ကျော်ထင် ● အပင်မြို့

October 31, 2017

● အပင်မြို့
(မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၁၇

(တစ်)

ကျနော်တို့မြို့လေးဟာ ပဲခူးရိုးမတောင်စွယ်မှာ ရှိနေတယ်။ ဝေးဝေးကနေကြည့်ရင် တောအုပ်လေးနဲ့ ပိုတူတယ်။ အဝေးပြေး ကားလမ်းမကြီးတလျှောက်မှာ ကုက္ကိုပင်ကြီးတွေ အများကြီးရှိတယ်။ အိမ်တွေ ခြံတွေ၊ လမ်းပခုံးတွေနဲ့နေရာအနှံ့မှာ မန် ကျည်းပင်တွေလည်း ပေါက်နေတယ်။ တေဇောဓာတ်ကို အရများလို့နဲ့တူတယ်။ တမာပင်တွေဆိုလည်း တအားပါပဲ။ ဒီ အထဲမှာ မြို့ရဲ့အရှေ့ခြမ်းမှာက အုန်းပင်တွေ အများဆုံး အပေါက်များပြန်တယ်။ တမာပင်၊ မန်ကျည်းပင်၊ ကုက္ကိုပင်တွေက အလေ့ကျပေါက်တာများပေမယ့် တချို့လည်း စိုက်ထားတာပါတယ်။

အဝေးပြေးလမ်းမကြီးဘေးက ကုက္ကိုပင်တွေဆိုရင် လမ်းရဲ့ကြံ့ခိုင်မှုအတွက် အင်္ဂလိပ်ကစိုက်ခဲ့တာလို့ ပြောတယ်။ ကုက္ကိုရိပ် တွေကြောင့် လမ်းက ကတ္တရာစေးတွေ အရည်ပျော် တာလည်း သက်သာစေတယ်။ ကုက္ကိုသီးတွေကလည်း အစေးအထပ်နဲ့မို့ ကြွေကျတဲ့အသီး ကားနင်းပြီး ကတ္တရာစေးနဲ့တသားတည်းဖြစ်သွားပြန်တယ်။ ဒီကြားထဲ ကတ္တရာ စေးနဲ့တသားတည်းမဖြစ်ခင် မှာတော့ အမှီရောက်လာတဲ့နွားတွေက စားကြတာရှိတယ်။ နွားကျာင်းတဲ့သူတွေက ကောက်သွားတာလည်းရှိတယ်။

ဒါက အထင်ကရနဲ့အတွေ့ရများတာတွေကို ပြောတာပါ။ တကယ့်တကယ်က မပူလွန်း၊ မအေးလွန်းတဲ့ မျှတတဲ့ရာသီဥတုရှိ တဲ့အရပ်မို့ အပင်တွေ အတော်များများပေါက်တာပါပဲ။ ခရေပင်ကြီးတွေလည်း ရှိတာပါပဲ။ ကံ့ကော်၊ ပုန်းညက်၊ ငုနဲ့ပိတောက် တွေလည်း ကျနော်တို့မြို့ရဲ့ရာသီကို ကြိုက်ကြတယ်။ ဗိုလ်ချုပ်ကြေးရုပ်တောင်ဘက်နဲ့ အနောက်ဘက်က ငုတွေဆိုရင် မြို့ သိ ရွာသိလို့ ပြောရမယ်နဲ့တူပါတယ်။ နွေအကုန် မိုး အပျိုဘော်ဝင်ပြီဆိုရင် သူ့ဘေးက စိန်ပန်းတွေနဲ့အပြိုင်ကျဲနေလိုက်တာ။ တလောကလုံး အဝါနဲ့အနီပဲ ရှိတယ်များမှတ်နေသလား ထင်ရတယ်။

