လင်းငယ် ● ဆွတ်ပျံ့ဖွယ်ဆောင်း

November 3, 2017

● ဆွတ်ပျံ့ဖွယ်ဆောင်း
(မိုးမခ) နိုဝင်ဘာ ၃၊ ၂၀၁၇

 

ဆောင်းနှင်းတွေက ပိတ်ပိတ်သည်းသည်း ကျနေသည်။ သူ့မျက်မှန်ကို လာတင်သည့် မြူနှင်းတွေက အကြည့်တွေကို ဝေဝါးစေသည်။ မှုန်ရီမှိုင်းနေသည့် မြင်ကွင်းကို ပိုလို့ရီဝေစွာ ကြည့်ရသလိုမျိုးရှိသည်။ မနက်နေက ထွက်မလာသေး။ အလင်းရောင်ကတော့ နည်းနည်းရနေပြီ။ လမ်းမကြီးအတိုင်းလျှောက်လာရင်း ညာဘက်လမ်းသွယ်လေးအတိုင်း ချိုးဝင် လိုက်သည်။ လမ်းသွယ်လေးနဲ့လမ်းမကြီးထောင့်တနေရာ၊ လက်ဝဲဘက်မှာ ပန်းခြံငယ်လေး ရှိသည်။

ပန်းခြံလေးနောက်မှာ အစိမ်းရောင်နဲ့အဖြူရောင်စပ် စာသင်ကျောင်းလေးတကျောင်း။

ပန်းခြံထဲမှာတော့ ကြေးဝါရောင်တောက်နေသည့် ဆရာတော်အရှင်သူမြတ်၏ရုပ်တုက ကိုယ့်ကိုငုံ့လို့ကြည့်နေသည်။ ခေါင်း ကို မသိမသာငဲ့စောင်းက လေးမြတ်စွာ ဂါရဝပြုလိုက်သည်။ တချိန်တခါက အမှောင်ဖုံး၊ အိပ်ပျော်နေခဲ့သည့် ကျွန်နိုင်ငံငယ် လေးကို နိုးကြားသိမြင်လာအောင် ကနဦးအလင်းရောင်ကို ဆောင်ကြဉ်းပေးခဲ့သူ အရှင်မြတ်က လောကတာဝန်ကို ကျေပွန် စွာဖြင့် အေးချမ်းနေလေပြီ။ ကနဦးအလင်းရောင်တို့ ထုံးစံအတိုင်း သဲသဲကွဲကွဲ လင်းလင်းရှင်းရှင်း ရှိချင်မှရှိမည်။ သို့သော် ထိုကနဦး အလင်းလေးသည်ပင် တောက်ပသော နေရောင်ခြည်၏အနာဂတ်ကို အစပြုပေးခဲ့သည်ပဲ။

သူတွေးရင်း ခြေလှမ်းကိုဆက်သည်။

လက်ရှိပစ္စက္ခအလင်းမလာခင် သူလမ်းလျှောက်ထွက်လာခဲ့ခြင်း ဖြစ်သည်။ အလင်းရောက်မလာသေးတဲ့ နေ့အကြောင်း စဉ်းစားမိပြန်တော့ ဒီနေ့ နေသာတဲ့ နေ့ဖြစ်ပါ့မလားလို့ တွေးမိပြန်သည်။ အရှင်သူမြတ် ပြသခဲ့ဖူးတဲ့ မီး ရှူးတန်ဆောင်အလင်းကို ငါတို့မျိုးဆက်တွေ ထွန်းညှိသယ်ဆောင်နိုင်ခဲ့ရဲလား။ အလင်းရောင်ရဲ့အရသာကို ငါတို့ မျှဝေခံစားခွင့်ရခဲ့ရဲ့လား။ အခုရော အလင်းက ရှင်းလင်းနေပြီလား။

ကုန်းဆင်းလေးအတိုင်း ဆက်လျှောက်လာတော့ ညာဘက်မှာ ရှစ်သောင်းပုထိုးတော်ကြီးကို ခန့်ခန့်ညားညား မြင်ရသည်။ ညနေဆည်းဆာ နေဝင်ချိန်တိုင်း ပုထိုးတော်ကြီးရဲ့အနောက်ဘက်မုဒ်ဦးပေါ်မှာ အလှဓာတ်ပုံရိုက်သူတွေနဲ့ ပြည့်နှက်နေတတ် သည်။

