မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၅၁)

November 4, 2017

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၅၁)
(မိုးမခ) နိုဝင်ဘာ ၄၊ ၂၀၁၇

● စစ်မြေပြင်က ဆီးကြိုသူများ
ရွှေလီချုင့်ဝှမ်းဂွင်အတွင်း အရက် ၂ဝ ခန့်လှုပ်ရှားခဲ့ပြီး တိုက်ပွဲတပွဲမှ မဖြစ်ခဲ့ပေ။ သို့သော် စစ်တိုက်ချင်သော ပိုးကမသေပါ။ သို့နှင့် တခါတရံ ကင်းတပ်စုက ရဲဘော်အချို့ သို့မဟုတ် သင်တန်း ဆရာရဲဘော်အချို့နှင့် ရွှေလီမြစ်အား ညဘက်တွင်ကူး၍ မူစယ် နမ့်ခမ်းကားလမ်းပေါ်ရှိရွာများ တွင်းသို့ ဝင်ရောက်လှုပ်ရှားကြပါသည်။ ထိုစဉ်က မူစယ် နမ့်ခမ်းကားလမ်းပေါ်ရှိ ဆယ် လန့် (ကျယ်လန့်) ရွာတရွာတွင် အစိုးရတပ်စခန်းရှိပြီး နေ့ဘက်တွင်သာ လှုပ်ရှားမှု ရှိသည်။ ထိုစခန်းမှာလည်း တပ်စုစခန်း ဖြစ်၍ မိမိတို့ ရဲရဲတင်းတင်းလှုပ်ရှားကြခြင်းဖြစ်သည်။

ထို့ပြင်တခါတရံ နမ့်ခမ်း၊ မူစယ်၊ နန့်ဖတ်ကာ သုံးပွင့်ဆိုင်ကြားရှိ အူမျှားဂွင်အတွင်းသို့ ဝင်ရောက်လှုပ်ရှားခြင်း ဆယ်လန့်စခန်း အား နှောက်ယှက်ပစ်ခတ်ခြင်းတို့ပြုခဲ့ကြသည်။ တကယ်တော့ အူမျှားဂွင်သည် KIA စိုးမိုးနယ်မြေဖြစ်သည်။ ထိုဂွင်ထဲသို့ ရောက်ရှိပါက ဒေသခံ KIA တာဝန်ရှိသူများနှင့် ဆက်သွယ်လှုပ်ရှားရပါသည်။

ထိုနေ့က နေ့လည်ဘက်တွင် အူမျှားဂွင်အတွင်းရှိ တောင်ပေါ် ကချင်ရွာတရွာသို့ ရောက်ရှိသွားပါသည်။ တောင်ကြောပေါ်တွင် တည်ထားသောရွာကလေးဖြစ်သည်။ မိမိစခန်းချသည့်အိမ်က ထိုတောင်ကြောရှိအမြင့်ဆုံးကုန်းပေါ်တွင်ဖြစ်ရာ တရွာလုံးကို ဆီးမြင် နေရသည်။ နေ့အပူချိန်အောက်တွင် တရွာလုံးတိတ်ဆိတ်နေသည်။ အိမ်များထဲ လူမရှိဟုထင်ရသည်။ တောင်ပေါ် ဒေသ တွင် အိမ်တံခါးပိတ်၍ တောင်ယာသွားလေ့ရှိ၍ မိမိတို့အတွက်အထူးအဆန်းတော့မဟုတ်ပေ။ လက်နက်ကိုင်တပ်ဖွဲ့မျိုးစုံ သွားလာလှုပ်ရှားရာဒေသဖြစ်၍ မည်သူမှမရှိလဲ ရွာစောင့်တော့ရှိသည်။ ရွာစောင့်အား နယ်မြေခံ KIA တာဝန်ရှိသူအား သွားအကြောင်းကြားခိုင်းပြီး သူတို့ပြန်အလာကို စောင့်နေခဲ့သည်။ KIA စခန်းက အနီးအနားက လျှိုတခုခုတွင် ဖြစ်ပုံရသည်။ အတန်ငယ်ကြာအောင်စောင့်ရသည်။

