မောင်မောင်စိုး ● နှင်းဆီနီနီအိပ်မက်များ – အပိုင်း (၄၅)

October 17, 2017

မောင်မောင်စိုး ● နှင်းဆီနီနီအိပ်မက်များ – အပိုင်း (၄၅)
(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၁၇

● အလွဲများနှင့် မိမိ
ပထမပတ်သင်တန်းအပြီး ဒေသခံများကတော့ ခွင့်တောင်းပြီးအိမ်ပြန်ကြသည်။ KIA သင်တန်းဆင်းပြီး နောက်ရက်မှစ၍ အသုတ်လိုက်ခွဲ၍ အိမ်ခွင့်ပြန်ကြသည်။ နောက်တပတ်သင်တန်းကလည်း ပြန်လည်စတင်ရန် ၂ လခန့်လိုသေးသည်ဖြစ်ရာ အများစု အိမ်ပြန်ခွင့်ရကြသည်။ ကျောပိုးအိတ် ကိုယ်စီလွယ်တက်ကြွရွှင်လန်းစွာဖြင့် အိမ်ပြန်သွားကြသော ရဲဘော်များ ရဲဘော်မများ၏မိမိအားနှုတ်ဆက်သံများသံများနှင့်အတူ ဝေးလွင့်၍ မိမိ မြင်ကွင်းမှပျောက်ကွယ်သွားကြသည်။ စခန်းသည် ပို၍ တိတ်ဆိတ်သွား သည်။ မိမိအတွက် အိမ်ပြန်ဖို့ဆိုသည်မှာ လွန်စွာဝေးကွာလှပေသေးသည်။

မည်သို့ဖြစ်စေ စာဖတ်ချိန်လေ့လာချိန်ရသည်ဟုဆိုရမည်။ မုန်းကိုးနိုင်ငံရေးဌာနတွင် လမ်းစဉ်ဆိုင်ရာ အငြင်းပွားမှုများဖြစ်ပြီး နောက် မိမိလည်းမတ်ဝါဒသဘောတရားစာအုပ်များကို ပို၍ ဇောက်ချ ဖတ်ဖြစ်သည်။ အမှန်တရားရှာဖွေရန်အတွက်လော၊ ငြင်းခုန်ရန်အတွက်လော မကွဲပြားပါ။ သို့သော်အတော်လေးတော့ ဖတ်ဖြစ်သည်။ မော်စီတုန်းလက်ရွေးစဉ်ကျမ်း ၄ တွဲ၊ မြန်မာဘာသာဖြင့် ၈ အုပ်ကား အလွတ်နီးပါးရသည်။ ကောက်ကွတ်သင်တန်းကျောင်း ပထမပတ် ၃ လအတွင်း၌လည်း အားသည်နှင့်စာဖတ်နေတတ်သည်။ မည်သူနှင့်မျှ သိပ်ရောမနေတတ်သေး။ အား၍ အတူမီးထိုင်လှုံနေလျင်တောင် ကျန်သူများနှင့် စကားမပြောဘဲ စာဖတ်နေတတ်သည်။ မိမိ၏ ပထမအလွဲဟုဆိုနိုင်သည်။

ကျန်ဒေသခံရဲဘော်များ၏ စိတ်တွင် သူတို့အား ပညာမတတ်၍ အဖက်မလုပ်လိုသည့်ပုံစံပေါက်နေသည်ဟု နောင် မိမိနှင့် ရင်းနှီးသွားတော့ ပြန်လည်ပြေပြကြသည်။ လက်တွေ့ဘဝထဲက သင်ယူရမည့် အရာများကို မျက်ကွယ်ပြု၍ စာအုပ်ထဲက အမှန်တရားရှာဖွေနေမိရာ ဗန်းမော်တင်အောင်၏ လွတ်နေသောပါမောက္ခပုံပေါက်သွားပုံရသည်။

ထိုစဉ်က မိမိအတွေးထဲတွင်ရှိနေသည်မှာ စစ်တိုက်ဖို့ တပ်ပြန်ရောက်ဖို့သာဖြစ်သည်။ စစ်မြေပြင်ထွက်ဖို့အားသန်နေသည်။ ထို့ကြောင့်လည်း တပ်မဟာ ၂ အတွေ့အကြုံ အရ တပ်ထဲသွားလျင် တရုတ်စကား တတ်ဖို့လိုသည်ဖြစ်ရာ တရုတ်စာနှင့် တရုတ်စကားသင်ဖို့ ကြိုးစားသည်။ မိမိနှင့် တဆောင်ထဲ အတူနေသည့် ရိက္ခာမှူးတယောက်မှာ လီအာချင့်ဟုခေါ်သည့် တရုတ်ပြည်မှ တရုတ်ရဲဘော်တယောက်ဖြစ်သည်။ သူလည်း သင်တန်းပိတ်ရက်တွင်အိမ်ပြန်၍မရ။ မိမိထံလာ၍ ဗမာစာ ဗမာစကားသင်သည်။ မိမိကလည်း သူ့ထံမှ တရုတ်စာ တရုတ်စကားသင်သည်။

