မောင်စွမ်းရည် – ကဗျာဆရာကတော်ကြီး ဆေးရုံဆင်းခြင်း

November 2, 2017

မောင်စွမ်းရည် – ကဗျာဆရာကတော်ကြီး ဆေးရုံဆင်းခြင်း
(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၁၇

ဒီဆောင်းပါးက အရင်ဆောင်းပါးရဲ့ အဆက်ဆိုပါတော့။ အရင်းရေးခဲ့တာက ”ကဗျာဆရာကတော်ကြီး ဆေးရုံတက်ခြင်း” တဲ့။ တက်ပြီးရင် ဆင်းရဦးမှာပေါ့လေ။ ဒါ့ကြောင့် ဒီဆောင်းပါးက ”အဆင်း”ဆိုပါတော့။ ”ရုပ်အဆင်း” အကြောင်းရေးမှာမဟုတ်ဘူး နော်။ ဆေးရုံကဆင်းတဲ့အကြောင်း။ ဆင်းတာကတော့ လွယ်လွယ် ပါပဲ။ ကိုယ့်ပစ္စည်းလေးတွေ သိမ်းဆည်းပြီး အိမ်ပြန်လာရုံပေါ့။ အဲ..ကိုယ့်မူလပစ္စည်းများအပြင် သူပေး လူမေး ပစ္စည်းတချို့နဲ့ ဆေးရုံက ပေးလိုက်တဲ့ပစ္စည်းတချို့ပါလာပါတယ်။ အမြတ်ထွက် လာတယ်ဆိုပါတော့။

အမြတ်ထွက်ပစ္စည်းဆိုတာက လူနာမေးလာကြတဲ့ မိတ်ဆွေ တွေကပေးတဲ့ စားစရာတွေပါပဲ။ မုန့်ထုပ်နဲ့ မုန့်ပုန်းတွေပဲများပါ တယ်။ လူနာစားဖို့ထက်ပိုများနေတော့ လူနာရှင်ပဲစားရတာပေါ့။ လူနာက အလေးချိန်လျော့လာပြီး လူနာစောင့်တွေပဲ ဝဖြိုးပြီး အလေးချိန်တိုးလာခဲ့ကြပါတယ်။ ဆေးရုံက ပေးလိုက်တဲ့ပစ္စည်းက တကယ်လိုအပ်လို့ ပေးတာဆိုလို့ တစ်ခုတည်းပါပဲ။ အတိုအရှည် လုပ်လို့ရတဲ့ တုတ်ကောက် (ဒုတ်ကောက်) ကလေးတစ်ချောင်းပါ။ လက်ကျိုးတဲ့လူနာကို ဘာဖြစ်လို့ တုတ်ကောက်ပေးရသလဲမသိ။ နောက်ထပ် ချော်မလဲအောင် ထောက်ပြီးလမ်းလျှောက်ဖို့ပဲဖြစ်မှာ ပေါ့လေ။
နောက်တစ်ခုကတော့ ဆေးရုံမိတ်ဆွေက ပေးလိုက်တဲ့ ပစ္စည်း ပါ။ ဆေးရုံတက်တော့ ဆေးရုံမိတ်ဆွေတွေ မလွဲမသွေရလာခဲ့ပါ တယ်။ ဆရာဝန်တို့၊ သူနာပြုတို့အပြင်၊ အတူနေလူနာနဲ့လည်း မိတ်ဆွေဖြစ်လာခဲ့ရတာကတော့ ထုံးစံပေါ့။ ဆေးရုံက သူနာပြု ဆေးရုံဆိုတော့ သူနာပြုတွေ အများကြီးပါပဲ။ ထူးခြားတာတစ်ခုက လူနာဟာ ဗမာလူမျိုး၊ အာရှတိုက်သား (အေရှုန်)ဆိုတော့ လူနာ ကိုပြုစုဖို့အတွက် အေရှန်တွေပဲ ရွေးချယ်ပြီးပို့ပေးတာပါပဲ။ တရုတ် ဗီယက်နမ်၊ မလေးရှန်း (ရှေးမြန်မာအခေါ်) မာလယုနိုင်ငံသား ပေါ့။ စတဲ့ အေရှန်တွေပို့ပေးပါတယ်။ သူနာပြုဖို့မဟုတ်ဘဲ လာ ရောက်မိတ်ဆက်စကားပြောတဲ့ ဗုဒ္ဓဘာသာဝင်ဗီယက်နမ် အမျိုးသမီးသူနာပြုတစ်ဦးကလည်း လာရောက်နှုတ်ဆက်သတဲ့။ လူနာမှာ ဖိနပ်မမြင်လို့ ကင်းဗက်ဖိနပ်အသစ်တစ်ရံလက်ဆောင် ပေးလိုက်သတဲ့။ ဒါ့ကြောင့် လူနာဆေးရုံက ဆင်းလာတော့ စား စရာတွေရယ်၊ တုတ်ကောက်ရယ်၊ ဖိနပ်ရယ်ပါလာခဲ့ပါတယ်။

