ဒီလူည ● ပျောက်ဆုံးနေတဲ့မြို့

October 16, 2017

  ● ပျောက်ဆုံးနေတဲ့မြို့
(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၁၇


( ၁ )
ကျနော်ဘာလို့များ ဒီအချိန်ဆို ဒီနေရာကိုမှရွေးထိုင်မိရတာလဲ။ တအိမ်လုံးမှာကျနော်တယောက်တည်း။ ကြိုက်တဲ့နေရာမှာထိုင်လို့ရပေမယ့် ကျနော်ဒီနေရာကိုဘာလို့ရွေးမိသွားလဲမသိဘူး။ များသောအားဖြင့် ကျနော်ဒီနေရာမှာထိုင်ပြီဆို အလင်းရောင်ကဖျော့လာပြီ။ အမှောင်စဝင်လာတဲ့အနေအထားမျိုး။ ပြီးတော့ အိမ်မှာကျနော်တယောက်တည်းရှိနေတဲ့အခါမျိုး။ ဒါပေမဲ့ ဒီလိုအမှောင်ဝင်စအချိန်မျိုးမှာပဲကျနော်ဟာ ဒီနေရာမှာထိုင်နေမိရက်သားဖြစ်သွားတတ်ပါတယ်။

အဲ့လိုအချိန်မျိုးမှာ ဒီနေရာကနေပြီး ကျနော်ဟာ ဒူးနှစ်ချောင်းကိုလက်ကပိုက်၊ နောက် လမ်းမပေါ်သွားလာနေတဲ့ သူတွေကိုကြည့်ရတဲ့အရသာကို နှစ်သက်နေမိတယ်။ ဥဒဟိုသွားလာနေတဲ့လမ်းမပေါ်ကခြေသံတွေကိုကြားနေရတာ ကျနော့်အတွက်တော့ သီချင်းသံတခုလို စည်းချက်ဝါးချက်ညီနေတယ်။ ဒါဟာ ကျနော့်ရဲ့ရူးကြောင်ကြောင်ခံစားမှုလည်း ဖြစ်နိုင်ပါတယ်။

ဆယ်နှစ်သားတယောက်ရဲ့တယောက်တည်းရှိနေချိန်တွေကို ဖျော်ဖြေတင်ဆက်ပေးနေတဲ့ ဆပ်ကပ်ပွဲ တခု လိုပေါ့။ ဘာပဲဖြစ်ဖြစ် ဒီအချိန် ဒီနေရာကနေပြီး မျက်နှာကိုသဲသဲကွဲကွဲမမြင်ရတဲ့လူတွေရဲ့ သွားလာလှုပ်ရှားမှု ဟန်ပန်တွေဟာ ကျနော့်အတွက်တော့ ပျင်းစရာမကောင်းခဲ့တာအမှန်ပါပဲ။

(လမ်းမီးလာတဲ့နေ့တွေဆိုရင်တော့မျက်နှာတွေကိုရှင်းရှင်းလင်းလင်းမြင်ရပါတယ်။)

တချို့လူတွေကတယောက်ကိုတယောက် လက်ချင်းချိတ်ပြီး သွားကြတယ်။ (ကျနော်ခုရောက်နေတဲ့အရွယ်အထိ အဖေနဲ့အမေအဲ့သလိုလမ်းလျှောက်တာကို မမြင်ဖူးဘူး။ အရင်ကရောအဲ့သလိုလျှောက်ဖူးခဲ့ကြလားဆိုတာတော့ ကျနော်မသိဘူး။ သိရအောင်လည်း ကျနော်မမေးမြန်းခဲ့ပါဘူး။) တချို့ကြတော့လည်း လမ်းကိုမြန်မြန် လျှောက် ကြတယ်။ တချို့ကျနော့်အရွယ်ကောင်တွေက သူတို့မိဘတွေရဲ့လက်ကိုဆွဲပြီး ပျော်ပျော်ပါးပါး လမ်းလျှောက် လာကြတယ်။ အဲ့သလိုမြင်ကွင်းမျိုးကိုတွေ့ရပြီဆို ကျနော့်စိတ်တွေဟာ မတည်ငြိမ်တော့ဘူး။ အလိုလိုဒေါသ ထွက်လာတယ်။

အဲ့ကောင်ရဲ့မျက်နှာကို ခြေထောက်နဲ့စောက်ကန်ချင်စိတ်တွေ ပေါက်လာတတ်တယ်။ ဘာ့ကြောင့် အဲ့သလိုဖြစ်ရတာလဲ ကျနော်မသိဘူး။ ဘာလို့ကျနော်စိတ်တွေဟာ အဲ့လိုအခါမျိုးမှာမှ ခက်ထန်လာရသလဲ ဆိုတာကို ကောင်းကောင်းနားမလည်ခဲ့ဘူး။ ကျနော့်အသက်အရွယ်အရ ဘာ့ကြောင့်ဆိုတဲ့မေးခွန်းကို သိပ်ပြီး မတွေးနိုင်ခဲ့သလို ဘာ့ကြောင့်များ အဲ့လိုစိတ်ရိုင်းတွေ ဝင်လာရတာလဲဆိုတာကိုလည်း မစဉ်းစားနိုင်ခဲ့ဘူး။ ဖြစ်ချင်လို့ဖြစ်တယ်။ ဒါပဲ။ ဒိထက်မပိုဘူး။

