ကျော်ထင် ● ဗီဇယတြထီး

October 15, 2017

● ဗီဇယတြထီး

(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၁၇

(တစ်)
ညက မိုးတော်တော်ရွာတာ။ ကတ္တရာလမ်းတလျှောက်လုံး ရေတွေဖွေးလို့။ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ မှာက ကွင်း ပြင်ကြီးဆိုတော့ ရေပင်လယ်ကို ဖြစ်ရောပဲ။ ဟိုဘက်ဆီ လမ်းကူးဖို့ဆိုတာ လမ်း မဖြတ်ကူးရဘဲနဲ့ ချောင်းကို ဖြတ်ရသလိုပဲ။ ခြေမျက်စေ့အထက်မြုပ်တဲ့ရေတွေဟာ လမ်းမပေါ်မှာ တလဟောစီးနေတယ်။ လမ်းပခုံးသားဘက် ရောက်တော့ သလုံးသားထက်ဝက်ထိ ရေရောက်တယ်။

ပုဆိုးလေး မြောက်ပြီး ကူးတာ။ ဆိုင်ကယ်တစီးလာနေလို့ မြန်မြန်ကူရတယ်။ မမြန်လို့လည်းမဖြစ်ဘူး။ မောင်း လာတဲ့ဆိုင်ကယ်က တအားပဲမောင်းလာတာ။ ဆိုင်ကယ်တခွင်လုံး ရေပန်းတွေ မှုတ်ထုတ်ထားသလားအောက် မေ့ရတယ်။ အရှိန်နဲ့လူလိုက်သလို၊ ခွေးကိုက် သလို မောင်းလာတာ။ ရှေ့ မှာလူတွေ့လို့လည်း အရှိန်လျှော့မယ့်ပုံ မပေါ်ဘူး။ ယဉ်ကျေးတယ်ဆိုတာ လူတွေ တော်တော်များများလက်ထဲ မှာ ပျောက်ကွယ်ကုန်ပြီ။

ဆိုင်ကယ်အရှိန်ကြောင့် ရေတွေတော်တော်များများစဉ်နိုင်တယ်။ ဒါကြောင့် လမ်းကို သွက်သွက်လေး ဖြတ်လိုက်တယ်။ ခြေလှမ်းမြန်ရတဲ့အတွက်ကြောင့်တော့ ရေနည်းနည်း ပိုစိုတာပေါ့။ မပြောပလောက်ပါဘူး။ ဒါပေမဲ့ စိတ်ထဲတော့ မသိုးမသန့် ခံစား လိုက်ရတယ်။ ရေတွေက ရေသန့်တွေမှ မဟုတ်တာ။ အိမ်ကြိုအိမ်ကြားက စီး စင်းလာတဲ့ရေတွေလေ။

ရှမ်းကန်ထဲဝင်ပြီးမှ ကန်ပေါင်အတိုင်း မလျှောက်တော့ဘဲ ဗိုလ်ချုပ်ကြေးရုပ် ရှေ့ မျက်နှာစာဘက် ပြန်ကွေ့ ချလိုက်တယ်။ တယောက်တည်းဆိုတော့ လက်ထဲကပိုက်ဆံအိတ်ကို စိတ်မချဘူး။ ဒါကြောင့် လင်းတဲ့၊ ရှင်းတဲ့ဘက်ကို ရွှေ့လိုက်တာ။ ကြေးရုပ်နောက်ကျော ကုက္ကိုပင်အောက်မှာက အိုးမဲ့အိမ်မဲ့တွေ စတည်းချတာဆိုတော့ သူတို့ကို စိတ်မချဘူး။ ဒီလူအုပ်ရှေ့ က ဖြတ်မသွား ချင်ဘူး။

ယောက်ျားတွေကို မကြောက်ပေမယ့် အဲ့ဒီ့ထဲမှာ မိန်းမတွေလည်းပါတယ်။ အဲ့ဒီ့မိန်းမတွေနဲ့ တည်ကြက်လုပ်မှာကိုတော့ သတိပိုရမယ်။ မိန်းမတွေကလည်း မနက်နေ့ည မူးနေကြတာ။ သူတို့ဘဝတွေက ရင်လေးစရာ၊ ကရု ဏာဖြစ်စရာကောင်းပေမယ့် ကျနော်တယောက် တည်းတတ်နိုင်တဲ့ကိစ္စမဟုတ်တော့ ရှောင်ရမှာပဲ။ အရင်နေ့တွေက သူငယ်ချင်းနဲ့နှစ်ယောက်ဆိုတော့ ပြဿနာမရှိဘူး။ ဒီနေ့ကျမှ မိုးရွာနေ မှ၊ လူပြတ်နေမှ ဒီကောင်က ထမင်းစားနေလို့ ထမင်းစားပြီးမှ လိုက်ခဲ့မယ် သွားနှင့်ဆိုတာနဲ့တယောက်တည်း ထွက်လာတာ။

