စံလှကြီး ● တပတ်မှာ တခါလောက်တော့ စဉ်းစားကြရအောင်

November 9, 2017

● တပတ်မှာ တခါလောက်တော့ စဉ်းစားကြရအောင်
(မိုးမခ) နိုဝင်ဘာ ၉၊ ၂၀၁၇

“လူအများစုက တစ်နှစ်လုံးနေလို့ နှစ်ခါ သုံးခါလောက်တောင် စဉ်းစားတာမဟုတ်ဘူးဗျ။ ဒီတော့ တပတ်မှာ တခါ နှစ်ခါ လောက် စဉ်းစားတတ်တဲ့ ကျုပ်က ကမ္ဘာမှာနာမည်ကြီးနေတာ”

အထက်ပါ စကားကို ပြောလိုက်သူက ကျော်ကြားသော အင်္ဂလိပ်စာရေးဆရာကြီး ဂျော့ဘားနဒ်ရှော။ ခေတ်သစ် အင်္ဂလိပ် စာပေလောကတွင် အထက်မြက်ဆုံး အဖြစ် အချို့သော စာပေအကဲဖြတ် ပုဂ္ဂိုလ်များက ယူဆကြသူ၊ သူ့ခေတ် သူ့အခါက အင်္ဂလန်ပြည်တွင် အခြေအတင် စကားပြော အကောင်းဆုံးသူ၊ ၁၉၂၅ တွင် စာပေဆိုင်ရာ နိုဗဲဆုရရှိခဲ့သူ ဖြစ်သည်။ သူ့အဆို အရ လူအများစုသည် တစ်နှစ်ပတ်လည်တွင် သုံးခါလောက်တောင် စဉ်းစားလေ့မရှိ၊ ထို့ကြောင့် တပတ်မှာ တခါ နှစ်ခါ လောက်သာ စဉ်းစားတတ်သောသူက နာမည်ကြီးနေရခြင်းဖြစ်သည်ဟု ဆိုသည်။ လူတို့၏ စဉ်းစားဆင်ခြင်မှုနည်းပုံကို ထေ့ လုံး ငေါ့လုံးလေးဖြင့် မှတ်ချက်ချလိုက်သောစကား။

“လူသား အားလုံးလောက်နီးနီးမှာ စဉ်းစားခြင်းကို သေခြင်းထက် ပိုကြောက်သည်။ ထို့ကြောင့်လည်း မစဉ်းစားပဲ သေကုန်ကြ ခြင်း ဖြစ်သည်။”

ဤသည်မှာ သချာင်္နှင့် ဒဿနိကဗေဒ ပညာရှင် ဘာထရန်ရပ်ဆယ်၏ အဆို။ ဘာထရန်ရပ်ဆယ်သည် စဉ်းစားဆင်ခြင် ဖွယ် ရာများပါဝင်သော အတွေးအခေါ်နက်နဲသည့်စာပေများကို ပြုစုရေးသားသူအဖြစ် ထင်ရှားသည်။ သူလည်း ၁၉၅၀ ပြည့်နှစ် တွင် စာပေဆိုင်ရာ နိုဗဲဆု ရရှိခဲ့သူ ဖြစ်သည်။ ဘာထရန်ရပ်ဆယ်၏ အဆိုကလည်း ဘားနဒ်ရှောနှင့် သံတူကြောင်းကွဲ ဖြစ် သည်။ လူအများစုသည် လေးလေးနက်နက် စဉ်းစားဆင်ခြင်မှု အားနည်းလှသည်ဆိုသော အဓိပ္ပါယ်။