ဒါပေမဲ့ လမ်းမပေါ်ငိုယိုပြီးသွားလာနေတဲ့ကလေးလေးတွေကိုတွေ့ရင်တော့ ကျနော်လည်း အလိုလို ဝမ်းနည်း လာတတ်ပါတယ်။

တခါကအဖြစ်အပျက်တခုကို ကျနော်မှတ်မိသေးတယ်။ ကျနော်ဒီနေရာမှာခုလိုအချိန်မျိုးထိုင် ထိုင်တတ်တဲ့ ပထမ မြောက်ရက်သတ္တပတ်အတွင်းမှာပေါ့။ ခုဆို ကျနော်ဒီနေရာမှာထိုင်တာ ရက်သတ္တပတ်တွေအတော်များခဲ့ပါပြီ။ ဒါပေမဲ့ အဲဒီနေ့ကအဖြစ်အပျက်ကိုတော့ ကျနော်ခုထက်ထိ မှတ်မှတ်ထင်ထင် ရှိနေဆဲပါပဲ။

ထုံးစံအတိုင်းအဲဒီနေ့ကလည်း ခုလိုအမှောင်ဝင်စအချိန်။ ထူးထူးခြားခြားအဲ့ဒီနေ့မှာ လမ်းမီးတွေက စောစောစီးစီး လင်းနေတယ်။ ဒီတော့ လမ်းမပေါ်သွားလာလှုပ်ရှားနေတဲ့လူတွေရဲ့မျက်နှာကို ပြတ်ပြတ်သားသားတွေ့နေရ တယ်။ ကျနော်ထိုင်တဲ့နေရာက လမ်းမီးတိုင်နဲ့ခပ်စောင်းစောင်းအနေအထားဆိုတော့ ပိုပြီးမြင်ကွင်းက ရှင်းလင်း နေတယ်။ အဲ့သလိုအနေအထားမှာ ကျနော့်မြင်ကွင်းထဲအဖြစ်အပျက်တခုဟာ ရောက်ရှိလာခဲ့တယ်။

ကျနော့်အမေထက်အသက်အနည်းငယ်ကြီးပုံပေါ်တဲ့အဒေါ်ကြီးတယောက်ဟာ လက်တစ်ဖက်က ကလေး တယောက်ကိုချီပြီး ကျန်လက်တဖက်က ပလပ်စတစ်အိတ်တလုံးကိုဆွဲလာတယ်။ သူမရဲ့နောက်မှာလည်း ငိုပြီးလိုက်လာတဲ့ ကျနော့်ညီမလေးအရွယ်ကောင်မလေးတယောက်။

အဲဒီအဒေါ်ကြီးကို ကျနော်သိပါတယ်။ ကျနော်ကျောင်းသွားတဲ့လမ်းမှာ သူမတို့အိမ်ရှိပါတယ်။ ဒါ့ကြောင့် ဒီအဒေါ် ကြီးကို ကျနော်မှတ်မိနေတာပါ။ အဒေါ်ကြီးကစကားပြောရင် အသံကျယ်ကျယ်နဲ့ပြောတတ်တယ်။

“ဗိုက်ဆာလို့သေမယ်ဆိုလည်း သေတော့ဟယ်။ ငိုမနေနဲ့။ နားညည်းတယ်မိပို။ ခုဆေးလိပ်သွားပို့မှ ပိုက်ဆံ ရမှာဟဲ့။ အိမ်ပြန်ရောက်ရင်လည်း ချက်ပြုတ်ရဦးမယ်။ ငိုတာရပ်ပြီး မြန်မြန်လျှောက်မိပို။ ငါ ထပ်မရိုက်ချင် ဘူးနော်”

ပါးစပ်ကလည်းပြောရင်း အဒေါ်ကြီးဟာလမ်းကိုလည်း မြန်မြန်လျှောက်သွားပါတယ်။ မိပိုဆိုတဲ့ကလေးမလေးကလည်း တအီအီနဲ့ငိုပြီးအဒေါ်ကြီးနောက်ကနေလိုက်သွားတယ်။ လူကြီးလည်းဖြစ် ခြေလှမ်းကလည်းမြန်မြန်လျှောက်တော့ မိပိုလေးဟာ ဘယ်လောက်ပဲမြန်မြန်လျှောက်လျှောက် နောက်မှာကျန်ခဲ့ တာပါပဲ။ ကျနော့်မြင်ကွင်းထဲကပျောက်မသွားခင် အဒေါ်ကြီးဟာရပ်စောင့်ပြီး မိပိုလေးက်ုရိုက်ပါသေးတယ်။

