ရွှေပိုးအိမ် (ပဲခူး) ● ခေါ်သံ

October 12, 2017

● ခေါ်သံ
(မိုးမခ) အောက်တိုဘာ ၁၂၊ ၂ဝ၁၇

အဝေးကြီးကနေ ဖြတ်သန်းလာတဲ့ လေထဲမှာ။

တကယ်ပါ ငါ ကြားနေရတယ် အချစ်ရယ်။ ဘယ်မှာလဲ ဘယ်ကနေ လာခဲ့ရတာလဲ။ ငါ့လက်ကို ဆုပ်ကိုင်ပစ်လိုက်ပေါ့။ ငါ့ ပခုံးကို လှုပ်နိုးပစ်လိုက်ပေါ့။ ခေါ်သံကြားလျှက် မင်းဆီရောက်မလာနိုင်တဲ့ ခန္ဒာဝန်ကြီးကို ငါမုန်းလာပြီ။ လှုပ်မရနိုင်တဲ့ လေး လံမှုကြီးကို ငါ့ဆီက ပြန်ယူသွားကြစမ်းပါ။

လျင်မြန်တဲ့ လေဟာ ငါ့ မျက်နှာပေါ်ကနေ ရှပ်တိုက်ပြေးလွှား ဆော့ကစားလို့။ မင်းအသံကို သယ်ဆောင်လာတဲ့ အဲ့ဒီ လေ ဟာ….။

ကောင်းကင်ကြီးတစ်ခုလုံး ဖိချထားခံရသလို ငါ့လောက် ဘယ်အရာတွေကများ လေးလံနေနိုင်မှာလဲ။ အသံလာရာဆီပဲ ငါ့စိတ် ဟာ စူးရှစွာ….။ တိမ်တွေကို ဖြတ်ကျော်ပြီး လာခဲ့ရတာလား။ သွေးစွန်းနေတဲ့ လမ်းမတွေပေါ် မင်း နင်း လျှောက်လာခဲ့ရတာ လား။ မှော်ဆန်တဲ့ အမှောင်တိုက်တွေကို ဖြိုခွင်းလို့ ငါ့ဆီ လာခဲ့ရတာလား။

ငါဟာ မင်းစိတ်မှာ မောပန်းရင်း နွမ်းရီလာ။

သူ့ဆီက အဆက်အသွယ် လုံးဝမရတော့တဲ့အချိန်ကစပြီး ယုယဟာ ဘာအစာမှ ကောင်းကောင်း မစားတော့ဘူး။ တစ်နေ့တစ်နေ့ တံခါးခေါက်သံတွေရယ်.. ခေါ်သံတွေရယ်ကိုပဲ မျှော်နေတတ်တော့တယ်။ ယုယရဲ့ ပွယောင်းနေတဲ့ ဆံပင်တွေဟာ ကောင်းကောင်း မစောင့်ရှောက်နိုင်တော့တဲ့ နောက်ပိုင်းမှာ ခြောက်သွေ့ နီရဲလာကြတယ်။ ယုယရဲ့ နက်မှာင်လှပတဲ့ မျက်ဝန်း တွေဟာလည်း မျက်တွင်းဟောက်ပက်ထဲမှာ အရောင်ဖျော့တော့လို့။ အားမသွင်းတာကြာပြီဖြစ်တဲ့  အနက်ရောင်ဖုန်းလေးဟာ စားပွဲပေါ်မှာ မှိတ်တုတ်မှိတ်တုတ် ခံနိုင်ရည်အားမဲ့။ ဒီထက် နွမ်းရိစရာ မရှိတော့တဲ့ ပန်းခြောက်တစ်ပွင့်လို ရေဓာတ်ခန်းခြောက် နေတဲ့ မိန်းကလေးတစ်ယောက်အဖြစ် အဲ့ဒီ အိမ်အိုကြီးရဲ့ အခန်း တစ်ခန်းထဲမှာ ယုယ အမြဲ ရှိနေတတ်တယ်။ ယုယရဲ့ နီရဲနုထွေးနေတတ်တဲ့နှုတ်ခမ်းနှစ်မွှာက ပက်ကြားအက်နေတဲ့ ကန္တာရတစ်ခုလို တစ်ခုခုကို ဆာလောင်မွတ်သိပ် နေသယောင်နဲ့ ပေါ့။

