မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၄၄)

October 11, 2017

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၄၄)

(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၁၇

● ပထမပတ်သင်တန်းဆင်းပွဲ
ကောက်ကွတ်သင်တန်းကျောင်း ပထမ ၃ လတာကာလသည် လျင်မြန်စွာပင်ကုန်ဆုံးသွားခဲ့သည်။ သင်တန်းဆင်းပွဲရက် ရောက်လာ၍ သင်တန်းကျောင်းတခုလုံး လှုပ်လှုပ်ရှားရှားနှင့် အလုပ်ရှုပ်နေကြသည်။ လေ့ကျင့်ရန်ထုတ်ပေးထားသည့် M21 သေနတ်ဟောင်းများ ပြန်သိမ်းပြီး KIA အားထောက်ပံ့ရန် ကတိပြုထားသည့် လက်နက်များများကို ထုတ်ပေးရန် ပြင်ဆင်ကြရ သည်။

KIA အားထောက်ပံ့မည့်လက်နက်များအား သင်တန်းဆင်းချိန်နှင့် ချိန်ကိုက်ပင် ပါတီဗဟို၏စီစဉ်မှုဖြင့် တရုတ်ပြည်ဖက်မှ လာရောက်ပို့ဆောင်သည်။ အဆိုပါ လက်နက်သေတ္တာများစွာကိုလက်ခံပြီး KIA အားစာရင်းနှင့်တကွ ချက်ခြင်းလွှဲကြ သည်။ သင်တန်းတပတ်လျင် KIA အား တပ်ခွဲ ၂ ခွဲစာလက်နက် ထောက်ပံ့သည်။ တပ်ခွဲဖွဲ့စည်းပုံမှာ တရုတ်တပ် တပ်ခွဲ ဖွဲ့စည်းပုံဖြစ် သဖြင့် တခွဲလျင်လက်နက်မျိုးစုံ ၁၂၀ ကျော်နှင့် စုစုပေါင်း လက်နက်မျိုးစုံ ၂၅၀ ကျော်ခန့်ဖြစ်သည်။ M20 ပစ္စတို၊ M21 semi-auto ရိုင်ဖယ်၊ M 22 ချေမှုန်းရေးရိုင်ဖယ် (AK 47 ပုံတူ)၊ M 23 စက်ကလေး၊ M14 ချေမှုန်းရေးရိုင်ဖယ်၊ M40 ဒုံးပစ် လောင်ချာ (ဘဇူကာ)၊ ၆၀ မမ မော်တာတို့ ပါဝင်သည်။ လွှဲအပ်သည့်အခမ်းအနား မစမီပင် KIA အား လွှဲရသည်။ မလွှဲ၍ မဖြစ် သေတ္တာ ထဲမှထုတ်လိုက်ပါက ထိုသေနတ်အသစ်စက်စက်တို့တွင် အမဲဆီအပြည့်သုတ်လိမ်းထားရာ သေနတ်များကို ဆေးကြောတိုက် ချွတ်ရန် လူအင်အားများသော KIA ရဲဘော်များအား တာဝန်ပေးရသည်။

လက်နက်များနှင့်အတူ ကျည်ကပ်၊ လက်နက်ငယ် ကျည်ဆံ၊ လောင်ချာ ဒုံးသီး၊ မော်တာကျည်ဆံ၊ နင်းမိုင်း၊ ဆွဲမိုင်း၊ လက် ပစ်ဗုံးတို့နှင့်အတူ ကျည်ကပ် လက်ပစ်ဗုံးတို့ထည့်သည့် ချပ်ဝတ်များ (equipment) များလည်း ထုတ်ပေးရသည်။ သို့နှင့် ကိုယ်စီ ကိုယ်စီ အလုပ်ရှုပ်နေကြတော့သည်။ ထိုအထဲတွင် ပို၍တက်ကြွသွက်လက်နေသူများကတော့ KIA သင်တန်းသား များဟု ဆိုရပါမည်။ ၃ လလောက် နိုင်ငံရေး စစ်ရေးသင်တန်းများဖြင့် ပင်ပမ်းငြီးငွေ့လာကြရာမှ သင်တန်းလည်းပြီး မိမိဒေသ သို့လည်း ပြန်ရတော့မည်ဖြစ်၍ တက်ကြွလန်းဆန်းနေကြသည်ဟု ဆိုရမည်။

