မောင်စွမ်းရည် – အမျိုးသားနေ့ရောက်ပြန်ပြီ

November 14, 2017

Photo -taken in 2007


မောင်စွမ်းရည် – အမျိုးသားနေ့ရောက်ပြန်ပြီ

(မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၁၇

”အမျိုးသားနေ့”ဆိုတာ ဗမာပြည်မှာ ကျင်းပသေးရဲ့လားဆို တာ မသေချာပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ နှစ်စဉ်တန်ဆောင်မုန်းလရောက်တိုင်း တန်ဆောင်မုန်းလပြည့်ည စစ်ကိုင်းတောင် ဘုရားပွဲနဲ့ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက် အမျိုးသားနေ့ တို့ကို သတိမရဘဲ မနေနိုင်ပါ။ တန်ဆောင်မုန်းရောက်တိုင်း အမျိုး သားနေ့အကြောင်း စာစီစာကုံးရေးခဲ့ရတဲ့ ကျောင်းသားဘဝကို လည်း သတိရမြဲပါပဲ။ မျက်မှောက်ခေတ်ကျောင်းသားတွေရော အမျိုးသားနေ့အကြောင်း သင်ရသေးသလား၊ ရေးရသေးသလား မသိ။ သိချင်ပါဘိ။

ကျွန်တော် အလယ်တန်းကျောင်းသားဘဝက မန္တလေးမြို့၊ အမှတ် ၁ အစိုးရအထက်တန်းကျောင်းမှာ နေခဲ့ရဖူးပါတယ်။ မန္တလေးမှာ အမျိုးသားကျောင်းဆိုတာ အထင်အရှားရှိပြီး ခုတော့ အမှတ် ၂ အစိုးရအထက်တန်းကျောင်းဖြစ်နေပါပြီ။ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းက ”မန္တလေးဖြစ် အမျိုးသားနေ့” ဆိုတဲ့ စကားလုံးကို သုံးစွဲလိုက်ဖူးပါတယ်။ ”အမျိုးသားနေ့” ဆိုတာ မန္တလေးက ဖြစ်ပေါ်လာခဲ့တာတဲ့။ ဒါ့ကြောင့်လည်း မန္တလေးက အမျိုးသားနေ့ကို အစွဲအလန်းကြီးခဲ့ဟန်တူပါတယ်။ ၁၉၅၃-၅၅ ခုနှစ်များအတွင်း အလယ်တန်းကျောင်းဘဝမှာ အမျိုးသားနေ့ စာစီ ကုံးပြိုင်ပွဲတွေ ဝင်ရောက်ဆင်နွှဲခဲ့ဖူးပါတယ်။ ကိုယ့်ကျောင်းမှာလုပ် တဲ့အပြင် အမျိုးသားကျောင်းက ဦးစီးပြီးတစ်မြို့လုံးရှိ ကျောင်းတွေ ကို ဖိတ်ခေါ်ပြိုင်ပွဲလုပ်တာလည်း ကြုံခဲ့ရပါတယ်။ မန္တလေးက အမျိုးသားနေ့ကို အထူးအလေးပေးပုံရပါတယ်။ ရွှေရတု၊ စိန်ရတု ပွဲတွေလည်း ကျင်းပခဲ့တယ်လို့ ရေးရေးပဲမှတ်သားမိပါတယ်။