တရုတ်စာသင်ပုံကလည်းလွဲသည်။ တရုတ်စာဆိုသည်မှာ ဗျည်းနှင့်သရမရှိသည့် အရုပ်စာမှ လာသည်ဖြစ်ရာ စာလုံးတလုံး ချင်း အသေမှတ်ရသည်ဟုသာ သိထားရာ မော်စီတုန်းသြဝါဒ စာအုပ်ငယ်မှ စာပိုဒ်များဖြင့်တနေ့ စာလုံး ၂၀ ကျက်မည်ဟု သင်သည်။ စာလုံးအခက်တွေမို့ သင်ရသည်မှာ အဆင်မပြေ။ တကယ်တော့ တရုတ်စာသင်ရိုးမှာ အလွယ်စာလုံး နေ့စဉ်နေ ထိုင်မှု စာလုံးများမှ စသင်မှ လွယ်ကူသည်။ ဤတရုတ်စာသင်ရိုးကို မိမိကနောက်မှသိပေရာ မော်စီတုန်းသြဝါဒစာအုပ်ငယ်ပါ တရုတ်စာလုံးအခက်များနှင့် မိမိ ဒုက္ခရောက်လို့ ရောက်မှန်းမသိ ရောက်နေပေတော့သည်။

တကယ်တော့ ဘာသာစကား သင်ကြားခြင်းမှ နားယဉ်သွားပါက ပို၍လွယ်ကူသည်။ မိမိသည် ဒေသခံရှမ်းရွာများသို့ ပုံမှန် သွားနေပါက ရှမ်းစကားလျင်မြန်စွာတတ်နိုင်သည်။ ဒေသခံတို့၏ အခြေအနေကိုလည်း မှန်ကန်စွာသိနိုင်သည်။ သို့သော် လည်း ရှမ်းဒေသရှိ ကချင်များစွာရှိသည့်သင်တန်းကျောင်းတွင် စာအုပ်ပုံထဲခေါင်းစိုက်၍ တရုတ်စာသင်ဖို့ ကြိုးစားနေမိ သည်။သို့ဖြစ်ရာ မိမိ၏ အစောပိုင်းကာလများတွင် အလွဲများစွာဖြင့် ဖြတ်သန်းနေမိသည်ဟု ဆိုရပါမည်။

● သခင်ဗသိန်းတင်၏ မိန့်ခွန်းများနှင့် လက်တွေ့မြေပြင်အခြေအနေ
မိမိကောက်ကွတ်ကျောင်းသို့ ရောက်နေစဉ်ကာလအတွင်း ဥက္ကဌ သခင်ဗသိန်းတင် တရုတ်ပြည်တွင်းရှိ ဗဟိုစခန်းမှ မုန်းကိုး သို့လာ၍ ကျောင်းသားရဲဘော်များနှင့်သော်၎င်း တပ်/ဒေသမှ ရဲဘော်များနှင့်သော်၎င်း တွေ့ဆုံ၍မိန့် ခွန်းပြောကြားသည်။ အခြေခံဒေသအစွန်အဖျားတွင်ရောက်နေသည့် မိမိတက်ခွင့် မကြုံခဲ့ပေ။ မိန့်ခွန်းများသာ ဖတ်ခွင့်ရခဲ့သည်။

ထိုစဉ်က အဓိကပြောသည်မှာ ပါတီကို ပါတီနှင့်တူအောင် တည်ဆောက်တပ်ကို တပ်နှင့်တူအောင်တည်ဆောက် ဟူ၍ ဖြစ်သည်။ ထိုစဉ်အခြေအနေကအရှေ့မြောက်အခြေအနေသည် တည့်မတ်တွန်းတင်ရန် လိုအပ်သည်ဖြစ်ရာသူပြောသည့်အတိုင်း အကောင်အထည်ဖေါ်နိုင်ပါက ပို၍ကောင်းသော အခြေအနေတရပ် ဖန်တီးကောင်း ဖန်တီးနိုင်ပေလိမ့်မည်။ သို့သော် သူ၏မိန့်ခွန်းမှာ မှတ်တမ်းအဖြစ်သာ ကျန်ခဲ့ပြီး လက်တွေ့အကောင်အထည်ဖေါ်နိုင်ခဲ့ခြင်းမရှိပေ။