မိမိတာဝန်ကျ သည့် ရိက္ခာရုံတွင်လည်း သင်တန်းဆင်းညစာစားပွဲအတွက် အလုပ်ရှုပ်နေသည်။ မိမိတို့သင်တန်းကျောင်း ခေါင်းဆောင်များမှာ ရှမ်း ဗမာများဖြစ်ကြသော်လည်း တရုတ်တွင်အနေကြာပြီး တရုတ်ထမင်းစားပွဲများနှင့် ယဉ်ပါး နေကြသည်ဖြစ်သည့်အပြင် ရိက္ခာမှူးတာဝန်ယူထားသူများမှာလည်း တရုတ်ရဲဘော်များဖြစ်ကြ၍ ဟင်း ၈ မျိုးခန့်ပါသည့် တရုတ်ပုံစံညစာစားပွဲပြင်ဆင်ကြရာ ရိက္ခာရုံတခုလုံး ဝုန်းဒိုင်းကြဲ အလုပ်ရှုပ်နေသည်။ သင်တန်းသားရဲဘော်များအတွက် သာမက မိမိဘက်မှခေါင်းဆောင်များနှင့် KIA အရာရှိများအတွက် ညစာထမင်းဝိုင်းကလည်း သီးသန့်ပြင်ပေးရမည်ဖြစ်ရာ ပုံမှန်ထက် အလုပ်ပိုများသည်ဟု ဆိုရမည်။သပိတ်မှောက်ကျောင်းသားဘဝမှ ” တော်လှန်သော ထမင်းချက်” ဖြစ်လာသော မိမိလည်း မီးခိုးတလုံးလုံး ကြားတွင် ချွေးတလုံးလုံးနှင့် လုံးပမ်းနေရပေတော့သည်။

သို့နှင့် သင်တန်းကာလတလျောက်လုံး CPB က ထုတ်ပေးထားသောဦးထုတ်အဝိုင်းအစား KIA ဦးထုပ်ကို ပြန်လည်ဆောင်း ထားပြီးသကာလ လက်နက်ခဲယမ်းမျိုးစုံ သယ်ဆောင်ထားသည့် KIA သင်တန်းတပ်ဖွဲ့အင်အား ၃၅၀ ကျော် မိမိတို့ ကောက် ကွတ်သင်တန်းကျောင်းမှ ၁၉၇၇ ခုနှစ် မတ်လကုန်တွင် ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။ ၃ လလုံးလုံး လှုပ်ရှားသက်ဝင်နေခဲ့ သော စခန်းကြီးလည်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပေတော့သည်။

KIA နှင့် CPB
တကယ်တော့ KIA လည်း CPB နှင့် ပူးပေါင်းရန် ဆုံးဖြတ်ခဲ့သည်မှာ သူတို့အတွင်းပိုင်းတွင် ခက်ခဲသောဆုံးဖြတ်ချက်တခု ဖြစ်ခဲ့သည်။ ၁၉၆၈ ခုနှစ် CPB အရှေ့မြောက်စစ်ဒေသ စဖွင့်ချိန်တွင် KIA တို့ပြောက်ကျားလှုပ်ရှားရာဒေသများသို့ တိုးဝင် လာခဲ့သည်ဖြစ်ရာ KIA နှင့် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားခဲ့သည်။ ၁၉၇၆ ခုနှစ်အထိ CPB နှင့် KIA တို့ ၃ ကြိမ်ခန့် ဆွေးနွေး ခဲ့ကြရသည်။ အစောပိုင်းကာလများတွင် ဆွေးနွေးပွဲများ မအောင်မြင်ခဲ့ပေ။ ခေတ္တသာ အပစ်ရပ်ပြီး ပြန်လည်ဖြစ်ပွားခဲ့သည်။

၁၉၆၈ ခုနှစ် နိုဝင်ဘာလတွင် CPB ၃၀၃ တပ်မှူး ရဲဘော်လဖိုင်နော်ဆိုင်းနှင့် KIA တပ်မဟာ ၄ မှူး လထော်ဇော်ဒန်တို့ မုန်းယား၌ တွေ့ဆုံ၍ အပစ်ရပ်ရန် သဘောတူခဲ့ကြသော်လည်း ၁၉၆၉ ခုနှစ်တွင် လက်နက်ကိုင်ပဋိပက္ခ ပြန်လည်ဖြစ်ပွါးခဲ့ သည်။ တဖန် ၁၉၇၁ နိုဝင်ဘာလတွင် အရှေ့မြောက်စစ်ဒေသတပ်မှူး ရဲဘော်လဖိုင်နော်ဆိုင်းနှင့် KIO အထူးကိုယ်စားလည် လမုန်တူးဂျိုင်တို့တွေ့ဆုံပြီး အပစ်ရပ်ရန် နှစ်ဖက်သဘောတူခဲ့ကြသော်လည်း ၁၉၇၂ တွင် ပြန်လည်၍ တိုက်ပွဲများဖြစ်ပွါး ခဲ့သည်။ ၁၉၇၆ မေလခန့်က မုန်းကိုးဒေသ ကောင်းဒပ်တွင်ပြုလုပ်သော ဆွေးနွေးပွဲတွင်မှ အပစ်ရပ်ပြန်လည်သဘောတူခဲ့ သည်။ အငြင်းပွါးနေသော နယ်မြေထိမ်းချုပ်ခွင့်များအား အပြန်အလှန်ညှိနှိုင်းမှု ရယူနိုင်ခဲ့သည်။

