မောင်ရင်ငတေ ● ပင်လယ်မရှိသောမြေသို့ စာစု (၃)

November 6, 2017

မောင်ရင်ငတေ ● ပင်လယ်မရှိသောမြေသို့ စာစု (၃)
ဝမ်းယူရိုတန် နိုင်ငံရပ်ခြားခရီး
(မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၁၇
 


ဝမ်းယူရိုတန် နိုင်ငံရပ်ခြားခရီး Bratislava-Vienna = 1 Euro (ဓါတ်ပုံ မရငတ)

ဝမ်းယရိုတန် နိုင်ငံရပ်ခြားခရီး ဘတ်စ်ကား လိုင်းကားစီးပြီး သွားခဲ့တာပါ။ မယုံမရှိကြပါနဲ့ ခင်ဗျာ။ တကယ်ကို သွားဖြစ်ခဲ့ပါတဲ့ ခရီးတခုပါ။ ရှန်ဂန်ဗီဇာဧရိယာထဲပါဝင်တဲ့ နိုင်ငံနှစ်ခုကိုသွားတာဖြစ်လို့ ဗီဇာလည်း မလိုပါဘူး။ မောင်ရင်ငတေကတော့ အွန်လိုင်းကနေ ကြိုတင်လက်မှတ် ဝယ်ယူပြီးမှ သွားခဲ့ခြင်းဖြစ်ပါတယ်။

အွန်လိုင်းက အဲဒီ ဝမ်းယရိုလက်မှတ်ကိုဝယ်နေစဉ်ကတော့ ဟုတ်မှဟုတ်ပါမလားလို့ ယုံရခက်ခက် ဖြစ်နေသေးပါတယ်။ ဆုံးလည်း ဝမ်းယရို ဘာဖြစ်သေးလည်းကွာဆိုပြီး စွန့်လွှတ်စိတ်နဲ့ ဝယ်ခဲ့တာပါ။ တကယ်တမ်း အဲဒီမြေကိုနင်း အဲဒီကားဂိတ် ကိုရောက်တော့ ဝမ်းယူရို ဝမ်းယူရို ကြော်ငြာတွေ ပလူပျံတွေ့လိုက်ရတော့ ဟုတ်ချေသားလို့သာ စိတ်ဒုံးဒုံးချ ယုံလိုက်မိရပါ တော့တယ်။

နှစ်နိုင်ငံကူးခရီးဆိုပေမယ့်လည်း အဲဒီခရီးက သိပ်အဝေးကြီးတော့ မဟုတ်ပါဘူး။ ဆလိုဗားကီးယားမြို့တော် ဘရာတီ ဆလာဗာက သြစတြီးယားမြို့တော် ဗီယန်နာကိုသွားတဲ့ခရီးပါ။ ကီလိုမီတာ ခြောက်ဆယ်ကျော်ကျော် မိုင်အားဖြင့် လေး ဆယ်သာသာလောက်မို့ ရန်ကုန်နဲ့ ပဂိုးခရီး မန္တလေးနဲ့ မေမြို့ခရီးသာသာ ကွာဝေးတာပါ။

တကယ်တော့ သြစတြီးယားနဲ့ ဆလိုဗားကီးယားနိုင်ငံတွေက အလျှားရှည်တဲ့နိုင်ငံတွေလို့ ပြောလို့ရပါတယ်။ သြစတြီးယား အနောက်စွန်း လက်ရှ်ချင်စတိုင်းတို့ ဆွစ်ဇာလန်တို့ရဲနယ်စပ်မြို့ Feldkirch မြို့ကနေ ဆလိုဗားကီးယား အရှေဖျား ယူက ရိန်းတို့ ပိုလန်တို့နယ်စပ်က Ubľa မြို့ကို ကီလိုမီတာ တထောင့်နှစ်ရာကျော် သုံးရာလောက် ဝေးတာပါ။ ဒါပေမယ့် အဲဒီ နှစ် နိုင်ငံမြို့တော်တွေက တမြို့က အရှေဖျားစွန်းနားမှာ တမြို့က အနောက်ဖျားစွန်းကပ်ရက်မှာ တည်ရှိနေကြလို့ မြို့ညီနောင် သဖွယ် သမိုင်းတလျှောက်မှာ တည်ရှိခဲ့ပါတယ်ပြောရင် မမှားနိုင်ပါဘူး။ အဲနှစ်မြို့ဝေးတာကလည်း မိုင်ပေါင်း ၄၀ နီးပါးမျှသာရှိ တဲ့အပြင် ဒန်ညုမြစ်ကမ်းနဘေးမှာတည်ရှိကြမို့ ကူးလူးဆက်ဆံမှုတွေက ရှေးယခင် လှေခေတ် လှည်းခေတ် ကာလတွေထဲ ကပင် အများအပြားရှိခဲ့မှာ သေချာလှပါတယ်။

ရောမခေတ်က တောင်ဖျား အီတလီ ဂရိဘက်ကနေ မြောက်ဖျား ပိုလန်တို့ ရုရှားဘက်တို့ကို ပယင်းရှာဖွေဖို့အတွက် သွား ခဲ့ကြတဲ့ ကုန်သွယ်လမ်းကြောင်း Amber Road ဆိုတာကြီးရဲ့ ခရီးတထောက် ကွန်းခိုနားရာရပ်ဝန်းလည်း ဖြစ်ခဲ့ဖူးတယ် ဆို ကြပါတယ်။


Bratislava-Viedeň = 1 Euro (ဓါတ်ပုံ မရငတ)

 

Slovak Lines, Bratislava-Viedeň = 1 Euro (ဓါတ်ပုံ မရငတ)

Bratislava-Viedeň = 1 Euro

မောင်ရင်ငတေကသာ ခရီးတခုမသွားခင် သေချာရေရာအောင် လက်မှတ်ကြိုဝယ်ထားချင်တဲ့ စိုးရိမ်စိတ်ကဲနေလို့ ကြိုတင် ဘွတ်ကင်လုပ် ဝယ်ယူဖြစ်ခဲ့ရခြင်းပါ။ သူတို့ဒေသခံတွေသိရင်တော့ ရယ်ချင်မိကြမှာပါ။ ဒီဘတ်စ်ကားလိုင်း လက်မှတ်က ရပ်တဲ့မှတ်တိုင်တိုင်းက စက်တွေမှာ အလွယ်တကူနဲ့ ဝယ်လို့ရပါတယ်။ အကြွေလေး တကျပ်ထည့် ဘုလေးနှိပ်လိုက်ရင် တစ်ခ်ကက်လေးက လျှောကနဲနဲ့ ထွက်လာမှာပါ။ အဲဒါလေး အသာကိုင် ကားပေါ်တက်ရုံပါ။ နယ်စပ်ဖြတ်ကျော်ရမှာဖြစ်လို့ အိုင်ဒီလေး ပတ်စ်ပို့စ်လေးတွေတော့ အဆင်သင့်ဆောင်လာခဲ့ဖို့ လိုအပ်ပါတယ်။

