ဌေးမင်းခိုင် ● စတန်းဖို့ဒ်အကျဉ်းထောင်ထဲက ပါဗလော့ရဲ့ခွေးလေးတွေ

October 24, 2017

● စတန်းဖို့ဒ်အကျဉ်းထောင်ထဲက ပါဗလော့ရဲ့ခွေးလေးတွေ
(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၁၇

လူနှစ်မျိုးရှိတယ်။
တမျိုးက ဘ၀က ပေးတာကို လက်ခံတဲ့သူ။
နောက်တမျိုးက ကိုယ်လိုချင်တာကို တိုက်ယူတဲ့သူ။
သင် .. ဘယ်လို လူမျိုးလဲဆိုတာ သင့်ရဲ့ရွေးချယ်မှုပါပဲ။

ငယ်ငယ်တုန်းကများ … အဲလိုစာမျိုး ဖတ်မိရင် သိပ်သဘောကျပေါ့ဗျာ … ။ ငါဟာ ဒုတိယလူမျိုးပဲ ဖြစ်ရမယ်ပေါ့။ ကမ္ဘာကြီးက ပေးပေး မပေးပေး ကိုယ်လိုချင်တာ ရအောင်ယူမယ်ပေါ့။ မင်းဘာလဲ၊ ငါဘာလဲပေါ့။ အံမယ် … အတွေးနဲ့တင် မေးရိုးတွေ ဘာတွေတောင် တင်းထောင်လို့။

နည်းနည်းကြီးလာတော့ ဘဝရဲ့အကန့်အသတ်၊ ပတ်ဝန်းကျင်ရဲ့အကန့်အသတ်၊ စနစ်ရဲ့အကန့်အသတ်တွေကို ထည့်ပြီး စဉ်းစားမိလာတယ်။ မြင်လာမိတယ်။

ဥပမာ စာအုပ်စာပေမရှိတဲ့ နယ်မြေတခုမှာ ကြီးပြင်းလာရတဲ့သူတွေအဖို့ စာဖတ်ဝါသနာပါဖို့ အလွန်ခဲယဉ်းမယ်။ ဒါ ဘဝရဲ့ အကန့်အသတ်ပဲ။ ဘာရောဂါမှန်းသိပေမဲ့ ဆေးမရှိလို့ ကုမသေးနိုင်ဘဲ ငုတ်တုတ်ထိုင်ကြည့်နေရတာလည်း ဝန်းကျင်ရဲ့အကန့် အသတ်ပဲ။ နျူကလီးယားဗေဒကို စိတ်ဝင်စားပေမယ့် မြန်မာပြည်မှာ သင်မရတာလည်း စနစ်ရဲ့အကန့်ပဲ … ။ အဲလိုတွေ စဉ်းစားမိလာတယ်။ အဲလိုအချိန်မှာ ပါဗလော့ရဲ့ စမ်းသပ်ချက်ကို ဖတ်လိုက်ရတယ်။

ပါဗလော့ဆိုတာ ရုရှလူမျိုး နိုဘယ်ဆုရှင် Ivan Pavlov ပါ။ စိတ်ပညာ (အထူးသဖြင့် အပြုအမှုဝါဒ Behaviourism)နဲ့ ပတ် သက်ပြီး နာမည်ကြီးပါတယ်။ သူ့ရဲ့ အခုစမ်းသပ်ချက်ကလည်း အလွန်နာမည်ကြီးပါတယ်။ ခွေးစမ်းသပ်ချက် (Pavlov’s experiments with dogs) လို့ လူသိများပါတယ်။ စမ်းသပ်ချက်ကို တိုတိုပြောရရင် ဒီလိုပါ။

