fbpx

ခွာညို ● ကျောင်းအုပ်သမီး

October 22, 2017

● ကျောင်းအုပ်သမီး
(မိုးမခ) အောက်တိုဘာ ၂၂၊ ၂၀၁၇

ဒီဇင်ဘာလမှာ မွေးဖွားခဲ့သူအဖေသည် အောက်တိုဘာလ၌ လူ့လောကထဲက အပြီးတိုင် ထွက်ခွာသွားသည်။ မွေးနေ့နှင့် သေနေ့ကြား အဖေသည် ဟောဒီ့ကမ္ဘာမြေပေါ်တွင် ၆၆ နှစ်ကြာ နေထိုင်သွားခဲ့၏။

သူနေထိုင်ခဲ့ချိန် ဘာတွေလုပ်ခဲ့လဲ-ဆိုတာ ကျမ အမြဲဆန်းစစ်မိသည်။ ကိုယ့်အဖေအကြောင်း ကိုယ် ဘယ်လောက်မှတ်မိ သလဲ၊ အဖေ့ကို ဘယ်လောက်တန်ဖိုးထား လေးစားခဲ့သလဲ ဆိုတာတွေကိုလည်း ပြန်ပြီး ဆင်ခြင်ဖြစ်သည်။

မိဘကို ဘုရားနဲ့တဂိုဏ်းတည်းသတ်မှတ်ထားကြသော်လည်း တချို့တလေကတော့ လက်ဦးဆရာ မည်ထိုက်စွာသား-ဆိုတဲ့ဂုဏ်နှင့် မကိုက် ညီတာမျိုးတွေလည်း တွေ့ရတတ်သောကြောင့် အဖေနှင့်ပတ်သက်၍ မိသားစုနှင့် သားသမီးများ ဘာတွေများ ဂုဏ်ငယ်စရာ ရှိခဲ့သလဲ အမြဲ ဆန်းစစ်မိသည်။

အဖေဆုံးပြီးစက ဦးလေးအောင်သင်းအိမ်က ဗုဒ္ဓဟူးနေ့စကားဝိုင်းမှာ အဖေနှင့်ဆုံနေကျ စာလည်းရေးသည့် ရဟန်းပျိုတပါးက ကျမနဲ့ဆုံချိန်မှာ ပြောခဲ့တာလေးကိုလည်း အခုထိ အမှတ်ရနေဆဲပါ။

“တကာမလေး။ တကာဉာဏ်ဟာ အင်မတန်ရိုးသားတဲ့လူ။ ဦးဇင်းဘဝမှာ အဲလောက်ရိုးသားတဲ့လူ၊ ဖြောင့် မတ်တဲ့ လူမျိုး တွေ့ရတာ အတော်ရှားခဲ့တယ်။ တကာကြီးက စီးပွားရှာတတ်ချင်မှ ရှာတတ်လိမ့် မယ်။ ဒါပေမယ့် ဒါဟာ တကာမလေးတို့ မိသားစု လူပုံအလယ်မှာ ခေါင်းမဖော်ဝံ့စရာမဟုတ်ဘူး။ သူ မသေခင်ပဲဖြစ်ဖြစ်၊ သေသွားပြီးမှဖြစ်ဖြစ် သားသမီးတွေကို လူပုံအလယ်မှာ ခေါင်းငုံ့ မျက်နှာဝှက်ထား ရမယ့် ကိစ္စမျိုး ဘာတခုမှ မလုပ်ခဲ့တာကိုက ဒီလိုအဖေမျိုးဟာ ကျေးဇူးတင်ထိုက် နေပြီ။”

အခုတော့ အဖေက တို့ကို လူကြားထဲမှာ နေတတ် ထိုင်တတ်အောင် ဘယ်လိုတွေ လေ့ကျင့်ထိန်းကျောင်းပေး ခဲ့လဲ-ဆိုတာ ကိုသာ အမြဲဆင်ခြင်လျှက် ကျေးဇူးတင်ရသည်။ အဖေက ကိုယ့်ကို ဂုဏ်မငယ်စေခဲ့သောကြောင့် အဖေ့ဂုဏ်ကိုလည်း ကိုယ့်ကြောင့်မငယ်စေရအောင် အမြဲသတိထားဖြစ်ခဲ့လေသည်။
*********************

