အောင်ဒင် – နိုင်ငံတကာဖိအားများနှင့် မြန်မာနိုင်ငံ

November 14, 2017

Malaysia Prime Minister Najib Razak, Myanmar State Counsellor Aung San Suu Kyi, Thailand Prime Minister Prayut Chan-o-cha and Vietnam Prime Minister Nguyen Xuan Phuc join hands during a family photo before the opening session of the 31st Association of Southeast Asian Nations (Asean) Summit in Manila Photo: Aaron Favila/EPA


အောင်ဒင် – နိုင်ငံတကာဖိအားများနှင့် မြန်မာနိုင်ငံ

(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၇နိုင်ငံတကာ ဖိအားများနှင့် တိုင်းပြည်
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့မှာ ၇၂ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကြီး (United Nations General Assembly) ကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက် မြို့မှာ စတင်ကျင်းပပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၀ ကျော်က သံတမန်တွေ တက်ရောက်ဆွေးနွေးကြတဲ့ ဒီညီလာခံကြီးကို ဒီဇင်ဘာလကုန်အထိ ၃ လကျော်ကျင်းပမှာဖြစ်ပါတယ်။ နိုင်ငံ့ခေါင်းဆောင်များ၊ သမ္မတများ၊ ဝန်ကြီးချုပ်များ၊ နိုင်ငံခြားရေးဝန်ကြီးများကိုယ်တိုင် အလှည့်ကျ ဆွေးနွေးကြတဲ့ အထွေထွေဟောပြောပွဲ (General Debate) ကို ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပပါတယ်။ ကျန်တဲ့ရက်များမှာတော့ နိုင်ငံ့ခေါင်းဆောင်များ မပါဝင်တော့ပဲ အမြဲတမ်းကိုယ်စားလှယ်များ၊ သံအမတ်ကြီးများက အထွေထွေညီလာခံရဲ့ ကော်မတီ ၆ ခုမှာ ပါဝင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူးထရက်စ် (Antonio Guterres) က အထွေထွေညီလာခံမစခင် စက်တင်ဘာလ ၁၃ ရက်နေ့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အထွေထွေညီလာခံမှာ ဦးစားပေးဆွေးနွေးဖို့ စီစဉ်ထားတဲ့ အရေးအကြီးဆုံး အကြောင်းအရာ ၂ ခုကို တင်ပြခဲ့ပါတယ်။ အဲဒီ အကြောင်းအရာ ၂ ခုက မြောက်ကိုရီးယား အနုမြူအင်အားတည်ဆောက်မှုပြဿနာနဲ့ မြန်မာနိုင်ငံက ပြည်နယ်အရေး တွေ ဖြစ်ပါတယ်။ သူ ကြိုတင်ကြွေးကြော်ထားတဲ့ အတိုင်းပါပဲ၊ အခု ကျင်းပနေပြီ ဖြစ်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအစိုးရများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ မွတ်ဆလင်နိုင်ငံများက ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဖိအားပေးနေကြပါပြီ။

စစ်အစိုးရခေတ်က ဖိအားများ
မြန်မာနိုင်ငံကို စစ်အစိုးရက အုပ်ချုပ်တဲ့ ၁၉၈၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ ၂၄ နှစ်အတွင်းမှာ ကမ္ဘာ့နိုင်ငံများက မြန်မာစစ်အစိုးရအပေါ် သံတမန်ရေး၊ စီးပွါးရေး ဖိအားပေးမှုတွေ ရှိခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂနိုင်ငံများက စီးပွါးရေးပိတ်ဆို့မှုတွေ ချမှတ်ပြီး စစ်အစိုးရကို အရေးယူဖိအားပေးပါတယ်။ အာဆီယံနိုင်ငံများ၊ ဂျပန်၊ အိန္ဒိယ၊ စတဲ့နိုင်ငံများက သံတမန်ရေးရာ ဖိအားပေးပါတယ်။ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးကြဖို့၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်တံ့ဖို့၊ ဒီမိုကရေစီရေး နိုင်ငံရေးပြောင်းလဲမှုတွေ ဖြစ်ဖို့ပါ။

၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ၄ နှစ်အတွင်း နိုင်ငံတကာအစိုးရများရဲ့ မြန်မာနိုင်ငံအပေါ် ဖိအားပေးမှု၊ အရေးယူမှုတွေ တဖြေးဖြေး ရပ်ဆိုင်းသွားခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်း တိုးတက်ပြောင်းလဲမှုတွေအပေါ် အကောင်းမြင်စိတ်နဲ့နိုင်ငံတကာအစိုးရတွေက ဖိအားပေးမှုတွေကို လျှော့ချပြီး၊ တချို့က လုံးဝရပ်ဆိုင်းပြီး ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာတဲ့ အရပ်သားအစိုးရတွေကို ကူညီထောက်ပံ့မှုတွေ ပြုလာကြပါတယ်။ ဒါပေမယ့် အဲဒီလို အကောင်းမြင်တဲ့ကာလက တိုတောင်းလှပါတယ်။

အခုတော့ နိုင်ငံတကာဖိအားပေးမှုတွေ မြန်မာနိုင်ငံအပေါ် ပြန်လည်သက်ရောက်လာပြန်ပါပြီ။ စီးပွါးရေးပိတ်ဆို့မှုအဆင့်အထိ မရောက်သေးပေမယ့် သံတမန်ရေး၊ နိုင်ငံရေး ဖိအားတွေက ကြီးမားလှပါတယ်။ “လူမျိုးတုံး သတ်ဖြတ်မှုတွေ လုပ်နေတယ်” ဆိုတဲ့ ပြင်းထန်လှတဲ့ စွပ်စွဲချက်တွေကို ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ထိပ်တန်းခေါင်းဆောင်များကိုယ်တိုင်က ကျယ်ကျယ်လောင်လောင် အော်ဟစ်နေကြတာပါ။ စစ်အစိုးရခေတ်က မြန်မာနိုင်ငံကို ဖိအားပေးရေးအတွက် အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂနိုင်ငံများကသာ ဦးဆောင်ခဲ့ကြတာ ဖြစ်ပေမယ့် အခုအချိန်မှာတော့ OIC လို့ခေါ်တဲ့ အစ္စလမ်မစ်နိုင်ငံများအဖွဲ့၊ ဆော်ဒီအာရေးဘီးယား၊ ပါကစ္စတန်၊ တူရကီ၊ မလေးရှားစတဲ့ မွတ်ဆလင်နိုင်ငံများက ဦးဆောင်ပြီး အမေရိကန်နဲ့ အနောက်အုပ်စုနိုင်ငံများ၊ ကုလသမဂ္ဂထိပ်တန်းခေါင်းဆောင်များကပါ တစ်စိတ်ထဲ တစ်ဝမ်းထဲ ပါဝင်နေတာ တွေ့ရပါတယ်။

ဒီတစ်ကြိမ်မှာတော့ နိုင်ငံတကာရဲ့ တောင်းဆိုမှုတွေက မြန်မာအစိုးရသာမက မြန်မာပြည်သူတစ်ရပ်လုံးပါ လက်မခံနိုင်တဲ့ တောင်းဆိုမှုတွေ ဖြစ်နေပါတယ်။ ဒီ နိုင်ငံတကာဖိအားပေးမှုတွေကို မြန်မာအစိုးရနဲ့ ပြည်သူတစ်ရပ်လုံးက ညီညီညွတ်ညွတ် ခိုင်ခိုင်မာမာ တုန့်ပြန်နိုင်ကြဖို့ လိုအပ်နေပါပြီ။

ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်များ
မြန်မာနိုင်ငံအပေါ် သက်ရောက်နေတဲ့ နိုင်ငံတကာ ဖိအားပေးမှုတွေက ကုလသမဂ္ဂယန္တယားကြီးကို အသုံးချပြီး ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်များ အဖြစ်နဲ့ ပေါ်ပေါက်လာမှာပါ။ ဒါကြောင့်မို့ ကုလသမဂ္ဂရဲ့ နိုင်ငံတစ်ခုချင်းအရေးမှာ ဝင်ရောက်စွက်ဖက်ခွင့်ရှိတဲ့ ဆုံးဖြတ်ချက်များ ချမှတ်ခြင်းလုပ်ငန်းစဉ်ကို ရှင်းပြချင်ပါတယ်။

ပထမဆုံး အထွေထွေညီလာခံနဲ့ ပတ်သက်ပြီး ရှင်းပြချင်ပါတယ်။ အထွေထွေညီလာခံကို တစ်နှစ်ကို တစ်ကြိမ်၊ စက်တင်ဘာလတိုင်းမှာ စတင်ပြီး ဒီဇင်ဘာလကုန်အထိ ကျင်းပါတယ်။ အဖွဲ့ဝင်နိုင်ငံအားလုံးတက်ရောက်ပြီး ဆုံးဖြတ်ချက်တွေချမှတ်ရာမှာ တစ်နိုင်ငံ၊ တစ်မဲသာပေးခွင့်ရှိပါတယ်။ ဗီတိုအာဏာ သုံးခွင့်မရှိပါ။ ညီလာခံရဲ့အစ စက်တင်ဘာလအတွင်းမှာ နိုင်ငံအကြီးအကဲတွေ၊ အစိုးရအဖွဲ့အကြီးအကဲတွေ၊ နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်စကားပြောဆိုဖို့ အထွေထွေဆွေးနွေးပွဲ ဆိုပြီး ရက်တစ်ပါတ်လောက် အလှည့်ကျဟောပြောခွင့်ပေးပါတယ်။ အဲဒီနောက်မှာတော့ နိုင်ငံခေါင်းဆောင်တွေ မပါတော့ပဲ နိုင်ငံအလိုက် အမြဲတမ်းကိုယ်စားလှယ်များ၊ သံအမတ်ကြီးများက သက်ဆိုင်ရာနိုင်ငံကို ကိုယ်စားပြုပြီး အထွေထွေညီလာခံရဲ့ ကော်မတီ ၆ ခုမှာ ပါဝင်ဆွေးနွေးကြပါတယ်။

အဲဒီ ကော်မတီ (၆) ခုက (၁) ပထမကော်မတီလို့ ခေါ်တဲ့ လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ၊ (၂) ဒုတိယကော်မတီလို့ ခေါ်တဲ့ စီးပွါးရေးနှင့် ငွေရေးကြေးရေးကော်မတီ၊ (၃) တတိယကော်မတီလို့ ခေါ်တဲ့ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးနှင့် ယဉ်ကျေးမှုကော်မတီ၊ (၄) စတုတ္ထကော်မတီလို့ခေါ်တဲ့ အထူးနိုင်ငံရေးကိစ္စများနှင့် ကိုလိုနီစနစ်ဖျက်သိမ်းရေးကော်မတီ၊ (၅) ပဉ္စမကော်မတီလို့ခေါ်တဲ့ အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးကော်မတီ၊ (၆) ဆဋ္ဌမကော်မတီလို့ ခေါ်တဲ့ ဥပဒေရေးရာကော်မတီ တို့ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံအရေးကိစ္စက လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုများနဲ့ သက်ဆိုင်လို့ တတိယကော်မတီမှာ ဆွေးနွေးကြပါလိမ့်မယ်။

အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်တွေဟာ မလုပ်မနေရ သဘောဆောင်တဲ့၊ မလိုက်နာရင် အရေးယူနိုင်တဲ့ ဆုံးဖြတ်ချက်တွေ (Binding Resolutions) မဟုတ်ပါ။ သက်ဆိုင်ရာ နိုင်ငံတွေအနေနဲ့ ဒီဆုံးဖြတ်ချက်တွေကို မလိုက်နာပဲ နေလို့ရပါတယ်။ ဒါပေမယ့် တစ်ခုတည်းသော နိုင်ငံတကာအဖွဲ့အစည်းကြီးက ချမှတ်တဲ့ ဆုံးဖြတ်ချက်ကို အဖွဲ့ဝင်နိုင်ငံတစ်ခုက ဒီအဖွဲ့အစည်းကြီးက မထွက်နိုင်သ၍ လုံးဝ မျက်ကွယ်ပြုလို့တော့ မဖြစ်နိုင်ပါ။ အနည်းနဲ့အများတော့ လိုက်နာမှုတွေ လုပ်ရပါတယ်။ ဒါမှမဟုတ် လိုက်နာချင်ယောင်ဆောင်ရပါတယ်။ ၁၉၉၁ ခုနှစ် ကနေ ၂၀၁၂ ခုနှစ်အထိ အထွေထွေညီလာခံက ချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တွေကို မြန်မာစစ်အစိုးရက လုံးဝမျက်ကွယ်မပြုနိုင်ခဲ့ပါ။ အတိုင်းအတာတစ်ခုအထိ ကုလသမဂ္ဂအဖွဲ့ကြီးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုခဲ့ရပါတယ်။

အထွေထွေညီလာခံဆုံးဖြတ်ချက်တွေက သက်ဆိုင်ရာ နိုင်ငံကိုထိရောက်စွာ အရေးယူနိုင်စွမ်းမရှိပေမယ့် အထွေထွေအတွင်းရေးမှူးချုပ်ကို ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ကိုယ်စား သက်ဆိုင်ရာနိုင်ငံအရေးမှာ ဝင်ရောက်ဖြေရှင်းပေးဖို့ ကိုယ်စားလှယ်တာဝန် (Good Offices Mandate) ပေးတတ်ပါတယ်။ အဲဒီလို တာဝန်အပ်နှင်းလိုက်တာနဲ့ အထွေထွေအတွင်းရေးမှူးချုပ်က အထူးကိုယ်စားလှယ်တစ်ယောက်ခန့်အပ်ပြီး သက်ဆိုင်ရာနိုင်ငံကို စေလွှတ်ပါတယ်။ ပြီးခဲ့တဲ့ကာလတွေမှာ အထွေထွေညီလာခံဆုံးဖြတ်ချက်နဲ့ တာဝန်အပ်နှင်းမှုအရ ကိုဖီအာနန် လက်ထက်မှာ ရာဇာလီအစ်စမေး နဲ့ အီဘရာဟင် ဂန်ဘာရီ၊ ဘန်ကီမွန် လက်ထက်မှာ ဗီဂျေနမ်ဘီးယား တို့ဟာ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်အဖြစ်နဲ့ မြန်မာနိုင်ငံကို အကြိမ်များစွာ လာရောက်ခဲ့ကြပြီး စစ်အစိုးရနဲ့ရော အတိုက်အခံနဲ့ပါ ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။ လက်ရှိ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးထရက်စ်ကလည်း အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်နဲ့ တာဝန်ပေးအပ်မှု လိုချင်နေတာပါ။ ဒါမှ သူ့ရဲ့ အထူးသံတမန်တစ်ယောက်ကို မြန်မာနိုင်ငံကို စေလွှတ်ဆွေးနွေး၊ ဖိအားပေးနိုင်မှာပါ။ မြန်မာနိုင်ငံအရေးမှာ ပိုပြီး စွက်ဖက်နိုင်မှာပါ။