တနာရီခန့်အကြာတွင် ရွာစောင့်နှင့်အတူ နယ်ခံ KIA တာဝန်ရှိသူနှင့် KIA ရဲဘော်တချို့ပါလာသည်ကို တွေ့ရသည်။ သူတို့ ဝင်လာသည်နှင့် ရွာမြင်ကွင်းလည်း ရုတ်ချည်းပြောင်းလဲသွားသည်။ မိမိတပ်ဖွဲ့ဝင်လာစက တိတ်ဆိတ်၍ လူသူမရှိဟု ထင်ရ သည့် ရွာအတွင်းရှိ အိမ်များက ကချင်လုံမငယ်များထွက်လာပြီး ဝင်ရောက်လာသည့် KIA ရဲဘော်များကို ဝါးကျည်တောက် ကိုယ်စီဖြင့် ရေထွက်တိုက်သည်ကိုတွေ့လိုက်ရပြီး စကားပြောသံ နှုတ်ဆက်သံများဖြင့် တရွာလုံးအသက်ဝင်သွားခဲ့သည်။

မိမိတို့ CPB တပ်ခွဲမှာလည်း ဒေသခံအများစုဖြစ်သော်လည်း ရှမ်း၊ ၊ ပလောင်၊ တရုတ်၊ ဗမာစသဖြင့် လူမျိုးစုံသည်။ မိမိတို့အားရွာသားများက ကွန်မြူနစ်စစ်သားများဟု ခေါ်ကြသည်။ KIA ရဲဘော်များကိုတော့ Shanlawt hpyenla လွတ် လပ်ရေးတပ်သားများဟုခေါ်ကြသည်။ KIA အားသူတို့၏ ဆွေမျိုးသားချင်းတပ်ကဲ့သို့သဘောထားပြီး မိမိတို့တပ်ဖွဲ့ကို တစိမ်းတရံကဲ့သို့ သဘောထားပုံရသည်။ လက်နက်ကိုင်တပ်ဖွဲ့တခု ရှင်သန်နိုင်ဖို့ အရေးကြီးဆုံးမှာ လူထုထောက်ခံမှု လူထု လိုလားနှစ်သက်မှုဟု ဆိုရပါမည်။ မိမိတို့တပ်ဖွဲ့မှာ ရဲဘော်များကတော့ KIA ရောက်မှ အိမ်ထဲမှထွက်လာကြသော လုံမငယ်များကို ကြည့်၍ မခံချိမခံသာဖြစ်နေကြပေတော့သည်။

● တိုက်ပွဲကြားက ကျည်မထွက်သည့်သေနတ်

ထိုတညက လသာသည်။ မြူနှင်းတို့ ဆိုင်းနေသည်။ မှုံရီဝိုးဝါး လရောင်အောက်တွင် မိမိနှင့်တပ်စိတ်တစိတ်ခန့်သည် ဆယ် လန့်စခန်းအား ပျောက်ကြားသွားပစ်ကြသည်။ ထိုစဉ်ကပျောက်ကြားသွားပစ်သည်ဆိုသည်မှာ စခန်းအား နှောက်ယှက်တိုက်ခိုက်ခိုက်ခြင်းမျှ သာဖြစ်သည်။ ထိရောက်သည့် ချေမှုန်းရေးတိုက်ပွဲမျိုးတော့မဟုတ်သော်လည်း တဖက်အား အတိုင်း အတာတခုအထိတော့ စိတ်အနှောက်အယှက်ပေးနိုင်သည်။

ထိုညက မိမိကိုင်ဆောင်ထားသည့် M 22 အား ကျည်ကပ်တကပ်လုံးကုန်အောင်ပစ်ခတ်ပြီးသကာလ ကျည်ကပ်အားလဲရန် အပေါ်မြှောက်၍ ဆွဲထုတ်လိုက်ရာ ကျည်ကပ်အတွင်း ကျည်ဆံကျန်နေသေး၍ သေနတ်တွင်ပြန်တပ်၍ မောင်းတင်၍ ပြန်ပစ်သည်။ ကျည်မထွက်။ သို့နှင့် ကျည်ကပ်ကိုတဖန် ဆွဲထုတ်၍ ကျည်ကပ်ဇောက်ထိုးအနေအထားနှင့် ကျည်ကပ်အဝကို ကြည့်လိုက်ရာ ကျည်ဆန်က ရှိနေသေးရာ နောက်တကြိမ် ကျည်ကပ်ပြန်တပ်၍ တဖန် မောင်းတင်၍ ခလုတ်ကို ဆွဲပြန်သည်။ ကျည်ကားမထွက်။ ဤသို့ သုံးကြိမ်ခန့်ဖြစ်ပြီးနောက် အေးချမ်းသော ညကာလတွင်ပင် မိမိချွေးပြန်လာပေတော့သည်။ ပစ်ခတ်နေစဉ်အတွင်း ကျည်မထွက်တော့ သေနတ်တလက်ဖြင့် မိမိဇောချွေးပြန်နေသည်။ အတန်ငယ်လည်း တုန်လှုပ်နေ မိသည်။