ထိုစဉ်က အရှေ့မြောက်စစ်ဒေသအခြေအနေမှာ ပုံမပျက်သေးဟု ဆိုနိုင်သည်။ လွဲချော်မှုများစတင်နေပြီဖြစ်သော်လည်း ပုံပျက်ပန်းပျက် မဖြစ်သေးဟုဆိုနိုင်သည်။ ပါတီတပ်ဖွဲ့များသည် စည်းကမ်းအတန်ငယ်လျော့ရဲသည်ဟုဆိုနိုင်သော်လည်း စည်းရုံးရေးစည်းကမ်းပုံစံတကျ လှုပ်ရှားဆဲဖြစ်သည်။ အမိန့်နာခံမှုအားကောင်းဆဲဖြစ်သည်။ ပဲခူးရိုးမ စံချိန် စံညွှန်းများဖြင့် တိုင်းထွာနေ၍ မိမိတို့ စိတ်တိုင်းကျ မဖြစ်သော်လည်း ပုံစံကျ ရှိနေဆဲဟုဆိုနိုင်ပါသည်။

ထို့ပြင် တရုတ်ပြည်၏ ကူညီမှုဖြင့်မုန်းကိုးဒေသ ကောင်းဒပ်ရွာတွင် ရေအားလျပ်စစ်စက်ရုံငယ်တခု တည်ဆောက်နေသကဲ့သို့ ဝ နယ်ပန်ဆန်းတွင် လည်း ရေအားလျပ်စစ်စက်ရုံတခုဆောက်လုပ်နေသည်။ ထို့ပြင် ပါတီဗဟိုရုံးအားလည်းကောင်း၊ ပြည်သူ့အသံ အသံလွှင့်ရုံအားလည်းကောင်း၊ ဝ နယ် ပန်ဆန်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ရန်ပြင်ဆင်နေကြရာ နေရာတိုင်းတွင် အသစ်အဆန်းများဖြင့် တက်ကြွသက်ဝင်နေသည်။

မုန်းကိုးဒေသတွင် KIA နှင့်တပ်ပေါင်းစုလုပ်ငန်းများ အသက်ဝင်နေသကဲ့သို့ ပန်ဆန်းတွင်လည်း ခွန်အုန်းဘောင်၊ စဝ်ဆေ ထင်တို့ ခေါင်းဆောင်သည့် SSPP (ရှမ်းပြည်တိုးတက်ရေးပါတီ)၊ စောတာကလယ်ခေါင်းဆောင် သည့် ရလလဖ ခေါ် ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့၊ ကယန်း ရွှေအေးခေါင်းဆောင်သည့် ကယန်းပြည်သစ်ပါတီ၊ ကလလတခေါ် ကရင်နီ လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်မတော် စသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များရောက်ရှိပြီး တပ်ပေါင်းစုလုပ်ငန်းများအသက်ဝင်နေသည်။

ထိုသို့သော အခြေအနေအောက်တွင် တရုတ်၏အကူအညီနှင့် “ငြိမ်းမရသော မီးတောက်မီးလျံ” အမည်ရှိ ဆေးရောင်စုံ မှတ်တမ်းတင် ရုပ်ရှင်ကားကြီးတကားရိုက်ကူးသည်။ ထိုစဉ်က တက်ကြွသက်ဝင်မှုများနှင့် စစ်ရေးတိုက်ပွဲတချို့ကို မှတ်တမ်း တင်သည်။ ဆွီဒင်သတင်းစာဆရာ ဘာတေးလင့်နာကတော့ အသက်မပါသော သရုပ်ဆောင်မှုများအဖြစ် ဝေဖန်ရေးသား ထားသည်။ တကယ်တော့ထိုစဉ်က ရုပ်ရှင်ရိုက်ကူးမှု ညံ့ကောင်းညံ့မည်။ အခြေအနေက တက်ကြွနေကြဆဲဖြစ်သည်။ မြို့ ပေါ်ကရောက်လာသည့် ဗမာ ရဲဘော်များဟု ဆိုကြသည့် ကျောင်းသားရဲဘော်များကား အတက်ကြွဆုံးဖြစ်သည်။ အတက် ကြွ လွန်နေကြသည်ဟုပင် ဆိုနိုင်သည်။ ၁၉၇၆/၇၇/၇၈ ကာလများသည် သခင်ဗသိန်းတင် မိန့်ခွန်းပါအတိုင်း ပါတီကို ပါတီနှင့်တည်ဆောက်ရန်၊ တပ်ကို တပ်နှင့်တူအောင်တည်ဆောက်ရန် အချိန်ကာလကောင်းလည်းဖြစ်ခဲ့သည်။ ယခုပြန်မျှော် ကြည့်လျင် ထိုအချိန်ခါကောင်း အခွင့်အခါကောင်းများကို လက်လွတ်ခဲ့ရသည်ဟု ဆိုရပေမည်။ ဘာတေးလင့်နာအဖို့ သူအရှေ့မြောက်သို့ရောက်သည့် ၁၉၈၆/၈၇ အခြေအနေနှင့် ချိန်ထိုးကြည့်ခဲ့ပုံရသည်။