လက်ထဲမှာချီထားတဲ့ကလေးလေးရဲ့ငိုသံကိုလည်း ကျနော်ကြားနေရတယ်။ ဘာ့ကြောင့်ရယ်မသိဘူး။ အဲ့ဒီမြင် ကွင်းကိုကြည့်ရင်း ကျနော့်မျက်ဝန်းထဲကမျက်ရည်တွေဟာ အလိုလိုဟာစီးကျလာတယ်။ ပြီးတော့ စိတ်ထဲမှာ တော်တော်လေးလည်းဝမ်းနည်းလာသလိုခံစားမိတယ်။ နောက်တော့ ကျနော်ဟာ ရှိုက်ရှိုက်ပြီးငိုပါတော့တယ်။

အမှောင်ရိပ်ကျတဲ့ဘက်မှာထိုင်နေတဲ့ကျနော့်ကို ဘယ်သူမှမတွေ့ဘူးလို့ထင်ပါတယ်။ ကျနော့်ရဲ့ရှိုက်ငိုသံတွေကို ဘယ်သူမှမကြားကြပါဘူး။ အိမ်မှာကကျနော်တယောက်တည်းမဟုတ်လား။ ကျနော့်မြင်ကွင်းထဲမှာ မိပိုလေးတို့သားအမိတွေပျောက်ကွယ်သွားမှပဲ ကျနော်လည်းအငိုတိတ်သွားတယ်။

ကျနော်တော်တော်ကလေးငိုလိုက်လို့ထင်တယ်။ မှန်ထဲမှာကျနော့်မျက်နှာကိုကြည့်လိုက်တော့ မျက်လုံးတွေဟာ အတော်လေးကိုနီရဲနေပါတယ်။ မျက်နှာကလည်းကြည့်လိုက်နဲ့ငိုထားတဲ့ပုံပေါက်နေတယ်။ ဒါနဲ့မျက်နှာကိုဆပ်ပြာနဲ့ သုံးခါလောက်သစ်ပြီးသနပ်ခါးထူထူလေးလိမ်းလိုက်တယ်။ ဒီတော့မှငိုထားတဲ့ရုပ်ကို ဖုံးဖိ နိုင်တော့တယ်။ အရင်ကဆိုကျနော်ဟာ ရေချိုးပြီးရင်တောင် သနပ်ခါးကိုလိမ်းလေ့မရှိလို့အဆူခံရတာ အခါခါပါ။ လိမ်းပြန်ရင်လည်း ခုလောက်ပါးကွက်ကြီးကွက်ပြီး သနပ်ကိုထူထူမလိမ်းခဲ့ပါ။ ဒါပေမဲ့ အဖေ အမေနဲ့ ညီမလေး တို့ကတော့ ကျနော့်ပါးပေါ်ကသနပ်ခါးကို သတိမထားမိခဲ့ကြပါဘူး။ ကျနော့်မှာသာ စိုးတထိတ်ထိတ်နဲ့ မလုံမလဲ ဖြစ်လို့။ ။

( ၂ )
ဒီနေ့ကျနော်ကျောင်းသွားတော့ မိပိုလေးကိုတွေ့ပါတယ်။ သူ့အမေကတော့ အိမ်ပေါ်ကနေသူမကို လှမ်းအော် ပြောနေတယ်။ မိပိုလေးငိုနေတာကိုရပ်ခိုင်းတာလား ဘာလားတော့ ကျနော်သေသေချာချာ မသိလိုက်ဘူး။ မိပိုလေးကိုပဲကျနော်သနားသဖြင့်ကြည့်မိတယ်။ သူမကတော့ ကျနော့်ကိုသိမှာမဟုတ်ဘူး။ ကျနော်ကတော့ ကျောင်းသွားတိုင်းသူမတို့အိမ်ဘက်ကို အမြဲကြည့်တတ်ပါတယ်။

မိပိုလေးကိုတွေ့လိုက်ရင် အများအားဖြင့်တော့ငိုနေတာများပါတယ်။ ဒါ့ကြောင့်လည်းကျနော်ဟာ သူမကိုပိုပြီး သတိထားမိတာဖြစ်နိုင်တယ်။ ကျနော့်အတွက်တော့ သူမငိုနေတာကိုမြင်ရတိုင်း စိတ်ကအလိုလို ဝမ်းနည်းလာ တတ်တယ်။

ကျောင်းရောက်ရင်ဆရာမသင်တာတွေကိုလိုက်မှတ်။ မနေ့ကပေးလိုက်တဲ့အိမ်စာတွေကို ဆရာမကိုပြ။ ကျက်စာ ဆို ဆရာမဆီမှာအလွတ်ဆို။ နောက်ဒီနေ့ပေးလိုက်တဲ့အိမ်စာတွေကိုယူပြီး အိမ်ပြန်။ အိမ်ရောက်လို့အဝတ်အစား လဲလို့မှမပြီးသေး၊ အမေနဲ့ညီမလေးက အိမ်ကထွက်ကြပြီ။