ငါတို့ဟာ တစ်နာရီခွဲအကွာအဝေးမှာ အချိန်တွေကို ဟီးလေးခိုနေရတယ်။ ငါ့ရဲ့ မနက် ၆နာရီမှာ  မင်းဆီမှာ ၇နာရီခွဲနေပြီ။ ဒါပေမယ့် လည်ပတ်စီးဆင်းမှုတွေကို ငါတို့ ဂရုမစိုက်ခဲ့ကြဘူး။ ညနဲ့ နေ့ရဲ့ အပြောင်းအလဲတိုင်းမှာ မင်း ရော ငါရော အချိန်တိုင်းလိုလို ဝေးနေလျှက်နဲ့ နီးကပ်နေခဲ့ကြရတယ်။ ငါ့အနားကို တိုးလာသလိုမျိုး ငါ ကြက်သီးမွှေးညင်းထသွားတဲ့အခါတိုင်း မင်းက ငါ့ကို စိတ်ကူးနဲ့ နမ်းနေတယ်လို့ အမြဲ ပြောတယ်။ ငါ ပျော်ခဲ့ရတယ်။ ငါ ပျော်ရွှင်ခဲ့ရပါတယ် အချစ်ရယ်….။

ထမင်းစားချိန် မှန်မှန်စားပါလို့ ငါ စိုးရိမ်မိတိုင်း မင်းထမင်းစားတဲ့ ပုံလေးကို လှမ်းလှမ်းပို့ပေးခဲ့။ အစားမမှန်တဲ့ ငါ ဟာ မင်း ထမင်းစားနေတဲ့ ဓာတ်ပုံလေးကို ကြည့်ပြီး ဆယ်ဘဝစာ ဗိုက်ဝခဲ့။ နေပါဦး။ အဲ့ဒီမှာ မင်း ချမ်းနေလား။ မင်း ဝတ်ထားတဲ့ အနွေးထည်အရောင်က ငါ့ ဂါဝန်အရောင်နဲ့ တမင်တကာကြီး နီးစပ်လွန်းခဲ့။ အရောင်တွေရဲ့ သတိပဌာန်းတရားမှာ မင်းရော ငါရော ဝင်လေထွက်လေ မှန်ခဲ့။ မိုးကုတ်စက်ဝိုင်းပေါ် တွယ်တက်နေတဲ့ အလင်းမှုန်တွေမှာ မင်းဝတ်ထားတဲ့ တီရှပ်ကလေးထဲက အရောင်လေးတစ် ရောင်ကို ငါ တွေ့ခဲ့တယ်။ အချစ်ရယ်…. ဘဝဟာ မှုံဝါးလွန်းတယ်ဆို သေချာတယ် မီးခိုရောင်ပဲလို့။ မီးခိုရောင်ရဲ့ တောက်ပတဲ့ စိတ်ကူးယဉ်ဆန်မှုမှာ မင်း လက်ကလေးတစ်ဖက်ကို မှန်းပြီး ငါ ဆုပ်ထားပေးခဲ့။ ဒါ မင်း စိတ်သက်သာရာရဖို့ တစ်ခုတည်းမက အနွေးဓာတ်တစ်ခုထက်လည်း ပိုပါတယ် အချစ်ရဲ့။

ဘာတဲ့ မင်း ခေါင်းကိုက်နေပြီပေါ့။ ဟုတ်လား။ ညက အလုပ်လုပ်ချိန်များသွားလို့ မနက်ရောက်တဲ့အခါ မင်း အိပ်ရေး မဝဘူး။ ငါ သိပ် စိတ်ဆင်းရဲခဲ့ရပါတယ်။ မင်း အရမ်း ပင်ပန်းနေပြီဆိုတာလည်း ငါ တကယ် သိနေပါတယ်။

