည်း ပျာယာခတ်ပြီး ဝပ်ရမလို မှောက်ရမလို ဖြစ်ကုန်သည်။ ရဲဘော်ချီ လတန်က ရီပြီး ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူးဟုဆိုသည်။ စက္ကန့်ပိုင်းအတွင်း မီတာ ၃၀၀ ခန့်အကွာတွင် ကျ ရောက်ပေါက်ကွဲသွားသည်။ မော်တာကျည်ဆံဖြစ်စေ နောက်ပွင့် လက်နက်ကြီးကျ ည်ဆံဖြစ်စေ မိမိအနီး မီတာ ၃၀၀ ခန့်အတွင်း ကျရောက်ပေါက်ကွဲတော့မည်ဆိုလျင် ဗုံးသီးလေခွင်းသံကို ကောင်းစွာကြားရသည့် သင်ခန်းစာရခဲ့တော့သည်။ နောက်စစ်မြေပြင်တိုက်ပွဲများတွင် လက်တွေ့အသုံးဝင်ခဲ့သည်။ လက်နက်ကြီးပစ်သံ ကြားရုံ လောက်နှင့် သိပ်မှု စရာမရှိ အေးအေးလူလူ နေ၍ရသည်။ ဗုံးသီးလေခွင်းသံကြားရင်ဖြင့် မိမိအနီးအနားကွဲတော့မည်မှာသေချာ သလောက်ရှိပေရာ အမြန်ဝပ်ရတော့သည်။

မော်တာပစ်ရာတွင် သတိထားရသည်မှာ မော်တာကျည်ဆံ ပေါက်ကွဲ၍ ထွက်မထွက်ဆိုသည့် အချက်ဖြစ်သည်။ မော်တာ ကျည်ထည့်လိုက်ပါက ပို့ကျည် ပေါက်ကျည်ပေါက်ကွဲသံမှာ ပုံမှန်အားဖြင့် ထိန်ကနဲဟူသောအသံကို ပုံမှန်အားဖြင့် သိသိသာ သာကြားရသည်။ သို့သော် စစ်မြေပြင်တွင် မိမိဘက်ရော တဖက်ကပါ လက်နက်ကြီးငယ် မျိုးစုံပစ်ခတ်နေချိန်တွင် အသံတွေ ကရောထွေးနေရာ အတော်လေးသတိထားရသည်။

၁၉၇၆ ခုနှစ်အကုန် ဗိုလ်ကျော်ဇော (ရဲဘော်သုံးကျိပ်) ရှေ့တန်းတပ်ကိုသွားစစ်ချိန်တွင် မုန်းယားဒေသ၌ တပ်မဟာ ၂ က ကျ ည်အစစ်ဖြစ်ဖြင့် စစ်ရေးပြတခုပြု လုပ်ပြသည်။ လက်နက်ကြီးတပ်ခွဲက လက်နက်ကြီးပေါင်းစုံ ( ၅၇ မမ၊ ၈၂ မမ၊ ၇၅ မမ၊ ပွို င့် ၅ )  တို့ပစ်ခတ်ပြီး ခြေလျင်တပ်က စခန်းတက်သိမ်းသည့် တိုက်ပွဲငယ်တခု သရုပ်ဖေါ်ပြသည်။ လက်နက်ကြီးများဝုန်းဒိုင်းကြဲ ပစ်ခတ်နေစဉ် ၈၂ မမတလက်က ကျည်မထွက်။ ဗုံးသီးထည့်သော ရဲဘော်က သတိမထားမိ။ နောက်ထပ်ဗုံးသီးထည့် ရန်ပြင်သည်။ သတိထားမိသော ရဲဘော်မောင်နိုင်က ဗုံးသီးထည့်မည့် ရဲဘော်အား အတင်းပြေးဆွဲရ သည်။ စစ်ကြည့်တော့ တကယ်ပင် ပြောင်းထဲတွင် မထွက်သော မော်တာကျည်ဆံရှိနေသည်။ ဂရုမပြု ဘဲ နောက်တလုံးထည့်လိုက်ပါက အတွင်းရှိ မော်တာကျည် ထိပ်ဖူးပေါ် တိုက်ရိုက်ထိမှန်ပေါက်ကွဲပြီး မော်တာပစ်နေသူတဖွဲ့လုံး ကံအကြောင်းမလှ ဖြစ်သွားပေတော့မည်။