ဒီလို လက်မှတ်မျိုးကို အွန်လိုင်းမှာတော့ Hot Ticket လို့ ခေါ်ကြ ရေးကြပါတယ်။ ဈေးနှုန်းချထားတာမျိုးလည်း မဟုတ်ပါဘဲ မယုံနိုင်ဖွယ်ရာ သက်သာတဲ့နှုန်းထားနဲ့ ခရီးသွားသူများ အကြား ရေပန်းစားနေတဲ့ လက်မှတ် အမျိုးအစားလို့ မောင်ရင်ငတေ ဘာသာပြန်လိုက်ပါတယ်။

Viedeň ဆိုတာက ဗီယာနာ (သို့) ဗီယန်နာကို သူတို့ ဆလိုဗက်တွေရဲ့ စာနဲ့ ရေးတာပါ။ အင်္ဂလိပ်တွေက Vienna ဗီယန်နာ ပြင်သစ်တွေအခေါ်က Vienne ဗီယန်န်း ဆလိုဗက်တွေကတော့ Viedeň ဗီးဒင်းန် သူတို့သြစတြီးယန်းတွေပြောတဲ့ ဂျာမန် စကားနဲ့ကတော့ Wien ဗီးန်န်ပေါ့ဗျာ။ မူလဒေသခံ Austro – Bavarois ခေါ် ဂျာမန်ကြီးတွေဖြစ်ကြတဲ့ Oberdeutsch အိုဘာဒွိုက်ခ်ျတွေရဲ စာစကားနဲ့ရေးရင်တော့ Wean လို့ ရေးကြပါတယ်။ ဘူတာတွေ ကားလမ်းညွှန် ဆိုင်းဘုတ်တွေမှာတော့ အများအားဖြင့် Wien လို့သာ ရေးထားတာကိုတွေ့ရမှာမို့ ရုတ်တရက်ဆို ကြောင်သွားတတ်ပါတယ်။ သူတို့ ဂျာမန်စကားမှာ W က V သံထွက်တယ်လို့ အလွယ်မှတ်ယူနိုင်ပါတယ်။

အဲလို တယရိုတန် ကားလိုင်းတွေကတော့ ဘယ်နှစ်လိုင်းရှိမလဲတော့ မသိပါဘူး။ မောင်ရင်ငတေတို့ စီးဖြစ်ခဲ့တာက Slovak Lines ဆလိုဗက်လိုင်းအနီရောင်ပါ။ အဝါရောင် ချက်ကားလိုင်း အစိမ်းရောင် ဂျာမန်လိုင်းတွေလည်း ဒီခရီးစဉ်လေးမှာ အပြိုင် အဆိုင် အရှုံးခံ ဝင်ရောက်ပြေးဆွဲနေကြပုံ ရပါတယ်။ အဝါရောင် ရေဂျီယိုဂျက်ကတော့ ဘရာတီဆလာဗာ အလာခရီးစဉ်မှာစီးဖို့ ရည်ရွယ် ဝယ်ခဲ့ပြီးပြီမို့ ဒီ အနီရောင်ရဲရဲ ဆလိုဗက်ကားကို စီးကြည့်ဖို့ ရွေးချယ်ဝယ်ဖြစ်ခဲ့ခြင်းပါ။

Trolejbus Škoda 31Tr SOR (Trolejbusová doprava v Bratislave) (ဓါတ်ပုံ မရငတ)

ဘရာတီဆလာဗာ ဗီယန်နာသွားတဲ့ ရေဂျီယိုဂျက်လို ကားလိုင်းတချိုကတော့ မြို့လယ်အနီးဟိုနား ဒီနားသွားတဲ့ ဂိတ်မျိုး ကနေ စထွက်ပေမယ့် မောင်ရင်ငတေဝယ်ထားမိတဲ့ ဆလိုဗက်လိုင်းကတော့ ကားကြီးဂိတ်ဝင်းမှာ တည်ရှိပါတယ်။ မြို့လယ် မှတ်တိုင်ကနေ စီးလို့ရပေမယ့်လည်း ကားကြီးဂိတ်က စစီးကြည့်ချင်လို့ ဂိတ်ဘက်ကိုသွားဖို့ ဆုံးဖြတ်ခဲ့ခြင်းပါ။

တည်းခိုရာကနေ ကားကြီးဂိတ်က သိပ်မဝေးလှသလို ကျောပိုးအိတ်အလတ် တလုံးသာပါလို့ လမ်းလျှောက်၍ သွားဖြစ်ပါ တယ်။ ဟော်တယ် စငှားစဉ်တည်းက လမ်းကြောသင့်တာကို ရွေးချယ်ခဲ့တာမို့ ဘတ်စ်ကားခ ထပ်မကုန်တော့ဘူးပေါ့၊ ချွေ တာရေးသမားစစ်စစ် မောင်ရင်ငတေ့အနေနဲ့ ဘတ်ဂျက် အပွန်းအရှမခံနိုင်ဘူးလေ။ အဲဒီလို လမ်းလျှောက်သွားရင်းက မြင် မြင်သမျှ မှတ်တမ်းပြုရတာလည်း မောင်ရင်ငတေရဲ အကျင့်ကောင်းတခု မဟုတ်ပေဘူးလား။

ဘရာတီဆလာဗာ မြို့က ခပ်ကျဉ်းကျဉ်း မြို့တော်ငယ်လေးသာမို့ ဘတ်စကားတွေ ဓါတ်ရထားတွေ သိပ်သုံးစရာ မလိုအပ် ပါဘူး။ မောင်ရင်ငတေတို့ နှစ်ညအိပ်သုံးရက်နေဖြစ်ခဲ့တာမှာ တခါနှစ်ခါမျှသာ စီးဖြစ်ခဲ့ပါတယ်။ ဒီမြို့က ဘတ်စ်ကား ဓါတ် ရထားစီးဖူးတယ်ရှိအောင် စီးရတာလည်း ပါတာပေါ့။