နေဦး မင်းနေတဲ့နားမှာ ဆေးခန်းရှိသလား။ မင်း ဆေးခန်းသွားပါနော်။ ငါ မင်းအနား အနီးဆုံးရှိခွင့်ရရင်တော့ ဆရာဝန် မလိုအောင် ပြုစုလိုက်ချင်ရဲ့။ ဒါနဲ့ မင်းက မိခင်လို ချစ်သူမျိုးကို အလိုအပ်ဆုံးလို့ပြောခဲ့တာ ငါ ဘယ်မေ့နိုင်ပါ့မလဲ။ မင်း နဖူးလေးပေါ် ရေပက်လေး တင်ပေးမယ်။ မင်း ကိုယ်ငွေ့ ပူပူလေးကို သတိရတိုင်း စမ်းသပ်ရင်း မင်း ယောင်ယောင်အော်တဲ့အခါ မင်း ရင်ဘတ်လေးပေါ် ငါ ခေါင်းထိုးဝင် ဒီလိုမျိုး စက္ကန့်မလပ် ထိစပ်ခြင်းနဲ့  မင်း ပူလောင်စိတ်ကို လျှော့ချပေးမယ်။

အချစ်ရယ် ငါ ဒီမှာ မင်းကို လွမ်းနေခဲ့ပါပြီ။

ယုယ အိပ်နေပုံလေးကို ကြည့်ပြီး ယုယအဒေါ်ဖြစ်သူ မျက်နှာ ညှိုးငယ်သွားတယ်။ ပိန်သေး ညှိုးနွမ်းနေတဲ့ မိန်းမငယ်လေးဟာ သစ်သား ကုတင်ဟောင်းကြီးရဲ့ အလယ်တည့်တည့်မှာ ခွေခွေလေး လဲလျောင်းလို့လေ။ အလင်းဝင်မှု အားနည်းစေဖို့ ပြတင်း ပေါက်တွေကို ဟရုံပဲ ဟထားတယ်။ ယုယက ပြတင်းပေါက်တွေကို ထင်းထင်းလင်းလင်း ဖွင့်ထားတာ မကြိုက်ဘူးလို့ ပြောထားပြီးကတည်း ပြတင်းပေါက်တွေကို မဖွင့်ရဲတော့ဘူး။ ဒါပေမယ့် ခပ်ဟဟ ပုံစံမျိုးနဲ့ အလင်းတစ်ချို့ မသိလိုက် မသိဘာသာ ဝင်လာအောင်တော့ လုပ်ထားလေ့ ရှိတယ်။ ယုယ အရမ်းကြိုက်ခဲ့တဲ့ ထမင်းဖြူနဲ့ ကြက်သားကြော် ဆီဆမ်းထားတဲ့ ပန်းကန်လေးဟာ စားပွဲပေါ်မှာ အငွေ့တထောင်းထောင်း ထနေဆဲပါပဲ။ ယုယရဲ့ စိတ်နဲ့ ခန္ဒာကတော့ အသက်ငွေ့ မရှိတော့တဲ့ အရုပ်ကြိုးပြတ် အလောင်းကောင်လို အေးစက်ထုံထိုင်းနေခဲ့တော့တယ်။ ယုယရဲ့ ဖြူဖျော့ဖျော့ ပါးပြင်လေးတွေကို ခပ်ဖွဖွ စမ်းသပ်ရင်း အဒေါ်က ယုယနာမည်ကို ခပ်တိုးတိုးခေါ်တယ်။ ယုယရဲ့ လက်မောင်းသား နုနုလေးတွေကို လှုပ်နိုးတယ်။ ယုယကတော့ မလှုပ်မယှက်ပါပဲ။ ဒါနဲ့ သူ့ အဒေါ်ဟာ စိတ်ပူလာပြီး ဒီထက် ကျယ်ကျယ် လောင်လောင်အသံနဲ့ ထပ်နိုးတယ်။ ယုယ နာမည်ကို ထပ်ကာ ထပ်ကာ ခေါ်တယ်။ တအောင့်ကြာတော့ ယုယ နှုတ်ခမ်းလေးတွေ ပြုံးယောင်သန်းလာတယ်။ မျက်ခွံ လေးတွေကို ဖွင့်ကြည့်တယ်။

