fbpx

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၄၉)

October 26, 2017

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၄၉)
(မိုးမခ) အောက်တိုဘာ ၂၆၊ ၂၀၁၇

● ကောက်ကွတ်သင်တန်းကျောင်း
ကောက်ကွတ်သင်တန်းကျောင်း ဒုတိယပတ်သည် ၁၉၇၇ ခုနှစ် သြဂုတ်လအကုန်တွင် အောင်မြင်စွာပြီးဆုံးသွားပါသည်။ မိမိလည်း ဆေးရုံတက်နေရသဖြင့် သင်တန်းအပတ်စဉ်ပြည့် မပါဝင်နိုင်ခဲ့ပါ။ မိမိမပါလည်း ကမ္ဘာကြီးကတော့ လည်ပတ်နေ ဆဲဖြစ်သည်။ ပထမပတ်သင်တန်းတွင် ကသောင်းကနင်းများစွာဖြင့် မိမိတပ်ဖွဲ့ဝင်များ ကြုံခဲ့ရသော်လည်း ဒုတိယပတ်မှစ၍အဆင်ပြေချောမွေ့သွားခဲ့ပြီဖြစ်သည်။ မိမိတို့တပ်ဖွဲ့ဝင်အားလုံး ကိုယ်တာဝန်ကို ကိုယ်ကျွမ်းကျင်စွာလုပ်ဆောင်နိုင်ခဲ့ပြီဖြစ်သည်။ ဤသည်မှာအတွေ့အကြုံသက်သက်တော့မဟုတ်ပေ။ အတွေ့အကြုံများကို ကောင်းစွာ နိဂုံးချုပ် သုံးသပ်နိုင်ကြ၍ ဖြစ်သည်ဟု ဆိုရပါမည်။

ဤသို့ ကောင်းမွန်စွာလုပ်ဆောင်နိုင်သည့် အခြေခံအချက်မှာ ထိုစဉ်ကပုံမှန်လုပ်ဆောင်နေသည့် ပါတီတွင်း တပ်တွင်းအစည်း အဝေးများ လုပ်ငန်းနိဂုံးချုပ်များနှင့် ဝေဖန်ရေး ကိုယ့်ကိုကိုယ်ဝေဖန်ရေးများကြောင့်ဟုဆိုနိုင်ပါသည်။ သီတင်းပတ်တပတ်လျင် ကိုယ်ယူနစ်နှင့်ကိုယ်လုပ်သော အစည်အဝေးများ ပုံမှန်ရှိသည်။ ထိုအပြင် သင်တန်းအပတ်စဉ်တခုပြီးလျင် တကြိမ်ပြုလုပ် သော နိဂုံးချုပ်အစည်းအဝေးများရှိသည်။ ယူနစ်အလိုက်လုပ်သကဲ့သို့ ပါတီဝင်များကလည်း ပါတီကလပ်စည်းအလိုက် ပါတီ ကော်မတီအလိုက် အစည်းအဝေးများရှိသည်။ အစည်းအဝေးပြီး အစည်းအဝေးဟု ဆိုကြသည်။

ထိုစဉ်က ထိုအစည်းအဝေးများတွင် အပြန်အလှန် ငြင်းခုန်ကြသည် လည်းရှိသည်။ အပြန်အလှန် ဝေဖန်ကြသည်လည်းရှိသည်။ သို့သော် ထိုအစည်းအဝေးများက ရလဒ်ကောင်းများထွက်ပါသည်။ မိမိယူနစ်အလိုက်လုပ်ငန်းအခြေအနေများကို ကိုယ်စီ ပြောဆိုကြပြီး ဝေဖန်ကြထောက်ပြကြပြီးမည်သို့လုပ်ဆောင်လျင် ပိုမိုကောင်းမွန်မည်ကို ဆွေးနွေးကြသည်။ လုပ်ငန်းတွင် မတက်ကြွသူ တာဝန်မကျေသူများကို ဝေဖန်ထောက်ပြကြပြီး တာဝန်ကျေအောင်ထမ်းဆောင်ဖို့ တိုက်တွန်းကြသည်။ လုပ် ငန်း၏ အားနည်းချက် အားသာချက်များကို ဝေဖန်သုံးသပ်ပြီး မည်သို့ရှေ့ဆက်ကြမည်ကို ဆုံးဖြတ်ကြသည်။ သို့နှင့် လုပ်ငန်းကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ပြီး ရှေ့ဆက်နိုင်အောင် ဆောင်ရွက်ကြသည်။ ထိုအချင်းအရာကို မိမိတို့က ပါတီ တည်ဆောက်ရေး တပ်တည်ဆောက်ရေးဟု ဆိုပါသည်။ ယခုခေတ်တွင်တော့ အင်စတီကျူးရှင်းတခု တည်ဆောက်ခြင်းဟု ဆိုကြပေလိမ့်မည်။

