ကျော်ကျော် (မြရည်စမ်း) ● ဖက်​ဖူးစိမ်း​ရောင်​ ရထားတွဲ​လေး

November 6, 2017

● ဖက်​ဖူးစိမ်း​ရောင်​ ရထားတွဲ​လေး
(မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၁၇

သမီးနှင့်​ဇနီး လိုက်ပါသွားကြ​သည့်​အစုန်​ရထား ကို ရထားထိန်းတွဲ​လေး တဖြည်းဖြည်း​ပျောက်​သွားသည်​အထိ ကျွန်​​တော်​​ငေး​နေမိသည်​။ ထိုစဉ်​ မိုးက ဗြုန်းစားကြီးရွာချပစ်​လိုက်​သည်​။ သူတို့သားအမိကို ဘူတာရုံ​လေးသို့လိုက်​ပို့စဉ်​ ထွန်းလင်း​နေ​သော​နေမင်းသည်​ တိမ်​မည်းမည်းတအုပ်​​ကြောင့်​ ကွယ်​ပ​သွား​ပေပြီ။

ဘူတာရုံ​လေး၏ စင်္ကြံပေါ်မှခရီးသည်​များနား​နေရန်​ ပြုလုပ်​ထား​သော ခုံဝိုင်း​လေးတွင်​ ထိုင်​ချလိုက်​ပြီး ပတ်​ဝန်းကျင်​ကိုကြည့်​လိုက်​မိသည်​။ လူများများစားစားမရှိလှ။ တစချိန်​က​တော့ ဤဘူတာရုံ​လေးသည်​ တရံမလပ်​ပင်​ လူများကြိတ်​ကြိတ်​တိုးစည်​ကား​နေခဲ့ဖူးသည်​။ ကျွန်​​တော်​သည်​  ဘူတာစင်္ကြံ​ခေါင်​မိုးမှ တသွင်​သွင်​စီးကျ​နေ​သောမိုး​ရေများကို ရည်​ရွယ်​ချက်​မရှိပဲ ​တွေ​တွေကြီး​ငေးကြည့်​​နေမိ၏။ မိုး​နှောင်းကာလ၏ နုတ်​ဆက်​မိုးက ​တော်​ရုံနှင့်​စဲမည့်​ပုံမ​ပေါ်​တော့ပါ။

မိုး​ရေများထဲအိမ်​ပြန်​ရမည်​လား..၊ ဆက်​ထိုင်​​နေရမည်​လား ​ဝေခွဲမရဖြစ်​သည့်​စိတ်​​ပေါ်လာ​သေးသည်​။ မိုးမိပြီးဖျားမှာနာမှာကိုလည်း ပူပင်​​ နေမိသည်​။ ငယ်​ရွယ်​စဉ်​အချိန်​ကဆိုလျှင်​​တော့ မိုးရွာခြင်း​​​နေပူခြင်းကို​ခေါင်းထဲမထည့်​ဖြစ်​ခဲ့ပါ။ သွားချင်​လာချင်​စိတ်​​ပေါ်လာလျှင် ​နောင်​ဖြစ်​မည့်​အ​ရေးကိုကြိုမ​တွေးပဲ စိတ်​သွားရာကိုယ်​ခန္ဓာက လိုက်​ပါစမြဲ။ ယခု​တော့ အသက်​အရွယ်​ကိုစဉ်းစားမိပြီးကြိုတင်​​တွေးဆ ပူပန်​​နေတတ်​ပြီ။ စင်္ကြံ​ခေါင်​မိုးတွင်​ချိတ်​ဆွဲထား​သောနာရီကိုကြည့်​မိ​တော့ ည​နေ​ငါးနာရီမတ်​တင်း။ အပြင်​မှ​သော့ခတ်​ထားခဲ့​သော ကျွန်​​တော့်​ခြံဝင်း​လေး ထဲမှာ ခွေးက​လေးသုံး​ကောင်​ရှိ​နေသည်​။ သခင်​တယောက်​မှမရှိ​သော ခြံဝင်းထဲမှာ သူတို့များအားငယ်​​နေကြမလားဟု တွေးလိုက်​မိ​သေး သည်​။

