မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၅၂)

November 6, 2017

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၅၂)
(မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၁၇

● နမ့်ခမ်းမြို့ အဝင်ဂိတ်အားစီးနင်းခြင်း
“ကဲ ကားကို ဖြေးဖြေးမောင်းကွာ၊ ငါတို့ အေးအေးဆေးဆေး ပတ်ဝန်းကျင်ကို ကြည့်ချင်သေးတယ်” ဟု ဗိုလ်အိုက်က ကား သမားကို ခပ်တည်တည် ပြောလိုက်သည်။ ဗိုလ်အိုက်နှင့်အတူ ပါလာသည့် ရှမ်းရဲဘော်က ရှမ်းစကားဖြင့် ထပ်မံပြော လိုက် ရာ ကားဆရာက ခေါင်းညိတ်၍ ကားကို ဖြေးဖြေးချင်း လှိမ့်ထွက်သည်။ ကားမောင်းသူအပြင် ကားနောက်လိုက်တယောက် လည်း ပါသေးသည်။ နှစ်ယောက်စလုံး ရှမ်းအမျိုးသားများဖြစ်ပြီး စောင်တထည်စီ ပတ်ခြုံထားကြသည်။ စောစောစီးစီး အိပ် ယာမှ နှိုး၍ ကားချောဆွဲခံရသဖြင့် စိတ်ပျက်လက်ပျက်ဖြစ်နေပုံရသည်။ သေနတ်ကြောက်၍သာ လိုက်လာကြရခြင်းဖြစ်သည်။

ဒေါ့ဂျစ်ကား၏ ရှေ့ခန်း ကားမောင်းသူ၏ ညာဘက်ဘေး ခြေနင်ခုံတွင်မိမိကရပ်၍လိုက်သည်။ လက်တဖက်က ကားဘောင် ကိုကိုင်၍ လက်တဖက်က ကာဘိုင်ကိုကိုင်၍ ရှေ့ကိုအသင့်ချိန်ထားသည်။ ကားသမား၏ ဘယ်ဘက်တွင် စစ်ဗိုလ်ဂိုက် အပြည့်နှင့် ဗိုလ်အိုက်ထိုင်နေပြီး ခပ်မာမာ အမိန့်များပေးနေသည်။ သဏ္ဌာန်လုပ် သရုပ်တူအောင် သရုပ်ဆောင်နေပုံရသည်။ ဗိုလ်အိုက် ဘေးကား ဘယ်ဘက်ခြမ်း ခြေနင်းခုံတွင် ရှမ်းရဲဘော်ကလည်း မတ်တပ်ရပ်လိုက်၍ ဂျီ ၂ တလက်နှင့်ရှေ့ ကိုချိန်ထားသည်။ ကားနောက်ခန်းတွင် ရဲဘော် လတူးနှင့် ရဲဘော် ၈ ယောက်က ကားဘယ်ညာကို အသင့်အနေထားဖြင့် ချိန်ရွယ်၍ လိုက်ပါသည်။ ယဉ်နောက်လိုက်ကတော့ ကားနောက်ခြေနင်းခုံတွင် မတ်တပ်ရပ်လျက်ပါလာသည်။

စထွက်ထွက်ခြင်း ကားကို ဖြေညှင်းစွာမောင်းသည်ဆိုသော်လည်း ကားထွက်သည်နှင့် လေတိုးတော့သည်။ လေက အေး စက်နေသည်။ ဆရာတာရာ၏ လေနုအေးကဲ့သို့ တနော့နော့နှင့် နွဲ့မနေပါ။ ကြမ်းတမ်းစူးရှလွန်းသည်။ အသားများအေး စက်တင်းမာလာသည်။ ထိုအချင်းအရာကို အသားပတ်သည်ဟု ခေါ်မည်ထင်သည်။ အသားပတ်သည်ကို ဂရုမစိုက်နိုင်အား ပေ။ အေးမြသောလေနှင့်အတူ အအေးဓါတ်က အရိုးထဲအထိ တိုးဝင်နေသည်ကို အံတုနေရသည်။