အမျိုးသားနေ့ လှည့်လည်ပွဲဆိုတာကိုတော့ ကိုယ်တိုင်ကြုံဖူး တဲ့အပြင် စာထဲမှာလည်းဖတ်ဖူးပါတယ်။ ဒေါ်ဒေါ်လူထု၊ ဒေါ်အမာရေးတာလည်း ဖတ်ဖူးပါတယ်။ ဒေါ်ဒေါ်က မန္တလေး အမျိုးသားကျောင်းထွက်ပါ။ ကျောင်းအုပ်ဆရာကြီးက ဦးရာဇတ် ပါ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ကျဆုံးခဲ့တဲ အာဇာနည်စာရင်းဝင် ဦးရာဇတ်ပါ။ မန္တလေးဖဆပလခေတ်ဦးမှာ ပထမဆုံးဥက္ကဋ္ဌ ဦးရာ ဇတ်ဖြစ်ပါတယ်။ လူထုဒေါ်ဒေါ်က ကျောင်းသူဘဝမှာ အမျိုးသား နေ့ လှည့်လည်ပွဲလုပ်တော့ သူပါဝင်ဆင်နွှဲခဲ့ရပုံကို ရေးဖူးပါတယ်။ မန္တလေးမြို့လုံးပတ်လည်ကို ကားတန်းကြီးနဲ့လှည့်လည်ကြရတယ် လို့ဆိုပါတယ်။ အမျိုးသားကျောင်းရာဇဝင်ဆရာက ဆရာကြီးရွှေ ပြည်ဦးဘတင်တဲ့။ ပန်းချီဝင်းဖေရဲ့ ဖခင်ပေါ့။ ဒေါ်ဒေါ် ဒေါ်အမာ က ကျောင်းသူဘဝမှာ အကလည်းမတတ်၊ ကွမ်းတောင်ကိုင် အပျို ချောစာရင်းဝင်လည်းမဟုတ်။ ဒါပေမဲ့ သူလည်းလှည့်လည်ပွဲမှာပါချင်တော့ ယောက်ျားလေးလုပ်ရမယ့် ဗန္ဓုလစစ်သူကြီးလိုနေရာမှာ စစ်သူကြီးဝတ်စုံဝတ်ပြီး ဓားထမ်းပါဝင်ခဲ့ရဖူးသတဲ့။ ချောမောလှပ တဲ့ ကျောင်းသူလေးတစ်ယောက်ကတော့ အမိမြန်မာပြည်အဝတ်အစားနဲ့ ပါဝင်ရတယ်။ ဒေါ်ဒေါ် ဒေါ်အမာ အမိမြန်မာကို စောင့် ရှောက်ရတဲ့ စစ်သူကြီးအဖြစ် သရုပ်ဆောင်ပြီး မြို့လုံးပတ်လည် လှည့်ရကြောင်း ဆောင်းပါးရေးထားတာကို ကျွန်တော်တို့ဖတ်ရ တာပါ။

မန္တလေးတက္ကသိုလ် သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းက ”မန္တလေးဖြစ်အမျိုးသားနေ့” ခေါင်းစီးပေးပြီး စာတမ်းငယ်တစ်စောင် ရေးဖူးပါတယ်။ အထက်နိုင်ငံစာရေးဆရာအသင်းက ပြုလုပ်တဲ့ မန္တလေးမြို့ စာဆိုတော်နေ့ စာတမ်းဖတ်ပွဲမှာ တင်သွင်းဖတ်ကြား ခဲ့တာကို သတိရမိနေပါတယ်။ ၁၉၂၂ ခုနှစ်မှာ ဂျီစီဘီအေခေါ် ဝံသာနုအသင်းချုပ်ကြီးရဲ့ နဝမအကြိမ်ညီလာခံကို မန္တလေးမြို့မှာ ကျင်းပစဉ်က အမျိုးသားနေ့တစ်ရပ် သတ်မှတ်ကျင်းပကြဖို့ အဆို တင်သွင်းဆုံးဖြတ်ခဲ့ကြတယ်လို့ဆိုပါတယ်။ ညီလာခံမှာ တင်ပြကြ တော့ ဘယ်နေ့ကို ရွေးရမလဲဆိုတာ သုံးမျိုး၊ သုံးနေ့ တင်ပြခဲ့ကြ ပါတယ်။ (၁) မြန်မာဘုရင်ပါတော်မူတဲ့နေ့ (၂) ဆရာတော်ဦးဥတ္တမ အဖမ်းခံရတဲ့နေ့ (၃) တက္ကသိုလ်ကောလိပ်ကျောင်း သပိတ်မှောက် တဲ့နေ့။ အဲဒီသုံးနေ့ထဲက တစ်နေ့ကိုရွေးကြဖို့ဖြစ်ပါတယ်။ ပါတော်မူ နေ့နဲ့ ဘုန်းကြီးပျံနေ့ဆိုတာ ”အကျအဆုတ်” နေ့တွေဖြစ်လို့ အတက် နေ့ဖြစ်တဲ့ ကောလိပ်သပိတ်မှောက်တဲ့နေ့ကိုပဲ ရွေးကြစို့လို့ ဆုံးဖြတ် ခဲ့ကြတဲ့အတွက် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် (လဆုတ်လို့မပြောရ) ၁၁ ရက်နေ့ကို အကြောင်းပြုပြီး ”တန်ဆောင် မုန်းလပြည့်ကျော် ၁၁ ရက်နေ့တိုင်း တစ်ပြည်လုံး အတိုင်းအတာ နဲ့ အမျိုးသားနေ့ သတ်မှတ်ကျင်းပလာခဲ့ကြပါတယ်။