ထိုအခိုက်​ ​အစုန်​ရထားတစင်းဝင်​လာပြန်​သည်​။ ထိုရထားသည်​ နံပါတ်​ ၂ သံလမ်းတွင်​ ရပ်​တန့်​သွားသည်​။ နာတာရှည်​လူမမာရုပ်​နှင့်​ လူ တယောက်​က​တော့ ရထားရပ်​ရပ်​ချင်းပင်​ ကျွန်​​တော့်​မျက်​နှာချင်းဆိုင်​မှ ရထားတွဲ​ပေါ်တက်​သွားသည်​။ သူ့ထံပစ္စည်းများများစားစား မပါလှ ပါ။ အဝတ်​အစားအနည်းငယ်​နှင့်​ အသုံးအ​ဆောင်​များကို စုထည့်​ထားဟန်​ရှိသည့်​ ပီနန်​အိတ်​ညစ်​​ပေ​ပေတလုံးသာပါ၏။ ​မှော်​ထဲ သွားမည့်​ သူများဟုထင်​ရ​သော ​ခရီးသည်​​လေးငါး​ယောက်​ခန့်​​ ရထား​ပေါ်က ဆင်းလာသည်​။ သူတို့၏အထုပ်​အပိုးများ၊ အဝတ်​အစားအများကို မြင်​ရုံ နှင့်​ ကျွန်​​တော့်​အထင်​မလွဲနိုင်​​ကြောင်း ဘာသာမှတ်​ချက်​ချ​နေမိပြန်​သည်​။ ခပ်​သည်းသည်းရွာ​နေ​သောမိုးစက်​များကိုဖြတ်​ရင်း စင်္ကြံ​အောက်​သို့ဝင်​လာကြသည်​။ ကျွန်​​တော့်​​ဘေးနားမှ ခုံတွင်​ဝင်​ထိုင်​ကြသည်​။ ပါလာ​သော အထုပ်​အပိုးများကို စုပုံကြသည်​။ တယောက်​က ကား သွား​မေးဦးမည်​ဟု ​အော်​​ဟစ်​ပြောရင်း ဘူတာအပြင်​ဖက်​ မိုး​ရေစက်​​တွေကြား​ပြေးထွက်​သွားသည်​။

ရထား၏စက်​​ခေါင်း စက်​သတ်​လိုက်​ပြီ။  ​လော်​ကယ်​ရထားဖြစ်မည်​ထင်​၏။ ရထားတွဲများများစားစားမပါလှ။ ယခုလိုည​နေ​စောင်းအချိန်​သည်​ အဆင်းအတက်​ရထားများကြပ်​ချိန်​မို့ အစုန်​အဆန်​အမြန်​ရထားများကိုသာ  ဦးစား​ပေးကြ​တော့မည်​။ ထို​​​ရထား​လေးသည်​  နံပါတ်​ ၂ လမ်း​ ပေါ်တွင်​  မိုးသည်းထဲမှာ ဝါဆိုရ​ပေ​ဦးတော့မည်​။

ယခုမှပင်​ ရထားတွဲအ​ရောင်​မွဲမွဲကို ကျွန်​​တော်​သတိထားမိ​တော့သည်​။ ​တချို့​နေရာ​လေးများ၌ ​အောက်​ခံ​ဆေးသားပင်​​ပေါ်​နေ​ပေပြီ။ တ​ချို့​ နေရာများက​တော့ ​အောက်​ခံ​ဆေးနှင့်​အ​ပေါ်​ဆေးသား​ရောယှက်​သွားကာ စိမ်းဝါ​ရောင်​ညစ်​တစ်​တစ်​ဖြစ်​​နေ​ပေပြီ။ ရထားတွဲနံပါတ်​ကို ​သေ ချာကြည့်​မိသည်​။ ရင်​ခုန်​ခြင်းနှင့်​ စိတ်​မ​ကောင်းဖြစ်​မိခြင်းကို တဆက်​တည်းလို ခံစားလိုက်​ရသည်​။

ထိုရထားတွဲကိုကျွန်​​တော်​ ​သေ​သေချာချာကြီးမှတ်​မိပါသည်​။ အရိပ်​များ အသံများနှင့်​ အဖြစ်​အပျက်​များကို ပြန်​လည်​ဖမ်းယူနိုင်​​သော စက်​ကိရိယာများတကယ်​ရှိခဲ့ပါမူ ကျွန်​​တော့်​အရိပ်​များ၊ အသံများနှင့်​ဖြတ်​သန်းခဲ့ဖူးရာ အတိတ်​ကာလတချို့ကို ထိုရထားတွဲအတွင်းမှပြန်​ရမည်​မှာ မုချ။ ကျွန်​​တော့်​မှတ်​ဉာဏ်​မှာ​တော့ စတင်​ပြီးပုံ​ဖော်​​နေမိပါပြီ။ သူအနားမယူနိုင်​​သေးပါလား..။ ကျွန်​​တော့်​မှာ ထိုသက်​မဲ့ရထားတွဲကြီးနှင့်​ အတူတူ​နေခဲ့ရ​သော နှစ်​ကာလများ​ကြောင့်​ ဖြစ်​မည်​ထင်​၏။ သနားစိတ်​က​လေးပင်​ ဝင်​လာခဲ့​သေးသည်​။