ကုလသမဂ္ဂအထွေထွေညီလာခံကြီးက မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ၁၉၉၁ ခုနှစ်က စလို့ ၂၀၁၅ ခုနှစ်အထိ ဆတ်တိုက်ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၂ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပြောင်းလဲတိုးတက်မှုတွေအပေါ် အကောင်းမြင်တဲ့စိတ်နဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂနိုင်ငံများက ၂၀၁၆ ခုနှစ် အထွေထွေညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်မူကြမ်းကို မတင်သွင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၆ ခုနှစ်၊ ၇၁ ကြိမ်မြောက် အထွေထွေညီလာခံကနေ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မချမှတ်ခဲ့ပါဘူး။ ဒါကြောင့်ပဲ အထွေထွေအတွင်းရေးမှူးချုပ်က သူနဲ့ သူ့ အထူးသံတမန်ရဲ့ မြန်မာနိုင်ငံအရေး ဝင်ရောက်ဆောင်ရွက်မှုတွေကို ၂၀၁၆ နှစ်ကုန်မှာ ရပ်စဲခဲ့ပါတယ်။ ဒါပေမယ့် အခုကျင်းပနေတဲ့ ၇၂ ကြိမ်မြောက် ညီလာခံမှာတော့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် ပြန်လည်အသက်ဝင်လာမယ့်အခြေအနေ ရှိနေပါပြီ။ အထွေထွေအတွင်းရေးမှူးချုပ်ကလည်း မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တစ်ယောက်ခန့်အပ်ဖို့ ပြင်ဆင်နေလောက်ပါပြီ။

လူ့အခွင့်အရေးအစီရင်ခံစာတင်သွင်းသူ နဲ့ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် ကွာခြားချက်
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UN Human Rights Council) ရဲ့ ဆုံးဖြတ်ချက်နဲ့ သက်ဆိုင်ရာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို စုံစမ်းစစ်ဆေးပြီး လူ့အခွင့်အရေးကောင်စီနဲ့ အထွေထွေညီလာခံကို တစ်နှစ်တစ်ကြိမ် အစီရင်ခံတင်ပြဖို့ လူ့အခွင့်အရေးအစီရင်ခံစာတင်သွင်းသူ (Special Rapporteur) ကို ခန့်အပ်ပါတယ်။ အဲဒီ အထူးအစီရင်ခံစာတင်သွင်းသူဟာ ကုလသမဂ္ဂရဲ့ တရားဝင်ဝန်ထမ်းမဟုတ်ပဲ ပြင်ပမှ ကျွမ်းကျင်သူတစ်ဦးသာ ဖြစ်ပါတယ်။ သံတမန်အဆင့်အတန်း၊ ကင်းလွတ်ခွင့်မရပါ။ လခမရပဲ သက်ဆိုင်ရာနိုင်ငံကို ခရီးသွားတဲ့ရက်တွေ၊ နယူးယောက်နဲ့ ဂျီနီဗာမှာ အစည်းအဝေးတက်တဲ့ ရက်တွေ အတွက်ပဲ အသုံးစားရိတ်ရပါတယ်။ ကိုယ်ပိုင်ရုံးအဖွဲ့မရှိပါ။ သက်ဆိုင်ရာ နိုင်ငံကိုလည်း လူ့အခွင့်အရေးကောင်စီအစည်းအဝေးမတိုင်ခင် တစ်ကြိမ်နဲ့ အထွေထွေညီလာခံမကျင်းပမီ တစ်ကြိမ်၊ စုစုပေါင်း တစ်နှစ်ကို နှစ်ကြိမ်သာ သွားခွင့်ရှိပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်နဲ့ အထွေထွေအတွင်းရေးမှူးချုပ်က အထူးကိုယ်စားလှယ် (Special Representative) သို့မဟုတ် အထူးသံတမန် (Special Envoy) သို့မဟုတ် အထူးအကြံပေး (Special Advisor) ကို ခန့်အပ်ပါတယ်။ အဲဒီ ပုဂ္ဂိုလ်ဟာ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ တရားဝင်ဝန်ထမ်းဖြစ်ပြီး သံတမန်အဆင့်အတန်းနဲ့ ကင်းလွတ်ခွင့်ရပါတယ်။ အငယ်တန်းအထွေထွေအတွင်းရေးမှူးချုပ် (Under-Secretary-General) သို့မဟုတ် လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် (Assistant-Secretary-General) ရာထူးအဆင့်နဲ့ လစာ၊ ခံစားခွင့်များရပါတယ်။ ညီလာခံဆုံးဖြတ်ချက်မှာကိုပဲ အထူးကိုယ်စားလှယ်အတွက် လစာ၊ ရာထူးအဆင့်အတန်းနဲ့ ရုံးအဖွဲ့ကုန်ကျစားရိတ်၊ ခရီးစားရိတ်တွေ သတ်မှတ်ပေးထားပါတယ်။ ကုလသမဂ္ဂရဲ့ အဆင့်မြင့်အရာရှိကြီးအဖြစ်နဲ့ သက်ဆိုင်ရာ နိုင်ငံကိုရော၊ အကြောင်းဆက်နွယ်ပတ်သက်တဲ့ နိုင်ငံတကာအစည်းအဝေးများကိုပါ လက်ထောက်ဝန်ထမ်းများနဲ့ အကြိမ်ပေါင်းများစွာ သွားလာခွင့်၊ ဆွေးနွေးခွင့်ရှိပါတယ်။ လိုအပ်လျင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေးတွေကို တက်ရောက်ပြီး သက်ဆိုင်ရာနိုင်ငံရဲ့အခြေအနေကို အစီရင်ခံ တင်ပြရပါတယ်။

အခု မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာတင်သွင်းသူ ယန်ဟီးလီ ဟာ ကုလသမဂ္ဂရဲ့ တရားဝင်ဝန်ထမ်းမဟုတ်ပဲ ပြင်ပက ကျွမ်းကျင်သူသာ ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံ တက္ကသိုလ်တစ်ခုက ပါမောက္ခတစ်ယောက်ဖြစ်ပြီး အဲဒီ တက္ကသိုလ်က ပေးတဲ့ လစာကိုပဲ ခံစားရပါတယ်။ ကုလသမဂ္ဂက လစာမရပါ။ သူ့မှာ ကိုယ်ပိုင်ရုံးအဖွဲ့မရှိပဲ သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွက် လူ့အခွင့်အရေးမဟာမင်းကြီးရုံးက ဝန်ထမ်းများက ကူညီပေးပါတယ်။ ကုလသမဂ္ဂဝန်ထမ်းမဟုတ်တဲ့ အတွက် သံတမန်အဆင့်အတန်း မရပါ။ မြန်မာနိုင်ငံကိုလည်း တစ်နှစ်ကို နှစ်ကြိမ်သာ လာခွင့်ရှိပါတယ်။

အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန် လက်ထက်က ခန့်အပ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဗီးယား ကတော့ အငယ်တန်း အတွင်းရေးမှူးချုပ် အဆင့်နဲ့ ရာထူးလစာ ခံစားရပါတယ်။ လက်ထောက် ၃ ဦးပါတဲ့ ကိုယ်ပိုင်ရုံးအဖွဲ့ရှိပါတယ်။ သံတမန် အဆင့်အတန်းနဲ့ ကင်းလွတ်ခွင့်ရှိပါတယ်။ မြန်မာနိုင်ငံကို အကြိမ်ပေါင်းများစွာ လာနိုင်ခဲ့ပါတယ်။ လုံခြုံရေးကောင်စီကိုလည်း အကြိမ်ပေါင်းများစွာ အစီရင်ခံခဲ့ပါတယ်။

လုံခြုံရေးကောင်စီ အရေးယူမှုအဆင့်ဆင့်
စစ်အင်အားသုံးအရေးယူနိုင်ခွင့် အာဏာရှိတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆိုတာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းကြီး ဖြစ်တာမို့ လုံခြုံရေးကောင်စီရဲ့ စိတ်ဝင်စားမှုခံရတဲ့ တိုင်းပြည်ဟာ ကမ္ဘာကြီးတစ်ခုလုံးရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် စိုးရိမ်ပူပန်စရာအကြောင်းရှိတဲ့ တိုင်းပြည်လို့ ယူဆနိုင်ပါတယ်။ ဒါကြောင့် အခုအချိန်မှာ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံအရေး မကြာခဏဆွေးနွေးနေတာ မြန်မာနိုင်ငံအတွက် မကောင်းလှပါ။ ဒါကြောင့် လုံခြုံရေးကောင်စီရဲ့ လုပ်ငန်းစဉ်ကို အကျဉ်းဖော်ပြချင်ပါတယ်။

လုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံနဲ့ ၂ နှစ် သက်တမ်းရှိ အလှည့်ကျအဖွဲ့ဝင် ၁၀ နိုင်ငံ၊ စုစုပေါင်း အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်ပါတယ်။ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု၊ ယူနိုက်တက်ကင်းဒမ်း၊ ပြင်သစ်၊ ရုရှား နဲ့ တရုတ် နိုင်ငံများက တစ်ချက်လွှတ်ငြင်းပယ်ခွင့်အာဏာ (Veto Power) များ ကိုင်စွဲထားကြပါတယ်။ အထွေထွေညီလာခံလို တစ်နှစ်မှ တစ်ကြိမ် စည်းဝေးတာမဟုတ်ပဲ လုံခြုံရေးကောင်စီအစည်းအဝေးတွေကို နယူးယောက်မြို့မှာ ရက်သတ္တပတ်တိုင်း၊ လတိုင်း လိုအပ်သလို ကျင်းပပါတယ်။

လုံခြုံရေးကောင်စီက တရားဝင်ကိုင်တွယ်ဖြေရှင်းတဲ့ အရေးကိစ္စဖြစ်ဖို့အတွက် လုံခြုံရေးကောင်စီရဲ့ တရားဝင်ဆွေးနွေးမည့် အကြောင်းအရာများ (Agendas) ထဲမှာ ပါဝင်ဖို့ လိုပါတယ်။ အဲဒီလို တရားဝင်ဆွေးနွေးမည့် ခေါင်းစဉ်တစ်ခု အဖြစ်ထည့်သွင်းဖို့ အဖွဲ့ဝင်နိုင်ငံတစ်ခုက အဆိုတင်သွင်းပြီး ထောက်ခံမဲ ၉ မဲ ရရင် အတည်ဖြစ်ပါတယ်။ ဒီအဆင့်မှာ ဘယ်နိုင်ငံမှ ဗီတိုအာဏာသုံးပြီး ကန့်ကွက်လို့ မရပါ။ ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလမှာ မြန်မာနိုင်ငံကို တရားဝင်အစီအစဉ်များထဲမှာ ထည့်သွင်းဖို့ အမေရိကန်ပြည်ထောင်စုက အဆိုပြုခဲ့ပါတယ်။ တရုတ်၊ ရုရှားနဲ့ တောင်အာဖရိက နိုင်ငံများက ကန့်ကွက်မဲ ပေးခဲ့ပြီး ၃ နိုင်ငံက ကြားနေပေမယ့် ထောက်ခံမဲ ၉ မဲရလို့ မြန်မာနိုင်ငံဟာ ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလက စပြီး လုံခြုံရေးကောင်စီရဲ့ တရားဝင် အစီအစဉ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

လုံခြုံရေးကောင်စီရဲ့ စိတ်ဝင်စားမှု၊ အရေးယူမှု အဆင့်ဆင့်ကို အောက်ပါအတိုင်း သုံးသပ်နိုင်ပါတယ်။

(၁) အလွတ်သဘောဆွေးနွေးပွဲ (Informal Meeting) ။ ။ ဒီအဆင့်က လုံခြုံရေးကောင်စီရဲ့ တရားဝင်ဆွေးနွေးမည့် အစီအစဉ်များထဲမှာ မပါဝင်သေးတဲ့ ကိစ္စများနဲ့ ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံတစ်ခုရဲ့ မေတ္တာရပ်ခံချက်နဲ့ အလွတ်သဘော ဆွေးနွေးကြတာပါ။ တရားဝင်အစည်းအဝေးမဟုတ်တဲ့အတွက် အဖွဲ့ဝင်အားလုံး တက်ရောက်ရန်မလိုပါ။ ၂၀၀၆ ခုနှစ် မတိုင်ခင် လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးမှု ၃ ကြိမ်လောက် ရှိခဲ့ပြီး အဲဒီ ဆွေးနွေးပွဲတွေမှာ တရုတ်၊ ရုရှားအပါအဝင် အဖွဲ့ဝင်နိုင်ငံအချို့ မတက်ရောက်ကြပါ။

(၂) တရားဝင်ဆွေးနွေးပွဲ (အခြားကိစ္ဂများ) (Formal Meeting but under Any Other Business) ။ ။ ဒီအဆင့်မှာ လုံခြုံရေးကောင်စီရဲ့ တရားဝင်အစီအစဉ်ထဲတော့ ရောက်လာပါပြီ။ ဒါပေမယ့် အပြင်းအထန်ကန့်ကွက်တဲ့ နိုင်ငံတွေက ရှိနေသေးလို့ အဲဒီ နိုင်ငံအကြောင်း အဓိကခေါင်းစဉ်တပ်ပြီး ဆွေးနွေးလို့ မရသေးတဲ့အခြေအနေပါ။ ဒါကြောင့်မို့ အဓိက ခေါင်းစဉ် အကြောင်းအရာကို ဆွေးနွေးအပြီး အဖွဲ့ဝင်နိုင်ငံတိုင်းက အခြားကိစ္စတစ်ခုကို ဆွေးနွေးနိုင်တဲ့ အခွင့်အရေးကို အသုံးချပြီး ဆွေးနွေးတာပါ။ အရေးယူမှု လုံးဝမရှိပါ။ တရားဝင်အစည်းအဝေးမှတ်တမ်းမရှိပါ။