တချိန်တည်းတွင် မျက်စေ့ကလည်း ရှေ့ကို လမ်းဘေးဝဲယာကို အာရုံစိုက်နေရသည်။ မြင်ကွင်းကလည်း ကောင်းစွာမရှင်း။ မြူ နှင်းများအုပ်ဆိုင်းနေလျင် ဝါးတရိုက်အကွာလောက်သို့သာ ခပ်ဝါးဝါးမြင်ရသည်။ မြူနှင်းတအုပ်လွင့်သွားချိန်တွင် ခပ်လှမ်း လှမ်းထိ မြင်ရသော်လည်း မြူနှင်းနောက်တအုပ်က ခပ်မြန်မြန်တိုးဝင်လာသည်။ မြူနှင်းဖြူများက မိမိတို့၏ မြင်ကွင်းကိုကာ ထားသကဲ့သို့ မိမိတို့အားလည်း ကာကွယ်ထားသည်။ ဤသို့ တရွေ့ရွေ့နှင့်ကားမောင်းလာရင်း အလင်းရောင်ကပိုတိုးလာ သည်။ လရောင်နေရာတွင် အရုဏ်ကျင်းသည့် အလင်းရောင် တိုးဝင်လာပုံရသည်။

ထိုသို့ အလင်းရေင်တစတစ အားကောင်းလာချိန်တွင် မိမိတို့ရှေ့ကားလမ်းပေါ်တွင် မြူနှင်းထုကြားကိုဖြတ်၍ ကားမီးကြီး နှစ်လုံး၏အလင်းရောင်ကို တွေ့လိုက်ရသည်။ သို့နှင့် မိမိတို့ကားကို လမ်းလယ်တွင် ရပ်ထားလိုက်သည်။ ကားလမ်း၏ ဘယ် ဘက်ခြမ်းတွင် လယ်ကွင်းများရှိသည်။ ထိုလယ်ကွင်းများသည် ကားလမ်းထက် မြင့်နေရာ ထိုလယ်ကွင်း ကန်သင်းရိုးများအား အမှီပြု၍ ရဲဘော်လတူးနှင့်အဖွဲ့က တက်ရောက်နေရာယူလိုက်သည်။ ဗိုလ်အိုက်၊ မိမိနှင့် ရှမ်းရဲဘော်လေးတို့ ၃ ယောက်က တော့ ကားလမ်းအလယ်တွင်ရပ်၍ ကားဆီကို သေနတ်နှင့်ချိန်ရွယ်ပြီး အသင့်အနေထားဖြင့်ရှိနေကြသည်။ ဗိုလ်အိုက်က ဘရောင်နင် ၉ မမပစ္စတိုတလက်ဖြင့်၊ မိမိကားကာဘိုင်တလက်ဖြင့်၊ ရှမ်းရဲဘော်လေးကား ဂျီ ၂ တလက်ဖြင့် ကားလမ်း လယ်တွင် မားမားရပ်၍ အရပ်ကားလော စစ်ကားလောမသိသေးသည့် နမ့်ခမ်းမှထွက်လာသည့် ကားတစီးအားရင် ဆိုင် လိုက်ကြသည်။ ထိုအချိန်၌ မိမိတို့ ၃ ယောက်ကား ဒါးတညံ၊ ပေါသိုး၊ အာသိုးတို့ကဲ့သို့ပင်လော၊ cowboy နွားကျောင်းသား ဇတ်ကားထဲမှ ခပ်ကြမ်းကြမ်းလူမိုက်များလော မကွဲပြားဟုဆိုနိုင်ပါသည်။