တကျော့ပြန်​သည်း​နေ​သော မိုးနှင့်​မှုန်​ဝါးဝါးည​နေခင်းအလင်း​အောက်​တွင်​ ကျွန်​​တော့်​မျက်​လုံးကို ကျွန်​​တော်​အားမလို အားမရဖြစ်​မိသည်​။ ထိုင်​ခုံ​လေးမှထ၍ ပလက်​​ဖောင်းအစပ်​ထိသွားကာ တွဲနံပါတ်​ကို ပြန်​ဖတ်​ကြည့်​မိပြန်​သည်​။ ​သေချာပါသည်​။ လွန်​ခဲ့သည့်​ဆယ်​စုနှစ်​ ၂ ​ကျော်​​ ကျော်​က ဤသံလမ်းရိုးတလျှောက်​တွင်​  စုန်​​လိုက်​ဆန်​လိုက်​ဖြင့်​  သူနှင့်​ကျွန်​​တော်​  နှစ်​အ​တော်​ကြာ​အောင်​ လက်​တွဲခဲ့ကြ ဖူးသည်​။

သူနှင့်​ကျွန်​​တော်​ စပြီး​တွေ့​တော့ သူ့ထံမှ အသစ်​ရနံ့များရ​နေခဲ့တာ မှတ်​မိ​​သေးသည်​။ ထိုစဉ်​ကတည်းက သူသည်​ နုပျို​ယောင်​​ဆောင်​ထားရသည်​သာ။ မြစ်​ငယ်​တွဲပြင်​ရုံမှ ​ဆေးအသစ်​သုတ်​ခံခဲ့ပြီး ထွက်​လာခဲ့​သော သူသည်​  အများအမြင်​တွင်​​တော့ အ​တော်​ပင်​တင့်​ တယ်​ ​နေခဲ့သည်​။ စင်​စစ်​မူ ​အပေါ်ယံအဝတ်​အစားသာသစ်​လွင်​​နေ​သော်​လည်း ခန္ဓာကိုယ်​တွင်​​တော့ ဒဏ်​ရာဒဏ်​ချက်​​တွေ များ​နေပြီး ဖြစ်​သည်​။

ထိုစဉ်​က ကျွန်​​တော်​သည်​ အသက်​နှစ်​ဆယ်​စွန်းရုံသာ ရှိ​သေးသည့်​ ခန္ဓာကိုယ်​၏လျှင်​မြန်​သန်​စွမ်းမှုကို ဝင့်​ဝါမာန်​တက်​​နေ​သောအရွယ်​။ ကျွန်​​တော့်​ကိုယ်​ခန္ဓာ​ပေါ်မှာလည်း ရထားကုမ္ပဏီမှချုပ်​​ပေးထား​သော အင်္ကျီဖြူနှင့်​ ကာကီ​ရောင်​​ဘောင်းဘီရှည်​အသစ်​စက်​စက်​ကို ဝတ်​ဆင်​ထားခဲ့ပါသည်​။ သူနှင့်​အတူ​နေ အတူသွားဖန်​များလာ​လေ​လေ သူ့အ​ကြောင်းကိုပိုသိခဲ့ရ​လေ​လေဖြစ်​သည်​။ လူများလိုဆိုရလျှင် သူသည် ဆေးပင်​စင်​ကို  ထိုစဉ်​ကတည်းကခံစား​နေသင့်​ခဲ့ပါပြီ။ သူမနားခဲ့ မခံစားခဲ့ရပါ။

သူ့ကြမ်းခင်းပြင်​တွင်​ မိုင်းထိထား​သော ဒဏ်​ရာကြီးရှိသည်​။ လက်​ဝဲလက်​ယာနံရံများတွင်​ စက်​​သေနတ်​ကျည်​ဆန်​ရာများ ရှိသည်​။

တံတားအဝင်​တခုတွင်​ ဒိုင်​ဗင်​ထိုးခဲ့ရဖူး​သော​ကြော့င်​ တွဲချိတ်​ဆက်​​နေရာတွင် အနည်းငယ်​​စွေ​နေသည်​။ ဖက်​ဖူး​ရောင်​သ​င်္ဘော​ဆေး၏ ရနံ့​ လေးပျောက်​ပျယ်​ကာစတည​နေတွင်​ ထိုအ​ကြောင်းကို သူတီးတိုး​ပြောပြ​တော့ ကျွန်​​တော့်​မှာစိတ်​မ​ကောင်းဖြစ်​ခဲ့ရသည်​။ ထို​နေ့ညက ပြည်နယ်​၊မြစ်​ကြီးနားဘူတာရုံရှိ ​အေးစက်​စက်​သံလမ်းများ​ပေါ်တွင်​ သူနှင့်​ကျွန်​​တော်​ အတူတကွအိပ်​စက်​ကြသည့်​အခါ ပြည်​တွင်းစစ်​၏ရက်​စက်​ဆိုးရွားမှုများကိုသူသိသ​လောက်​ ​ဖောက်​သည်​ချ​နေ၍ ညတာရှည်​ခဲ့ရ​သေးသည်​။