ဤသို့ သဘောတူညီချက်ရယူနိုင်ခဲ့ခြင်းသည် ၁၉၇၅ ခုနှစ်ဖြစ်ပွါးခဲ့သော KIA ခေါင်းဆောင်မှု အပြောင်းအလဲကြောင့်ဟု ဆိုနိုင်သည်။ ၁၉၇၅ ခုနှစ် သြဂုတ်လတွင် ထိုင်း မြန်မာနယ်စပ် ထန်ငေါ့စခန်းတွင် KIO/KIA တည်ထောင်သူနှင့် KIO ဥက္ကဌ ဖြစ်သူ လထော်ဇော်ဆိုင်း၊ ဒုဥက္ကဌ လထော်ဇော်တူးနှင့် အတွင်းရေးမှူးပုန်ရွှေဇော်ဆိုင်းတို့အား KIA လက်အောက်အရာရှိ တဦးဖြစ်သူ မရန်ဆိုင်းတူက လုပ်ကြံသတ်ဖြတ်ခဲ့သည်။ ထိုဖြစ်ရပ်နှင့် ပတ်သက်၍ သတင်းအမျိုးမျိုးထွက်သည်။ အချို့က မဆလအစိုးရက လူမွေး၍ လုပ်ကြံခိုင်းသည်ဟုဆိုသည်။ အချို့က အောက်လက်အရာရှိက ပုဂ္ဂိုလ်ရေးမကြေနပ်မှုအရသတ်သည်ဟုလည်းဆိုကြသည်။ အတည်ပြု၍ မရပေ။ လထော်ဇော်ဆိုင်း၏ညီဖြစ်သူ KIA တပ်မဟာ ၄ မှူး လထော်ဇော်ဒန်မှာလည်း ၁၉၇၅ ခုနှစ် မတ်လအတွင်း ရွှေလီချိုင့်ဝှမ်းဂွင် နန့်ဟိုင်းဒေသ၍ CPB နှင့်ဖြစ်ပွါးသော တိုက်ပွဲတခုတွင် ကျဆုံးခဲ့သည်။ သို့နှင့် KIO/KIA ခေါင်းဆောင်အပြောင်း အလဲဖြစ်ပေါ်ခဲ့သည်။ KIO ဥက္ကဌအဖြစ် မရန်ဘရန်ဆိုင်း၊ အတွင်းရေးမှူးအဖြစ် လညော် ဇောင်းဟရာတို့က တာဝန်ယူပြီး KIA စစ်ဦးစီးချုပ်အဖြစ် မလိဇွပ်ဇော်မိုင်နှင့် ဒုစစ်ဦးစီးချုပ်အဖြစ် လမုန်တူးဂျိုင်တို့မှ တာဝန် ယူခဲ့သည်။

KIO ဥက္ကဌ ဖြစ်လာသော မရန်ဘရန်ဆိုင်းသည် နိုင်ငံခြားဆက်ဆံရေးကို တာဝန်ယူလာခဲ့သူဖြစ်သည်။ ၁၉၆၆ ခုနှစ်တွင် အိန္ဒိယသို့လည်းကောင်း ၁၉၆၇ ခုနှစ်တွင် တရုတ်သို့လည်းကောင်း သွားရောက်၍ နိုင်ငံတကာအကူအညီရရှိအောင် ကြိုး ပမ်းခဲ့သူဖြစ်သည်။ ၁၉၆၇ ခုနှစ် တရုတ်ပြည်သို့ သွားရောက်သည့်အခါ တရုတ်တို့က တိုက်ရိုက်မကူညီသော်လည်း မရန် ဘရန်ဆိုင်းအား CPB ဒုဥက္ကဌ ဖြစ်သူသခင်ဗသိန်းတင်နှင့် ဘေကျင်း၌ တွေ့ဆုံဆွေးနွေးနိုင်အောင် စီစဉ်ပေးခဲ့သည်။

