ညိုထက်ညို ● အနုပညာ သံဝေ

November 12, 2017

● အနုပညာ သံဝေ

(မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၁၇

လွန်ခဲ့သော ခြောက်နှစ် ခုနစ်နှစ်ခန့်ကဟု ထင်ပါသည်။ ‘လေးလွှာ’ ဟု အမည်ပေးထားသော ဝတ္ထုတိုလေးတပုဒ်ကို ကျွန်တော် ရေးသားခဲ့ပါသည်။

ထိုသို့ ရေးသားပြီး ဝတ္ထုတိုလေးမှာ ကျွန်တော့်ကွန်ပြူတာထဲတွင်သာ အောင်းနေခဲ့ပါသည်။ ပြည်ပရောက်ပြီး မြန်မာပြည်နှင့် အဆက်အသွယ် ပြတ်နေသောကြောင့် မည်သည့်မဂ္ဂဇင်းသို့မျှလည်း မပို့ဖြစ်၊ ကျွန်တော်ပါဝင်ရေးသားနေသော ‘စပ်မိစပ်ရာ’ အမည်ရှိ ဘလော့တွင်လည်း မတင်ဖြစ်ဘဲ ကိုယ့်ဖာသာကိုယ်သာ ကွန်ပြူတာထဲ သိမ်းထားခဲ့မိပါသည်။

ထိုသို့ရှိစဉ် တရက်တွင် အမှတ်မထင် အင်တာနက် online ပေါ်တွင် ဝတ္ထုတိုပြိုင်ပွဲ ပြုလုပ်ပေးနေသော မြန်မာအင်တာနက် စာမျက်နှာတခုကို တွေ့ရှိခဲ့ပါသည်။ စာမျက်နှာ၏ အမည်မှာ www.thebestmyanmarnovels.com (ယခု ထိုစာမျက်နှာ မရှိတော့ပါ) ဖြစ်သည် ထင်ပါသည်။ စိတ်ဝင်စား၍ ဖတ်ကြည့်ရာ ဝတ္ထုတိုပြိုင်ပွဲလုပ်နေတာပင် နှစ်ခါလောက်ရှိနေပြီ ဖြစ် ကြောင်း သိရပါသည်။ ထို့နောက် နောက်လာမည့် ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်ရန် စာမူများဖိတ်ခေါ်ထားသည် ကို တွေ့ရပါသည်။

အသေးစိတ် အချက်အလက် နှင့် စည်းကမ်းများကို ကျွန်တော် ဆက်လက် ဖတ်ရှုကြည့်ရာတွင် မှတ်မိသလောက် စာမူပြိုင်ပွဲ ဝင်သူတို့သည် ပြင်ပ ပုံနှိပ်မဂ္ဂဇင်းများတွင် ရေးသားနေပြီဖြစ်သည့် ကလောင်ရှင်များမဖြစ်ဘဲ ကလောင်သစ်များ ဖြစ်ရန် လို အပ်ပြီး စာမူကို မိမိကိုယ်ပိုင် ရေးသားနေသော ဘလော့ သို့မဟုတ် ကိုယ်ပိုင်စာမျက်နှာ တခုခုတွင် တင်ပြရန် ဖြစ်ပါသည်။ စာမူကို အကဲဖြတ်မည့် စာရေးဆရာ ဆရာမများမှာမူ ဆရာဦးဝင်းဖေ၊ ဆရာဦးဝင်းငြိမ်း၊ ဆရာနေဝင်းမြင့်၊ ဆရာမ နုနုရည် (အင်းဝ)၊ ဆရာမ ခင်ခင်ထူးနှင့် ဆရာမင်းဒင်တို့ ဖြစ်ကြပါသည်။ စာမူ နောက်ဆုံးပေးပို့ရမည့် နောက်ဆုံးရက်ကို ကြည့်လိုက် ရာ ရက်သတ္တပတ် နှစ်ပတ်မျှ လိုနေပါသေးသည်။ ဆုများကိုမူ ပထမ၊ ဒုတိယနှင့် တတိယဆုဟူ၍ ဆုသုံးဆု ပေးအပ်မည် ဖြစ်ကြောင်း သိရပါသည်။