နောက်တကြိမ် ကျည်ကပ်ကို ဆွဲချွတ်လိုက်တော့ အောက်ကို ဆွဲချချွတ်လိုက်ပြီး အပေါ်က စီး၍ကြည့်ရာ ကျည်ကပ် အတွင်းတွင် ကျည်မရှိသည့်ပြင် စပရင်အခံလည်း ကန်၍ မတက်သည်ကို တွေ့ရသည်။ သို့နှင့် ကျည်ကပ်ကို ဇောက်ထိုး ပြန်စိုက်ကြည့်မှ ကျည်ဆံအချို့ ကျည်ကပ်အပေါက်ဝသို့ ပြန်ဆင်းကျလာသည်ကို တွေ့လိုက်ရသည်။ ထိုအခါမှ အဖြေကို တွေ့ရသည်။ ကျည်ကပ်အတွင်းရှိ ကျည်ဆံများအားတွန်းတင်ပေးနေသည့် စပရင်ညောင်းနေပြီး နောက်ဆုံးကျည်ဆံ သုံး လေးတောင့်အား ဆက်မတွန်းနိုင်ခြင်း ဖြစ်သည်။ သို့နှင့် နောက်ကျည်ကပ်တကပ်လဲလိုက်ပြီး မောင်းကုတ်လိုက်ရာကျည်တဝေါဝေါပြန်ထွက်မှ မိမိလည်း သက်ပြင်းချနိုင်ပေတော့သည်။

တကယ်တမ်းအားဖြင့်ဆိုလျင် မိမိတာဝန်က ကောက်ကွတ်သင်တန်းကျောင်း၌ ရိက္ခာနှင့်ရုံးလုပ်ငန်းတွင်သာ တာဝန်ရှိသော် လည်း မနေနိုင်မထိုင်နိုင် တောင်းဆိုပြီး စစ်တိုက်နေခြင်းဖြစ်သည်။ သင်တန်းကျောင်းကလည်းအားလပ်နေချိန် မိမိကျောင်း တွင်ရှိသော ကင်းတပ်စုတစုကလည်း ရှိနေ၍သင်တန်းကျောင်းက လုံခြုံရေးတာဝန်ခံ ဦးဖိုးချိုထံမှ ခွင့်ပြုချက်ယူပြီးလှုပ်ရှား နေခြင်းဖြစ်သည်။

● ရဲဘော်အိုက်အောင်နှင့် ပူးတွဲလှုပ်ရှားခြင်း
မိမိတယောက်တည်း တက်ကြွနေစဉ် ကိုအိုက်အောင်နှင့် ပေါင်းမိသည်။ဗိုလ်အိုက်ဟု မိမိတို့ခေါ်သည့် ကိုအိုက်အောင်က မိမိတို့ အရှေ့မြောက်စစ်ဒေသ မန်ရှိုးသို့ ရောက်ခါစက ကြိုဆိုဧည့်ခံသူဖြစ်သည်။ သူကတော့ CPB မြစ်ဖျားတိုင်းက လူဟောင်း သံလမ်းရိုးဟုခေါ်သော မိုးညှင်းတကြောမှ ရှမ်းနီအမျိုးသားဖြစ်သည်။ အသားဖြူဖြူ ထောင်ထောင်မောင်းမောင်း ပျော်ပျော် ပါးပါးနေတတ်သူဖြစ်သည်။ အရင်ကထဲကတတ်သလား မန်ရှိုးရောက်မှ တတ်သလားတော့မသိ၊ ရှမ်းစကား ကျွမ်းကျင်စွာ ပြောဆိုနိုင်သည်။ မြစ်ဖျားတိုင်းတွင် သူ့အား ရဲဘော်ယုအောင်ဟု သိကြသည်။ မြစ်ဖျားတိုင်း တိုင်းတပ်တွင် တပ်မှူးတာဝန် ယူဘူးသူဖြစ်သည်။ တိုင်းစစ်ရေးတာဝန်ခံ ရဲဘော်အောင်ကျော်မိုး၏လက်အောက်က ဖြစ်သည်။