“ငါအကြွေးသွားတောင်းလိုက်ဦးမယ်။ အိမ်မှာကောင်းကောင်းနေနော်။ကမြင်းကြောထမနေနဲ့ဦး။ ရေချိုးထားဖို့ လည်း မမေ့နဲ့”

ဒါအမေအပြင်ထွက်ခါနီးတိုင်းမှာနေကြစကား။ အမေနဲ့ညီမလေးထွက်သွားပြီဆိုတာနဲ့ ကျနော် ရေမိုးချိုးတယ်။ (ရေမချိုးလို့အဆူခံရတာလည်း ခဏခဏပေါ့။ )ပြီးရင်ကျောင်းကပေးလိုက်တဲ့အိမ်စာတွေကို လုပ်တယ်။ ပေးလိုက်တဲ့ကျက်စာတချို့ကိုအကုန်ပြီးအောင်မကျက်ဘဲ ညဘက်ကျက်ဖို့ တစ်ဝက်လောက်ကိုချန်ထားတယ်။ နည်းနည်းလေးအမှောင်ဝင်လာပြီဆိုတာနဲ့ ကျနော်လည်း ထိုင်နေကြနေရာဆီရောက်သွားတော့တာပါပဲ။

ကျနော်ထိုင်နေတဲ့နေရာကအိမ်အပေါ်ထပ်မှာထုတ်ထားတဲ့ဝရံတာမှာပါ။ ဒါပေမဲ့ လက်ရန်းတွေနဲ့ကာ ထားတဲ့အပြင်ဘက်နေရာကျဉ်းကျဉ်းလေးမှာဆို ပိုပြီးမှန်ကန်တိကျပါလိမ့်မယ်။ ဝရံတာကိုကာထားတဲ့လက်ရန်းရဲ့အပြင်ဘက်မှာလူကြီးတယောက်အတွက် မဖြစ်နိုင်ပေမယ့် ကျနော့်လို ကလေး တယောက်အတွက်တော့ တင်ပျဉ်ခွေမထိုင်ဘဲဆို အဆင်ပြေပါတယ်။ ဆယ်နှစ်သားအရွယ် ကျနော့်လိုပိန်ပိန် ပါးပါးကောင်လေးတယောက်အတွက်တော့ ဒူးနှစ်ချောင်းထောင်ပြီး ထိုင်နေလိုက်ရင်အိုကေတဲ့အနေအထား။

အရင်နေ့တွေလိုပဲလမ်းမပေါ်သွားလာနေတဲ့ခြေသံတွေဟာပျော်စရာကောင်းနေပါတယ်။ ကြာလေကြာလေ ကျနော်ဟာ ဒီနေရာကိုပိုပြီးနှစ်ခြိုက်လာလေပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်ထိုင်နေတဲ့နေရာဟာ လက်ရန်း ရဲ့အပြင်ဘက်ဆိုတော့ လက်ယာဘက်က လာတဲ့သူတွေကလည်းကျနော့်ကိုအလွယ်တကူမတွေ့နိုင်ဘူး။ ပြီးတော့ ကျနော့်ဘယ်ဘက်မှာလည်း တဘက်အိမ်ရဲ့သရက်ပင်က ရှိနေတော့ ကျနော်ဟာမြင်ကွင်းတွေရဲ့ နောက်မှာရှိနေသလိုပဲ။

ကျနော့်အိမ်ရှေ့တည့်တည့်ကကြည့်ရင်တောင် သတိထားကြည့်မှမြင်နိုင်မယ့်အနေအထား။ လမ်းမပေါ်သွားလာနေသူတွေဟာ ကျနော့်ကိုမတွေ့ရပဲ ကျနော်ကသာလက်ရန်းတွေကြားကတမျိုး၊ သရက်ပင် ကိုင်းကြားတွေကတဖုံ သူတို့ကိုမြင်တွေ့နေရတာကြောင့်ပါ။ ထရံပေါက်ကနေချောင်းကြည့်နေသလိုမျိုးပေါ့။

ကျနော့်ကိုမတွေ့ရဘဲ ကျနော်ကသာတွေ့နေရတာက ကျနော့်အတွက်ပိုပြီးကျေနပ်စရာဖြစ်လို့နေပါတယ်။ အထူးသဖြင့် ခုလိုတအိမ်လုံးမှာ ကျနော်တယောက်တည်း ဝရံတာလက်ရန်းတွေရဲ့အပြင်ဘက်မှာထိုင်ပြီး အေး အေးဆေးဆေးထိုင်ကြည့်နေရတာကိုက ကျနော့်ရဲ့အထီးကျန်မှုကွက်လပ်ကိုဖြည့်ဆည်းပေးနေသလိုပါပဲ။