“ထားခဲ့ပါ အဒေါ်ရယ်…ယုယ ရှိနေပါသေးတယ်”

အခန်းတံခါးကို ခပ်ဖွဖွ ပြန်ပိတ်ရင်း အဒေါ်ဟာ ယုယဆီကနေ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ထွက်ခွာသွားခဲ့တယ်။
။……………။

ငါ့ဆီက မင်းကို ထွက်ခွာခွင့် မပေးနိုင်ဘူး။ ဘယ်လို အမှောင်မျိုးကိုမှ မင်း မနှစ်သက်ရဘူး။ ဘာတဲ့။ ငါဟာ မင်း ငရဲခန်းထဲကနေ ပွင့်လာတဲ့ ပန်းတဲ့လား။ မဟုတ်သေးဘူး အချစ်ရယ်။

ဒီမှာ ငါ့ကို ကြည့်ပါ။ ဒီမှာ ငါ့ကို မင်း ကြည့်ချင်ပါ။ ကြည့်ချင်စိတ်တစ်ခုတည်းနဲ့ ငါ့ဆီ မင်း ပြန်လာခဲ့ပါ။

မင်း ခတ်နေတဲ့ လှိုင်းဟာ ရပ်သွားခဲ့ပြီ။ မင်းအသံဟာ တန့်သွားခဲ့ပြီ။ မင်း ဘာသာစကားတွေ ပျောက်ဆုံးသွားခဲ့ပြီ။

မကြည်စယ်ချင်စမ်းပါနဲ့။ ငါတို့ဟာ ဘဝချင်း ဘဝ ထပ်ခဲ့ပြီး လောကဓံချင်း လောကဓံ ကျောချင်းကပ်ခဲ့ပြီး တစ်သံသရာလုံး မဖြစ် မနေ ဆက်လည်နေရအောင် မရက်စက်ချင်စမ်းပါနဲ့။

ငါ့ နှုတ်ခမ်းတွေကို မင်း တို့ထိချင်တယ်ဆို မင်း နာကျင်ခြင်းတွေကို ငါလည်း မြည်းစမ်းချင်မိတာ မှားလား။ နေဦး။ မင်း ဒီလို နည်းနဲ့ လျှောက်လျှောက်သွားနေတာ ငါ ဘယ်လို သည်းခံပေးရမှာလဲ။ မင်းကို အစွမ်းကုန် သည်းခံနိုင်တယ်ဆိုပေမယ့် အမှောင် တွေထဲ သွားပြီး လုံးဝ ပြန်မလာတော့တဲ့ ကြည်စယ်မှုမျိုးကို ဘယ်လို နည်းနဲ့မှ ငါ သည်းခံလို့မရဘူး။ လာပါ….။ ငါ့အနားကို လာပါ။ မင်း ကြုံတွေ့ခဲ့ရတဲ့ ဘာသာတရားရဲ့ ဆိုးကျိုးတွေဟာ ငါ မော်ဖူးခွင့်ရှိတဲ့ ဗုဒ္ဒရဲ့ မျက်နှာတော်ကြောင့် ငြိမ်းချမ်းသွား ပါစေ….။ ဒီမှာ ငါ့အနားကို လာပါ။ ငါ့ ဘာသာတရားဆီ ခိုလှုံပါ။ ဘယ်သူ့ကိုမှ မယုံကြည်ရင်တောင် ငါတစ်ယောက်ကိုတော့ မင်း ယုံယုံကြည်ကြည်နဲ့ ဆက်လက် ရှင်သန်နေလိုက်ပါ။ ခုတော့…။ ခုတော့ဖြင့် အချစ်ရယ်….။