မြူ နှင်းထုကို ထိုးဖေါက်လာသည့် မီးရောင်သည် မိမိတို့နှင့် တဖြည်းဖြည်း နီးလာသည်။ ပို၍ နီးလာတော့ ကားရုပ်သွင်ကို မြင်ရသည်။ စစ်ကျန်ချက်ပလက်ခေါင်းတို ဘတ်စ်ကားတစီးဖြစ်သည်။ နမ့်ခမ်း မန်းကားလိုင်းမှဖြစ်သည်။ နမ့်ခမ်း မန်းဆို သော်လည်း ထိုစဉ်က တနေကုန်မောင်းမှ လားရှိုးရောက်သည်။ ယူနီဖေါင်းဝတ်များက သေနတ်နှင့်ထိုးချိန်ရွယ်ထား၍ မိမိတို့
နှင့် ခပ်လှမ်းလှမ်းတွင် ကားထိုးရပ်သွားသည်။ မိမိတို့လည်း ကားဆီအပြေးသွားပြီး စစ်ဆေးကြရာ ကားပေါ်တွင် အရပ်သား ခရီးသွားများသာပါသည်။

သို့နှင့် မိမိတို့လည်း ကားသမားအား နမ့်ခမ်းမြို့ ဝင်ဂိတ်အခြေအနေအားမေးပြီး မိမိတို့ ပြန်မလာမခြင်း ကားမထွက်ရန် ကား ဆရာအားမှာပြီး ကားသော့ဖြုတ်ယူလာခဲ့သည်။ ကားသော့မဖြုတ်လည်း ကားဆရာတို့ ထွက်ရဲဟန်မတူတော့ပေ။ ထိုကား ပေါ်တွင်ပါလာသော ရှမ်းကုန်သည် ဈေးသည်များတွင် မန်ရှိုးးဈေးနေ့၌ ပုံမှန်လာရောင်းနေသူများပါဝင်ရာ ထိုသူတို့က ဗိုလ်အိုက်ကို ကောင်းစွာသိကြသည်။ မိမိလို မျက်မှန်ထူထူနှင့် စစ်သားလည်း အစိုးရတပ်၌မရှိမှန်း ကောင်းစွာသိကြပေရာ အခြေအနေကို သဘောပေါက်စွာ ကားဆက်ထွက်ခြင်း မပြုကြပေ။

မိမိတို့လည်း ဒေါ့ဂျစ်ပေါ် အပြေးအလွှားပြန်တက်ကြပြီး ကားဆရာကို အမြန်မောင်းခိုင်းလိုက်သည်။ ကားဆရာလည်း သ ဘောပေါက်နေပြီဖြစ်၍ အမြန်မောင်းတော့သည်။ မိမိတို့အဖွဲ့ကား မဆလ အစိုးတပ်သားများအဖြစ်အယောင်ဆောင်ထားကြ သော်လည်း ဗမာစကားတတ်သူမှာ မိမိနှင့်ဗိုလ်အိုက် နှစ်ဦးသားပါသည်။ နမ့်ခမ်း မန်းကားနှင့်ဆုံစဉ် မိမိတို့ကားပေါ်မှ ရဲ ဘော်များကို အဆင်းအတက်နေရာယူရန် အမိန့်ပေးရာ၌ တရုတ်လို ကချင်လို ရှမ်းလို အမိန့်ပေးကြပေရာ မိမိတို့ကို အ ယောင်ဆောင်များဟု ကားဆရာတို့ သဘောပေါက်သွားပေလိမ့်မည်။