အထက်ပါ ပုဂ္ဂိုလ်ကျော်ကြီး နှစ်ဦးလုံး၏ မှတ်ချက်စကားများမှာ လွန်လှချည့်ဟု ထင်ဖွယ်ရှိသည်။ သို့သော် စေ့စေ့စပ်စပ် တွေးလျှင်မူ သူတို့စကားမှာ အတန်အသင့်ယုတ္တိရှိကြောင်း တွေ့ရသည်။ စဉ်းစားခြင်းသည် ဦးနှောက်ဉာဏ်သုံးရသော ကိစ္စ ဖြစ်၍ ပင်ပန်းသည်။ ကာယ ပင်ပန်းခြင်းတော့မဟုတ် ဉာဏပင်ပန်းခြင်း ဖြစ်သည်။ လူဆိုသည်ကလည်း သူသူကိုယ်ကိုယ် ပင်ပန်းသည့်အလုပ်မျိုးဆိုလျှင် မလုပ်ချင်တတ်တာ သဘာဝဖြစ်သည်။ ဒီတော့ ခေါင်းသုံး၍ စဉ်းစားရသောအလုပ်ကို ဘယ် လို ကြိုက်နိုင်ပါမည်နည်း။

လွန်ခဲ့သော ၂ နှစ်ခန့်က ထင်သည်။ အသိမိတ်ဆွေ ဆရာဝန်တစ်ဦး လူမှုကွန်ရက်ပေါ်တွင် ရှယ်လာသော ပို့စ်မှာ မြန်မာပြည် ၏ နောက်ဆုံးမိဖုရားကြီး စုဖုရားလတ်၏ပုံများဟူ၍ ဖြစ်သည်။ ကြည့်လိုက်တော့ ကွယ်လွန်သူ ပုဂ္ဂိုလ်ကြီးတစ်ဦး၏ ဇနီး ဟောင်း ရတနာနတ်မယ်ပုံ ဖြစ်နေသည်။ ယနေ့ခေတ်တွင် ရတနာနတ်မယ်အကြောင်းရေးထားသော စာအုပ်များရှိနေပြီ ဖြစ်ရာ ထိုစာအုပ်ဖတ်ဖူးလျှင် ဤသို့ မှားစရာမရှိပေ။ တခါ နောင်ပွင့်တော်မူမည့် အရိမေတ္တေယျ ဘုရားရှင် တရားဦးဟော မည့်တောင်ဆိုပြီး လူသောင်းနဲ့ချီ၍ ရှယ်ကြသောပို့စ်ကိုလည်း တွေ့ဖူးပြန်သည်။ တောင်ကလည်း မုံရွာနယ်ဘက်က တောင် တစ်လုံးဖြစ်မည်ထင်ပါသည်။ ထေရဝါဒ ဗုဒ္ဓဘာသာအရ ပွင့်တော်မူသော ဘုရားရှင်တိုင်းသည် တရားဦးကို မိဂဒါဝုန် အရပ် တွင်သာ ဟောကြမည်ဖြစ်သည်။ ဒီတော့ ဗုဒ္ဓအကြောင်းနှင့်ပတ်သက်သောစာပေများကို အခြေခံဖတ်ထားသူဆိုလျှင် ထိုစာ ကို ဖြန့်ဝေမည်မဟုတ်ပါ။ အခြေခံ ဗဟုသုတများလေလေ၊ အကြောင်းတရားကို ရှာဖို့ လွယ်လေလေ တနည်း စဉ်းစားရတာ အချက်အလက် ပိုပြီး ပြည့်စုံလေလေ ဖြစ်ပါသည်။ အခြေခံ ဗဟုသုတများလေလေ ပိုပြီးစဉ်းစားတတ်လာလေလေ ဖြစ်ပါ သည်။ အခြေခံ ဗဟုသုတ အချက်အလက်တွေ ပိုများလာအောင် ဘယ်လိုလုပ်ရမည်နည်းဆိုသော် အဖြေဟောင်းကိုပင် ပြန်ရောက်သည်။ ထိုအဖြေဟောင်းမှာ အခြေခံ ဗဟုသုတများချင်ရင် စာဖတ်ပါဟူ၍သာ ဖြစ်သည်။