မိုးကမတိတ်သေးတော့ ထီးက တဖက်ကိုင်၊ ပိုက်ဆံအိပ်က တဖက်ကိုင်နဲ့ရေစိုမှာကြောက်တော့ ပုဆိုးကို ကိုင်မြှောက်ရတာပါသေးတယ်။ ကြေးရုပ်ရှေ့ ရောက်တော့ ရေပြင်ကြီးကိုရပ်ကြည့်ပြီး ငေးမိသေးတယ်။ မိုးရွာတယ်ဆိုတာ ဒါမှ မိုးရွာတယ်ခေါ်တာလို့လည်း တွေးမိတယ်။ ဒီလိုမိုးမျိုးတွေရွာမှ ကျနော်တို့မြေအောက်ရေ ရမှာ မဟုတ်လား။ မြေအောက်ရေရမှ ကျနော်တို့ရေချိုရမှာမဟုတ်လား။

တကယ်တော့ ဒီလိုမိုးမျိုးဟာ မိုးကြီးတယ်ဆိုပေမယ့် ထူးထူးကဲကဲရွာတဲ့မိုးမျိုးတော့ မဟုတ်ပါဘူး။ အရင်တုန်းကလည်း ဒီလိုတွေ ရွာခဲ့ဖူးတာပဲ။ ရှမ်းကန်ရေတွေ လျှံထွက်အောင်ကို ရွာခဲ့တာ။ ငါးတွေဆို ကန်ပေါင်ကိုကျော်ပြီး လမ်းဘေးက ရေမြောင်းတွေထဲထိကို ရောက်လာတာ။ တချို့လူတွေတောင် ဖမ်းကြသေးတယ်။ ကျနော်တို့ရပ် ကွက်ခြေရင်းမှာဆိုရင်လည်း စိမ့်ရေတောင်ပေါက်တဲ့အထိ ရွာတာ။ အဲ့ဒီလို စိမ့်ရေပေါက်အောင် ရွာတာမျိုး မတွေ့တာကြာပြီ။ ဆယ်နှစ်မကတော့ဘူး။ ဆယ်စုနှစ် နှစ်ခုနီးပါးတောင် ရှိရော့မယ်။

ဒီတော့လည်း မိုးမရွာတာကြလာတာနဲ့အမျှ မိုးဒီလောက်ကြီးကြီး ရွာခဲ့တယ်ဆိုတာကို မေ့ကုန်မှာပေါ့။ ဒီလိုမိုးမျိုးဆိုတာ ကျနော်တို့မြိုမှာ အစဉ်အလာရှိတဲ့ မိုးမျိုးပါ။ ဒါပေမဲ့လည်း အိမ်ခြေ၊ ဝိုင်းတွေက များလာတယ်။ လမ်း သစ်တွေပေါ်လာတယ်။ အဲ့ဒီ့ အိမ်တွေ ဝိုင်းတွေနဲ့ လမ်းသစ်တွေဆိုတာ အရင်က ရေ၀ပ်ဧရိယာတွေပါ။ ဒါပေမဲ့ အဲ့ဒီ့အသစ်တွေက မြေတွေဖို့လိုက်ကြတော့ ရေအတွက် ဝပ်စရာနေရာက မရှိတော့ဘူး။ ဒီတော့ အခြားနေရာဆီ စီးတယ်။ ဒီတော့ ရေမဝပ်ဖူးခဲ့တဲ့နေရာတွေ ရေဝပ်ကုန်ပြန်တယ်။ မိုးကြီးလို့ဆိုတာထက် မြို့ကွင်း မြို့ကွက်ပြောင်းသွားလို့ရေဝပ်တဲ့ဒဏ်ခံကြရတာပါ။