အမျိုးသားနေ့ကျင်းပတဲ့အခါ အမျိုးသားနေ့စာစီစာကုံး ပြိုင် ပွဲများ၊ အားကစားပြိုင်ပွဲပြုလုပ်ကြတဲ့အပြင် အမိမြန်မာပြည် သရုပ် ပြလှည့်လည်ပွဲလည်း လုပ်ကြပါတယ်။ တချို့ကျောင်းတွေက စာစီစာကုံးပြိုင်ပွဲ တမျိုးပဲ လုပ်ကြပါတယ်။ တချို့က စာပေပြိုင်ပွဲလို့ အမည်ပေးပြီး ဆောင်းပါး၊ ဝတ္ထု၊ ကဗျာပြိုင်ပွဲတွေ လုပ်ကြပါတယ်။ တစ်ခါတစ်ရံ ကျောင်းတွင်းပြိုင်ပွဲ၊ တစ်ခါတစ်ရံ ကျောင်းပေါင်းစု စာပေပြိုင်ပွဲ၊ တစ်ခါတစ်ရံ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပခဲ့ ကြပါတယ်။ မန္တလေးမှာ အမျိုးသားကျောင်းဟောင်းဖြစ်တဲ့ အမှတ် ၂ အစိုးရအထက်တန်းကျောင်းက ဦးဆောင်ကျင်းပလေ့ရှိသလို ရန်ကုန်မြို့မှာလည်း အမျိုးသားကျောင်းဟောင်းဖြစ်တဲ့ မြို့မ ကျောင်းကြီးက ဦးဆောင်ကျင်းပလေ့ရှိပါတယ်။ မြို့မကျောင်းကြီး ကျောင်းအုပ်ဆရာကြီးမှာ သပိတ်မှောက်ကျောင်းသားဟောင်းဖြစ်တဲ့ မြို့မဆရာဟိန်ဖြစ်ပြီး၊ မန္တလေးအမျိုးသားကျောင်း၊ ကျောင်းအုပ် ဆရာကြီးကတော့ ဦးဘခင်ဖြစ်ပါတယ်။ ၁၂၈၂ သပိတ်မှောက်တုန်း က ခေါင်းဆောင်ပါဝင်ခဲ့ကြတဲ့ ကျောင်းသားကြီးတွေဖြစ်ပါတယ်။

မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ အမျိုးသားကျောင်းတွေနဲ့ ကျောင်းအုပ်အဖြစ် ဆောင်ရွက်ခဲ့သူတွေဟာ သပိတ်မှောက် ကျောင်းသားကြီးတွေဖြစ်ကြပြီး တချို့က လခမယူဘဲ ဆောင်ရွက် ခဲ့ကြတာပါ။ ကျွန်တော်မှတ်မိတဲ့ အမျိုးသားကျောင်းအုပ်ဆရာကြီး အချို့ကတော့ ဝန်ကြီးချုပ်ဟောင်း ဦးနု၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းဦးသန့်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့အစ်ကို ဦးဘဝင်း၊ မန္တလေးအမျိုးသားကျောင်းအုပ်ဆရာကြီးဟောင်း ဦးရာဇတ်စတဲ့ သပိတ်မှောက်ကျောင်းသားဟောင်းများ ဖြစ်ကြပြီး နောက်ပိုင်းမှာ သိပံ္ပမောင်ဝ၊ မင်းသုဝဏ်တို့လည်း ခဏတဖြုတ်ကျောင်းအုပ်လုပ်ခဲ့ ကြဖူးပါတယ်။ အမျိုးသားပညာဝန်ထဲမှာတော့ စာရေးဆရာဦးဖိုးကျားဟာ အထင်အရှားဆုံးပါပဲ။

ရန်ကုန်တက္ကသိုလ်ကောလိပ် ပထမသပိတ်ကြီးဟာ ဘာ ကြောင့် ဒီလောက်အရေးကြီးခဲ့ရသလဲ။ သူတို့တစ်တွေ ဘာကြောင့် သပိတ်မှောက်ခဲ့ရသလဲ။