၁၉၆၈ ခုနှစ် မဆလအစိုးရထိုးစစ်အတွင်း မြစ်ဖျားတိုင်းပျက်ပြီး အရှေ့မြောက်စစ်ဒေသသို့ ရောက်ရှိလာသူဖြစ်သည်။ ထိုစဉ် က မြစ်ဖျားတိုင်းဥက္ကဌလည်းဖြစ် ဗဟိုကော်မတီလည်းဖြစ်သူ ရဲဘော်မျိုးမြင့် ခေါ် ရဲဘော်အောင်မှာပဲခူးရိုးမဗဟိုသို့ရောက်နေသည်။ ထိုစဉ်မြစ်ဖျားတိုင်း၌ တာဝန်ယူသူမှာ ဘေကျင်းပြန် ရဲဘော်ဖေသောင်းခေါ် ရဲဘော်ဘသန်းဖြစ်သည်။ မြစ်ဖျားတိုင်း ပျက်တော့ သူတို့အားလုံးတကွဲတပြားစီပြေးခဲ့ကြပြီး အရှေ့မြောက်ရောက်လာကြသည်။ ဤသို့ ရောက်လာသူများထဲမှ ရဲဘော်ဖေသောင်းတို့ကတော့ မည်သည့်ပုဒ်မမှ အတပ်ခံရခြင်းမရှိဘဲ တာဝန်ကြီးများပြန်ပေးခါ ပါတီဗဟိုကော်မတီပင်ဖြစ် နေချိန်တွင် သူကတော့ စစ်ပြေးဟူသောအမည်ဖြင့် နမ့်ခမ်းခရိုင်တွင် ချောင်ထိုးခံထားရ၍ စိတ်ခံစားမှုမကောင်းစွာဖြင့် ရပ် တည်နေရသူဖြစ်သည်။ ၁၉၇၇ / ၇၈ တွင်တော့ သူ့အား ပါတီဝင်ပြန်ပေးပြီး မန်ရှိုးမြို့နယ် မြို့နယ်မှူးတာဝန်ပြန်ပေးထားသည်။

ဗိုလ်အိုက်ကလည်း တိုက်စိတ်ခိုက်စိတ်ရှိသည်။ သူအားချောင်ထိုးထား၍ သူ၏အစွမ်းအစကို ပြသလိုသည်။ ထိုအချိန်တွင် သူက မြို့နယ်မှူးဖြစ်နေသော်လည်း မြို့နယ်တပ်မှာ တပ်စိတ်တစိတ်ပင်မရှိသည့်အပြင် တိုက်ရည်ခိုက်ရည်သိပ်မရှိ။ မန်ရှိုး မြို့နယ်မှာ အဓိက မြို့နယ်တပ်မထားဘဲ ရွာများတွင်ပြည်သူ့စစ်ကို သာအဓိကထား၍ ဖွဲ့စည်းထားသည်။ သို့နှင့် တိုက်စိတ် ခိုက်စိတ်လည်းရှိ တပ်မှူးဟောင်းလည်းဖြစ်သူ ဗိုလ်အိုက်နှင့် တိုက်ခိုက်ရေးတပ်စုတစု ဆွဲထုတ်နိုင်သော်လည်း စစ်မတိုက်ဘူး သော်လည်း စစ်တိုက်ချင်နေသည့် မိမိတို့ ပေါင်းမိကြပေတော့သည်။