စာဖတ်ပါ ဆိုလျှင် တွေ့သမျှ စာအုပ် အကုန် ဖတ်ရတော့မှာလားဆိုသော မေးခွန်းပေါ်လာပြန်သည်။ အသိမိတ်ဆွေ စကား ကပ်သူတစ်ဦးမှာ စကားဝိုင်းတွင် တဖက်သားက ကိုးကားသော စာအုပ်စာတမ်း အထောက်အထားများကို သူမငြင်းနိုင်တော့ ဘူးဆိုလျှင် စာအုပ်ဆိုတာ ဖတ်ကောင်းအောင် ရေးထားတာတွေပါဟူသော စကားဖြင့် အနိုင်ပိုင်းလေ့ရှိသည်။ သူ့စကားက တဝက်မှန် တဝက်မှားဟု ဆိုရမည်။ မှန်တာက သူပြောသည့်အတိုင်း တချို့စာအုပ်တွေက ဖတ်လို့ကောင်းအောင် ရေးထား တာ ဖြစ်သည်။ အပျော်ဖတ် စာပေဟု ဆိုရသော စာများပင်။ မှားသည်ကတော့ စာအုပ်တိုင်းက ဖတ်ကောင်းအောင် ရေးထားတာ မဟုတ်။ တချို့စာအုပ်တွေက အတတ်ပညာ၊ အသိပညာ၊ အတွေးအခေါ် တိုးတက်မှု အတွက် လေးလေးနက်နက် စဉ်းစားပြီး ရေးထားသော စာများ ဖြစ်သည်။ စာအုပ်မှန်သမျှ ဖတ်ကောင်းအောင် ရေးထားတာတွေပါ ဆိုလျှင် ဤကဲ့သို့ စာမျိုးတွေကို ပစ်ပယ်ရာ ရောက်သည်။ လူ့ဘောင်လောက တဆင့်ပြီး တဆင့် တိုးတက်လာရသည်ကလည်း စာအုပ်စာပေများကြောင့်သာ ဖြစ်သည်။ ယနေ့ထက်တိုင် စာပေ အဖတ်အရှု နည်းလှသော လူ့အသိုင်းအဝိုင်းများမှာ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွင် စာပေအဖတ်အရှုများသော လူ့အဖွဲ့အစည်းများထက် နောက်ကျကြောင်း တွေ့နိုင်ပေသည်။
စဉ်းစားဥာဏ် ရင့်သန်စေသော စာကောင်းပေမွန်များကို မည်သို့ရွေးချယ်မည်နည်း ဆိုလျှင် တိုးတက်သော နိုင်ငံကြီးများတွင် ပြဿနာမရှိ။ သူတို့တွင် လူငယ် စာဖတ်သူများအတွက် ပညာရှင်များက စနစ်တကျ ခွဲခြမ်းစိတ်ဖြာထားသည့် စာအုပ်အညွှန်း ကျမ်းများ ရှိပြီ ဖြစ်သည်။ ကိုယ်တိုင် စမ်းတဝါးဝါး လိုက်ရှာနေစရာ မလို။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ဤကဲ့သို့ လမ်းညွှန်စာအုပ် မရှိခဲ့သေး။ ယခု မရှိသော်လည်း နောင်တွင် ရှိလာမည် ဖြစ်သည်။ ပြည်သူက ရွေးကောက်သော အစိုးရ လက်ထက်တွင် စာပေပညာရှင်များကို အဖွဲ့ ဖွဲ့စည်းကာ ဖတ်သင့်သော စာအုပ်များ အညွှန်းကို ပြုစုရန် ကြိုးပမ်းနေကြောင်း၊ မကြာမီ စာအုပ်ထွက်ပေါ်လာတော့မည် ဟု ကြားသိရသဖြင့် အားတက်မိပါသည်။