အဲ့ဒီ့ထဲက တပင်တောင် အခုမရှိတော့ဘူး။ ငုတ်တိုဖြစ်သွားပြီ။ ပြီးခဲ့တဲ့ သြဂုတ်လ (၂ဝ၁၇) ထဲမှာ ကန်ရေပြင်ဘက်ကို မိုပြီး ပေါက်နေတဲ့ အဲ့ဒီ့စိန်ပန်းပင်ကြီး ပြိုလဲသွားတာ။ စည်ပင်က ခုတ်ပိုင်းရှင်းလင်းနေတာ တွေ့လိုက်ရတယ်။  နှမြောမိပေမယ့် ဒါက သြကာသလောကရဲ့အလိုပါပဲလေလို့ ဖြေသိမ့်လိုက်ရတယ်။ ကျနော်တို့ဆယ်ကျော် သက်လောက်ကအပင်၊ ကျနော်တို့ ရင်ဘတ်တွေ ဖွင့်ဟပြခဲ့ကြတဲ့အပင်၊ ကျနော်တို့တတွေ အရိပ်ခိုခဲ့ကြတဲ့အပင်၊ ကျနော်တို့နဲ့ကြီးဖော်ကြီးဖက်အပင်၊ တခြားရပ် ကွက် သားတွေထက် ကျနော်တို့ရပ်ကွက်သားတွေနဲ့ပိုပြီး လက်ပွန်းတတီးရှိလှတဲ့အပင်ဆိုတော့ နှမြောတယ်။ ကန်ဘေးမှာ နှစ်ပေါင်းသုံးဆယ်ကျော်လောက် ငုတွေနဲ့အပြိုင် မြို့အလှကို ဆင်သွားခဲ့တာ။ သဘာဝအလှကို ရဲရတောက်ပြခဲ့တာ။ ခုတော့ သူမရှိတော့ဘူး။ သြကာသလောက၊ သတ္တလောကမှာ ကျင်လည်နေရသမျှတော့ မရဏဘီးက လည်နေဦးမှာပဲလေ။ သူပြီးရင်ကော ဘယ်သူဖြစ်မလဲ။ ဟိုဘက်အပင်တွေ၊ ဟိုဘက်အပင်တွေနဲ့ ပြီးတော့ ကျနော်တို့ပဲ မဟုတ်လား။

(နှစ်)
မရမ်းနဲ့ဖန်းခါးတွေကလည်း သမိုင်းတွင်အောင် ရှိနေတာပါပဲ။ မရမ်းခြံဆိုတာ ဒီနေ့ခေတ်ထိ ခေါ်နေတုန်းပါပဲ။ မရမ်းခြံမှာဆို မရမ်းတွေ အမျိုးစုံပဲ။ မရမ်းချဉ်၊ မရမ်းချို၊ မရမ်းဖန်တွေတဲ့။ ကျနော်တို့လူပျိုပေါက်မှာ အဲ့ဒီ့မရမ်းခြံမှာ video တွေပြလို့ခြေလျှင် လျှောက်ပြီး သွားကြည့်ဖူးတယ်။ မြို့ရဲ့အရှေ့စမှာရှိတာဖြစ်လို့ ကျနော်တို့ အနောက်ခြမ်းကနေသွားရင် တော်တော်သွားရတယ် ထင်မိတယ်။ ခုတော့ အဲ့ဒီ့နေရာကို တထွာတမိုက်လောက်ပဲထင်မိတော့တယ်။ အသက်အရွယ်ကြီးရင့်လာတာလည်း ပါမှာ ပေါ့။ ခေတ်တွေ ပြောင်းသွားတာကော။ အမြင်တွေက ကျယ်သွားတာကော။ သုံးတဲ့ယာဉ်တွေကလည်း ခေတ်မီကုန်တာကိုး။

ဟိုတုန်းက စက်ဘီး မြင်းလှည်းနဲ့ ဆိုက်ကားပဲ တွင်တွင်ရှိတာ။ သင်္ကြန်လည်ရင်လည်း မြင်းလှည်းက များများပါ။ ကားနဲ့ဆိုင် ကယ်ဆိုတာဆိုတာ မြို့မှာ နည်းနည်းနဲ့ကျဲကျဲ ရယ်။ နည်းဆို မိုးရွာပြီဆိုရင် ဗိုလ်ချုပ်ကြေးရုပ်ရှေ့ မျက်နှာစာက လမ်းဆုံမှာ ဘောလုံး ကန်လို့ရတယ်။ ကားနဲ့ဆိုင်ကယ်လာရင် ရပ်ပေးတယ်။ စက်ဘီးလာရင် ရှောင်ပေးတယ်။ ခုနေခါမှာ အဲ့ဒီလို ကန်ဖို့ ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။ ဘောလုံးပိုက်ပြီး ထိုင်နေရမယ့်ကိန်းပါ။