မြင့်မြင့်မားမား ထုနှင့်ထည်နှင့်တည်ရှိနေသည့် ပုထိုးတော်ကြီးက ကမ္ဘာကျော်မဂ္ဂဇင်းတွေထဲမှာ၊ ခရီးသွားလမ်း ညွှန်တွေထဲ မှာ၊ လေကြောင်းလိုင်း ကြော်ငြာတွေထဲမှာ အထင်ကရပါဝင်ရသည့် မရှိမဖြစ်အမှတ်အသားတခု ဖြစ် နေပြီ။ အတိတ်က ဘုရင့်နိုင်ငံတော်ကိုတည်ဆောက်ခဲ့သည့် ဘုရားတကာ မင်းဘာဘုရင် စိတ်ကူးထဲပင် ထည့်ခဲ့မည်မဟုတ်သည့် ၂၁ ရာစုရဲ့ပုံရိပ် တွေ ဖြစ်သည်။ အခုမနက်ခင်း အချိန်မှာတော့ ကျက်သရေအပြည့်ဖြင့် ရှင်းလင်းနေပြန်သည်။ ရှစ်သောင်းပုထိုးတော်ကြီးရဲ့ အနောက်ဘက်မုဒ်ဦးကနေ လှမ်းကြည့်ရင် မနီးမဝေးမှာ ခေတ်ပြိုင်ထဲမှာ ဒုထည်အကြီးမားဆုံးလို့ဆိုကြသည့် ထုက္ကန် သိမ်ပုထိုးတော်က ခပ်ဝင့်ဝင့်ရှိနေသည်။

ညနေခင်းနေရောင်ခြည်က ထုက္ကန်သိမ်ညာဘက်ဖျားကနေ တဖြည်းဖြည်း လျောဆင်းသွားရင်း နေဝင်သွားသည့် အလှက မြင်ဖူးသူတိုင်း မေ့မရမည့်ကမ္ဘာကျော်အလှ။ သူ့ရင်ထဲစွဲနေသည့် မြင်ကွင်း။ အရင်နေ့ ညနေကပင် အပျို ချေတသိုက် ဓာတ်ပုံရိုက် အလှဖမ်းနေခဲ့တာကို သူငေးကြည့်နေခဲ့သေးသည်။ အခုတော့ သူတည်းယောက်တည်း မြူနှင်းကြား။

တိတ်ဆိတ်ခြင်းနဲ့ ယိမ်းနွဲ့ညဥ့်မြူနှင်း
ဖူးသစ်စဆောင်းရဲ့ရင်ခွင်ထဲ
ဟိုတချိန်က မြူနှင်းကြား
တဖွဲဖွဲကျ လှလို့နီရယ်
ဒီအချိန် မင်းက တယောက်တည်း
နှစ်ထုဗဟိုလယ် အေးစက်နေလေဖို့ဗျာယ်

သီးချင်းတပိုင်းတစကို နှူတ်ဖျားရောက်လာသည်။ နှင်းမြူတွေ ရစ်သိုင်းနေတဲ့ ညိုမှောင်မှောင် အဆောက်အဦ တွေကြောင့် သူလွမ်းသလိုလို ဖြစ်လာသည်။ သူဘာကိုလွမ်းသလဲ။ ဒီနေရာကို ဒီအချိန် ရောက်တိုင်း သူလွမ်း မောစွာ ခံစားရသည်။ အတိတ်က ရွှေထီးဆောင်းခဲ့တဲ့သမိုင်းတွေကိုလား။ လွမ်းစရာတော့ ကောင်းသည်အမှန်။

သူ့အလွမ်းတွေကို ရှေ့ဆက်လျှောက်ရင်း သယ်ဆောင်လာခဲ့သည်။ လမ်းဆုံလေး တခုရောက်တော့ ညဘက်ကို ကုန်းမြင့် အတိုင်းတက်သွားရင် ရတနာပုံစေတီဘေးအတိုင်းဖြတ်ကာ ရတနာမာရ်အောင်ဘက်ကို ဦးတည်သည့် လမ်း။ ဘယ်ဘက် ကိုလိုက်ရင်တော့ ထုက္ကနိသိမ်ဘေးကနေ လယ်ကွင်းတွေကို ဖြတ်ကာ မင်္ဂလာမာရ်အောင် ဘက်ထိ ရောက်သည်။ သူဒီလမ်း ဆုံမှာ ရပ်ရင်း တွေဝေနေသည်။ ဘယ်လမ်းကိုလိုက်ရမလဲ။