● KIA ခေါင်းဆောင်များနှင့်ထိတွေ့ခြင်း
မိမိ ကောက်ကွတ်ကျောင်းတွင် နေခဲ့စဉ်က ကာလက KIA ခေါင်းဆောင်များလည်း အခါအားလျော်စွာ ကောက်ကွတ်သင်တန်း ကျောင်းသို့ ရောက်လာကြသည်။ တဦးကတော့ KIA စတင်တည်ထောင်ရာတွင်ပါဝင်ခဲ့သူ လားမားလရိန် ဖြစ်ပါသည်။

● လားမား လာရိန်နှင့် လားရှိုးငွေတိုက်
၁၉၇၈ နှစ်ဆန်းလောက်က ထိုမန်ရှိုးဒေသ ကောက်ကွတ်သင်တန်းကျောင်းတွင် ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KIA တည်ထောင်ရာတွင်ပါဝင်ခဲ့သူ လမားလရိန်နှင့် တွေ့ဆုံခဲ့ဘူးသည်။ ထိုစဉ်က ကျနော်မှာ အသက် ၂ဝ စွန်းစ လူငယ် တဦးမျှသာရှိသေးသော်လည်း ထိုသူမှာ အသက်လေးဆယ်ခန့်ရှိပြီး KIO ၏ ဗဟိုခေါင်းဆောင်တဦးဖြစ်နေပေပြီ။ အနေ တည်၍ ရင်းနှီးဖေါ်ရွေသည့်ပုံစံမျိုးမပေါ်သော်လည်း သူသည် လူကြီး လူငယ် မရွေး လေးလေးစားစား ဆွေးနွေးပြောပြတတ်သူတဦးဖြစ်သည်။ သူနှင့် ခဏတာမျှဆုံ၍ စကားစမြည် ပြောခွင့်ကြုံခဲ့သည်။

ကချင်ထဲမှလက်ရှိအစိုးရကို စတင်ပုန်ကန်သူမှာဗိုလ်နော်ဆိုင်းဟုဆိုရမည်။ ၁၉၄၉ ပြည်တွင်းစစ်အစပိုင်းက ဗိုလ်နော်ဆိုင်း သည် ကချင်သနက ၁ မှ ဗိုလ်ကြီးတဦးဖြစ်သည်။ ၁၉၅ဝ တွင် KNDO တို့နှင့် အစိုးရပုန်ကန်ပြီး ရှမ်းပြည်မြောက်ပိုင်းတွင် လှုပ်ရှားခဲ့သည်။ ထိုစဉ်လားရှိုးမှ ကျောင်းသားတစ်ဦးဖြစ်သူ ဇော်ဆိုင်းသည်လည်း ဗိုလ်နော်ဆိုင်းအဖွဲ့နှင့်ဆက်သွယ်လှုပ် ရှားခဲ့သည်။ ၁၉၅၁ ခုနှစ် ဗိုလ်နော်ဆိုင်းအဖွဲ့ တရုတ်ပြည်သို့ နိုင်ငံရေးခိုလှုံခွင့်တောင်းခံဝင်ရောက်သွားသောအခါ လထော် ဇော်ဆိုင်းသည် တရုတ်ပြည်သို့လိုက်ပါမသွားဘဲ KNDO နှင့်အတူ သံတောင်ကြီး ဘောဂလိနယ်ဖက်တွင် ကျန်နေခဲ့သည်ဟု ဆိုသည်။