ခွေးတွေကို အစာကျွေးခါနီးတိုင်း ခေါင်းလောင်းတီးပေးတယ်။ ခွေးတွေက အစာ စားရတော့မယ်ဆိုပြီးတော့ သားရည်တွေ ကျလာတယ်။ နောက်တော့ အစာ ကျွေးကျွေး မကျွေးကျွေး ခေါင်းလောင်းတီးတာနဲ့ သားရည်တွေ ကျလာတယ်။ အဓိပ္ပါယ် က ရုပ်ရဲ့တုန့်ပြန်ပုံဟာ ၀န်းကျင်အခြေအနေပေါ်မှာ လုံးဝတည်နေတယ်ပေါ့။ နောက်တမျိုးပြောရရင် ပတ်ဝန်းကျင်အခြေအနေ ကိုသာ စိတ်ကြိုက်ထိန်းချုပ်ဖန်တီးနိုင်မယ်ဆိုရင် လူတွေ (သတ္တဝါတွေ) ရဲ့ အပြုအမှုတွေကိုလည်း ထိန်းချုပ်နိုင်မယ်ပေါ့ .. ။

စမ်းသပ်ချက်ကို ကျနော်ဖတ်ပြီး အီလည်လည်ဖြစ်သွားတယ်။ ဝန်းကျင်ရဲ့အကန့်အသတ်ဆိုတာကို လက်ခံထားပေမယ့် ဒီလိုအပြုခံကြီး ဖြစ်နေတာတော့ တယ်မကျေနပ်စရာကိုးဗျ။ ဟာ .. ဘာလဲ … ငါတို့က ပါဗလော့ရဲ့ ခွေးလေးတွေလား … ။ အဲလောက်တောင်ပဲလား .. ။ သူ့ဟာက လက်တွေ့မှာလည်း တော်တော်ငြင်းလို့ ခက်တာကိုး။ ဥပမာ ကလေးတွေကို ဆု ပေးတယ် ဒဏ်ပေးတယ်တာလည်း ဒီသဘောတရားမျိုးပဲ။ ကိုယ်လိုချင်တဲ့ ပတ်ဝန်းကျင်ကိုဖန်တီးပြီး ကလေးရဲ့ အပြုအမှုကို ထိန်းချုပ်တာ .. ။

ဘယ်လိုပဲဖြစ်ဖြစ် စိတ်ထဲမတော့ တယ်မကျေနပ်ဘူးပေါ့ဗျာ … ။ အဲလိုအချိန်မှာ ဒုတိယစမ်းသပ်ချက်တခုကို ထပ်ဖတ် လိုက်ရပြန်တယ်။

ဒုတိယစမ်းသပ်ချက်က စတန်းဖို့ဒ်တက္ကသိုလ်ရဲ့ နာမည်ကြီး လူမှုစိတ်ပညာစမ်းသပ်ချက်ပါ။ စတန်းဖို့ဒ်တက္ကသိုလ် လူမှုပညာ ရှင် ပါမောက္ခ Philip Zimbardo ရဲ့ စမ်းသပ်ချက်ပါ။ စတန်းဖို့ဒ်အကျဉ်းထောင်စမ်းသပ်ချက် (Stanford Prison Experiment)လို့ လူသိများပါတယ်။ လူမူပညာရှင်တွေ အသိုင်းအ၀န်းမှာတော့ အရမ်းနာမည်ကြီးပြီး အရမ်းငြင်းခုံရတဲ့ စမ်းသပ်ချက်တခု ပေါ့ဗျာ။ ဒီတခါတော့ အစမ်းသပ်ခံတွေက လူတွေ .. ။ သာမန်လူတွေပေါ့ဗျာ။ သာမန်လို တွေးတယ်၊ သာမန်လို ခံစားတတ် တယ်ဆိုတဲ့ ကျနော်တို့ ခင်ဗျားတို့လို သာမန်လူတွေနဲ့ စမ်းသပ်တာပါ။ အစမ်းသပ်ခံတွေကို အုပ်စုနှစ်စု ခွဲလိုက်တယ်။ တစ်စုက အကျဉ်းသား၊ တစ်စုက ထောင်မှူး။ အခြေအနေနဲ့ လုပ်ပိုင်ခွင့်အရ လူတွေဟာ ဘယ်လောက်ပြောင်းလဲသွားနိုင်သလဲ။ အဖြေက … မထင်မှတ်နိုင်လောက်အောင် ပြောင်းလဲသွားနိုင်ပါတယ်တဲ့။