တခုက လမ်းတိုသည်၊ လူရှူပ်သည်။ တခုက လမ်းရှည်သည်။ သို့သော် တိတ်ဆိတ်အေးချမ်းသည်။ နည်းနည်း ပိုပြီးအားထုတ် ရမည်။ ဘယ်လမ်းကို ရွေးရမလဲ။ အတိတ်က လူတွေကို ဘယ်လမ်းကိုရွေးခဲ့ကြသလဲ။ သူလည်း အဆင်သင့်သလို ရွေးခဲ့ သည်ချည့်။

သို့သော် လက်ရှိခေတ်အနေမှာတော့ သူတို့သတိကြီးကြီးထား ရွေးချယ်ရမည်ဖြစ်သည်။ အမုန်းတရာမီးတို့ လောက်မြိုက်နေ သောလမ်းလား။ အေးချမ်းတည်ငြိမ်သော အသိုက်အဝန်းလား။ လူကြိုက်များတဲ့လမ်းလား၊ လူ တိုင်းအတွက် ကောင်းမယ့် လမ်းလား။ ဘယ်လမ်းကဘယ်လိုဆိုတာ ရိုးရိုးရှင်းရှင်းမဟုတ်တော့လည်း ဝေခွဲရခက်သည်။ ကိုယ့်အားကိုယ် ကိုးစားခွင့် အသုံးချခွင့်၊ ပါဝင်ခွင့်မရှိပြန်တော့လည်း ရင်မွမ်းကာ နာခံခက်လှသည်။

အဆုံးမရှိတဲ့ လမ်းလေလား။ ဆုံချက်မရှိတဲ့ လမ်းလေလား။ အဖြေပေးနိုင်မယ့်သူ ဘယ်မှာလဲ။
မဆုံနိုင် နှင်းတိနဲ့လမ်း
လွမ်းမောစရာဝေ မင်းက ဇာမှာ ရောက်နေ
ငါတို့အတူ ဆောက်တည်ခ ဘဝမှာ မျှော်လင့်ထားခနေ့တွေ
ကံစီမံရာအတိုင်းသာ ပြန်မြင်ယောင်မိကေ
မျှော်လင့်တမ်းတနေရင်းနဲ့

သီချင်းရှင်ကတော့ ချစ်သူကိုလွမ်းနေခြင်း ဖြစ်မည်ထင်၏။ သူ့အတွက်က ကိုယ့်မြေကိုယ့်ရေကို ချစ်ရသူကို မျှော် နေရခြင်း။ အင်းလေ ရေတွေမြေတွေထက်အရေးကြီးတဲ့ သူ့တို့လူ့အသိုက်အဝန်းလေးကို ချစ်ခင်စွာ ဖေးမနိုင်မယ့် သူ မျှော်မိတာပါပဲ။ အပြုခံတွေအဖြစ်တော့ သူတို့မဖြတ်သန်းချင်။ သူတို့အဘိုးအဘေးတွေက ဒီအမွေတွေထား ရစ်နိုင်ခဲ့သည်။ သူတို့လည်း သူတို့မျိုးဆက်အတွက် တခုခု ကောင်းတာလေးတော့ထားချင်ခဲ့သည်မှာ ရိုးစင်းသည့်ဆန္ဒသာ ဖြစ်သည်။ ဆောင်းမနက်ခင်း ရဲ့မပီပြင်သည့် အလင်းတစသာ ဖြစ်ချင်ဖြစ်မည်။

ငါတို့အတူ ဆောက်တည်ရင်း
ရင်ထဲမှာ မျှော်လင့်ခရသမျှ ပြိုလဲ
ဇာပိုင် ကံကြမ္မာဆိုးလဲ
ငါတို့ မထင်မှတ်လေခ
ငွေနှင်းမှူန်စိုလို့ အသက်မဲ့ဒေဘဝချေ