သခင်ဗသိန်းတင်၏မိန့်ခွန်းတခုတွင်ပါသည့် အရှေ့မြောက်စစ်မြေပြင်တိုက်ပွဲများတွင် ရန်သူတယောက်ကို ကျည် ၈၀၀ မှ ၂၀၀၀ ခန့်သုံးနေရ သည်ဖြစ်ရာ ရန်သူတယောက် ကျည်တတောင့်ဖြစ်ဖို့လိုသည်ဟူသည့်အချက်ကိုတော့ စစ်မြေပြင်တပ် မှူး တပ်သားများက စိတ်ဓါတ်အရ တောင်းဆိုနိုင်သော်လည်း လက်တွေ့မဖြစ်နိုင်ဟု ဆိုကြသည်။ အရှေ့မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများမှာ ချေမှုန်းရေးတိုက်ပွဲများ၊ စခန်းသိမ်းတိုက်ပွဲများ၊ ခံစစ်ထိမ်း တိုက်ပွဲများဖြစ်ပေရာ ကျည်ချွေ တာ၍ မရနိုင်ပေ။ မီးအားဟုခေါ်သည့် လက်နက်ကြီးငယ်မျိုးစုံအား တလစပ်ပစ်ခတ် အသုံးပြုတိုက်ခိုက်က်ရသည့် တိုက်ပွဲ များ ဖြစ်သည်။ တဖက်နှင့်တဖက် ခေါင်းမထောင်နိုင် အောင် ပစ်ခတ်တိုက်ခိုက်နေရသည့် တိုက်ပွဲများဖြစ်ရာ ကျ ည်ချွေတာဖို့ မဖြစ်နိင်ခဲ့ပေ။

ထိုစဉ်က တရုတ်ပြည်က အပြည့်အစုံထောက်ပံ့နေသည့်ကာလဖြစ်ရာကျ ည်မလုံလောက်မှာလည်း တွေးပူစရာမလိုခဲ့ကြပေ။ တွေးမပူဘဲ မိမိရည်မှန်းချက်ကို အကောင်အထည်ဖေါ်ကြပါက တော်သေးသည်။ သို့သော် တရုတ်ကပေးနေတာဘဲဟု ဆိုကာ ပေါ့ပေါ့တန်တန် သဘောထားကြသည်က စိတ်ဓါတ်ရေးရာအရ ပိုဆိုးစေသည်။