ယုယ စားပွဲဘေးမှာ ဖရိုဖရဲ ပြန့်လွှင့်နေတဲ့ ဂျာနယ်တွေကို အဒေါ်ဟာ ကောက်ယူသိမ်းဆည်းလိုက်တယ်။ ဒီနိုင်ငံရဲ့ ဘာသာရေး ထိခတ်မှုတွေက အခြားနိုင်ငံမှာ ရောက်နေတဲ့ သူ့ချစ်သူဆီ တိုက်ရိုက် သက်ရောက်စေခဲ့ပုံက ဘယ်လို ကံကြမ္မာမျိုးလဲ။ တစ်နေ့မှာတော့ သူ့ချစ်သူ အလုပ်လုပ်နေတဲ့ နိုင်ငံမှာ အချင်းချင်း သတ်ဖြတ်မှုတွေအပြင် ပြည်ပက အလုပ်လုပ်နေကြတဲ့ သူတွေ ကိုပါ အညှိုးတကြီး သတ်ဖြတ်မှုတွေ ဖြစ်လာခဲ့ရတယ်။ သူ့ချစ်သူဆီက အဆက်အသွယ်လုံးဝ ပြတ်တောက်သွားတဲ့အချိန်မှာ အဆိုးဆုံး ဖြစ်ရပ်က အခြားတိုင်းပြည်မှာ အလုပ်လုပ်နေတဲ့ ဒီနိုင်ငံသားတွေရဲ့ သတင်းဆိုးတွေကို အဆက်မပြတ် ကြားနေရ တော့တာပဲ။

အဒေါ်ဟာ ခေါင်းကို ခါရမ်းလိုက်တယ်။ မိဘမဲ့ တူမလေး ယုယရဲ့ အထီးကျန်လွန်းတဲ့ ဘဝလေးထဲက မထင်မှတ်ဘဲ ခမ်းခြောက် သွားတဲ့ ရေကြည်တစ်ပေါက်အတွက် ဝမ်းနည်းစွာကျလာတဲ့ မျက်ရည်တွေကို မဖယ်ရှားမိတော့ဘူး။ အစွဲအလန်းကြီးလွန်းတဲ့ ယုယအပေါ်ကို မိခင်ရင်းတစ်ယောက်လို မပြယ်သောမေတ္တာနဲ့ အသက်ရှင်နေသမျှ ဆက်လက်စောင့်ရှောက်နိုင်ဖို့သာ ကြိုးစားရ တော့မယ်။ ယုယဆွဲခဲ့တဲ့ ပန်းချီကားလေးတွေကို အဒေါ်ဟာ စီစီရီရီ ထားလိုက်တယ်။ သူ့ချစ်သူရဲ့ မျက်နှာကို စုတ်ချက် ကြမ်းကြမ်းတွေနဲ့ ဆွဲထားတဲ့ ပန်းချီကားလေးတစ်ကားကို ငေးရင် အဒေါ်ရဲ့ စာနာစိတ်ဟာ ကြမ်းပြင်ပေါ်က ပန်းချီဆေးစက် တွေလို ခြောက်ကပ်နေပေမယ့် ငွေရောင်တဖိတ်ဖိတ်လက်လို့။
ပန်းချီကျောင်းတက်နေတဲ့ ဖြူဖြူနွဲ့နွဲ့ကောင်မလေး ယုယတစ်ယောက် ဒီအိမ်ကြီးထဲမှာ လိပ်ပြာလေးတစ်ကောင်လို ဝဲပျံနေခဲ့ဖူး တာကို မြင်ယောင်ရင်း အဒေါ်ဟာ ယူကျိုးမရစွာ ဒူးထောက်ပစ်လိုက်တယ်။

“ဒါဟာ ချစ်ခြင်းမေတ္တာရဲ့ လှပတဲ့ ဖျားယောင်းနိုင်မှု ခိုင်ခံ့နိုင်မှုကို ချစ်သူတစ်ခါမှ မထားခဲ့ဖူးတဲ့ အဒေါ်က ပစ်စလတ်ခတ် ဒူးထောက်ပစ်လိုက်တာပဲ”