သူ့ရှေ့ဆက်ကာ လျှောက်လာခဲ့သည်။ နှင်းထုက ပိုပြီးသိပ်သည်း လာသည်။ မြင်ကွင်းက မှိုင်းမှိုင်းရီရီဖြစ်ကာ လမ်းပျောက် သလို ဖြစ်သွားသည်။ သူလက်ဖျားများနှင့် တို့ထိ ကစားကြည့်တော့ သူ့လက်တွေ တုန်နေသည်။ ဆိုးရွားခဲ့တဲ့ သူတို့အရပ်ရဲ့ အဖြစ်အပျက်တွေကိုတွေးမိတော့ ကျောစိမ့်စိမ့်ဖြစ်သည်။ ဖျက်ဆီးခံခဲ့သည့် သူတို့ပုံရိပ် တွေက မြင်မကောင်းအောင် လူရိုင်း ဆန်လွန်းနေသည်။ နှစ်ပေါင်းများစွာကြမ္မာငင်နေသည့်အဖြစ်က အဆုံးအစွန် ဆုံးရောက်နေသလား အောက်မေ့ရသည်။ သို့သော် နေမလာခင် နှင်းပိုကျတတ်သည့်သဘာဝ၊ အလင်းမလာခင် ပိုမှောင်တတ်သည့်သဘောပဲ ဖြစ်မှာပါဟုပြန်တွေးကာ စိုးရွံ့စိတ်ကိုလျော့ရသည်။

ရှေ့ကိုသာမျက်နှာမူရင်း အားတင်းကာ လျှောက်ရမည်။ နောက်ပြန်လှည့်လို့မဖြစ်။ အလင်းတွေ မြင်ရတော့မည်။ ဒါပေမဲ့ သူကသာ အားတင်းရင်းလမ်းလျှောက်ကာ ခရီးနှင်နေရသည်။ ဇွဲတင်းနေရသည်။ သူ့ ညီအစ်ကိုများက တော့ အိပ်လို့ကောင်း နေတုန်းရှိမည်။ အတီတေက အိပ်မက်ဟောင်းကြီးကို ပြန်မက်နေကြဦးမည်လား။ အိပ်မက် ဟောင်းကြီးကိုစွန့် ဖို့သူစည်းရုံး နိုင်ပ့ါမလား။

အိပ်မက်အသစ်တွေရလာရင် ဘယ်သူက အိပ်မက်အဟောင်းအဆွေးကြီးကိုဖက်တွယ်ထားချင်မလဲ။ ဒီတော့မှ သူတို့မှာ အိပ်မက်အသစ်တွေလိုအပ်နေတာ သတိပြုမိရသည်။ သူ့ညီအစ်ကိုတွေကို အိပ်မက်အသစ်တွေ အကြောင်း ပြောပြချင်စိတ် ပေါ်လာသည်။ အိပ်မက်အသစ်တွေ ရှိနေကြောင်း ပြန်ရောက်ရောက်ခြင်း ပြောမည်။ အနည်းဆုံးတော့ ကမ္ဘာကျော်တဲ့ညနေ ခင်းအလှလေးတခု သူတို့မှာရှိနေသေးကြောင်း၊ လွမ်းမောစရာအပြည့်နဲ့ ဆွတ်ပျံ့ဖွယ် ဆောင်းမနက်ခင်းများ ရှိကြောင်း ပြောပြရမည်။

စိတ်ကိုတည်တည်ထားပြီး မျှော်လင့်ချက်ရရေးကို ဆုပ်ကိုင်လိုက်တော့ နှင်းမြူတွေကြဲသွားပြီး သူလမ်းဆက် လျှောက်နိုင် ခဲ့သည်။ အလွမ်းတွေက ပြန်နိုးလာသည်။ အေးချမ်းမှုက မျက်နှာကိုပွတ်ထိကာ ရွှင်လန်းစေသည်။ ဘိုးဘေးတို့၏ကောင်းမှူကို မျှဝေခံစားလိုက်သည်။ ပတ်ဝန်းကျင်က ပိုသာယာလာသည်။ ဆောင်းမနက်က ပိုပြီး ဆွတ်ပျံ့ဖွယ်ကောင်းသွားသည်။

၃၀၊၁၀၊၂၀၁၇။ ညပိုင်း ၁၁း၃၀၊ ဘန်ကောက်။

စာကိုး (သီချင်းကိုး)။    ။ ဝင်းကိုခိုင်၏ “ဆွတ်ပျံ့ဖွယ်ဆောင်း”


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်