ပြီးတော့ ခုလိုအချိန်မျိုးမှပဲ အိမ်မှာတိတ်တိတ်ဆိတ်ဆိတ်နဲ့အေးချမ်းချမ်းနေနိုင်တာလေ။ အဖေနဲ့အမေ ပြန် ရောက်လာကြပြီဆို အိမ်မှာကဆူညံပြီ။ အဖေကအရက်သောက်ပြီးပြန်လာ။ အမေနဲ့စကားများ ရန်ဖြစ်။ ဒါဟာ တစ်ရက်တည်းမဟုတ်ဘူး။ နေ့စဉ်ရက်ဆက်နီးပါးပဲ။ ကြာလညတော့ အဖေနဲ့အမေစကားများတဲ့အခါ ပြောတဲ့စကားတွေကိုတောင် ကျနော်အကုန်နီးပါးအလွတ်ရလာတယ်။ဘာပြီးရင်ဘာပြောမယ်ဆိုတာပေါ့။ညီမလေးတောင်ကျနော်စနောက်ရင် “ဟဲ့ သူတောင်းစားကြီး”ဆိုပြီးအမေပြောတဲ့လေသံအတိုင်းပြန်ပြောတတ်နေပြီ။ပြီးတော့အမေတို့ရန်ဖြစ်ပြီဆို တော်တော်နဲ့ပြီးကြတာမဟုတ်ဘူး။ ည ည အိပ်ရေးပျက်လောက်တဲ့အထိပဲ။ ညဉ့်အတော်နက်တဲ့အခါတွေလည်းရှိတယ်။ ဒါ့ကြောင့်ကျနော်ဟာ ဒီနေရာလေးမှာထိုင်ပြီဆို “အမေတို့ပြန်မရောက်ပါစေနဲ့ဦး”လို့ ဆုတောင်းမိတတ်တယ်။

ကျနော်ထိုင်နေရင်းနဲ့ပဲမြင်ကွင်းထဲကြောင်လေးတကောက်ရောက်လာတယ်။ ဒီကြောင်ကိုကျနော်သိတယ်။ ဟိုဘက်အိမ်က “အိစိကွေး”လို့ခေါ်ကြတဲ့ကြောင်။ သူ့အမွေးတွေကကျားမွေးနဲ့တောင်ခပ်ဆင်ဆင်ပဲ။ အဲ့ကြောင်ဟာ သရက်ပင်ပေါ်ကိုတုံ့နှေး တုံ့နှေးနဲ့တက်နေတယ်။

သူ့ပုံစံကကျနော်ကြည့်ဖူးတဲ့ရုပ်ရှင်တွေထဲကလို ရန်သူ့နယ်မြေထဲညအမှောင်မှာ တိတ်တဆိတ် ဝင်ရောက်လာတဲ့ လူတယောက်ပုံစံမျိုး။

မိုင်းထောင်ထားတဲ့နယ်မြေထဲခြေတလှမ်းကိုသတိကြီးကြီးထားပြီး လှမ်းနေပုံမျိုးနဲ့ပိုတူတယ်။ နောက်ဆုံးတော့ သူဟာသရက်ပင်ပေါ်ကိုရောက်လာတယ်။ နောက် သစ်ကိုင်းတွေဆီကူးဖို့ အရင်အတိုင်း တုံ့နှေးတုံ့နှေးဖြစ်နေပြန် တယ်။ ကြောင်တကောင်ဖြစ်ပြီး ဒီလောက်သွားဖို့လာဖို့တွန့်ဆုတ်နေတဲ့ကြောင်မျိုးကျနော်တွေ့ဖူးတာ ဒါပထမဆုံးပဲ။ သူ့ကိုကြည့်ပြီးကျနော်ပြုံးမိတယ်။ ကြောင်တကောင်ဖြစ်ပြီး ကြောင်ရဲ့အမူအကျင့်တွေပျောက်ဆုံး နေတဲ့ကောင်ပဲလို့ စိတ်ထဲကပြောမိတယ်။

“ငါ့ကိုကြည့်ပြီးရယ်မနေနဲ့”
“ဟင် ”

အသံတခုဟာ နားထဲရုတ်တရက်ဝင်လာတယ်။ အသံကသြသြကြီးနဲ့လေးလေးကြီး။ ခုချိန်ဒီအနီးနားတဝိုက်မှာ ကျနော်နဲ့ကြောင်တကောင်သာ။ ကျနော့်ရဲ့အပြုအမူကိုဘယ်သူကကြည့်ပြီးပြောနေတာလဲ။ ဘေးဘီကို ကြည့်တော့လည်း ဘယ်သူမှမတွေ့။

“လိုက်ရှာမနေနဲ့။ မင်းကိုပြောတာ။ ငါဟာကြောင်တကောင်ဖြစ်ပြီး ကြောင်ရဲ့အမူအကျင့်တွေမရှိပေမယ့် မင့်လိုပျောက်ဆုံးနေတဲ့မြို့မဟုတ်ဘူးကွ”

