မောင်နောင်မွန် ● ဆောင်းလေရူးနှင့် တောမီး

October 29, 2017

● ဆောင်းလေရူးနှင့် တောမီး

(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၁၇

လေပြေတဖြူးဖြူးနှင့်အတူ တောင်ကုန်းတခုရဲ့ထိပ်ဆုံးတွင်ရပ်နေရသောအရသာသည် ဘာနဲ့မှမလဲနိုင်ချေ။ မျက်နှာပေါ် လာရောက်ထိတွေ့သော ထိုလေပြေများတွင် ပင်လယ်အငွေ့အသက်များ တခါတရံပါလာတတ်ပြီး တခါတခါမှာတော့ ကန္တာရအငွေ့အသက်များရောဖက်ပါလာလေ့ရှိပါသည်။ သို့သော် ထိုလေပြေတို့၏အတွေ့အထိတွင် လတ်ဆတ်မှုများပါဝင်သည် ကိုတော့ တွေ့ကြုံထိတွေ့ဖူးသူတိုင်း လူတိုင်းလက်ခံရမည်ဖြစ်သလို ဝန်ခံကြလိမ့်မည်လည်း ထင်သည်။

ကျနော်သည် သည်တောင်ကုန်းထိပ်ပေါ်သို့ရောက်နေသည်မှာ သုံးညအိပ်ခန့်ရှိပြီဖြစ်သည်။ ဆောင်းဦး၏အစ လေရူးတိုက် ချိန်တွင် တောင်ပေါ်မှာ ရာဘာတောများ မီးဘေးအန္တာရာယ်ကင်းရှင်းစေရန်အလို့ငှာ ကျနော်သည် အဘိုးနှင့်အတူ တက်လာ ခြင်းဖြစ်သည်။

ရာဘာတောအလယ်ရှိတဲအိမ်လေးဆီမှ မီးခိုးတလူလူကိုတွေ့မြင်ရသည်။ အဘိုးသည် အိပ်ရာမှထကာ ရေနွေးကျိုနေဟန်ရှိ သည်။ တောင်ဘက်၌ မနေ့ညကမီးလောင်ထားသော ရာဘာပင်များဆီမှမီးခိုးငွေ့များကို တွေ့နေရသည်။

ကျနော်သည် တောင်စောင်းရှိ ရာဘာခြံလေးမှဆင်းကာ တောင်ကုန်းနှင့်တခေါ်စာခန့််ဝေးသော ပန်းတောင်ဟုခေါ်သော ကျောက်တောင် ဘက်တွင်ရောက်နေသည်။ ပန်းတောင်သည် တတောင်လုံး ထုံးကျောက်အတိဖြစ်ကာ တတောင်လုံးတွင် အလေ့ကျ တောပန်းများဖြူနီဝါစုံပေါက်နေသည်။ ဒီပန်းတောင်ကမူလေးသည် တောင်တန်းကြီး၏ဘေးတွင်တည်ရှိသော အမြင့်ဆုံးတောင်ကမူဖြစ်သည်။

အဘိုးတို့ တောင်စောင်းတလျှောက်မြေရိုင်းများကို ရှင်းလင်းကာ ဓားမဦးကျစနစ်ဖြင့် ရာဘာပင်များစိုက်ပျိုးစအချိန်တွင် ဤပန်းတောင်ကို အဘိုးခြံဘက်တွင် ရှိနေခဲ့သည်။ သို့သော် အပင်ကြီးများစိုက်ပျိုး၍မရသောကြောင့် ဒီအတိုင်းပစ်ထားခဲ့သည်။

ကျနော်သည် ရာဘာခြံတော တောင်ကုန်းလေးသို့ရောက်လာလေ့ရှိတိုင်း ဒီပန်းတောင်ဘက်ကို တက်ကြည့်မိသည်။ သုံး ရက်အတွင်း ယခုအကြိမ်သည် ဘယ်နှကြိမ်မြောက်မှန်းမသိအောင် ပန်းတောင်ပေါ်သို့ ကျနော် အခါခါ ရောက်နေခဲ့သည်။