ဖန်းခါးဆိုရင် မြို့ရဲ့အမည်နဲ့တောင် တွင်ခဲ့တယ်ဆိုတယ်။ မြို့ရဲ့ဒဏ္ဍာရီမှာ ပင်မုံနလို့ခေါ် ခဲ့ဖူးတယ်တဲ့။ ဒီအ မည်က ရှမ်းလိုပါ။ ရှမ်းတွေဟာ အရှေ့ ဘက်တောင်တန်းတွေပေါ်ကနေ ရေကြည်ရာမြက်နုရာ ဆင်းလာကြတာမှာ ကျနော်တို့ဆီ ရောက်လာကြ တယ်။ ကျနော်တို့ရဲ့ မပြန့်တပြန့်မြေပေါ်မှာပဲ သူတို့စတည်းချကြတယ်။ အဲ့ဒီ့မှာ  ဖန်းခါးတွေပေါတာကို မြင်မှာပဲ။ ဒီတော့လည်း အမည်သစ်ပေးလိုက်ကြမှာပဲ။ ဖန်းခါးသီးစခန်းလို့။

ရှမ်းဘာသာစကားနဲ့တော့ ပင်မုံနလို့ခေါ်တယ်။

အဲ့ဒီ့ ပင်မုံနကနေ တစတစ ပျဉ်းမနားလို့ အသံပြောင်းသွားတယ်ပြောကြတယ်။ ဒါဟာ အမှန်လား။ ဒဏ္ဍာရီလား၊ နှစ်ဘယ် လောက်ကြာရင် အသံဆိုတာ ပြောင်းလဲတတ်တာတုန်း။ နှစ်ငါးရာလား။ နှစ်တထောင်လား။ နှစ်ထောင်လား။ ဒီ့ထက်ပို သေးသလား။

ကျနော်ဖတ်ဖူးသလောက်တော့ ပျဉ်းမနားဆိုတာ ပုဂံခေတ်ကတည်းကရှိတာ။ ဒါပေမဲ့ ကျနော်တို့ပျဉ်းမနားတော့ မဟုတ်ပါ ဘူး။ ပုဂံခေတ်မှတ်တမ်းတွေထဲက ပျဉ်းမနားဆိုတာ ပန်းလောင် မြစ်ဘေးနားမှာ ရှိတာပါ။ အခုနေရာနဲ့ပြောရရင် ကြို့ပင်ခြံ ရွာမြောက်ဘက်မှာ ရှိခဲ့တယ်။ လယ်တွင်း လေးခရိုင်ထဲမှာပါတယ်။ အဲ့ဒီ့အရပ်မှာ နေခဲ့ဖူးတဲ့သူတွေ ကျနော်တို့ဆီရောက်လာ ရင်း နာမည်ပေးမယ်ဆိုတော့ နေခဲ့ဖူး၊ ကြားခဲ့ဖူးတဲ့ နာမည်ပေးလိုက်တာကော မဖြစ်နိုင်ဘူးလား။

ဖန်းခါးသီးတွေကတော့ တကယ်ပေါပါတယ်။ ကျနော်တို့ ငယ်ငယ်တုန်းက တောရကျောင်းတွေသွားကြရင် ညောင်ရမ်း တောရ၊ သပြေတောင်တောရ၊ ဥပုသ်တောရတွေရဲ့ တောတောင်တွေထဲမှာ ဖန်းခါးပင်တွေ တအားပဲကို။ အပြန်မှာ ဖန်းခါးသီး လေးတွေကိုတောင် ကောက်လာတတ်ကြသေးတယ်။ ကျနော်လည်း ကောက်တဲ့အထဲမှာ ပါတယ်။ ချဉ်ဖန်ခါးအရသာကို ငုတ်သီးခြောက်မှုန့်နဲ့ ငန်ပြာရည် ရောဖျော်ထားတဲ့ ဖျော်ရည်နဲ့ တို့စားရတာကို ကြိုက်တယ်။ ဒီတော့ ဖန်းခါးသီးနုနုတွေဟာ တောရအပြန် လက်ဆောင်တွေလို့တောင် ပြောနိုင်တာပေါ့။

