မောင်ကျေးရေ (ကယ်လီဖိုးနီယား) – Gold become ghost ဖုန်းဆိုးမြေ လက်ပံတောင်းတောင်ဒေသကို စွန့်ခွာခြင်း

October 10, 2017

မောင်ကျေးရေ (ကယ်လီဖိုးနီယား) – Gold become ghost ဖုန်းဆိုးမြေ လက်ပံတောင်းတောင်ဒေသကို စွန့်ခွာခြင်း
(မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၁၇
စကားဦး

ကျွန်တော် ဒီဆောင်းပါးကို မရေးချင်ပါ။ သို့သော် ရေးလိုသည့်ဆန္ဒ ရှိနေသည်မှာ ကြာပါပြီ။ အတန်ကြာစဉ်းစားပြီးမှ ရေးလိုက်ခြင်း ဖြစ်ပါသည်။ သတ္တုတွင်းတည်ရှိရာ အရပ်ဝန်းကျင်ဒေသများတွင် သတ္တုထုတ်လုပ်ခြင်းမရှိသေးသည့် အချိန်ကာလကစ၍ ယနေ့ထိနေထိုင်ကြကုန်သော ကျေးလက်ဒေသနေ ပြည်သူများအတွက် ရည်ရွယ်ပါသည်။ အဘယ်ကြောင့်ဆိုသော် သတ္တုတွင်းများ၏ ဘေးထွက်ဆိုးကျိုးများသည် လူနှင့်သဘာဝပတ်ဝန်းကျင် မြေရေ အများစုကို နှစ်ကာလ၊ ဆယ်စုနှစ်များစွာ ဆိုးကျိုးများ သက်ရောက်စေပါသည်။ ဤစာတမ်းတွင် သတ္တုတွင်းများ၏ စွန့်ပစ်ရေဆိုးများကြောင့် သတ္တုထုတ်လုပ်ခြင်းကာလပြီးဆုံးပြီးနောက်ကာလက စ၍ ထိုဒေသနယ်မြေသည် သောက်သုံးရေ မရရှိနှိင်ခြင်း၊ လူသူ နေထိုင်စိုက်ပျိုး၍ မရနှိင်သောမြေ ဖြစ်လာခြင်းများကြောင့်ဖုန်းဆိုးမြေ (Gold become Ghost) ဖြစ်သွားနှိင်မည်ဖြစ်ကြောင်း ရေးသားထားပါသည်။

သတ္တုတွင်း။ ။သတ္တုတွင်းဆိုသည်မှာ တန်ဘိုးရှိသော ဓါတ်သတ္တုများ Minerals (ရွှေ၊ ငွေ၊ ကြေး၊ ရွှေဖြူ၊ ခဲမဖြူ၊ အဖြိုက်နက်၊ကျောက်သံပတ္တမြား စသည့်) (Gold, Silver, Copper, Platinum, Lead & Zinc and Precious Stone) နှင့် အဆိုပါဓါတ်သတ္တုများ ပါဝင်နေသောသတ္တုရိုင်း၊ မြေသားကျောက်သားများ
(core mineral; Soil, Rocks & Rocks’ fragments) မြေသား၊ ကျောက်သားများကို စီးပွားရေးအရ အမြတ် အစွန်းများစွာ ရရှိသဖြင့် တူးဖေါ် ထုတ်ယူသည့် လုပ်ငန်း လုပ်ဆောင်နေသည့်နေရာကို ဆိုလိုပါသည်။

လက်ပံတောင်းတောင်၊ သတ္တုထုတ်လုပ်ခြင်းလုပ်ငန်းကို တရုပ်ပြည်နှင့် (၂၀၁၀) ခုနှစ်တွင် နှစ်ဦး သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး အုတ်မြစ်ချ အခမ်းအနားကို (၂၀၁၁) ခုနှစ်တွင် လုပ်ဆောင်ခဲ့၍ လုပ်ငန်းများကို စတင်ခဲ့ပါသည်။