၁၉၅၉ တွင် လထော် ဇော်ဆိုင်းသည် ရှမ်းပြည်မြောက်ပိုင်း၌ လက်နက်ကိုင်အင်အားများ ဖွဲ့စည်းရန်ပြန်လည်ဝင်ရောက်လာခဲ့ပါသည်။သူအားကူညီရန် KNDO မှ ဗိုလ်မှူးလစ်လင်း Gilitlin ပါလိုက်ပါခဲ့သည်ဟု ဆိုပါသည်။ သိန္နီကွင်းအတွင်းမှာရှိ သော ဇော်ဆိုင်း၏မိခင် ကျောင်းဆရာမလုပ်နေသော နန့်အွန်ရွာမှ အခြေပြုဖွဲ့စည်းခဲ့ကြပါသည်။

ဇော်ဆိုင်း၏ ညီ ဇော်တူးလည်း တက္ကသိုလ်တက်ရာမှပြန်လာပူးပေါင်း ခဲ့သလို ကချင်သနက ၄ မှဒုတပ်ကြပ်လမုန်တူးဂျိုင်လည်း လာရောက်ပူးပေါင်းခဲ့သည်။ ထို့ပြင် တက္ကသိုလ်မှ ဇာတိသို့ ပြန်လည်ရောက်ရှိနေသော လားမား လာရိန်လည်း ဇော်ဆိုင်းတို့ နှင့်ပူးပေါင်းခဲ့ပြီး KIO ကို စတင်ထူထောင်ခဲ့ကြတော့သည်။ လားမားလာရိန်၏ဇာတိကတော့ ဗန်းမော်လား ကွတ်ခိုင်လား သေချာမမှတ်မိတော့ပါ။

ထိုစဉ် KIO အား လထော်ဇော်ဆိုင်းမှ ဥက္ကဌ လထော်ဇော်တူးမှ ဒုဥက္ကဌ နှင့် လားမားလာရိန်က အတွင်းရေးမှူးတာဝန်ယူပြီး လက်နက်ကိုင်အင်အား ၂၇ ယောက်နှင့် KIO ကို စတင်ဖွဲ့စည်းခဲ့ကြသည်။ ၁၉၆ဝ ခုနှစ် ဖေဖဝါရီ ၅ ရက်နေ့ လားရှိုးငွေတိုက် အား ဝင်ရောက်စီးနင်းခြင်းဖြင့် KIO အားစတင်ခဲ့သည်။ ၁၉၆၁ မတ်လနောက်ပိုင်း KIA/KIC တို့တိုးချဲ့ဖွဲ့စည်းပြီး KIA ရင်း ၁ အား ဗန်းမော် မွန်ဘာပါတွင်လည်းကောင်း၊ KIA ရင်း ၂ အား ကွတ်ခိုင်ဒေသ မုန်းစီး မုန်ထန်တွင်လည်းကောင်း ဖွဲ့စည်းခဲ့ သည်။ KIA ရင်း ၂ အား လားမားလာရိန်မှ တာဝန်ယူဦးဆောင်ခဲ့ပါသည်။

၁၉၇၂ ခုနှစ် KIO/ KIA အားပြင်ဆင်ဖွဲ့စည်းရာတွင် ဥက္ကဌဇော်ဆိုင်း၊ ဒုဥက္ကဌဇော်တူးတို့ ဦးဆောင်သော KIO ဗဟိုကော်မတီ တွင် ပုန်ရွှေဇော်ဆိုင်း၊ ဇော်ဒန်၊ လမုန်တူးဂျိုင်၊ ဇော်မိုင်၊ မရန်ဘရန်ဆိုင်း၊ မရန်ဘရန်တောင်တို့နှင့်အတူ လားမားလာရိန်လည်း ဗဟိုကော်မတီဝင်တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။