ပန်းတောင်သည် တောင်ညိုတောင်တန်းကြီးဘေးနားရှိ ထီးထီးတည်းဖြစ်နေသော တောင်ကမူလေးဖြစ်သည်။ ပေငါးဆယ် ကျော်ခန့်သာမြင့်သည်။ ထိုတောင်ကမူ၏နောက်ခံသည် တောင်ညိုတောင်တန်းကြီးဖြစ်ကာ အမြဲစိမ်းလန်းနေသောကြောင့် ထုံးကျောက်တောင်သည် ထီးထီးကြီးရပ်နေသည့်ပမာ ကြည့်လိုက်လေတိုင်း အလွန့်အလွန် မျက်စိပဒသာကျလွန်းနေ လေသည်။

ကျနော်တို့ရွာအရှေ့ဘက်တွင်ရှိသောတောင်တန်း၏အမည်မှာ လက်ခတ်တောင်သည်။ ရှေးလူကြီးတွေအဆိုအရ ယက္ကန်း ၏ လက်ခတ်သံ များကြားနေရသောကြောင့်ဟုလည်းကောင်း၊ တောင်၏ပုံသဏ္ဍာန်သည် ယက္ကန်းလက်ခတ်နဲ့တူသောကြောင့်လည်းကောင်း ခေါ်ကြသည်ဟု ဆိုကြသည်။

တောင်၏အရှေ့ဘက်တွင် ပန်းတောင်နှင့် မြေဖြူတောင်ဟူသော တောင်ကုန်းနှစ်ခုရှိသည်။ ပန်းတောင်တွင်ဥစ္စာစောင့်မလေးများရှိသည်ဟု ဆိုကြသည်။ ထိုဥစ္စာစောင့်မလေးများက ပွင့်အံ့လတ္တံ့သော အရိမေတ္တယျဘုရားရှင်အတွက် ရွှေသင်္ကန်း တော်ကို ယက်လုပ်နေသောကြောင့် ယက္ကန်းခတ်သံများကြားနေရသည်ဟုလည်း အဆိုရှိကြသည်။

မြေဖြူတောင်သည်ကား ကျောင်းစာသင်ခန်းများတွင်အသုံးပြုသည့် မြေဖြူခဲအတွက် ကုန်းကြမ်းကိုထုတ်လုပ်သည်။ တောင် ခြေပတ်လည်တွင်လည်း ခဲမဖြူ အဖြိုက်နက်တူးထားသော ကျင်းကြီးများရှိလေရာ ယင်းတို့မှာ လျှိုမြောင်များသဖွယ်ဖြစ်နေလေသည်။ ယခုမူ ထိုသတ္တုတူးဖော်ရေးလုပ်ငန်းများ ကိုရပ်ဆိုင်းပစ်ပြီး မြေဖြူကြမ်းများကိုသာ တူးဖော်နေကြသည်။

ကျနော်သည် ထိုပန်းတောင်ပေါ်တက်၍ မြင်ရသော မြင်ကွင်းကိုအလွန်သဘောကျသည်။ အမြင့်မှမြင်ရသောမြင်ကွင်းတခု၏ရှုထောင့်သည် အခြားမြင်နေရသောရှုထောင့်များနှင့်မတူချေ။ ထိုကြောင့် လူအများသည် အမြင့်သို့ရောက်သော် အမြင် များ အပြောများပြောင်းလဲသွားခြင်းသည် ထိုသဘော ထိုအကြောင်းများကြောင့်ဖြစ်လိမ့်မည်ဟု တွေးထင်မိလေသည်။ တောင်ကုန်းထိပ်မှမျှော်ကြည့်လျှင် ပြာလဲ့လဲ့ ပင်လယ်ပြင်ကြီးကိုမြင်နေ ရသည်။ ထို့နောက် စိမ်းမြမြကောက်ပင်ခင်းများကိုတမျှော်တခေါ်ကြီးတွေ့ရပြန်သည်။