(၃) တရားဝင်ဆွေးနေးပွဲ (Formal Meeting) ။ ။ ဒီအဆင့်မှာတော့ သက်ဆိုင်ရာ နိုင်ငံအရေးကို အဓိကခေါင်းစဉ်တပ်ပြီး ဆွေးနွေးကြပါပြီ။ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စား ကုလသမဂ္ဂရဲ့ ဋ္ဌာနကြီးတစ်ခုဖြစ်တဲ့ နိုင်ငံရေးရာဋ္ဌာနကြီး (Department of Political Affairs) သို့မဟုတ် အခြား ကုလသမဂ္ဂအဖွဲ့အစည်းများမှ လုံခြုံရေးကောင်စီကို သက်ဆိုင်ရာနိုင်ငံအကြောင်း အစီရင်ခံရပါတယ်။ အထွေထွေညီလာခံက တာဝန်အပ်နှင်းထားတယ်ဆိုရင် အထွေထွေအတွင်းရေးမှူးချုပ်ကိုယ်စား အထူးကိုယ်စားလှယ်က အစီရင်ခံတင်ပြရပါတယ်။ အဲဒီ အစီရင်ခံစာကို နားထောင်ပြီးမှ အဖွဲ့ဝင် နိုင်ငံများ ဆွေးနွေးကြပါတယ်။ ဘာအရေးယူမှ မရှိတာလည်း ဖြစ်နိုင်ပါတယ်။ တရားဝင်အစည်းအဝေးအဖြစ် မှတ်တမ်းမှတ်ရာ ထားရှိပါတယ်။

(၄) သတင်းထုတ်ပြန်ချက် (Press Release) ။ ။ လုံခြုံရေးကောင်စီအစည်းအဝေးအပြီးမှာ အဖွဲ့ဝင်နိုင်ငံများရဲ့ သဘောတူညီမှုနဲ့ ရုံးအဖွဲ့က ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်ပါ။ အရေးမကြီး၊ အရေးမယူလို့ ဆိုနိုင်ပေမယ့် အဲဒီလို သတင်းထုတ်ပြန်ဖို့ အဖွဲ့ဝင် ၁၅ နိုင်ငံလုံး သဘောတူဖို့ဆိုတာလည်း သိပ်မလွယ်လှပါ။ တရားဝင်အစည်းအဝေးအဖြစ် မှတ်တမ်းမှတ်ရာ ထားရှိပါတယ်။

(၅) လုံခြုံရေး ကောင်စီဥက္ကဋ္ဌ၏ ကြေညာချက် (Presidential Statement) ။ ။ အစည်းအဝေးအပြီးမှာ အဖွဲ့ဝင် ၁၅ နိုင်ငံစလုံးက ကောင်စီဥက္ကဋ္ဌကို ကောင်စီကိုယ်စား ကြေညာချက်ထုတ်ပြန်ဖို့ တာဝန်ပေးတယ် ဆိုရင် အတော်အရေးကြီးလာပါပြီ။ အဖွဲ့ဝင်နိုင်ငံအားလုံးမှာ သက်ဆိုင်ရာနိုင်ငံရဲ့ အခြေအနေကို တုန့်ပြန်ဖို့ အတိုင်းအတာတစ်ခုအထိ သဘောတူညီမှု ရှိနေပြီဆိုတဲ့ အချက်ပြမှုဖြစ်ပါတယ်။ စက်တင်ဘာလ ၁၃ ရက်နေ့က ကျင်းပတဲ့ လုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစည်းအဝေးအပြီးမှာ လုံခြုံရေးကောင်စီဥက္ကဋ္ဌရဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒါဟာဖြင့် မြန်မာနိုင်ငံဆိုင်ရာ အခြေအနေများနဲ့ ပတ်သက်ပြီး တရုတ်၊ ရုရှားအပါအဝင် အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ တူညီသော သဘောထားဖြစ်ပါတယ်။ လေးနက်ပါတယ်။ တရားဝင်အစည်းအဝေးအဖြစ် မှတ်တမ်းမှတ်ရာ ထားရှိပါတယ်။ အဲဒီ ကြေညာချက်ထဲမှာ “မြန်မာအစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေရတဲ့ မွတ်ဆလင်ဒုက္ခသည်တွေကို ချွင်းချက်မရှိ ပြန်လည်လက်ခံဖို့ အာမခံချက်ပေးရမယ်” ဆိုတဲ့ ပြင်းထန်တဲ့ စာပိုဒ်တစ်ပိုဒ် ထည့်သွင်းဖို့ အီဂျစ်နိုင်ငံက ကြိုးစားခဲ့ပေမယ့် တရုတ်နိုင်ငံရဲ့ ကန့်ကွက်မှုကြောင့် အရေးနိမ့်သွားခဲ့ပါတယ်။

(၆) ဆုံးဖြတ်ချက် (တောင်းဆိုချက်များ/ Resolution with Demands) ။ ။ ဒီအဆင့်မှာတော့ လုံခြုံရေးကောင်စီက စတင် အရေးယူပါပြီ။ တောင်းဆိုချက်များ ပါဝင်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ပါပြီ။ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ (The Charter of the United Nations) အရ သက်ဆိုင်ရာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတိုင်းက လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာဖို့ တာဝန်ရှိပါတယ်။

(၇) ဆုံးဖြတ်ချက် (တောင်းဆိုချက်များကို အချိန်အတိုင်းအတာတစ်ခုအတွင်း မလွဲမသွေလိုက်နာရန် ညွှန်ကြားချက်/ Resolution with Ultimatum) ။ ။ ဒီအဆင့်မှာတော့ တောင်းဆိုချက်တွေတင်မကပဲ ရာဇသံပေးတဲ့အထိ ရှိလာပါပြီ။

(၈) ဆုံးဖြတ်ချက် (တောင်းဆိုချက်များကို မလိုက်နာသဖြင့် အင်အားသုံး အရေးယူခြင်း/ Resolution with Enforcement) ။ ။ ဒီအဆင့်မှာတော့ အင်အားသုံး အရေးယူမှုတွေ စတင်ပါပြီ။ သံတမန်အဆက်အသွယ် ဖြတ်တောက်မှုများ၊ ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်း ပိတ်ဆို့မှုများ၊ စီးပွါးရေးပိတ်ဆို့မှုများကနေ စစ်ရေးအရ ဝင်ရောက်တိုက်ခိုက်တဲ့အထိ အရေးယူနိုင်ပါတယ်။