နှစ်လိုဖွယ်ရာ ကောင်းလှပါတဲ့ အဲဒီမြို့တော်သေးသေးလေးအကြောင်းနဲ့ အနီရောင်ရဲရဲ TrolleyBus ထရော်လီဘတ်စ် သို့မ ဟုတ် ဓါတ်ဘတ်စ်ကားတွေရဲအကြောင်းကိုတော့ နောက်များမှ ပေါင်းစပ်လို့ ရေးပါဦးမယ်။ အခုတော့ ရေးထားပြီးသမျှသော အတိုအစတွေထဲက သွားရင်းလာရင်း မြင်တွေ့ခဲ့ရတဲ့ ကားလမ်းနဘေး အတွေ့ကြုံတွေကိုသာ ခရီးမှတ်တမ်းပုံရိပ်များအဖြစ် ရေးလိုက်ရခြင်း ဖြစ်ပါတယ်။

 

Bratislava Autobusová Stanica (Central Bus Station) (ဓါတ်ပုံ မရငတ)

ကားကြီးဂိတ် အဆောက်အဦးကတော့ ကြီးကျယ် ခမ်းနားခြင်းက သိပ်မရှိလှပါဘူး။ သာမန်မျှသာပါ။ ကားဂိတ်ရောက်ပြီး ထွက်မယ့်ဂိတ်နံပါတ်ကိုရှာတွေ့တော့ ကားကဂိတ်မထိုးလာသေးပါဘူး။ တခဏအကြာမှာတော့ အနီရောင်ရဲရဲ ဝမ်းယရိုကားကြီး ရောက်ရှိလာပါပြီ၊ တန်းစီစောင့်နေသူက သိပ်မများတာကြောင့် မောင်ရင်ငတေကတော့ နောက်မှ အသာတက်လိုက်ပါတယ်။ မှတ်တမ်းယူဖို့ နောက်ချန် တန်းစီရခြင်းလည်း ဖြစ်တာပေါ့။ ဝမ်းယူရိုတန်ကားပေမယ့် အထင်မသေးလိုက်ကြပါနဲ့၊ ထွက်ခွာ ချိန်ကတော့ တိလည်းတိကျ မှန်လည်းမှန်ကန် လှပါပေတယ်။

Slovak Lines (ဓါတ်ပုံ မရငတ)

ဒီဆလိုဗက်ကားလိုင်းက တနာရီ တစီး ထွက်ပါတယ်။ လူသွားလူလာများတဲ့ အချိန်မှာတော့ ဒီထက် အစီးရေများများ ပိုဆွဲ မယ် ထင်ပါတယ်။ တခြားဘတ်စ်ကားလိုင်း သုံးလေးငါးလိုင်းအပြင် မီးရထားနဲ့သွားလို့လည်းရတော့ သွားချင်တဲ့အချိန်မှာ ကောက်ခါငင်ခါထသွားရုံပါ။ ကားခေါင်းမှာ အစိမ်းရောင် FlixBus စာတန်းပါ တွေ့လိုက်ရတော့ လူပါးချိန်မှာ နှစ်လိုင်းပေါင်း ဆွဲကြဟန် တူပါတယ်။

ကားပေါ်မှာတော့ ခရီးသည်က အသင့်အတင့်သာ ပါပါတယ်။ မောင်ရင်ငတေတို့ပုံစံ အရှေအာရှက မလေးလိုလို အင်ဒိုလိုလို တယောက်စနှစ်ယောက်စရယ်၊ တရုတ်လိုလို ကိုရီးယန်းလိုလို ဂျပန်လိုလို ပုတုတု ခပ်သေးသေး ကောင်မလေး သုံးလေးဦး ရယ်၊ အမေရိကန် အင်္ဂလိစ်ရှ်စကား ဟောင်ဖွာဖွာနဲ့ ပြောလာကြသူ ထောင်ထောင်မောင်းမောင်း ဗိုက်ခပ်ရွှဲရွှဲ ဖိုးကြီးအိုဖွားကြီး အို လေးငါးယောက်တစုနဲ့ တလမ်းလုံးလို ဖရန့်ကစ်စ်တွေနဲ့ ကဲလာကြတဲ့ မြင်းမြီးရောင်ဆံပင် မျက်လုံးပြာပြာနဲ့ စုံတွဲတတွဲရယ် ပါပါတယ်။ အများစုကတော့ ဒေသခံ အလုပ်သမား လယ်သမား ကျောင်းသူ ကျောင်းသားလေးတွေသာဖြစ်ပုံရပါတယ်။ သူတို့ရဲ့ပုံစံတွေကတော့ အလုပ်သွားကျောင်းသွား ဈေးဝယ်သွားကြလာကြတဲ့ ပုံစံမျိုး ကျောပိုးအိတ်လေးတလုံး ဈေးဝယ် အိတ်လေးတလုံးနဲ့ သုံးလေးငါးမှတ်တိုင်သာ ဘတ်စ်ကားလိုင်းကားစီးကြတဲ့ဟန်သာ ပေါက်တာပါ။

ဥရောပအမြန်လမ်း အီး ၅၈ နဲ့ အီး ၆၅ တို့ ဆုံဆည်းရာ (ဓါတ်ပုံ မရငတ)

ဘရာတီဆလာဗာကားဂိတ်ကနေ ထွက်လာပြီးနောက် လေးငါးမိနစ် မကြာလိုက်ပါဘူး။ ကားပေါ်မှာ နေရာတကျတောင်မှ မထိုင်ရသေးတဲ့သူတွေလည်း ရှိနေဆဲပါ။ စလိုဗားကီးယားရဲ့ ဟိုင်းဝေးအမှတ် ၆၁ သို့မဟုတ် Route Européenne 58 (E58) ပေါ်သို့ ရောက်ရှိလာခြင်းပါ။ အီး ၅၈ လမ်းမကြီးက ဗီယန်နာ-ဘရာတီဆလာဗာကနေ ယူကရိန်း ရူမားနီးယား မိုလ်ဒို ဗာမှတဆင့် ရုရှားပြည်ကိုရောက်ရှိမယ့် ဥရောပ အရှေနဲ့အနောက်ပိုင်းကို ဆက်သွယ်ထားတဲ့ မိုင်တသောင်းလေးထောင်ခန့် ရှည်တဲ့ အမြန်လမ်းမကြီးတစင်းပါ။ သို့ပေမယ့် ဗီယန်နာနဲ့ ဘရာတီဆလာဗာ လမ်းပိုင်းကလွဲလို့ အများစုက ကျေးလက်လမ်း ခရိုင်လမ်း အဆင့်မှာသာ ရှိနေဆဲပါ။ တိုးချဲ့ဖောက်လုပ်နေဆဲသာပါ။