အဖေက အဖေဆိုလည်းဟုတ်၊ အဖေက ကျမ၏ကျောင်းအုပ် ဆိုလျှင် လည်း ဟုတ်။ ဆရာဆိုလျှင်လည်းဟုတ်နေတာပါပဲ။
အဖေကတော့ သူ့ကျောင်းက ဆရာ၊ ဆရာမတွေကို ဘယ်တော့မှ သူ့ “တပြည့်တွေ” လို့ မပြောခဲ့။ သူ့ လက်အောက် ဆရာဆရာမတွေ-ဟုပင် မသုံး။ လက်ထောက်-ဟုသာ သုံးနှုန်းခြင်းအား သတိရမိသည်။

အဖေ့ကျောင်းက ဆရာ ဆရာမတွေက အဖေ့ကို ကျမတို့ဆရာကြီး – လို့ ညွှန်းလေ့ရှိသလို အဖေကလည်း ကျနော့် ကျောင်း က ဆရာ ဆရာမတွေ-ဟုသာ ပြောလေ့ရှိခဲ့သည်။ သူ့လက်အောက်မှာ အလုပ်လုပ်ရုံမျှနဲ့ သူ့တပြည့်ဟူ၍ အဖေက ဘယ်သူ့ ကိုမှ မသမုတ်ခဲ့။ ဒါက သူနှင့်သူ့ကျောင်းက ဝန်ထမ်းများ၏ဆက်ဆံရေး။

တခါ သူ့ဝန်ထမ်းဖြစ်တဲ့ သူ့ဇနီးကိုကျတော့ရော ။

သူ့ရုံးခန်း သူတယောက်တည်းရှိချိန် ဘယ်တော့မှ မလာရ-တဲ့။ ဆရာ-ဆရာမများနားနေခန်းမှာသာ နားပါ-တဲ့။ အကြောင်းက သူတယောက်တည်းရှိတုန်း အမေဝင်သွားပါက ကျန်ဆရာ ဆရာမများဘက်က ယောက်ျားက ဆရာကြီးမို့ ကျောင်းကိစ္စတွေ ဝင်ပြီး ချယ်လှယ်တယ်တို့၊ ကတုံးကတိုက်လုပ်တယ်တို့ မြင်လာမှာစိုးလို့ တဲ့။ သို့သော် တခြား ဆရာ ဆရာမများအား စိတ် ဆိုးပြီး အော်ချင်လာပြီဆိုလျှင်တော့ အဖေက အမေ့နာမည်တပ်ပြီး အော်ဟစ်ဆူပူတတ်သတဲ့။ (အမေက အဲဒီအချိုးတွေ ကြောင့် သူ အရွယ်မတိုင်ခင် ဆေးပင်စင် ယူဖြစ်တာဟု မနေ့တနေ့ကအထိ ပြောနေတုန်း)

*****************

ထိုနည်းတူ ကျမတို့ကိုလည်း သူ့ရုံးနား ရစ်သစ်ရစ်သီ လုပ်ခွင့်မရှိ။ ကျောင်းမှာလည်း တခြား ကျောင်းသူ ကျောင်းသားတွေ နည်းတူပဲ ဆက်ဆံသည်။ ကျမ ဆရာမဖြစ်ချိန်မှာ ကျောင်းအုပ် ဆရာကြီးက သူ့သမီး အရပ်ရှည်ရှည်လေးကို ကျမနဲ့အနီး ဆုံးမှာခေါ်ထားပေးရန် မသိမသာ တောင်းဆိုချိန်မှာ ကျမက အဖေ့မျက်နှာကို ပြေးမြင်သည်။ အဖေသည် သူ့ကျောင်း ကဆရာတွေ ကျမတို့ကို ဘယ်လို ဆုံးဖြတ်သလဲ၊ ဘယ်လို ဆုံးမသလဲဆိုသည့်အပေါ်မှာ တခါမှ ဝင်ရောက်စွက်ဖက်တာ မရှိခဲ့။ ကျမတို့ရဲ့ မူလတန်းနဲ့အလယ်တန်း ဖြတ်ကျော်ခဲ့သည် စာသင်နှစ် စသည့် ပထမဆုံးရက်ရဲ့ အတန်းတွင်း ပထမ ဆုံး လုပ်ရသောအလုပ်မှာ အရပ်တိုင်းကြရခြင်း ဖြစ်သည်။ အားလုံးတန်းစီ၊ အရပ်အပုဆုံးက ရှေ့မှာထိုင်၊ အရှည်ဆုံးက နောက် ဆုံးမှာထိုင်- ဒါပဲ။ အရှည်ဆုံးက ရှေ့ဆုံးမှာ ထိုင်ပြီး အပုဆုံးက နောက်ဆုံးခုံ ရောက်နေ၍မရ။ အဲဒါ ကျမတို့ ဖြတ်သန်းခဲ့ရသည့် နေရာချထားရေး စနစ်ဖြစ်သည်။ ကျမက ရှေ့တန်းခုံမှာ ထိုင်ရခြင်းသည် ကျောင်းအုပ်သမီးဖြစ်ခြင်း မဖြစ်ခြင်းကြောင့် မဟုတ်၊ ကျမက သူများထက် ပုနေသောကြောင့်သာ ဖြစ်သည်။