ထိုအခါတွင်မှ ကျွန်တော်လည်း ကိုယ်ရေးပြီးသည့်အထဲမှ ကိုယ်အကြိုက်ဆုံးဖြစ်နေပြီး ဘယ်သူ့ကိုမှပင် ပေးမဖတ်ရသေးသည့် ကျွန်တော့်ဝတ္ထုတိုကလေး ‘လေးလွှာ’ ကို သွားသတိရမိပါသည်။ တဆက်တည်း ထိုအချိန်အထိ ‘ရုပ်ရှင်တေးကဗျာ’ မဂ္ဂဇင်း တွင် ဆောင်းပါးနှစ်ပုဒ်ပါဖူးရုံမှလွဲ၍ အခြားပုံနှိပ်စာဟူ၍ ဘာမျှမရှိသေးသော ကျွန်တော့်အတွက် အခွင့်အလမ်း တရပ်ဖြစ် ကြောင်း စဉ်းစားမိပါသည်။ ဆုရမည့် ငွေကြေးနှင့် မိမိကိုယ်ပိုင် အင်တာနက် စာမျက်နှာအတွက် domain name တနှစ်စာ မှာ ဘာမျှ ပြောပလောက်အောင်မရှိသော်လည်း ဆုကို အကဲဖြတ်မည့် ဆရာဆရာမများ၏ ကလောင်သိက္ခာမှာမူ ကြီးမားလှ ၍ အကယ်၍ ဆုတခုခုရခဲ့လျှင် ကျွန်တော့်အတွက် ကလောင်နာမည် တက်စရာအကြောင်း ဖြစ်လာနိုင်ပါသည်။ ထို့ကြောင့် ထိုဝတ္ထုတိုကလေးနှင့်ပင် ပြိုင်ပွဲဝင်ရန် ဆုံးဖြတ်လိုက်ပါသည်။

ထိုသို့ ဆုံးဖြတ်ပြီးနောက် ကွန်ပြူတာထဲမှ ကျွန်တော့်ဝတ္ထုတိုကလေးအား ပြန်လည်ဆွဲထုတ်ပြီး နောက်ဆုံးအနေနှင့် ပြေပြစ် နိုင်သမျှ ပြေပြစ်စေရန် အချောထပ်မံ သပ်ပါသည်။ ထို့နောက် ကျွန်တော်လည်း ထိုအချိန်တွင် ဘာမှမတင်တာ ကြာပြီဖြစ်၍ ဖုန်တက်နေပြီ ဖြစ်သော ကျွန်တော် ရေးသားနေသည့် ‘စပ်မိစပ်ရာ’ ဘလော့ကလေးတွင်ပင် ကျွန်တော့်ဝတ္ထုတိုကလေး အား အချောထပ်မံသပ်ပြီး တင်လိုက်ပါသည်။ စာဖတ်သူများ မှတ်မိလွယ်အောင်ပြောရလျှင် ထိုအချိန်မှာ မြန်မာ online လောကတွင် ဘလော့ခေတ် ကုန်ဆုံးပြီး facebook သုံးသည့်ခေတ် အစပြုနေချိန် ဖြစ်ပါသည်။ ယခင် ဘလော့ခေတ် စည် ပင်စဉ်တွင် ယခုကဲ့သို့တင်ခဲ့ပါက ဖတ်ရှုသူ အများအပြားရှိမည်ဖြစ်ပြီး စာဖတ်သူတို့ထံမှ တုံ့ပြန်ချက် comment များ အသင့်အတင့် ရနိုင်သော်လည်း  ယခုအခါတွင်မူ ဖတ်ရှုသူဟူ၍ အနည်းငယ်သာ ရှိပါတော့သည်။

ထို့နောက် ကျွန်တော့်ဝတ္ထုစာမူ နှင့်တကွ ဝတ္ထု ကို တင်ပြထားသော ကျွန်တော့်ဘလော့လိပ်စာ ကိုပါ ပူးတွဲ၍ စာမူပေးပို့ရမည့် အီးမေးလ်လိပ်စာသို့ ကျွန်တော် ပေးပို့လိုက်ပါသည်။

ထို့နောက် တလလောက် ကြာသွားသည် ထင်ပါသည်။ တရက်တွင် ဝတ္ထုတိုပြိုင်ပွဲ လုပ်သည့် www.thebestmyanmarnovels.com ၏စာမျက်နှာတွင် ဝတ္ထုတိုများကို ဆုရွေးချယ်ရေးအဖွဲ့က ဖတ်ရှုပြီး ဆန်ကာတင် ဝတ္ထုတို ခုနစ်ပုဒ်ကို ရွေးချယ်၍ (ပေးပို့သမျှ ဝတ္ထုတို အားလုံးကို အကဲဖြတ် ဆရာဆရာမများ ဖတ်ရှုနိုင်ခြင်း မရှိပါ) အကဲဖြတ်မည့် ဆရာဆရာမ များထံသို့ ပေးပို့လိုက်ပြီ ဖြစ်ကြောင်း အကြောင်းကြားစာ တင်ထားသည်ကို တွေ့ရပါသည်။ ဆန်ကာတင် ဝတ္ထုတို ခုနစ်ပုဒ်ကို စာဖတ် သူများ သွားရောက်ဖတ်ရှု နိုင်သည့် ကျွန်တော့်ဘလော့လိပ်စာ အပါအဝင် အခြားလိပ်စာများကိုလည်း ဖော်ပြထားပါသည်။ ထို ဆန်ကာတင် ဝတ္ထုတို ခုနစ်ပုဒ်အထဲတွင် ကျွန်တော့်ဝတ္ထုတို ‘လေးလွှာ’ လည်း အပါအဝင် ဖြစ်ပါသည်။