သို့သော်
သို့သော် လုံခြုံရေးကောင်စီဆိုတာ ဗီတိုအာဏာကိုင်စွဲထားတဲ့ အင်အားကြီး ၅ နိုင်ငံ အားပြိုင်တဲ့ အခင်းအကျင်းတစ်ခု ဖြစ်ပါတယ်။ တရုတ်နဲ့ ရုရှား က တစ်ဘက်၊ အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ် က တစ်ဘက် အားပြိုင်ကြတဲ့ နေရာပါ။ တရုတ်နဲ့ ရုရှားက လုံခြုံရေးကောင်စီရဲ့ နိုင်ငံတကာရေးရာ စွက်ဖက်မှုကို ကန့်သတ်ချင်ကြသလို အမေရိကန်နဲ့ အနောက်နိုင်ငံများက လုံခြုံရေးကောင်စီကို အသုံးချပြီး အခြားနိုင်ငံအရေး ဝင်ရောက်စွက်ဖက်တာကို လက်မခံကြသူတွေပါ။ ဒါ့အပြင် သူတို့ရဲ့ မဟာမိတ်နိုင်ငံများ၊ အာဏာရှင်နိုင်ငံများကို လုံခြုံရေးကောင်စီက အရေးမယူနိုင်အောင် အကာအကွယ်ပေးချင်ကြသူတွေပါ။ ဒါကြောင့် သိပ်မကြာသေးခင်က မြန်မာအစိုးရရဲ့ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ပြောခဲ့သလို တရုတ်နဲ့ ရုရှား ရှိနေသ၍ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံအပေါ် အရေးယူမယ့် ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မှာ မဟုတ်ပါ။

သို့သော် လုံခြုံရေးကောင်စီက အရေးယူမခံရဖို့အတွက် တရုတ်နဲ့ ရုရှားကို အားကိုးနေရမယ်ဆိုတာလည်း မြန်မာနိုင်ငံလို ဒီမိုကရေစီအသွင်ကူးပြောင်းရေး ချီတက်နေတဲ့ နိုင်ငံတစ်ခုအတွက်၊ အာဏာရှင်စနစ်ကို တိုက်ပွဲဝင်တော်လှန်ခဲ့တဲ့ မြန်မာပြည်သူများအတွက် အဓိပ္ပာယ်မရှိလှပါ။ တဖြေးဖြေးနဲ့ ဒီမိုကရေစီနိုင်ငံများနဲ့ ဆက်ဆံရေး သွေးအေးပြီး အာဏာရှင်နိုင်ငံများနဲ့ ပိုပြီး နီးစပ်ရတာ မကောင်းပါ။

နောက် သို့သော်တစ်ခုကတော့ တရုတ်နဲ့ ရုရှားက မြန်မာနိုင်ငံကို လုံခြုံရေးကောင်စီမှာ အကာအကွယ်ပေးပေမယ့် အဲဒီ အကာအကွယ်ကို အလကားရမှာ မဟုတ်ပါ။ နိုင်ငံတကာ အခင်းအကျင်းတွေမှာ ဘယ်အရာမှ အလကားမရပါ။ စစ်အစိုးရလက်ထက်မှာလည်း တရုတ်နဲ့ ရုရှားရဲ့ အကာအကွယ်အတွက် မြန်မာနိုင်ငံက ပြန်လည် ပေးဆပ်ခဲ့ရတာတွေ အများကြီးရှိခဲ့ပါတယ်။ ဖြစ်နိုင်ရင်တော့ ဘယ်သူ့ကိုမှ ကြွေးမတင်ရင် အကောင်းဆုံးပါ။

နောက် သို့သော်တစ်ခုရှိပါသေးတယ်။ လုံခြုံရေးကောင်စီမှာ တရုတ်က မြန်မာနိုင်ငံကို အကာအကွယ်ပေးနေတဲ့ တစ်ချိန်တည်းမှာပဲ တရုတ်ကိုယ်တိုင်လည်း နိုင်ငံတကာဖိအားပေးမှုအောက် ရောက်နေရတာပါ။ လက်ရှိ မြောက်ကိုရီးယားပြသနာမှာကြည့်ရင် မြောက်ကိုရီးယားကို အကာအကွယ်ပေးတဲ့အတွက် တရုတ်ကိုယ်တိုင် အမေရိကန်နဲ့ အနောက်နိုင်ငံများရဲ့ ဖိအားပေးမှု၊ အရေးယူမှုတွေ ခံနေရတာပါ။ ဒါကြောင့်လည်း တရုတ်ကိုယ်တိုင်က မြောက်ကိုရီးယားကို အနုမြူလက်နက်ပိုင်ဆိုင်မှုတွေ စွန့်လွှတ်ဖို့ တိုးတိုးတိတ်တိတ် ဖိအားပေးနေရပါတယ်။ မြန်မာစစ်အစိုးရကိုလည်း တရုတ်ကိုယ်တိုင်က တိုးတိုးတိတ်တိတ် ဖိအားတွေ ပေးခဲ့တာပါ။ ဒါတွေကိုလည်း ကျနော်တို့ သတိပြုရမှာပါ။ ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုးတာမျိုး မတွေ့ကြုံချင်ပါ။

မိတ်ဆွေဆိုသူများကိုလည်း သတိထားဖို့လိုပါသည်။
လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံအရေးက တရားဝင်ဆွေးနွေးရမယ့် ခေါင်းစဉ်တွေထဲ ၂၀၀၆ ခုနှစ်ကတည်းက ပါဝင်ခဲ့တာ မှန်ပေမယ့် ၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံအကြောင်း ဆွေးနွေးတာတွေ မရှိခဲ့ပါ။ လုံခြုံရေးကောင်စီရဲ့ စည်းမျဉ်းစည်းကမ်းများအရ ၃ နှစ် ဆက်တိုက် ဆွေးနွေးခြင်းမရှိတဲ့ (Inactive Agendas) ကိစ္စတွေကို လုံခြုံရေးကောင်စီရဲ့ ဆွေးနွေးရမယ့် ခေါင်းစဉ်များထဲကနေ ပယ်ဖျက်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဖွဲ့ဝင်နိုင်ငံတစ်ခုက ဒီအကြောင်းအရာကို ဆက်လက်ထိန်းသိမ်းထားဖို့ တောင်းဆိုရင် ဆွေးနွေးရမယ့် ခေါင်းစဉ်များစာရင်းထဲက မပယ်ဖျက်ပဲ ဆက်လက်ထိန်းသိမ်းထားရပါတယ်။