မကြာခင်မှာတော့ နှစ်ထပ်လမ်းတွေနဲ့ လမ်းဆုံခပ်ကြီးကြီးတခုကို ရောက်ရှိခဲ့လာပြီး နယ်စပ်ဂိတ်ကို ဖြတ်ကျော်ပါတယ်။ ဒါပေမယ့် သတိမထားမိရင် သိလိုက်မှာတောင်မဟုတ်တဲ့ နယ်ခြားဖြတ်ကျော်မှုတခုပါ။ နယ်ခြားဖြတ်ကျော်ရာမှာတော့ ကား က ဥရောပအမြန်လမ်း အီး ၅၈ လမ်းအတိုင်းသွားတာမဟုတ်ပါဘူး။ I/61 (Slovensko) လမ်းအမှတ် ၆၁ လမ်းအတိုင်း သွား တာပါ။ အဲလမ်းဆုံက အီး ၅၈ အီး ၆၅ တို့ ဆုံဆည်းရာလည်း ဖြစ်ပါတယ်။ နှိုင်းယှဉ်ပြောရရင်တော့ မင်္ဂလာဒုံကိုကျော် ထောက်ကြံ့လမ်းဆုံဝန်းကျင်ကို ရောက်ရှိလာခြင်းပုံစံပါ။ ဒါပေမယ့် ဘရာတီဆလာဗာမြို့တော်လေးတည်ရာက သြစတြီး ယား နယ်စပ်နားမှာမို့ မြို့တော်နဲ့ နိုင်ငံနယ်နမိတ်စည်းက အတူတူလို့ ပြောရမှာပါ။

ဟိုးဝေးဝေးမှာ တရိပ်ရိပ် ကျန်ခဲ့လေတဲ့  ဘရာတီဆလာဗာ (ဓါတ်ပုံ မရငတ)


ဘရာတီဆလာဗာမြို့လေးကတော့ နောက်မှာ တရိပ်ရိပ်နဲ့ ကျန်နေရစ်ခဲ့ပါပြီ။
နှုတ်ဆက်ခဲ့ပါတယ်
ဘ ရာ တီ ဆ လာ ဗာ ရေ ….
Au Revoir et à Bientôt
Zbohom a Čoskoro sa Uvidíme
ပြန်ဆုံကြဦးစို့ ပြောခဲ့ချင်ပါရဲ့ Čoskoro ဂျော့ စ ခို ရို။ မကြာခင် လာပါဦးမည်ပေါ့ ဘရာတီဆလာဗာရေ။

နယ်စပ်ကျော်တာနဲ့ လမ်းအမှတ် ၆၁ ဂိတ်ဆုံးပြီး သြစတြီးယားရဲ B9 လမ်းမပေါ် ရောက်လာခဲ့ပါပြီ၊ B9 ရဲ့ မူလ ရှေးရှေး အခေါ်ကတော့ Pressburger Straße (Pressburger Bundesstraße) လမ်းပါ။ ဘရာတီဆလာဗာမြို့ကို ဒေသခံသြ စတြီးယန်းတွေရဲ မူရင်းအခေါ် Preßburg(Pressburg) ဖြစ်လို့ ဒီအမည်က ဒီလမ်းမှာ လာတွင်နေဟန်တူပါတယ်။ ဘရာတီ ဆလာဗာ မြို့တော်ဆီသို့ သွားရာလမ်း ဖြစ်လေသည်ပေါ့၊ ရှေးလူကြီးသူမတွေရဲ အစွဲကင်းကင်းအမည် မှည့်ခ်ါခဲ့ပုံတွေက ချစ်စရာသာပါ။

Bundesstraße 9 (B9) သို့မဟုတ် လမ်းအမှတ် ဘီ ၉ လမ်းက အမြန်လမ်းမဟုတ်ဘဲ မြို့လေးတွေ ရွာလေးတွေကို ကွေ့ ကောက်သွားရတဲ့ လမ်းတလမ်းပါ။ ခရိုင်အဆင့်ရှိလမ်းပါ။ လှပတဲ့တောမြို့လေးတွေ တောကျေးရွာလေးတွေကို လယ်ယာ ကွင်းတွေကြားထဲမှာ တွေ့မြင်ရခဲ့တာမို့ မောင်ရင်ငတေရဲ့ စိတ်ကြိုက်ခရီးတခုအဖြစ် စာရင်းမှတ်တမ်းဝင်ခဲ့ပါတယ်။

Pressburger Straße လမ်းပေါ်က မြင်ရတဲ့ ဘရာတီဆလာဗာမြို့သစ် Dlhé Diely (ဓါတ်ပုံ မရငတ)

တရိပ်ရိပ် လည်ပြန်ကြည့်ရင်း နယ်စပ်အကျော် သြစတြီးယန်းမြေ Pressburger Straße လမ်းမပေါ် ရောက်အလာမှာ မြင်တွေ့ရတဲ့ ဘရာတီဆလာဗာရဲ စက်မှုဇုံလို့ ခေါ်လေမလား စက်မှုမြို့သစ်ဆိုပြီး ခေါ်ရလေမလား မသိ      ဟောင်ကောင်လိုလို တိုင်ပေလိုလို တိုကျိုလိုလို (လိုလို လို့ ရေးရတာ မောင်ရင်ငတေလည်း မရောက်ဖူးလို့ပါ) လူနေအိမ်ခန်း တိုက်ခန်းတွေကို တစုတဝေးကြီး အစုလိုက် အပြုံလိုက် တွေ့မြင်လိုက်ရတော့ အနည်းငယ် အံသြသွားမိရပါတယ်။ မြို့လုံးတပတ်ကိုမှ မပင် မပန်း လမ်းလျှောက်ပတ်လို့ရနိုင်ပါတဲ့ အဲဒီမြို့တော်လေးရဲ ဆင်ခြေဖုံးကို အဝေးကနေ ဒီလိုမျိုးမြင်တွေ့လိုက်ရတော့ မောင် ရင်ငတေ အံသြမိတာ မလွန်လောက်ပါဘူး။