ဤနေရာတွင် ရှေ့မဆက်မီ စာဖတ်သူများ နားလည်စေရန် ကျွန်တော့်ဝတ္ထုတိုကလေးအား အကျဉ်းချုပ် တင်ပြလိုပါသည်။ အကျဉ်းချုပ် အနေဖြင့် ကျွန်တော့်ဝတ္ထုတိုမှာ တိုက်အိုတိုက်ဟောင်းကြီး တလုံး၏ အပေါ်ဆုံးထပ်သို့ တက်သွားသော လူတယောက် အကြောင်း ရေးထားသော ဝတ္ထုတိုကလေး ဖြစ်ပါသည်။ ဝတ္ထုတိုကလေး မှာ ထိုလူ တက်သွားသော ပထမဆုံး လှေကားထစ် မှ အစပြု၍ ထိုလူ အပေါ်ဆုံးထပ်ရှိ အခန်းတခန်း တံခါးဝ သို့ ရောက်ရှိသွားစဉ်တွင် အဆုံးသတ်ပါသည်။ ဝတ္ထု အစအဆုံး ကိုမူ http://blog.moemaka.com/2014/09/blog-post_770.html တွင် စာဖတ်သူများ သွားရောက် ဖတ်ရှုနိုင်ပါသည်။

ထို့နောက် နောက်ထပ် နှစ်လလောက် ထပ်ကြာသွားပြန်ပါသည်။ ဆန္ဒစောနေသောကြောင့် တနေ့ထဲတွင်ပင် အကြိမ်ကြိမ် ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးသည့် www.bestmyanmarnovels.com သို့ ကျွန်တော် သွားရောက် ကြည့်ရှုမိသော်လည်း ဆု ထုတ်ပြန်ကြေညာချက် ကို မတွေ့မိပါ။ ထိုသို့ နေလာရာမှ တရက်တွင်မူ ဆုရွေးချယ်ရေး အဖွဲ့၏ အပြီးသတ် ဆု ထုတ်ပြန် ကြေညာချက်ကို ကျွန်တော် ဖတ်ရပါတော့သည်။

ထုတ်ပြန်ကြေညာချက်ကို တွေ့တွေ့ချင်း ဆုရရှိသူစာရင်းကို ကျွန်တော် အလျင်စလို ကြည့်မိပါသည်။ ပထမဆု ကို ကလောင် ရှင် မြနှင်းဆီက ရရှိသွားပြီး ဒုတိယ နှင့် တတိယဆုတို့ကိုလည်း အခြား ကလောင်ရှင်နှစ်ဦးက ရရှိသွားပါသည်။ ထို့နောက် တွင်မှ ဆရာဆရာမများ၏ အကဲဖြတ်ချက်နှင့် ရရှိသော အမှတ် အနည်းအများအလိုက် စီထားသော ဝတ္ထုတို ခုနစ်ပုဒ်၏ စာရင်းကို အစဉ်လိုက် ကျွန်တော် တွေ့ရပါသည်။ ရမှတ်အလိုက် စီလိုက်ရာတွင် ကျွန်တော့်ဝတ္ထုတို ‘လေးလွှာ’ မှာ ပေးထား သော အမည်နှင့်အညီ စတုတ္ထနေရာတွင် ရောက်နေပါသည်။ တတိယနှင့် ကျွန်တော်မှာ ရမှတ် နှစ်မှတ်မျှ ကွာဟသည်ကို တွေ့ရပါသည်။

ထို့နောက်တွင်မှ ဝတ္ထုတို ခုနစ်ပုဒ်အတွက် ဆရာဆရာမများ၏ အကဲဖြတ် မှတ်ချက်များနှင့်ပေးသော အမှတ်များကို ကျွန် တော် တွေ့ရပါသည်။ ထိုအခါတွင်မှ ဆရာဆရာမများ၏ အမည် ခေါင်းစဉ်အောက်တွင်ပါရှိသော ပြိုင်ပွဲဝင် ဝတ္ထုတို ခုနစ်ပုဒ် အတွက် တပုဒ်ချင်းစီအလိုက် အကဲဖြတ်ချက်များနှင့် ရမှတ်များကို ဖတ်ရှုမိပါသည်။