ဒါပေမဲ့လည်း ရေဝပ်၊ ရေလျှံနေတဲ့နေရာကလူတွေကိုတော့ အားနာပါတယ်။ သူတို့ ခမျာမှာတော့ ရေတွေကြောင့် စိတ်ညစ်နေရတာ၊ အိပ်ပျက်နေရတာ။ အချို့ ဆိုးဆိုးရွားရွားနေရာတွေကဆို ကယ်ဆယ်ရေးတွေလိုအပ်တဲ့ထိ ဖြစ်နေကြတာ။ ဒါကို ကျနော်က အားမနာ လျှာမကျိုး ဦးနှောက်အရသာခံပြီး တွေးတောနေတာမျိုး ဖြစ်နေမလား။ ဆက်မတွေးတော့ဘဲ ဆက်မငေးတော့ဘဲ၊ ရပ်မမနေတော့ဘဲ လက်ဖက်ရည်ဆိုင်ဘက် ဆက်ထွက်လိုက်တယ်။

(နှစ်)
တအောင့်နေတော့မှ သူငယ်ချင်းက ရောက်လာတာ။ ရောက်ရောက်ချင်း ထီးထားစရာ မရှိဘူး။ လျှောက်ကြည့်နေလို့ ကျနော့်ထီး ထောင်ထားတဲ့ရေခဲသေတ္တာဘေးကို မေးငေါ့ပြီး အဲ့မှာထားကွ၊ ဒါမှ မမေ့မှာလို့ပြောလိုက်မိတယ်။ ဒီကောင်က ရယ်တယ်။ အပြန်မှာ မိုးရွာနေသေးရင်တော့ မေ့မှာမဟုတ်ပါဘူး။ မရွာတော့ရင်တော့ မေ့မှာ ဟ။ နှစ်ယောက်စလုံးကို မေ့မှာတဲ့။

ဟုတ်တော့ ဟုတ်တယ်။ ထီးကို ခဏခဏ မေ့တယ်။ ထီးဆောင်းသွားလာတတ်တဲ့အကျင့်မရှိတော့လို့ထီးကို မေ့တတ်လာတာဖြစ်မယ် ထင်တယ်။ ကားထဲကထွက်ပြီး စာသင်ခန်းထဲအဝင် မိုးရွာနေမှသာ ထီးကို ဆောင်းတတ်တာ။ ဒီအတိုင်းဆို ထီးကို မဆောင်းဖြစ်ဘူး။ ထီးဆောင်းဖို့လည်းမလိုတော့ ထီးသုံးနည်းသွာတာ။

ခြောက်တန်း၊ ခုနစ်တန်းလောက်ထိတွေတုန်းက ထီးဆိုတာ အိမ်မှာ ရှားပါးပစ္စည်း ဖြစ်ခဲ့ဖူးတယ်။ လူကုံထံတွေသုံးတဲ့ အသုံးအဆောင် လိုလိုကို ဖြစ်နေတာ။ အိမ်မှာ သမဆိုင်က ဈေးသက်သက်သာသာနဲ့ရထားတဲ့ဖဲထီးလေးတလက်ပဲ ကောင်းကောင်းကန်းကန်း ရှိခဲ့တာ။ ဒါတောင် အဖေက အဲ့ဒီ့သမဆိုင်မှာ အတွင်းရေးမှူးဖြစ်နေလို့ရတာ။

ကျနော့်အသက် နှစ်ဆယ်နားနီးနီးမှာတော့ ထီးကို တရှိုက်မက်မက်သုံးနေပါပြီ။ ထီးမပါရင် မသွားတတ်ဘူး။ တိတိကျကျပြောရရင် ကိုးတန်းကျောင်းသားဘဝမှာ ထီးကို စသုံးခဲ့တာလို့ပြောရမှာပဲ။ ကိုးတန်းတက်တော့ ကျနော်ကိုးတန်းတက်တော့ အသက်က ၁၉ နှစ် ရှိနေပါပြီ။ ကျောင်းသွားရင် ကျနော့်မှာ စာအုပ်တအုပ်နဲ့ ဘောလ် ပင်တချောင်းရယ်၊ ယောက်ျားဆောင်း ခေါက်ထီးတလက်ရယ်ပဲ မပါ မဖြစ်ပါတယ်။ ကျန်တာ ]မပါဘူး။

လူကလည်း နှုတ်ခမ်းမွေးစစနဲ့ လူကြီးပုံပေါက်နေ၊ လွယ်အိပ်လည်း မပါ၊ စာအုပ်လေးတအုပ်၊ ခေါက်ထီးလေးတလက်နဲ့ဆိုတော့ တချို့ ဆရာတွေက ကျနော့်ကို မူလတန်းပြဆရာလေးတယောက်လို့တောင် ထင်ကြတယ်။ အဲ့ဒီ့ခေါက်ထီးလေးကို ကျနော်မက်မက်စက်စက် ဆောင်းခဲ့တယ်။ တခြားဟာတွေကိုသာ မေ့ချင်မေ့မယ် ထီးကိုတော့ ကျနော်ဘယ်တော့မှ မမေ့ခဲ့ဘူး။ ဘယ်သွားသွား ပါလေရာ ထီးတလက်ပါပဲ။