စာအုပ်စာပေကို ဖတ်ရုံသာ မဟုတ်သေး ဖတ်ပြီးလျှင်လည်း ပြန်လည် စဉ်းစားတတ်ဖို့ လိုသေးသည်။ စာရေးဆရာနှင့် မိမိနှင့် အတွေးချင်း တူ မတူ၊ ရေးထားတဲ့ အတိုင်း ဖြစ်နိုင် မဖြစ်နိုင်၊ ကိုယ်တိုင်ရော အခြားထောင့်တစ်ခုမှ တွေးလို့ ရ မရ စသည်ဖြင့် စဉ်းစားတတ်ဖို့ လိုသည်။ သာဓက ဆောင်ရလျှင် ဆောင်ကြာမြိုင်မှတ်တမ်း ကဲ့သို့သော စာအုပ်မျိုး ဖြစ်သည်။ စာအုပ်အမည်ကပင် ဘယ်လိုစာအုပ်မျိုး ဖြစ်မလဲ ဆိုတာ သိလောက်ပေပြီ။ ရှင်းရှင်းပြောရလျှင် ဘုရင် တပါး၏ ခြင်ထောင်တွင်း ဇာတ်လမ်းများဟု ဆိုရမည်။ စာအုပ်အရ မင်းတုန်းမင်းနှင့် ပြည့်တန်ဆာ တစ်ဦး၏ အခန်းတွင်း ဇာတ်လမ်းများကို ကွင်းကွင်းကွက်ကွက် ရေးသားထားသည်။ စကားပြောခန်းတွေတောင် ပါသေးသည်။ ထိုစာအုပ်ကို ယုံကြည်သူများလည်း ရှိပါသည်။ ကိုယ်တိုင်မူ စဉ်းစားတတ်သော အရွယ်မှစ၍ ထိုစာအုပ်ကို မယုံတော့ပါ။ အဘယ်ကြောင့်နည်းဟူမူ ဘုရင်က သူ့ဖာသာသူ ခြင်ထောင်ထဲမှာ ပြောနေတဲ့ စကားတွေကို စာရေးဆရာက လုံးစေ့ပတ်စေ့ သိနေရအောင် ဘယ်နေရာက ကြည့်နေပါလိမ့်ဟု တွေးမိသောကြောင့် ဖြစ်ပါသည်။

ဘုရင်တွေ သူရဲကောင်းတွေ စစ်သူကြီးတွေ ပြောတဲ့ စကားတွေပဲ စာအုပ်တွေထဲ ရောက်ကုန်လို့ ရာဇဝင်ဆိုတာကြီး တခမ်းတနား ဖြစ်လာခဲ့တယ် မဟုတ်လား ဟူ၍ စောဒက တက်စရာတော့ ရှိပါသည်။ မှန်ပါသည်။ သို့သော် အဲဒါတွေက လူမြင်သူမြင် အများရှေ့တွင် ပြောကြသော စကားများ ဖြစ်သည်။ နိုင်ငံရပ်ခြားမှ သံတမန်များကို ပြောသော စကား၊ စစ်မြေပြင်တွင် စစ်သည်များနှင့် ပြောသော စကား၊ နန်းတော်ညီလာခံတွင် ပြောသော စကား အမျိုးမျိုး ဖြစ်နိုင်သည်။ ထို့အတွက်ကြောင့် ပြောသမျှကို မှတ်တမ်းတင်မည့် နာခံတော်တွေ၊ စာတော်ဖတ်တွေ၊ အမတ်ပညာရှိတွေ ရှိသည်။ သူတို့မှတဆင့် ရာဇဝင်စာအုပ်တွေထဲ ရောက်နိုင်သည်။ သို့သော် ဘယ်ဘုရင်မှ အိပ်ခန်းထဲသို့ စာတော်ဖတ်တွေ၊ ပညာရှိအမတ်တွေကို ခေါ်သွားလိမ့်မည် မထင်ပါ။ ဤသည်မှာ စာအုပ်ထဲမှာ ပါသည်ကို ဟုတ်/မဟုတ်၊ မှန်/မမှန် ပြန်လည်တွေးတောသော အကျင့်၊ စဉ်းစားသောအကျင့်ကို ထူထောင်ရန် လိုကြောင်း သိစေလို၍ ဖြစ်ပါသည်။ ကွယ်လွန်သူ စာရေးဆရာကြီး ဦးအောင်သင်းကမူ ဆောင်ကြာမြိုင်မှတ်တမ်း စာအုပ်ကြောင့် မင်းတုန်းမင်းကြီးတော့ အတော် သိက္ခာကျသွားကြောင်း၊ ရေးသူကလည်း ဖတ်လို့ကောင်းအောင် ဘယ်လို လုပ်ကြံ ရေးထားသလဲ မသိကြောင်း ရေးခဲ့ဖူးပါသည်။