တည်နေရာ။ လက်ပံတောင်းတောင် သတ္တုတွင်းသည် မုံရွာခရိုင်၊ ချင်းတွင်းမြစ်တဖက်ကမ်း၊ ချင်းတွင်းမြစ်မှ ၁၅ ကီလိုမီတာ၊( ၉ မိုင်) အကွာ၊ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၄၀ မှ ၃၂၀) အတွင်း ရှိပါသည်။ လက်ပံတောင်းတောင် သတ္တုသိုက်တခုတည်း၏ ဧရိယာအကျယ်အ၀န်းမှာ (၂.၄၃) စတု ရမ်းမိုင် ခန့်ရှိပါသည်။  အခုအခါ လက်ပံတောင်းတောင် သတ္တုထုတ်လုပ်ခြင်းလုပ်ငန်းများကို စီးပွားရေးဦးပိုင် လီမီတက်နှင့် မြန်မာဝန်ပေါင် လီမီတက်တို့ လုပ်ကိုင်လျှက်ရှိပါသည်။ ထုတ်လုပ်မှု့သက်တမ်းသည် လုပ်ငန်းပြီးဆုံးသည်အထိ၊ နှစ် (၆၀) ဟု တွက်ချက်ထားကြသည်။ မည်သို့ပင်ဆိုဆို ဤလက်ပံတောင်းတောင်သတ္တုတွင်းရှိ သတ္တုထုတ်ယူမှုကာလသည် အနဲဆုံး ရာစုနှစ် ( ၃ – ၄) ခုမျှ ကြာမြင့်နိုင်ပါသည်။

သတ္တုထုတ်လုပ်သည့် လုပ်ငန်းလုပ်ကိုင်သူများ၏ အဓိကလုပ်ငန်းကြီး ၄ ရပ် – 

(၁) သတ္တုတွင်းတွင် အသုံးပြုနေသည့်မြေပေါ် ရေ၊ ရေစီးရေလာစနစ်။ (Mining Surface water drainage System) နှင့် သတ္တုတွင်းထုတ်လုပ်သည့်နေရာအနီး ပတ်ဝန်းကျင်ရှိ မြေပေါ်၊ မြေအောက်ရေ စီးဆင်းစနစ်။ (Surface and Sub-surface Water System near mining area)။

(၂) သတ္တုသန့်စင်သည့် ရေစွန့်ပစ်ကန်။ (Containment ponds) ။

(၃) သတ္တုတွင်းမှ အသုံးပြုပြီး ရေဆိုးများ (Chemical Waste Water Disposal) ကို မြေအောက်သို့ စိမ့်ဝင်မသွားအောင် လူတို့အသုံးပြုနေသည့် မြစ်ချောင်းအင်းအိုင်ဆီသို့ စီးဆင်းမသွားအောင်၊ (Surface / Subsurface Impervious barriers) ရေမစီမ့်နှိင်သည့် အတားအဆီး ထားရှိသည့် စနစ်။

(၄) အက်စစ်ရေဆိုးများ (Acid Water) စွန့်ပစ်ရာတွင်လည်း လိုအပ်သည့်သန့်စင်မှုများ ပီပီပြင်ပြင်ပြုလုပ်ပြီးမှသာ စွန့်ပစ် (Drain after Treatment) ရန်တို့ဖြစ်ပါသည်။

ထိုလုပ်ငန်း (၄) ရပ်ကို ပီပီပြင်ပြင် မလုပ်သည့်အတွက် ဖုန်းဆိုးမြေဖြစ်ရန် အလားအလာ ပိုမိုများပြားလာမည် ဖြစ်ပါသည်။

သတ္တုတွင်းနှင့် ဘူမိပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များ၏ အဆိုအမိန်

အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်ဒီစီ ရှိ ဓါတ်သတ္တုများဆိုင်ရာပေါ်လစီဗဟိုက မိန့်ဆိုထားသည်မှာ – သတ္တုတွင်းတခု စတင်ထုတ်လုပ်ပြီဆိုကတည်းက သတ္တုထုတ်လုပ်သူ (ကုမ္မဏီ) ၏ အမြင့်ဆုံးသောတာဝန်တရပ်မှာ ရေအရင်းအမြစ်များ ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းပင်ဖြစ်သည်။

(“Once the mine is operation water protection must remain the highest goal of the Company, even if it means reduced  mineral productivity. Adopting this common-sense ethic is the only way can ensure that the golden dreams of mining do not  turn into the nightmare of poisoned streams” ) ( Carlos De Roas & James Lyon, Golden Dreams, Poisoned Streams, Mineral Policy Center, Washington DC, 1997]