ဗိုလ်အိုက်တွင် ရှိသည့်အားသာချက်မှာ ပြည်သူ့စစ်များအား အသုံးပြု၍ တဖက်သတင်းကို ကောင်းစွာထောက်လှမ်းနိုင်ခြင်း ဖြစ်သည်။ ထိုရသောသတင်းအချက်များပေါ်တွင် မူတည်၍ တိုက်ပွဲစီမံကိန်းကို သူက စီစဉ်ရေးဆွဲသည်။ မိမိကတော့ သူ စီစဉ်သည့်အတိုင်း မိမိတို့ ကျောင်းမှ တပ်စုအား စီစဉ်ပေးရသည်။ မိမိတို့ သင်တန်းကျောင်းတွင် ဒုတပ်ခွဲမှူးရဲဘော်လတူး၊ တပ်စုမှူးရဲဘော်အိုက်တို့ဦးစီးသည့် အင်အား ၃ဝ ခန့်ရှိသည့် တပ်စုတစု ရှိသည်။ ဒုခွဲမှူးက ကချင်၊ တပ်စုမှူးက ပလောင် ဖြစ်ပြီး ကချင်၊ ပလောင်၊ ရှမ်း၊ တရုတ်စသည့် ဒေသခံများ ပါဝင်သည်။ ဗမာကတော့ မိမိတယောက်တည်းဖြစ်သည်။

ဆယ်လန့်ရှိ တပ်စုအပါအဝင် နေရာအချို့အား တိုက်ကွက်ဖေါ်ရန် အကြိမ်ပြင်ဆင်လှုပ်ရှားခဲ့သော်လည်း အဆင်မပြေခဲ့။ အချို့ တိုက်ကွက်များတွင် အနားရောက်အောင် ချီတက်ပြီးမှ ပြန်ဆုတ်ရသည်လည်း ရှိသည်။နောက်ဆုံ တချီကတော့ နမ့် ခမ်းဂိတ်အား အစိုးရတပ် အယောင်ဆောင်၍ဝင်စီးရန် ပြင်ဆင်ကြသည်။ နမ့်ခမ်းခရိုင် ဂိုဒေါင်တွင် ယခင်တိုက်ပွဲများမှသိမ်းဆည်းရမိထားသည့် မဆလတပ်သားများ၏ စစ်ယူနီဖေါင်းအချို့ရှိရာထိုယူနီဖေါင်းများကို ဗိုလ်အိုက်က တာဝန်ယူထုတ်လာ သည်။ သို့သော် ယူနီဖေါင်းက သိပ်မလုံလောက်ပေ။ သို့နှင့် ဗိုလ်အိုက်နှင့် သူ့တို့ မြို့နယ်မှရဲဘော်တယောက်၊ မိမိတို့ ကျောင်းမှ မိမိနှင့် ဒုခွဲမှူးရဲဘော် လတူးအပါ ရဲဘော် ၉ ယောက် စုစုပေါင်း ၁၁ ယောက်က အစိုးရစစ်တပ်ယူနီဖေါင်းဝတ်၍ ဝင်စီးမည်။ တပ်စုမှူးရဲဘော်အိုက် ဦးစီး အင်အား ၂ဝ ကို တပါထဲခေါ်သွားပြီး နမ့်ခမ်းဂိတ်မရောက်မီ လမ်းဖြတ်အနေနှင့် ထားခဲ့မည်ဟု စီစဉ်ခဲ့ကြသည်။

ထိုနေ့သည် ၁၉၇၈ ခုနှစ် နှစ်ဆန်းခန့်က ဖြစ်သည်။ ဆောင်းတွင်း ကာလနေ့ရက်မို့ အေးမြသည်။ လသာညလည်းဖြစ်သည်။ သို့သော် မြူနှင်းဖြူဖြူတို့က အဆုပ်လိုက် အဆုပ်လိုက် အုံ့ဆိုင်းရွေ့လျားနေသည်။ ညမိုးချုပ်ကထဲက ရွှေလီမြစ်ဘေးက ရှမ်း ရွာတရွာတွင် မိမိတို့ တပ်ဖွဲ့ဝင်များ အဆင်သင့်ဖြစ်နေကြသည်။ မိမိတို့ တဖက်ကမ်းကူးမည့် အင်အား ၃ဝ ခန့်အပြင် မိမိတို့ဖက်ကမ်းမှ အထောက်အကူ ပေးမည့် ပြည်သူစစ် ၃ဝ ခန့်လည်း ရောက်ရှိနေသည်။ တငွေ့ငွေ့တောက်လောင်နေသော မီးဖိုဘေးတွင် တိုက်ကွက်ဖေါ်မည့်အခြေအနေအား မိမိနှင့် ဒုခွဲမှူးရဲလော်လတူးအား ရှင်းပြသည်။ ပြည်သူ့စစ်များအား တဖက်ကမ်းကူးရန် ပြင်ဆင်နေမှုများ ပြီးစီးမှု ရှိ/မရှိ စစ်ဆေးသည်။ ဗိုလ်အိုက်တယောက်အလုပ်ရှု ပ်နေသလောက် မိမိတို့ ကား မီးဖိုများဘေး အသီးသီးတွင် အမိန့်အား အသင့်စောင့်ဆိုင်းနေကြသည်။