အဲ့ဒီ့ထီးမည်းလေးကို ဖွေးအောင်ဆောင်းခဲ့တာ။ အဲ့ဒီ့ထီးသစ်လေးကို ဟောင်းတဲ့ထိအောင် ရိုးမြေကျ ပေါင်းခဲ့တာ။ အရွက်လေးဟောင်းပြီး၊ မွဲသွားတော့ အရွက်သစ်အစားထိုးပြီး ဒီထီးလေးကိုပဲ ဆောင်းခဲ့တယ်။ ဒီထီးလေးက ကျနော့်ပိုက်ဆံနဲ့ ကျနော်ဝယ်ခဲ့တာ။ မီးရထားမှာ သစ်တွဲစောင့်လုပ်ရင်း ရတဲ့လစာနဲ့  ဒီထီးလေးကိုဝယ်ခဲ့တာ။ ယောက်ျားဆောင်း ခေါက်ထီးလေး။ လက်ကိုင်ရိုး လက်တဆုပ်စာမှာ အကွေး လေးက ချိတ်လို့ ရတယ်။

ဘယ်သွားသွား ထီးကိုယူတော့ တချို့သူငယ်ချင်းတွေက အမြင်ကပ်ကြတယ်။ အချို့ကလည်း မေးခွန်းထုတ်ကြတယ်။ သွားလေရာ ထီးကြီးတကိုင်ကိုင်နဲ့ကွာ၊ ယောက်ျားမဟုတ်တာ ကျနေတာပဲတဲ့။ ကျားကျားလျားလျားပေါ့ တဲ့။ ကျနော်ကလည်း ယောက်ျားမို့ ယောက်ျား ဆောင်းထီး ဆောင်းတာပေါ့ကွ။ ကျားကျားလျာလျားလည်း နေပူ၊ မိုးရွာတဲ့ဒဏ်တော့ ကာကွယ်ရမှာပဲ။ နောက်ပြီး ဒါ -သာမန်ထီး မဟုတ် ဘူး။ ဗီဇယတြထီးလို့ ပြန်ဖြေဖြစ်တယ်။ ဒီကောင်တွေကလည်း ဘာတုန်းဟ ဗီဇယတြထီးဆိုတာလို့ ပြန်ပြီး အတွန့်တက်ကြပြန်တယ်။

တကယ်တော့ ဒီကောင်တွေက ထီးအကြောင်းကို ဘာမှ ဂဃနဏသိကြတာမဟုတ်ဘူး။ မိုးကာတာ၊ အရိပ်ရတာလောက်ပဲသိတဲ့ ကောင် တွေပါ။ မင်းတို့ဟာ ဈေးထီးလောက်ပဲ နားလည်တဲ့ကောင်တွေပါကွာလို့တွယ်လိုက်တော့ ကျနော့်ကို မျက်စောင်းတွေ ထိုးကြတယ်။ ထီးဆိုတာ ဘုရင်ကိုခေါ်တဲ့နာမည်လည်းဖြစ်တယ်ဆိုတာ ဒီကောင်တွေ သတိထားမိပုံမရဘူး။ ထီးဘုရားဆိုတာ သူတို့ကြားဖူးသားနဲ့သတိ မထားမိကြတာ။

ဗမာ့အုပ်ချုပ်ရေးထဲက ခရိုင်ဆိုတဲ့ ဝေါဟာရဟာ ဒီထီးနဲ့ပတ်သက်နေတာပဲ။ ထီးဆိုတာ ဘုရင်တပါးအတွက် မင်းမြှောက်တန်ဆာအဖြစ်သာ မကပါဘူး။ အုပ်ချုပ်ရေးစနစ်ရဲ့အနက်အဓိပ္ပာယ်လည်းဖြစ်ပါတယ်။ အာဏာဆိုတာ နန်းတော်မှာတည်ပါတယ်။ ဘယ်လိုတည်သလဲဆိုရင် ထီးနန်းအဖြစ်တည်ပါတယ်။ တည်တဲ့ပုံကတော့ နန်းတော်ရဲ့ အဝေးအရပ်တွေကိုခရိုင်အဖြစ် သတ်မှတ်ပါတယ်။ ပြီး အုပ်ချုပ်ရေးစနစ်ကို တော့ ထီးလိုစုပါတယ်။