အဲ့ဒီလိုမျိုး ကုတင်ပေါ်မှာ မျက်လုံးပွင့်လျက် မလှုပ်မယှက် ငြိမ်သက်နေတဲ့ ယုယက တွေးတယ်။

နှုတ်ဖျားကတော့ “ဒီနေ့ ပြတင်းပေါက်တွေ ဖွင့်လိုက်ပါ အဒေါ်ရယ်”  “သူ လာနေပြီ” ဆိုတဲ့ စကားနှစ်ခွန်းပဲ ထွက်ကျလာတယ်။
“အဒေါ်က ယုံကြည်မှုတစ်ခုကို မီးရထားတစ်စီးနောက်မှာ ကိုယ်တိုင် ဆွဲချိတ်ပေးခဲ့ပြီး တစ်ပါတ်ပြန်မလည်လာတော့တဲ့ သတင်း ဆိုးမျိုးကို ခံနိုင်ရည်မရှိခဲ့သူပဲ” ယုယ အတွေးထဲမှာအဲ့ဒီလိုမျိုး အဒေါ်အပေါ် နာကျင်စိတ်နဲ့ စကားတွေ ထပ်ကာ ထပ်ကာ ပြောနေ ခဲ့တယ်။

ယုယချစ်သူဟာ ဒီနိုင်ငံရဲ့ ပညာရေးစနစ်တစ်ခုမှာ ဆယ်တန်းမအောင်ခဲ့သူ။ သူ့ကို ပြည်ပမှာ အလုပ်သွား လုပ်ခိုင်းခဲ့တဲ့ အဒေါ် ကိုယ်တိုင် ယုယဆီ သူလာနေတယ်ဆိုတာကို ယုံကြည်နေတယ်။ ခန္ဒာကိုယ်မပါတဲ့ လာခြင်းမျိုးနဲ့ဆိုတာကိုလည်း အဒေါ်ဟာ ကြောက်ရွံ့စိတ်နဲ့ သိနေခဲ့တယ်။ ဘာလို့လဲဆိုတော့ ခပ်ဟဟဖွင့်ထားတဲ့ ပြတင်းပေါက်တွေဟာ အလိုလိုနေရင်း အစွမ်းကုန် ပွင့်အာလာတယ်။ တဖျတ်ဖျတ်ခတ်နေတဲ့ ခန်းစီးစတွေဟာ ဒေါသတကြီး ပြာယာတွေခတ် လှုပ်ခါနေကြတယ်။ လေထဲမှာပါလာ တဲ့ အနံအသက် တစ်မျိုးကို အဒေါ်ဟာ ခံစားလို့ ရနေတယ်။ အဒေါ် ထွက်သွားတော့နော်တဲ့။ ယုယက ခပ်တိုးတိုး လေး ပြော တယ်။ သူလာနေပြီတဲ့။ ယုယ သတိပေးသလိုလို ပြောပြန်တယ်။

ခေါင်းငိုက်စိုက်ချထားတဲ့ အဒေါ်ဟာ ယုယခန္ဒာကိုယ်လေးပေါ် စောင်အပါးလေးတစ်ထည်ကို လွှမ်းခြုံရင်း စားပွဲပေါ်က နွားနို့ ပူပူလေးကို တစ်ချက်ငေးတယ်။ ပြီးတော့ ချာခနဲလှည့်ထွက်သွားခဲ့တော့တယ်။

အရာရာကို ဆုံးရှုံးလိုက်ရပြီလို့ ယတိပြတ် သေချာသွားတဲ့ ပုံစံမျိုးနဲ့ပေါ့။
။………………။

ခေါ်သံတွေ ကြားတယ်။

နောက်ဆုံးတော့ မင်း ရောက်လာခဲ့ပြီပေါ့။ အိုး… ဟုတ်ပ အချစ်ရယ်…။ အပြင်ဘက်က တိမ်တွေဟာ သိပ်လှတာပါလား။ ခေါ်သွားပါ။ မင်းနဲ့ အတူတူ ငါ့ကို ခေါ်သွားလိုက်စမ်းပါ။ မင်း မျက်လုံးတွေကို စမြင်နေရပြီ။