ကားအရှိန်မြန်လာ၍ လေတိုးနှုန်းကလည်းမြင့်လာသည်။ ဤအကြိမ်၌ အေးသည် မအေးသည်ကို သတိမပြုမိတော့ပေ။ ဇောကပ်နေပြီဖြစ်သည်။နမ့်ခမ်းမြို့ အဝင်ဂိတ်တံခါးကို လှမ်းမြင်ရသည်။ သစ်သားဘောင်ခွေ၍ သံဆူးကြိုး ကြက်ခြေခတ်ပြေး ထားသော တံခါးဖြစ်သည်။ တံခါးတခြမ်းက ပွင့်နေ၍ တခြမ်းက ပိတ်နေသည်။ တံခါးနောက်ဖက် လမ်းဘေးဝဲယာတွင် ရဲ နှစ်ယောက် ရိုင်ဖယ်ကိုယ်စီလွယ်၍ မိမိတို့အား တအံ့တသြ ငေးကြည့်နေကြသည်။ မိမိလည်း ကားဆရာက တံခါးတခြမ်း ပိတ်ထား၍ ကားရပ်မလိုဖြစ်သွားရာ မိမိလည်း ကာဘိုင်ပြောင်းကို ကားဆရာဗိုက်ကို ထောက်လိုက်ပြီး “ကားနဲ့ တိုက်ပြီး မောင်းဝင်” ဟု ခပ်ကြမ်းကြမ်းပြောလိုက်ရာ ကားဆရာလည်း ဘရိတ်မအုပ်တော့ဘဲ တံခါးကို ဒေါ့ဂျစ်ဘန်ပါနှင့် တိုက်ဖွင့်လိုက် ပြီးတော့ ရပ်လိုက်သည်။

ကား၏ဘယ်ညာတွင် ရှိနေသော မိမိနှင့်ရှမ်းရဲဘော်လေးလည်းကားပေါ်မှ ခုန်ဆင်းပြီး ရဲတယောက်စီ သေနတ်နှင့် ချိန် လိုက်သည်။ ထိုအချိန်ထိ ရိုင်ဖယ်ကိုယ်စီ လွယ်ထားသည့် ရဲနှစ်ယောက်သည် အူကြောင်ကြောင်ဖြင့် မိမိတို့အား ကြည့်နေ ဆဲဖြစ်သည်။ ထိုခဏတာအတွင်းပင် မိမိတို့လည်း ၎င်းတို့နှစ်ယောက်ထံမှ သေနတ်အား သိမ်းဆည်းလိုက်ပြီဖြစ်သည်။ ကျန်ရဲများက ဂိတ်အပေါ်ရှိ ဆေးရုံကုန်းမှ အိမ်ထောင်သည်တန်လျားတွင် မီးလှုံနေသည်ဆို၍ ဖမ်းမိထားသော ရဲနှစ်ယောက် အား ရှေ့မှ လမ်းပြခိုင်းပြီး တောင်ကုန်းပေါ် ခပ်သွက်သွက်တက်ရသည်။ ဒုခွဲမှူးရဲဘော်လတူးအား ကားပြန်လှည့်ထားရန်နှင့် အစောင့်ရဲဘော် နှစ်ယောက်သုံးယောက်ထားခဲ့ရန် မှာပြီးမိမိတို့ ၃ ယောက်က ခပ်သွက်သွက် တောင်ကုန်းတက်ကြသည်။ ရဲဘော် လတူးက လမ်းမပေါ်၌ စီစဉ်စရာစီစဉ်ပြီး မိမိတို့နောက် အပြေးလိုက်လာသည့်ပြင် သူ့ရဲဘော်များကို တရုတ်လို အော်ဟစ်အမိန့်ပေးလိုက်သည်။ “ချုံးဝါး” ဟူ၍ ဖြစ်သည်။ အဓိပ္ပါယ်က အပြေးတက် “ကျား” ထိုးခြင်းဖြစ်ပြီး မိမိတို့အား အမှီ လိုက်ရန် သူ့ရဲဘော်များအား စေ့စော်လိုက်ခြင်းဖြစ်သည်။ အယောင်ဆောင်တပ်ဖွဲ့က တရုတ်လိုအမိန့်ပေးလိုက်၍ မိမိလည်း လောနေသည်အထဲက ပြုံးမိသည်။

တောင်ကုန်းပေါ်ရှိ မိမိတို့ရောက်သွားသည့် နေရာက နမ့်ခမ်းဆေးရုံအိမ်ထောင်သည် အဆောင်ဖြစ်ပုံရသည်။ မိမိတို့ ဖမ်း လာသည့်ရဲက “ဟေ့ကောင်တွေ မင်းတို့ကို ဗိုလ်ကြီးခေါ်နေတယ်” ဟု လှမ်းအော်လိုက်ရာ အဆောင်ထဲ၌ မီးလှုံ နေကြပုံရ သော ရဲ ၃ ယောက် ကပြာကယာထွက်လာကြသည်။