ဝ နယ်ပန်ဆန်းမှ သတင်းတခုကြားရသည်။ တရုတ်မှပို့လာသောလက်နက်ခဲယမ်းမီးကျောက်သေတ္တာများကို ပန်ဆန်း အရှေ့မြောက်စစ်ဒေသက နယ်စပ်တွင် လွှဲပြောင်းလက်ခံသည်။ သို့သော် ဂိုဒေါင်အရောက်အပြီးမသယ်။ နမ့်ခချောင်း ဘေး တွင် စုပုံထားစဉ် ညဘက်ချောင်းရေကြီးပြီး လက်နက်ခဲယမ်းသေတ္တာ အတော်များများ ချောင်းရေနှင့်အတူ မျှောပါ ဆုံးရှုံး ခဲ့ရသည်။ ထိုစဉ် ဘေကျင်းရောက်နေသော သခင်ဗသိန်းတင်က ကြေးနန်းရှည်ကြီးတစောင်ပို့၍ ဝေဖန်သည်ဟု ကြားရ သည်။ အရေးယူမှုတော့ မတွေ့ရပေ။ ထိုစဉ် အရှေ့မြောက်စစ်ဒေသ နိုင်ငံရေးမှူးက ရဲဘော်နေဝင်း ခေါ် ဗိုလ်တင်ရီဖြစ်ပြီး ထောက်ပံ့ရေးမှူးက ဦးကျော်စိန်ဖြစ်သည်။ စစ်ချွမ်းရဲဘော်ဟောင်းများဆိုသည့် ပါတီရဲဘော်ဟောင်းများဖြစ်ကြသည်။ ပါတီ၏ငယ်မွေးခြံပေါက်ရဲဘော်ဟောင်းများကိုယ်တိုင်က တရုတ်ကပေးနေတာဘဲ (ဝါ) အလကားရနေတာဘဲဟူ၍ မလေးနက်ကြ ရာ ထိုစိတ်ဓါတ်မျိုးနှင့် ကိုယ့်ဘာသာကိုယ် လက်နက်ခဲယမ်းရှာပြီးတိုက်ကြရလျင် လွယ်ကူလိမ့်မည်မဟုတ်ပေ။ လွယ် လွယ်ရတော့ ခပ်ပေါ့ပေါ့တွေးကြပုံရသည်။

● မိုးမိတ်တိုက်ပွဲ
ဤသို့ ကောက်ကွတ်သင်တန်းကျောင်း ပထမပြီး၍ နားနေစဉ်ပင်မိုးမိတ်မြို့ သိမ်းတိုက်ပွဲသတင်းကြားရသည်။ ရှေ့တန်းတပ်မ ၉၉ လက်အောက်ခံ ရှေ့တန်း ခလရ ၁၂ ရင်းဌာနချုပ်ရှိရာ မိုးမိတ်မြို့ကို ဝင်စီးခြင်းဖြစ်သည်။ ခလရ ၁၂ မှ ဒုဗိုလ်မှူးကြီး အဆင့်ရှိ တပ်ရင်းမှူးတဦးအပါ အရာရှိ ၄ ဦး ကျဆုံးသည်။ တပ်ရင်းမှူးအမည်မှာ ကိုကြည်မောင်လား၊ ကိုကြီးမောင်လား တခုခုဖြစ်မည်ထင်သည်။ ကျန်ကျဆုံးဒဏ်ရာရ စာရင်းအရေအတွက်များကိုတော့ မမှတ်မိတော့။ ၁၉၇၇ ခုနှစ် ဧပြီလ ၁၁ ရက်မနက် အရုဏ်ဦးတွင်ဖြစ်သည်။

တကယ်တော့ CPB တပ်မဟာ ၂ သည် ၁၉၇၆ ခုနှစ်အကုန်ပိုင်းတွင် မဆလအစိုးရတပ်များက မုန်းပေါ်ဒေသကို ထိုးစစ်ဝင် မည်ကြား၍ ရွှေကျင်ဝမ်တောင်ခေါ် စီစီဝမ် တာပန်တွင် စခန်းချတောင် စောင့်နေခဲ့ရသည်။ ထိုတပ်မဟာ ၂ တပ်အချို့ ထုတ်နှုတ်၍ ကျန်စစ်မင်ခေါ် ကိုကြည်မြင့်ဦးစီး၍ သွားရောက်တိုက်ခိုက်ခြင်းဖြစ်သည်။ တပ်မဟာ ၂ ရင်း ၃ မှ တပ်ခွဲတခွဲနှင့်အခြားတပ်ရင်းတရင်းပါသည်။ ဒေသခံ ၂၀၂ စစ်ဒေသမှ ရဲဘော်များနှင့် ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်သည်။ နမ့်ခမ်းခရိုင်တပ်ဖွဲ့ အချို့လည်း ပါပုံရသည်။ ထိုစဉ်က ကိုကြည်မြင့်မှာ တပ်ရင်းမှူးလော ဒုတပ်မဟာမှူးလော မသေချာသော်လည်း ထိုတိုက်ပွဲ အပြီးတွင်တော့ တပ်မဟာ ၂ ဒုတပ်မဟာမှူးဖြစ်သွားသည်က သေချာသည်။