မူလ အစီအစဉ်အရ အကဲဖြတ်အဖွဲ့တွင်ပါဝင်သော ဆရာဦးဝင်းဖေမှာ ကျန်းမာရေး အခြေအနေကြောင့် ပါဝင်နိုင်ခြင်း မရှိဘဲ ကျန်ရှိသည့် ဆရာဦးဝင်းငြိမ်း၊ ဆရာနေဝင်းမြင့်၊ ဆရာမင်းဒင်၊ ဆရာမ နုနုရည် (အင်းဝ) နှင့် ဆရာမ ခင်ခင်ထူးတို့က ဝတ္ထုတို များကို အကဲဖြတ်ပေးကြခြင်း ဖြစ်ပါသည်။

အမှတ်ပေး စည်းမျဉ်းအရ အကြောင်းအရာ၊ အရေးအဖွဲ့ နှင့် ကျွန်တော် မမှတ်မိတော့သော အခြား တခုနှစ်ခုပေါ် မူတည်၍ အမှတ်ပေးကြခြင်း ဖြစ်ပါသည်။ ဝတ္ထုတိုတပုဒ် အပေါ်တွင် အများဆုံးပေးနိုင်သော စုစုပေါင်းအမှတ်မှာ အမှတ်နှစ်ဆယ် ဖြစ်ပါသည်။ ပထမ ဆရာဦးဝင်းငြိမ်း၏ ကျွန်တော့်ဝတ္ထုတိုအပေါ် အကဲဖြတ်ချက်နှင့် မှတ်ချက်ကို ဖတ်ကြည့်ပါသည်။

ဆရာဦးဝင်းငြိမ်းက ကျွန်တော့်ဝတ္ထုတိုအား စုစုပေါင်းအမှတ် ၁၂မှတ် ပေးထားပါသည်။ မှတ်ချက်မှာမူ ‘အရေးအဖွဲ့ကို အားပြုထားတဲ့ဝတ္ထုတို ဖြစ်ပါတယ်၊ message မပါဝင်ပါ၊ ၁၂ မှတ် ပေးလိုပါတယ်’ ဟူ၍ ဖြစ်ပါသည်။ အခြား ဆရာဦးဝင်းငြိမ်း က ပထမ၊ ဒုတိယနှင့် တတိယ သတ်မှတ်ပေးထားသော ပြိုင်ပွဲဝင်သုံးယောက်နှင့်ယှဉ်လိုက်လျှင် ကျွန်တော်ရသော အမှတ် မှာ စတုတ္ထနေရာတွင် ရှိပါသည်။

ဒုတိယ အနေနှင့် ဆရာနေဝင်းမြင့်၏ မှတ်ချက်ကို ဖတ်ရပါသည်။ ဆရာက ကျွန်တော့်ဝတ္ထုတိုကို ၁၈ မှတ်ပေးထားပြီး ကျွန် တော့်ရှေ့တွင် ၁၉ မှတ် ရသောသူတစ်ယောက်သာရှိသောကြောင့် ဆရာနေဝင်းမြင့်၏အလိုအရ ကျွန်တော် ဒုတိယ ဖြစ်ပါ သည်။ မှတ်ချက် အနေဖြင့်မူ

‘စိတ်ခံစားမှု အဖွဲ့အနွဲ့လေးပါ… စကားပြောမပါလို့ အနည်းငယ်အားနည်းသွားပေမယ့် အပြောနဲ့ အပြတွေ ကောင်းလွန်းလို့ လှေကားထစ်တွေနောက် တကောက်ကောက်လိုက်မိရတဲ့ဝတ္ထုတိုကလေး ဖြစ်ပါတယ်… ၁၈ မှတ် ပေးလိုပါတယ်’ ဟူ၍ ဖြစ်ပါသည်။

တတိယ အနေနှင့် ဆရာမ နုနုရည် (အင်းဝ) ၏ ပေးသောအမှတ်နှင့် မှတ်ချက်ကို ဖတ်မိပါသည်။ သို့သော် ဤဆောင်းပါး အတွက် ဆရာမ နုနုရည် (အင်းဝ) ၏ မှတ်ချက်နှင့် အမှတ်မှာ အဓိကဖြစ်သောကြောင့် ဆရာမ၏မှတ်ချက်အား နောက်ဆုံးမှ ထား၍ တင်ပြလိုပါသည်။