ကြမ်းခင်း​ကော်​​ဇောအစိမ်း​ရောင်​များ၊ တီဗီများ၊ တဝီဝီပန်​ကာများ၊​ တောင်​ဘက်​နှင့်​​မြောက်​ဘက်​ကို လိုသလိုလွယ်​ကူစွာလှည့်​နိုင်​​သော ထိုင်​ခုံများဖြင့်​တန်​ဆာဆင်​ထားပြီး အင်္ကျီအသစ်​ပမာဖြစ်​​သောဖက်​ဖူး​ရောင်​သ​င်္ဘော​ဆေးအသစ်​သုတ်​ထား၍သာ သူသည်​ လူစီးတွဲအသစ်​ဖြစ်​ခဲ့ ရသည်​။

သူ၏ချူချာ​နေ​သော ကျန်းမာ​ရေးကို အဆင်​မ​ပြေလှ​သောသံလမ်းခင်းကျင်းထားမှုများနှင့်​ ထိစပ်​မိ​လေတိုင်း သိလာရပါသည်​။ ခုန်​ခြင်း၊ ဆောင့်​ခြင်း၊ လူးခြင်းများဖြစ်​​လေတိုင်း သူရှုံ့မဲ့​နေ​လေသည်​။ တွဲချိတ်​ဆက်​​နေရာ​လေးကို အကူအထိန်းအဖြစ်​ သံကြိုးနှင့်​တုပ်​ထားသည်​ကလည်း မြင်​တတ်​သူများအဖို့ စိတ်​မချမ်း​မြေ့စရာပင်​။

အံသြစရာပင်​။ ထိုစဉ်​က …သူမျက်​နှာပွင့်​လွန်းခဲ့ပါသည်​။ သူနှင့်​လိုက်​ပါလိုသူ ခရီးသည်​များက ရထားလက်​မှတ်​ကို မြန်​မာကျပ်​​ငွေဖြင့်​ ဝယ်​၍မရကြပါ။ ​ဒေါ်လာ​ငွေကို တန်​ဖိုးသင့်​ထား​သော အက်​ဖ်​အီးစီစက္ကူဖြင့်​သာ ဝယ်​ကြရသည်​။ အက်​ဖ်​အီးစီစက္ကူလက်​ထဲမရှိသူများအဖို့ မြန်​မာကျပ်​​ငွေကိုင်​ကာ အက်​ဖ်​အီးစီရှာပုံ​တော်​ ဖွင့်​ကြရသည်​။ သူသည် ​ ထိုမျှတန်​ခိုးထွားခဲ့ဖူးသည်​။
ထိုစဉ်​က သူနှင့်​တွဲရ​သောကျွန်​​တော့်​ပင်​ ​ခေါ်ချင်​​ပြောချင်​သူ​တွေများလွန်း​သောဘဝ။ သူ့တွဲထိုင်​ခုံများ​ပေါ်တွင်​  အစုန်​ဖြစ်​​စေ၊ အဆန်​ ဖြစ်​​ စေ စကားဝဲသူ၊ အသားဖြူသူများသာ ပါတတ်​သည်​။

သူ့တွဲထဲတွင်​ မနက်​ခင်းဆိုရင်​ အဖိုးတန်​ ​ဘော်​ဒီစပ​ရေးနံ့နှင့်​ အ​မေရိကန်​စီးကရက်​နံ့ သင်းပျံ့ကြိုင်​​လှောက်​​နေတတ်​သည်​။ ည​နေ ည​နေ. စည်​တယ်​​လေ..ဆိုသည့်​စကားမှာလည်း သူ့တွဲအတွက်​လိုပင်​။ စား​သောက်​တွဲမှ အ​ပေါ်ဖြူ၊​အောက်​ပြာနှင့်ဝိတ်​တာ​လေးများ ဘီယာဗူးနှင့်​ အမြည်းပန်းကန်​ကိုင်​ကာ ဝင်​လိုက်​ ထွက်​လိုက်​။

ဖားကန့်​ရတနာ​မြေမှ ​ကျောက်​စိမ်းတုံးများသည်​  ထိုစဉ်​ကာလက မြန်​မာတနိုင်​ငံလုံးကိုပင်​ နည်းလမ်းအသွယ်​သွယ်​ဖြင့်​ ကိုင်​လှုပ်​ခဲ့ဖူးသည်​။ ရတနာထွက်​ရာ​မှော်​မှ အသွားအပြန်​များဖြင့်​ ယခုကျွန်​​တော်​ထိုင်​​နေရာ ဘူတာရုံ​လေးသည်​လည်း စည်​ကားခဲ့​သေးသည်​။ ယခု မိုးသည်းထဲ ငြိမ်​ကုပ်​​နေ​သော ဘူတာရုံ​လေးသည်​ ထိုစဉ်​က​တော့ မိုးရွာရွာ၊​ နေပူပူ လူများပြည့်​ကြပ်​​နေခဲ့သည်​။