မနေ့က ခံတပ်ရှိရာကို သွားခဲ့စဉ်က အနီးကပ် တွေ့ခဲ့ရပေမယ့် ဒီကနေ့ အဝေးက မြင်ကွင်းလောက် မပီပြင်လှပါဘူး။ တကယ့် ကို ကွန်ကရစ်တောကြီးပုံစံ မြင်တွေ့ရတာမို့ ဒီအရပ် ဒီဒေသမှာ အံသြရမိခဲ့ တာပါ။ အဲဒီအကြောင်းတွေကို တခမ်းတနားနဲ့ထား ပြာလဲ့ဇာချဲပြီး ရေးလိုက်ရရင်တော့ အနည်းဆုံး တဆယ့်လေးငါးမျက်နှာ ရှိနိုင်ပါတယ်။ သူကလည်း သူ့အတိုင်းအတာနဲ့သူ နာမည်ကြီးမားတဲ့ နေရာတခုပါ။ ဟိုးချိန်တုန်းကပေါ့၊ ဆိုရှယ်လစ် တခေတ်ကို ပြောင်းဖို့ လုပ်ခဲ့ကြစဉ်က ပေါ့လေ။

အဲဒီနေရာတဝိုက်မှာ စက်မှုခေတ်ပြောင်းတော်လှန်ရေးရဲ အနှစ်သရုပ်ဖော်ဖို့ စက်ရုံကြီးတွေလာလို့ မတည်ခဲ့ကြတယ် ဆိုပါ တယ်။ စက်မှုသို့ ပြောင်းမပြောင်းတော့ မပြောတတ်ပါဘူး။ ဆိုရှယ်လစ်ဆိုတဲ့ ပေတံ စကားလုံးကတော့ ဒီကနေ့ ဒီနေရာမှာ မရှိတော့တာတော့ သေချာလှပါတယ်။ အရင် မူလကတည်ခဲ့တဲ့ ဆိုရှယ်လစ် ပြည်သူ့စက်ရုံတွေ နေရာမှာ ဗော့ခ်ဆွာဂန်တို့ စကိုဒါတို့လို အကြီးစား ဆရာ့ဆရာကြီးတွေ အစားထိုးဝင်ရောက်နေရာယူလာခဲ့ရာက အခုလို ကွန်ကရစ်တိုက်တောကြီး တခုက မြို့တော်လေး ဘရာတီဆလာဗာရဲ ဆင်ခြေဖုံးစီးတီး တခုအသွင် ဝေဝေဖြာဖြာ စည်စည်ကားကား ပေါ်ထွက်လာ ခဲ့တယ် ဆိုပါတယ်။ ဒီနေရာလေးတဝိုက်မှာ နိုင်ငံခြားသားအလုပ်သမားကိုက စာရင်းအမှန်အကန်တွေအရ လေးငါးခြောက် သောင်းမျှမက ပေါက်ပါတယ်လို့ဆိုကြတာမို့ မောင်ရင်ငတေ့အတွေးမှာ ယရိုမီလီယံလေးထိုးပေါက်ခဲ့ရင် အခန်းလေး တခန်း ဝယ် ပြန်ငှားစားရင် ကောင်းလိမ့်လေမလား စိတ်ကူးပေါက်လာမိခဲ့ပါရဲ။

Volkswagen, Skoda, Audi, Porsche ကားထုတ်လုပ်ရေး လုပ်ငန်းတွေအပြင် Hewlett-Packard IBM, Dell, Lenovo တို့လို့ အိုင်တီစက်ရုံတွေ (ဒါ့အပြင် ဓာတု စက်ရုံကြီးတွေ အများအပြား ရှိသလို ဓာတုတက္ကသိုလ်တခုလည်း ရှိတယ်ဆိုပါတယ်) အဲဒီလို အများအပြား ဒီနေရာမှာလာရောက် ရင်းနှီးမြှုပ်နှံနေကြတယ်ဆိုကြတော့ မောင်ရင်ငတေလည်း ဘဏ်ချေးငွေလေး တွေချေး ဒီနေရာမှာ ဘာကြောင့် လာရင်းနှီး မမြုပ်နှံရဲရမလဲလေ … ဟုတ်တယ်မှလား။

Dlhé Diely (Karlova Ves) အရပ်ဒေသလေးမှာ ဘယ်ခေတ်နဲ့မှ မတူတဲ့ ပြောင်းလဲမှုတွေ လျှင်မြန် မှုတွေများစွာနဲ့ ဖြစ်ပေါ် လာခဲ့တယ်။ လူစိမ်းတွေ သောင်းနဲ့ချီပြီး အလုပ်လုပ်ဖို့ ရောက်လာခဲ့ကြတယ်။ လူနေအိမ်တိုက်ခန်ုးတွေ ပွစိတက် ဆောက် လာခဲ့ကြတယ်။ စက်မှုဖွံ့ဖြိုးမှုနဲ့အတူ ပြဿနာတွေကလည်း သောင်းခြောက်ထောင်မက ပူးတွဲပြီးပါဝင်လာခဲ့ကြတယ်။ အမြင်ကျဉ်းကြတဲ့ ရှေးရိုးစွဲ ဒေသခံတွေ ဒီနေရာ ဒီဒေသမှာရှိနေမှာကလည်း မြေကြီးလက်ခပ်မလွဲ သေချာပါတယ်။

အဲဒီလိုနဲ့ သိပ်မကြာသေးပါဘူး ၂၀၁၀ သြဂတ်စ်လကုန်ပိုင်းမှာ ဒီဒေသရဲ စက်မှုမြို့ပြ ဖွံ့ဖြိုးမှုတွေအောက်မှာ ကြောက်စရာ အထိတ်အလန့်တခု ဖြစ်ပွားခဲ့ဖူးပါတယ်။