မြန်မာပဒေသရာဇ်ခေတ်သမိုင်းတစ်လျှောက် (ဒီမိုကရေစီ နည်းဖြစ်တဲ့) သပိတ်မှောက်ဆန္ဒပြတယ်ဆိုတာ မရှိခဲ့ပါဘူး။ လက်နက်ကိုင် ပုန်ကန်မှုတွေပဲရှိခဲ့ပါတယ်။ မြန်မာ့ခေတ်သစ်သမိုင်းဟာ ကိုလိုနီခေတ်ရောက်မှ စတင်တယ်လို့ ဆိုရပါမယ်။ မြန်မာတို့ရဲ့ နိုင်ငံရေး နိုးကြားမှုဟာ ၁၉ဝဝ ကျော်မှာဖြစ်ပေါ်လာခဲ့ပါတယ်။ ၁၈၈၅ မှာ ဗမာနိုင်ငံတစ်နိုင်ငံလုံး သူ့ကျွန်ဖြစ်ခဲ့ရပြီး ၁ဝ နှစ်လောက်မှာပဲ နိုးနိုးကြားကြား ဖြစ်လာခဲ့ပါတယ်။ ဒီလှုပ်ရှားမှုကို ”ဝံသာနုလှုပ်ရှား မှု”လို့ တချို့က ခေါ်လေ့ရှိပါတယ်။ မန္တလေးမှာ ဗုဒ္ဓသာသနနုဂ္ဂဟအသင်း ဆိုတာ ဘာသာရေးအသင်းပါ။ ဝံသာနုအသင်းကတော့ ၁၉၆ဝ မှာ ခေတ်ပညာတတ် လူငယ်ကျောင်းသားတွေက ဖွဲ့စည်းခဲ့ တဲ့ ဘာသာရေးတစ်ပိုင်း နိုင်ငံရေးအဖွဲ့အစည်းဖြစ်ပါတယ်။ အိန္ဒိယ ပြည် ”ဝိုင်-အမ်-စီ-အေ” ခေါ် ခရစ်ယာန်လူငယ်များအသင်းကို အရေးယူပြီး ဖွဲ့စည်းခဲ့သတဲ့။ အဖွဲ့အစည်းအမည်က ”ဝိုင်-အမ်- ဘီ-အေ” (Young Men Buddhist Association) ဖြစ်ပါတယ်။ ဦးဆောင်သူတွေက ဦးဘဖေ၊ ဦးလှဖေ၊ ဦး မောင်မောင်စတဲ့ အိန္ဒိယပြည်ပြန် (ကာလ်ကတ္တားတက္ကသိုလ်ဘွဲ့ရ) ခေတ်ပညာတတ် လူငယ်တွေဖြစ်ပါတယ်။ ဦးဘဖေဟာ မြန်မာ့ သတင်းစာသမိုင်းခေတ်ဦးမှာ အရေးအပါဆုံး သူရိယသတင်းစာ ကြီးကို စတင်ထုတ်ဝေခဲ့သူလည်းဖြစ်ပါတယ်။ ဆရာကြီးသခင်ကိုယ် တော်မှိုင်း၊ ဆရာကြီးရွှေဥဒေါင်း၊ ဆရာကြီးပီမိုးနင်းတို့ဟာ သူရိယ မှာ အယ်ဒီတာလုပ်ကြဖူးပါတယ်။