ထိုစဉ်က တရုတ်ပြည်သို့ ရောက်ရှိနေသော CPB တို့မှာ အရှေ့မြောက်စစ်ဒေသ ဖွင့်လှစ်ရန် ပြင်ဆင်နေပြီဖြစ်ရာ KIA နှင့် တပ်ပေါင်းစု ဖွဲ့နိုင်ရေး ဆွေးနွေးခဲ့ကြသည်။ သို့နှင့် သခင်ဗသိန်းတင်နှင့် မရန်ဘရန်ဆိုင်းကြား တပ်ပေါင်းစုဖွဲ့နိုင်ရေးသဘောတူခဲ့ကြသည်။ ထိုသဘောတူညီချက်အရ CPB မှ KIA အားလက်နက်ငယ်မျိုးစုံ ၈၀၀ ခန့်ကူညီပေးခဲ့သည်။ သို့သော် ထိုစဉ် KIA ခေါင်းဆောင်ပိုင်းတာဝန်ယူထားသော လထော်ဇော်ဆိုင်းတို့က ထိုသဘောတူညီချက်ကို လက်မခံခဲ့ပေ။ ကွန်မြူ နစ်များနှင့်ပေါင်းရန် ငြင်းဆန်ခဲ့သည်။ သဘောတူညီချက်ရေးထိုးခဲ့သည် မရန်ဘရန်ဆိုင်းပင် ခေတ္တတာဝန်မှ ဘေးဖယ်ထား ခံရသည်ဟု ဆိုသည်။

တကယ်အားဖြင့်ဆိုလျင် KIA သည် ကချင်အမျိုးသားရေးအလံလွှင့်ထူထားသည်။ ဝန်ပေါင်သမတနိုင်ငံထူထောင်ရေးကြွေး ကြော်ဆဲဖြစ်သည်။ ထို့ပြင် KIA သည် ခရစ်ယန်ဘာသာယုံကြည်ကိုးကွယ်သော ကချင်လူမျိုးများအပေါ် အခြေပြု တည် ဆောက်ထားသဖြင့် ဘာသာရေးကိုင်းရှိုင်းသည်။သို့ဖြစ်၍ နိုင်ငံရေးအရ CPB ၏ ပြည်သူ့ဒီမိုကရေစီကိုလည်းကောင်း၊ ကိုယ် ပိုင်အုပ်ချုပ်ရေးကိုလည်းကောင်း သဘောမတွေ့ကြ။ ထို့ပြင် ဘာသာမဲ့များဖြစ်သော ကွန်မြူနစ်များနှင့်လည်း ပေါင်းလိုလှ သည် မဟုတ်ပေ။ တချိန်တည်းတွင် ၁၉၆၈ ခုနှစ်မှစပြီး CPB နှင့် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွါးခဲ့ပြီး ယခင် KIA လှု ပ်ရှားခဲ့ သည့် မုန်းကိုး၊ ဖေါင်းဆိုင်၊ မုန်းပေါ်၊ မုန်းယားဒေသများမှာလည်း CPB ထိမ်းချုပ်မှုအောက်သို့ရောက်သွားခဲ့ရာ ထိုဖြစ်ရပ် များနှင့်ပတ်သက်ပြီး ကြေလည်မှုရှိလှသည် မဟုတ်ပေ။

သို့သော် တဖက်တွင်လည်း KIA အဖို့ စစ်ရေးအရ အကြပ်အတည်းရှိသည်။ တဖက်က မဆလ အစိုးရနှင့်တိုက်နေရသကဲ့သို့ CPB နှင့်ပါတိုက်နေရပေရာ စစ်မျက်နှာ နှစ်ဖက်ဖြစ်နေသည်။ တဖန် လက်နက်ခဲယမ်းမီးကျောက်များကို ထိုင်းနယ်စပ်မှဝယ် ယူ၍ ကချင်ပြည်နယ်အထိ သယ်ဆောင်ရသည်ဖြစ်ရာ ခရီးကွာဝေးသည့်အပြင် အန္တရယ်များလှသည်။ ၁၉၇၂ ခုနှစ်အတွင်းမဆလ အစိုးရနှင့်နားလည်မှု ရယူပြီး CPB အားတိုက်ရန် ပြင်ဆင်ခဲ့သေးသည်။ ၁၉၇၂ ခုနှစ် ဇွန်လမှစ၍ အစိုးရနှင့် KIA ခေါင်းဆောင်များတွေ့ရန် စီစဉ်ခဲ့ကြသေးသည်။ သို့သော် ၁၉၇၂ ခုနှစ် အောက်တိုဘာလကုန်ပိုင်း၌ထိုင်းနယ်စပ်မှ လက်နက်ခဲယမ်းများသယ်ဆောင်လာသည့် KIA ရင်း ၈ တပ်ရင်းမှူးဗိုလ်ကြီးမထုနော်ဦးစီး လူအင်အား ၃၀၀ ခန့်နှင့် လား/မြင်း ကောင်ရေ ၂၅၀ ခန့်ပါသော စစ်ကြောင်းအား တန့်ယန်းမြို့နယ်အတွင်း မဆလအစိုးရတပ်မှ ခြေလျင် ရော လေကြောင်းပါအသုံးပြုတိုက်ခိုက်ခဲ့ရာ KIA နှင့် မဆလတို့၏ ဆက်ဆံရေးပြတ်တောက်သွားခဲ့တော့သည်။