ဖြစ်ပွားခဲ့ရာကတော့ ဂျာမန်တွေရဲ Volkswagen ဗော့ခ်ဆွာဂန် ကားစက်ရုံခွဲတည်ရှိရာ Devínska Nová Ves မြို့သစ်မှာပါ။ အဲဒီနေရာက ဟိုး အတိတ်သမိုင်းတလျှောက် စစ်ပွဲတွေရှိတော့ ရှိခဲ့တယ်ဆိုပေမယ့် မိုရာဗာမြစ်ရိုးတလျှောက် စပျစ်ခင်းတွေ ဆီးသီးခြံတွေ ပန်းသီးခြံတွေ သစ်တော်ခြံတွေနဲ့ အေးအေးစိုက် အေးအေးစား အေးအေးနေ သာယာဝပြောတဲ့ နယ်မြေတခု အဖြစ် ရပ်တည်ခဲ့တာပါ။

အဲဒီ နာမည်ကျော် Bratislava Shooting ကိုတော့ မောင်ရင်ငတေ အကျယ်ချဲ့ပြီး မပြောချင်ပါဘူး။ လူတောမတိုး ဖာသိ ဖာသာနေတတ် လူခပ်အေးအေးတယောက်ရဲ သွေးအေးအေးနဲ့ ဂေါက်ကြောင်ဇာတ်လမ်းကတော့ မဆန်းလှပေမယ့် မှတ် တမ်းမှာတော့ဝင်ခဲ့ပါတယ်။ တောထဲတောင်ထဲနဲ့ ခပ်နီးနီးဆိုတော့ ဒီလိုလူမျိုးဂေါက်တာ သာမန်နော်မယ်အဆင့်သာပါလို့ ပြောကြသူတွေလည်း ရှိကြောင်းပါ။

ဒီစာရေးနေသခိုက် ကြုံလို့တိုက်ဆိုင်လာလို့ထည့်ပြောရရင် မကြာခင်က အမေရိကမှာ ဖြစ်ပွားခဲ့တဲ့ 2017 Las Vegas Shooting ဆိုတာကြီးနဲ့ အဲဒီ 2010 Bratislava Shooting အဖြစ်အပျက် အချိန်နေရာတွေ နည်းနည်းကွာဟပေမယ့် ဂေါက် ကြောင်တာကတော့ တသွေမတိမ်း တူညီကြောင်းပါ။

အကြောင်းတချက်ကတော့ ဒီဒေသမှာက စစ်ပြန်တွေရဲစစ်ကျန် ‘အေကေ လေးဆယ့်ခွန်နှစ်’ တို့လို မီးကျိုးပေမယ့်မောင်းမ ပျက်သေးတဲ့ ‘ရိုင်ဖယ်’ ဆိုတာတွေက ဖောချင်းသောချင်း ရှိနေသေးတာကိုး၊ အဲဒီ ရိုင်ဖယ်သမားရဲ ဂေါက်ကြောင်မှုဒဏ်ကို ခံလိုက်ရတာကတော့ Rom ခေါ် ရွှေပြောင်းအခြေချမိသားစုဝင်တွေသာပါ။ ဒီနယ်မြေမှာ ဒီလိုခပ်ဂေါက်ဂေါက်ဇာတ်လမ်းမျိုး တွေရှိခဲ့ပေမယ့်လည်း ပုံမှန်အားဖြင့်ကတော့ ဘဝကို ခပ်ရိုးရိုး ခပ်အေးအေး ဖြတ်သန်းကြသူတွေသာ များပါတယ်။

Devínsky Hrad Devín Castle (ဓါတ်ပုံ မရငတ)

အနီရောင်ရဲရဲ ဆလိုဗက် လိုင်းကားကြီးကတော့ တရွာဝင် တရွာထွက် ဆင်းသူဆင်း တက်သူတက် အရှိန်နှုန်း မှန်မှန်နဲ့ လမ်းအမှတ် ဘီ ၉ အတိုင်း သွားနေပါတယ်။ မောင်ရင်ငတေလည်း တွေ့မြင်ရတဲ့ ရှုခင်းတွေကို ငေးမောရင်း လိုက်ပါလာပါ တယ်။ ကားပြူတင်းမြင်ကွင်းထဲမှာ ပေါ်လာတာက မနေ့က မောင်ရင်ငတေတို့ နေ့တဝက်တာ အချိန်ဖြုန်းခဲ့တဲ့ ဒန်ညု မိုရာ ဗာမြစ်ဆုံက Devínsky Hrad ဒေဗင် ခံတပ်ကြီးပါ။ ကားလမ်းညာဘက် ခပ်ဝေးဝေးမှာ အတော်လေး ထင်ထင်ရှားရှား လှမ်း မြင်ရပါတယ်။

မနေ့ကတော့ အဲဒီ ခံတပ်ရဲတိုက်ဟောင်းကြီးတဝိုက်က ဒန်ညုမြစ်ရိုးတလျှောက် နပိုလီယံရဲ ခြေရာဟောင်းတွေကို လိုက်နင်း ရင်း အချိန်တွေကုန်လွန်ခဲ့တဲ့ မောင်ရင်ငတေတယောက် ဒီကနေ့မှာတော့ ဝမ်းယရိုတန် အနီရောင် Slovak Lines ဆလိုဗက် ကားလိုင်းပေါ်မှာ ရောက်ရှိနေပါပြီ။ အဲဒီနေရာကို နောင် ဘယ်တော့ ဘယ်ခါ ပြန်ရောက်မယ်မှန်း မသိနိုင်သလို ဘယ်တော့မှ လည်း ပြန်မရောက်တာ မျိုးလည်းဖြစ်နိုင်တာမို့ ခပ်လွမ်းလွမ်းနဲ့သာ လှမ်းမျှော်ကြည့်ရင်း ကားရဲခေါ်ဆောင်ရာနောက်ကိုသာ စိတ်ရောကိုယ်ပါနှစ်ရင်း မကြာခင်မှာရောက်ရှိတော့မယ့် ဗီယန်နာမြို့အကြောင်းကိုသာ ပြောင်းလဲစဉ်းစားဖို့ ကြိုးစားရင်း ဝမ်းယရိုကားပေါ်မှာ ငေးမောလိုက်ပါ လာခဲ့ပါတယ်။