စမ်းသပ်ချက်က ဘယ်လောက်အောင်မြင်သလဲဆို (ဒါမှမဟုတ် ဘယ်လောက်ဆိုးသွားသလဲဆို) နှစ်ပတ်လုပ်မယ်လို့ ရည်ရွယ်ထားတဲ့ စမ်းသပ်ချက်ကို တပတ်ကျော်ကျော်နဲ့ ရပ်ပစ်လိုက်ရတယ်။ နောက် … စမ်းသပ်စဉ်ကာလတွေမှာ သူတို့ တွေ ဘယ်လိုတုံ့ပြန်ခဲ့သလဲဆိုတဲ့ မှတ်တမ်းတင် ဗီဒီယိုတိပ်ကို ပြန်ဖွင့်ပြလိုက်တော့ .. အားလုံး အံ့သြကုန်တယ်။ အထူး သဖြင့်  ထောင်မှူးတာဝန် ယူခဲ့ရတဲ့ သူတွေပေါ့။ သူတို့တွေ အဲလောက်တောင် တုံ့ပြန်ခဲ့ပါလားဆို (ကိုယ့်ကိုကိုယ်တောင်) မယုံနိုင်ဘူးတဲ့။ အကျဉ်းသားတွေ လွတ်မြောက်အောင် ကြိုးစားလေလေ၊ ထောင်မှူးလုပ်သူတွေရဲ့ ဖိနှိပ်မှုတွေက မယုံနိုင် လောက်အောင် ပြင်းထန်လာလေလေပဲတဲ့။ နောက် အကျဉ်းသားဖက်မှာလည်း အချင်းချင်း မယုံသင်္ကာဖြစ်တာ၊ ကိုယ်သက် သာဖို့ တဖက်ကို ချောက်တွန်းတာ၊ အခွင့်အရေးရဖို့ ထောင်မှူးတွေနဲ့ ပေါင်းတာမျိုးတွေ လုပ်လာကြတယ်တဲ့။

ပါဗလော့ရဲ့စမ်းသပ်ချက်ထက် စတန်းဖို့ဒ်စမ်းသပ်ချက်က ပိုပြင်းထန်တယ်။ ပါဗလော့စမ်းသပ်ချက်မှာက အစာကြွေးတယ် ဆိုတဲ့ လှုံ့ဆော်မှုပါသေးတယ်။ စတန်းဖို့ဒ်မှာ ဘာလှုံ့ဆော်မှုမှ မပါဘူး။ အနေအထားတခု၊ စနစ်တခုကိုပဲ ပါတယ်။

ပါဗလော့ရဲ့စမ်းသပ်ချက်ကို မအီမလည်ဖြစ်နေတဲ့ ကျနော် စတန်းဖို့ဒ်စမ်းသပ်ချက်ကို ဖတ်လိုက်ရတော့ ရှော့ခ် shock ရသွားပါတယ်။ လူတွေဟာ (လူအများစုကြီးဟာ) စနစ်ကို အဲလိုပဲ တုံ့ပြန်ကြတာလား။ စနစ်တခုမှာ အဲလိုပဲ အလွန်တကယ်ပဲ ပျော်ဝင်သွားကြသလား .. ။

ကျနော့်မျက်စိထဲ ခေတ်စနစ်ရဲ့ရေစီးထဲမှာ ဒလှိမ့်ခေါက်ကွေး မျောပါသွားသူတွေ၊ ပျော်ပျော်ရွှင်ရွှင် စီးမျောသွားသူတွေကို မြင်ယောင်လာတယ်။