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ (မြန်မာ့လွတ်လပ်ရေးနေ့) မှာ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌက စာအမှတ် (S/2016/10) နဲ့ ၃ နှစ် ဆက်တိုက် ဆွေးနွေးခြင်းမရှိလို့ ပယ်ဖျက်သင့်တဲ့ ခေါင်းစဉ်ပေါင်း ၈၀ ကျော် စာရင်းကို ပေးပို့ပြီး အဲဒီ ခေါင်းစဉ်တွေကို အဖွဲ့ဝင်နိုင်ငံများရဲ့ သီးခြားတောင်းဆိုချက်မရှိရင် ပယ်ဖျက်တော့မှာဖြစ်ကြောင်း အကြောင်းကြားစာ ပေးပို့ပါတယ်။ တစ်လတိတိအကြာ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ အင်္ဂလန်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်က လုံခြုံရေးကောင်စီ ဥက္ကဋ္ဌထံ စာတစ်စောင်(S/2016/113) ပေးပို့ပါတယ်။ သူ့အစိုးရရဲ့ ညွှန်ကြားချက်အရ ပယ်ဖျက်ရမယ့် စာရင်းထဲမှာ အမှတ်စဉ် ၆၇ အဖြစ် ပါဝင်တဲ့ မြန်မာနိုင်ငံအရေးကိစ္စကို လုံခြုံရေးကောင်စီရဲ့ ဆွေးနွေးရမယ့် ခေါင်းစဉ်များထဲမှာ ဆက်လက် ထားရှိဖို့ မေတ္တာရပ်ခံတာ ဖြစ်ပါတယ်။ သုံးနှစ်ဆက်တိုက် မဆွေးနွေးလို့ လုံခြုံရေးကောင်စီရဲ့ ဆွေးနွေးရန်ခေါင်းစဉ်များ စာရင်းထဲကနေ အလိုအလျောက်ပယ်ဖျက်ခံရမယ့် မြန်မာနိုင်ငံအရေးဟာ ဗြိတိသျှအစိုးရရဲ့ ကျေးဇူးနဲ့ လုံခြုံရေးကောင်စီရဲ့ ဆွေးနွေးရန် ခေါင်းစဉ်များစာရင်းထဲမှာ ဒီကနေ့အထိ ဆက်လက်ပါရှိနေပါတော့တယ်။

ဒါတင်မကသေးပါ။ ရခိုင်ပြည်နယ်က ဘင်္ဂါလီများအရေးအတွက် လုံခြုံရေးကောင်စီမှာ ဆွေးနွေးကြဖို့ ဦးဆောင်ဦးရွက်ပြုတာလည်း ဗြိတိသျှအစိုးရပဲ ဖြစ်ပါတယ်။ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံကို အချက်အလက်ရှာဖွေရေး ကော်မရှင်တစ်ရပ်စေလွှတ်ဖို့ ထည့်သွင်းတာလည်း ဗြိတိသျှအစိုးရပဲ ဖြစ်ပါတယ်။ ကျင်းပနေဆဲ အထွေထွေညီလာခံမှာပဲ စက်တင်ဘာလ ၁၈ ရက်နေ့မှာ နိုင်ငံခြားရေးဝန်ကြီးများပါဝင်တဲ့ မြန်မာနိုင်ငံအရေး တံခါးပိတ် ဆွေးနွေးပွဲကို ဦးဆောင်ကျင်းပတာလည်း ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင် (Boris Johnson) ဖြစ်ပါတယ်။ ဒီ ပြသနာကို မြန်မာနိုင်ငံအတွင်း သယ်ဆောင်လာခဲ့တာလည်း ဗြိတိသျှကိုလိုနီအစိုးရပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးစုဆိုတာ မရှိဘူးလို့ အသိဆုံးဖြစ်ပေမယ့် နိုင်ငံတကာရောက် ရိုဟင်ဂျာအဖွဲ့အစည်းတွေ၊ ရိုဟင်ဂျာချစ်မြတ်နိုးသူများအဖွဲ့တွေကို ထောက်ခံအားပေးနေတာလည်း ဗြိတိသျှအစိုးရပဲ ဖြစ်ပါတယ်။

ဒီကနေ့ မြန်မာနိုင်ငံတွင်းမှာကျတော့လည်း ဗြိတိသျှသံအမတ်ကြီးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရရဲ့ အထူးအရေးပေးခံရတဲ့ နိုင်ငံခြားသံတမန်ဖြစ်နေပြန်ပါတယ်။ ကျနော်တို့ရဲ့ မိတ်ဆွေဆိုသူတွေကို တကယ့် မိတ်ဆွေအစစ် ဖြစ်မဖြစ် သေသေချာချာ သုံးသပ်ရမယ့် အချိန် ရောက်နေပါပြီ။ ချစ်ခင်ဟန်ဆောင်လို့ ပွေ့ဖက်နှုတ်ဆက်ပြီး နောက်ကျော ဓားနဲ့ထိုးမယ့် မိတ်ဆွေတွေကို ကျနော်တို့ သတိထား ဆက်ဆံရမှာပါ။

နိုင်ငံတကာ ဖိအားပေးမှုများ၏ အကျိုးဆက်များ
စက်တင်ဘာလ ၂၀ ရက်နေ့မှာ ကျင်းပတဲ့ နိုင်ငံခြားရေးဝန်ကြီးများအဆင့် လုံခြုံရေးကောင်စီအစည်းအဝေးမှာ အမေရိကန် ဒုသမ္မတ မိုက်ပင့်စ် (Mike Pence) က မြန်မာနိုင်ငံအရေးမှာ လုံခြုံရေးကောင်စီက ဝင်ရောက်အရေးယူသင့်ပြီလို့ ပြောသွားခဲ့ပါတယ်။ အခုအချိန်မှာ စီးပွါးရေးပိတ်ဆို့အရေးယူမှုတွေ မရှိသေးပေမယ့် နိုင်ငံတကာက မြန်မာနိုင်ငံကို ဝိုင်းမုန်းနေကြတဲ့ အခြေအနေမှာ ဆိုးဝါးတဲ့ သက်ရောက်မှုတွေ အများကြီး ရှိနိုင်ပါတယ်။ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းတွေ နှောင့်နှေးသွားနိုင်ပါတယ်။ အပြည့်အဝတောင်မရသေးတဲ့ လွတ်လပ်ခွင့်တွေ ဆုံးရှုံးသွားနိုင်ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်မှာ အခက်အခဲတွေ ပိုများနိုင်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီးတစ်ခုလုံးလည်း နှေးကွေးသွားနိုင်ပါတယ်။ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ စုစည်းခိုင်မာမှုတွေ ပြိုကွဲသွားနိုင်ပါတယ်။ အမုန်းတရားတွေ ပိုပြီး တောက်လောင်နိုင်ပါတယ်။ လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်မှုတွေ ပိုပြီးများပြားလာနိုင်ပါတယ်။ နိုင်ငံတကာနဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ထက် နိုင်ငံတကာနဲ့ ဝေးဝေးမှာ၊ တံခါးပိတ်နေချင်စိတ်တွေ ပို့ပြီးကြီးမားလာနိုင်ပါတယ်။

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံတကာကုန်သွယ်ရေးနဲ့ ခရီးသွားလုပ်ငန်းတွေမှာ အရှိန်လျော့ကျမှုတွေ ရှိလာနိုင်ပါတယ်။ အခုတောင် ကမ္ဘာ့ နိုင်ငံအချို့မှာ မြန်မာနိုင်ကို သွားရောက် မလည်ပတ်ဖို့၊ မြန်မာနိုင်ငံနဲ့ စီးပွါးဆက်သွယ်ရေးမလုပ်ဖို့၊ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ဖို့ လှုံ့ဆော်တာတွေ ရှိနေပါပြီ။ စီးပွါးရေး အကြပ်အတည်းက အလုပ်လက်မဲ့အရေအတွက်နဲ့ ဆင်းရဲနွမ်းပါးမှုအတိုင်းအတာကို ပိုပြီး မြင့်မားစေနိုင်ပါတယ်။ ပြည်ပရောက် မြန်မာနိုင်ငံသားများရဲ့ ဘဝ ပိုပြီး မလုံခြုံတော့ပါ။ ပြည်တွင်းမှာလည်း ပြည်သူများအကြား မလုံခြုံမှုတွေ၊ အားငယ်မှုတွေ၊ အပြန်အလှန် သံသယဖြစ် ကြောက်လန့်မှုတွေ မြင့်မားလာနိုင်ပါတယ်။ လုံခြုံရေးအတွက် တပ်မတော်အပေါ် အလွန်အကျွံအားကိုးစိတ်တွေ ဖြစ်ပေါ်ပြီး အရပ်သားအစိုးရအပေါ် အားမရမှုတွေနဲ့ စစ်ဝါဒ ပြန်လည်ခေါင်းထောင်ထနိုင်ပါတယ်။ ဒါက နိုင်ငံတကာဖိအားပေးမှုတွေနဲ့ နိုင်ငံဂုဏ်သိက္ခာနိမ့်ကျမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်အချို့ပါ။