သို့နှင့် ၁၉၇၅ ခုနှစ် KIA ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်ပြီးနောက်KIO ဥက္ကဌအသစ် မရန်ဘရန်ဆိုင်းသည် CPB နှင့်ပေါင်းရန်ဆုံးဖြတ်ခဲ့ပြီး KIA အား နိုင်ငံရေး စစ်ရေးအကြပ်အတည်းမှ ဆွဲထုတ်ခဲ့သည်ဟု ဆိုရမည်။

သို့နှင့် KIA သည် ထိုအချိန်မှစ၍ CPB နှင့် လက်နက်ကိုင်ပဋိပက္ခ မရှိတော့သည့်ပြင် CPB ထံမှ စစ်လက်နက်ပစ္စည်း အကူ အညီ အမြောက်အများရရှိခဲ့သည်။ ငွေကြေးလည်း တပြားတချပ်မှမကုန် ဝေးဝေးလံလံလည်း မသယ်ရဘဲ လက်နက်ငယ်များ အပြင် အကူပစ်လက်နက်ကြီးများပါ ရရှိလာတော့သည်။

ထို့ပြင် CPB ၏စစ်ရေးအရ အကြံပြုမှုအောက်တွင် တပ်ဖွဲ့စည်းမှုများလည်း ပြောင်းလဲလာသည်ကို တွေ့ရသည်။ မူလက KIA တပ်ဖွဲ့စည်းပုံမှာ တပ်ရင်း၊ တပ်မဟာအထိ ဖွဲ့စည်းထားသော်လည်း တပ်များစုစည်းထားသည်မဟုတ်ဘဲ ကဖန့်ခွဲ၍ ထားသည်။ မဆလအား ပြောက်ကျားစနစ်ဖြင့်သာ တိုက်ခိုက်ခဲ့သည်။ တခါတရံမှသာ တပ်စု၍ တိုက်ခိုက်နိုင်သည်။ ထို့ပြင် KIOဗဟို၌လည်းကောင်း၊ တတပ်လုံးအရလည်းကောင်း၊ စုစည်းထားသော အဓိက တိုက်ခိုက်ရေးတပ်ရင်းများမရှိပေ။ သို့ဖြစ်ရာ စစ်ရေးအရ ချေမှုန်းရေးတိုက်ပွဲများ တိုက်ပွဲကြီးများ တိုက်ခိုက်ရန်မဖြစ်နိုင်ချေ။ ထိုစဉ်က KIA တွင် လက်နက်ခဲယမ်းရရှိမှုအခက်အခဲကြောင့် တပ်များစုစည်းရန်လည်း မလွယ်ကူလှပေ။

၁၉၇၇ ခုနှစ်မှစ၍ CPB ထံမှ အကူအညီရရှိလာပြီးနောက် KIO ဗဟို၌ အဓိက တိုက်ခိုက်ရေးတပ်ရင်းများ စတင်ဖွဲ့စည်း နိုင်လာခဲ့သည်။ ကောက်ကွတ်သင်တန်းကျောင်း ပထမပတ်ဆင်း သင်တန်းသားများနှင့် ရရှိသည့်လက်နက်များကို အခြေပြု ၍ ရင်း ၂၅၁ ဟူသည့် KIA ဗဟိုတပ်ကို စတင်ဖွဲ့စည်းခဲ့တော့သည်။ ၁၉၇၇ မှ ၁၉၈၀ နှစ်ဆန်းထိ ကောက်ကွတ်သင်တန်း ကျောင်း ၄ ပတ်အပြီးတွင် KIA ဗဟို၌ ရင်း ၂၅၁၊ ၂၅၂၊ ၂၅၃၊ ၂၅၄ ဟူသည့်အဓိက တိုက်ခိုက်ရေးတပ်ရင်း ၄ ရင်း ထွက်ပေါ်လာပေတော့သည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်