အဲဒီမြို့တော်နှစ်ခုကြားက ကားလမ်းမနဘေး မြင်ကွင်းတွေကတော့ တောင်တန်းတောင်ကုန်းတွေ သိပ်မတွေ့ရပါဘဲ မြေ ပြန့်စိုက်ခင်းတွေသာ အတွေ့ရများပါတယ်။ အိမ်ခြေနည်းနည်းနဲ့ မြို့ရွာကလေး တွေသာ များပါတယ်။ သုံးနိုင်ငံရဲ တြိဂံဆုံချက် (ဟန်ဂေရီ စလိုဗားကီးယား သြစတြီးယား) အနီးမှာဆိုပေမယ့် တောတောင်ထူထူထဲထဲ နက်နက် မရှိလှပါဘဲ လွင်ပြင်တွေများ စိုက်ခင်းတွေသာများပြီး မူရင်းဒေသခံတွေက စကားသုံးမျိုးကွဲပေမယ့် အချင်းချင်းပြဿနာရှိကြဟန် မတူပါဘူး။ ရွာဆက်က မပြတ်သလောက်ပါ။ ဈေးသွားဈေးပြန် ကျောင်းသွားကျောင်းပြန် အလုပ်သွားအလုပ်ပြန်များတာမို့ မှတ်တိုင်တိုင်းမှာလို ရပ်ပါတယ်။ သွားနေကျခရီးမှာ ဆုံနေကျသူတွေလည်း ဖြစ်ဟန်တူပါတယ်။

လူအများစုကတော့ ရီရီမောမော ပြုံးပြုံးရွှင်ရွှင်တွေ များပါတယ်။ ပါရီ မြေအောက်မေထရို စီးရသလို အလုပ်ဒဏ်ပိနေတဲ့ပုံစံ ပင်ပန်းနွမ်းနယ်နေတဲ့ပုံစံ စိတ်အလိုမကျနေတဲ့ပုံစံတွေကို သိပ်မတွေ့ရပါဘူး။ စိတ်ကြည်လင်နေကြတော့ သဘောကောင်း ကြပုံလည်း ပေါက်ကြပါတယ်။

မနေ့က ဒေဗင်ခံတပ်သွားတဲ့ ဘတ်စကားပေါ်မှာ မောင်ရင်ငတေတို့ မြေပုံတချပ်နဲ့ အလုပ်ရှုပ်နေချိန် ဘေးနားထိုင်နေတဲ့ ဒေဗင်နယ်သားအဖိုးကြီးတယောက် စေတနာအပြည့်နဲ့ လမ်းညွှန်သမှုပြုခဲ့ပုံကို  ပြန်လည်လို့ မြင်ယောင်မိရပါသေးတယ်။ စိတ်ရင်းစေတနာဆိုတာ အနေအထိုင်ကောင်း အလုပ်ကိုင်ကောင်းကြဖို့ကိုအခြေခံတာ ကိုးဆယ်ရာနှုန်းလို့သာ မောင်ရင် ငတေ တွက်ဆမိရပါတယ်။ ပါရီမြို့မှာ ဒါမျိုးက မရှိသလောက်ဖြစ်နေသလို မောင်ရင်ငတေတို့ရဲ ရွှေပြည်ရွာမှာလည်း ခုတ်ထစ်ပါးပါးလှီးမှု တွေကိုသာ များများကြားနေရတော့ မောင်ရင်ငတေ့ တွက်ဆအတွေး မှန်လောက်ပါတယ်။

ဒေသခံ အလယ်ဥရောပ ဇာတိသားတွေကိုသာ အများအပြားတွေ့ရပြီး အာဖရိကန်တွေ အာရပ်နွယ်ဖွားတွေ သိပ်မတွေ့ရပါ ဘူး။ တောနယ်အရပ်မို့ထင်ပါရဲ့။ အရှေဥရောပသား ဆာဗီးယား ခရိုအေရှား ရူမားနီးယားတို့ကိုတောင်မှ သိပ်မတွေ့မြင်ခဲ့ရ ပါဘူး။ သူတို့တတွေကို အလွယ်ခွဲခြား ပြောရရင်တော့  ဆလိုဗက်တွေက အသားဖြူဆံပင်ဖြူ (ရွှေအိုရောင်ပေါ့လေ) အဖြူ ဘက်ပို၍များကြပြီး အရှေ့ဘက် ဟန်ဂေရီမြေဝန်းကျင်ရောက်လို့ လာခဲ့ရင်တော့ အသားတွေကညို ဆံပင်တွေကမည်းလို့ လာကြပြီ။ အဲဒီလို မောင်ရင်ငတေရဲ အကြမ်းမှတ်နည်းနဲ့ မှတ်နိုင်ပါတယ်။ ဥရောပမြောက်ပိုင်းက အဖြူများပြီး တောင်ပိုင်းနဲ့ အရှေပိုင်းသားတွေက လူညို ဆံပင်မည်းလို့လည်း အလွယ်မှတ်ယူနိုင်ပါတယ်။

ရွာသာသာ တောမြို့လေး ဆယ်မြို့လောက်ကို ကွေ့ပတ်ဖြတ်သန်းခဲ့ပြီးနောက် မြို့တော်ဗီယန်နာရဲ့အဓိက လေဆိပ်ကို တထောက် ဝင်ရပ်နားပါတယ်။ ဘရာတီဆလာဗာကနေစီးလာတဲ့ အမေရိကန်တသိုက်လည်း အိတ်ကြီးအိတ်ငယ်တွေမ ဆင်းသွားကြပါတယ်။ သြော်ဒီလိုင်းကားက နိုင်ငံကူးရုံမျှမက အဲယားပို့တ်ဘတ်စ်လည်းဖြစ်သကိုးလို့ မောင်ရင်ငတေ စိတ် ထဲ တွေးမိရပါတယ်။

အဲဒါကြောင့်အဲဒီလို နှစ်နိုင်ငံနှစ်မြို့တော်ကို ပေါင်းကူးပေးတဲ့ ကားလိုင်းဖြစ်နေပေမယ့်လည်း လမ်းမတလျှောက် ကားမှတ် တိုင်တွေမှ တက်လာသူဆင်းသွားတဲ့သူတွေ တွေ့မြင်မိရတာကြောင့် နှစ်နိုင်ငံကူးတဲ့ ခရီးဝေးလိုင်းကားဟု ပြောဖို့က ခက်လှ တာမို့ နှစ်မြို့တော်ကူး ဘတ်စကားလိုင်းတခုဟုသာ ပြောကြားချင်မိရပါတယ်။ ဘယ်လိုသာဖြစ်ဖြစ် ကီလိုမီတာခြောက်ဆယ် နှစ်နိုင်ငံ မြို့တော်နှစ်မြို့ကို ဝမ်းယူရို ကျပ်တထောင့်ခြောက်ရာသာဖြစ်ပါ၍ ဒီထက်တန်တာမရှိပါကြောင်း ပြောနိုင်ပါတယ်။