“ဟေ့ကောင်တွေ တန်းစီစမ်း ၊ မင်းတို့ လုံခြုံရေးယူတာ ဒီလိုယူရလား”

ဗိုလ်အိုက်က ဆိုလိုက်သဖြင့် ရဲ ၅ ယောက် ပြူးပြူးပြာပြာတန်းစီကြသည်။ ထို့နောက် အဆောင်ထဲတွင် ထောင်ထားသည့် နောက်ထပ်ရိုင်ဖယ် ၂ လက်ထပ်မံသိမ်းဆီးရမိသည်။ တယောက်က မနေ့ကမှ ဆေးရုံကဆင်းလာသဖြင့် သေနတ်မထုတ်ရ သေးဟု ဆိုသည်။ ထို့နောက် ထို ၅ ယောက်ကို ဖမ်းခေါ်ပြီးတောင်ခြေကားလမ်းသို့ ခပ်သွက်သွက် ပြေးဆင်းခဲ့ကြသည်။ ဒေါ့ဂျစ်ကားက ခေါင်းလှည့်ထားပြီးဖြစ်ရာ မိမိတို့ တက်သည်နှင့် တဟုန်ထိုးထွက်ပေတော့သည်။ လမ်း၌ မိမိတို့ တားထားခဲ့သော နမ့်ခမ်း မန်းကားနားရောက်တော့ ကားသော့ပေးပြီး အော်ဟစ်အောင်ပွဲခံခဲ့ကြသေးသည်။

ကားထွက်ပြီး သိပ်မကြာမီ ရှမ်းရွာတရွာသို့ အရောက်တွင် မိမိတို့ချန်ထားခဲ့ ပလောင်တပ်စုမှူး အိုက်နှင့်အဖွဲ့က နမ့်ခမ်းဘက် ချီတက်လာသည်ကိုတွေ့ရသည်။ သူတို့အားလည်း တပါတည်း ကားပေါ်တင်ခေါ်ခဲ့သည်။ “ဘာလို့လိုက်လာလဲ” ဟု မေး တော့ ” ခင်ဗျားတို့ကို စိတ်မချလို့လိုက်လာတာ” ဟု ပြုံး၍ ဆိုသည်။ အတော်ချစ်ဖို့ကောင်းသည့် ရဲဘော်များဟု ဆိုရမည်။ ၁၅ မိနစ် သာသာခန့်မောင်းလိုက်တော့ မိမိတို့ ကူးတို့ပြန်ကူးမည့်နေရာသို့ ရောက်သည်။ အသွားသာ ကြာသည် အပြန်ကား မြန်လှသည်။ နောက်ချန်လိုက်လာသည့် ရဲဘော်များက CPB ယာနီဖေါင်းနှင့်ဖြစ်ပြီး ရှမ်းရွာများမှ အရပ်သားများက ဝိုင်း ကြည့်နေကြရာ မိမိလည်း CPB တပ်သီချင်းတပုဒ်ကိုတိုင်ပေးလိုက်ရာ တကားလုံး စစ်သီချင်းသံညံသွားသည်။ အောင်မြင်မှု ရခဲ့ကြ၍ ရဲဘော်များလည်း တက်ကြွနေသည် မဟုတ်ပါလော။ ကားလမ်းတလျောက် ရှမ်းရွာများမှ တအံ့တသြ ငေးမောကြည့် ကြသည်။ မိမိတို့အတွက် ဝါဒဖြန့်ပြီးသား သတင်းဖြန့်ပြီးသား ဖြစ်သွားသည်။ မဆလတပ်မှူးများကတော့ တောက်ခေါက်နေပေ လိမ့်မည်။