ဒီတောရတွေဆီ ဝါဆိုလရောက်ရင် ကျနော်တို့ မြို့သူ၊ မြို့သားတွေ သွားကြတယ်။ ဝါဆိုပန်းခူးပွဲတဲ့။ ဝါဆိုလပြည်နေ့မှာ သွားကြတာ။ အများအားဖြင့်ကတော့ ညောင်ရမ်း တောရဆီသွားကြတာများပါတယ်။ တောထဲတိုးကြ၊ ဝါဆိုပန်းတွေ ခူးကြ၊ ဘုရားမှာ ကပ်လှူကြနဲ့ တချို့လည်း လိပ်ဥတူးတာ ပါချင်ပါပါလိမ့်မယ်။ ကျနော်ကတော့ လိပ်ဥတူးတတ်တဲ့ အရွယ်မဟုတ် သေးလို့ပျော်ရုံသက်သက်ပဲ။ ညောင်ရမ်းတောရထဲမှာ ဂီတဖျော်ဖြေပွဲပါ ပါတာ တနှစ်တွေ့ဖူးတယ်။ နောက်နှစ်တွေမှာ ကျ နော်မရောက်တော့လို့  ဂီတပွဲတွေ ပါ မပါကို အမှတ်မထားမိပါဘူး။

ကျနော်ရောက်တုန်းက တောထဲတောင်ထဲမှာ လူတွေအုပ်အုပ်ကျက်ကျက်နဲ့ အများကြီးပါပဲ။ သစ်ပင်ချုံနွယ်တွေကြားမှာ ပေါ်နေတဲ့လမ်းတွေအတိုင်း လျှောက်တဲ့သူတွေက လျှောက်။ အသစ်ဖောက်တဲ့သူတွေက ဖောက်နဲ့။ နောက်တဲ့သူက နောက်လိုက်၊ ကြောက်တဲ့သူက ကြောက်လိုက်နဲ့။ ဟိုနားကြည့်လိုက်လည်း လူတွေသစ်ပင်တွေ။ ဒီနားမြင်လိုက်လည်း သစ် ပင်တွေ လူတွေ။ ပျော်နေကြတာပဲ။ တောရဲ့တိတ်ဆိတ်မှုဟာ လူတွေရဲ့အသံတွေနဲ့ပေါင်းပြီး ပျော်ရွှင်စရာနေရာတွေ ဖြစ် သွားတယ်။

တတ်နိုင်တဲ့သူတွေကတော့ ကက်ဆက်တွေ ယူလာ၊ စားစရာသောက်စရာတွေနဲ့ တောထဲတောင်ထဲ ခြေခင်းလက်ခင်းသာတဲ့ နေရာလေးတွေရွေး အပန်းဖြေကြတာ။ တော်တော် ငြိမ့်တာပဲ။ ကျနော်တို့ကတော့ တောထဲတောင်ထဲ တောကြည့် တောင် ကြည့် လျှောက်သွားကြတာဆိုတော့ တော်တော်ညောင်းတာပဲ။ အိမ်ပြန်ရောက်ရင် ခြေထောက်တွေကို ကိုက်ခဲလို့။ ဝေး လည်းဝေးတာကိုး။ မြို့ရဲ့မြောက်ဘက်စွန်းထိသွားရတာ။ ငါးမိုင်ခြောက်မိုင်လောက်တော့ ဝေးမယ်ထင်တယ်။

ကျနော်တို့ကတော့ မြင်းလှည်းတွေ စက်ဘီးတွေနဲ့မသွားကြဘူး။ သံလမ်းတလျှောက် လမ်းလျှောက်ကြတာ။ အရှေ့ဘက်မှာ လယ်ကွင်း၊ အနောက်ဘက်မှာ ပန်းခင်းတွေ။ ကျနော်တို့သွားတဲ့အချိန်မှာတော့ ပန်းတွေမစိုက်ကြသေးပါဘူး။ ရာသီမကျသေး လို့ မစိုက်သေးတာ။ စိုက်ရင် မေမြို့ပန်းနဲ့ဒေါနပန်းတွေ စိုက်တာ။ မေမြို့ပန်းတွေက အဖြူ၊ ခရမ်း၊ အနီတွေ သမ်းလို့။ ဒေါနပန်း မီးခိုးသမ်းတွေက ရနံ့တွေထုံလို့။

သံလမ်းဘေးအတိုင်း သွားရတာက သံလမ်းဘေးရေကန်တွေထဲက ရေမှော်တွေကို ဆယ်ရအောင်လို့လေ။ အိမ်မှာ အလှ မွေးငါးတွေ မွေးထားတာ။ အောက်စီဂျင်လိုတယ်။ ခုခေတ်လို အောက်စီဂျင်ပေးတဲ့ကိရိယာတွေကို အဲ့ဒီ့တုန်းက လက်လှမ်း မမီဘူး။ ရေမှော်တွေနဲ့အောက်စီဂျင်ပေးရမှာ။

သံလမ်းဘေးကန်တွေထဲမှာ ရေမှော်တွေက တအားပါပဲ။ တောရတောထဲက ခူးလာတဲ့ အင်ဖက်တွေနဲ့ထုပ်ကြတယ်။ ခု ခေတ်လို ပလတ်စတစ်အိပ်တွေဆိုတာ မရှိဘူး။

အိမ်ရောက်လို့ညောင်းညာကိုက်ခဲပေမယ့် ရေမှော်တွေကြားမှာ ငါးလေးတွေ ပျော်နေ တာကိုမြင်ရရင် ဝေဒနာတဝက် သက်သာတယ်။ သိပ်ကြိုက်တဲ့ ဖန်းခါးသီးတွေကို ကောက်ခဲ့ရလို့လည်း ကျေနပ်နေတယ်။ အဖေက ဖန်းခါးသီးနည်းနည်း ကိုယူပြီး နေ မလှမ်းခြောက် လုပ်ထားတယ်။ ခြောက်တော့ ဖန်းခါးသီးပတ်ပတ်လည်မှာ အပေါက် သေးသေးလေးတွေဖောက်ပြီး အုန်းဆီထဲ စိမ်တယ်။ ခေါင်းလိမ်းတယ်။ ပြောသေးတယ်။ ဒါ ဆံပင်ဖြူ သက်သာစေတယ်၊ သိန်းဖေမြင့်ရဲ့ ဆေးပဲတဲ့။

(လေး)
သရက်၊ စောင်းလျားနဲ့ဂွေးပင်တွေလည်း မနည်းပါဘူး။ နှစ်တိုပင်တွေဖြစ်တဲ့ မာလကာ၊ သြဇာ၊ ဆီးဖြူနဲ့ပိန္နဲတွေလည်း အတူတူပဲ။ အနောက်ဘက် ထွက်သွားလိုက်ရင် အလယ်ရိုးမလို့ပဲခေါ်ခေါ်၊ မင်းဝံတောင်လို့ပဲခေါ်ခေါ် ခေါ်နေကြတဲ့ ပဲခူးရိုးမ တောကြီးတတောလုံး ရှိနေတယ်။ ရိုးမထဲက ဝါးတွေကတော့ ကျနော်တို့ရဲ့ဒေသထွက်ကုန် မျှစ်ဆိုတာကို ထုတ်ပေးနေတဲ့ အဓိကအရာတဲ့။ ပျဉ်းမနားမျှစ်ချဉ်ဆိုတာ နာမည်တလုံးနဲ့လေ။

သစ်ထုတ်ဖို့ဖောက်ထားတဲ့လမ်းကျဉ်းကျဉ်းလေးအတိုင်း မိုင်ငါးဆယ်လောက်သွားမိရင် ရိုးမနဲ့အကပ်ဆုံး တောင်ညိုဆီ ရောက်တယ်။ သစ်လုံးကား သံကြိုးပတ်ကြီးတွေနဲ့ သွားရတယ်။ ခရီးသည်စီးတဲ့ကားက မရှိဘူးမဟုတ်ဘူး၊ ရှိတယ်။ နည်း နည်းပဲရှိလို့ စောင့်ရတယ်။ အချိန်ဖင့်တယ်။ အဲ့ဒီ့တော့ အန္တရာယ်ရှိတဲ့ သံကြိုးပတ်ကားကြီးတွေပဲ စီးကြတယ်။ တောနဲ့ပတ် သက်တဲ့သူတွေပဲ အသွားများကြတာပါ။

တောဘက် ရွာဘက်ကလူတွေကတော့ ဈေးဝယ်ဖို့၊ ရုပ်ရှင်ကြည့်ဖို့ သီတင်းကျွတ်ကြည့်ဖို့ လာကြတာတော့ ရှိတာပေါ့။ အဲ့ဒီ့ဒေသမှာက တောရိပ်တောင်ရိပ်တွေပဲ ရှိတာ။ မျှစ်တွေ ထုတ်တဲ့ဝါးတောကြီးတွေပဲ ရှိတာ။ နာမည်ကြီး ကျွန်းနဲ့ပျဉ်းကတိုး တွေပဲ ရှိတာ။ တခြား အပျော်ဖက်စရာ ဘာမှမရှိဘူး။ ဒါကြောင့်မို့လည်း သစ်ဝါးတွေကိုထုတ်ယူဖို့ သစ်ထုတ်လမ်းတွေကို ဖောက်ထားတာ။

ပျဉ်းမနားကနေ၊ လယ်ဝေးနဲ့တောင်တွင်းကြီးကိုဖြတ်၊ ပဲခူးရိုးမကိုကျော်လိုက်ရင် သစ် ထုတ်လမ်းဟာ ကျောက်ပန်းတောင်းထိ ရှည်တယ်။ ပျဉ်းမနားရဲ့အရှေ့ဘက်လို့ပြောရမှာလား၊ အရှေ့မြောက်လို့ပြောရမှာလား ပေါင်းလောင်းမြစ်ကမ်းထိ ဖောက်ထား တဲ့လမ်းကလည်း သစ်ထုတ်တဲ့လမ်းပဲ။ ပေါင်းလောင်းမြစ်ကိုတော့ ကြိုးတံတားနဲ့ဖြတ်ကျော် ထားခဲ့ဖူးတယ်။ သိပ်သာယာ တယ်။ ပြင်ဦးလွင်ဘက်က အတက်လမ်းတွေနဲ့တောင် တူတယ်ပြောနိုင်တယ်။ အဲ့ဒီ့လမ်းတွေကိုသုံးပြီး ဒေသကလူတွေ အသီးသီးဟာ ကိုယ့်ဖွံ့ဖြိုးမှုကိုပါ ကျွဲကူးရေပါ ပြုနိုင်ခဲ့ကြတယ်။

(ငါး)
နောက်ထပ်ပြောရင် ပျဉ်းမနားဟာ ကြံနဲ့လည်း နာမည်ကြီးတယ်။ သကြား စက်ကြီးတွေလည်း (၁) နဲ့ (၂) ဆိုပြီးတော့တောင် တည်ထားတယ်။ အမှတ် (၁) စက်ရုံကြီးကိုတော့ ပြည်တော်သာစီမံကိန်းအရ ဆောက်ထားတာဆိုတယ်။ ပျဉ်းမနားကြံဟာ တောင်ငူမှာရှိတဲ့ ဇေယျဝတီသကြားစက်ကြီးတွေအထိ အရောက်အပေါက်ရှိတယ်။ ကြံတောင်သူတွေဆိုတာ ကြံကို မစိုက် မနေရ စိုက်ကြရတယ်။ စီမံကိန်းတဲ့။ အဲ့ဒီ့စနစ်အောက်မှာ တောင်သူတွေ ရှင်သန်ကြရတယ်။

သကြားစက်မှာတော့ အလုပ်သမားတွေ ရှင်သန်ကြရတယ်။ ကြံရာသီချိန်ရောက်ပြီဆိုရင် သကြားစက်လုပ်ငန်း စပြီ။ အလုပ်သမားတွေ ခေါ်ပြီ။ အလုပ်လျှောက်ပြီ။ အင်တာဗျူး ပြီ။ ဒါကို မြို့ရဲ့အလုပ်လက်မဲ့ပြဿနာကို အထိုက်အလျောက် ဖြေရှင်းပေးတယ်လို့ ဆိုနိုင်သလား။ ကျနော်ကတော့ ဆေးမြီးတိုလို့ထင်ပါတယ်။ အဲ့ဒီ့တုန်းက ရှစ်တန်း အောင်ထားတယ်ဆိုရင် အလုပ်လျှောက်ရတာ နည်းနည်းတော့ မျက်နှာပွင့်တယ် ပြောရမယ်။ တော်တော် များများက ရှစ်တန်မအောင်ကြတာများတယ်။

ကျနော်က ရှစ်တန်းအောင်လက်မှတ်နဲ့မို့ကြံဌာနမှာ အလုပ်ရတယ်။ ကြံဌာနဆိုတာ တောင်သူတွေရဲ့ကြံကို ကတ္တားချိန်ပြီး မှတ်တမ်းတင်ဝယ်ယူရတဲ့ဌာန။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပဲ။ ဘာလို့ကြိုက်ကြသလဲဆိုတော့ လစာအပြင် အပြင်ဝင်ငွေ တွေကရတာကိုး။ တချို့ကတ္တားစာရေးတွေ သူဌေးဖြစ်ကုန်တယ်။ အပိုဝင်ငွေ ဘယ်လိုရသလဲဆိုတော့ ကြံကားတစီး ကတ္တားပေါ်တင်ပြီး ချိန်ရင် ၁ဝ တန်ရှိတဲ့ကားကို ၁၂ တန်၊ ၁၃ တန်မှာ ထားတယ်။ အဲ့ဒီလိုထားပြီးမှ ချိန်စက်ကို နှိပ်ချလိုက် တာ။