အဲဒီလိုနဲ့ တမှတ်တိုင်ဝင်တမှတ်တိုင်ထွက် မြို့ပတ်ရွာပတ်ပတ်ရင်း မနက်ဆယ်နာရီကထွက်လာတဲ့ အနီရောင် ဆလိုဗက် အင်တာနေရှင်နယ် လိုင်းကားကြီးဟာ နေမွန်းမတည့်မီ ၁၂ မတ်တင်းနီးပါးမှာ ဗီယန်နာ ဗဟိုမီးရထားဘူတာရုံကြီးအနီး ကားဂိတ်ကြီးမှာ ခရီးအဆုံးသတ်ပါတော့မယ်ဖြစ်ကြောင်း ကားမောင်းဆရာကြီးက ဂျာမန်လို အင်္ဂလိပ်လိုပြောရင်း နှုတ်ဆက် ရင်း ခရီးလမ်းဖြောင့်ဖြူးသာယာကြပါစေကြောင်း ဆုတောင်းပေးပါတယ်။ မောင်ရင်ငတေတို့လည်းပြန်လို့ မက်ဆီး ဘိုကူး သိုင်းကျူးလုပ်ပြီးစီးလာခဲ့ရာ အနီရင့်ရင့် ဆလိုဗက်ကားကြီးကို မှတ်တမ်းတင်ပုံရိုက်ဖို့ ကင်မရာကိုအသင့်ပြင် ကျောပိုးအိတ် ထမ်းပြီး ဆင်းဖို့ အသင့်ပြင် နေရာယူလိုက်ပါတယ်။

ကားဂိတ်သို့ ဝင်ခဲ့ပါပြီ၊      ရောက်ခဲ့ပါပြီ ဗီယန်နာ၊ ကားဂိတ်တော့ ကားဂိတ်ပါ။ သို့သော် ဘူတာကြီးအရှေက ကားပါကင်လို့သာ ပြောရင် ပိုမှန်ပါမယ်။

ဒီနေရာမှာ ကြုံလို့တခုပြောရရင်တော့ မောင်ရင်ငတေ ရောက်ဖူးတဲ့ ဥရောပမြို့ တော်တော်များများ တော်တော်များများမှ တော်တော်များများပါ။ ကိုးဆယ်ကိုးဆယ့်ငါးရာခိုင်နှုန်း ဆိုကြပါစို့၊ အဝေးပြေး ကားကြီးဂိတ်တွေတည်ရှိရာက မြို့လယ်မီး ရထားဘူတာကြီးတွေ အရှေ့ (သို့မဟုတ်) နဘေးနားမှာပါ။

အဝေးပြေးဆိုပြီး မြို့ပြင်အဝေးမှာ သီးသန့်တည်ရှိတာက နည်းပါးလှပါတယ်။ ပါရီမြို့လို ဘူတာကြီး ခွန်နှစ်ခုလောက် မြို့ အလယ်မှာ တည်ရှိတဲ့ မြို့ကြီးမျိုးဆိုရင်တော့ ကားဂိတ်တွေက ဘူတာအနီးနား ကပ်လျှက်မှာ မရှိတတ်ပါဘူး။ မြို့ပြင်အစပ် မလှမ်းမကမ်းမှာသာ ရှိတတ်ပါတယ်။ မြို့ထဲဆက်သွားဖို့ကိုတော့ မေထရိုဘူတာတွေနဲ့ ချိတ်ဆက်ပေးထားပါတယ်။ အခု နောက်ပိုင်း ကားဂိတ်မသွားဘဲ မြို့ထွက်ပေါက်တွေမှာ အဝေးပြေးမှတ်တိုင်တွေထား လူတင်တာမျိုးလုပ်လာတော့ မောင်ရင် ငတေတို့အတွက် အနီးစပ်ဆုံး အဆင်ပြေရာမှတ်တိုင်ကို ရွေးချယ်စီးခွင့် ရလာပါတယ်။

ဗီယန်နာကို အရင်တခေါက် ရောက်ခဲ့စဉ်အခါက မြိုပြင်စပ်စပ်မှာ ကားကြီးဂိတ်သဘောမျိုး သီးသန့် ရှိခဲ့ဖူးတာ ကြုံခဲ့ရပေမယ့် အခုတော့ ဗဟို မီးရထားဘူတာကြီးကလည်း အသစ်ဖြစ် အဝေးပြေးကား ရပ်နားရာကလည်း ဘူတာရုံသစ်နဲ့ တွဲလျှက်ဆို တော့ သွားရေးလွယ်တာမို့ မောင်ရင်ငတေ သဘော ကျမိရကြောင်းပါ။ အဲဒါနဲ့ တည်းခိုဖို့ ဟော်တယ်ရှာတော့လည်း ကားနဲ့ လာပြီး ရထားနဲ့ ပြန်ထွက်မှာမို့ ကားရထားဂိတ်နဲ့ မျက်နှာချင်းဆိုင်က ဟော်တယ်ကိုသာ ရွေးချယ်ဖြစ်ခဲ့ရပါတယ်။

Busbahnhof Wiedner Gürtel, Wien Hbf, 1040 Wien, Autriche (ဓါတ်ပုံ မရငတ)

ဒုတိယအကြိမ်မြောက် ဆုံဆည်းခွင့်ရတဲ့အတွက် ဝမ်းမြောက်မိရပါတယ်။ ဗီယန်နာရေပထမခေါက်ထက်တော့ အချိန်ပိုရ သလို ပြင်ဆင်လေ့လာထားမှုများစွာ ရှိခဲ့တာမို့ ဗီယန်နာရေကြိုဆိုလှည့်ပါတော့ …..။

ဗီယန်နာမြို့ကြီးအကြောင်း သိကောင်းဖွယ်ရာတွေကိုတော့ ရေးဖို့ ကြိုးစားပါဦးမယ်။

ကျေးဇူးအထူးတင်ရှိလျှက်။
မောင်ရင်ငတေ ၁၄၀၈၂၀၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခရီးသွား ဆောင်းပါး, မောင်ရင်ငတေ

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်