အိမ်ပြန်ရောက်လာပြီးပေမဲ့ လက်အကျိုးက လုံးဝကောင်း သေးတာမဟုတ်တော့ မူလဆေးရုံကြီးက ရက်ချိန်ပေးထားတဲ့ အချိန်မှာ မူလတာဝန်ယူကုသတဲ့ ဆရာဝန်ကြီးနဲ့ ပြန်လည်စစ်ဆေး ခံဖို့ ပြန်ရမယ်တဲ့။ သူနာပြုဆရာနဲ့ ဆရာမသုံးယောက်လည်း သူတို့ ဆိုင်ရာကိစ္စတွေ ဆက်လက်ဆောင်ရွက်ဖို့ လာဦးမယ်တဲ့။ သူတို့ ဆက်လက်ဆောင်ရွက်ဖို့ လူနာမှတ်တမ်းဖိုင်နှစ်ခုလည်းပါလာခဲ့ တယ်။ သူတို့ ဆက်လက်ဆောင်ရွက်ဖို့ လူနာမှတ်တမ်းဖိုင်နှစ်ခုလည်း ပါလာခဲ့တယ်။ မူလဆေးရုံကြီးက ဖိုင်ကတစ်ခု၊ သူနာပြုဆေးရုံက မှတ်တမ်းတင်ဖို့ကတစ်ခု မှတ်တမ်းဖိုင်နှစ်ခုလည်း ပေးလိုက်ပါတယ်။
အိမ်ကိုလိုက်လာတဲ့ သူနာပြုတွေက ရက်ခြားလောက်လာပါ တယ်။ မလေးရှန်း ဗုဒ္ဓဘာသာဝင်တစ်ယောက်၊ တရုတ်ကပြား တစ်ယောက်နဲ့  အာဖရိကန် – အမေရိကန်တစ်ယောက်။ အားလုံးက ကျန်းမာရေးအခြေအနေ စစ်ဆေးမှတ်တမ်းတင်တာလုပ်ပါတယ်။ သွေးခုန်နှုန်းကို ဘာတို့တိုင်းတာပေါ့။ နှစ်ယောက်က ခြေလက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်ပေးတယ်။ အိမ်ပြင်ထွက်လမ်းလျှောက်ခိုင်း တယ်။ လက်တွေကို မြှောက်လိုက်၊ ချလိုက်၊ ရမ်းလိုက်၊ ဝိုင်းလိုက် အမျိုးမျိုးလုပ်ခိုင်းတယ်။ ခြေတောက်တွေကိုလည်း မြှောက်လိုက်၊ ချလိုက်၊ ကွေးလိုက်၊ ဆန့်လိုက်လုပ်ခိုင်းတယ်။ အဲဒီလိုလုပ်တာကို တစ်နေ့သုံးကြိမ်လုပ်ပါတဲ့။
အိပ်ရာထဲလဲလျောင်းပြီး လုပ်ရတာတွေလည်းပါရှိတယ်။ ခြေ ထောက် မြှောက်ချ၊ ကွေးဆန့်အပြင်၊ လက်ကိုလည်း မြှောက်ချ ကွေးဆန့်လုပ်ရတာပါပဲ။ လက်နှစ်ဖက်ပူးပြီး လုပ်ရတာလည်းရှိ၊ ခွဲပြီးလုပ်ရတာလည်းရှိပါတယ်။ လက်နှစ်ဖက်နဲ့ တုတ်ကောက်ကို ဆုပ်ကိုင်ပြီး ဇော်ကကသလို မြှောက်ရချရလုပ်ရတာလည်းပါတယ်။ လက်ကျိုးတဲ့ကိစ္စမှာ ခြေတောက်လေ့ကျင့်ဆန်းတွေကို အများကြီး လုပ်ခိုင်းတာတော့ ဆန်းသလိုပဲ။ ဗမာလိုပြောရရင် အကြောဆိုင်း သွားမှာစိုးလိုတဲ့။ အရေးထဲ မိုးလေက တစ်နေကုန်မပြတ်ရွာချနေ ပြန်တော့ အပြင်ထွက်လမ်းလျှောက်လို့ မရတဲ့အခါလည်းရှိရဲ့။