ဦးဘဖေတို့ဟာ ဗမာပြည်မှာ တက္ကသိုလ်ကျောင်းမရှိလို့ အိန္ဒိယပြည် ကာလကတ္တတားတက္ကသိုလ်ကိုသွားပြီး ပညာသင်ခဲ့ ကြရပါတယ်။ ဝိုင်အမ်ဘီအေအသင်းဟာ မြန်မာပြည်မှာ တက္ကသိုလ်ကျောင်းဖွင့်နိုင်ရေးကို ဦးဆောင်တောင်းဆိုခဲ့တဲ့ အဖွဲ့ အစည်းဖြစ်ပါတယ်။ ၁၉၂ဝ ရောက်မှ ရန်ကုန်တက္ကသိုလ်ဖွင့်လှစ် ဖို့ အစီအစဉ်ပေါ်ထွက်ခဲ့ပါတယ်။ တက္ကသိုလ်ဖွင့်လှစ်တော့မယ်ဆို တော့ တက္ကသိုလ်အက်ဥပဒေ တင်သွင်းရတယ်။ အဲဒီဥပဒေက စပြီး ပြဿနာဖြစ်တာပါပဲ။ ဗမာပြည်တစ်ပြည်လုံးမှာ ရန်ကုန်မြို့တစ်မြို့ ထဲမှာပဲ တက္ကသိုလ်ရှိရမယ်။ တက္ကသိုလ်ကို ကျောင်းအိပ်၊ ကျောင်း စား (အဆောင်နေသူများသာ) တက်ရောက်သင်ယူခွင့်ရှိရမယ်။ အင်္ဂလိပ်စာထူးချွန်ရမယ် စသဖြင့် ကန့်သတ်မှုတွေက ရှေ့ကလာပါ တယ်။  ငွေကြေးမတတ်နိုင်လို့ အဆောင်မနေနိုင်ရင် တက္ကသိုလ်တက်ခွင့်မရှိ။ ဗမာနိုင်ငံမှာနေပြီး ဗမာလေးတွေ၊ ကုလား လေးတွေမှာ အင်္ဂလိပ် သာမန်တတ်ရုံနဲ့ အလုပ်မရ။ ထူးချွန်မှရ မယ်ဆိုတော့ ဒုက္ခရောက်ကြရတာပေါ့။ အထက်တန်းအဆင့်မြင့် ပညာရေးကို ကန့်သတ်လိုက်ရာလည်းကျပါတယ်။ ဆရာဝန်၊ အင် ဂျင်နီယာ၊ သိပံ္ပပညာများလည်း သင်ယူခွင့်မပေးပါ။ ဒါ့ကြောင့် ဝိုင်အမ်ဘီအေနဲ့တကွ ကျောင်းသားတွေကပါ ကန့်ကွက်ကြပါ တယ်။ ဇွတ်ပြဋ္ဌာန်းမယ်လုပ်တော့ ဘွဲ့ရခါနီးကျောင်းသားကြီး ၁၁ ဦးက ရွှေတိဂုံဘုရားစနေထောင့်မှာ လျှို့ဝှက်စည်းဝေးတိုင်ပင်၊ သပိတ်မှောက်ကြဖို့ ဆုံးဖြတ်ကြပါတယ်။ ခုအခါ အဲဒီနေရာမှာ ကျောင်းသားခေါင်းဆောင် ၁၁ ဦးအမည်ကို ကျောက်တိုင်စိုက် ထူထားပါတယ်။ တိုတိုပြောရရင် သပိတ်မှောက်လိုက်ကြတယ်။ ရွှေတိဂုံဘုရားအရှေ့ဘက်ခြေရင်း၊ ဗဟန်း၊ ဦးအရိယကျောင်းဇရပ် မှာ စုဝေးကြတယ်။ ဆရာတွေ၊ မိဘတွေ မေတ္တာရပ်ခံပေမဲ့မရဘူး။ သူတို့က နောက်တစ်နှစ် နှစ်နှစ်နေရင် ဘွဲ့ရတော့မှာ။ အင်္ဂလိပ်အစိုး ရရဲ့ အရာရှိပေါက်စလေးတွေဖြစ်တော့မှာ။ ဆန်စက်၊ သစ်စက် သူဌေးတွေကလည်း သူတို့ရဲ့သမီးကညာတွေနဲ့ လက်ဆက်ပေးဖို့ အသင့်စောင့်နေကြတာ။ ဒါတွေ စွန့်လွှတ်ခဲ့ကြတယ်။

သူတို့သပိတ်မှောက်ကြတော့ တစ်ပြည်လုံးက အခြေခံပညာ ကျောင်း(အထက်တန်း၊ အလယ်တန်းကျောင်း) တွေကပါ လိုက်ပြီး သပိတ်မှောက်ကုန်ကြတာ။ အင်္ဂလိပ်အစိုးရကလည်းမလျှော့ဘူး။ ကျောင်းသားတွေ စာသင်ပျက်ကုန်ကြတာပေါ့။ ဒီတော့ကျောင်းသားသစ်တွေအတွက် ပညာသင်မပျက်အောင် အမျိုးသားကော လိပ်နဲ့ အမျိုးသားကျောင်းတွေကို မြို့မိမြို့ဖတွေက ဆောက်လုပ် တည်ထောင်ဖွင့်လှစ်လိုက်ကြပါတယ်။ အင်္ဂလိပ်အစိုးရဟာ ဒီ သပိတ်ကို ကိုင်တွယ်မတတ်ရင် မြန်မာနိုင်ငံကိုပါ လက်လွှတ်လိုက် ရတော့မှာလို့ သူတို့အတွင်းမှာ လျှို့ဝှက်အစီရင်ခံစာတွေ တက် လာပါတော့တယ်။ ဒါ့ကြောင့် တချို့ကို လျှော့ပေးရပါတယ်။