သတ္တုတွင်းများကြောင့် အဓိကပြောင်းလဲကြီး( ၃) ခုမှာ –

(၁) သဘာဝမြေမျက်နှာသွင်ပြင် (Changes in the Natural Topography)
(၂) ဇလဘူမိဗေဆိုင်ရာ အခြေအနေများနှင့်အတူ မြေပေါ်ရေနှင့် မြေအောက်ရေအပြင် ကျောက်လွာများ၏ ဘူမိနည်းပညာဆိုင်ရာ အခြေအနေများ ပြောင်းလဲလာခြင်း။
(၃) မတူကွဲပြားခြားနားသော ဘူမိပတ်ဝန်ကျင်းများ ဖြစ်ပေါ်လာပြီး အပေါ်အကျိုးအပြစ်များ ပိုမိုလာခြင်း (Rise to various impacts on the Geo-environment) (Aswathanaryana 2003)

စွန့်ပစ်ရေဆိုးများ၏ ဘေးထွက်ဆိုးကျိုးများ

အဆိုပါ ဓါတ်သတ္တုနှင့် ဓါတ်သတ္တုများ ပါဝင်နေသော မြေသား၊ ကျောက်သားများကို တူးဖေါ်ပြီး အလိုရှိသော တန်ဘိုးများစွာရှိ ဓါတ်သတ္တုပစ္စည်းများ ရရှိစေရန် ထိုဓါတ်သတ္တုပါဝင်နေသည့် မြေသားနှင့် ကျောက်သားများကို ထုတ်ယူသန့်စင်ရပါသည်။ ထိုသို့ပြုလုပ်ပြီှး ထွက်ရှိလာသောဓါတ်သတ္တုပစ္စည်းများ ပျော်ဝင်နေသည့် စွန့်ပစ်ရေဆိုးများကြောင့် ထိုနယ်မြေအနီး ပတ်ဝန်းကျင်ဒေသ၏ မြေနှင့် ရေ လေတို့သည် ရာစုနှစ်ကြာလာသည်နှင့်အမျှ ဆိုးကျိုးများ ပိုမိုဖြစ်ပျက်လာမည် ဖြစ်ပေသည်။

ထိုသို့ဖြစ်ပျက်လာခြင်းမှာ ဘေးထွက်ပစ္စည်းများ စနစ်တကျစွန့်ပစ်စာရိတ် ကြီးမားခြင်း၊ သတ္တုတွင်းတခု၏ ထုတ်လုပ်မှုသက်တမ်းကာလ ကြာမြင့်ခြင်း၊ စွန့်ပစ်ပစ္စည်းများ၏ ဘူမိဗေဒဆိုင်ရာ၊ ဇလဘူမိဗေဒဆိုင်ရာ၊ ဓာတုဗေဒဆိုင်ရာ၊ ဘူမိဓာတုဗေဒဆိုင်ရာ ကြိုတင်စူးစမ်းလေ့လာရေး၊ (Geological, Geo-chemical, Hydro-Geological, Chemical Investigation) ကို အချိန်နှင့်တပြေးညီ လုပ်ဆောင်မှုအားနည်းခြင်း တို့ကြောင့်ဖြစ်သည်။

လူနှင့် သဘာဝပတ်ဝန်းကျင်၊ ဘူမိရပ်ဝန်းနှင့် ရေအရင်းအမြစ်များကို မထိခိုက်စေသော စွန့်ပစ်နည်းများကို အသုံးပြုရမည်ဖြစ်ခြင်း၊ ထိုအခါ စာရိတ်စကများ ပိုမိုကုန်ကျခြင်း၊ သက်ဆိုင်ရာနိုင်ငံအစိုးရ၏ အားနည်းသော စည်းမျဉ်းစည်းကမ်း ဥပဒေများကို ထုတ်လုပ်သူများက နားလည်သိရှိထားခြင်း စသည်တို့ကြောင့်  မဖြစ်မနေ ပြုလုပ်မှဖြစ်မည်ဆိုသည့် အချိန်ရောက်မှ ပြုလုပ်ကြသည်က များပါသည်။ ထိုအခါ အချိန်လွန်နေမည် ဖြစ်ပေသည်။