ထိုတိုက်ပွဲတွင် CPB ငယ်မွေးခြံပေါက် စစ်ချွမ်းရဲဘော်တဦးလည်းပါသည်။ သူ့အမည်က ဦးပုဟု ခေါ်သည်။ အရပ်ခပ်ပုပု ပိန်ပိန်ပါးပါးဖြစ်သည်။ ကိုးကန့်နှင့် ဝ မြောက်ထိုးဖေါက်ခါစက တပ်မှူးတဦးဖြစ်သူဖြစ်သည်။ စစ်တိုက်လျင် ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်းရှိသူတဦးဖြစ်သည်။ ထို့အတူ ကျန်သည့်နေရာများတွင် ရမ်းသည်။ ၁၉၇၀ ဝန်းကျင်က အရှေ့မြောက်စစ်ဒေသသို့ အကူအညီပေးရန် ရောက်နေသော တရုတ်စစ်အကြံပေးအဖွဲ့မှ တရုတ်များအား ခင်ဗျားတို့ပြန်ကြတော့ ဆက်လိုက်စရာမ လိုဟု ခပ်ရမ်းရမ်းပြောခဲ့သူဖြစ်သည်။ ထို့ပြင် ဝ မြောက်တွင် ဆက်သွယ်ရေးအားနည်းမှုကြောင့် သူ၏တပ်ဖွဲ့ ရိက္ခာပြတ်နေ စဉ် တရုတ်ပြည်ဖက်ကမ်းရှိ ဆန်ဂိုဒေါင်အား သူတပ်နှင့်သွားဝိုင်း ရိက္ခာလုဘူးသူလည်း ဖြစ်သည်။ ထိုတရုတ်ဖက်ကမ်းမှ ဆန်ဂိုဒေါင်မှာ CPB တပ်များအား ထောက်ပံ့ရန်ထားခြင်းဖြစ်သော်လည်း အထက်မှ အမိန့်မရသေး၍ ထုတ်မပေးသေးခြင်း ဖြစ်သည်။ ထို့ပြင် သူတပ်မှူးဖြစ်စဉ်သူ့လက်အောက်က တပ်ခွဲမှူးတဦးနှင့် ရဲဘော် လေးငါးယောက်က သူတားမြစ်ထားသည့် တောင်ကြောသို့သွား၍ အမဲလိုက်ကြရာ သေနတ်သံထွက်၍ သူသိသွားသောအခါ လက်နက်ကြီးတပ်ခွဲအား ထိုတောင်ကြော သို့ တရစပ်ပစ်ခိုင်းပြီး အမိန့်မနာခံသူများ အပြတ်အသတ် ကြမ်းကြမ်းရမ်းရမ်း ဆုံးမခဲ့သူတဦးလည်းဖြစ်သည်။ ပါတီရဲဘော် ဟောင်းတဦးဖြစ်သော်လည်း ရမ်းလွန်းအားကြီး၍ တာဝန်မှရပ်စဲခံရပြီး ၁၉၇၆ အတွင်း မုန်းကိုးနိုင်ငံရေးဌာနသို့ ရောက်လာ သူဖြစ်သည်။ အရှေ့မြောက်မှ ဦးပု၏အထက်ကေဒါတဦးဖြစ်သူ ဦးကျော်ထင်က ဦးပုအား တပ်ခွဲမှူးတာဝန်ထက် ပိုပေးမရဟု ဆိုဘူးသည်။ စစ်ဒေသ ဒုနိုင်ငံရေးမှူးရဲဘော် စိုးသိန်းက ကိုကြည်မြင့်နှင့်တွဲ၍ ရှေ့တန်းထည့်ပေးလိုက်ပုံရသည်။

တာဝန်မှ ချထားခံရပြီး ရှေ့တန်းလိုက်သွားရသော်လည်း စစ်မျက်နှာတွင်တော့ ကြမ်းတုန်းဖြစ်သည်။ သူနှင့်အတူပါသွားသည့် ရင်း ၃ တပ်ခွဲမှ တပ်ခွဲမှူးရဲဘော်မှာ ယခင် သူတပ်မှူးဖြစ်စဉ် သူ၏ကိုယ်ရံရဲဘော်ဖြစ်ခဲ့ပေရာ သူ့ကို လေးစားမှုရှိသည်။ မိုး မိတ်တိုက်ပွဲဖြစ်ပွားသည့်နေ့က တိုက်ပွဲစပြီး ဦးစွာသိမ်းမိသည်မှာ တပ်ရင်းရုံးရှိရာ စခန်းကုန်းဖြစ်သည်။ ခလရ ၁၂ မှအင်အား များသည် ယင်းဌာနချုပ်အားစွန့်လွှတ်ပြီးနောက် မြို့တွင်းရှိ ရဲစခန်းတွင် သွားရောက်ပူးပေါင်းနေခဲ့ကြသည်။ ထိုရဲစခန်းအား သိမ်းပိုက်ရန် တက်ထိုးရာ၌ လွယ်လွယ်နှင့်မရဘဲ အချိန်ကြာနေတော့သည်။ မိမိဘက်မှ အထိအခိုက်လည်းရှိနေရာ ထိုးစစ်တန့်သကဲ့သို့ ဖြစ်နေသည်။ ထိုအချိန်တွင် ဦးပုက သူ့ဆက်သားရဲဘော်ထံမှ M 22 သေနတ်ကို ယူ၍ အတင်းကျားပြေး တက်ထိုးတော့သည်။ သူကရှေ့ကတက်တော့ ရင်း ၃ က ခွဲမှူးအပါ တခွဲလုံး ပြေးတက်ပြီး ကျားထိုးကြရာ ရဲစခန်းပါကျ ပြီး တမြို့လုံး သိမ်းနိုင်ခဲ့သည်ဟု ဆိုသည်။