အမျိုးသားကောလိပ်၊ အမျိုးသားတက္ကသိုလ်၊ အမျိုးသားကျောင်းတွေ ဖွင့်နိုင်ခဲ့တဲ့ အချက်ဟာ တနိုင်ငံလုံး ကလေးလူကြီးမကျန် နိုင်ငံရေးနိုးကြားစေခဲ့ပါတယ်။ အမျိုးသားတက္ကသိုလ် (ဗဟန်းကောလိပ်လို့လည်း ခေါ်တယ်) မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့ ဒီးဒုတ်ဦးဘချိုတို့လို စာရေးဆရာ၊ သတင်းစာဆရာ အကျော်အမော်ပညာရှင်ကြီးတွေ ၀င်ရောက်အမှုထမ်းကြခြင်းဟာလဲ သပိတ်အရှိန်အ၀ါ အထူးမြင့်တက်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုဟာ မြန်မာ့သမိုင်းမှာ ပထမဆုံး ကျောင်းသားလှုပ်ရှားမှု စခဲ့တာဖြစ်ပြီး မြန်မာတွေ နိုင်ငံရေးနိုးကြားမှု တဟုန်ထိုး မြင့်တက်စေခဲ့ပါတယ်။ အင်္ဂလိပ်အစိုးရလည်း အကြီးအကျယ် တုန်လှုပ်သွားခဲ့ရပါတယ်။ တိုင်းပြည်ပါ လက်လွှတ်ရတော့မလောက် ကြီးကျယ်တဲ့ လှုပ်ရှားမှုပါ။ အမျိုးသားစာပေ သင်ကြားရေး အမျိုးသားသမိုင်းသင်ကြားရေး၊ အမျိုးသားပညာရေးလည်း အထူးတိုးတက်ခဲ့ပါတယ်။ ဒါကြောင့် ပထမကောလိပ်သပိတ်ဟာ အထူးအရေးကြီးတဲ့ မြန်မာနိုင်ငံရေးသမိုင်းကဏ္ဍ တခုဖြစ်ခဲ့ပြီး ဒီသပိတ်ကို နှစ်စဉ်သတိရအောင် အမျိုးသားနေ့အဖြစ် သတ်မှတ်လိုက်တာကလည်း အလွန်အချက်ကျတဲ့ ဆုံးဖြတ်ချက် ဖြစ်သွားခဲ့ပါတယ်။ အမျိုးသားနေ့လှုပ်ရှားမှုတွေကပဲ လွတ်လပ်ရေးရရှိအောင် သယ်ဆောင်သွားခဲ့တာပါ။

မြန်မာနိုင်ငံရေးလောကနဲ့ စာပေလောကမှာ ထင်ရှားသူ ဦးဆောင်သူတွေဟာ အမျိုးသားကျောင်းထွက်တွေ များပါတယ်။ အောင်ဆန်းဆိုတာ ရေနံချောင်းက အမျိုးသားကျောင်းထွက်ပါ။ လူထုဒေါ်အမာဆိုတာ မန္တလေးအမျိုးသားကျောင်းထွက်ပါ။ ခေတ်ဆန်းစာဆိုတွေ အားလုံးဟာလည်း အမျိုးသားကျော်ငးထွက်တွေ ဖြစ်ကြပါတယ်။

အမျိုးသားနေ့ကို အဓိပ္ပါယ်အသစ်အသစ်တွေနဲ့ ဆက်လက်အရောင်တင်ဖို့ လိုအပ်ပါတယ်။ အမျိုးသားဆိုတာ ဗမာလူမျိုးလို့ အဓိပ္ပါယ် မထွက်ပါ။ မြန်မာနိုင်ငံတိုင်းရင်းသားအားလုံးပါ။ တိုင်းရင်းသားစည်းလုံးရေး၊ အမျိုးသားစည်းလုံးရေးဟာ ဒီနေ့မျက်မှောက်ကာလမှာလည်း အရေးကြီးလျက်ပါ။ သမိုင်းမှာ ပထမဦးဆုံး ဒီမိုကရေစီနည်းအရ နိုင်ငံရေါ်လှုပ်ရှားခဲ့တဲ့ ကျောင်းသားသပိတ်ကို ဘယ်မှာမေ့ပစ်လို့ ဖြစ်ပါ့မလဲ။ နိုးကြားကြကုန်လော့။

မောင်စွမ်းရည်
၂၀၁၇ နိုဝင်ဘာ ၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မောင်စွမ်းရည်

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်