တတိယ အနေနှင့် ဆရာမင်းဒင်၏ မှတ်ချက်နှင့် အမှတ်ကို ဖတ်မိပါသည်။ ဆရာမင်းဒင် က ကျွန်တော့်ဝတ္ထုတိုကလေး အား ၁၆ မှတ်ပေးထားပြီး ကျွန်တော့်အပေါ်တွင် နှစ်ယောက်ရှိသောကြောင့် ကျွန်တော် တတိယ ဖြစ်ပါသည်။ မှတ်ချက်မှာမူ ‘တိုက်အို တိုက်ဟောင်းကြီး တလုံး၏ အပေါ်ဆုံးထပ် လေးလွှာသို့တက်သွားသော လူတယောက်၏ စိတ်ခံစားမှုကို ရေးဖွဲ့ ထားသော ဝတ္ထုတိုဖြစ်သည်။ စာရေးသူသည် စာဖတ်နာသူတဦး ဖြစ်ကြောင်း သိသာသည်။ ရုတ်ခြည်းအားဖြင့် အက်ဆေးဟု ထင်ဖွယ်ရှိသော်လည်း ထိုတိုက်အိုတိုက်ဟောင်းကြီး၏ အပေါ်ဆုံးထပ်သို့ စာရေးသူ ဘာကြောင့်တက်သွားမှန်း စာဖတ်သူ မှန်းဆနိုင်ခဲ့လျှင် ဝတ္ထုတိုတပုဒ်ဖြစ်ကြောင်း မြင်သာပေလိမ့်မည်။ ပေးထားသောခေါင်းစဉ်မှာ တိုသော်လည်း ဝတ္ထုပါ အ ကြောင်းအရာ ကို ခြုံမိငုံမိသည်။ သူ့ဝတ္ထုတိုကို စာမျက်နှာ လေးမျက်နှာနှင့် ဖွဲ့စည်းထားကြောင်းလည်း သတိပြုမိသည်။

ဝတ္ထုတို ဟူသည် အမြှုပ်အကွက် အလှည့်တို့နှင့် ဖွဲ့စည်းရမည်ကား မှန်ပါ၏။ သို့သော် လူအများ သိပြီးသား သာမန်ရိုးရိုး အကြောင်းအရာ ကိုပင် လူစိတ်ဝင်စားအောင် ရေးဖွဲ့ရသော အဖြစ်က ပို၍ ခက်ခဲပြီး ပို၍လည်း နက်ရှိုင်းပါသည်။ ဝတ္ထုတို ထဲ တွင် ပါရှိသည့် လှေကားနံရံပေါ်တွင် ရေးခြစ်ထားသော ကတ်ကြေးပုံတပုံနှင့် အခန်းတခန်း၏ တံခါးဝမှ တောကြက်ဥ ရောင်းမည်ဟူသော ဆိုင်းဘုတ်တို့မှာ စာဖတ်သူအား စာရေးသူက ပေးလိုသော နိမိတ်ပုံများ ဖြစ်ပေလိမ့်မည်။ သတ်ပုံမှန်ရန် အားထုတ်ထားသော်လည်း လုံးဝ အကျအပေါက် ကင်းသည်ဟု မဆိုသာ၊ ဥပမာ ကိုယ်ကိုရို့ မဟုတ်ဘဲ အဘိဓာန်တွင် ယို့ ဟု ပြသည်။ ၁၆ မှတ် ပေးလိုပါသည်’ ဟူ၍ ဖြစ်ပါသည်။

ထို့နောက် ဆရာမ ခင်ခင်ထူး ၏ မှတ်ချက်နှင့် အမှတ်ကို ထပ်ဖတ်ပါသည်။ ဆရာမခင်ခင်ထူးက ကျွန်တော့်ဝတ္ထုတိုကို ၁၆ မှတ် ပေးပြီး မှတ်ချက်မှာမူ … ‘ဒိုင်ယာလော့ဂ်မပါလို့ အနည်းငယ်တော့ အားနည်းပေမယ့် စိတ်ခံစားမှုကို ရေးဖွဲ့ထားတဲ့ ဝတ္ထုတိုလေးပါ… ဖတ်နေရင်းနဲ့ စာရေးသူဟာ စာဖတ်နာသူတယောက်ဖြစ်မယ်လို့ ထင်မြင်မိပါတယ်….အတွေးနောက်ကို ရေးလက် ကောင်းကောင်းလိုက်နိုင်တဲ့ ကလောင်ဖြစ်တယ်… လက်ကောင်း ခံစားမှုကောင်းလို့ ဝတ္ထုတိုတွေဆက်ပြီး ရေးဖွဲ့ စေချင်ပါသေးတယ်… ၁၆ မှတ် ပေးလိုပါတယ်’ ဟူ၍ ဖြစ်ပါသည်။ အခြားသူများကို ပေးထားသော အမှတ်အရတော့ ကျွန်တော့်ဝတ္ထုတိုမှာ တတိယနေရာတွင် ရှိပါသည်။