မျက်နှာကိုလာရောက်ထိတွေ့သောလေပြေသည် ထိုအရပ်မှဖြတ်သန်းလာသောကြောင့်လားမသိ၊ တခါတလေ ပင်လယ်ရနံ့ လွှမ်းနေသည့် ဆားငန်ရေ အထိတွေ့ကိုရကာ၊ တခါတရံမူ ရွှင်ပျပျ ချိုချိုမြမြနှင့် စိမ်းစိုလတ်ဆတ်လှသည့် ကောက်နှံရနံ့များကို ရတတ်ပါလေသည်။ ထို့နောက်မူ အရောင်တလဲ့လဲ့ တက်သစ်စနေရောင်အောက် တောက်ပနေသော သွပ်မိုးအိမ်တန်းများရှိ သော ကျနော်တို့ရွာတန်းလေးကိုမြင်နေရသည်။

ယခုလို တောတောင်တွင်လာရောက်နေထိုင်သောအခါ သတိအရဆုံးအရာမှာ အိမ်မှ ကျနော့်အိပ်ရာလေးပင်ဖြစ်သည်။ နံနက်နေထွက်စပြုနေသောအချိန်မို့ ကျေးငှက်တို့၏ ကျီကျီကျာကျာ တီတီတာတာအသံများကိုကြားနေရသည်။ သစ်ပင်သစ် ခက်တွင် ဆောင်းဦး ရာသီ၏ နှင်းရည်စက်များ တွဲလွဲခိုနေသည်။ မနေ့ညက ဟိုမှာဘက်တောင်စောင်း ရဲရဲနီနေသော မီးရောင်နေရာတွင် အဖြူရောင်မီးခိုးငွေ့များတလူလူ အူထလျက်သာ အမဲရောင် မြေပြင်ကိုသာ တွေ့ရတော့သည်။

ရာသီက ခြောက်သွေ့စ ပြုလာပြီဖြစ်သည်။ ထို့အပြင် အရှေ့မြောက်လေရူးတို့လည်း တိုက်ခတ်နေပြီဖြစ်သောကြောင့်ဖြစ်သည်။ တောင်စောင်းများတွင်စိုက်ထားသောရာဘာပင်များမှာ အပင်ကြီး နည်းနေသေးသည်။ ယခုမှစတင်ပျိုးထားသောအပင်များနှင့် သုံးလေးနှစ်သား အရွယ်အပင်များသာ များသည်။ တစုံတဦးက တောင်ပေါ်တွင် ထင်းရှာရင်း သို့မဟုတ် ကိစ္စ တခုခု ဖြင့် သွားလာရင်း မတော်တဆပစ်လိုက်သော မီးမသေသော ဆေးလိပ်တိုလေးများသည် တရားခံဖြစ်သွားတတ်သည်။ တခါ တလေ တမင်တကာပြုသည့် ရှို့မီးများလည်း ရှိသည်။ သည့်အပြင် ဝါးပင်များထပ်တူသောတောကြီးဖြစ်သောကြောင့် ထိုဝါးပင်များချင်းပွတ်တိုက်ရာမှ ထွက်ကျလာသောမီးပွားများကလည်း တရားခံဖြစ်တတ်ပါသည်။

ညတုန်းကမြင်ရသော တောမီးများမှာ နီနီရဲနေသည်။ လွန်ခဲ့သော သုံးရက်ခန့်ညနေဘက်တွင် ကျနော်နှင့်အဘိုးသည် တောင်ထိပ်နားတွင် လောင်နေသောမီးရောင်ကိုမြင်သောကြောင့်ဖြစ်သည်။ တောင်စောင်းရှိခြံလေးထဲသို့ရောက်ရောက် ချင်း အဘိုးက အရွက်ဖားဖားသစ်ကိုင်းနှစ်ကိုင်းခုတ်ကာ ကျနော့်ကို တစ်ကိုင်းပစ်ပေးခဲ့သည်။ ထို့နောက် ကျနော်နဲ့အဘိုးသည် မီးလောင်နေသောခြံစပ်သို့ အပြေးလေးသွားခဲ့သည်။

သစ်ကိုင်းများဖြင့်တဖျတ်ဖျတ်ရိုက်ကာ မီးစွယ်များကိုငြိမ်းသတ်ကြသည်။ အနီးအနားခြံများမှလည်း ခြံထဲမီးမကူးစေရန် အတွက် အားသွန်းခွန်စိုက် ငြိမ်းသတ်နေကြသည်။ ဆောင်းလေရူးများနှင့်အတူ တောင်စောင်းရှိရာဘာပင်အပင်သုံးဆယ်ခန့်ပင် မီးထဲပါသွားခဲ့သည်။ လေအရှိန်ကြောင့် တောမီးများသည် ဟိုခုန်ဒီကူးနေလေသည်။ အပေါ်ဘက်တောင်စောင်းရှိခြံမှအပင်များကတော့ ပြာအတိ ကျကုန်လေပြီ။

အဘိုးတို့လုပ်ထားသောမီးတာလမ်းများကောင်းသောကြောင့် ဆိုးဆိုးဝါးဝါးတော့ မကြုံခဲ့ရချေ။ အဘိုးတို့က ရာဘာပင်များ အား တပင်နှင့်တပင်ကြား မီးမကူးစေရန် ရှင်းလင်းထားကာ မီးတာလမ်းတွေ ပြုထလုပ်ထားခဲ့ကြသည်။ ထိုလမ်းကြောင်းတွင် သစ်ရွက်ခြောက်များ မြက်ခြောက်များမရှိစေရန် သတိပြုလျက် ရှင်းလင်းပြင်ဆင်ထားရသည်။ မီးတာလမ်းမကောင်းပါ တခြံလုံးမီးလောင်ပြင်ဖြစ်နိုင်သည်။

မနေ့ညကလည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ ကျနော်တို့ခြံထက်ပန်းတောင်တခုခြားနေသောနေရာမှ မီးရောင်များ ကို မြင်နေရသည်။ အဘိုးနဲ့ ကျနော်ပင်ထိုခြံသို့အပြေးသွားကာ ဝိုင်းငြိမ်းသတ်ပေးခဲ့သည်။ တောမီးသည် ထိုခြံတွင်ငြိမ်းသတ်ခဲ့ငြားသော်လည်း တခြံလုံးနီးပါးခန့်မီးစွဲခံခဲ့ရသည်။ လွန်ခဲ့သောတပတ်ခန့်ကဆိုလျှင် မြေဖြူတောင်ဘက်ရှိရာဘာခြံတွင် ရှို့မီးကြောင့် တခြံလုံးပြာကျရုံအပြင် ခြံစောင့်အလုပ်သမားနှစ်ယောက်လည်း မီးလောင်ဒဏ်ရာကြောင့် ဆေးရုံတက်နေရ သည်။

နေမင်းကြီးသည် တဖြည်းဖြည်းမြင့်တက်လာသည်။ တောရိပ်တောင်ရိပ်များနှင့်အတူ ဆောင်းနှင်း၏အငွေ့အသက်သည်ကား နေရောင်ခြည်နှင့်အတူ ကျဲပါးလာသည်။

အဘိုးသည် တဲရှေ့သို့ထွက်လာကာ ကျနော်ရှိနေသော ပန်းတောင်ဘက်မျှော်ကြည့်လျက် ကျနော့်နာမည်ကို အော်ခေါ်နေ လေသည်။

အသံများသည် တောင်စောင်းများကိုရိုက်ခတ်ကာ ပဲ့တင်သံများပြန်လာသည်။ ဟိန်းထနေသောအဘိုးခေါ်သံကိုကြားရသည်။

ငယ်စဉ်မုဆိုးဝတ္ထုများတွင်ဖတ်ဖူးသော တောတွင်းထဲရောက်လျှင်နာမည်မခေါ်နဲ့ဟူသောစကားလုံးများကိုမဆီမဆိုင်သတိရမိသေးသည်။ သို့သော် ကျနော်တို့နေသောတောင်စောင်းသည်ကား ရာဘာပင်များဖြင့်ဝေဆာနေသောကြောင့် တောရိုင်း မဟုတ်တော့ချေ။

ကျနော်လည်းအဘိုးကိုလက်ပြကာ ပန်းတောင်မှဆင်းလာခဲ့သည်။ ဟိုနေ့ကမီးစွဲထားသော ရာဘာပင်များကိုရှင်းကာ မီးတား လမ်းများပြန်လုပ်ရမည် မဟုတ်ပါလား။  ။

မောင်နောင်မွန်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်