ကျွန်​​တော့်​မျက်​လုံးများသည်​ ရထားတွဲ​လေး၏ နံရံများကို ကြည့်​​နေမိသည်​။ ပြတင်း​ပေါက်​တ​ချို့ ပိတ်​ထားကြ​သော်​လည်း တချို့မှာ ပွင့်​​နေ သည်​။ မိုးက သည်းလွန်းလှသည်​။ တမင်​တကာ ဖွင့်​ထားခြင်း​တော့မဟုတ်​တန်​ရာ။ ပိတ်​မရခြင်းပင်​ ဖြစ်​​ပေလိမ့်​မည်​။ ယခင်​တုန်းက ဆို လျှင်​​တော့ တံခါးဖွင့်​ထား​စေဦး… ဖက်​ဖူး​ရောင်​လိုက်​ကာ​လေးများက မိုးကို ကာကွယ်​​ပေးကြသည်​။ ယခု​တော့ တွဲနံရံမှအညစ်​အ​ကြေး များသည်​ပင်​ မိုး​ရေနှင့်​​ရောကာ ပြတင်း​ဘောင်​များ​ပေါ် တစက်​စက်​ကျ​နေကြပြီ။ ယခု သူ့တွဲထဲထိုင်​​နေကြသူများမှာ ကျွန်​​တော်​​တွေ့ခဲ့ဖူးသူ များလို မဟုတ်​နိုင်​ကြ​တော့။

ဟိုစဉ်​ကာလတုန်းကဆိုလျှင်​ အမှိုက်​က​လေးတစ၊ ဖုန်​​လေးတကွက်မြင်​လျှင်​ပင်​ ငြိုငြင်​တတ်​ကြသူများ လိုက်​ပါတတ်​ကြသည်​။ ​စဉ်းစားကြည့်​မိ​တော့လည်း သူ့တွဲနှင့်​လိုက်​ပါဖို့ ဟိုးတုန်းကလို အက်​ဖ်​အီးစီစက္ကူရှိဖို့လို​တော့ပြန်​။ ​မှော်​ထဲပြန်​လူမမာရုပ်​နှင့်​ ခရီးသည်​​လေး ပင်​ ပုဆိုးခြုံ၍ ​ကျေနပ်​စွာ​ကွေး​​နေ​လောက်​ပါပြီ။ ယခင်​က သူ့တွဲထဲထိုင်​ခွင့်​ရဖို့ ကြိုးစားခဲ့သူများထဲမှ တ​ချို့သည်​လည်း ဇိမ်​ခံကားကြီးများ ဖြင့်​သာ မြန်​မာပြည်​အထက်​ပိုင်းနှင့်​​အောက်​ပိုင်းကို ကူးသန်း​နေကြ​ရော့မည်​။

ကျွန်​​တော့်​အ​တွေးထဲ၌ ငယ်​ရွယ်​စဉ်​က​လေးဘဝက ဖားကန့်​ရတနာ​မှော်​ကို မြင်​​ယောင်​လာပြန်​သည်​။ ထိုစဉ်​အချိန်​က ယခုဘူတာ​ရုံ​လေး မှ ​မှော်​ထဲသို့ ကားလမ်းမ​ပေါက်​​သေး။

မြန်​မာပြည်​အရပ်​ရပ်​မှ ချမ်းသာလိုသူများသည်​ ​လောပန်​အိပ်​မက်​မက်​ကာ ရထားစီးပြီး ဘူတာရုံ​လေးသို့ လာကြသည်​။ တချို့က​တော့အိပ်​မက်​မမက်​ကြ။ အိပ်​မက်​မမက်​သူတို့က လက်​​တွေ့ကျကျဈေး​ရောင်းဖို့၊ ​မြေသယ်​ဖို့၊​ ရေထမ်းဖို့လာကြခြင်းဖြစ်၏။ ဆန်​ ဆီ ဆား ငရုပ်​ကြက်သွန်​၊ ​ဆေးဝါးပစ္စည်းမှအစ လူသုံးကုန်​ပစ္စည်းမျိုးစုံကိုခြင်းကြားကြီးကျောပိုးပြီး ​မှော်​ထဲသို့ တက်​ကြရသည်​။ ​မှော်​နှင့်​မကင်းနိုင်​​သော စီးကရက်​​၊ ​ဆေး​ပေါ့လိပ်​၊ အရက်​၊ဘီယာ တို့လည်း မပါမဖြစ်​ ပါကြသည်​။ ​ကျောက်​စိမ်းတူး​ဖော်​ရာတွင်​ ​ရေစုပ်​စက်​အင်​ဂျင်​​မောင်းနှင်​ဖို့ ဒီဇယ်​ပုံးများကိုလည်း ​ကျောဖြင့်​သာ ပိုးကြရသည်​။ ဘူတာရုံ​လေးမှ ​ခြေကျင်​ခရီးဖြင့်​ စထွက်​ကြပြီး မနိမ့်​မမြင့်​​တောင်​အသွယ်​သွယ်​ကို ဖြတ်​​ကျော်​ကြရသည်​။