ပြောရလျင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတခုကို လူအနည်းငယ်နှင့် စတင်စည်းရုံးလှုပ်ရှား ကျော်ဖြတ်လာသူ တဦးနှင့် တွေ့ခဲ့ရခြင်းဟု ဆိုရမည်။ တူမီးအပါ မီးကျိုးမောင်းပျက်သေနတ်များ ကိုင်ဆောင်ထားသည့် လူနှစ်ဆယ်ကျော် လောက်က အစိုးရကို အံတုသည့် စစ်ပွဲတစ်ပွဲစခဲ့ခြင်းသည် အံ့အားသင့်ဘွယ် အချင်းအရာတခု ဖြစ်သည်။

လားမားလာရိန်က သူတို့၏ ပထမဆုံးတိုက်ပွဲကို ပြောပြသည်။ ၁၉၆ဝ ခုနှစ်ဖေဖဝါရီလ ၅ ရက်နေ့က ဖြစ်ပွါးသည်။ လားရှိုးငွေ တိုက်ကို စီးနင်းသိမ်းပိုက်ခြင်း ဖြစ်သည်။ “အဲဒီတုန်းက လားရှိုးငွေတိုက်ကိုစီးပြီး သိမ်းရလာတဲ့ငွေတချို့ကို ဂျစ်ကားနဲ့ မြို့ ပတ်ပြီး လိုက်ကြဲလိုက်သေးတာဗျ” ဟု ဆိုသည်။ ထိုသို့ပြောစဉ် မျက်နှာထားတည်သော သူ့မျက်နှာမှာ ပြုံးယောင်ယောင် ဖြစ်နေသည်။ သူအတွက် လွမ်းမောဘွယ် အတိတ်ဂုဏ်ယူစရာ အတိတ်ဖြစ်ပေလိမ့်မည်။

အစိုးရထိမ်းချုပ်ရာ မြို့ပြတခုအား လျပ်တပျက်ဝင်ရောက်စီးနင်းပြီး အင်အားအနည်းငယ်နှင့် အံတုပြနိုင်ခြင်းသည် ကချင် လူမျိုးများအား လှုပ်နှိုးလိုက်သလို ဖြစ်ပေလိမ့်မည်။ ပါဝင်သူများအဖို့လည်း အလွန်တရာ စိတ်လှုပ်ရှားဖွယ်ရာ အခိုက်အတန့် ဖြစ်ပေလိမ့်မည်။ ငွေတိုက်မှ သိမ်းလာသောပိုက်ဆံများကို ဂျစ်ကားတစ်စီးနှင့်မြို့ပတ်ကျဲနေသည့် စိတ်လှုပ်ရှားစွာ အော် ဟစ် အောင်ပွဲခံနေသည့်ကချင်လူငယ်များ၏ ပုံရိပ်သည် ကချင်လူမျိုးတို့အတွက် အချိုးအကွေ့တခုဖြစ်ခဲ့ပေသည်။ တော် လှန်ရေးဆိုသည်တို့သည် စိတ်ကူးစံများအိပ်မက်များဖြင့် အစပြုခဲ့ကြသည်ဟု ဆိုရမည်။

အစိုးရငွေတိုက်မှ ပိုက်ဆံသိမ်းပြီး လူထုအားဝေငှခြင်းသည် နည်းလမ်းမှန်မဟုတ်ဟု ဆိုနိုင်ပါသည်။ သို့သော် လူငယ်တို့၏ စိတ်သဏ္ဌာန်ကို ကောင်းစွာတွေ့နိုင်သည်။ မတရားမှုကို ခေါင်းငုံ့မခံ တွန်းလှန်လိုသောစိတ် အများ ပြည်သူအကျိုးသယ်ပိုးလို သောစိတ် ချမ်းသားကြွယ်ဝခြင်းအားပြည်သူ အားလုံးသို့ ဝေငှလိုသောစိတ်ဖြစ်သည်။ ထိုစိတ်သည် ကချင်လူငယ်များတွင်ရှိ သကဲ့သို့ လူမျိုးတိုင်းက လူငယ်များတွင်ရှိကြသည်။ ခေတ်အဆက်ဆက် လူငယ်များတွင် ရှိကြသည်။ ဖေါ်ပြသည့်ပုံစံချင်းသာ မတူကြ။ သူလူမျိုးဘဝ သူဖြတ်သန်းခဲ့ရသော ခေတ်အခြေအနေအရသာ ကွဲပြားမှုရှိပေလိမ့်မည်။ ထို့ကြောင့်ပင် အနာဂါတ်ကို လူငယ်တွေကပိုင်သည်ဟု ဆိုကြသည်မဟုတ်ပါလော။