ကားဆရာများအား တောင်းပန်၍ ကားခလည်းပေးလိုက်သည်။ မိမိတို့ မြစ်ဘေးဆင်းသွားသည်ကို စောင့်ကြည့်ပြီး သူတို့ပြန် ထွက်သွားသည်။ သို့သော် နောက်ပိုင်း ကြားရသည့်သတင်းအရ သူတို့လည်း မသက်သာရှာပါ။ အဖမ်းခံရပြီး လေးငါးရက် အပြင်းစားစစ်ဆေးခံခဲ့ကြရသည်ဟု ဆိုသည်။ ပြည်တွင်းစစ်အတွင်း အရပ်သားများသည် ဘုမသိ ဘမသိ ဒဏ်ခံကြရသည် ဟု ဆိုရပါမည်။ ထို့ကြောင့်လည်း စစ်ကို အနိဌာရုံဟုဆိုကြသည်။ သို့သော်လည်း လူသားသမိုင်းတွင် ရှောင်လွှဲ၍ မရသည်က စစ်ပွဲပင်ဖြစ်နေပေတော့သည်။

မိမိတို့ ရွှေလီမြစ်ဘေးရောက်နေချိန် တပ်ဖွဲ့ဝင်အားလုံး မြစ်ကူး၍ မပြီးခင်တွင် နမ့်ခမ်းဘက် ကားလမ်းဆီမှ ပွိုင့် ၅ ပစ်သံ တ ဝုန်းဝုန်း ဟိန်းတက်လာသည်။ မိမိတို့ ဂိတ်စီးနင်း၍ ရဲများကို ဖမ်းသွားသည်ကို သိရှိသွားပြီး သံချပ်ကာကားဖြင့် လိုက်လံ ခြောက်လှန့်ပစ်ပုံရသည်။ ထိုစဉ်က နမ့်ခမ်း နှင့်မူစယ်မြို့များတွင် ပွိုင့် ၅ တပ်ဆင်ထားသည့် သံချပ်ကာကား တပ်စု တစုစီရှိပေရာ ထိုကားများထွက်လာပုံရသည်။ သို့သော် တောက်လျောက်လိုက်ပုံတော့ မရ။ မြို့အထွက်လောက်ကနေပြီး ခြောက်လှန့်ပစ်ခတ်နေပုံရသည်။ မြူနှင်းများက ဆိုင်းနေဆဲဖြစ်၍ ဇွတ်အတင်းလိုက်ရဲဟန်မတူ။ လမ်းဖြတ်၍စောင့်ပစ်မည့် ဘဇူကာကို စိုးရိမ်ပုံရသည်။

မိမိတို့ဖမ်းလာသော ရဲ ၅ ယောက်ကား ရွှေလီမြစ်ကမ်း၌ မျက်နှာသေများနှင့် ငုတ်တုတ်ထိုင်နေကြသည်။ သူတို့မျက်နှာတွင် စိုးရွံ့ထိတ်လန့်မှုများကို တွေ့ရသည်။ မိမိတို့ ရန်ကုန်မြို့ပေါ် သပိတ်တိုက်ပွဲများတွင် တွေ့ခဲ့ရသည့် မျက်နှာကျောခပ်တင်းတင်း ပုံစံနှင့် လွန်စွာကွာခြားလှပေစွ။ “ကြောက်မနေနဲ့ ခင်ဗျားတို့ကို ဘာမှမလုပ်ဘူး။ ပြန်လွှတ်ပေးမှာ” ဟု မိမိကဆိုလိုက် သော အခါ ပြာပြာသလဲ ခေါင်းငြိမ့်ကြသည်။ မြို့ပေါ်သပိတ်တိုက်ပွဲကာလနှင့် ကွာခြားလှပေစွ။ ထိုကြောင့်လည်း နိုင်ငံရေးအာဏာ သည် သေနတ်ပြောင်းဝကထွက်သည်ဟု ဆိုခြင်းဖြစ်သည်။