ရယ်စရာ ကြုံရသည်မှာ လွန်ခဲ့သော တစ်နှစ်ခန့်လောက်က မင်းတုန်းမင်း နတ်ရွာစံသက် ဘယ်နှစ်နှစ်ပြည့်လဲ မသိ ဆွေတော်မျိုးတော်များက ဆွမ်းကျွေး လုပ်ပါသည်။ မန္တလေးနန်းတော်ထဲမှာဟု ထင်ပါသည်။ ထိုသတင်းကို အွန်လိုင်း မီဒီယာများတွင်လည်း လွှင့်ပါသည်။ မှတ်ချက် ရေးခွင့်ပေးထားသော သတင်းများအောက်တွင် မြန်မာနိုင်ငံသားများလည်း ဝင်ရောက် လက်စွမ်းပြ၍ မှတ်ချက်များ ရေးသားကြပါသည်။ ဝင်ရောက် ဆဲဆိုသော မှတ်ချက်များကို ရေးသားကြသူများလည်း တွေ့ရပါသည်။ ရေးသားကြသူ အများစုမှာ ဆောင်ကြာမြိုင်မှတ်တမ်း စာအုပ်ကိုပင် ကိုးကားသည်ကို တွေ့ရသဖြင့် ပြုံးမိပါသေးသည်။ စာအုပ်ထဲမှာ ပါတိုင်း အမှန် ဟုတ်/မဟုတ်၊ ဖြစ်နိုင်/မဖြစ်နိုင် ကိုယ်ပိုင်ဥာဏ်သုံးဖို့ လိုနေသောသူများတွင် မြန်မာများလည်း ပါဝင်ကြောင်း သက်သေပင်။

မင်းတုန်းမင်းကြီး မိဖုရားများသဖြင့် ထိုကဲ့သို့ နောက်ပြောင်သော စာများထွက်လာသည်ဟု ထင်ပါသည်။ မိဖုရားများသည်ဟု ဆိုရမည်ကလည်း ခပ်ခက်ခက်။ အင်ပါယာကြီး ထူထောင်နိုင်ခဲ့သူ ဘုရင်နောင် ဆိုလျှင် မိဖုရားစာရင်းကပင် အတော် ရှည်လျားသည်။ သူတို့ခေတ်ကတော့ မိဖုရားများသည်ကပင် အင်ပါယာကြီး ကြီးမားကျယ်ပြန့်ခြင်းနှင့် တည်ငြိမ်ခြင်း အဖြစ် ဂုဏ်ယူကြဟန် တူပါသည်။ မိဖုရားတွေ များတာနဲ့ အင်ပါယာကြီး ကြီးမားကျယ်ပြန့်တာ ဘာဆိုင်လို့လဲ ဆိုလျှင် ဆိုင်ပါသော်ကော ဟုသာ ပြောရပါမည်။ သူတို့ခေတ်က လမ်းပန်း ဆက်သွယ်ရေး ညံ့သည်။ လေတပ်ဆိုတာ လုံးဝမရှိ။ ဘုရင်အနေဖြင့် သူ့သစ္စာခံနယ်များကို ထိန်းထားဖို့လိုသည်။ ပုန်ကန်မှုဖြစ်လျှင် ယနေ့ခေတ်လို F-16 တွေ၊ F-22 တွေ၊ MIG-29 တွေနှင့် နှိမ်နှင်းလို့မရ။ တောအထပ်ထပ် တောင်အသွယ်သွယ်ကို ကျော်ကာ ချီတက်ရပေတော့မည်။ ပိုဆိုးသည်က ပဒေသရာဇ်ခေတ်တွင် အမြဲတမ်း စစ်တပ် ဖွဲ့စည်းထားတာမရှိ။ မြို့စောင့်တပ်နှင့် ဘုရင့်ကိုယ်ရံတော်တပ်လောက်ပဲ ရှိမည်။ ဒီဝီဇံတပ်မကြီးများ ဖွဲ့စည်းပြီးသားမရှိ။ စစ်ဆင်ရေး ရှိသည်ဆိုမှ နိုင်ငံအတွင်းရှိ အရွယ်ရောက်ပြီးသား ယောကျာ်းများက လုပ်ငန်းများကို ပစ်ကာ စစ်ထဲလိုက်လာရခြင်း ဖြစ်သည်။ နိုင်ငံအတွင်းမှ လုပ်ငန်းများ ရပ်ကုန်နိုင်သည်။ ဒီတော့ တိုက်ခိုက်ပြီးသား နယ်များ၏ သစ္စာခံမှုကို ထိန်းထားဖို့လိုသည်။ ဥပမာ လင်းဇင်းကို သိမ်းပိုက်နိုင်ပြီ ဆိုလျှင် လင်းဇင်းမင်းကိုပင် ဘုရင် အဖြစ် နန်းပြန်တင်ခဲ့သည်။ သို့သော် သူ့သစ္စာခံမှုကို ထိန်းချုပ်ရန် နှမတော် ဖြစ်ဖြစ် သမီးတော်ဖြစ်ဖြစ် မိဖုရားမြှောက်သည် ဆိုပြီး ခေါ်လာခဲ့သည်ဟု ထင်ပါသည်။ အာမခံ သဘောမျိုးပေါ့။ ကောင်းလှသည်တော့ မဟုတ်ပါ။ သို့သော် သူတို့ခေတ်ကတော့ အဲဒီလိုပဲ လုပ်ခဲ့ကြသည်။ ဆိုတော့ ဘုရင်တပါး၏ အင်ပါယာပိုင်နက် ကျယ်လာလေလေ၊ မိဖုရားတွေလည်း များလာလေလေ ဆိုသလို ဖြစ်မည် ထင်သည်။