ထို့နောက်တွင်တော့ လားမားလာရိန်နှင့် ထပ်မတွေ့ဖြစ်တော့ပါ။ ၁၉၈ဝ နောက်ပိုင်း သူကွယ်လွန်သွားပြီဟူသည့် သတင်း ကြား လိုက်ရသည်။ အချိန်တွေကြာမြင်ခဲ့ပေမဲ့ လားရှိုးငွေတိုက်မှ သိမ်းလာသောပိုက်ဆံများကို ဂျစ်ကားတစီးနဲ့ မြို့ပတ်၍ ကြဲခဲ့ကြသော လားမားလာရိန်နှင့်ကချင်လူငယ်များကိုမြင် ယောင်နေဆဲဖြစ်သည်။

ထို့အတူ ခေတ်အဆက်ဆက်လူငယ်တို့၏ တက်ကြွသော အားမာန်များကို မြင်ယောင်နေဆဲ မြင်နေရဆဲဖြစ်သည်။ အနာ ဂါတ်ကို လူငယ်များက ပိုင်ဆိုင်သည် မဟုတ်ပါလော။

● မလိဇွပ်ဇော်မိုင်
မလိဇွပ်ဇော်မိုင်သည် ကချင်နိုင်ငံရေးလှုပ်ရှားမှု၌ ကချင်တက္ကသိုလ်ကျောင်းသားများဖွဲ့စည်းခဲ့ကြသည်။ ကြယ် ၇ ပွင့် (seven stars) တွင်ပါဝင်ခဲ့သူဟု ဆိုကြသည်။ ၁၉၆၈ ခုနှစ် နှစ်ဆန်းတွင် ဇခုံတိန့်ယင်းနှင့်အတူ KIA မှခွဲထွက်၍ CPB သို့ ကူးပြောင်းလည့် CPB ၁ဝ၁ စစ်ဒေသ ဒုတပ်မှူး လယောက်ဇလွန်းကတော့ သူသွားဖမ်းလာတာဟု ဆိုဘူးသည်။ ထိုစဉ်က မလိဇွန်ဇော်မိုင်က ကျောင်းပြီး၍ တောင်အုပ်လုပ်နေစဉ် KIA ထဲသို့ အမှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်လာခဲ့သည်ဟု ဆိုပါ သည်။ ထိုစဉ် လယောက်ဇလွန်းသည် KIA တွင် တပ်ခွဲမှူးတာဝန်နှင့် ဗိုလ်ဖြစ်နေပြီဖြစ်သည်။

“သူကို ကျနော် သွားဖမ်းခေါ်လာတုန်းက ကြိုးတုပ်ပြီး တချက်နှစ်ချက်နရင်းရိုက်ခေါ်လာတာ။ သူက ပညာတတ်ဆိုတော့ နောင် ကျနော်တို့ကိုကျော်ပြီး ဗိုလ်တက်ဖြစ်မဲ့သူလေဗျာ။ ဒါကြောင့် ကိုယ့်အလှည့်ရတုန်း ပညာပေးထားရတာ” ဟူ၍ ရီမော ၍ လယောက်ဇလွန်းက ပြောပြဘူးသည်။ လယောက်ဇလွန်းသည် ကွန်လုံအနီးမှ လော်ဝေါ်ခေါ် မရူတိုင်းရင်းသား ဒေသခံ တဦးဖြစ်ပြီး ပညာတတ်တော့မဟုတ်ပေ။ KIA စဖွဲ့စဉ်က ပါဝင်ခဲ့ပြီး နောက်ပိုင်း KIA စစ်ကြောင်းများ ကချင်ပြည်နယ်သို့ တက်ရာတွင်ပါဝင်ခဲ့ပြီး ဝါစဉ်နှင့်အတွေ့အကြုံအရ KIA တွင် တပ်ခွဲမှူးအထိ တာဝန်ယူခဲ့ဘူးသူဖြစ်သည်။ သူတွက် ဆသ ကဲ့သို့ပင် မိမိနှင့်တွေ့ဆုံချိန်တွင် မလိဇွပ် ဇော်မိုင်မှာ KIA ၏ စစ်ဦးစီးချုပ်ဖြစ်၍နေပေပြီ။