မိမိတို့အတွက် အလစ်အငိုက်ရယူဘို့အပြင် ဆောင်းတွင်းကာလ ထူထပ်သော မြူနှင်းထုကို အကာကွယ်ယူဖို့လိုသည်။ မြူ နှင်းထုက ထူထပ်လျင် ရှေ့တတောင်ခန့်ပက် သဲသဲကွဲကွဲမမြင်ရပေ။ သို့သော် မြူနှင်းထု ငြိမ်မနေ။ အဆက်မပြတ်ရွေ့ လျားနေသည်။ မြင်ကွင်းကား ပေါ်လိုက် ပျောက်လိုက်ဖြစ်သည်။ ထိုမြူ နှင်းထုကို အားကိုးရသည့် အကြောင်းတချက်မှာ မိမိတို့ ဝတ်ဆင်ထားသည့် မဆလအစိုးရတပ် စစ်ဝတ်စုံများကြောင့်ဖြစ်သည်။လူ ၁၁ ယောက်က စစ်ဝတ်စုံအပြည့်မရှိ။ ဗိုလ် အိုက်နှင့် ပါသည့် ရှမ်းရဲဘော်လေးသာ ဂျီ ၂ သေနတ်၊ အီကွေးမင့်အပြည့်အစုံ၊ ယူနီဖေါင်းအပြည့်အစုံပါသည်။ ဗိုလ်အိုက်က တောစီးဦးထုပ်မလောက်၍ စစ်စွပ်တာ ဦးထုပ်နှင့်ဖြစ်ပြီး ခါးတွင် ဘရောင်နင် ၉ မမ ပစ္စတို တလက်ချိတ်ထားသည်။ မိမိကား ဦးထုပ်မရှိသည့် အပြင် အင်္ကျီမလောက်၍ CPB စစ်အင်္ကျီလက်ရှည်ပေါ်တွင် မဆလစစ်တပ်သုံး စစ်ဆွယ်တာကို ဝတ်ဆင်ထားပြီး ကော်လံပေါ်မှာ မဆလ တပ်သုံး စစ်တဘက်လေး လွှားခြုံ ထားရသည်။ သေနတ်ကတော့ ကာဘိုင်ဖြစ်၍ မဆိုးဟုဆိုရမည်။ သို့သော် မျက်မှန်ထူထူနှင့် အစိုးရတပ် စစ်သားတော့ရှိဟန်မတူပေ။ပြသနာမှ ရဲဘော်လတူးနှင့် ကျန်ရဲဘော်များဖြစ်သည်။ စစ်ယူနီဖေါင်းကို လဲထားပေး နိုင်သော်လည်း သေနတ်ကတော့ မိမိတို့ CPB သုံး သေနတ်များဖြစ်နေသည်။ အထူးသဖြင့် ငှက်ပျောဖူးပုံစံ ဘဇူကာက ထို စဉ် အစိုးရတပ်တွင် မသုံးသေးပေ။ မိမိတို့ CPB တွင်သာ ရှိသည်။ ထို့ကြောင့်လည်း သေနတ်နှင့်ဝတ်စုံ ပြည်စုံသော ဗိုလ် အိုက်နှင့် မိမိတို့ ၃ ယောက်က ရှေ့ကဝင်ပြီး လတူးနှင့်ကျန်ရဲဘော်မျာက နောက်ကလိုက်ရန် စီစဉ်ထားလိုက်သည်။