လမ်းခရီးတေ​လျှောက်​တွင်​ မလွှဲမ​သွေ ကြုံကြိုက်​ရသည်​က အ​ကောက်​ဂိတ်​များ။ နဖူးမှ​ချွေး ​ခြေမထိ​ရောက်​​အောင်​ ကိုယ်​အားကိုယ်​ကိုးလုပ်​ ကိုင်​ကြရ​သော်​လည်း လက်​နက်​ကိုင်​များ၏ဂိတ်​ကို ဖြတ်​သန်းခ ​ပေး​ဆောင်​ကြရသည်​။ မ​ပေး​ဆောင်​ပဲ ​ကျော်​ဖြတ်​မိပါက ကျွဲရိုက်​၊နွား ရိုက်​​ထက်​ဆိုး​အောင်​ ရိုက်​ခံကြရသည်​။ ထိုအချိန်​က ‘ခန္ဓာကိုယ်​မှအ​သွေးအသားကို ​လောင်​စာအဖြစ်​အသုံးပြုပြီး မိမိကိုယ်​ကို အင်​ဂျင်​​တ​လုံး ပမာ​မော​င်းနှင်​ပါက မက်​​မောဖွယ်​​အခ​ကြေး​ငွေကို နည်းလမ်းမျိုးစုံဖြင့်​ ​မှော်​ထဲမှရနိုင်​သည်​’ဟု ​မှော်​ထဲပြန်​တို့က ဆိုကြပါသည်​။

အဆင်​​ပြေသွားသူတ​ချို့က ယခုဘူတာ​လေး​ရောက်​လျှင်​  အထက်​တန်းတွဲဟုအမည်​​ပေးထား​သော တစ်​တန်းလျှင်​ ထိုင်​ခုံ ၃ လုံးပါသည့်​ ရထားတွဲကို စီးကြသည်​။ အထက်​အရပ်​၊​အောက်​အရပ်​အလိုရှိရာသို့ ပြန်​ကြသည်​။

၁၉၉၀ ခုနှစ်​အလွန်​ နေ့ရက်​များ၌ ဖားကန့်​ရတနာ​မြေသည်​ ​ခေတ်​မီစက်​ကိရိယာကြီးများဖြင့်​ တူးဆွ​မွှေ​နှောက်​ခြင်းခံရ​ပေပြီ။ ဆူညံ​နေ​သော​သေနတ်​သံများ၊ ​ခေတ္တတိတ်​ဆိတ်​သွားခြင်းနှင့်​အတူ ကျောက်​စိမ်းလုပ်​ကွက်​များမှ စက်​ကြီးခုတ်​​မောင်းသံများ ပိုမိုကျယ်​လာ ကြ၏။ ယခင်​က တ​နိုင်​တပိုင်​ ​ကျောက်​တူးသမား​လေးများ၏​လုပ်​ကွက်​​နေရာများကိုဥစ္စာဓနနှင့်​ အာဏာကြီးမားသူတို့က နည်းမျိုးစုံဖြင့်​ သိမ်းပိုက်​လိုက်​ကြ​တော့သည်​။ မရပ်​မနားလုပ်​ရှား​နေ​သော ယန္တရားများကြား၊ တ​ဝေါ​ဝေါသွန်​ချလိုက်​​သော စွန့်​ပစ်​​မြေစာပုံများကြား၊ စိန်​တူတစလက်​ကိုင်​ကာ ​ကျောက်​တုံး​ခေါက်​ကြည့်​ရ​သော ​ရေမ​ဆေး​ကျောက်​စိမ်း ရှာ​ဖွေသူများ။

သယံဇာတ၏ ကျိန်​စာ သင့်​​နေပြီဖြစ်​​ကြောင်း သတိမူမိသူ နည်းပါးလှ​သေးသည့်​ ကာလများ။
ကာလများသည်​ မရပ်​နားခဲ့ပါ။

ဖက်​ဖူး​စိမ်း​ရောင်​ရထားတွဲ​လေးတွင်​ ​နေ့စဉ်​နှင့်​အမျှ ခရီးသည်​ပြည့်​ခဲ့သည်​။ သူ၏မျက်​နှာပွင့်​လွန်း​သော ​နေ့စွဲများ။

တ​ခါတရံ​တော့လည်း တရုတ်​ပြည်​ဖြစ်​စတိုင်​လ်​​ဘောင်းဘီနှင့်​ အ​မေရိကန်​ဖီးဂျက်​ကက်​ဝတ်​ကာ ပခုံးစလွယ်​သိုင်းအိတ်​ထဲမှပစ္စတိုကြီးကို မြင်​​အောင်​ပြထား​သော ခရီးသည်​တချို့နှင့်​ကြုံရဖူးသည်​။ သူနှင့်​ကျွန်​​တော်​မှာ ရင်​တမမ။ ရထားတွဲနှစ်​တွဲ ​ပေါင်းကူးကြား၌ ဘီယာထိုင်​​ သောက်​ချင်သည်​ဟုဆိုလာပြန်​လျှင်​လည်း ခွင့်​ပြုရရုံမက နှီး​ချောဖျာ​လေးပါ ခင်း​ပေးရတတ်​သည်​။ အ​ပေးအကမ်းများဖြင့်​ ငြိမ်းချမ်း​ရေး ​ကာလများကို သူနှင့်​ကျွန်​​တော်​ မီးစင်​ကြည့်​ကပြီး​ကျော်​ဖြတ်​ခဲ့ရဖူးသည်​။ ရထားစက်​​ခေါင်းကြီးက​တော့ မှန်​မှန်​ခုတ်​​မောင်း​နေဆဲ။ အချိန်​ရထားသည်​လည်း မရပ်​နားခဲ့ရှာပါ။