အရပ်ထောင်ထောင်မောင်းမောင်းနှင့် မလိဇွပ်ဇော်မိုင်သည် စစ်သားပုံတော့ အပြည့်ပေါက်သူဖြစ်သည်။ ၁၉၇၇ ခုနှစ်တွင် မိမိတို့ ကောက်ကွတ်ကျောင်းသို့ရောက်လာပြီး သူ့တပ်ဖွဲ့အား လာရောက်ကြည့်ရှုခဲ့သည်။ သူတပ်ကတော့ သူ့အားကြောက် ရွံ့ကြသည်။ ခပ်ကြမ်းကြမ်းအုပ်ချုပ်တတ်၍ ထိတ်လန့်ကြပုံရသည်။ သူအား သူ့တပ်ဖွဲ့ဝင်များက ကြောက်ရွံ့ခဲ့ကြသော်လည်း ချစ်ကြောက် ရိုသေတော့ ဖြစ်ခဲ့ပုံမရ။ ၂ဝဝဝ ခုနှစ် KIO ဥက္ကဌအဖြစ်တာဝန်ယူစဉ် အာဏာသိမ်းခံရပြီး တာဝန်မှ ဖယ်ရှားခံ လိုက်ရသည်။ ယခုတော့ မြစ်ကြီးနားတွင်ရှိသည်ဟု ကြားရသည်။

● ဒူဇော်ဆိုင်း
သူက တပ်မဟာ ၄ ကဖြစ်သည်။ တပ်ရင်း ၉ က ဖြစ်ပုံရသည်။ တပ်ရင်းနံပါတ်တော့ ကောင်းစွာမမှတ်မိတော့။ ထိုစဉ်က မိမိတို့ ကောက်ကွတ်သင်တန်းကျောင်းရှိရာမှ ရွှေလီမြစ်တဖက်ကမ်း နမ့်ခမ်း၊ မူစယ်၊ နန့်ဖတ်ကာကြားရှိ အူမျှားဂွင်သည် KIA တပ်မဟာ ၄ ဂွင်ဖြစ်ရာ ဒူဇော်ဆိုင်းသည် မိမိတို့ဖက်ကမ်းသို့ကူးပြီး ကောက်ကွတ်သင်တန်းကျောင်းသို့ ခေတ္တလာ ရောက်ခြင်း ဖြစ်သည်။ သူကတော့ KIA သင်တန်းရှိမည်ထင်၍ အလွတ်လာတွေ့ခြင်းဖြစ်သော်လည်း သင်တန်းပိတ်ထား ချိန်ဖြစ်၍ မိမိတို့နှင့်သာ တွေ့ခဲ့ရပေသည်။ သူသည်နောက် KIA တပ်မဟာ ၄ မှ မထုနော်နှင့် အဖွဲ့ KIA မှခွဲထွက်ပြီး KDA ဖွဲ့စည်းရာတွင် ပါဝင်ပြီး ထိုအဖွဲ့တွင် ဒုတိယခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည်။ ယခုတော့ ကွယ်လွန်ပြီဟုသိရပါသည်။