ည ၁၂ နာရီကျော်ခန့်တွင် ရွှေလီမြစ်အားဖြတ်၍ နမ့်ခမ်း မူစယ်ကားလမ်းအတိုင်း နမ့်ခမ်းဖက်သို့ ချီတက်သည်။ လမ်းတ လျောက် ရှင်းလင်းရင်းတဖြေးဖြေးချင်း ချီတက်ကြရသည်။ ကားလမ်းတလျောက် ကျေးရွာများကား လရောင်အောက်တွင် တိတ်ဆိတ်နေကြသည်။ မီးရောင်ပင်မမြင်ကြရပေ။ညကလည်းနက် အအေးဓါတ်ကလည်း ပိုနေသည်ဖြစ်ရာ စောင်ပုံကြား တွင်ကွေး၍ အိပ်မောကျနေကြပုံရသည်။ လ၏အလင်းရောင်အောက် မြူနှင်းဖြူဖြူများကြားတွင် မိမိတို့တပ်ဖွဲ့၏ အရိပ်များ သာ လှုပ်ရှားနေသည်။ ဖိနပ်သံမထွက်အောင် သတိထားလမ်းလျှောက်ကြ၍ သာမန်အားဖြင့် နားစိုက်မထောင်လျင် မည် သည့် ထူးခြားသံမှ ကြားရမည်မဟုတ်ပေ။ မိမိတို့သည် တခါတရံ စကားပြောစရာရှိလျင်လည်း လေသံဖြင့်သာ တီးတိုးဆိုကြသဖြင့်ပတ်ဝန်းကျင်တခုလုံး၌ သဘာဝအင်းဆက်ပိုးကောင်ငယ်များ၏ အသံများသာ ခပ်အုပ်အုပ်ကြားနေရသည်။

လမ်း၌ တောင်ကြော မြေအနေအထားသင့်သော တနေရာတွင် တပ်စုမှူး အိုက် ဦးစီးသည့် အင်အား ၂ဝ ခန့်ကို စစ်ကူ ဖြတ်တောက်ရန်တပ်နေရာချ ခဲ့သည်။ မနက် ၄ နာရီခန့်တွင် နမ့်ခမ်းနှင့် မလှမ်းမကမ်းရှိ ရှမ်းရွာတရွာသို့ ဝင်သည်။ ထိုရွာ၌ မူစယ်နှင့် နမ့်ခမ်းကြားပြေးဆွဲနေသည့် ဒေါ့ဂျစ်ကားတစီးရှိသည်ဟု မိမိတို့သိရှိထားပြီးဖြစ်ရာ စီစဉ်ထားသည့်အတိုင်း ထိုကားအား အစိုးရတပ် အယောင်ဆောင်၍ ချောဝင်ဆွဲခဲ့တော့သည်။

သို့သော် နမ့်ခမ်းမြို့ အဝင်ကားဂိတ်သည် ၆ နာရီခန့်မှသာ ဖွင့်မည်ဖြစ်၍ မိမိတို့ အချိန်ဆွဲနေရသည်။ မိမိထောက်လှမ်းမှု တွင် လစ်ဟာချက်ရှိသည်။ ဂိတ်တွင် အင်အား မည်မျှ စောင့်နေသည်မသိရ။ ရဲသီးသန့်စောင့်နေသည်လော သို့မဟုတ် တပ်ရောပါ သည်လော သိပ်မသေချာ။ အင်အားကလည်းလေးငါးယောက်ဟုသိသာသိရသည်။ အတိအကျ မသိကြ။ ထို့ပြင် ဂိတ်တွင်စောင့်သူများက ဘယ်ဘက်ခြမ်းတွင် စောင့်သည်လော၊ ညာဖက်ခြမ်းတွင်စောင့်သည်လော သို့တည့်မဟုတ် နှစ် ဖက်စလုံးတွင် စောင့်သည်လောမသေချာလှ။ တိုက်ပွဲတပွဲတိုင်းတွင် မသေချာမှုများက ရှိသည်။ နမ့်ခမ်းမြို့ အဝင်ဂိတ်ကား မဝေးလှတော့။ လာမည့်ဘေး ပြေးတွေ့ကြရုံသာ ရှိပေတော့သည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်