ရွှေလီမြစ်ကိုဖြတ်ကူးပြီး မိမိတို့အခြေခံဒေသသို့ ရောက်ပြီးနောက် ရဲဘော်အားလုံးပေါ့ပေါ့ပါးပါး ဖြစ်သွားကြသည်။ အန္တရာယ် ကင်း ဘေးကင်းပြီမဟုတ်ပါလော။ ရာသီဥတုက အေးမြနေသော်လည်း တညလုံးမအိပ်ရသေးသော်လည်း အောင်ပွဲကြောင့် (သေးငယ်သော အောင်ပွဲဖြစ်သော်လည်း) ပေါ့ပါးလန်းဆန်းနေသည်။ ရန်သူကို အလစ်အငိုက်ဖမ်း၍ မျက်နှာချင်းဆိုင် သေ နတ်ဖြင့်တေ့ကာ သေနတ်တချက်မှ မဖေါက်ဘဲဖမ်းလာနိုင်ခဲ့၍ ကျေနပ်ပီတိ ဖြစ်နေမိသည်။ သုံးပန်း ၅ ယောက် သေနတ် ၄ လက်အား မိမိအဆုံးအရှုံးမရှိ၊ သေနတ်တချက်မှ မဖေါက်ဘဲ ဖမ်းဆီးရမိသည် မဟုတ်ပါလော။ တိုက်ပွဲကား ဦးဆောင်သူ ဗိုလ်အိုက်ကား တပြုံးပြုံး။

မိမိအဖို့ စစ်ကျောင်းမှသင်ရသည့်ပညာနှင့် စစ်တိုက်ခဲ့ရသည်မဟုတ်။ စစ်ပွဲအတွင်းမှ စစ်ပညာသင်ကြားခဲ့ရခြင်းဖြစ်သည်။ မိမိတို့ တိုက်ပွဲသည် တဖက်ရန်သူစိုးမိုးထားသည့်နယ်မြေအတွင်းသို့ ခရီးတို ချီတက် တိုက်ခိုက်ခြင်းဖြစ်သည်။ အထူးသဖြင့် မြစ်ကို ဖြတ်ကူးရသဖြင့် အန္တရယ်များသည်။ သတင်းပေါက်ကြားမှုရှိပါက တဖက်မှအလွယ်တကူ မပိတ်ဆို့နိုင်ရန် အသွား အပြန်လမ်းကြောင်းအား ကြိုတင်ရွေးချယ်ထားနိုင်ခဲ့သည်။ အလစ်အငိုက်ရယူပြီး မြန်မြန်ဆန်ဆန် တိုက်ပွဲကို အဆုံးသတ်နိုင် ခဲ့သည်။ နမ့်ခမ်းဂိတ်တွင် ဆယ်မိနစ်ခန့်သာ ကြာမည်ထင်သည်။ တိုက်ပွဲတွင်းဆုံးဖြတ်ချက် မြန်မြန်ချပြီး သွက်သွက် လက်လက် လှုပ်ရှားနိုင်ခဲ့သည်။ တိုက်ပွဲကို ရှေ့ဆောင်သည့်သူများသည့် ပိုင်းဖြတ်ချက်နှင့် စွန့်လွှတ်စွန့်စားမှုရှိပါက ကျန်ရဲ ဘော်များအားလည်း စိတ်ဓါတ်တက်ကြွစွာ လိုက်ပါစေနိုင်သည်။

ထိုတိုက်ပွဲအတွင်း အားနည်းချက်များလည်းရှိသည်။ တခုမှာ မိမိတို့ဝင်ရောက်စီးနင်းမည့် ဂိတ်အခြေအနေကို ကောင်းစွာ မသိခြင်းဖြစ်သည်။ အင်အားမည်မျှရှိသည်ကိုလည်းကောင်း၊ ဂိတ်တည်ဆောက်ပုံကိုလည်းကောင်း၊  ကောင်းစွာမသိခြင်းဖြစ် သည်။ အကယ်၍ ကင်းတဲအခိုင်အခန့်နှင့် အသင့်အနေအထားသာရှိပြီးမိမိတို့ လက်ဦးမှုမဲ့ပါက မိမိတို့ အတုန်းအရုန်းဖြစ်သွား နိုင်သည်။ ပုံမှန် တပ်က နှစ်ယောက် သုံးယောက်ခန့် လာအားဖြည့်သော်လည်း ထိုနေ့က ရဲတပ်ဖွဲ့ဝင်များသာရှိနေ၍ ပိုလွယ် ကူသွားခြင်းဖြစ်ပေသည်။ နောက်တချက်မှ လမ်း၌တားသည့်တပ်ဖွဲ့က အမိန့်မနာခံခြင်းဖြစ်သည်။ တဖက်က မိမိတို့အား စိုးရိမ်၍ လိုက်လာသည်ဆိုသော်လည်း တဖက်က လမ်းဖြတ်တာဝန်ပျက်ကွက်ခဲ့သည်။ အကယ်၍ တဖက်မှ လှုပ်ရှား တပ်ဖွဲ့ ရှိပါက နောက်ပိုင်းသိပ်ခံရနိုင်ပေသည်။