“အထဲကလဲလှိမ့်ပစ်နေတော့ ဘယ်သူမှမတက်ရဲဘူးဖြစ်နေတာဗျ။ အဲဒါ ဗိုလ်ပုက သူ့ကိုယ်ရံရဲဘော်ဆီက M 22 ယူပြီး ပစ် ပြီးပြေးတက် သွားတာရှေ့ ပေ ၂၀ လောက် လိမ့်ထွက်သွားတာလေ။ အဲဒီအချိန်မှာ တပ်ခွဲမှူးလဲ ကျားအော်တက်ထိုးခိုင်းတော့ ရဲဘော်အားလုံးအားလုံးပစ်ပြီး ပြေးတက်ပြီး စခန်းကို ရလိုက်တာ။ ဗိုလ်ပုက ခလုတ်တိုက်ပြီးလဲသွားဗျ။ ဘာဒဏ်ရာမှ မရ လိုက်ဘူး” ဟု မိုးမိတ်တိုက်ပွဲတွင်ပါခဲ့သော ရင်း ၃ မှ ဝင်းလတ်က အားတက်သရော မိမိအားပြောပြသည်။ မိုးမိတ်တိုက်ပွဲတွင် တပ်မဟာ ၂ မှတပ်ဖွဲ့များ၊ ၂၀၂စစ်ဒေသနှင့် နမ့်ခမ်းခရိုင်က တပ်ဖွဲ့များကို စုစည်း၍ တိုက်ပွဲတခုလုံးကို ဦးစီးသည်က ကို ကြည်မြင့်ဖြစ်သည်။ နောက်ဆုံး အဆုံးအဖြတ်တိုက်ပွဲကို ဦးစီးသူကတော့ ဗိုလ်ပုဟု ဆိုရမည်။

ပါတီ၏ငယ်မွေးခြံပေါက်၊ တိုက်ရည်ခိုက်ရည်ရှိသူ၊ သေရဲသူဖြစ်သော်လည်း နိုင်ငံရေးအရ ကိုင်တွယ်ရာတွင် မပါးနပ် မလိမ္မာ သူ မပြည့်ဝသူ ဗိုလ်ပုသည် ထူးချွန်သည့် ခေါင်းဆောင်တဦးဖြစ်မလာခဲ့ပါ။ ထိုတိုက်ပွဲ နောက်ပိုင်းတွင် ပန်ဆန်းသို့ ပြန်သွား သည်ဟုသိရပြီး သူ့သတင်းထပ်မကြားရတော့ပါ။ နိုင်ငံရေးအရရော စစ်ရေးအရပါ ထူးချွန်သူတဦးဖြစ်လာရန် လွယ်ကူလှ သည်တော့ မဟုတ်ပေ။

မိုးမိတ်မြို့ သိမ်းတိုက်ပွဲတွင်ပါဝင်သည့် တပ်မဟာ ၂ နှင့် နမ့်ခမ်းခရိုင်မှတပ်များသည် ရွှေလီမြစ်အား ဖြတ်ပြီးနောက် နမ့်ခမ်း အနီးမှကဖတ်၍ မန်ရှိုးဒေသသို့ ဝင်ရောက်လာရာ ထိုတပ်ဖွဲ့ဝင်များနှင့် ၁၉၇၇ ခုနှစ် မေလအတွင်းမိမိတွေ့ဆုံလိုက်ရသည်။ မိမိအခြေခံဒေသနှင့် ဝေးလံသော တဖက်စစ်မျက်နှာနောက်တန်းအား ထိုးဖောက်၍ ခရီးရှည်ချီတက်တိုက်ခိုက်မှု (LRP) တွင် ပါဝင်အောင်ပွဲခံခဲ့သော ဝင်းလတ်၏ မော်တကြွားကြွားနှင့် ပြန်လည်ပြောဆိုမှုကိုသာ တော်လှန်သော ထမင်းချက် တ ယောက်ဖြစ်သော မိမိနားထောင်နေရပေတော့သည်။