ထို့နောက် နောက်ဆုံးအနေနှင့် ဆရာမ နုနုရည် (အင်းဝ) ၏ မှတ်ချက်နှင့် အမှတ်ကို ဖတ်ရပါသည်။ ဖတ်လိုက်သည်နှင့် ဆရာမ၏မှတ်ချက်မှာ ကျွန်တော့်မျက်လုံးများ ပြာဝေသွားရလောက်အောင် ပြင်းထန်ပြီး ရမှတ်မှာလည်း ဆန်ကာတင် ခုနစ် ယောက်တွင် အနည်းဆုံးဖြစ်နေသည်ကို အံ့သြဖွယ်ရာ တွေ့ရပါတော့သည်။

မှတ်ချက်မှာ တိုတိုတုတ်တုတ် ပင် ဖြစ်ပါသည်။ မှတ်မိသလောက် ပြန်ဖော်ပြရလျှင် ဆရာမ ၏ မှတ်ချက်မှာ ‘အကြောင်းအရာ က ရိုးစင်းပြီး သူပေးချင်တဲ့မက်ဆေ့ခ်ျက စိတ်ပျက်ဖွယ်၊ ခုနစ်မှတ် ပေးလိုပါတယ်’ ဟူ၍ ဖြစ်ပါသည်။

ဇာတ်ပေါင်းလိုက်သော် ဆရာမ နုနုရည် (အင်းဝ) ပေးလိုက်သော အနည်းဆုံး အမှတ်ကြောင့် ဆရာဆရာမများ အားလုံး ပေးသော အမှတ်များကိုပေါင်းလိုက်ရာတွင် ကျွန်တော့်ဝတ္ထုတိုမှာ ဆုမချိတ်နိုင်တော့ဘဲ တတိယရရှိသူနှင့် နှစ်မှတ်ကွာပြီး စတုတ္ထသာ ရရှိခဲ့ပါတော့သည်။

နောက် တပတ်နှစ်ပတ်လောက် ကြာသွားပါသည်။ ထိုအတောအတွင်း ဆရာမ နုနုရည် (အင်းဝ) ၏ မှတ်ချက်ကလေးသည် ကျွန်တော့်စိတ်အား မနေမနား ဗလောင်ဆူနေစေပါသည်။ အကြိမ်ကြိမ်အထပ်ထပ် ပြိုင်ပွဲ အင်တာနက်စာမျက်နှာသို့ သွား ရောက်၍ မှတ်ချက်များကို ပြန်လည်ဖတ်ရှုနေမိပါသည်။ ထို့နောက်တွင်မှ မှတ်ချက်များကို ကျွန်တော် ပြန်လည်ဆင်ခြင်မိပါ သည်။

ကျွန်တော့်ဝတ္ထုတိုကလေးအား အမှတ်အများဆုံးပေး၍ မှတ်ချက်အနေဖြင့်လည်း ချီးကျူးထောမနာပြုသူမှာ ဆရာနေဝင်းမြင့် ဖြစ်ပြီး အမှတ်အနည်းဆုံး ပေး၍ မှတ်ချက်အနေဖြင့်လည်း ရှုတ်ချခြေကျောက်သူမှာ ဆရာမ နုနုရည် (အင်းဝ) ဖြစ်ပါသည်။
ထိုဆရာဆရာမ နှစ်ဦး၏ စာပေဂုဏ်နှင့် အရေးအဖွဲ့ စွမ်းရည်တို့ကိုကား စာဖတ်သူများ အပါအဝင် ကျွန်တော် ကိုယ်တိုင်လည်း သိပြီး ဖြစ်သောကြောင့် ဤနေရာတွင် ရေးစရာမလိုတော့ဟု ထင်ပါသည်။ စင်စစ် သူတို့နှစ်ယောက်စလုံးရေးသော ဝတ္ထုတို များမှာ ကျွန်တော်စွဲလမ်းခဲ့သော ဝတ္ထုတိုများ ဖြစ်ပါသည်။

သို့သော် ကျွန်တော့်ဝတ္ထုတိုအပေါ်တွင် မြင်သော သူတို့နှစ်ယောက်၏ အမြင်မှာမူ အရှေ့နှင့် အနောက်၊ အဖြူနှင့် အမည်း၊ ဆီ နှင့် ရေ ကဲ့သို့ ကွဲပြားကွာခြားနေပါသည်။