တကယ်တမ်းတိုက်ပွဲအတွင်း နှစ်ဖက် လက်နက်ကြီးငယ် ပစ်ခတ်သံများကြားတွင် ရှုပ်ထွေးသည်။ ၁၉၈၀ ခုနှစ် ၁၈၀ တပ်ဖွဲ့ တွင် မော်တာတပ်စုမှူးအဖြစ် မိမိတာဝန်ယူနေစဉ် မဘိန်းကွင်းအတွင်းရှိ တုံကွာတွင် တိုက်ပွဲ ဖြစ်ပွါးသည်။ မိမိတို့ မော်တာပစ် ခတ်စဉ်တွင်း မော်တာထွက်သံ ကြားလား မကြားလားမသေချာ ဖြစ်ခဲ့ဘူးသည်။ တပ်စိတ်မှူး ဒုစိတ်မှူးများကို မေး တော့ လည်း သူတို့လည်း မသေချာ။ နှစ်ဖက် လက်နက်ကြီးငယ် ပစ်ခတ်သံများကြားတွင် ရောထွေးသွားပြီး ကိုယ်နားကိုယ်ပင် မသေချာတော့ပေ။ တိုက်ပွဲက မနက် ၄ နာရီကျော်လောက်ဖြစ်တော့ အလင်းရောင်က မလုံလောက်။ ပြောင်းထဲကြည့်တော့ လည်း ဆက်တိုက်ပစ်ထား၍ ယမ်းခိုးဖြူဝများဖြင့် ပြည့်နေ၍ မမြင်ရ။ ၆၀ မမက ပြောင်းတို၍ ပြောင်းနှုတ်ခမ်းအတိုင်း အပူခံပြီး လက်နှင့်စမ်းကြည့်ခဲ့ရဘူးသည်။ အလယ်တည့်တည့်နှို က်ကြည့် လျင်လည်း ကြွေထိပ်ဖူး ခိုက်မိပြီး ပေါက်ကွဲမှာ စိုးရိမ်ရသေးသည်။ စောစော စီးစီး တိုက်ပွဲတွင်း မော်တာတလက်နှင့် ချွေးပြန်ခဲ့ရဘူးသည်။

ထိုသို့မော်တာကျည် မထွက်ချင်းမှာ ပို့ကျည် “အ” သောကြောင့် ဖြစ်သည်။ သတိထားရသည်က ထိုမော်တာကျည်ထုတ် ယူရာတွင်ဖြစ်သည်။ အချို့ကအလွယ်တူ မော်တာပြောင်းအရင်းကို လှည့်ချွတ်၍ ထုတ်လေ့ရှိသည်။ သို့သော်အန္တရယ်များ သည်။ တရုတ်မော်တာများက မော်တာပြောင်းရင်းရှိ ရိုက်တန်ကအသေဖြစ်ရာ လှည့်ချွတ်နေစဉ်အတွင်း ဗုံးသီးဖင်ပိုင်းရှိပို့ကျည်နှင့် ပွတ်တိုက်၍ နေရာအချိန်မရွေး ပေါက်ကွဲထွက်နိုင်သည်။ လှည့်ချွတ်သူလည်း လက်ပြတ်မည်မှာ သေချာသ လောက်ရှိသည်။ နည်းမှန်မှာ ပြောင်းကို ဗန်းခုံမှ ဖြု တ်၍အောက်သို့ဖြေးဖြေးစိုက်ရသည်။ ပြောင်းဝမှ လက်ကိုကတော့ပုံဟ၍ ကြွေထိပ်ဖူးမထိအောင် ဂရုပြုပြီး ဗုံးသီးကိုယ်ထည်ကို လက်ဖြင့်ထိမ်း၍ ဖြုတ်ရန်လိုသည်။ သို့သော် လက်ကလွတ်၍ အောက် စိုက်ကျပါက ပေါက်ကွဲနိုင်သည့်အန္တရယ်ရှိပေရာ အလေ့အကျင့်လိုသည်။