ထို စွန့်ပစ်ပစ္စည်းများ စုပုံနေုသည့်နေရာကို အမြီး(Large amounts of waste; called tailing) ဟုခေါ်၏။ စာရေးသူသည် (၁၉၉၀ – ၂၀၀၀) ခုနှစ်က အိုင်ဗင်ဟိုး အတွက် စပ္ပါယ်တောင် ကြေးစင်တောင် သတ္တုတွင်းအလုပ်အတွက် ဇလဘူမိဗေဒဆိုင်ရာ စူးစမ်းရေးလုပ်ငန်းများကို လုပ်ကိုင်ပေးခဲ့ဘူးပါသည်။ ထို စွန့်ပစ်ရေဆိုးများကို သန့်စင်စေပြီး စီးဆင်းစေခြင်း မရှိခြင်း၊ တာဘောင်သည်လည်း ဓါတုရေဆိုးများ (Chemical waste water) ယိုစိမ်းမှု အနည်းဆုံးဖြစ်အောင် မဆောင်ရွက်ခြင်း၊ ထို့အပြင် သတ္တုထုတ်လုပ်သည့်ဒေသအနီး ပတ်ဝန်းကျင်ရှိ စိုက်ပျိုးမြေများ၊ မြေပေါ်၊ မြေအောက်ရေများ အချိန်နှင့်တပြေးညီ စမ်းသပ်စစ်ဆေးနှင့် သက်ဆိုင်ရာဒေသ၏ လူထုအား အသိပေးခြင်း မရှိသောကြောင့် ရာစုနှစ်များကြာလာသောအခါ ထိုမြေ၊ ရေများသည် ဆိုးရွားသည့်အနေအထားကို ရောက်ရှိလာပေမည်။

လက်ပံတောင်းတောင် သတ္တုတွင်းဒေသ – ယနေ့နှင့် နောင် ဖြစ်ပျက်လာမည့် အခြေအနေ –

ကမ္ဘာ့သတ္တုထုတ်လုပ်သည့်ကုမ္မဏီနှင့် ပညာရှင်များ တွက်ချက်ထားချက်အရ သတ္တု (၁) တန် ရရှိရန် (၉၉) တန်သော ဘေးထွက်ပစ္စည်းများကို စွန့်ပစ်ရသည်ဟု ဆိုပါသည်။ ထိုအခါ စွန့်ပစ်မြေဆိုး ရေဆိုးများသည် လုပ်ငန်းသုံးမြေနေရာ အကျယ်အ၀န်းထက် (၁၀) ဆမက ကျယ်ပြန့်လာနှိင်ပါသည်။ ထိုဆိုးကျိုးများ သက်ရောက်နှိင်သည့် ဧရိယာအကျယ်အ၀န်း၊ အတိမ်အနက်မှာ နေရာဒေသ၏ ဘူမိဗေဒ၊ ဇလဘူမိဗေဒ၊ မိုးရွာသွန်းမှု၊ ဒေသအပူချိန်၊ မြေမျက်နှာသွင်ပြင်တို့အပေါ် များစွာတည်ပါသည်။

ထိုသို့ပြောင်းလွဲမူများသည် လက်ပံတောင်းတောင်အနီး ပတ်ဝန်းကျင်ဒေသများအထိ (၄) မိုင်ပတ်လည်အတွင်း စတင်ဖြစ်ပျက်နေပါပြီ။ နောင်နှစ်ပေါင်းများစွာ၊ ရာစုနှစ်များစွာအထိ ဖြစ်ပေါ်လာနေမည် ဖြစ်ပါသည်။

လက်ပံတောင်းတောင် သတ္တုတွင်းနှင့် အနီးဆုံးသော ရေပေါ်ရေအရင်းအမြစ်မှာ ချင်းတွင်းမြစ်နှင့် ယာမချောင်း တို့ဖြစ်ပါသည်။ သတ္တုတွင်းဧရိယာနှင့် အနီးပတ်ဝန်းကျင်ဒေသတ၀ှမ်း၏ မြေအောက်ရေအောင်းလွှာ သတ္တုတွင်း၏ မြေအောက်ရေနှင့် တဆက် တကျောတည်းရှိသည်ဟု အိုင်ဗင်ဟိုး၏ ဘူမိဗေဒလေ့လာရေးအစီရင်ခံစာအရ မြေပေါ်ရေ၊ မြေအောက်ရေ အရင်းအမြစ်အတွက် ကောင်းသောအလားအလာ မဟုတ်ပါ။

လက်ရှိဖြစ်ပျက်နေသောအခြေအနေ – သတင်းဆောင်းပါးများအရ – သတ္တုတွင်းများကြောင့် ရေထုညစ်ညမ်းစေခြင်း အမျိုးအစား (၄) မျိုးမှ အနည်းဆုံး တမျိုးမက ဖြစ်နေပါသည်။ စာရေးသူ ယူဆချက်အရ (၃) မျိုး ခန့်ဖြစ်နေသည်ဟု ယူဆရပါသည်။