အမေ့လိုပဲ။ ကျမလည်း အဖေ ကျောင်းအုပ်ဖြစ်သည့် ဆိုးမွေကို ခံစားရဖူး သည်။ ပဉ္စမတန်းနှစ်တွင် ဘာသာရပ် ဆရာ မလာ၍ တတန်းလုံးဆူညံ ပွက်လောရိုက်နေသောကြောင့် ဆဌမတန်းက အင်္ဂလိပ် ဆရာက ဝင်ရိုက်ရာ လူ ခုနစ်ဆယ်မျှသော ကျောင်းသူကျောင်းသားတွေထဲ အားလုံး တန်းတူ တယောက်တချက် အရိုက်ခံကြရပြီး ထူးခြားစွာ နှစ်ချက် အရိုက်ခံရသူ နှစ်ယောက်ရှိခဲ့သည်။ တယောက်က အလွန် အကဲပါသော ကောင်လေး။ သူများတွေကို တရွှန်းရွှန်းရိုက်လာတာ ကြည့်ပြီး ဆရာက သူ့ရှေ့ရောက်သည်နှင့် တီကောင်ဆားပက် တွန့်လိန်ကာ ကြောက်ပါပြီ ကြောက်ပါပြီဆို မျက်ရည်တွေ၊ နှာရည်တွေ လူးနေ ပါးစပ်ရောလူရော အငြိမ်မနေသော ကြောင့် ဆုကြေးတချက် ပိုရ သွားတာဖြစ်သည်။

နောက်တယောက်က ကျမ။

ပထမတချက်က ဒူးကောက်ခွက်နေရာကို ရွှန်းကနဲကျလို့ မျက်ရည်လည်မလိုဖြစ်သွားချိန် ဆရာ့လက်အကြီးကြီးက ကျမ ခေါင်းပေါ် အသာလေးအုပ်လိုက်တာ သိရသည်။ ငါ့ကို အဖေ့သမီးမှန်းသိသွားလို့ ဆရာက ပြန်ချော့သလားပေါ့လေ…

“အော၊ ဆရာကြီးသမီးကိုး…”

ဆရာ့မှတ်ချက်အဆုံးမှာ နောက်တချက်က အခုနက ကြိမ်ရာတည့်တည့် ကို ထပ်ပြီးနစ်ဝင်သွားသည်။ သွေးစိမ်းရှင်ရှင်ထွက်၏။ ကျောင်းနှင့် အိမ်က ခြံစည်းရိုးသာခြား၍ တော်သေးသည်။ အရမ်းနာသောကြောင့် ကျောင်းဝင်းတခါးက မထွက်နိုင်ဘဲ အိမ်ရောက်အောင် short cut သုံးကာ ခွေးတိုးပေါက်ကနေ လေးဘက်ထောက်ပြီး ပြန်ရသည်။

အမေ့ပေါင်ပေါ်မှောက်အိပ်ပြီး ဆေးလိမ်းခံနေရာကနေ ကြားရသော အဖေ့အသံကို အခုထိ မမေ့။

“ဆန်ရင်း နာနာဖွပ်-ဆိုတာ အဲဒါကို ခေါ်တယ်သမီးရဲ့။”

သူ့လက်ထောက်ဆရာ ကို အဖေ ဘယ်လိုဆုံးမလဲ၊ ဘယ်လို ပြုပြင်လဲ ကျမ အခုထိ မသိရ။ ကျမသိရတာက ကျမသည် အခွင့်ထူးခံမဟုတ်ဘူးဆိုတာပါပဲ။