ခရိုင်ဆိုတာ ထီးကိုင်းတွေကို ထောက်ကန်ထားတဲ့ အတံအုံပါ။ အဲ့ဒီ့အတံအုံကို ထီးရိုးမှာ နန်းနဲ့တုပ်ပြီး ထီးကို လိုသလို ပြန့်ကား၊ ရုပ်သိမ်း နိုင်အောင် လုပ်ထားပါတယ်။ ထီးရွက်တွေကတော့ တိုင်းပြည်အနှံ့က ရပ်တွေရွာတွေပါ။ ရပ်တွေရွာတွေကို ခရိုင်နဲ့ထိန်းချုပ် ထောက်ကန် တယ်။ ခရိုင်ကို ထီးရိုးမှာ လာစုထားတယ်။ ဒီနည်းနဲ့အအုပ်မပြေဘဲ တိုင်းပြည်ကိုအုပ်ချုပ်နိုင်ပါတယ်။ ထီးရိုးကတော့ ဘုရင်ပါ။ ဘုရင်ဆီမှာ ခရိုင်တွေကိုစုပြီး နန်းနဲ့တုပ်ချည်ထားတယ်။ ဒါကြောင့်လည်း ထီးနန်းလို့ခေါ်တာပါ။ ဒါကြောင့် ထီးဟာ ပဒေသရာဇ်ခေတ်မှာ အခရာ ကျခဲ့ တာပါ။

ဘုရင်ဟာ သူ့အုပ်ချုပ်ရေးစနစ်မှာ အရေးပါလှတဲ့ထီးကို တခမ်းတနားဖြစ်အောင် သတ်မှတ်ပြဋ္ဌာန်းပေးပါတယ်။ မင်းမြှောက်တန်ဆာ ထီးတွေကိုကြည့်ရင် အဲ့ဒါတွေက ပိုပြီးပေါ်လွင်တယ်။ ဘုရင်ဟာ မင်းမြှောက်တန် ဆာထီးတွေကို ထီးဖြူလို့ပဲ သတ်မှတ်ပေးတယ်။ ထီးဖြူကိုလည်း လေးမျိုးလေးစားအဖြစ် ပြဋ္ဌာန်းထားတယ်။ ထီးရိုးဆယ်တောင်ရှိတဲ့ နဝဒဏ္ဍထီး။ ထီးရိုးခြောက်တောင်ရှိတဲ့ မနောဟရထီး။ ထီးရိုးငါးတောင်ရှိတဲ့ အာတပတ္တ ထီး။ ထီးရိုးလေးတောင်ရှိတဲ့ ဗီဇယတြထီး။ ဒီထီးလေးမျိုးဟာ မင်းမြှောက်တန်ဆာထီးဖြူတွေပါ။

အဲ့ဒီ့ထဲက နဝဒဏ္ဍထီး၊ မနောဟရထီးနဲ့ အာတပတ္တထီးဆိုတဲ့သုံးမျိုးက နန်းတော်ထဲကပလ္လင်ပေါ်မှာနေတုန်းပဲ ဆောင်းတာ။ လေးခုမြောက် ဗီဇယတြထီးကတော့ သွားလေရာမှာ ဆောင်းတယ်။ ငါ့ထီးကလည်း သွားလေရာမှာ ဆောင်းတော့ ဗီဇယတြထီးပါပဲ။ ဒီလိုဆိုလိုက်တော့ ဒီကောင်တွေအကုန်လုံး ချက်အောက်ပိုင်းဝေါဟာရတွေနဲ့ကျနော့်ကို ထောပနာပြုကြတာ။

ဒီအဆဲတွေဆိုတာက သူငယ်ချင်းတွေကြားမှာ၊ အဲ့ဒီလိုအခါမှာ ဆဲကြရင် နာစရာမဖြစ်၊ ချစ်စရာဖြစ်ရတာပဲ မဟုတ်လား။ ကျနော်လည်း ရယ်နေလိုက်တယ်။