“ဟာ!! ”
သေချာခဲ့ပါပြီ။ ဒါအိစိကွေးဆိုတဲ့ကြောင်ပြောနေတာပဲ။

ကျနော့်စိတ်ထဲကပြောနေတဲ့စကားကို ဒီကြောင်ဘယ်လိုကြားသွားရတာလဲ။ မယုံကြည်နိုင်ခြင်းများစွာနဲ့ ကျနော် ပါးစပ်အဟောင်းသားဖြစ်သွားတယ်။ ကျနော့်မျက်လုံးတွေဟာ ရှိသင့်တာထက်ပိုပြီးပြူးကျယ်လာတယ်လို့ ခံစား မိတယ်။ ကြောင်တကောင်ဟာ ကျနော့်စိတ်ထဲကပြောနေတာကိုကြားပြီး ကျနော်နားလည်မယ့်ဘာသာစကားနဲ့ ပြန်ပြီး ပြောတာကိုကြားဖူးတာဟာ ဒါပထမဆုံးပဲ။ ပြီးတော့ အံ့သြခြင်းထက်ပိုပြီးကြောက်လာမိတယ်။

ကာတွန်းဇာတ်ကားတွေထဲမှာကြောင်တွေစကားပြောတာကိုကြည့်ဖူးပေမယ့် ခုလိုအရှင်လတ်လတ်ကြားဖူးလိုက် ရတော့ ကျနော့်ကြောက်စိတ်ဟာ လိုအပ်တာထက်ပိုများလာခဲ့တယ်။ လက်မှာချွေးတွေရွှဲစိုလာသလို ကျနော့်ခန္ဓာ ကိုယ်တခုလုံးဟာ ရေစစ်တခုလိုပဲ။ နေရာတိုင်းကနေ ရေ(ချွေး)တွေ စိမ့်ထွက်လာတယ်။ ကြောင်ကတော့ သူ မဟုတ်သလို ကျနော့်ဘက်တချက်လှည့်ကြည့်ပြီး သနပ်ပင်ပေါ်ကနေ ပြန်ဆင်းသွားတယ်။

ကျနော်လည်းထပ်ပြီး ထိုင်နေဖို့သတ္တိတွေမရှိတော့တာမို့ အိမ်ထဲဝင်ပြီး စောင်ခြုံထားလိုက်မိတယ်။ အမေတို့ ပြန်ရောက်လာတဲ့အသံကြားမှပဲ ကျနော့်ကြောက်စိတ်ဟာ လျော့ပါးလာရတယ်။ ဒါပေမဲ့ ကျနော်ဟာ အဲ့ဒီညမှာ အပြင်းဖျားတော့တာပဲ။ လူကြီးတွေပြောတတ်တဲ့” လန့်ဖျား ဖျားတာမျိုးဖြစ်မယ်” ထင်တယ်။ ကျနော် တပတ် လောက် ဆေးထိုးဆေးသောက်လုပ်လိုက်ရတယ်။

အဲလိုဖျားနာနေတဲ့အချိန်မှာကျနော်ဟာ မိပိုလေးကိုသတိရမိတယ်။ ဒါ့ကြောင့်လည်း ဖျားနာရာကနေပြန်လည် သက်သာလာချင်းချင်းပဲ ကျနော်ကျောင်းသွားဖို့စိုင်းပြင်းခဲ့တယ်။ အမေကတော့နေကောင်းခါစမို့ ကျောင်းမသွား စေချင်သေးဘူး။ လေတိုက်ခံလို့ပြန်ဖျားနေဦးမယ် လို့ပြောပါတယ်။ ဒါပေမဲ့ အမေ့ကိုကျနော်အကြောင်းပြချက် ကောင်းကောင်းပေး နိုင်ခဲ့တယ်။ ကျောင်းစာတွေနောက်ကျကုန်မယ်လို့ပြောတာမို့အမေလည်း ကျနော် ကျောင်း သွားမှာကိုခွင့်ပြုလိုက်တယ်။

အမှန်တော့ကျနော်ဟာစာတွေနောက်ကျမှာထက် မိပိုလေးကိုတွေ့ချင်မိတာပါ။ ကျနော်ဟာ စာကြိုးစားတဲ့ ကျာင်းသားတယောက် မဟုတ်ပါဘူး။ ဖြေတဲ့စာမေးပွဲတွေမှာဘာသာတိုင်း အောင်မှတ်လောက်ပဲရတဲ့သူ။ အမေက ကျောင်းလွှတ်လို့ကျောင်းသွားတယ်။ ဆရာမစာကျက်ခိုင်းလို့ကျက်တယ်။ ဒါတောင် ဆရာမပေးတဲ့စာ ကို ပုံမှန်မကျက်လို့ရိုက်ခံရတဲ့အကြိမ်ဟာ တပတ်ကို နှစ်ကြိမ် သုံးကြိမ်လောက်ရှိတတ်ပါတယ်။ တပတ်လောက်မိပိုလေးကိုမတွေ့ရတော့ ခုဆို သူမငိုနေလား ဒါမှမဟုတ် ပျော်ရွှင်စွာကစားနေမလား အရင်လို ညစ်တီးညစ်ပတ်ပဲလား စသဖြင့် ကျနော်ဟာ တယောက်တည်းမေးခွန်းတွေထုတ်နေမိတယ်။ ကျနော့်အတွက်တော့ မိပိုလေးကိုတွေ့မြင်ချင်မိတဲ့စိတ်ဟာ ကိုယ်မြတ်နိုးတဲ့ပစ္စည်းလေး ပျောက်သွားလို့ပြန်တွေ့ ချင်မိသလိုမျိုးပေါ့။ သို့သော်လည်း ကံတရားဟာ ကျနော့်ဘက်မှာရှိမနေခဲ့ဘူး။ အဲ့ဒီနေ့ကနေစပြီး ကျနော့် မြင်ကွင်းထဲမှာ မိပိုလေးကိုမတွေ့ရတော့ပါဘူး။ ကျနော်ဟာ ကျောင်းသွားကျောင်းပြန်တိုင်း သူမတို့အိမ်ကို ကြည့်ပေမယ့် မိပိုလေးရဲ့အရိပ်အယောင်တခုတလေတောင် ပေါ်မလာခဲ့ပါဘူး။