ကလေးလေး….။

ကလေးလေးတဲ့…။

အညိုရောင်အပြုံးတွေဟာ ငါ့အခန်းထဲမှာ လင်းလို့….။ မင်း ရောက်လာခဲ့ပြီ။

ငါ မင်းကို ကိုးကွယ်ပါ့မယ်။ မင်း မငိုနဲ့တော့နော်။ ဘာလို့ ငိုနေရတာလဲ။ ချစ်ရတဲ့ ယောက်ျားတစ်ယောက်ရဲ့ ရှိုက်ကြီးတငင် ငိုကြွေးသံဟာ ငါ့အတွက်လည်း ငရဲပါပဲ။ အချစ်ရယ်… တိတ်ပါတော့…..။

အချစ်ရယ် ထပါဦး…။ ငါ့ မျက်နှာကို မော့ကြည့်စမ်းပါဦး….။

ကြည့် မင်း မရှိတော့ပြန်ဘူး။ သိပ်ကို မုန်းဖို့ ကောင်းတဲ့ ငါ့ချစ်သူလေး…..။ ပြတင်းပေါက်နားက မြင်နေရဆဲ ကျောပြင်တစ်ခုရဲ့  ရောက်မလာနိုင်တဲ့ ဝေးလံသိပ်သည်းမှုဟာ လွမ်းဆွတ်ဖွယ်ရာပါလား….။ ဟင့်အင်း မင်း မထွက်သွားနဲ့တော့လေ။ အင်းပါ ဒီတစ်ခါတော့ ငါပဲ လိုက်ခဲ့ပါတော့မယ်။ မင်းကို ဘယ်တော့မှ ငါ ခွဲ မသွားဘူး။ ငါ့ ကတိပေးတယ် ဘေဘီ။

ပြတင်းပေါက်ဘောင်ပေါ်ကို ကုတ်တွယ်တက်နေတဲ့ ယုယဟာ ကောင်းကင်ကြီးကို ကြည့်ပြီး ပြည့်ပြည့်ဝဝ ပြုံးလိုက်တယ်။ ဒီအချိန်ထိ ရှင်သန်နေထိုင်လာခဲ့သမျှ ယုယအတွက် အကောင်းဆုံး အချိန်လေးပါပဲ။ အစစအရာရာ ဂရုစိုက်ခဲ့တဲ့ လောကကြီးနဲ့ အဒေါ်ကို ကျေးဇူးတင်ပါတယ်လို့ ရေရွတ်လိုက်သေးတယ်။ ပြီးတော့ ပြတင်းပေါက်ပေါ်ကနေ ယုယဟာ ခဏလေးနဲ့ ပျောက်သွား ခဲ့တယ်။ ယုယ ပျောက်သွားပြီးတဲ့အခါ သူမ အခန်းလေးထဲမှာ ဘယ်က ရောက်လာမှန်းမသိတဲ့ ဝါစိမ်းစိမ်းအလင်းတွေနဲ့ တလက်လက်တောက်ပလို့။ ကြယ်တွေပဲ အဖော်တစ်သိုက်နဲ့ မြူးနေသလို တေးသံတွေပဲ တစ်လုံးတခဲ ငြိမ့်ညောင်းနေသလို။ သိပ်လှတဲ့ အခန်းလေး…။ ခေါ်သံတွေဟာလည်း တကယ်တမ်းတော့ လွမ်းဆွတ်ဖွယ်ရာ ဂြိုလ်ဖြူဖြူလေးတွေပါပဲ။

မရောက်နိုင် ပေမယ့် ရှိနေတယ်ဆိုတဲ့ ကြောက်စရာကောင်းတဲ့ အစွဲအလန်းတွေ။ ဒါပေမယ့်လည်း ယုယ ပျော်ရွှင်ခဲ့ရတယ်။
အဲ့ဒီ ခေါ်သံတွေကြောင့်ပေါ့။

ရွှေပိုးအိမ် (ပဲခူး)
သြဂတ်စ် ၃၀၊ ၂၀၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်