သူနာပြုတွေကို ”ဗစ်ဇစ်ကင်းနပ်စ်” တွေလို့ အင်္ဂလိပ်လိုခေါ် ပါတယ်။ ဗမာလိုတော့ (မကြုံဘူးလို့) ဘယ်လိုခေါ်တယ်မသိ။ ”အိမ်တိုင်ရာရောက် သူနာပြု”လို့ ခေါ်ရင်သင့်မလားလို့တော့ တွေး မိရဲ့။ ”ဗစ်ဇစ်”ကို တိုက်ရိုက်ဘာသာပြန်ပြီး ”အလည်လာတဲ့ သူနာ ပြု”၊ ”ဧည့်သူနာပြု”လို့ခေါ်ကြည့်ပါသေးရဲ့။ အလည်လာတယ်ဆို တာက ဘာတာဝန်မှမရှိတဲ့ လူကလာတာ။ ခုဟာက သူနာပြု တာဝန်နဲ့လာရတာဆိုတော့ အလည်လာတာနဲ့တွဲလို့ မကိုက်ပေဘူး။ ”ဧည့်သူနာပြု”ဆိုလည်း အလုပ်မပါဘဲလာတာ။ ဧည့်ဝတ်ပြု ဖို့တာဝန်ရှိမယ်ပေါ့။ ”ဧည့်ဝတ်ပြု”တာနဲ့ပတ်သက်လို့ သတိရမိပြန် ပါတယ်။ ခုအိမ်ကိုလာတဲ့ ဧည့်သည်သူနာပြုတွေကို ကျွန်တော်က ဧည့်ဝတ်ပြုတော့ သူတို့သုံးယောက်လုံး၊ တစ်ယောက်ကမှ လက်မခံ ပါဘူး။ ကော်ဖီလား၊ လက်ဖက်ရည်လားဆိုတဲ့ ”နိုး-သင့်”တဲ့။ စပျစ် သီး၊ ပန်းသီး၊ သရက်သီးတွေ ချကျွေးလည်း ”နိုး-သင့်”ပဲ။ တစ်ခါ တလေမဟုတ်ဘူး။ ဗမာ့ထုံးစံအရ မကျွေးဘဲ၊ ဧည့်မခံဘဲ မနေ တတ်လို့ ကျွေးမွေးဧည့်ခံတာ၊ တစ်ယောက်ကမှ မစားမသောက်ကြ တော့ အိမ်ရှင်က နေမထိ၊ ထိုင်မသာဖြစ်ရတာပေါ့။ သူတို့ကို လူ နာက အခငွေကြေး ပေးရတာလည်းမလိုပါ။