ကျမ သိရသလောက် အဲဒီတုန်းက ကျမကိုရိုက်သည့်ဆရာ ခြောက်တန်းအင်္ဂလိပ်စာဆရာ ဦးကြည်သိန်းက နှစ်ပင်လိမ်ကြိမ် နှင့် အရိုက်ကြမ်းတာ နာမည်ကြီးသည်။ ၈ တန်းမှာ သချာင်္ (၁) သင်သည့် ဆရာဦးခင်မောင်ကြီး ကတော့ သူ စိတ်ဆိုးလာလျှင် ဘယ်တပြည့်ကိုမဆို ကျောသား ရင်သားမခွဲခြားဘဲ ‘မင်းဖင်ခေါင်း’- ဟု ဆဲတတ် ၏။ သိပ္ပ္ပံဆရာ ဦးလှဝင်းကတော့ သူ့ရှေ့မှာ ဒူးတလှုပ် လှုပ်လုပ်လျှင်၊ သန်းဝေလျှင်၊ ဒါမှ မဟုတ် ခုံအောက် ပြုတ်ကျသွားသည့် ခဲတံတို့၊ ဖောင်တိန် ဘောလ်ပင် တို့ကို ခြေထောက်နှင့်ညှပ်ပြီး ကောက်တာမြင်လျှင် နည်းနည်းမှ သည်းမခံနိုင်ဘဲ တွယ်တတ်၏။ မည်သို့ပင်ဆိုစေ ကျမသည် ဆရာတွေကို တခါမှ စိတ်မကွက်ရဲသလို အဖေ့ကိုရော အမေ့ကိုပါ ဘယ်တော့မှ ဘယ်ဆရာကတော့ ဘယ်လို ဟု ပြန်မပြောခဲ့။

ပြောရလျှင်တော့ အဖေ့ရဲ့ “ဆန်ရင်း နာနာဖွပ်”မူဝါဒကို ခံစားသိဖြင့်သိသောကြောင့် ကျမ အတော်လေး အပိုးကျိုးခဲ့ပုံပင်။

***************
ကျောင်းရှေ့မြေကွက်လပ်မှာ အလုံတိုင်ကို မျက်နှာမူပြီး နိုင်ငံတော်သီချင်းဆိုရသည့် သောကြာနေ့တချို့တွင် ကျောင်းအုပ်သမီးဖြစ်ရသည့်အပေါ် ခါတိုင်းထက်ပိုပြီး စိတ်ညစ်သည်။

ကျောင်းသားကြီးတွေ၊ ကျောင်းထွက်သွားသည့် သို့မဟုတ် အထက်တန်း ကျောင်း ရောက်သွားသည့် ကျောင်းသားကြီးတွေက သူ့ရှေ့မှာ လက်ကလေးပိုက်၊ ခါးကလေး ညွတ်ပြီး ဆရာကြီးခင်ဗျ-ဟု နှုတ်ဆက်ပြီးသကာလ အတန်ငယ်လွန်သွားသည်နှင့် စိန်မြင့် (အဲဒီခေတ်က လူရွှင်တော်မင်းသားကြီး စိန်မြင့်နဲ့တူသည်ဟု လူပြောများခဲ့သည်။)….ဟုဖြစ်စေ၊ ယောက်ခမကြီး (အဲဒီတုန်းက အမအကြီးက အပျိုပေါက်ဖြစ်နေပြီ) ဟုဖြစ်စေ အော်ပြီး ကျောကော့ ထွက်ပြေးပါက ရယ်နေတတ်သောအဖေ သည် နိုင်ငံတော်သီချင်းက မညီမညာ အဆုံးသတ်သွားလျှင် သူ့ဒေါသ အတော မသတ်တော့။

အခု ပြန်ဆို၊ နောက်တခေါက် ပြန်ဆိုနှင့် အရမ်းရစ်သောကြောင့် ကိုယ့်ဘေးပတ်လည်က ကျောင်းသူ ကျောင်းသားတွေက ကိုယ့်ကို မျက်စောင်းထိုးနေမလား၊ လှောင်နေကြမလားဆိုတာကို စပ်ပင်မစပ်စုရဲတော့ဘဲ ခေါင်းကို အတွင်ငုံ့ထားမိသည်။

ကျောင်းသားတွေကလည်း ခုနစ်တန်း၊ ရှစ်တန်းဆိုသည်က လေတိုက်လို့ သစ်ရွက်လှုပ်လျှင်ပင် လှုပ်သည့် သစ်ရွက်ကြည့်ကာ အူမြူးသည့် အရွယ်တွေ ဖြစ်သောကြောင့် ဆရာကို စနောက်ချင်၍ဖြစ်စေ၊ သည် ဆရာကြီး သည်လိုရစ်လျှင် ပထမတချိန် တော့ လွတ်ကောင်း၍ဟူသော သဘောနှင့်ဖြစ်စေ၊ သို့မဟုတ် နိုင်ငံတော်သီချင်း လောက်မျှပင် ဖြောင့်မှန်အောင် မဆိုတတ် လောက်အောင် ဂီတနှင့် အလှမ်းဝေးနေ၍ဖြစ်စေ အကြောင်း အမျိုးမျိုး တော့ ရှိနေကြပါလိမ့်မည်။ မညီညာသည်ကလည်း အတော်လေးကို မညီမညာ။