ထိုကာလက ကင်းတပ်စုအားခေါ် နမ့်ခမ်း မူစယ် ကားလမ်းတလျောက်တိုက်ခိုက်နေခြင်းမှာ မိမိအား အထက်က တာဝန်ပေး ထားသည်မဟုတ်။ မည်သူ့အမိန့်နှင့်မှ တိုက်ခိုက်နေခြင်းမဟုတ်ပေ။ မိမိဖါသာ မိမိတက်ကြွပြီး တိုက်ခိုက်နေခြင်းဖြစ်သည်။ မိမိတာဝန်မှာ ကောက်ကွတ်သင်တန်းကျောင်း ရိက္ခာရုံတွင်သာဖြစ်သည်။ သင်တန်းကျောင်း လုံခြုံရေးတာဝန်ခံ ရဲဘော်ဖိုးချို နှင့်ရင်းနှီး၍ မိမိအား တပ်သုံးခွင့်ပြုထားခြင်းဖြစ်သည်။ သို့ဖြစ်ရာ ချီးကျူးမည့်သူမရှိ။ မိမိတို့ကလည်း ချီးမြှောက်ခံချင်၍ တိုက်နေခြင်းမဟုတ်။ မိမိဆန္ဒအရကို တက်ကြွစွာတိုက်နေကြခြင်းဖြစ်ပေရာ လွတ်လပ်ပေါ့ပါးပျော်ရွှင် စိတ်လှုပ်ရှားခဲ့သော နေ့ရက်များဟု ဆိုရပါမည်။

ထိုစဉ်က မိမိမတွေးမိသည်ကတော့ မိမိဖြစ်စေ အခြားတပ်ဖွဲ့ဝင် ရဲဘော်များဖြစ်စေ ထိခိုက်ကျဆုံးမှုရှိပါက ကောင်းကောင်း ဝေဖန်ပြစ်တင်ခံရနိုင်သည် ဆိုခြင်းဖြစ်သည်။ ကိုယ်တာဝန်ကိုယ်မလုပ်ဘဲ ထင်ရာစိုင်း၍ ဆုံးရှုံးမှုများရှိသည်ဟူ၍ ကောင်း ကောင်း အထောင်းခံရနိုင်ပေသည်။ သို့သော်လည်း ထိုစဉ်ကတော့ မြွေမကြောက် ကင်းမကြောက် ထင်တိုင်စိုင်းခဲ့သည်ဟု ဆိုရမည်။

တကယ်တမ်း နမ့်ခမ်းဂိတ်ဝင်စီးသည့် တိုက်ပွဲဖြစ်စဉ်တွင် မိမိတို့ဖက်မှ စက္ကန့်ပိုင်း မိနစ်ပိုင်း လက်ဦးမဲ့သည်နှင့် မိမိတို့အသက် ပျောက်သွားနိုင်ပေသည်။ သို့သော် သေမင်းသည် မိမိအား အမြန်ခေါ်လိုပုံမရချေ။ လူ့သက်တမ်းအတွင်း အချိန်ပိုများစွာ ကန်ခွင့်ပေးထားခဲ့ပါသည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, မောင်မောင်စိုး

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်