ပြီးတော့ မိပိုလေးရဲ့အိမ်တံခါးဟာလည်း အမြဲပိတ်ထားတာပဲတွေ့ရပါတော့တယ်။

( ၃ )
ကျနော်လည်းနေကောင်းပြီးနောက်ပိုင်း ထိုင်နေကြနေရာလေးမှာတော်တော်နဲ့မထိုင်ဖြစ်ခဲ့ဘူး။ အမှန်တော့မထိုင်ချင်လို့မဟုတ်ဘဲ မထိုင်ရဲသေးတာပါ။ ကျနော့်စိတ်မှာကြောက်စိတ်တွေဟာကပ်ကျန်နေပါသေးတယ်။ ဒါပေမဲ့နောက်ပိုင်းကျနော်ထိုင်တဲ့အချိန်တွေမှာလည်း အဲ့ဒီကြောင်ရဲ့စကားပြောသံကိုထပ်ပြီးမကြားရတော့ပါဘူး။ ကျနော်ပဲထင်ယောင်ထင်မှားဖြစ်မိတာလား။ အတွေးလွန်ပြီးစိတ်လွတ်သွားကာကြားမိကြားရာ ကြားမိလေ သလားမသိ။

အိစိကွေးဆိုတဲ့ကြောင်ကိုလည်း နောက်ပိုင်းသရက်ပင်ပေါ်တက်တာတွေ့ရပေမယ့် သူနဲ့ကျနော့်ကြားမှာ တိတ်ဆိတ်မှာတွေပဲ ရှိခဲ့ပါတယ်။ ပြီးတော့ အဲ့ကြောင်ကလည်းကျနော်ဘက်ကိုမကြည့်တော့ပါဘူး။ ကျနော် ရှိတယ်လို့တောင် မထင်မိသလိုမျိုးပါပဲ။ ဒီလိုနဲ့တစ်လကြာတော့ ပျောက်ဆုံးနေတဲ့မြို့ဆိုတဲ့စကားကို ကျနော် ဒုတိယအကြိမ်ကြားရပြန်တယ်။

“အဲဒီမြို့ဟာ တောင်တွေပတ်လည်ဝိုင်းနေတဲ့အလယ်မှာရှိတယ်။ အလွန်ဝေးလံခေါင်လွန်းပြီး တောင်တွေက အထပ်ထပ်ကွယ်ထားတော့ လူသူအရောက်အပေါက်ကလည်းမရှိကြဘူး။ ဒါ့ကြောင့် အဲ့ဒီမြို့ကို လူစိမ်းတွေ မရောက်ကြသလို အဲ့ဒီမြို့ကလူတွေကလည်း သူတို့မြို့လေးထဲကနေ ဘယ်မှထွက်မသွားကြဘူး။ ထူးခြား တာက အဲဒီမြို့မှာငိုသံဟာ မကြားရသလောက်ပဲ။ မိသားစုတွေကလည်း ယောက်ကိုတယောက်နွေးနွေးထွေးထွေးနဲ့ ချစ်ချစ်ခင်ခင်ရှိကြတယ်။ အမြဲတမ်းမိသားစုထမင်းလက်စုံစားကြတယ်။မိသားစုအချင်းချင်းဖြစ်ဖြစ် အခြားသူနဲ့ ဖြစ်ဖြစ် ရန်ဖြစ်တာတို့စကားများတာတို့မရှိကြဘူး။ ကလေးတွေကလည်း ပျော်ပျော်ရွှင်ရွှင်နဲ့အတူတူ ကစားကြ တယ်။

တနေ့တော့အဲ့ဒီမြို့လေးမှာမိုးကသည်းထန်စွာရွာတယ်။ မိုးကမတိတ်ပဲနေ့စဉ်ရက်ဆက်ရွာတာ။ မိုးကတိတ်မသွားပဲဆက်တိုက်ရွာနေတော့ မြို့လေးဟာရေကြီးမှုတွေဖြစ်လာတယ်။ ရေတွေဟာ လမ်းတွေပေါ်၊ နောက်အိမ်တွေပေါ် ထိရောက်လာတယ်။ မြို့သူမြို့သားတွေဟာလည်းသူတို့ရဲ့အိမ်တွေကိုစွန့်ခွာပြီးမြို့ရဲ့အမြင့်ဆုံးနေရာတွေဆီပြောင်းရွှေ့ကြတယ်။ ဒါပေမဲ့ မိုးကတိတ်မသွားဘဲဆက်ရွာနေတော့ရေတွေဟာ မြို့ရဲ့အမြင့်ဆုံးနေရာတွေထိ ရောက်လာတယ်”