မိုးမိတ်တိုက်ပွဲကို အာရုံဦးကထဲက စတင်တိုက်ခိုက်ခဲ့ရာ အစိုးရ ရှေ့တန်းတပ်နှင့် နောက်တန်းတို့ အဆက်အသွယ်ပြတ်ပြီး မိုးမိတ်အတိုက်ခံရသည်ကို နောက်တန်းကမသိဘဲ စစ်ကူရော လေကြောင်းပစ်ကူရော အလျင်အမြန်မပေးနိုင်ခဲ့ပေ။ မိမိတို့ တပ်များက တမြို့လုံးမွှေနှောက်၍ အစိုးရဂိုဒေါင်များ အစိုးရဆိုင်များအား ကောင်းကောင်းဖောက်ချိန်ရခဲ့သည်။ သို့သော် တပ်မလုံလောက်သဖြင့် မိမိတပ်ဖွဲ့များ သွားမသိမ်းခဲ့သည့်လော (သို့မဟုတ်) ပေါ့လျော့ခဲ့သည်လောတော့မသိ၊ မိမိတို့တပ် များ မရောက်သည့် မိုးမိတ်လေကြောင်း မျှော်စင်မှ လားရှိုးလေကြောင်းမျှော်စင်နှင့် အဆက်အသွယ်ရပြီး အစိုးရ စစ်ဖက်ဆိုင် ရာမှသိပြီး လေကြောင်းပစ်ကူကို နောက်ကျမှပေးပို့နိုင်ခဲ့သည်ဟု ဆိုသည်။

ထို့ပြင် မိုးမိတ်တွင် အတိုက်ခံရသော ခလရ ၁၂ ကို ကူရန် မန္တလေး ပုသိမ်ကြီးတွင် ပြန်နားနေသည့် တပ် ၉၉ လက်အောက်ခံ ခလရ ၄ အားမန္တလေးမှ မိုးမိတ်သို့ အမြန်စစ်ကူလွှတ်ခဲ့သည်။ ခလရ ၄ စစ်ကြောင်းများသည် ခလရ ၁၂ ၏ အကျ အဆုံးများ ကိုလည်းရှင်းရင်း တဖက်က ပြန်လည်ဆုတ်ခွာနေသော မိမိတပ်ဖွဲ့များအားလည်း လိုက်လံရှင်းလင်းခဲ့သည်။ သို့နှင့်မိမိ တပ်ဖွဲ့များ သိမ်းယူလာပြီး တောတွင်း၌ဖွက်ထားခဲ့သည့် ၈၁ မမ ၁ လက်နှင့် ၇၅ မမ တလက်အား ပြန်လည် ရရှိသွားခဲ့ကြ သည်။ သို့သော် အစုံလိုက်တော့မဟုတ်။ မိမိတို့တပ်ဖွဲ့ဖွက်ထားသည့် မော်တာချိန်ခွက်များ ရှာမတွေ့ခဲ့ ကြပေ။ ပြောင်းများကို ပြန်တွေ့သွားခဲ့သည်။

မိမိတို့တပ်အနေနှင့် စစ်လက်နက်ပစ္စည်း အစိုးရဂိုဒေါင် အစိုးရဆိုင် (ပပကလား ပြည်သူ့ဆိုင်လား မမှတ်မိတော့) အစိုးရ ဘဏ်တို့မှ ပစ္စည်းအတော်များများကို သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော် မိုးမိတ်မှ နယ်စပ်အထိသယ်ရန် မလွယ်သဖြင့် အချို့ ပစ္စည်းများကို တောထဲတွင်ဖွက်ထားခဲ့ရသည်ဟု သိရသည်။ ထို့ကြောင့်လည်း မိုးမိတ်တိုက်ပွဲနောက်ဆက်တွဲအဖြစ် ၁၉၇၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် ထိုပစ္စည်းများသွားရောက်သယ်ယူခွင့် မိမိကြုံလိုက်ရပေသေးသည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်