ဖားကန့်​ရတနာ​မြေသည်​ ​ရမ္မက်​ကြီး​သော အစိုးရအဆက်​ဆက်​ တက်​လာခဲ့ပြီး​နောက်​ ​ဂေဟစံနစ်​များ သိသာစွာ ပျက်​သွားခဲ့ရပြီ။

တောသည်​လည်း​ကောင်း၊​တောင်​သည်​လည်း​ကောင်း​၊မြစ်​​ချောင်းအင်းအိုင်​များသည်​ လည်း​ကောင်း ပကတိအ​နေအထား မဲ့သွား​တော့သည်​။ သားငှက်​တိရိစ္ဆာန်​များသည်​ လည်း​ကောင်း၊ ဇာတိသားများသည်​လည်း​ကောင်း အာဏာရှင်​၊ဓနရှင်​များကို ငြိုငြင်​ကျိန်​ဆိုကြ​တော့သည်​။ရေကြီးခဲ့သည်​။ ​မြေပြိုခဲ့သည်​။ ရတနာတူး​ဖော်​ရာတွင်​ အသုံးပြုရန်​ ​လောဘတကြီးသို​လှောင်​ထား​သော ယမ်းတိုက်​များ ​ပေါက်​ကွဲပြီး မီးကြီး​လောင်​ခဲ့သည်​။ ရတနာ​မြေနှင့်​ဖွားဘက်​​တော်​ဖြစ်​​သော မူးယစ်​​ဆေးဝါးကလည်း တနယ်​လုံးကို ဖျဉ်းနာစွဲသလို စွဲ​စေခဲ့ပြီ။

ဥရု​ချောင်းအတွင်း​ရေနီနီများစီးဆင်း​နေသလို၊ ​သွေးချင်းချင်းနီ​သော ​ခေတ်​များကလည်း မပြတ်​စီး၏။ ကျွန်​​တော်​တို့ ရထားကုမ္ပဏီရပ်​နား သွားသည်​။သူနှင့်​ကျွန်​​တော်​ လမ်းခွဲကြရသည်​။

ကျွန်​​တော်​သူ့ကို သတိရ​နေသည်​။ ကျွန်​​တော့်​ရထားတွဲ ဖက်​ဖူး​ရောင်​​လေးသည်​ အဝိဉာဏကဖြစ်​​သော်​လည်း  ထိုစဉ်​က စကား​ပြော​နေ သည်​ဟု ထင်​မိသည်​။

ဖားကန့်​​ကျောက်​စိမ်း​မြေတွင်​ မဟာအဝီစိသို့ ရောက်​လု​ခမန်း တွင်းနက်​နက်​ကြီးများရှိ​နေပြီ။ တူးဆွခြင်းမခံထားရ​သော ​မြေမှန်​ဟူ၍ ရှား​ လေပြီ။ ​ဒေသခံမိသားစုများအ​နေဖြင့်​ ချမ်းသာတာဆင်းရဲတာအပထားဦး၊ မူးယစ်​​ဆေးဝါးဒဏ်​နှင့်​ သဘာဝ​ရေ​မြေ​ဖောက်​ပြန်​မှုဒဏ်​ကို​တော့ ဒက်​ထိခံ​နေကြရပြီ ဖြစ်​၏။ ပြည်​နယ်​အတွင်းရှိ အကျဉ်း​ထောင်​များတွင်​ ​ရောက်​ရှိ​နေကြသူအများစုမှာ ‘ယစ်​​ဆေး၏သား​ကောင်​များ’။ တနည်းဆိုခွင့်​များရပါလျှင်​ ​ခေတ်​စံနစ်​၏သား​ကောင်​များ။

မကြာ​သေးခင်​ကပင်​ ​ရေမ​ဆေး​ကျောက်​ရှာသူများသည်​  ရုန်းရင်းဆန်​ခတ်​ဖြစ်​ခြင်းများ၌ လုံခြုံ​ရေးရဲတပ်​သားများ၏ကျည်​သင့်​ခဲ့ကြ​သေး သည်။ ဘယ်​သူမှန်​သည် ဘယ်​ဝါမှားသည်​ဟူ၍ ကျွန်​​တော်​မ​တွေးတတ်​ပါ။ ဓမ္မနှင့်​အဓမ္မလွန်​ဆွဲပွဲ၏ ရက်​စက်​မှုကိုသာ ​အော့နှလုံးနာလိုက်​သည်​။ ဆာ​လောင်​​နေသူအား ​ဖြေသိမ့်​​ပေးတတ်​သည့်​သွား​လေသူ အ​နော်​ရထာမင်း​စောကို ကျွန်​​တော်​ မတမ်းတချင်​​တော့ပါ။