KIA သင်တန်း ၁၉၈၀ ခုနှစ်ဆန်း KIA စတုထ္ထပတ်သင်တန်းတွင် မိမိသင်တန်းဆရာအဖြစ် တာာဝန်ယူစဉ် ဤသို့ ၆၀ မမ မော်တာကျည်မထွက်သည်ကို ကြုံ ခဲ့ရသည်။ KIA သင်တန်းသားများ ပစ်ခတ်စဉ် မော်တာကျ ည်မထွက်ခဲ့။ မထွက်သည့် ကျည်ထုတ်ရန် မော်တာပြောင်းရင်းအား လှည့်ချွတ် နေ၍ အပြေးအလွှား အော်ဟစ်တားခဲ့ရဘူးသည်။ ပြောင်းစိုက်ပြီး ထုတ်ဖို့ပြောတော့ သူတို့ မဝံ့မရဲဖြစ်နေသဖြင့် မိမိပင် ထုတ်ပေးလိုက်ရဘူးသည်။ တကယ်တော့ သုတို့ပြဿနာတော့ မဟုတ် ။ ကောက်ကွတ်သင်တန်း နောက်ဆုံးပတ်တွင် ခပ်တည်တည် သင်တန်းဆရာတက်လုပ်နေသော မိမိ၏အားနည်းချက်ကြောင့် ဖြစ်သည်။ သူတို့အား ပြောင်းထဲမှ မထွက်သော ဗုံးသီးအားထုတ်ယူပုံအား ကြွေထိပ်ဖူး ပို့ကျည် မတပ်သော ဗုံးသီးဖြင့် လေ့ကျင့်ပေးရန်မေ့လျော့ခဲ့သည်။ မပေါက်ကွဲနိုင်သည့် ဗုံးသီးနှင့် အလေ့အကျင့်လုပ်ထားပါကစိုးရိမ်စိတ်များ ရှိမည်မဟုတ် ပေ။

မီးဖိုချောင်ထဲ ထမင်းချက်မနေဘဲ မော်တာပစ်နည်း လိုက်သင်ခဲ့သဖြင့် ကောက်ကွတ်သင်တန်းကျောင်း နောက်ဆုံးပတ်တွင် သင်တန်းဆရာအဖြစ် KIA အား မော်တာပစ်နည်း ပြန်လည်သင်ပေးခဲ့သည်။ ၁၉၈၀ ခုနှစ်အတွင်း ဖွဲ့စည်းသော ၁၈၀ တပ်ဖွဲ့တွင် ၆၀ မမ မော်တာတပ်စုမှူးဖြစ်ခဲ့သည်။တကယ်တော့ စနစ်တကျ သင်တန်းတော့မဟုတ်ပါ။ ရဲဘော်ချီ လတန်က မိမိတို့အား စုပြီး သူတတ်သမျှ ရှင်းပြပြီး လက်တွေ့ပစ်ပြသည့် မိမိတို့လည်း လက်တွေ့ ပစ်ကြည့်သည့် သင်တန်းဖြစ်သည်။ CPB တွင်တော့ လယ်သမားနည်းဟု ခေါ်လေ့ရှိသည်။

မော်တာပစ်ခတ်ရာတွင် အရေးကြီးသည်မှာ အကွာအဝေးခန့်မှန်းခြင်းဖြစ်သည်။ အကွာအဝေးခန့်မှန်းပြီး ဒေါက်မလို ရေချိန်မလို လက်နဲ့ မော်တာပြောင်းကို ထိမ်းပြီး ပစ်ခတ်နိုင်သူများရှိသည်။ အတွေ့အကြုံ နှင့် အလေ့အကျင့်ဟု ဆိုရမည်။ မိမိ၏ ၁၈၀ တပ်ဖွဲ့ တပ်မှူး ရဲဘော်ယုအောင် ခေါ် ရဲဘော်အိုက်အောင် (မိမိတို့အခေါ် ဗိုလ်အိုက်) ကတော့ ခြေလျင်တိုက်ပွဲမှာ မော်တာဆိုတာ နတ်ကွ ဟုအမြဲဆိုလေ့ရှိသည်။