လူအနေနှင့် ကြည့်မိပါသည်။ လှပသော မိန်းမချောလေး တယောက်ရှိသည်ဆိုလျှင် ထို မိန်းမလှကလေးလှကြောင်း ကား မြင်သူအားလုံးကပင် အသိအမှတ်ပြုကြရမည်ဖြစ်ပြီး အလွန်လှသည်ဟု ထင်သူနှင့် လှသည်ဟုထင်သူလောက်သာ ကွဲပြား မည် ထင်ပါသည်။ လှပါလျက်နှင့် ရုပ်ဆိုးသည်ဟု ထင်သူကား ရှိနိုင်မည် မဟုတ်ပါ။

သို့သော် ကျွန်တော်ဖန်တီးလိုက်သော ‘အနုပညာ’ ဖြစ်သည့် ဝတ္ထုတိုကလေးတွင်မူ ထိုသို့ဖြစ်သွားခဲ့ပါသည်။ ကျွန်တော့် ဝတ္ထုတိုကလေးက မိန်းကလေးဟုဆိုလျှင် ဆရာနေဝင်းမြင့်က အလွန်လှသော မိန်းကလေးဟုဆို၍ ဆရာမ နုနုရည်ကမူ ရုပ်ဆိုးလိုက်တဲ့မိန်းကလေးဟု ဆိုသည်ဟု ပြောရတော့မည် ဖြစ်ပါသည်။

ကျွန်တော် ဖန်တီးလိုက်သော စာပေအနုပညာကို တယောက်က နှစ်နှစ်ခြိုက်ခြိုက် ခံစားလက်ခံပြီး အခြားတယောက်ကမူ တူးတူးခါးခါး ငြင်းပယ်ရှုတ်ချ ပါသည်။ သို့သော် ထူးခြားသည်မှာ ထိုနှစ်ယောက်စလုံးက ဂုဏ်တူဒြပ်တူ စာပေ အနုပညာသည် နှစ်ဦး ဖြစ်နေပါသည်။

ရုပ်ဝတ္ထု ဖြစ်သည့် မိန်းမချောကလေးကိစ္စတွင် လူတွေ အမြင်တူသော်လည်း စိတ်ဝတ္ထုဖြစ်သည့် အနုပညာကိစ္စတွင်မူ လူ တယောက်နှင့်တယောက် အမြင်ချင်း မိုးနှင့် မြေလို ကွဲပြားနိုင်ကြောင်း ကျွန်တော် လက်တွေ့ သိလိုက်ရပါသည်။

ဆရာမ နုနုရည် (အင်းဝ) ၏ မှတ်ချက်ကို အမှန်တရားဟု ကျွန်တော် လက်မခံနိုင်သော်လည်း သူ့အမြင်က ဤသို့ရှိသည် ဆိုသည်ကိုမူ ကျွန်တော် အသိအမှတ်ပြုရမည် ဖြစ်ပါသည်။

လွန်ခဲ့သော လေးငါးလက  ပြည်ပတွင် ဆယ်နှစ်ကြာ နေထိုင်ခဲ့ရာမှ ရန်ကုန်မြို့သို့ ကျွန်တော် ပြန်လည်ရောက်ရှိခဲ့ပါသည်။ ရောက်ရှိပြီး တလလောက်အကြာ တညနေတွင် အမှတ်မထင် လွစ္စ်လမ်း (ဆိပ်ကမ်းသာလမ်း) အလယ်လမ်းသို့ ကျွန်တော် ရောက်ရှိသွားပါသည်။

စင်စစ် ကျွန်တော်မှာ မွေးကတည်းကစ၍ အသက်သုံးဆယ်တိုင်အောင် ၃၇လမ်း (အလယ်လမ်း) တွင် နှစ်သုံးဆယ်တိုင် နေထိုင်ခဲ့သူဖြစ်လေရာ လွစ်္စလမ်း အလယ်လမ်းမှာ ကျွန်တော့်အတွက် အိမ်ဦးနှင့် ကြမ်းပြင်ပမာ ကျွန်တော် ကျင်လည် ကျက်စား ခဲ့ရာ၊ ခြေရာထပ်ခဲ့ရာ နေရာ ဖြစ်ပါသည်။

ထိုညနေက ညနေ ငါးနာရီလောက် ဖြစ်မည် ထင်ပါသည်။ ကျွန်တော် တယောက်တည်း ၃၇ လမ်းထိပ်နားလောက် ရှိ ကျွန် တော့်အိမ်ပေါ်မှ ဆင်းလာပြီး အနော်ရထာ လမ်းတလျှောက် လမ်းလျှောက်လာရင်း လွစ်စလမ်း ထဲသို့ ဝင်ခဲ့မိပါသည်။