အိမ်ကိုပြန်ရောက်တော့ လူနာက တနင်္ဂနွေနေ့၊ ညနေတိုင်း သွားလေ့ရှိတဲ့ ပဋ္ဌာန်းရွတ်ပွဲကို သွားချင်ပြန်သတဲ့။ ဘုရားဝတ်ပြု ပွဲပေါ့။ ဒါပေမဲ့ ထပ်ပြီးလဲပြုနေမှာစိုးလို့ မသွားရပါဘူး။ သားသမီး တွေကားနဲ့လိုက်ပို့မယ်ဆိုဦး ဘုန်းကြီးကျောင်းလှေကားကို သုံးထပ် တက်ရဦးမှာဆိုတော့ သွားလို့မဖြစ်သေးပါဘူး။ သူရဲ့ဓမ္မမိတ်ဆွေ တွေက အဖွဲ့လိုက်လဲလာကြတယ်။ တစ်ဦးချင်းနှစ်ဦးချင်းဆိုသလို လဲလာကြပါတယ်။ ပဋ္ဌာန်းအသင်းကမဟုတ်ဘဲ ရီတာအောင် (နယူးယောက်)တို့ကို စာပေမိတ်ဆွေတို့၊ နေတင်မြင့်၊ မိုးချမ်း၊ ရဲ ထွတ်တို့လို နိုင်ငံရေးမိတ်ဆွေတို့လည်းလာကြပါတယ်။ သူတို့လာ ကြရင် လက်ချည်းမလာကြဘဲ စားစရာ မုန့်ထုပ်၊ မုန့်ပုံးတွေနဲ့လာ ကြလို့ အားနာရပါတယ်။ ဧည့်သည်တွေကို ဧည့်ခံဖို့မုန့်တွေကတော့ ပေါ်ချင်းသောချင်းပေါ့။ ဟိုလူပါတာ၊ ဒီလူ့ကိုကျွေး၊ ဒီလူပါတာ ဟိုလူကိုကျွေးနဲ့ ကိုယ်ကပင် ကုန်ရတယ်မရှိပါဘူး။ ကိုယ်ပါဝင်စား ပေါ့။

လူနာမေးလာကြသူတွေထဲမှာ ဘုန်းတော်ကြီးများလည်ပါ လာကြပါတယ်။ ဆရာတော်တစ်ပါးကတော့ ပရိတ်ရွတ်ပေးချင် သတဲ့။ ကျွန်တော်တို့က ”ဆရာတော်ကြီး ဦးဝိစိတ္တရဲ့ မေတ္တာပို့နဲ့ ပရိသတ်ကြီး ကမ္မဝါစတာတွေ နေ့တိုင်းဖွင့်ပြီး တရားနာလေ့ရှိတာကြောင့် မလိုပါဘူးဘုရား”လို့ လျှောက်ထားရပါတယ်။ ကထိန်မလှူလိုက်ရတဲ့ ကျောင်း (မဟာဝိသုဒ္ဓါရုံကျောင်း) က သံဃာသုံးပါး ကြွလာတော့ သင်္ကန်းကပ်လှူ ကထိန်းခင်းလိုက်ရပါသေးတယ်။ (အဲဒါသုံးပါးကျောင်းလို့လဲခေါ်ပါတယ်) မဟာအောင်မြေကျောင်း လို့ခေါ်တဲ့ တစ်ပါးကျောင်းကိုတော့ လူနာရဲ့အသက် ၈ဝ ပြည့် ကုသိုလ်ပြုတဲ့အနေနဲ့ ဝတ္ထုငွေ ရှစ်ဆယ် လှူလိုက်ပါတယ်။