ကမ္ဘာမကြေ…ဟု တပြိုင်တည်း စပါလျှက် တို့တာဝန်ပေ- အဖိုးတန်မြေ …ဆိုသည့်အချပိုဒ်သည် ရှေ့ဆုံးက စောပြီးချင်ပြီး သည်၊ ဘေးဘက်က တဝက်တပိုင်းကြီးနှင့် သူများရပ်၍ ရပ်လိုက်သည်လည်း ရှိသည်။ အဲလို ဆိုလျှင် နိုင်ငံတော် သီချင်းကိုမှ အလေးထားရ ကောင်းမှန်း မသိပါက နိုင်ငံသားကောင်းပီသသည့်စိတ်ခေါင်းပါးမည့်အရေး-သူ့ရဲ့သမိုင်းပေး တာဝန် အဖြစ် နိုင်ငံတော်သီချင်းကို တညီတည်းမဆုံးနိုင်မချင်း အဖေ ရစ်တော့သည်။

နိုင်ငံတော်သီချင်းဆိုနေချိန်၊ နိုင်ငံတော်အလံနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုချိန်တွင် တို့ကြ၊ ဆိတ်ကြ၊ တွန်းထိုးကြ၊ ကန်ကျောက်ကြ၊ စကားခိုးပြောကြဆိုလျှင်လည်း ထိုနည်းလည်းကောင်း။ နိုင်ငံတော် အလံကို အလေးပြုချိန် ကိုယ့်ခြေထောက်ပေါ် မြွေဖြတ်သွားလျှင်တောင် မလှုပ်နဲ့-ဟု အမိန့်ထုတ်သည်ကို အခုထိ မှတ်မိနေသေးသည်။

ဟုတ်တော့ ဟုတ်သား၊ မြွေဆိုသည့် သတ္တဝါကလည်း မြွေဟောက်က ပျံသန်းတဲ့ယင်တောင် မလွတ်အောင် ပေါက်နိုင်သည့် အမြန်နှုန်းရှိသည် ဆိုသည်။ မြွေပွေးကတော့ သူ့ခါးထိလျှင် ယားတတ်သောကြောင့် ပေါက်သတဲ့။ ယင်ကောင်ကို မလွတ် တမ်းပေါက်နိုင်သည်က ထားပါတော့ မြွေက ခါးတို့ရင် ယားတတ်တယ်ဆိုတာ ကတော့ ရှေးလူကြီးများ ဘယ်လို သုတေသန လုပ်၍ သိနေကြသလဲ မဆိုနိုင်။

သေချာတာကတော့ အလေးပြုနေချိန်မဟုတ်လည်း အကယ်၍ မြွေဖြတ်သွားပါက ငြိမ်ငြိမ်လေးနေလိုက်လျှင် အားလုံး အတွက် အန္တရာယ်ကင်းမှာတော့ သေချာဟုယူဆသည်။

ယင်ကောင်တောင်မလွတ်အောင်ပေါက်သည့်မြွေပဲဖြစ်ဖြစ်၊ ခါးတို့၍ ယားသည့်မြွေပဲဖြစ်ဖြစ် ကိုယ်က မတုန်တလှုပ် ကျောက် ရုပ်လို နေလိုက်ပါက သူ့လမ်းသူသွားရင်း သူ့ခန္တာအရှည်ဆုံးလျှင် ကိုယ်အန္တရာယ်ကင်းမှာ သေချာသည်ဟု မှတ်ရမည်။

အဖေကတော့ ကျောင်းစည်းကမ်း၊ ကျောင်းတွင်းယဉ်ကျေးမှုနှင့် စည်းလုံး ညီညွတ်မှု၊ စည်းကမ်းသေဝပ်မှုတွေကို လေ့ကျင့် ပေးခြင်းဖြစ်ပေမည်။

မည်သို့ပင်ဆိုစေ၊ ကျောင်းအုပ်ကြီးအဖေက အဲလို လူထူထူမှာ ဒေါသကြီး စိတ်ဆိုးပြီးအော်ဟစ်လျှင် ကျမ တကယ်ပဲ အနေရခက်ခဲ့လေသည်။
********

12:45′ Friday 20th, Oct’ 2017


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)