၁၉၈၀ ခုနှစ် မတ်လတွင် မိမိသည် ၁၈၀ တပ်ဖွဲ့ မော်တာတပ်စုမှူးတာဝန် စစ်ဆင်ရေးထွက်ရသည်။ တလခန့်အတွင်း မိုင် ၄၅၀ ခန့် နေ့နေ့ညညလမ်းလျောက် စစ်ချီ ခဲ့ရသည့် စစ်ဆင်ရေးဖြစ်သည်။ လမ်းတလျောက်တွင် တိုက်ပွဲ လေးငါးကြိမ်ခန့်ဖြစ်ရာ တိုက်ပွဲဖြစ်သည်နှင့် “အောင်ကြီး မော်တာပစ်” ဟူသည့် အသံက အရင်ဆုံးထွက်လာတတ်သည်။ မော်တာမပစ်မခြင်းသူ၏ အော်ဟစ် အမိန့်ပေးသံ မရပ်နိုင်ပေ။

၁၉၈၀ ခုနှစ် မတ်လကုန်ပိုင်း ရက်တရက် ဖြစ်သည်။ မဘိန်းအနီး “လဝါ”ရွာအဝင်တွင် မိမိတို့ ပက်ပင်းတိုးတိုက်ပွဲဖြစ်ပွါးသည်။ သေနတ်သံများဆူညံစွာ ပေါ်ထွက်လာသည်နှင့် အောင်ကြီး မော်တာပစ်ဆိုသည့် အသံကထုံးစံအတိုင်းပေါ်ထွက်လာသည်။ မိမိကလည်း တော်တော်နဲ့ပြန်မပစ်နိုင်မိမိတို့ တပ်စုကိုယ်တိုင် သတ်ကွင်းထဲရောက်နေသဖြင့် နောက်ဖက်ခပ်လှမ်းလှမ်းရှိ ကျ ည်ကွယ်နေရာသို့ အရင်ဆုံးပြန်ဆုတ်နေရသည်။ ဗိုလ်အိုက်၏အမိန့်သံက ဆက်တိုက်ထွက်နေသည်။ တဖက်က တဝေါ ဝေါ ပစ်ခတ်နေပေရာ ခဏအကြာတွင် မိမိတို့ရှေ့ ၁၅ ပေခန့်အကွာ သစ်တုံးတတုံးဘေးတွင် နေရာယူထားသော ခွဲ ၁ နိုင်ငံ ရေးမှူးစိုင်းခမ်းလွယ်အား ကျည်ထိသည်။ ဗိုလ်အိုက်လည်း ရှေ့သို့ ပြေးထွက်ပြီး စိုင်းခမ်းလွယ်အား ဆွဲမပြီး နောက်ဖက်က ကျည်ကွယ်ရှိရာသို့ ပို့သည်။ လူနာသယ်နေစဉ်မှာလည်း မိမိအား အောင်ကြီးမော်တာပစ်ကွဟု အော်ဟစ် အမိန့်နေ ဆဲဖြစ်သည်။

မိမိကလည်း မိမိဒုက္ခနှင့်မိမိဖြစ်သည်။ သတ်ကွင်းမှ လွတ်ပြီး ကျည်ကွယ်သို့ ရောက်နေသော်လည်း မော်တာပစ်ပေါက် ရှာမရ။ မိမိတို့ တိုက်ပွဲဖြစ်နေသည် အင် ကညင်တောအုပ်ကြီးထဲတွင် ဖြစ်သည်။ အောက်ခြေရှင်းသော်လည်း ပေ ၅၀ အထက်မြင့်မားသော အင် ကညင်ပင်များက မိမိတို့အပေါ်အုပ်မိုးနေသည်။ နွေရာသီမို့ အရွက်များမရှိသော်လည်း အကိုင်း အခက်များက ဖျာပြီး အုပ်မိုးယှက်ဖျာနေသည်။ စကောတဝိုင်းစာလောက် မော်တာကျ ည်ဆံလွတ်ထွက်မည့် အပေါက်ကို မနဲလိုက်ရှာနေရသည်။ လက်တမ်းပစ်လို့ကတော့ မိမိခေါင်းပေါ်ရှိ အကိုင်းတခုခုအား ထိပြီး ပေါက်ကွဲနိုင်သည်။ကိုယ်လူဘဲ ပြန်ထိမည့်ကိန်းဆိုက်နေသည်။ သို့နှင့် အချိန်ကြာနေခြင်းဖြစ်သည်။ တဖန် မော်တာကို အနိမ့်စိုက်၍ ပစ်ရန်မှာလည်း ရှေ့က သစ်ပင်ကြီးများက လက်ယှက်ထိုးနေ၍ မပစ်သာပေ။ ရှေ့ကသာ မဆလ အစိုးရတပ်က တဝေါဝေါ ပစ်နေသော်လည်း မိမိ ကတော့ ရှေ့မကြည့်နိုင် အပေါ်မော့၍ ပတ်ချာလည် ကြည့်နေရသည်။ ကံအား လျော်စွာစကောဝိုင်းသာသာခန့် သစ်ကိုင်း သစ်ခက်တို့ လွတ်ကင်းသော အပေါက် တခုတွေ့ရ၍ ထိုအပေါက်မှ ချိန်၍ မော်တာကျည် ၃ လုံးခန့် ဆက်တိုက်ပစ် လွှတ်လိုက်သည်။ ခဏအကြာတွင် တဖက်၌ မော်တာကျည်များ တဝုန်းဝုန်း ပေါက်ကွဲသံကြားလိုက်ရပြီး သေနတ်သံများ ငြိမ်သက်သွားတော့သည်။