(သုံး)
တကယ်လည်း ကျနော့်ထီးလေးဟာ သွားလေရာရာမှာဆောင်းခဲ့တဲ့ထီးလေးပါ။ အသုံးပြုလို့ရသေးသမျှ ကျ နော်ကလည်းသုံး သူဘက်ကလည်း တာဝန်ကျေခဲ့တဲ့ထီးလေးပါ။ ၁၉၉၀ ပြည့်နှစ်တွေတုန်းက ရန်ကုန်မှာ ကျနော်အလုပ်လုပ်ခဲ့ဖူးတယ်။ အေးဂျင့်တခုမှာ။ နိုင်ငံခြားသွားချင်တဲ့သူတွေကို ပို့ပေးတာ။ ရုံးက အနော်ရထာလမ်းနဲ့  ဆူးလေလမ်းထောင့်။ တတိယထပ်မှာ။ ကျနော်လာရတာက သာကေတမှာရှိတဲ့ အဒေါ်အိမ်က။ မနက်ဆို အဒေါ်အိမ်ကနေ ထီးလေးတချောင်းနဲ့ထွက်ပြီ။

အနော်ရထာလမ်းပေါ်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်မှာထိုင်တယ်။ ဆိုင်က ရုံးအောက်တည့်တည့်မှာရှိတယ်။ ဆိုင်နာမည်ကိုတော့ မမှတ်မိ တော့ဘူး။ ထီးလေးတကိုင်ကိုင်ဆိုပေမယ့် ရန်ကုန်မှာက အချို့ နေရာတွေမှာ ထီးကြီးနဲ့ဆို မကောင်းဘူး။ လူတွေ အများကြီးကြား ကျနော် က ထီးကြီးတကားကားနဲ့ဆိုတော့ အားနာစရာ။ ဒီတော့လည်း လူရှင်းတဲ့နေရာဆိုဆောင်း၊ လူရှုပ်ရင် ပိတ်ပေါ့။ မြို့ တော်ခန်းမရှေ့  ဆောင်း ရင်တော့ သတိထားရတယ်။ လေသိပ်တိုက်တာ။ ခပ်ကုပ်ကုပ်လေးဆောင်းပေါ့။

ဘယ်လိုပဲပြောပြောပါ ထီးကတော့ သွားလေရာပါတာပါပဲ။ ထီးရွက်ကိုတော့ ရန်ကုန်ရောက်မှ တခါလဲပြီးသွားပြီ။ နန်းလည်း ပြန်တုပ် ထားရတယ်။ ထီးရိုးနဲ့ ခရိုင်တွေကတော့ ကောင်းနေသေးလို့အရင်အတိုင်းပဲ။ အရွက်နဲ့နန်းတွေကလွဲရင် ထီးကလေးကို အရင်အတိုင်းပဲ ဆက်ဆောင်းနေတယ်။

သာကေတကားစီးရတာ လူသိပ်ကျပ်တော့ ထီးနဲ့တက်ရဆင်းရတာ နည်းနည်းကသိကအောက်နိုင်တယ်။ သက်တောင့်သက်သာ မဖြစ်ဘူး။ အဲ့ဒီ့တုန်းက ကားက ရိန်းဂျားကြီးတွေ။ ၃၅ ဖြစ်မယ်ထင်တယ်။ သာကေတကနေ ကျနော်သွာချင်တဲ့လမ်းသုံးဆယ်ထိကို တိုက်ရိုက် တကားတည်းစီးနိုင်ပေမယ့် လမ်းကရှည်တော့ အကြာကြီးစီးရတယ်။

ကားပေါ်မှာ ခါရမ်းမနေအောင်လည်း ကားအပေါ်ကတန်းကို ကိုင်ထားရသေးတာဆိုတော့ ထီးနဲ့က အခက်။ တကိုင်ကိုင်လုပ်နေလို့မရဘူး။ လမ်းကကြမ်းကြမ်း၊ ကျဉ်းကျဉ်းမှာ ကားသမားက တအားမောင်းတော့ အထက်ကတန်းကို လက်နှစ်ဖက်နဲ့ကိုင်မှ အဆင်ပြေတယ်။ လမ်းတွေက ဘယ်လောက်ကျဉ်းသလဲဆိုရင် ကားအပြင်ကို ခေါင်းတွေ လက်တွေ မထုတ်ရလို့ကို သတိပေးထားရတဲ့အထိပဲ။