ယနေ့ ၂၁ ရာစုခေတ်ကတော့ နည်းပညာ တိုးတက်လာသည်နှင့် အမျှ အတုလုပ်ရတာ ပို၍ လွယ်ကူလာပေပြီ။ သတင်းအတုတွေ၊ ဓာတ်ပုံအတုတွေ ထင်ယောင်ထင်မှား ဖြစ်အောင် ဖန်တီးနိုင်ပြီ။ ယုတ်စွအဆုံး ရုပ်ရော အသံပါ ပါနေသည့် ဗီဒီယိုဖိုင်ကိုတောင် နောက်ကွယ်မှ အသံတုထည့်ကာ မမှန်သတင်း လုပ်လို့ ရနေပြီ။ ဒီတော့ စဉ်းစားဥာဏ်ကိုလည်း ပိုသုံးဖို့ လိုလာပြီ။ အခြေခံ ဗဟုသုတ အချက်အလက်တွေ ပိုများလာအောင် စာကောင်းပေမွန်တွေ ရွေးချယ်ဖတ်ရှုဖို့ လိုသည်။ ဖတ်ပြီးသမျှကိုလည်း ပြန်စဉ်းစားတတ်ဖို့ လိုပြီ။ ကိုယ်တိုင်နှင့်တကွ မြန်မာနိုင်ငံသား အားလုံး အင်္ဂလိပ် စာရေးဆရာကြီး ဂျော့ဘားနဒ်ရှော ပြောသလို တပတ်မှာ တခါ နှစ်ခါလောက်တော့ စေ့စေ့စပ်စပ် စဉ်းစားတွေးတောတတ်တဲ့ အလေ့အကျင့်ကို ထူထောင်ဖို့ လိုပြီ ဖြစ်ပါကြောင်း။

(ဒီလှိုင်းဂျာနယ် အတွဲ (၆) အမှတ် (၄၃) တွင် ပုံနှိပ် ဖော်ပြခဲ့သော ဆောင်းပါး ဖြစ်ပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်