ထို့ကြောင့်လည်း ဗိုလ်အိုက်က မော်တာသည် နတ်ဟုဆိုခြင်း ဖြစ်သည်။ မိမိတို့ ပစ်လိုက်သည့် မော်တာကျည် ထိသည် ဖြစ်စေ မထိသည်ဖြစ်စေ တဖက်က သတိထားနေရာယူရပြီဖြစ်သည်။ နေရာအပြောင်းအရွှေ့လုပ်ရသည်။ ထို့ပြင် မော်တာ ပစ်ကူပါသည်ဟု သိသည်နှင့် လက်လွတ်စပယ် မလုပ်ရဲတော့။ မိမိတို့အင်အားကို လျှော့မတွက်ရဲတော့ပေ။ ထိုနေ့က မော်တာဆံ ၃ လုံးထွက်ပြီး ခဏအကြာတွင် တဖက်မှ ပစ်ခတ်သံရပ်သွားသည်။ အမှန်တကယ်ပင် ခြေလျင်တိုက်ပွဲတွင် နတ်ကြီးပေသည်။ ထို့ကြောင့်လည်း တိုက်ပွဲဖြစ်လို့ကတော့ မော်တာသံမထွက်ခြင်း ဗိုလ်အိုက် အမိန့်ပေးသံ မရပ်တန့်ခြင်း ဖြစ်သည်။ ၁၈၀ တပ်ဖွဲ့ရုံးတွင် ရုံးဆက်သား ဝ ရဲဘော်လေးတယောက်ရှိသည်။ သူနံမည်က အိုက်ဟုခေါ်သော်လည်း ငယ် ရွယ်သူဖြစ်၍ မိမိတို့က အိုက်ကလေးဟုခေါ်သည်။ သူလည်း ဗိုလ်အိုက်အလေ့အထကို ချက်ခြင်းရသွားသည်။ တိုက်ပွဲဖြစ် သည်နှင့် ဗိုလ်အိုက်နှင့်အပြိုင် “မော်တာ မော်တာ” ဟု အော်တော့သည်။ မိမိအား အမိန့်ပေးသူ တယောက်ထပ် တိုးလာ ပေတော့သည်။

သေနတ်သံတိတ်သွား၍ ညာဖက် လှမ်းကြည့်လိုက်တော့ မိမိတို့နှင့် ပေ ၂၀ ခန့်တွင် ခေါင်း၌ ဆေးပတ္တီးအဖွေးသားနှင့် စိုင်းခမ်းလွယ်ကို သစ်ပင်တပင်ခြေရင်းတွင်တွေ့ရသည်။ မိမိအား ပြုံးပြပြီး ညာဘက်လက်မကို ထောင်ပြသည်။

အဆိုပါ စစ်ဆင်ရေး တလတာအတွင်း ပက်ပင်းတိုးတိုက်ပွဲ ၃ ကြိမ်ခန့်ထပ်မံဖြစ်ပွါးသေးသည်။ ထိတွေ့မှု ဖြစ်၍ သေနတ် သံမြည်သည်နှင့် “အောင်ကြီး မော်တာ” ဟူသော တပ်မှူးဗိုလ်အိုက်၏ အသံနှင့်အတူ အိုက်ကလေး၏အသံပါ ရှေ့ဆင့်နောက် ဆင့် ထွက်လာပါတော့သည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်