လွစ်စလမ်း မှာ ကျွန်တော် နောက်ဆုံး တွေ့ခဲ့ရသော လွန်ခဲ့သော ဆယ်နှစ်နှင့် အတော်ခြားနားနေပြီး လမ်းတလျှောက်လုံး ကွန်ပြူတာနှင့် အီလက်ထရေနစ် ပစ္စည်းဆိုင်များ၊ ဖုန်းဆိုင်များဖြင့် တင်းကြမ်းပြည့်နေသည် ကို တွေ့ရပါသည်။ လွစ်စလမ်း တလျှောက် ပလက်ဖောင်းကို ဖင်ထိုးရပ်ထားသည့် ကားတွေရှေ့မှ ကပ်လျှောက်လာရင်း လမ်းအလယ်သို့ ကျွန်တော် ရောက်လာပါသည်။

ညာဘက်ခြမ်းတွင် ကျွန်တော့်ဝတ္ထုတိုကလေးကို အခြေခံခဲ့သော အဝါရောင် တိုက်အိုကြီးတလုံး ရှိနေပါသည်။

ထို တိုက်အိုကြီးကို ကျွန်တော် ငယ်စဉ်ကလေးဘဝကပင် သိနေခဲ့ပြီး ထိုတိုက်ကြီး၏ ပထမထပ်တွင် အဲဒီကတည်းက အိုမင်းနေဟန်ရှိသော အနက်ရောင် ပိတ်စကြီး ခြုံထားသော ဒေါက်ထောက် ကင်မရာကြီးတလုံးရှိသည့် ဓာတ်ပုံဆိုင်တဆိုင် ရှိခဲ့ပါသည်။ ထိုဓာတ်ပုံဆိုင်တွင် ငယ်စဉ်မှစ၍ အလယ်တန်းလောက်အထိတိုင်အောင် လိုင်စင်ဓာတ်ပုံများ ကျွန်တော် လာ ရောက် ရိုက်ကူးခဲ့ပါသည်။ တိုက်အိုကြီးမှာ သစ်သားလှေကားကြီးနှင့်ဖြစ်ပြီး လှေကားနံရံများမှာလည်း သစ်သားနံရံ များသာ ဖြစ်ပါသည်။ နံရံပေါ်တွင်လည်း မြေဖြူတွေနှင့် ဟိုခြစ်သည်ခြစ် လုပ်ထားတာတွေ ပွနေပါသည်။ တိုက်ကြီးမှာ ရှေးတိုက်ကြီး ဖြစ်၍ လှေကားထိပ် အထပ်တိုင်းတွင် ပြတင်းပေါက် အရှည်ကြီးများ ဖောက်ထားပါသည်။ အလယ်တန်း အထက်တန်းလောက် အရောက်တွင် တိုက်အိုကြီး၏ သုံးထပ်၌ ကျူရှင်တွေ လာလာဖွင့်တာလည်း မှတ်မိနေပါသည်။ အခန်းတခန်း၏ အဝတွင် တော့ ‘တောကြက်ဥရမည်’ ဟု ဆိုင်းဘုတ်ချိတ်ထားပါသည်။ တိုက်အိုကြီး၏ အပေါ်ဆုံးထပ် ညာဘက်အခန်းတွင်မူ ဟိန္ဒူ များ နေထိုင်ကြပါသည်။

ကျွန်တော့်ဝတ္ထုတိုကလေး သန္ဓေတည်ခဲ့ရာ တိုက်အိုကြီးကို ကျွန်တော် လမ်းတဖက်မှာ မတ်တပ်ရပ်ပြီး ကြည့်နေမိပါသည်။
တိုက်အိုကြီးက ရှိမနေတော့ပါ။

တိုက်အိုကြီး၏နေရာတွင် ဆောက်ရင်းတန်းလန်းနှင့် အကြောင်းတခုခုကြောင့် ဆက်မဆောက်ဖြစ်ဘဲ နှစ်လွှာသုံးလွှာ လောက်နှင့် ရပ်နေတာပင် နှစ်တွေ ကြာပြီ ဖြစ်ဟန်ရှိသည့် ရေညှိတွေတက်နေသော သစ်သားချောင်း မည်းမည်းညစ်ညစ် ကြီးတွေ ထိုးထိုးထောင်ထောင်နှင့် ကွန်ကရစ် အဆောက်အဦကြီးတလုံးကို တစ္ဆေကြီးတကောင်လို မတ်တပ်ရပ်နေတာ ကျွန်တော် တွေ့နေရပါသည်။ ။

ညိုထက်ညို


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်