ဒီတော့ တကယ်ပို့တဲ့ ကြံထက် ၂ တန်၊ ၃ တန် ပိုသွားတယ်။ အဲ့ဒီ့ပိုတဲ့ တန်ပိုခကို တောင်သူရယ်၊ ကတ္တားစာ ရေးရယ်၊ ကားသမားရယ် ခွဲဝေယူကြတယ်။ ကျနော်ကတော့ ခေတ်ပြောင်းမှလို့ပြောရမှာလား၊ ခေတ်ကောင်းမှ့ ပြောရမှာလား၊ ခေတ်မကောင်းမှလို့ ပြောရမှာလား။ ဘာအပိုဝင်ငွေမှ မရခဲ့ဖူးဘူး။ ကျနော် ကြံဌာနမှာလုပ်တဲ့နှစ်က အစစ် အဆေးကြမ်းတဲ့နှစ်။ မထင်ရင်မထင်သလို ရှောင်တခင် ဝင်စစ်တယ်။

ချိန်ပြီးသားကားကို ပြန်ချိန် ခိုင်းတတ်တယ်။ အဝင်အထွက်ကိုလည်း အထူးကြပ်မတ် ထားတယ်။ ဝကံကားအဝင်အထွက်ကို လုံခြုံရေးက မှတ်တဲ့အပြင်၊ကြံဌာနကပါ အဲ့ဒီ့ဂိတ်မှာနေပြီး မှတ်တမ်းတင်တာ၊ ကားသမားတွေလက်မှတ်ထိုးတာတွေကို လုပ်ရ တယ်။ ကျနော်က အဲ့ဒီ့နေရာမှာ။ လစာက တလ ခြောက်ရာရတယ်။

ခုတော့ အဲ့ဒီ့လစာဆိုတာ ရယ်စရာကြီး။ ခေတ်တွေပြောင်း၊ စနစ်တွေပြောင်းသွားပြီကိုး။

(ခြောက်)
ခေတ်တွေပြောင်း စနစ်တွေပြောင်းလည်း ဘယ်တော့မှ မပြောင်းလဲတဲ့အပင်တွေ ပျဉ်းမနားမှာ ရှိသေးတယ်။ ဘယ်လို တိုက်ချွတ်တိုက်ချွတ်၊ ဘယ်လို ဖယ်ရှားဖယ်ရှား သေမသွားဘူး။ အမြဲတမ်းရှင် သန်နေတယ်။ အဲ့ဒါရေညှိတွေလေ။

ရေညှိတွေဟာ အတိုက်အချွတ်ကိုခံရလည်း ဝိညာဉ်တွေဟာ ဝပ်နေပြီး နောက်တခန္ဓာဆီ ထုံကူး ထားပြီးသားဖြစ်နေတယ်။ ပြန်ပြီး ခေါင်းထောင်ထကြတယ်။ အနုပဋိလောမ ရေသောက်မြစ်ကို ကုပ်တွယ်ထားကြတယ်။ ကြေညာစာတမ်းမိုးနဲ့ ရေစွက် ခဲ့ကြတယ်။

ဒီရေညှိတွေလေ …. ပစ္စည်းမဲ့ရေညှိတွေ။ ကျနော်ကိုယ်တိုင်ကကော ပစ္စည်းမဲ့ရေညှိပဲလား။ သေချာတယ်။ ကျနော်ဟာ ကျေးကျွန်မဟုတ်ဘူး။ ကျနော်ဟာ လွတ်လပ်သူ။ ကျနော်ဟာ အရင်းရှင်မဟုတ်ဘူး။ ကျနော်ဟာ ကုန်ထုတ်လက်နက်ကို ပိုင်ထားတဲ့သူ။ ကျနော်ဟာ ပက်တီးဘူဇွာမဟုတ်ဘူး။ ကျနော်ဟာ ဉာဏနဲ့လုပ်အားကို ထုတ်ယူခံနေရသူ။ ခေါင်းပုံဖြတ်ခံ နေရတဲ့သူ …အဲ့ဒီ့ရေညှိပဲမဟုတ်လား။  ။

ကျော်ထင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်