နာရီကို အမှတ်​တမဲ့ကြည့်​ဖြစ်​သည်​။

ည​နေငါးနာရီခွဲသွားပြီ။ မိုးက ​တ​ဝေါ​ဝေါသွန်​ချ​နေဆဲ။ မိုးများထဲမှာ ရထားတွဲ​လေးသည်​ ကြံ့ကြံ့ခံ​နေဆဲ။ ထိုင်​ရာမှ အသာထရပ်​လိုက်​ပြီး အိမ်​ပြန်​ဖို့စဉ်းစားရ​တော့သည်​။ မကြာမီ ​မှောင်​လာ​တော့မည်​။ လူငယ်​ဘဝကို ပြန်​​တွေးမိ​သောစိတ်​က ယခု​တော့ မိုးစိုမှာ ဖျားနာမှာ မပူပင်​​တော့သလို ဖြစ်​ရသည်​။

ပလက်​​ဖောင်း​လေး​ပေါ်မှဆင်းကာ မိုး​ရေထဲဖြတ် နံပါတ် ​၁ သံလမ်းကိုကျော်​ပြီး ရထားတွဲ​လေးနားကပ်​သွားမိသည်​။ အ​ရောင်​အဆင်းသည်​ မွဲ​နေရှာပါပြီ။’ လူမွဲ​လေးများအတွက်​ သီးသန့်​တွဲများဖြစ်​သွားရှာပြီလား ‘ ဟု ဝမ်းနည်းစွာ တွေးမိ​သေးသည်​။ အ​ပေါ်ကို​မော့ကြည့်​​တော့ ပိတ်​ထား​သော ပြတင်း​ပေါက်​ကို​တွေ့ရသည်​။ ထို​နေရာ​လေးသည်​ အတိတ်​ကာလက တွဲထိန်းခုံ​နေရာ။
တနည်းဆိုရ​သော်​ ကျွန်​​တော့်​နေရာ​ လေး ဖြစ်​၏။ ပြတင်း​ပေါက်​​အောက်​နားမှ တွဲနံပါတ်​​လေးကိုပွတ်​သပ်​ရင်း နှုတ်​ဆက်​လိုက်​ပါသည်​။ သူသည်​ အရင်​ကလို ကျွန်​​တော့်​ကို စကားပြန်​မ​ပြောနိုင်​​တော့ပါ။

သူ့အရွယ်​ အိုစာလွန်းလှပါပြီ။ ရထားတွဲ​လေးသည်​ လှုပ်​ခတ်​သွားသလို ထင်​လိုက်​မိသည်​။ အံသြလွန်း၍ အဆင်းအတက်​တံခါးကြီးကို တွန်းဖွင့်​လိုက်​မိသည်​။ တဖက်​ခြမ်းတံခါး​ပေါက်​မှတက်​လာ​သော ​တောင်းရမ်းစား​သောက်​​နေရသူ တ​ယောက်​ကို ​တွေ့လိုက်​ရပါသည်​။
…….

ခြံဝင်းတံခါး​သော့ကိုဖွင့်​ပြီးဝင်​လိုက်​ချိန်​တွင်​ ​ခွေးက​လေး ၃ေ​ကာင်​က ရွှင်​မြူးစွာ ဆီးကြိုကြသည်​။ မိုး​ရေထဲမှာ သူတို့ ၃​ ကောင်​လုံးကို ထွေး​ပွေ့လိုက်​မိသည်​။ ထမင်းအိုးထဲမှ ထမင်းများနှင့်​ဟင်းများကို နှယ်​ဖတ်​ပြီး ​ဝေငှ​ကျွေးလိုက်​သည်​။ အားပါးတရစား​နေကြ​သော သူတို့ကို ကြည့်​ရသည်​မှာ ပီတိဖြစ်​စရာ။ခြံတံခါးပိတ်​ထားခြင်း၊အားကိုးစရာမရှိခြင်းနှင့်​ ဆာ​လောင်​ခြင်းက သူတို့ကို နှိပ်​စက်​သွားသလား စိုးရိမ်​မိသည်​။

ထို​နေ့ညက ကျွန်​​တော့်​အတွက်​ ထမင်းမချန်​ထားမိလိုက်​ပါ။ သို့​သော်​ သူတို့ ၃​ ကောင်​နှင့်​အတူ ဆာ​လောင်​ခြင်းမရှိဘဲ နှစ်​ခြိုက်​စွာ အိပ်​​ပျော်​ခဲ့ပါသည်​။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments