မောင်ရင်ငတေ ● ဘလက်ဖောရက်စ်ကို ဖြတ်ကျော်ခြင်း၊ ဒွိုက်ခ်ျလန်း (သို့မဟုတ်) ဂျာမဏီ ဘလက်ဖောရက်စ်ကို ဖြတ် ကျော်ခြင်း

October 17, 2017

မောင်ရင်ငတေ ● ဘလက်ဖောရက်စ်ကို ဖြတ်ကျော်ခြင်း၊ ဒွိုက်ခ်ျလန်း (သို့မဟုတ်) ဂျာမဏီ ဘလက်ဖောရက်စ်ကို ဖြတ် ကျော်ခြင်း
(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၁၇
 


Schwarzwald (Deutschland) (Photo UMarcus)

သတင်းအတင်းအဖျင်းတွေချည်း ဖတ်နေရတာ စိတ်ညစ်ညူး စိတ်ညစ်ညူးရတော့ စကားမပြောချင် စာမရေးချင် စိတ်လက် မပါ ဖြစ်နေသခိုက်မှာ စုဆောင်းထားတဲ့ မှတ်တမ်းတွေ ပုံတွေ ဖိုင်တွေကိုဖွင့် ရှင်း၊ လင်း၊ ဖယ်၊ ဖျက်၊ ပြောင်း၊ စီ၊ စု နဲ့ စိတ် ပြောင်းအောင် ဒီရက်ပိုင်းမှာ လုပ်နေမိပါတယ်။

အဲဒီလိုလုပ်နေရင်း လွန်ခဲ့တဲ့ သုံးနှစ်ကျော်ကာလ ဝန်းကျင်ခန့်က ဖိုင်တော်တော်များများကို အဓိကထားလို့ ပြန်လှန်မွှေနှောက် ရင်း ပြီးခဲ့တဲ့အပတ်က ကာရံထားသော တံတိုင်းကြီးများမှသည် ခြံစည်းရိုးကို ခွကျော်သူများ စာစုကြမ်း နှစ်ပုဒ်ကို တပုဒ်လုပ် အချောသပ် ရေးဖြစ်ခဲ့ပါတယ်။

အဲစာစု ကလည်း တကယ်တမ်း စိတ်ညစ်ညူးမှုကို မပြေစေပါဘဲ အမောပိုဖောက် လာစေသလိုသာပါ။

အဲဒါနဲ့ ညစ်ညူးနေတဲ့စိတ်တွေကို ကြည်လင်လာစေရအောင် မြစ်ပင်လယ် တောတောင် တိမ်တိုက်တွေရဲ့ သဘာဝကျကျ ပြာပြာ ဖြူဖြူ ဝါဝါ စိမ်းစိမ်းစိုစို လန်းလန်းဆန်းဆန်းတွေကို ရွေးရှာကြည့်ရင်း ဂျာမန်တို့ရဲ့ နာမည်ကျော် ဘလက်ဖောရက်စ် ပေါ်သို့ စိတ်ကူးအလည်တခေါက် ရောက်ရှိသွားခဲ့မိပါ တယ်။ လူက ဝုန်းကနဲ ထသွားလို့မရတော့ စိတ်ကိုသာ လွှတ်ရင်း ထွက်ပေါက်ရှာမိရခြင်းပါ။

 

Schwarzwald (Deutschland) (Photo Google)

 

Schwarzwald (Deutschland) (Photo Google)

ဘလက်ဖောရက်စ်အကြောင်း တို့တို့တိတိ ရေးထားခဲ့တာတွေတော့ရှိပါတယ်။ မောင်ရင်ငတေ့ထုံးစံ ဂျောင်ကပ်နေတဲ့ ဖိုင် တခုကို ပြန်လည်ဆွဲထုတ်ဖို့ ကြန့်ကြာဝန်လေးနေတတ်ခြင်းကြောင့် ဘာမှဆက် မလုပ်ဖြစ် ဒီလိုမျိုး ပစ်ထား ထားခဲ့ခြင်းတွေက အများကြီးပါ။

ဂျာမဏီရဲ့ Black Forest ဘလက်ဖောရက်စ်ကို သူတို့ဂျာမန် အသံထွက်နဲ့ Schwarzwald ရွှာ့ဇဗိုဒ်လို့ ခေါ်ကြပါတယ်။ (မောင်ရင်ငတေ့နားနဲ့ ကြားရတဲ့ အနီးစပ်ဆုံးပေမယ့် ကြားရတာက အစဉ်မပြေလှပါဘူး) ရွှေဗမာလို ပြန်ရင်လည်း အနက် ရောင် သစ်တော (သစ်တောနက်) ဆိုတော့ တမျိုးကြီးပါ။ ပြင်သစ်လိုကတော့ Forêt-Noire ပါ။ အဲဒါလည်း မမိုက်ပါဘူး။ ဒါ ကြောင့် တိုက်ရိုက်အသံနဲ့ ဖလှယ်ယူရမယ်ဆိုရင် အင်္ဂလိပ်လိုက အဆင်ပြေဆုံး ထင်မိရလို့ Black Forest ဘလက် ဖော ရက်စ်ဟုသာ ရေးလိုက်ရခြင်းပါ။ ဘလက်ကော်ဖီဆိုတဲ့စကားလို လူကြိုက်များလေမလားလို့ပေါ့ ခင်ဗျား။

 

Schwarzwald (Black Forest) ဘလက်ဖောရက်စ် (ဓါတ်ပုံ မရငတ)

မိုင်တရာရှည်ပြီး မိုင်ငါးဆယ်ခန့်သာကျယ်တဲ့ အဲဒီ Black Forest ဘလက်ဖောရက်စ် ဆိုတာကြီးက တကယ်ကတော့ သိပ်ကြီးလှတဲ့တောင်တန်း မဟုတ်ပါဘူး။ ပျမ်းမျှအမြင့်ပေက လေးထောင်ခန့်သာရှိတဲ့ တောင်စဉ်တန်းတခုသာပါ။ အနီးစပ် ဆုံးနှိုင်းယှဉ်ပြောရရင် ရခိုင်ရိုးမကြီးရဲ့ ငါးပုံတပုံ ပဲခူးရိုးမရဲ့ တဝက် နီးပါးမျှသာရှိတဲ့ တောင်စဉ်တောတန်းလေးတခု အရွယ် သာပါ။ အမြင့်ဆုံးတောင်ကမှ ပေငါးထောင်နီးပါးရှိတာပါ။ ပုပ္ပားတောင်မကြီး အမြင့်နဲ့ တူတူလောက်ပါ။ ဒါပေမယ့် ဥရောပ ထုံးစံ ဆောင်းအခါမှာတော့ တောင်တပြင်လုံး နှင်းဖြူတွေ ဖုံးလွှမ်းရာဖြစ်သလို နွေဆိုရင်လည်း နှင်းကြွင်းနှင်းကျန်တွေနဲ့ လှပနေတတ်တဲ့ တောင်ထိပ်တခုမို့ တနှစ်ပတ်လည် ဧည့်သည်တွေနဲ့ စည်ကားနေတဲ့ နေရာ ဖြစ်ပါတယ်တဲ့၊ မောင်ရင်ငတေတို့ သွားတဲ့လမ်းက အဲဒီရေခဲတောင်ထိပ်ကို လှမ်းမမြင်ရတဲ့ အကွယ်လမ်းဖြစ်နေလို့ အခုလို နေသာတဲ့နေ့ တိမ်တိုက်တွေ ကြားက တောင်ချွန်းထိပ် အလှကို မြင်တွေ့ခွင့်မရခဲ့တာကတော့ ကံဆိုးမှုတခုလို့သာ ဖြေသိမ့်ခဲ့ရကြောင်းပါ။

ဒီလို “Silva Nigra” Black Forest ဘလက်ဖောရက်စ်လို့ အမည်တွင်ခဲ့ရတာက ဟိုးရှေးပဝေသဏီ Middle Ages ခေတ်ကာလထဲက သဘာဝအတိုင်းပေါက်နေတဲ့ Black Fir ခေါ် Deep Green Pine ထင်းရူးပင်နက်တွေနဲ့ ပြည့်နေတဲ့ သစ်တောကြီးတတော ဖြစ်ခဲ့လို့ပါတဲ့၊ ထုံးစံအတိုင်း ၁၇ ရာစု လွန် ကာလမှာတော့ လူသားတွေရဲ့ မဆင်မခြင် အပြိုင်အဆိုင် လိုအင်ဆန္ဒတွေနဲ့ ခုတ်ထစ်မှုတွေကြောင့်အဲဒီ စိမ်းညို့ညို့မှိုင်းနေတဲ့ Black Forest ဘလက်ဖောရက်စ်ထင်ရှုးတောကြီးဟာ တဝက်နီးနီးမကကုန်သွားခဲ့ပါသေးတယ်တဲ့၊ နောက်ပိုင်းမှာတော့ သစ်တပင်ခုတ်ထောင်သုံးနှစ် အမိန့်ထုတ် တားမြစ်ခဲ့ကြ လေသလား မသိပါဘူး။ ဘလက်ဖောရက်စ်ကို ပြန်လည်ထိမ်းသိမ်းကြဖို့ ပြန်လည်စိုက်ပျိုးကြဖို့ ဆော်သြခဲ့ကြသူတွေ ပေါ်ပေါက်လာခဲ့ကြလို့လည်း ဒီကနေ့မှာတော့ ထင်းရူးပင်နက်တွေသာမကဘဲ တခြားသော အပင်ကြီးမျိုးစုံကို တွေ့ခွင့်မြင် ခွင့်ရခဲ့ကြတယ်လို့ ဆိုကြပါတယ်။ အဲဒီခေတ်ထဲက အဲလို အသိစိတ်ရှိသူတွေ သူတို့ဒေသမှာ ရှိခဲ့ပါတယ် ပြောမယ်ဆိုရင်လည်း ရပါတယ်။

ဘလက်ဖောရက်စ်ကို ဖြတ်ကျော်ခြင်း (Photo Google)

ဘလက်ဖောရက်စ် အနီးတဝိုက်ကို မောင်ရင်ငတေ ဖြတ်သန်းခဲ့တာကတော့ သုံးလေးကြိမ်ရှိခဲ့ဖူးပေမယ့်လည်း ဒီတောင် တန်းကို ခါးလယ်က ကျော်ဖြတ်ဖူးတာ တကြိမ်သာ ရှိဖူးခဲ့ပါသေးတယ်။ နောက် တကြိမ်မှာတော့ သုံးလေးရက်မျှ ဘလက် ဖောရက်စ်အလယ်က တောမြို့လေးတမြို့ကို သွားဦးမယ်ရည်မှန်းထားပေမယ့် အခုထိတိုင် အကောင်ထည် မဖော်နိုင်ခဲ့ သေးပါဘူး။ ပြီးခဲ့တဲ့ သြဂတ်စ်လဆန်းတုန်းက အဲဒီဘလက်ဖောရက်စ် တောင်ခြေအနားကို ရောက်ရှိခဲ့ပြီး ဘလက်ဖောရက်စ် တောင်တန်း တွေကို စိမ်းစိမ်းညို့ညို့နဲ့ မြင်မိခဲ့ရာက မောင်ရင်ငတေ့အတွက် အဲဒီ ဘလက်ဖောရက်စ်ရောဂါကြီး ပြန်လည် နိုးထလာတယ် ဆိုရမှာပါ။ နောက်နှစ်တော့ အရောက်သွားပါဦးမယ်။

အဲဒီလို အဲဒီ ဘလက်ဖောရက်စ် တောင်တန်းပေါ်ကို သုံးလေးငါးညအိပ်သွားပြီးမှသာ ဆက်ရေးမယ့် စဉ်းစားနေမိသေးပေ မယ့်လည်း ရေးချင်စိတ်က ပေါ်လာတာမို့ တနေ့တာ ဖြတ်သန်းခဲ့ရတဲ့ ခရီးမှတ်တမ်း ပုံရိပ်များအကြောင်းကိုသာ ရေးထားပြီး သမျှ အနည်းငယ် ပြင်ဆင်ဖြည့်စွက်၍ အချောသတ်တင်ပြလိုက်ရကြောင်းပါ။ အကယ်၍ များသာ နောက်တခေါက်လောက် ဒီနေရာကို ထပ်မံရောက်လာဦးမယ်ဆိုရင်တော့ စိမ်းစိမ်းညို့ညို့ ဘလက်ဖောရက်စ်ရဲ့ တောရိပ်တောင်ရိပ်အလှကို ဒီထက် မက ပိုမိုခံစား ရေးဖွဲ့ချင်မိပါသေးတယ်။

Schwarzwald (Black Forest) ဘလက်ဖောရက်စ် (ဓါတ်ပုံ မရငတ)

မြေပြန့်လွင်ပြင်တွေမှာတောင် ဆီးနှင်းတွေ အမြဲဝေတဲ့ ဂျာမန်မြေမှာ ဒီဘလက်ဖောရက်စ်မှာလည်း ဆီးနှင်းကတော့ အမြဲဝေ ပါတယ်။ မိုးကတော့ တနှစ်ပတ်လည်လုံးလိုလို ရွာတတ်ပေမယ့် နွေကာလတွေမှာ မိုးလေကင်းစင်ချိန် တော်တော်များများ ရှိတတ်ပါတယ်တဲ့၊ မောင်ရင်ငတေတို့သွားခဲ့တဲ့အချိန်က နွေဝင်စ ဂျွန်လဆိုတော့ ဆီးနှင်းတွေတော့ မတွေ့ခဲ့ရပါဘူး။ ဆောင်း တွင်းကာလဆိုရင်တော့ နှင်းလျှောလာစီးကြတဲ့ ကလေးလူကြီး မိသားစုတွေနဲ့ ရှုပ်ရှက်ခပ် စည်ကားနေတဲ့ နေရာပါ။ အခုချိန် နွေကာလကတော့ အပင်ပန်းခံ အမောခံနိုင်ကြတဲ့ တောင်တက်သမား စက်ဘီးသမား တချို့တလေရယ် အေးအေးဆေး ဆေးနဲ့တောင်ပေါ်အလှကို လာခံစားကြတဲ့ ခရီးသည်တွေရယ် မောင်ရင်ငတေတို့လို လျှပ်တပြက်ရောက်လာ တတ်တဲ့ ခရီး သွားတချို့ရယ် ဒေသခံတွေရယ်နဲ့  မစည့်တစည်ပါ။

ဒီလိုအချိန်တွေမှာကတော့ အဲဒီဘလက်ဖောရက်စ်ရဲ့ အသာယာအလှပဆုံး အချိန်တွေပါတဲ့၊ လေနုအေများ ခပ်ဖြေးဖြေး ခပ်မှန်မှန် တိုက်နေတဲ့အချိန် မိုးကောင်းကင်ပြာပြာ တိမ်ဖြူဖြူတွေနဲ့ ဘလက်ဖောရက်စ်ရဲ့ တောစဉ်တောင်တန်းတွေဟာ ကြည့်လို့ အလှဆုံး ကြည့်လို့မဝနိုင်ဆုံး အချိန်တွေပါတဲ့။


အောက်စ်ဘုဂ်မြို့အထွက် Lechbrücke တံတားနီ (ဓါတ်ပုံ မရငတ)

အဲဒီနေ့က မောင်ရင်ငတေတို့ ခရီးစတင်ခဲ့တာက ဘိုင်ယန်ပြည်မြူးနစ်မြို့နားက Augsbourg မြို့ပါ။ ဂျာမဏီရဲ့ အရှေ့ တောင်ပိုင်းမှာ ရှိပါတယ်။ ဦးတည်သွားရမယ့် လမ်းကြောင်းက ဂျာမန်မြို့ Kehl နဲ့ ပြင်သစ်မြို့ Strasbourg နယ်စပ်မြို့ အမွှာ ဆီသို့ပါ။ ပုံမှန်အများသုံး အမြန်ဟိုင်းဝေးလမ်းကတော့ A8(Autobahn8) အတိုင်း Stuttgart မြို့ကိုဖြတ် ဘလက်ဖောရက်စ် တောင်တန်းမြင့်မြင့်တွေကို ပတ်ရှောင်ကွေ့ပြီး မြောက်ဘက် Karlsruhe, Saarbrücken မှတဆင့် ပြင်သစ်နယ်ကိုဝင် Metz ကိုဖြတ်Autoroute A4 သို့မဟုတ် Autoroute de l’Est အတိုင်း ပါရီသို့ ဦးတည်မောင်းပြန်ကြတာပါ။ ခရီးဝေးသွား လိုင်း ဘတ်စ်ကား ပါရီ-ဖရန့်ဖွတ် ပါရီ-မြူးနစ် ပါရီ-ပရာဟာ လိုင်းကားတွေ အဲဒီအမြန်လမ်းကြောင်းကို အများအားဖြင့် အသုံးပြုလေ့ ရှိပါတယ်။

ဒီခရီးမှာတော့ အသွားခရီး အမြန်လမ်းကမောင်း အပြန်မှာ အေးအေးဆေးဆေး ကျေးလက်လမ်းကနေပြီး နားနားနေနေနဲ့ ပြန်ကြတာပေါ့ဆိုပြီး ကားမောင်းသူ ကားအုံနာ မောင်ရင်ငတေ့ရဲ့မိတ်ဆွေက ပြောလာလို့ ရေးဆွဲဖြစ်တဲ့ ခရီးလမ်းကြောင်းပါ။ မောင်ရင်ငတေက ကပ်လိုက်စီးသူတဦးသာပါ။

မောင်ရင်ငတေ့စိတ်ကြိုက် လမ်းကြောင်းဆွဲတယ်ဆိုပေမယ့်လည်း ကီလိုမီတာ ခွန်နှရာ့ရှစ်ဆယ်ခန့် ဝေးတဲ့ခရီးကို မောင်းရ မယ့်အချိန်က ရှစ်နာရီအနည်းဆုံးရှိတာမို့ ဘလက်ဖောရက်စ်တောင်တန်းကို ရောက်မှသာ ကျေးလက်တောလမ်းက တက်ဖို့ ဆုံးဖြတ်ပြီး Bundesautobahn (A8) လမ်းမကြီးအတိုင်းမောင်းလာခဲ့ကြပါတယ်။ ၁၉၃၀ ခုနှစ်များထဲက ဖောက်လုပ်ခဲ့တဲ့ ဒီအမြန်လမ်းမကြီးက ဒီကနေ့ အထိ ပြုပြုင်နေဆဲ တိုးချဲ့ဖောက်လုပ်နေဆဲကို နေရာအများအပြားမှာ တွေ့ရှိရပါတယ်။

ညကိုးနာရီဆယ်နာရီ ပါရီပြန်ဝင်ရင်ရပြီဆိုတော့ လမ်းမှာနားချိန်က လေးငါးနာရီလောက် ရပါတယ်။ အောက်စ်ဘုဂ်ဟော် တယ်က ဘရိတ်ဖတ်စ်စားပြီး ထွက်လာတော့ မနက် ခွန်ခွဲကျော်ကျော်သာ ရှိပါသေးတယ်။ ဂျွန်လကုန် ဆိုတော့ အပူချိန်က သိပ်မပြင်းသလို မိုးလေကင်းရှင်းတဲ့ ရက်ဖြစ်လို့ ဂျာမန်တို့ရဲ့ အပြာရောင် မိုးကောင်းကင်က အတော် ကြည်လင် သာယာနေ ပါတယ်။

 

Bundesautobahn 8 (BAB 8) (Autobahn 8) (A 8) (ဓါတ်ပုံ မရငတ)

 

Bundesautobahn 8 (BAB 8) (Autobahn 8) (A 8) (ဓါတ်ပုံ မရငတ)

 

“Freie Fahrt für Freie Bürger”  “Free Driving for Free Citizens” (ဓါတ်ပုံ မရငတ)

 

“Freie Fahrt für Freie Bürger”  “Free Driving for Free Citizens” (ဓါတ်ပုံ မရငတ)

ခပ်ဖြူဖြူနဲ့ ခပ်ပါးပါး တိမ်ထုတချို့သာရှိတဲ့ အပြာရောင် မိုးကောင်းကင်ကြီးက တရိပ်ရိပ်ပြေးနေတဲ့ ကားရှေ့မှန်ကနေ ကြည့်ရင်း ကြည့်ရင်းမှာ ပို၍ပို၍ ကျယ်ပြန့်လာတယ် ထင်မိရပါတယ်။

“Freie Fahrt für Freie Bürger”  “Free Driving for Free Citizens” (ဓါတ်ပုံ မရငတ)

Munich-Stuttgart ဆက်သွယ်ထားတဲ့ ဂျာမန် Autobahn A8 အမြန်လမ်းမကြီးကတော့ ကျယ်ပြန့် ဖြောင့်ဖြူးလှတယ် ပြောနိုင်ပါတယ်။ တခြား ဥရောပနိုင်ငံတွေနဲ့ နှိုင်းစာရင် တောင်ကုန်းတောင်တန်း နည်းပါးတယ်ပြောနိုင်ပြီး တနိုင်ငံလုံးလိုလိုက မြေပြန့်ကုန်းပြင်မြင့်ကြီးလို ဖြစ်နေတာကြောင့် လမ်းမ ကြီးတွေက ပိုမိုဖြောင့်ဖြူးနေဟန် တူပါတယ်။ အမြန်လမ်းမကြီးတွေ ဖောက်လုပ်ခဲ့တာ ဂျာမန်မြေမှာ အစောဆုံးလို့ ပြောကြသလို ဒီကနေ့မှာ အကောင်းဆုံး လမ်းမကြီးတွေ ပိုင်ဆိုင်ထားတယ်ဆိုတာကို ကန့်ကွက်နိုင်စရာ တကွက်မျှ မရှိလောက်ပါဘူး။

ထူးခြားတာက ဂျာမန် အမြန်လမ်းမကြီးတွေပေါ်မှာ တနာရီ ဘယ်နှကီလိုမီတာသာ မောင်းရမယ်လို့ ကန့်သတ်ချက် မရှိပါ ဘူး။ ဒါပေမယ့်လည်း တနာရီ ၁၃၀ ကီလိုမီတာထက်တော့ ကျော်မမောင်းသင့် ပါကြောင်း ပညာပေးတွေ ရှိပါတယ်။ ဂျာမန် အမြန်လမ်းတွေပေါ်မှာ မောင်းချင်သပဆိုပါက တနာရီ ကီလိုမီတာသုံးရာထိ စိတ်တိုင်းကျ မောင်းချင်ရင်လည်း ကိစ္စမရှိပါ ကြောင်း ဂျာမန်လမ်းမကြီးတွေက စိတ်ချရပါကြောင်း ပြောကြသလို ဂျာမဏီရဲ့ ကမ္ဘာ့အကောင်းဆုံးသော ကားတွေကို စိတ်ရှိလက်ရှိနဲ့ စိတ်ထင်တိုင်းကြဲ မောင်းချင်ကြတဲ့ ကားမောင်းခရေဇီ ဂျာမန်ကြီးတွေရဲ့ ဆောင်ပုဒ်ကတော့ “Freie Fahrt für Freie Bürger” “Free Driving for Free Citizens” ပါ။

ဒါကြောင့် ဂျာမန်လမ်းမကြီးတွေ ပေါ်မှာ ဝေါကနဲအသံမြည်ပြီး ကားဖင်မီးနီနီလေးက တခဏနဲ့ ပျောက်သွားတတ်တာမျိုးကို အဆန်း လုပ်၍ ပြောမနေကြပါနဲ့တဲ့ ခင်ဗျား။

 

Toll Bar in Romania (1877) (Photo Google)

နောက်တခုကတော့ လမ်းကြေး ကောက်ခံတဲ့ ဝါးတားဂိတ်တွေလည်း မရှိပါဘူးတဲ့၊ ဒါပေမယ့်လည်း (ဂျာမန်တွေလည်း ဘိုင်ပြတ်လာကြလို့ ထင်ပါရဲ့) များမကြာခင်မှာတော့ လမ်းကြေးလမ်းအခွန်တွေ ကောက်ခံတော့မယ့်ဆိုပြီး လွှတ်တော်ထဲမှာ ဆွေးနွေးငြင်းခုန် နေကြပါတယ်တဲ့၊ (ကုန်တင်ကားကြီး များကတော့ ၂၀၀၃ ခုနှစ်ထဲက လမ်းကြေး ကောက်ခံခဲ့တာပါ။) အဲလို လမ်းခွန်ဥပဒေကို အတည်ပြု နိုင်ခဲ့ပါပြီ ဆိုလာရင်တော့ ဂျာမန်ကြီးတွေရဲ့ “Freie Fahrt für Freie Bürger”  “Free Driving for Free Citizens” “Germany Lovely Free Long Motorways” ဆောင်ပုဒ်ကြီးများတို့ မြောင်းထဲသို့ ရောက်သွားပြီ ပြောရတော့ပါမယ်၊ ဂျာမဏီလို လမ်းခွန်မရှိတဲ့ နယ်သာလန် ဘယ်လ်ဂျီယံ လူဇမ်ဘူး တို့လို့ နိုင်ငံလေးတွေကလည်း ဂျာမဏီကြီးကို စောင့်ကြည့်နေကြမှာ အမှန်ပါ။ လမ်းခွန် ကောက်ကြ တာကတော့ အခုမှ မဟုတ်ပါဘူး။ ဟိုးအရင် ခရစ်တော်မပေါ်ခင်ကာလက လှည်းလမ်းကြောင်းတွေ ဖုန်တထောင်းထောင်းထတဲ့ ခေတ်ထဲက ဥရောပမှာ ရှိခဲ့တာပါတဲ့။

ဂျာမန်တို့ရဲ့ လမ်းခွန်ကောက်မယ့် စနစ်က ဝါးလုံးတချောင်းရင်း ပြေစာမပေး ဘာမပေး ဝါးတားဂိတ်မျိုး မဟုတ်သလို ပြင်သစ် စပိန် အီတလီတို့လို့ Highway Toll Gate ဂိတ်ကြီးတွေထား ပိုက်ဆံတွေပေးပြီး ဖြတ်ရမှာမျိုးလည်း မဟုတ်ပါဘူး။ သြစတြီးယား ဆွစ်ဇာလန် ဟန်ဂေရီ ချက် တို့လို ရက်ပေး လပေး နှစ်ပေးစနစ် ဖြစ်ဖို့များပါတယ်။ အဲဒီစနစ်က မသိလို့ ကြိုဝယ်မထားမိရင် စစ်ဆေးရေးနဲ့ တွေ့ပါက ဒဏ်ငွေဆောင်ရကိန်း ဆိုက်တတ်တဲ့ စနစ်မျိုးပါတဲ့၊ ပြင်သစ်ကနေ ဂျာမန်မြေကိုဖြတ် ဆွစ်မြေ အရောက်မှာ ကွက်တိမိလို့ ဒဏ်ဆောင်ခဲ့ရဖူးသူတွေ အများအပြားပါတဲ့။

Bundesautobahn 81 (BAB 81) (Autobahn 81) (A 81) (ဓါတ်ပုံ မရငတ)

မောင်ရင်ငတေလည်း ဘလက်ဖောရက်စ်ကိုသွားတာ ဘလက်ဖောရက်စ် မရောက်ပါဘဲ လမ်းမကြီးတွေအကြောင်း နားညည်းအောင် ပြောနေသလို ဖြစ်နေပါပြီ၊ အဲဒီလမ်းမကြီး အောက်စ်ဘုခ် မြူန်ရှန် စထရပ်ဘူးရ် ဂျာမန် ဟိုင်းဝေးအမှတ် (အေ ရှစ်) လမ်းအကြောင်း သီးသန့် ရေးတို့ထားတာလေးကို အဆုံးသတ် ရေးပါဦးမယ်၊ အခုတော့ ဘလက်ဖောရက်စ် တောင်ဖြတ် လမ်းခွဲဆီသို့ သွားကြပါစို့။

Augsbourg-Stuttgart က ကီလိုမီတာ ၁၆၀ ကျော်ကျော်မျှ ဝေးပါတယ်။ စတူးဂတ် မရောက်ခင်မှာဂျာမန် Autobahn အမြန်လမ်းကခွာပြီး ဘလက်ဖောရက်စ်ဆီသို့ ဦးတည်၍ မောင်းသွားကြပါတယ်။ ပထမ ခွဲထွက်တဲ့လမ်း Autobahn 81 ကလည်း အမြန်လမ်းမ တခုမို့လို့ မြင်ကွင်းတွေက သိပ်မထူး  လှသေးပါဘူး။ အဲဒီ A81 အတိုင်း ဆက်မောင်းသွားပြီး သိပ် မကြာခင်မှာတော့ Bundesstraße 28a လမ်းဆုံ လမ်းခွဲနားသို့ ရောက်လာပါပြီ၊ အဲဒီ နေရာကစပြီး မြင်ကွင်းတွေ စတင် ပြောင်းလဲလာပါပြီ။

တောရနံ့ တောင်ရနံ့ ရလာလေပြီလို့ ဆိုရပါမယ်၊ ဂျာမဏီမှာတော့ တောတောင်ထူထူရှိတဲ့ အရပ်လို့ ပြောကြပေမယ့် လမ်းတွေဖောက်တံတားတွေဆောက် ထားကြလို့လား မသိပါဘူး သွားရေးလာရေး လွယ်ကူသလို တောတောင်ကလည်း သိပ်ထူ သိပ်နက်တယ်လို့တောင် မထင်မှတ်ရတော့ပါဘူး။

Bundesstraße B28a (ဓါတ်ပုံ မရငတ)

မောင်ရင်ငတေ ဥရောပခရီး သွားဖူးသမျှ ရောက်ဖူးသမျှ အမြန်လမ်းမကြီးတွေရဲ့ နဘေးမှာ အတွေ့ရ များတာကတော့ ဂျုံခင်းပြောင်းခင်း ပန်းနှမ်းခင်း သကြားမုန်လာခင်းတွေကိုသာပါ။ လမ်းမကြီးတွေ ပြန့်ပြူးတဲ့ မြေပြင်ရှိရာ နေရာတွေကိုသာရွေး ဖောက်လုပ်ကြစမြဲမို့ ထင်ပါရဲ့၊ စပျစ်ပင်တို့ လိမ္မော်သီး ပန်းသီး ဆီးသီး အသီးပင်တွေကိုတော့ လမ်းမကြီးတွေ ဘေးမှာ တွေ့မြင်ရလေ့ မရှိတတ်ပါဘူး။ ဒီလို တောင်ကုန်းတောင်ခြေတွေနား ရွာလေးတွေနား တောမြို့လေးတွေနား ကွေ့ပတ်ဝိုက်ခါ ဖောက်ထားတဲ့ ခပ်သေးသေး ကျေးလက်လမ်းလေးတွေဆိုရင်တော့ အသီးပင်မျိုးစုံကို တွေ့ရတတ်ပါတယ်။

Bundesstraße B28a လမ်းက အမြန် Autobahn အော်တိုဘန်းလမ်းမ မဟုတ်ပါဘူး။ အသွားလမ်း အပြန်လမ်း တလမ်းစီ သာရှိတဲ့ ခရိုင်လမ်းအဆင့်လမ်းပါ။ လမ်းတဘက်တချက်မှာလည်း အတားဆီး အကာရံမရှိ စိုက်ခင်းလယ်ကွင်း တွေမို့လို့ ကားခဏရပ်နား အမောပြေ အေးမြတဲ့လေကို ရှုရှိုက်ခဲ့ကြပါသေးတယ်။ ရသမျှအချိန်လေးလု ဇိမ်ခံရခြင်းပေါ့၊ ကျေးလက်ကို သဘောကျသလားမေးရင် ကျပါတယ် အဖြေက ချက်ချင်းရှိပါတယ်။ ကျေးလက်မှာ အမြဲနေမလားဆိုလာရင် မနေနိုင်ပါဘူး လို့သာပါ။

ဒီကနေ့ ဥရောပဆိုတာက မရှိမဖြစ်တဲ့ ရေ မီး လမ်း ဆက်သွယ်ရေး အသုံးအဆောင် ပစ္စည်းတွေ ရရှိနိုင်မှုမှာ  မြို့ပြနဲ့ ကျေး လက်ကွာဟမှု မရှိသလောက်ပါ။ သို့သော်လည်း မောင်ရင်ငတေ့အတွက်က အကြောင်းကြောင်းကြောင့် ကျေးလက်ဒေသ မှာနေဖို့ မဖြစ်နိုင်သေးတာကြောင့် အခုလိုရောက်တုန်းအချိန်လေးတွေမှာ သဘာဝလေကို ရှုရှိုက် သဘာဝအလှကို ခံစား ဒါကလည်း ရသမြောက်တဲ့စိတ်ကျေနပ်ဖွယ်ရာ အချင်းအရာတခု မဟုတ်ပါပေဘူးလား ခင်ဗျား။

Bundesstraße B28a (ဓါတ်ပုံ မရငတ)

ဒီလို နေရာမျိုး သွားမနေချင်ဘူးလား မေးလာရင်တော့ သွားတော့ နေချင်တာပေါ့ဗျာ၊ ရေ မီး အစုံနဲ့ တလ ကိုးသီတင်း လောက်ပေါ့၊ အဲထက် ကြာလာရင်တော့ ခြေမငြိမ်တတ်တဲ့ အပေါင်းအသင်းမက် တတ်တဲ့ မောင်ရင်ငတေ အာမ မခံရဲပါဘူး။ အဲလို နေရာမျိုးတွေမှာ ရက်ပိုင်းလောက် တလလောက် ပြောင်းပြောင်းပြီး နေချင်စိတ်တော့ ရှိတာပေါ့လေ၊ ဒီလောက်လှပတဲ့ နေရာမျိုးတွေ ဘယ်မနေချင် စိတ် ရှိပါမလဲ၊ ဘီလျှံနာ ဘောဇိတွေလို အဆောင်ဆောင် အခန်းခန်းနဲ့ နွေ မိုး ဆောင်း ရာသီ စံအိမ် တော်ကြီးတွေနဲ့တော့ မနေပါရစေနဲ့ ဆယ်ပေပတ်လည် အခန်းလေးနဲ့ ဆက်သွယ်ရေးကောင်းတယ် ဆိုရင်ကို နေနိုင်ပါတယ်။

အခုတော့ မောင်ရင်ငတေရဲ့ ကိုယ်ပိုင်ဘတ်ဂျက် ခွင့်ပြုချက်အရ တတ်နိုင် သလောက် တညအိပ်လေးနှစ်ညအိပ်လေး စိတ် အဆာပြေ သွားနိုင်သလောက်တော့ သွားခဲ့ပါသလို အပေါင်းအသင်း ရောင်းရင်းတွေရဲ့ ကျေးဇူးတော်နဲ့ ရောက်သင့်သလောက် ရောက်ခွင့် ရခဲ့တာတွေကို  ဘယ်တော့မှမမေ့ပါကြောင်း ဒီနေရာကနေ ကျေးဇူးစကား ပြောချင်မိပါတယ် ခင်ဗျာ။

ဒီလောက် ရောက်ဖူးခဲ့တာတွေက မောင်ရင်ငတေ့ ကိုယ်ပိုင်အရည်အချင်းထက် ဘော်ဒါတွေရဲ့ ကူညီဆောင်မ ကျေးဇူးတော် တွေကြောင့်သာမို့ ဆက်လက်ပြီး ကူညီကြပါဦး ခင်ဗျား။

Bundesstraße B14 (ဓါတ်ပုံ မရငတ)

Bundesstraße B28a လမ်းအတိုင်း ချိုးကွေ့မောင်းဝင်လာပြီး Eutingen im Gäu မြို့လေးမရောက်ခင်မှာ လမ်းနံပါတ်က B14 ဖြစ်သွားပါတယ်။ ကျေးလက်လမ်းတွေကို ခရိုင်လမ်းအဖြစ် တိုးမြှင့်တည် ဆောက်နေတာမို့ လမ်းပိုင်းတွေက ပြတ် တောက်ပြတ်တောက် ဖြစ်နေတာတွေ အများကြီးပါ။

B28a လမ်းကလည်း ထိုနည်းတူပါ။ အဲဒါကြောင့် ဋ္ဌာနေသမားတွေကလွဲလို့ တော်ရုံ ဧည့်သွားဧည့်လာတွေ သုံးလေ့မရှိတဲ့ လမ်းမျိုးတွေပါ။ ဒီကနေ့ ဂျီပီအက်စ်တွေ နေဗီဂေတာတွေမှာလည်း တခါတခါ လမ်းစ ပျောက်ပျောက်သွားတတ်လို့ ရွာလည် တယ်ဆိုတဲ့စကား ဒီနေရာမှာတော့ တယ်မှန်ပါလားဟ ပြောစမှတ်တွင်ရှိပါတယ်။ ရွာတောင်မှ တရွာမက သုံးလေး ငါးရွာ လည်တတ်တာမျိုးပါ။

ခက်တာက ဥရောပဆိုတာ လမ်းမှားနေလို့ လမ်းဘေးတွေ့တဲ့သူ ဆင်းမေးမရတဲ့ တိုင်းပြည်တွေပါ။ မောင်ရင်ငတေတို့ ထမင်းစားရေသောက်တတ်ခဲ့တဲ့ ဘိုစကား ယူ ဂိုး အိုင် ဂိုး ယူ နိုး အိုင် နိုး သုံးမရပါတဲ့နေရာတွေ ဒေသတွေက ခပ်များများပါ။ အဲတော့ ဆင်းမေးမနေနဲ့ လမ်းဆုံးရင် ရွာရောက်လိမ့်မယ်ထုံး နှလုံးမူပြီး သွားခဲ့ရတာမျိုးတွေကသာ များပါတယ်။ မောင်ရင် ငတေ ဆယ်စုနှစ်တခုလောက် ကျင်လည်ကျက်စား နေထိုင်ခဲ့တဲ့အိမ်ရဲ့ ဘေးလမ်းအမည် မောင်ရင်ငတေ မသိပါဘူး။ ဘေး လမ်းရဲ့ အမည်မသိသလို ဘေးအိမ်ကလူ ဘယ်သူဆိုတာ စိတ်ဝင်စားစရာမဟုတ်တာ ဥရောပသားတွေရဲ့ အနောက်တိုင်း သားတွေရဲ့အကျင့်လို့သာမှတ်ယူပြီး ဘယ်ရောက်ရောက် ဘယ်ပေါက်ပေါက် ကိုယ့်အားကိုယ်ကိုး ခရီးပေါက်အောင် သွားဖို့ ကိုသာမှတ်ပြီး မေးခြင်းမြန်းခြင်း အားမကိုးခဲ့တာ ကြာခဲ့ပါပြီ၊ မေးမြန်းလိုက်ခါမှ အဲဒီသူရဲ့ လမ်းညွှန်ရာလိုက်မှ တောင်မြောက် တလွဲတွေ ကြုံခဲ့ရပေါင်း များပါပြီ။

Bundesstraße B14  (ဓါတ်ပုံ မရငတ)

B14 လမ်းလေးအတိုင်းလိုက်လာပြီး ရွာကြီးတရွာနှစ်ရွာကို ဖြတ်ကျော်လာခဲ့ပြီးနောက် တောင်တက် တောင်ဆင်းလမ်းတွေစပြီ ပြောလို့ရပါပြီ၊ လမ်းကလည်း ပိုမို၍ကျဉ်းမြောင်းလာပြီး ဘေးနှစ်ဘက်မှာကလည်း စိုက်ခင်းပျိုးခင်းတွေ မရှိတော့ပါဘဲ အပင်ကြီးတွေ အတွေ့ရများလာပါပြီ။

လမ်းနဘေးမှာလည်း ဘလက်ဖောရက်စ် သင်္ကေတ ထင်းရူးပင်တွေ ဆောင်းအခါ အရွက်မကြွေတဲ့ အပင်တွေ ခပ်များများ တွေ့လာရပါပြီ၊ ဆောင်းအခါမှာတော့ အဲဒီအပင်ကြီးတွေရဲ့ ရွက်စိမ်းညို့ညို့တွေပေါ်မှာ ဆီးနှင်းဖွေးဖွေးဖြူတွေက ဖုံးလွှမ်းလို့ နေတော့ အရောင်နှစ်မျိုးရောယှက် လှပနေတာကို လမ်းနဘေးတလျှောက် မြင်တွေ့ခွင့် ရနိုင်ပါတယ်။ မောင်ရင်ငတေ တို့ ရောက်သွားချိန်က နွေကာလဆိုတော့ နေရောင်လွှမ်းတဲ့ ရွက်စိမ်းတောညိုတွေကိုသာ တွေ့မြင်ခွင့်ရခဲ့ပါတယ်။

လမ်းလေးတွေက အသွားအပြန် နှစ်လမ်းမောင်းဆိုပေမယ့် တချို့လမ်းကွေ့ နေရာတွေမှာ ခပ်ကျဉ်းကျဉ်း တလမ်းမောင်း သာသာရှိတာမို့ လမ်းဘေးနှစ်ဘက် အပင်တွေက ထပ်စပ်နေပြီး လမ်းပျောက်သွားလေပြီလား ထင်မှတ်မှားတတ်မိရတဲ့ နေရာမျိုးတွေပါ။

ဘလက်ဖောရက်စ် ထင်းရူးနက်တော (ဓါတ်ပုံ မရငတ)

ဘလက်ဖောရက်စ် တောနက်ဆီသို့ ရောက်ပါပြီ၊ တောနက်ရဲ့ ခါးလယ် အပေါ်ပိုင်းနားက ရှုခင်းသာနေရာလေးပါ။ ဒီလိုနေရာ မျိုး ဘယ်နှနေရာ ရှိမလဲတော့မသိပါ။ မောင်ရင်ငတေတို့ ရောက်ခဲ့တဲ့နေရာလေးကတော့ တော်တော်လှပါတယ်။ အတော် ဝေးဝေးထိ မျက်စေ့တဆုံး အုံ့ဆိုင်းမှိုင်းနေတဲ့ တောင်တန်းတွေနောက်ခံနဲ့ စိမ်းညို့နေတဲ့ ထင်းရူးနက် တောအုပ်တွေကို မြင်တွေ့နိုင်ပါတယ်။

အခုဒီလမ်းက ဘလက်ဖောရက်စ်ရဲ့ခါးလယ် မြောက်ပိုင်းမကျတကျကနေပြီး ဖြတ်သန်းသွားတာပါ။ မီတာတထောင်ကျော် အမြင့်မှာပါ။ တောတောင် အထူထပ်ဆုံးကတော့ ဆွစ်မြေနဲ့နီးတဲ့ တောင်ပိုင်း ခပ်ကျကျမှာ အရှိများတယ် ဆိုကြပါတယ်။ အဲဒီတောင်ဘက်ခြမ်း Feldberg (Schwarzwald) နယ်မြေကို ဖြတ်သန်းသွားတဲ့လမ်းကမှ ဒီထက် ပိုလှပသလို ဒီထက် ပိုစည်ကားတယ် ပြောကြပါတယ်။

အဲဒီ ဘလက်ဖောရက်စ် ဒေသဟာ ဒီကနေ့ ဂျာမဏီရဲ့ Holiday Destinations အခု နှစ်ရာ့ငါးဆယ် ကျော်သုံးရာထဲက အလှပဆုံး အသာယာဆုံးလို့ သတ်မှတ်ထားခံရတဲ့ ဒေသပါ။ တနှစ်ပတ်လည်ကို သူတို့ဂျာမန်တွေ အပါအဝင် ဧည့်ဦးရေက သန်းသုံးဆယ်မျှ ရှိပါတယ်ဆိုတော့လည်း မယုံနိုင်သူများ ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမယ့် Black Forest Tourism Association (Schwarzwald Verein) တည်ထောင်ခဲ့တာကိုက နှစ်ပေါင်း တရာ့သုံးဆယ် သက်တမ်း မှတ်တမ်းသက်သေ ရှိပါတယ်တဲ့။

ပြင်သစ် ဆွစ်ဇာလန်တို့နဲ့ နယ်မြေချင်းဆက်စပ်နေပြီး မနိမ့်လွန်း မမြင့်မားလွန်းတဲ့ တောင်တန်းတွေ ကြားက ရေခဲပြင်တွေ ကြောင့် နှင်းလျှောစီးတဲ့ စကီးစတေရှင်တွေ ဖွင့်ပြီး စီးပွားဖြစ် လုပ်ကိုင်လာတဲ့ ကမ္ဘာ့ပထမဦး နေရာပါတဲ့၊ ဒီကနေ့ ဆွစ်အဲလ် တောင်တန်းများပေါ်က စကီးစီးတဲ့ နေရာတွေဟာ အဲကာလက သွားလာရေး ခက်ခဲသေးလို့ တော်ရုံလူ မရောက်နိုင်တဲ့ နေရာအဆင့်သာ ရှိပါသေးတယ်။

ဘလက်ဖောရက်စ် နှင်းလျှော စကီးစီးတဲ့ လုပ်ငန်းရဲ့ အားသာချက်ကတော့ အဲလ်တောင်တန်းတွေ ပေါ်က ဒီကနေ့ နာမည် ကျော် နှင်းလျှောစီးတဲ့ ရေခဲတောင်တွေလို မြင့်မားလွန်းလှတဲ့ နေရာတွေမှာ တည်ရှိနေခြင်းမဟုတ်ပါဘဲ မကျွမ်းကျင် သူများအတွက် အန္တရာယ်နည်းပါးခြင်းကြောင့် အပျော်တမ်း ရေခဲတောင် ရောက်ဖူးချင်သူ စကီးစီးဖူးချင်သူများ ပိုမို အ လာများ လာရခြင်းပါတဲ့။

ဘလက်ဖောရက်စ် ထင်းရူးနက်တော (ဓါတ်ပုံ မရငတ)

သိပ်မနိမ့် သိပ်မမြင့်မားလွန်းတဲ့ တောင်တန်းတွေဟာ နွေရာသီမှာ တိမ်ဖြူတိမ်ဆိုင်တွေ တိမ်ပြာပြာ တွေကြောင့် လှပနေ တတ်သလို ဆောင်းအခါမှာတော့ မြူခိုးနှင်းခိုးတွေရဲ့ကြား လှပစွာနဲ့တွေ့မြင်ခွင့် ရနိုင်တာကြောင့် တစတစ နာမည်ကြီး လာတယ် ဆိုပါတယ်။ ဒီနေ့ခေတ် နောက်ပိုင်းတော့ လမ်းပန်းခရီးတွေ ဆက်သွယ်ရေးတွေ တိုးတက်ကောင်းမွန်လို့လာတာနဲ့အမျှ အကွက်မြင်သူ လျှင်သူတွေကတည်းခိုရာလေးတွေကို တောထဲ တောင်ထဲ တောစောင်း တောင်စောင်း လယ်ကွင်း စိုက်ခင်း ရွာနီး ချုပ်စပ် အိမ်နောက်ဖေးမကျန် ဖန်တီးငှားရမ်း လာခဲ့ကြတာကြောင့် ဒီကနေ့မှာ တည ဧည့်တသိန်းခွဲ ခန့်လောက် အိပ်ဖို့ နေရာတွေ ရှိပါတယ်တဲ့ ဒီလို တောကြိုခြုံကြား မွေးဖွားလာကြတဲ့ ဥရောပသား ခေတ်လူငယ်များကလည်း ကိုယ့်ရွာကိုယ့်မြေကိုစွန့် တပြေတရွာသို့ ထွက်သွားကြတာ များလာတဲ့ ခေတ်မှာ မြေလွတ် ခြံလွတ် အိမ်လွတ်တွေကို အလကားမထား ငွေပေးငှားဖို့ လာလည် ချင်ကြသူတွေကို ဆွဲဆောင်နိုင်အောင်လည်း အပြိုင်အဆိုင် ကြိုးစားခဲ့ကြပါတယ် ဆိုပါတယ်။

ဒီကနေ့ ဟော်တယ်လုပ်ငန်း ဆိုတာမျိုးက ဇုံကြီးတွေ ဘာကြီးတွေဖွင့် တောကီကောင်းကောင်းပြော အကောင်ကြီးကြီးတွေနဲ့ လက်ဝါးခြင်းရိုက်လို့ ပေါင်းလုပ်စားနိုင်မှ ဟော်တယ်လုပ်ငန်း မဟုတ်ပါဘူး။

ကိုယ့်အိမ်ခန်းလေး ကိုယ့်တိုက်ခန်းလေး ဆယ်ပေပတ်လည် ဖြစ်ဖြစ် နေသူမရှိ လွတ်နေရင် တရက် တပတ် တလ တနှစ် ဖြစ်ဖြစ် အငှားချ ရသမျှငွေလေး အခွန်ဖဲ့ဆောင်လိုက်ရင် ဟော်တယ် လုပ်ငန်းသတ်မှတ်လို့ ရပါပြီ၊ အခြေခံ ရေမီးလမ်း ဆက်သွယ်ရေးက ရှိပြီးသားဆိုတော့ ထည့်တွက်စရာတွေ သိပ်မရှိပါဘူး။ ရှိပြီးသား ကိုယ့်အခန်းလေးကို လှတပတ သပ်သပ်ရပ်ရပ်လေးလုပ် ငှားစားကြတာမျိုးဆိုတော့ တောထဲတောင်ထဲက အိမ် ခြံ မြေ အလွတ်တွေ ဒီအလုပ်လုပ်စားလို့ ရလာကြတဲ့ခေတ်ပါ။

 

သာယာသော လှပသော အေးးချမ်းသော ဘလက်ဖောရက်စ် တောနက်အလယ်   (ဓါတ်ပုံ မရငတ)

အဲဒါကြောင့် ကျောက်မီးသွေးခေတ်ထင်းမီးခေတ်အခါက တဝက်နီးနီး ပြောင်သလင်းခါသွားတဲ့ အဲဒီ ဘလက်ဖောရက်စ် ထင်းရူးနက်တောကြီးဟာ သဘာဝ ထင်းရူးနက်တော လူလုပ် ထင်းရှုးတော အပင်ကြီးတွေကြားမှာ တခြားသော ရွက်ကြွေ ပင် မျိုးစုံ သီးပင် စားပင် ပန်းအလှပင်တွေကို သဘာဝအတွက်လည်းစိုက် အလှအပအတွက်လည်းစိုက် စိတ်ချမ်းသာဖို့အတွက် စိုက် စီးပွားဖြစ်လည်းစိုက် ဧည့်လာစေဖို့လည်းစိုက် တစိုက်မတ်မတ် စိုက်လာကြတဲ့ စိုက်သူပျိုးသူတွေက အားလုံးလိုလို ဆိုတော့ ဘလက်ဖောရက်စ်ကြီး သာယာလှပလို့ လာခဲ့တာက အဆန်းတကျယ် မဟုတ်တော့ပါဘူးလေ။

မောင်ရင်ငတေလည်း ပါလာတဲ့ ဂျာမန်ဘိုင်ယန် ငါးဆယ်စီစီ ဖွိုက်ပါဆန့်  သံဗူးလေးကို ဖွင့်မော့ရင်း ရသမျှ အချိန်လေးလု ငေးရင်းနဲ့ အတွေးတွေပွား နေမိတာပေါ့၊ ဒီလို ဘလက်ဖောရက်စ် ထင်းရူးနက် တောတန်းကြီးကို ကျော်ဖြတ်သန်းနေသခိုက်မှာ မောင်ရင်ငတေ့ အတွေးထဲ ဝင်လာတာက တခါက ခရစ်သက္ကရာဇ် ကိုးဆယ်နှောင်းပိုင်း ကာလများက ပဂိုးရိုးမ တောလမ်း ကြမ်းကို ဖြတ်ကျော်ဖူးခဲ့တာကိုပါ။ မေ့လို့နေခဲ့တာ ကြာပြီဖြစ်ပေမယ့် တိုက်ဆိုင်လာလို့ စိတ်ထဲချက်ခြင်းပြေးဝင် သတိရလာ မိတဲ့ မှတ်မှတ်ရရ အကြောင်းအရပ်တခုပါ။

အဲဒီတုန်းက အတူသွားခဲ့တဲ့ ကိုခင်ဝမ်းတို့မြို့က မောင်ရင်ငတေ့ ရောင်းရင်းကြီးများ မျက်နှာတွေကို ပြေးမြင်ယောင်လို့ လာမိပါတယ်။ အဲဒီတုန်းက မောင်ရင်ငတေတို့ သောက်ဖော်သောက်ဖက်တသိုက် ဟိုင်းလက်စ်ကား အမိုးဖွင့် ဖိုးဝှီးတစင်းနဲ့ သွားခဲ့ဖူးတဲ့  ပဂိုးရိုးမ တောလမ်းကြမ်းက ကိုခင်ဝမ်းတို့မြို့ နောက် ဝက်ထီးကန် ပေါင်းတလည် ချောင်းဂေါင်း ပေါက်ခေါင်းမှ တဆင့် ရိုးမကိုကျော်ဖြတ်လို့ သွားခဲ့ကြတဲ့ ခရီးကြမ်းတခုပါ။ မောင်ရင်ငတေ မှတ်မိတာက သိပ်များများ မရှိပါဘူး။ ရည်ရွယ် ချက်ကမရှိသွားကြမယ် ဟေ့ဆိုလို့သာ သွားဖြစ်ခဲ့ကြပြီး တောအကြောင်း တောင်အကြောင်း လမ်းအကြောင်းဘာမှ ချက်ချင်း ဒီကနေ့လို ကြိုကြည့်စရာ ဖုန်း အင်တာနက် ရှိမှမရှိတာကိုး၊ မှတ်မိခဲ့တာ တခုတော့ ထင်ထင်ရှားရှား ဒီကနေ့ထိ ကျန်ရှိတာက မင်းတို့ပြောတဲ့ ပဲဂိုးရိုးမကြီးကကွာ ဖုန်တထောင်းထောင်းငါတို့ အညာလမ်းထက်တောင် ဆိုးပါ့လို့ပြောတဲ့ ချစ်မိတ်ဆွေ မြေလတ်သားကြီးရဲ့ အသံကိုပါ။

အဲဒီ ပဂိုးရိုးမတောင်ကတုံးကို မောင်ဖုံးဖို့လာပါပြီ ပြောခဲ့တဲ့ မောင်ရင်ငတေ့ချစ်ဘော်ဒါကြီးလည်း မရှိတာ ကြာခဲ့ပါပြီ၊ ခုတော့ အဲဒီ တောင်ကတုံး ရောင်ထုံးဖို့ ပြင်နေတယ် ကြားရုံနဲ့ ဝမ်းသာမိပါရဲ့။

 

ဘလက်ဖောရက်စ် ထင်းရူးတောနက် (ဓါတ်ပုံ မရငတ)

အဲလို တွေးနေရင်း သွားမယ် သွားမယ် ဆင်းမယ် လာပြောတော့ ထိုင်တွေးနေရာက မထချင်ထချင် နဲ့ထ သောက်လက်စ ဒူးယားစီးကရက်ကို မီးထိုးသတ်လိုက်ပြီး ကားပေါ်တက် မောင်း ထွက်လာခဲ့ကြပါတယ်။ အဲဒီနေရာ ရှုခင်းသာက ဒီလမ်းမှာ အမြင့်ဆုံးနေရာ ထင်ပါရဲ့၊ အနိမ့်ပိုင်းကို တောက်လျှောက် ကုန်းဆင်းတွေ ချည်းဖြစ်ပြီး တဖြေးဖြေး ကွေ့ပတ် ဆင်းလဲာ့ကြပါတယ်။

လမ်းတွေက ကျဉ်းပေမယ့် လမ်းကကောင်းသလို ကားကောင်းတွေကြောင့် မောင်းရသက်သာလှပါ ကြောင်း မောင်ရင်ငတေ့ မိတ်ဆွေကြီးက မောင်းပြောပြောနေပါတယ်။ သူရဲ့ ရွှေပြည်ကြီးမှာတုန်းက မောင်းခဲ့ဖူးတဲ့ လမ်းတွေနဲ့ နှိုင်းပြော ပြောနေတာ ပါ။ အဲတုန်းက သူမောင်းခဲ့တဲ့ ကားတွေက ရွှေပြည် အဆင့်နဲ့ဆိုရင် အတော်လေး စာရင်းဝင်တဲ့ အဆင့်တွေသာပါ။ ဒါတောင် မှ မောင်းရတာ မတူဘူး ကွ မလွယ်ဘူး ဟ လို့ ပြောပါတယ်။ အဲဒီလို သူပြောတော့ မောင်ရင်ငတေ ၁၉၈၀ ခုနှစ်ကျော်နှစ်များက စီးခဲ့ဖူးတဲ့ ကလော တောင်ကြီး မန္တလေး မေမြို့ ပုပ္ပား တောင်သာ မြင်းခြံ နယ်တကျောက ပေတရာ လမ်းမများပေါ်က ခါးရှည်ထီ လာဂျစ်ကား မောင်းသမားများရဲ့ မောင်းနေတဲ့ ပုံစံကိုတောင် ပြန်လည် ပြီးတော့ စိတ်ထဲမြင်ယောင် အမှတ်ရလာ မိပါသေးတယ်။ ဘယ်တူပါ့မလဲလေ၊

ဂျာမဏီမိတ် အော်ဒီ ကြီးနဲ့ ထီလာမိတ် ဂျစ်ခါးရှည်ကို နှိုင်းမပြောချင် မိတော့ပါဘူး။ ကြာကြာစီးရင် မောင်ရင်ငတေလည်း ခရိုဏီရှေ့နေအဖြစ် ဘဝပြောင်း သွားနိုင်ကြောင်းပါ။ အဲဒီလို ထီလာဂျစ် မန္တလာဂျစ် ခါးရှည်ကြီးတွေ အကြောင်းနဲ့ ငါးပိသိပ် ငါးချဉ်သိပ် ပန်းခြင်းကြီးတွေ သီးနှံတောင်းတွေရဲ့ကြား စီးနင်းလိုက်ပါဖူးခဲ့တဲ့ သုံးထပ်ကွေ့ ခြောက်ထပ်ကွေ့ ပေတရာလမ်းမများပေါ်က မောင်ရင်ငတေတို့ရဲ့ ဘဝအကြောင်း ပြန်ပြောင်းပြောရင် အခန်း ဆက် ဝတ္ထုရှည် တပုဒ်စာမက ရှည်နိုင်ကြောင်းပါ။

အေးဆေးချမ်းသာ ဇိမ်ခံပါ (ဓါတ်ပုံ မရငတ)

တွေ့မြင်ခဲ့ရတာတွေထဲ မှတ်တမ်းပုံလေးတခုရဲ့အကြောင်း ထည့်ရေးချင်မိပါသေးတယ်။ ထင်းရှုးနက်တောလမ်းကျဉ်းကျဉ်း လေးတခုမှာ တွေ့ရှိမှတ်တမ်းတင်မိခဲ့တဲ့ ပုံပါ။ မှတ်မှတ်ရရပါ။ ဒေသခံတွေလား ဧည့်သည်တွေလားတော့ မခွဲခြားတတ် ပါဘူး။ စားထားတဲ့ အအီ အဆီ အဆိမ့်တွေ ချိုချို ချဉ်ချဉ် ငံငံ စပ်စပ်တွေ ဒဏ်ကြေအောင် ဒီလိုတောနက်ထဲမှာ ပျင်းအိပျင်းတွဲအိတ်စ်ဆာဆိုက်လုပ် ဝိတ်ချနေသူ တွေလည်း တွေ့ခဲ့ရပါသေးတယ်။ အင်းလေ ဘာပြောပြောပါ။ မောင်ရင်ငတေတို့လို မြို့ပြကြွက်တွင်း ရှည်မျောမျောထဲမှာ မွန်းပိတ်ကျပ်သိပ် ညစ်ထပ်နေတဲ့ လေထုကြီးကို ရှုရင်း ဘဝအမောတွေနဲ့အတူ အတင်းတွေတုတ်ရင်း အစုန်အဆန် သွားနေရတာနဲ့ စာရင်တော့ သူတို့ အများကြီး ကံကောင်းကြပါ သေးတယ်လေ၊

သူတို့တတွေက ဆောင်းအခါ ဆောင်းမို့ နွေအခါ နွေမို့ ပုံစံအမျိုးမျိုးနဲ့ ထင်းရူးတော ဘလက်ဖောရက်စ်ရှိရာသို့လာပြီး  စကီးစီး စက်ဘီးစီး ဆိုင်ကယ်စီး လမ်းလျှောက် တောင်တက်ကြ ပါတယ်။ ဘယ်သူမဆို ဘာအလုပ်မဆို တနှစ် ရက်သုံးဆယ် အားလပ်ရက် ဗေကေးရှင်း ဆိုတာကြီး ရှိတာကြောင့် အလုပ်တွေကို မေ့ထား ဦးနှောက်ဆေး ဇိမ်ခံခြင်းဆိုတာမျိုးက သူတို့တတွေ အတွက် ပုံမှန်လုပ်ရိုးလုပ်စဉ် တခုသာပါ။ မောင်ရင်ငတေလို ဘာမဟုတ်တဲ့ လက်ကြောမတင်းကောင်မျိုးတွေ တောင်မှ လတ်လျားလတ်လျား သွားနေ လာနေ နိုင်တာကို ကြည့်ကြပါလေ။

 

ဘလက်ဖောရက်စ် အဆုံး (ဓါတ်ပုံ မရငတ)

ဘလက်ဖောရက်စ် အဆုံး ပြင်သစ်နယ်စပ်နဲ့ ကပ်ရက်မြို့ Kehl သို့ ရောက်ပါပြီ၊ နေ့လည် နာရီပြန် သုံးချက်တီးကျော်လို့ လေးချက်တီးခါ နီးပါပြီ၊ အူထဲမှာလည်း မနက်စာ ဘရိတ်ဖတ်စ် ကြက်ဥကြော် လမ်းသွားရင်း ရေဆာလို့ သောက်ထားတဲ့ ဘိုင်ယန်ဘီယာ ငါးဆယ်စီစီ နှစ်ဗူးနဲ့ အာလူးကြော်တချို့ လည်း မကျန်တော့ပါဘူး။ အဲဒီတော့ Kehl Bahnhof ဘူတာ အနားမှာတွေ့တဲ့ တရုတ်ထမင်းဆိုင်ဝင် ဗိုက်ဖြည့် ထမင်းလုံးစီရင်း ဂျာမန်မြေကိုနှုတ်ဆက်ဖို့ နိုင်ငံကူးတံတားရဲ့အောက် ရိုင်းမြစ်ကမ်းနဘေး ခဏဆင်း ဗိုက်လေးချောင်အောင် လမ်းလေးလျှောက် အပြီး ပြင်သစ်ဘက်ခြမ်း မောင်းဝင်လာခဲ့ကြ ပါတော့တယ်။ ရိုင်းမြစ်ကမ်းက ဂျာမန်မြို့ Kehl မြို့နဲ့၊ တဘက်ကမ်းက ပြင်သစ်မြို့ Strasbourg မြို့အကြောင်းတွေကိုတော့ သီးခြား ရေးခြစ်ထားတာလေးတွေ ရှိပါသေးတယ်။ နောင်များမှ အပြီးသတ် အချောကိုင် ပေါင်းစပ် တင်ပြပါဦးမယ် ခင်ဗျား။

 

ဘလက်ဖောရက်စ်ရေ Auf Wiedersehen Au Revoir  ဂွတ်ဘိုင် (ဓါတ်ပုံ မရငတ)

ဘလက်ဖောရက်စ် ထင်းရူးနက်တောကြီး မြောက်ဖျားစွန်းက ရေပူစမ်းတွေရှိလို့  နာမည်ကြီးလာတဲ့Baden-Baden ဆိုတဲ့ သူဌေးတွေရဲ့မြို့တော်လေးအကြောင်းကိုလည်း နောက်များမှ သီးသန့်တပုဒ် ရေးပါဦးမယ်၊ အမြည်းအနေနဲ့ထည့် ရေးရရင် တော့ တခါက ပြင်သစ် နပိုလီယံ မိသားစုဝင်များ ရုရှား ဇာဘုရင် မိသားစုဝင်များ အင်္ဂလန်က ဝိတိုရိယ ဘုရင်မ မိသားစုဝင်များ ဗစ်တာဟူးဂိုး တော်စတွိုင်း တို့နဲ့ အခြား အခြားသော စာ ကဗျာ အနုပညာရှင်များ ရောက်ဖူး လာဖူး နေထိုင်ခဲ့ကြဖူးတဲ့ နေရာပါ။

ဒီကနေ့မှာတော့ သန်းကြွယ်သူဌေးများ အများအပြားရဲ့ ခြံတွေ မြေတွေ အိမ်ယာတွေ တည်ရှိနေတဲ့ နေရာပါ။ ဂျာမဏီရဲ့ မီလျံနာ အများဆုံးနေထိုင်တဲ့ နေရာပါ။ မြို့လူဦးရေ ငါးသောင်းရှိပြီး အယောက် သုံးဆယ်မှာ မီလျံနာ တယောက်နှုန်း ရှိပါတယ်တဲ့၊ မိုနာကို ဂျီနီဗာ ဇူးရစ်မြို့တို့ပြီးရင် ချမ်းသာကြသူ အများဆုံး စုရုံးနေထိုင်ကြရာမြို့လေး ဖြစ်ပေမယ့် အဲဒီ သုံးမြို့လောက်တော့ လူသိမများလှပါဘူး။

ဘာပြောပြော အမှတ်ရစရာ လမ်းတလမ်းပါ။ ဒီကနေ့ထိ ထပ်မသွားဖြစ်သေးပေမယ့် ထပ်သွားချင်မိ ရတဲ့ နောက်တခေါက် ထပ်သွားဖို့ အမြဲလိုလို ပြောဖြစ်နေမိတဲ့ လမ်းတလမ်းပါ။ အစဉ်ပြေရင်တော့ နားနားနေနေ အေးအေးဆေးဆေး သဘာဝ ရှုခင်းတွေကိုကြည့် နားအေးပါးအေးလေး လေးငါးရက် လောက်တော့ ဇိမ်ခံခရီး သူတို့တွေလို ထွက်နိုင်ဖို့ ကြိုးစားပါဦးမယ်။

ဘလက်ဖောရက်စ်ရေ Auf Wiedersehen  Au Revoir  ဂွတ်ဘိုင်ပါကွာ။


 

ခရီးသွားခြင်း အနုပညာ For the Art of Voyage For the Love of Voyage (ဓါတ်ပုံ မရငတ)

မောင်ရင်ငတေကတော့ နောက်ဘဝများမှာတော့ ဒီလိုမျိုး ထင်းရူးနက်တောမှာ စက်ဘီးလေးနင်းလို့ တလှည့် ဆိုင်ကယ် ခွပြီးတမျိုး ခြေလျှင်ကုန်းကြောင်း ရရာယာဉ် တမျိုးမျိုးနဲ့ ရွာစဉ် ရွာရိုး လှည့်ခွင့်ရ ချင်မိပါတယ်။ ဒီဘဝမှာတော့ ဘဝပေး ကုသိုလ် နည်းပါးလွန်းတာကြောင့် ဒီ၍ဒီမျှ သွားခွင့်ရောက်ခွင့် ရခဲ့တာကိုသာ တောစောင့်နတ် တောင်စောင့်နတ် ရေကန် စောင့်နတ် ရှိရှိသမျှ နတ်အပေါင်းမျိုးစုံကို ကျေးဇူးလွန်စွာ တင်ရှိရပါကြောင်း နောင်ဘဝမှာ ရှန်ဂန်ဗီဇာ ဧရိယာလို လွတ် လပ်စွာ အတားအဆီး မရှိပါတဲ့ ရှန်ဂန် ကမ္ဘာဗီဇာကြီး ပေါ်ပေါက်လာပြီး ခြံစည်းရိုးတွေ အုတ်တံတိုင်းတွေ ဝါးတားဂိတ်တွေ ပတ်စ်ပိုစ့်တွေ  မရှိတော့ပါစေနဲ့ ဆုတောင်းရင်း ဆုတောင်းရင်း

Nam de Ars Officium, Nam Amor Officium,
Pour l’Art du Voyage, Pour l’Amour du Voyage,
Per l’Arte del Viaggio, Per l’Amore del Viaggio,
For the Art of Voyage, For the Love of Voyage,
Para el Arte del Viaje, Por el Amor del Viaje

မောင်ရင်ငတေ ၂၃၀၉၂၀၁၇

For the Art of Voyage
For the Love of Voyage
For the Peace of Voyage

မောင်ရင်ငတေ ၂၃၀၉၂၀၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခရီးသွား ဆောင်းပါး, မောင်ရင်ငတေ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်