လက်ပံတောင်းတောင်ဒေသတွင် သတ္တုတွင်းများမှ သုံးစွဲပြီး အက်စစ်ရေများသည် မိုးရေစီးကြောင်းများမှ သော်၎င်း၊ မြေပေါ်ရေဆင်းမြောင်းများမှ သော်၎င်း၊ မြစ်ချောင်း အင်းအိုင်၊ မြေပေါ် မြေအောက်ရေများဆီသို့ လျံကျ၊ စိမ့်ဝင်၊ စီးဆင်းခြင်းဖြင့် ရေထုညစ်ညမ်းစေပြီး သောက်သုံးသူများ (လူနှင့် ရေနေ သတ္တ၀ါများ) ကို အဆိပ်အတောက်ဖြစ်စေပါသည်။ ရေနေသတ္တ၀ါများ တဖြေးဖြေး မျိုးတုန်း ပျောက်ကွယ်စေပါမည်။

ဒေသခံပြည်သူများလည်း နေထိုင်၊ လုပ်ကိုင် စားသောက်မရ ဖြစ်လာမည်။ နှစ်ပေါင်း ရာစုနှစ်များစွာ ကြာလာသည့်အခါ ထိုဒေသသည် လူသူမနေနှိင်သည့် ကုန်းခြောက်မြေဖြစ်ပေမည်။



စွန့်ပစ် အက်စစ်ရည်များ ပျော်ဝင်နေသည့်ရေဆိုးများ ပြန့်နှံနေပုံ နှင့် (၂၀၁၇) ခုနှစ်၊ စက်တင်ဘာလ (၁၉) နေ့က ဝမ်ပေါင်စီမံကိန်းအတွင်းမှ အက်စစ်ရေဆိုးများ ချောင်းထဲသို့ ဖောက်ထုတ်နေပုံ

သတ္တုတွင်းပတ်ဝန်းကျင်၊ ယင်းမပင် ဒေသတ၀ိုက်တွင်း ကျေးရွာလူထုသုံးနှင့် စိုက်ပျိုးရေးသုံး စက်ရေတွင်းများစွာသည် သောက်သုံးမရသော အခြေအနေဖြစ်နေပါသည်။ ထိုသို့ ညစ်ညမ်းသွားပြီးဖြစ်သည့်ရေကို ပြန်လည်ပြုပြင်ဘို့ အင်မတန်ခက်ခဲပါသည်။ လယ်ယာမြေဆုံးရှုံးးတာကို တခြားနေရာဒေသမှ မြေအစားထိုးပေးခြင်း၊ လျော်ကြေးပေးခြင်း ပြုလုပ်၍ ရကောင်းရပေမဲ့၊ မြေအောက်ရေ အရည်အသွေး ပျက်ယွင်းသွားသည်ကို လျော်ကြေးပေး၍ မရပါ။

ထိုသို့ဖြစ်ပျက်နေမူ့နှင်ပတ်သက်၍ ဒေသခံများက မြန်မာဝမ်ပေါင်ကုမ္မဏီသို့ စာရေး အသိပေးအကြောင်းကြားကြသော်လည်း မည်သည့်ပြန်ကြားချက်ကိုမျှ မရရှိဟု ဒေသခံများ ရင်ဖွင့်သည်ကို ဖတ်ရပါသည်။ မြန်မာဝမ်ပေါင်ကုမ္မဏီအနေနှင့် သတ္တုတွင်းအနီး ပတ်ဝန်းကျင်ကျေးရွာဒေသ၏ လူမူ ပတ်ဝန်းကျင်၊ ရေ၊ မြေတို့ ပျက်စီးထိခိုက်နေသည်ကို အလေးထား လေ့လာသုံးသပ်ခြင်း၊ စီစဉ်ဆောင်ရွက်ပေးခြင်း အားနည်းပါသည်။

အက်စစ်စက်ရုံမှ ကိုက် (၂၀၀) အဝေးရှိ ကန်ကုန်ရွာ ပတ်ဝန်းကျင်ရှိ မြေဆီလွာများသည် ဆာဖာပျော်ဝင်မှုနှုန်း များပြားနေခြင်း၊ လေထုညစ်ညမ်းနေခြင်း၊ ရေများ သန့်စင်မနေခြင်းများသည် ရေမြေလေ၊ လူနှင့် ပတ်ဝန်ကျင်းကို ပျက်စီးစ ပြုနေပြီဖြစ်ကြောင်း ညွန်းပြနေပေသည်။