အိုး … မဟုတ်သေးဘူး .. .. ။ တခုခုတော့ မှားနေပြီ …. ။

ခေတ်စနစ်ပတ်ဝန်းကျင်ရဲ့ အကန့်အသတ်ကို လက်ခံပေမယ့် ခေါင်းလောင်းတီးတိုင်း သရေကျရအောင်၊ စနစ်ရဲ့ဒရမ်ရိုက် ချက်အတိုင်း လိုက်ကရအောင် ငါတို့ဟာ ပါဗလော့ရဲ့ ခွေးလေးတွေလား …. ၊ စတန်းဖို့ဒ်အကျဉ်းထောင်ထဲက အစမ်းသပ်ခံ တွေလား … ။

မဟုတ်ဘူး …. ။
မဟုတ်ရဘူး ….. ။
မဟုတ်သင့်ဘူး …… ။

ကျနော်သေချာစဉ်းစားပြီး သဘောပေါက်သွားတယ်။ မှန်တယ် … ကျနော်တို့အနေနဲ့ ခေတ်စနစ်ဝန်းကျင်ကို ရွေးလို့မရပါဘူး။ ဒါပေမဲ့ တုံ့ပြန်မှုကိုတော့ ရွေးလို့ ရပါတယ်။ တနည်းအားဖြင့် ကျနော်တို့အနေနဲ့ action ကိုသာ ရွေးလို့ မရတာပါ။ reaction ကိုတော့ ရွေးလို့ ရပါတယ်။ ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်ဖြစ် reaction က ကိုယ့်လက်ထဲမှာပါ။

မကောင်းတဲ့ စနစ်တခုကို ဘာမှမတတ်နိုင်ပါဘူးဆိုတဲ့ reaction မျိုးလည်း ပေးလို့ရတယ်။ ရသလောက် အကောင်းဆုံးတုံ့ပြန် ပြောင်းလဲမယ်ဆိုတဲ့ reaction မျိုးလည်း ပေးလို့ရပါတယ်။ ဘယ်လို reaction ပေးမလဲဆိုတဲ့ ရွေးချယ်မှုဟာ ကိုယ့်လက် ထဲမှာ 100% အပြည့် ရှိပါတယ်။ မဟုတ်ဘူးဗျ .. 200% ရှိတယ်။ 300% ရှိပါတယ်။

ဇတ်အပျက်ကြီးကို ဒီအတိုင်းဆက်ကမလား။ နောက်လူတွေ လက်ထဲကို ဇာတ်ပျက်ကြီးအတိုင်း လွှဲခဲ့မလား .. ဖြစ်တယ် … ။ ဒါမှမဟုတ် ဇာတ်ညွှန်းအသစ်တွေ ဖန်တီးပြီး ပြုပြင်မလား .. ဖြစ်တယ်။

ဒါပေမဲ့ ….
တချို့တွေကတော့ ဇာတ်ပျက်မှာ ရသလောက် ဆက်ကနေလိမ့်မယ်။
တချို့တွေက ဇာတ်ပျက်မျာ ဇာတ်ဆရာလုပ်ရတာကို သာယာနေလိမ့်မယ်။
တချို့တွေကလည်း …….. ……. ။

ဟုတ်ကဲ့ …. ကျနော့်အနေနဲ့ကတော့ ဇာတ်ညွှန်းရေးဖို့က ကိုယ့်လက်ထဲမှာပဲလို့ ယုံကြည်ပါတယ်။
ဒါကြောင့် ….
လာဗျာ မိတ်ဆွေတို့ … ဇာတ်ညွှန်းအသစ်ရေးရအောင် … ။
ဇာတ်ပျက်ကို အသွင်ပြောင်း၊ ဇာတ်ညွှန်းအသစ်နဲ့ ကရအောင်။

ဘာဖြစ်လဲဗျာ … ။ အမှောင်တခေတ် အလင်းတခေတ်ပေါ့ … ။

(နောက်လူတွေ လက်ထဲမှာ မြူးထူးသစ်လွင်နေတဲ့ ဇာတ်အဖွဲ့တွေ အများကြီး ဖြစ်မလာဘူးလို့ ဘယ်သူပြောနိုင်မလဲ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)