” အဲ့မြို့ကလူတွေကထွက်မပြေးကြဘူးလားဆရာမ ”

” မပြေးကြဘူးကွဲ့။ သူတို့မြို့လေးကိုချစ်တဲ့စိတ်နဲ့ဘယ်ကိုမှ ထွက်မသွားကြပဲ အဲ့မြို့လေးမှာပဲရေနစ်ပြီး သေ ဆုံးသွားကြတယ်။ အဲ့ဒီမြို့လေးလည်း အဲ့ဒီအချိန်ကစပြီးရေအောက်မြုပ်သွားတာခုထက်ထိပဲ။ ပျောက်ဆုံးနေတဲ့မြို့လေးတခုပေါ့ ”

ပျောက်ဆုံးနေတဲ့မြို့ဆိုတဲ့စကားကိုဆရာမဆီက ကြားလိုက်ရချိန်မှာကျနော်ဟာ အိစိကွေးဆိုတဲ့ကြောင်ကို ရုတ်တရက်မြင်ယောင်မိသေးတယ်။ ဆရာမဟာ သူမပြောတာဟာ ပုံပြင်လား တကယ်ရှိခဲ့လားဆိုတာတော့ ပြောမပြခဲ့ပါဘူး။ ကျနော်တို့ကိုပဲစဉ်းစားဖို့ ဆုံးဖြတ်ဖို့ပြောခဲ့ပါတယ်။ ဒါပေမဲ့ ကျနော့်နားထဲမှာတော့ ပျောက် ဆုံးနေတဲ့မြို့ဆိုတဲ့စကားက အကြိမ်ကြိမ်ပြန်ကြားယောင်နေမိပါတယ်။

ကျနော်အိမ်ပြန်ရောက်တော့ ထုံစံအတိုင်းအမေ နဲ့ညီမလေးကကြွေးတောင်းထွက်တယ်။ အမေကတော့ သူမမှာ နေကြစကားတွေကို အရင်အတိုင်းပဲမှာခဲ့တယ်။ ကျနော်လည်းရေမိုးချိုးပြီး ကျောင်းကပေးလိုက်တဲ့ ရေးစာတွေကို ရေးပြီး ဝရံတာဘက်ကိုထွက်ခဲ့ပါတယ်။ ပြီးတော့ ကျနော်ထိုင်နေကျနေရာလေးမှာထိုင်ဖို့ဆုံးဖြတ်ခဲ့တယ်။ ဒီနေရာလေးမှာမထိုင်ဖြစ်တာ အတော်ကြာခဲ့ပြီမဟုတ်လား။

ကျနော့်စိတ်တွေဟာ ဒီနေ့ထူးထူးခြားခြားကြောက်စိတ်တွေရှိမနေခဲ့ဘူး။ ပုံမှန်အတိုင်းလိုခံစားမိနေတယ်။ ပျောက်ဆုံးသွားတဲ့အမြတ်တနိုးပစ္စည်းလေးကိုပြန်တွေ့လိုက်ရသလိုမျိုးပါပဲ။ လမ်းမပေါ် သွားလာနေတဲ့သူတွေ ကိုကြည့်တယ်။ ကျနော့်ရဲ့တယောက်တည်းရှိနေတဲ့အချိန်တွေဟာ ခုမှပြည့်စုံလာပါတော့တယ်။

သရက်ပင်ရဲ့ကိုင်းတွေကြားကနေလမ်းမပေါ်သွားလာနေတဲ့သူတွေကိုကြည့်လိုက်၊ ဝရံတာ လက်ရန်းတွေကြား ကနေကြည့်လိုက်နဲ့ ကျနော်ဟာ အရင်လိုတသားတည်းဖြစ်လာတယ်။ နောက်တော့ ဆရာမပြောတဲ့စကားကို ပြန်ကြားယောင်မိတယ်။ အဲ့ဒီတော့ လမ်းမပေါ်သွားလာနေတဲ့သူတွေကိုမေ့လျော့သွားပြီးပျောက်ဆုံးနေတဲ့မြို့ဆီ ကျနော်ရောက်သွားတယ်။

ပန်းခြံကြီးနစ်ခုထဲမှာ ကျနော်တို့မောင်နှမနှစ်ယောက်နဲ့မိပိုလေးဟာ ပျော်ရွှင်စွာကစားနေကြတယ်။ ကျနော်တို့ရဲ့ရယ်မောသံ တွေက လေထုထဲပျံ့လို့ပေါ့။    ။

ဒီလူည


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်