ကန်ကုန်ရွာအနီးတွင် ဆာလ်ဖြူရစ်စက်ရုံ တည်ဆောက်၊ လုပ်ငန်း လည်ပတ်ပြီးနောက် စွန့်ပစ်ရေဆိုးများကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုများ ဖြစ်လာကာ ထိုကာလမှစ၍ ယခုနှစ်များကာလအထိ ကျေးလက်နေပြည်သူ (၃၈၀၀) ကျော်သည် ညစ်ညမ်းနေသည့်ရေများကို သောက်သုံးနေကြရသည်။ ထိုအထဲမှ လူ (၆၀) ကျော် အသက်ဆုံးခြင်း၊ ကလေးငယ်များ ဦးနှောက်အမှေးရောင်ရောဂါရရှိစေခြင်း၊ မျက်စိကွယ်စေခြင်းများသည် ရေနှင့် ပတ်ဝန်းကျင်အခြေအနေ ဆိုးဝါးနေသောကြောင့် ဖြစ်ပါသည်။

သို့သော် အချို့ကျေးလက်နေ ပြည်သူများသည် ထိုပကတိဖြစ်စဉ် လက်မခံလိုပေ။ ငြင်းဆန်နေကြသည်။ ထိုအရာသည် မှားသောခံယူချက်ပင် ဖြစ်သည်။ ကျေးရွာပေါင်း (၂၆) ရွာမှ ကျေးလက် ပြည်သူ (၂၅၀၀ – ၈၀၀၀) အထိ စီမံကိန်း၏ ဆိုးကျိုးကို ခံစားနေရသည်။ ဆန္ဒပြသူ ဒေသခံ ကျေးလက်ပြည်သူများသည် ဖမ်းဆီးနှိပ်စက်ခြင်းများသာ ခံစားရပြီး မည်သည့်ကောင်းသောအကျိုးကိုမျှ မခံစားရသည်မှာ လက်တွေ့ပင်။

(၂၀၁၄) ခုနှစ် ဒီဇင်ဘာလက ဆန္ဒပြမူ့တွင် အသက် (၅၆) နှစ်အရွယ် ဒေါ်ခင်ဝင်း ပစ်သတ်ခံရသည်မှာ လက်တွေ့ပင်။ ကျေးလက်ပြည်များထံက သိမ်းယူထားသောမြေနေရာအတွက် အစားထိုး လျော်ကြေးပေးသည်ကို လက်မခံကြပေ။ အမှန်မှာ သတ္တုတွင်းလုပ်ငန်း မစတင်မီကတည်းက ထိုအရပ်ဒေသခံ ပြည်သူများ နားလည်အောင် မရှင်းပြခဲ့သည့်အတွက် ထိုသို့ဖြစ်ရခြင်းဟု ယူဆပါသည်။

မြန်မာနိုင်ငံ၏ သတ္တုတွင်းနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရေး စသည့်အချက်များ ပြည့်ပြည့်စုံစုံ မရှိသေးခြင်းက ဖုန်းဆိုးမြေဖြစ်ဘို့ အခြေအနေကို ပိုမိုတွန်းအားပေးရာ ရောက်ပေသည်။

(၂၀၁၂- ၂၀၁၄) ခုနှစ် ဒီဇင်ဘာတွင် ဒေသခံဆန္ဒပြသူများသည် သူတို့အလို မရသည့်အပြင်၊ လူစုခွဲ သတ်ဖြတ်ခြင်းသာ ခံစားခဲ့သည်မှာလက်တွေ့ပင် ဖြစ်ပါသည်။

မြန်မာနိုင်ငံအစိုးရအနေနှင့်လည်း ဒေါ်လာသန်းပေါင်းများကို ရင်းနှီးမြုပ်နှံမည့် နှိင်ငံနှင့် နစ်ဦး သဘောတူထားပြီး ဖြစ်ပါသည်။ ထိုလုပ်ငန်းကို မည်သို့မျှ ရပ်ပစ်ရန် မဖြစ်နိုင်ပေ။

ယခုနှစ်များအတွင်း လက်ပံတောင်းတောင် သတ္တုထုတ်လုပ်ငန်းခွင်က ထုတ်ပစ်လိုက်သည့် အက်စစ်ဓါတ် ပျော်ဝင်ရေဆိုးများ၊ စွန့်ုပစ်မြေဇာနှင့် ကျောက်စကျောက်နများသည် ပိုမိုများပြားလာပြီး မြေပေါ်ရေ၊ မြေအောက်ရေနှင့် လူနေပတ်ဝန်းကျင်ကို ပိုမိုဆိုးရွားနေကြောင်းကို လူမူ့ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးအပြစ်များ သုံးသပ်၊ အကဲဖြတ်ချက် (Environmental Social Impact Assessment / ESIA) ကို နိုက်ပိုင်ဆိုလ် အတိုင်ပင်ခံကုမဏီ (Knight Pie’sold Consulting) က (၂၀၁၃) ခုနှစ် တွင် လေ့လာပြီး (၂၀၁၅) ခုနှစ်က ရေးသားထားသည်ကို ဖတ်ရှု ရပါသည်။