”နတ်-ဇော” လို့ အတိုကောက်ဘွဲ့မည်ရှိတဲ့ နတ်မောက်ဆရာတော် ဦးပညာဇောတလဲ ဘတ်ဖဲလိုးခေါ် ”ကျွဲမြို့”ကနေ”နရူးရောက်” ခေါ်တဲ့ ”နွားမြို့”ကို ဒေါ်အောင်ဆန်းစုကြည်ထောက်ခံ ဆုတောင်းပွဲကြွလာရင်း အိမ်ကိုကြွလာတော်မူပါသေးတယ်။ ဒကာမကြီးက ဆေးရုံက မဆင်းခင်ကြွလာတာဆိုတော့ လူနာနဲ့ မဆုံလိုက်ရပါသေးဘူး။ လူနာ ဒကာမကြီးနဲ့ မဆုံလိုက်ရတော့ ”ဝတ္ထု” မကပ်လိုက်ရဘူးပေါ့။ ကဗျာဆရာကတော့ ဝတ္ထုရေးသူမဟုတ်လို့ ဝတ္ထုကပ်လေ့မရှိပါဘူး။ ”ကဗျာ”ပဲ ကပ်လှူလေ့ရှိပါတယ်။ (ကဗျာဆရာ ဘုန်းကြီးကျောင်းသွားရင်တော့ ဘုန်းကြီးက ”ဝတ္ထု”စွန့်ရင် လက်ခံပြီး ကုသိုလ်ယူ ကုသိုလ် ပေးလုပ်လေ့ရှိပါရဲ့။) နတ်ဇောဆရာတော် ကြွလာတုန်းကလည်း ကဗျာဆရာက ဒေါ်အောင်ဆန်းစုကြည်အတွက် ဆုတောင်းကဗျာတစ်ပုဒ် ဆရာတော်ကို ကပ်လှူလိုက်ခဲ့ပါပေးတယ်။ ဆရာတော် နတ်ဇောက  လာဘ်ပေါတဲ့ဆရာတော်ဆိုတော့ ဝတ္ထုကပ်ဖို့ မလိုပါဘူး။ ကဗျာဆိုတာကတော့ ဒီဒကာတစ်ယောက်ကပဲ ကပ်လှူမယ့်သူရှိတာ မဟုတ် လား။ ဒါကြောင့် ဆရာတော်က ကဗျာကို တန်ဖိုးထားမှာပါ။ ဒီကဗျာကလည်း ဒေါ်အောင်ဆန်းစုကြည်ဆီရောက်သွားလောက်ပါ ပြီ။ မေတ္တာသစ္စာတွေပါ တွဲပြီးပါသွားမှာပါ။ ဒီလှိုင်းဂျာနယ် အယ်ဒီတာရဲ့ လက်ထဲရောက်သွားလို့ နောက်လပါမယ်တဲ့။

လက်ကျိုးတဲ့ လူမမာကတော့ ”လူမာ” ပြန်ဖြစ်နေပါပြီ။ ကျိုးထားတဲ့လက်မောင်းကတော့ အသက်ကြီးသူတို့ရဲ့ ထုံးစံအတိုင်း ပြန်ဆက်ဖို့နှေးတာပေါ့။ လူနာကတော့ ကဗျာကို လက်ခံရိုးမရှိပါ ဘူး။ ဝတ္ထုပဲလက်ခံတာ ဝါသနာပါသတဲ့။ “ငယ်ငယ်ကတော့ ရူးမိုက်လို့ကဗျာကို လက်ခံမိခဲ့တာ …” တဲ့ ခက်တာက ပြည်ပမှာကဗျာဆရာခမျာ နှစ်ပေါင်း ၂ဝ လောက် ကဗျာတွေရေးလို့သာ နေလာပါ တယ်။ တစ်ခါမှ ကဗျာစာမူခ မရဘူးခဲ့လေတော့ ပေးစရာ’ဝတ္ထု’ကလည်း မရှိ။ ခုမှ ပြည်တွင်းမှာ ”စိတ်ကူးချိုချို”က ကဗျာပေါင်းချုပ်ထုတ်ပြီး စာမူခပေးထားလို့ မရစဖူး သိန်းချီရထားတာ တော့ရှိရဲ့။ အဲဒါကလည်း ဗမာပြည်က သမီးလက်ထဲမှာပဲရှိတော့ လူမမာကို ”ဝတ္ထုကြွေး” တင်နေဆဲပါပဲ။ ကဗျာရေးခ စာမူကမရတာနဲ့ စကား ပြေပြောင်းရေးပြန်တော့လည်း ပြည်ပမှာ မရလက်စနဲ့ မရပါဘူး။ လူနာကလည်း ”ဆေးဖို့” မရှိဘူးတဲ့။ ”ဝါးခ”ပဲ လိုသလိုသတဲ့။

ကဲ…အဲဒါပါပဲ။ အမေရိကားမှာ ကဗျာဆရာကတော်ကြီး ဆေးရုံက ဆင်းပါပြီ။ ဆင်းတော့လည်း ဗမာပြည်က ဗိုလ်ချုပ်ကတော်များကို အိမ်တိုက်ရာရောက် သူနာပြုတွေ ဘာတွေနဲ့ပါ။ ဗိုလ်ချုပ်ကတော်ကြီးများ (မပြောကောင်း ပြောကောင်းဖွဟဲ့) ဆေးရုံတက်ရင်ဖြစ်စေ၊ ဆေးရုံကဆင်းရင်ဖြစ်စေ ”လူကြီးကတော်”ဆို တဲ့ နာမည်နဲ့ ”တရားမဝင်” ဆရာဝန်၊ သူနာပြုတွေ အိမ်တိုင်ရာ ရောက်ခေါ်ယူပြီး စောင့်ရှောက်ခံယူနိုင်ပါလိမ့်မယ်။ အဲ..သူတို့ခမျာ ပြည်ပက (အမေရိကားက) ဆေးရုံကြီးကိုဖြင့် ကဗျာဆရာ ကတော်ကြီးလို တက်ရောက် ကုသခံယူခွင့် ရှိမယ်မဟုတ်ပါဘူး။ ခုဆိုရင် ကဗျာဆရာကတော်ကြီးမှာ အိမ်တိုင်ရာရောက် (ဗစ်ဇစ်တင်းနပ်စ်)တွေနဲ့ပါလို့ ကြွားခွင့်ရှိတုန်း ကြွားလိုက်ပါရစေ။ ခုလို ကြွားခွင့်ရတော့ ပီနန်ဆရာတော်ကြီးရဲ့ မိန့်ဆိုသွန်သင်ချက်ကို သတိရမိ လိုက်ပါတယ်။

”ဒကာကြီး ဒီလိုအခွင့်ထူးတွေရတာ ဗိုလ်နေဝင်းကို ကျေးဇူး တင် … တဲ့။ သူမို့လို ဒကာကြီးတို့တစ်တွေ အမေရိကားကို ရောက်ရတာ … တဲ့။ ဘုန်းကြီးကပေးမယ့် နိဗ္ဗာန်ဆုတောင် ယူချင်ပါဦးမလား မသိတော့ဘူး။ အမေရိကာားမှာပဲ တော်ပြီလား … တဲ့”

ဗိုလ်နေဝင်းနဲ့တကွ ကျန်ဗိုလ်ချုပ်တွေပါ (ကွယ်လွန်ကြရင်) ကောင်းရာသုဂတိရောက်ပါစေလို့ ဆုတောင်းပေးချင်ပါရဲ့။ သူတို့ရဲ့ အကုသိုလ်တွေက များတော့ ကိုယ်ဆုတောင်းပေးလို့ ရနိုင်ပါ့မလား မဆိုနိုင်ပါ။ အဲ”ကောင်းရာ ဒုဂ္ဂတိ”တော့ ရောက်နိုင်မယ်ထင်ပါရဲ့။ သဗ္ဗေသတ္တာ၊ ကမ္မဿကာ။
သတ္တဝါတွေ ကျန်းမာပါစေ။

မောင်စွမ်းရည်
၂ဝ၁၇၊ အောက်တိုဘာ ၁၃ ။ နယူးယောက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မောင်စွမ်းရည်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်