ဒီလိုလမ်းမှာ ထီးကို ခါးကြားထိုးချင် ထိုးလေ။ ကျနော်ကတော့ သူများနဲ့မတူ တမူဆန်းတယ်ပြောရမှာပေါ့။ ခါးပုံစာစရဲ့ ညာဘက်ဘေးမှာ ထီးကို ချိတ်ထားလိုက်တယ်။ ကိုယ့်ရှေ့ မှာဆိုတော့ မြင်သာထင်သာရှိလို့ စိတ်ချရတယ်။ ထွက်ကျလည်း သိသာမယ်ထင်လို့ အပျောက် အရှပြဿနာ ဖြစ်ခဲ့မယ်ထင်ထားတာ။ ဒါပေမဲ့ ပြဿနာက ဖြစ်လာလိုက်သေးတယ်။ ပြဿနာအကြီးကြီးမဟုတ်ပေမယ့် ပထမတော့ စိတ် အနှောင့်အယှက်ဖြစ်မိပါတယ်။ ပြီးမှ ငိုအားထက် ရယ်အားသန်စရာကြုံရတာ။

သာကေတကား ရိန်းဂျားပေါ်မှာပါပဲ။ သာကေတကားဆိုတော့ ထုံစံအတိုင်း လူကလည်းပြွတ်သိပ်လို့ပါ။ ကျနော်ကလည်း ထုံးစံအတိုင်း နေရာရအောင် ကားပေါ်တိုးတက်။ နေရာရပြီလား၊ ရပြီဆိုရင် ထီးကို ကျနော့်ရှေ့ မှာချိတ်။ အပေါ်ကတန်းကိုကိုင်ပေါ့။ ပြဿနာဖြစ်တဲ့နေ့  က ကျနော့်ရှေ့ မှာ ဘကြီးအရွယ်လောက်တယောက်ရှိတယ်။ စောစောပိုင်းကတော့ သူနဲ့ကျနော်ဟာ သူ့မထိ၊ ကျနော့်မထိ ရပ်နေလို့ရ နေတာပါ။ သင်္ကန်းကျွန်းလောက်ရောက်တော့ လူတွေက ကျိတ်ကျိတ်တိုးနေပြီ။ အဲ့ဒီ့ဘကြီးက ကျနော့်ရှေ့ တည့်တည့်ကို ကျပ်ညှပ်ကပ် ရောက်လာပြီ။

အဲ့ဒီ့ဘကြီးရဲ့နောက်တခြမ်းလုံးဟာ ကျနော့်ရဲ့ရှေ့တခြမ်းလုံးနဲ့အကြားမလပ် ထိနေပြီ။ ရင်ချင်းဆက်၊ တင်ချင်းဆက်အမြွှာတွေ၊ ခေါင်းချင်းဆက် အမွှာတွေ။ ကျနော်တို့က ဘယ်လိုအမြွှာလို့ပြောရမလဲ။ တယောက်ကနောက်၊ တယောက်ကရှေ့ ဆက်ရတဲ့ အမွှာတွေလား။ ရှေ့နောက်ဆက်အမွှာပေါ့။ ဒါကတော့ ရန်ကုန်ကားတွေစီးရင် အများဆုံးကြုံရမယ့် နိစ္စဓူဝဝဋ်ဒုက္ခတွေပါ။ မဆန်းတော့ပါဘူး။ ရိုးနေပါပြီ။ ယောက်ျားမိန်းမ အဲ့ဒီလိုကြုံမှသာ စိတ်ထားတတ်ဖို့လိုတာ။ မထားတတ်ရင်တော့ တဏှာ၊ ထားတတ်ရင်တော့ ဘာဝနာဖြစ်မှာပေါ့။

ဒါပေမဲ့ ခက်တာက အဲ့ဒီ့ဘကြီးက အဟမ်းအဟမ်းနဲ့ ချောင်းခဏခဏဟန့်ပြီး ကျနော့်ကို လှည့်လှည့် ကြည့်နေတာ။ သူ့ဘာသာသူ ချောင်းဟန့်တာဆို ပြဿနာမဟုတ်ဘူး။ ကျနော်လည်း ဘယ်လိုမှ စိတ်ကသိကအောက်ဖြစ်မှာမဟုတ်ဘူး။ ဒါပေမဲ့ အခြေအနေက အဲ့ဒီလို မဟုတ်ဘူး။ ချောင်းဟန့်တိုင်း ကျနော့်ကိုလှည့်လှည့်ကြည့်နေတယ်။ သူနဲ့ကျနော်ကလည်း ကပ်ညှပ်နေတော့ သူ့ချောင်းဟန့်လို့ လှည့်လှည့် လာတိုင်း ကျနော့်မှာ အသက်အောင့်အောင့်ထားရတယ်။