စွန့်ပစ်ရေဆိုးများကြောင့် အလွန်စိုးရိမ်စရာကောင်းနေသည့် လူနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီး ယိုယွင်းလာသောအခြေအနေမှာ ပိုမိုလာသည်။ (၂၀၁၅)နှစ်လည်၊ သြဂုတ်လနှင့် နှစ်ကုန်ကာလများတွင် ချင်းတွင်းမြစ် ရေကြီးရေလျံသည့်အခါကလည်း သတ္တုတွင်းပတ်ဝန်းကျင် ကျေးရွာများကို ရေလွှမ်းမိုးခြင်းနှင့်အတူ သတ္တုတွင်းမှ စွန့်ပစ်ရေဆိုးများ၊ မြေစာများ မျောပါပြီး ရေနှင့် လူ့ပတ်ဝန်ကျင်ကို ပျက်စီးစေပါသည်။

(၂၀၁၇) ခုနှစ်၊ aအာက်တိုဘာလ (၁၀) ရက်နေ့က လက်ပံတောင်းတောင် မြန်မာဝမ်ပေါင်ဆိုက် အတွင်းရှိ ဆဲလိုင်းများမှ မိုးများသဖြင့် ဒုတ္ထါရေများ အပြင်သို့ ပြွန်ပေါက်မှတဆင့် အပြင်ထွက်ရှိသဖြင့် ကျောက်ဖြူ တိုင်ဆည်တဲ ရွာဘက်သို့ စီးဆင်းလျှက်ရှိရာမှ ချောင်းတလျှောက် စီးဆင်းရာ ချောင်းအတွင်းရှိ ငါးများသေဆုံးလျှက် တွေ့ရှိရပါကြောင်း၊ နွားများ လူများ မသောက်မိစေရန် သတိရှိသင့်ပေသည်။


ဆွေးနွေးအကြံပြုတင်ပြခြင်း

လက်ပံတောင်းတောင် သတ္တုထုတ်လုပ်ခြင်း လုပ်ငန်းများကိုလည်း ယ္ခုလက်ရှိ ထုတ်လုပ်နေသည့်ပုံစံမျိုးဖြင့် ဆက်လက်လုပ်ကိုင်နေခြင်းထက် စွန့်ပစ်ပစ္စည်းများကြောင့် လေထု၊ မြေပေါ်ရေ၊ မြေအောက်ရေ၊ သဘာဝပတ်ဝန်းကျင်၊ သစ်ပင်သီးနှံများ ပျက်စီးမှု အနည်းဆုံးဖြစ်စေသည့်နည်းကို သုံးသင့်သည်။

ထိုအပြင် သတ္တုတွင်းလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်နေသည့် ဇလဗေဒ၊ ဇလဘူမိဗေဒနှင့် ဘူမိဗေဒပညာရှင်များနှင့် သတ္တုတွင်း အင်ဂျင်နီယာများ၊ ဓာတုအင်ဂျင်နီယာများက ဓါတုပစ္စည်းများ မည်ရွေ့မည်မျှ ပျော်ဝင်နေသည်ကို အချိန့်နှင့်တပြေးညီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သို့ တိုင်ကြား စစ်ဆေးသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံရှိ လူဦးရေ အများဆုံးသည် ချင်းတွင်းမြစ်ရိုးတလျှောက်၊ ဧရာဝတီမြစ်ရိုး၊ မြစ်ကမ်းတလျှောက် နေထိုင်လုပ်ကိုင် စားသောက်ကြသော သောက်သုံးရေ အရင်းအမြစ်များဖြစ်ပါသည်။

မြေပေါ်၊မြေအောက်ရေ၏ ဆိုးကျိုးသက်ရောက်မူ့ကို သောက်သုံးပြီး တစ်နှစ် နှစ်နှစ် အတွင်း ခံစားမှု မသိရှိနှိင်ပေ။ နှစ်ကာလများစွာ (အနည်းဆုံး ၁၀ – ၁၅) နှစ် ကာလခန့်မှ စတင်၍ တဖြေးဖြေး ခံစားသိရှိလာမည် ဖြစ်ပါသည်။