သူအား မိမိမှတ်မိလိုက်သည်မှာ တချက်က ၁၉၆၂ ခုနှစ် ၇ ရက်ဇူလိုင်အရေးအခင်းကာလက သူရန်ကုန်တက္ကသိုလ်တွင်း ရှိနေကြောင်းပြောပြခဲ့ဘူး ၍ ဖြစ်သည်။ နောက်တချက်ကတော့ သူယူလာ၍ မိမိတို့အား တိုက်သည့်အရက်ကြောင့်ဖြစ်သည်။ သူယူလာသည့်အရက်မှာ နိုင်ငံခြားအရက်မဟုတ်ပါ။ ဒေသထွက် အရက်ဖြစ်သည်။ နမ့်မြဲအရက်ဟု ခေါ်ပါသည်။ နမ့်မြဲရွာ မှချက်၍ နမ့်မြဲအရက်ဟု ခေါ်ခြင်းဖြစ်သည်။ ရှမ်းမြောက်တွင် နေရာအနှံ့ အရက်ချက်လုပ်ကြပါသည်။ ချက်လုပ်ပုံက အတူ တူဖြစ်သည်။ ဆန် (သို့မဟုတ်) ကောက်ညှင်းကို ကဇော်ဖေါက်၍ မိုးဗြဲဒယ်ဖြင့် ပေါင်းခံခြင်းဖြစ်သည်။ တပြည်ကို အ ရက် လေးလုံးယူလျင် အကောင်းဆုံးဖြစ်သည်။ ၆ လုံးယူလျင် သိပ်မကောင်းတော့။ ပထမဦးဆုံးထွက်သည့်ပုလင်းကို ဦးရေ ဟုခေါ်သည်။ ရှေ့ဆုံးထွက်သည့် ၂ ပုလင်းခန့်က အပြင်းဆုံးဖြစ်သည်။ နောက်ထပ်ထွက်သည့် ပဲ့ရေဟုခေါ်သည့် ပုလင်း များက ပေါ့သွားသည်။ ရောင်းလျင် ဦးရေနှင့်ပဲ့ရေကို ရောရောင်းကြသည်။

ဤသို့ချက်ပုံချက်နည်းတူကြသော်လည်း အရက်အရသာက ကွာခြားသည်။ အကြောင်းမှာ အရက်ချက်သည်နေရာရှိ ရေ ကြောင့် ဖြစ်သည်။ ရေကောင်းလျင် အရက်ကောင်းသည်။ အရက်ကောင်းလျင် အရက်သည် ကြည်လင်နေပြီး လေပူပေါင်း လေးများ ပလုံစီထနေသည်။ အဝင်ကောင်းသည်။ အရက်ချို ချိုသည်။ အရက်များသွားပြီး အမူးလွန်လျင်တောင်မှ နောက် တနေ့ ကြည်ကြည်လင်လင် ရှိသည်။ ခေါင်းမကိုက်ပေ။ မူစယ် နမ့်ခမ်းဖက်ခြမ်းတွင် နမ့်မြဲအရက် နာမည်ကြီးသည်။ နမ့်ခမ်း မူစယ်ကားလမ်း အလယ်လောက်တွင် နမ့်စမ်ဂိုဒေါင်ဆိုသည့် ရွာတရွာရှိသည်။ ထိုရွာ၏ အထက်တောင်ပေါ် တွင် နမ့်မြဲရွာ ရှိသည်။ လမ်းလျောက်၍ ၂ နာရီကျော် ၃ နာရီခန့်တက်ရသည်။ ထိုစဉ် မဆလအစိုးရ တပ်စုစခန်းငယ်တခုရှိသည်။ ထိုရွာက စမ်းရေသည်ထိုရွာ၏ အရက်ကို နာမည်ကြီးစေသည်။ နမ့်မြဲကဲ့သို့ပင် ရှမ်းပြည် ကချင်ပြည်နယ်တို့တွင် သဘာဝရေးကောင်း သော ဒေသတို့မှ အရက်ဖြူတို့သည် နာမည်ကောင်းရကြပါသည်။

ထိုစဉ်က မိမိတို့အတွက် ဘလက်လေဘယ်မရှိ။ ဂိုးလ်လေဘယ်မရှိ။ ဘလူးလေဘယ်မရှိပါ။ ဖြူစင်ကြည်လင်ပြီး ပလုံစီနေ သည့် နမ့်မြဲလေဘယ်သည်သာ မိမိတို့အတွက် အကောင်းဆုံးဖြစ်ချေတော့သည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)