သူ့ပါးစပ်က ထွက်လာတဲ့ဆေးလိပ်နံ့ကို ကျနော် မခံနိုင်ဘူး။ ဒီအနံ့ကို ရှူရှိုက်ရပါများလို့လူကလည်း စိတ်တိုလာတယ်။ ဒါကြောင့်လည်း အကြည့်ချင်းမဆုံဖြစ်အောင် တနေရာရာကို ငေးကြည့်နေသလိုလုပ်ထားရတယ်။ ကိုယ့်ထက် အသက်အရွယ်ကြီးတဲ့သူတယောက်ကို ဒေါသရောင်လွှမ်းနေတဲ့ မျက်လုံးတွေနဲ့ ကျနော်မကြည့်လိုပါဘူး။ ကျနော် အဲ့ဒီလိုလုပ်တာကိုလည်း ဘကြီးက ပိုပြီး မကျေနပ်ဟန်ပြနေ တယ်။

ကားကျပ်တာကလည်း မလှည့်သာမလူးသာဆိုတော့ တခြားနေရာ ရွေ့ သွားဖို့ဆိုတာကလည်း ခက်တယ်။ အဲ့ဒီ့ဘကြီးကလည်း ချောင်းဟန့်၊ လှည့်ကြည့်၊ ချောင်းဟန့်၊ လှည့်ကြည့်လုပ်နေတာကြောင့် ကျနော့်အတွက် အဆင်ကမပြေဘူးဖြစ်နေတယ်။ သူ့ကို အသာလေးအကဲခတ်ကြည့်မိတော့လည်း ကျနော့်ကို နှစ်မြို့ ဟန်မပြဘူး။

အဲ့ဒီ့ အကျပ်အတည်းဟာ ရှေ့ က လူတယောက်နှစ်ယောက် ဆင်းသွားမှပဲ ပြေလည်သွားတယ်။ ရှေ့ ကလူ ဆင်းဆင်းချင်းပဲ အဲ့ဒီ့ဘကြီး နေရာရွှေ့ တယ်။ ရွှေ့ ရွှေ့ ချင်းပဲ ကျနော့်အောက်ပိုင်းကို သူတချက်လှည့်ကြည့်တယ်။ ကျနော့်ရဲ့ ဗီဇယတြထီးကို တွေ့သွားမှ အော်–ထီးကိုးဆိုပြီး နှုတ်ကထွက်သွားတယ်။ ထီးဖြစ်လို့ တော်ပါသေးရဲ့ဆိုတာမျိုးပါ။ ကျနော်လည်း အဲ့ဒါကိုကြားမှ ဘကြီးရဲ့အထင်မှားပြီး ချောင်းဟန့်နေတာဟာ ဘာလို့ဆိုတာ ရိပ်မိတော့တယ်။

(လေး)
ဒါဆို ဒို့  အခုဆောင်းနေတဲ့ထီးတွေက ဗီဇယတြထီးတွေ မဟုတ်ဘူးဟ၊ အမြဲမှမဆောင်းတာတဲ့။ သူငယ်ချင်းက ပြောတာ။

ဟုတ်တယ်။ ထီးတွေပေါမှ ကျနော်တို့လည်း ထီးအမြဲမဆောင်းဖြစ်ကြတော့ဘူး။ မိုးရွာတဲ့အခါလောက်ပဲ ဆောင်းဖြစ်ကြတာ။ မနှစ်ကတော့ နေသိပ်ပူတာနဲ့ထီးပြန်ကိုင်ဖို့ကြိုးစားကြည့်ပါသေးတယ်။ ဒါပေမဲ့ ပထမထီးတချောင်းက ဘယ်မှာမှန်းမသိဘူးမေ့ကျန်ခဲ့တယ်။ ထီးက ကျနော့်မိန်းမ ရွှေဝယ်တုန်းက လက်ဆောင်ရတဲ့ဟာ။ နောက်တချောင်းအဖြစ် အသုဘကကမ်းတဲ့ထီးကိုဆောင်းတာလည်း ဘယ်မှာ ကျန်မှန်းမသိခဲ့ဘူး။

အခု တတိယတချောင်းကိုင်ဖို့ပြောတော့ သားက သူ bolt  အိုဗာတင်းဝယ်တုန်းကရတဲ့ထီးကို ဆောင်းပါလားတဲ့။ ဘယ်မှာတုန်းဆိုတော့ သားက ယူလာပေးတယ်။ ထီးသေးသေးလေး။ ကလေးဆောင်း ထီးလေး။ ထီးသား ဝါဝါလေးပေါ်မှာ စူပါမင်းပုံအပြာလေးနဲ့….။ ။

ကျော်ထင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်