သို့မဟုတ်ပါက ထိုသို့ဖြစ်ပျက်လာသောအခါမှ လူအများ နေထိုင်မရ ဖြစ်လာပြီး ရေကြည်ရာ မြက်နုရာ ဒေသသို့ အလုံးအရင်းနှင့် ပြောင်းရွေ့ကြရပါလိမ့်မည်။ ထိုနေရာသည် သတ္တုထုတ်လုပ်မှု ရပ်စဲသွားသောအခါ ဖုန်းဆိုးမြေအဖြစ် ကျန်ရစ်ခဲ့သည်ကို GOLD BECOME GHOST ဟု အနောက်နိုင်ငံများက ဆိုကြပါသည်။

လက်ပံတောင်းတောင် ဒေသခံပြည်သူများသည် ထိုသို့ဖြစ်ပျက်နှိင်သည်ကို မသိကြပေ။ သိမ်းဆည်းသွားသော လယ်ယာမြေအများ ပြန်ရရေး၊ လျော်ကြေးရရှိရေး၊ သတ္တုထုတ်လုပ်မှု ရပ်ဆိုင်းရေးတို့ကိုသာ တစိုက်မတ်မတ် အရေးဆိုနေကြဆဲသာရှိသည်။ ဒီသတ္တုထုတ်လုပ်ခြင်းလုပ်ငန်းကို တပိုင်းတစနှင် ရပ်ပစ်မည် မဟုတ်ပေ။ ဒေသနေပြည်သူတွေသာ နောင်တချိန် သူတို့၏မျိုးဆက်များ၊ သားသမီးမြေးမြစ်များ လက်ထက်တွင် ထိုဒေသရှိ မြေရေတို့သည် သောက်သုံးမရနှိင်ခြင်း၊ စိုက်ပျိုး၍ မရနှိင်ခြင်းများ ကြုံတွေကြရမည်ကို မသိကြ၊ နားလည်သဘောမပေါက်ကြသေးပေ။

သက်ဆိုင်ရာက လက်ပံတောင်းတောင်ဒေသနေ ကျေးလက်ပြည်သူများ နေရာသစ်သို့ ပြောင်းရွေ့ပေးမည့် အစီအစဉ်သည် ရေရှည်အတွက် ကောင်းသောအစီအစဉ်ဖြစ်ပါသည်။ သက်ဆိုင်ရာအဖွဲ့အစည်းကလည်း ကျေးလက်ပြည်သူများ နားလည်လက်ခံလာအောင် ရှင်းပြရမည်ဖြစ်ပေသည်။ ထိုအစီအစဉ်သည်သာ အကောင်းဆုံးဖြစ်ပေသည်။ (၂၀၁၃) ခုနှစ် သတ္တု စတင်ထုတ်လုပ်သည်မှစ၍ ဒေါ်လာ သန်း (၁.၈) သန်း အကုန်ခံပြီး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ နှစ်စဉ်လည်း ထုတ်လုပ်မူ့ပေါ်ကအမြတ် (၂%) ကို နှစ်စဉ် အသုံးမည်ဖြစ်ကြောင်း ကျေးလက်ပြည်သူများအား အသိပေးထားပြီးဖြစ်သည်ဟု သိထားပါသည်။ ထိုမှသာ ဖုန်းဆိုးမြေဘေးက လွတ်မြောက်မည်ဖြစ်ပေသည်။

ထိုလက်ပံတောင်းတောင် သတ္တုတွင်း၏ ဆိုးကျိုးများကို သားသမီ၊ မြေးမြစ်လက်ထက်တွင် ပိုမိုခံစားရပြီး ကျန်မာရေးကို များစွာထိခိုက်စေမည်။ အကောင်းဆုံးမှာ နေရာဒေသက၊ ရေကြည်ရာမြက်နုရာဒေသများတွင် နိုင်ငံတော်၏အစီအစဉ် (သို့) ဒေသခံတို့၏အစီအစဉ်ဖြင့် စိုက်ပျိုမြေများ ဖေါ်ထုတ်သည့်၊ သောက်သုံးရေလည်း ရစေသည့် ရေကြည်ရာမြက်နုရာတွင် နေရာဒေသသစ် ထူထောင်ကြခြင်းသာ အကောင်းဆုံးဖြစ်ပါကြောင်း အကြံပြုပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Maung Kyay Yay, မှတ်စုမှတ်တမ်း, သတင်းဆောင်းပါး

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်