အကြံပြုချက်များ
(၁) တပ်မတော်၏ စစ်ဆင်ရေးများတွင် အရပ်သားအစိုးရဝန်ထမ်းများ ပါဝင်ရေး
ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရများက ဘူးသီးတောင်၊ မောင်တောဒေသမှာ တပ်မတော်ရဲ့ စစ်ဆင်ရေးများ ရပ်တန့်ဖို့ တောင်းဆိုနေကြပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းက တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေကို စက်တင်ဘာလ ၅ ရက်နေ့ကတည်းက ရပ်တန့်ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီ ဒေသမှာ တပ်မတော်ရဲ့ တည်ရှိမှုက ဆက်လက်လိုအပ်နေပါသေးတယ်။ နယ်မြေစိုးမိုးရေးနဲ့ နယ်စပ်ဒေသလုံခြုံရေးအတွက် တပ်မတော်က ဆက်လက်ဆောင်ရွက်နေရမှာပါ။ နယ်နမိတ်ခြံစည်းရိုးကို အပြီးတိုင် တည်ဆောက်နိုင်ရေးအတွက်လည်း တပ်မတော်က တာဝန်ယူရမှာပါ။ မေယုတောင်ကြောတစ်ခုလုံးမှာ အကြမ်းဖက်သမားတွေ ထပ်မံခြေမချနိုင်အောင် တပ်မတော်က နယ်မြေရှင်းလင်းရေး၊ နယ်မြေစိုးမိုးရေးစစ်ဆင်ရေးတွေ ဆက်လက် ဆင်နွှဲရမည့်အပြင် ရခိုင်ပြည်နယ် မြောက်ပိုင်းက ပြည်သူတွေကို အခိုင်အမာ အကာအကွယ်ပေးနိုင်ဖို့ အမြဲတမ်းတပ်စခန်းတွေ အခြေချတည်ဆောက်ရမှာပါ။ တစ်ဘက်မှာ ရခိုင်ပြည်နယ်လူထုရဲ့ လုံခြုံရေးနဲ့ အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲရေးတို့ အတွက် တပ်မတော်ကို လိုအပ်နေပေမယ့် အဲဒီ ဒေသမှာ တပ်မတော်စစ်ကြောင်းများ လှုပ်ရှားနေသ၍ အကြမ်းဖက်သမားများရဲ့ ဝါဒဖြန့်ချီမှုနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စွပ်စွဲပြစ်တင်မှုတွေကို ဆက်လက်ခံနေရဦးမှာပါ။

ဒီအခြေအနေကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုကတော့ တပ်မတော်စစ်ကြောင်းများမှာ အရပ်သားအစိုးရဝန်ထမ်းများကို ပူးတွဲလိုက်ပါစေခြင်း ဖြစ်ပါတယ်။ အရပ်သားအစိုးရရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဆိုင်ရာ အရပ်သားဝန်ထမ်းများ၊ ဆရာဝန်များ၊ သူနာပြုများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက တပ်မတော်စစ်ကြောင်းများနဲ့ အတူတကွလိုက်ပါပြီး ကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေကို နယ်မြေရှင်းလင်းရေးနဲ့အတူ တပြိုင်တည်း ဆောင်ရွက်ကြဖို့ပါ။

လက်နက်ကိုင်စစ်ကြောင်းများနဲ့အတူ အရပ်သားဝန်ထမ်းများ လိုက်ပါခြင်းက ဥပဒေမဲ့ လက်လွန်ခြေလွန် ကျူးလွန်မှုတွေကို ထိထိရောက်ရောက် တားဆီးနိုင်မှာ ဖြစ်သလို မတရား၊ မမျှတတဲ့ စွပ်စွဲချက်တွေကိုလည်း ခိုင်ခိုင်မာမာ တုန့်ပြန်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် တပ်မတော်ဟာ စစ်ဆင်ရေးတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမိန့်တစ်ခုတည်းကို နာခံပြီး ဆောင်ရွက်နေတာမဟုတ်ပဲ အရပ်သားအစိုးရရဲ့ ဦးဆောင်မှုအောက်မှာ ဆောင်ရွက်နေတာ ဖြစ်တယ်လို့ နိုင်ငံတကာကို သက်သေပြနိုင်မှာ ဖြစ်ပါတယ်။

(၂) သတင်းမီဒီယာများကို တပ်မတော် စစ်ကြောင်းများနှင့် လိုက်ပါ၍ လွတ်လပ်စွာ သတင်းယူခွင့်ပြုခြင်း
သတင်းထောက်တွေဟာ စစ်မြေပြင်မှာ ဖြစ်စေ၊ ပဋိပက္ခဖြစ်ပွါးရာ ဒေသများမှာ ဖြစ်စေ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ပြီး လွတ်လပ်စွာ သတင်းယူချင်ကြပါတယ်။ ဒါ သူတို့ရဲ့ အလုပ်ပါ။ အဲဒီလို သတင်းယူရာမှာ ပဋိပက္ခဖြစ်နေတဲ့ ဘက်နှစ်ဘက်က တစ်ဘက်ဘက်ရဲ့ အကာအကွယ်ပေးမှုမရှိပဲ သတင်းယူရရင် ပိုပြီး အန္တရာယ်များပါတယ်။ ပဋိပက္ခအတွင်းမှာ ဘယ်သူကမှ အကာအကွယ်မပေးပဲ သက်စွန့်ဆံဖြား သတင်းယူရတဲ့အခါ သူတို့ရဲ့ သတင်းဖော်ပြမှုတွေမှာလည်း မှားယွင်းတာ၊ မပြည့်စုံတာ၊ ဘက်လိုက်တာတွေ ရှိနိုင်ပါတယ်။ အဲဒီမှာမှ ဘက်တစ်ဘက်က ဖြစ်စေ၊ နှစ်ဘက်စလုံးက ဖြစ်စေ သူတို့ကို အကာအကွယ်မပေးတဲ့အပြင် သူတို့ရဲ့ သတင်းယူမှုကိုပါ ကန့်သတ်ချုပ်ချယ်ရင်၊ တားမြစ်ရင် သူတို့ရဲ့ သတင်းတွေဟာ ပိုပြီး နာကျည်းအစွန်းရောက်တတ်ပါတယ်။ ဘက်တစ်ဘက်က သူတို့ကို အသိအမှတ်ပြု၊ လုံခြုံရေးအကာအကွယ်ပေးပြီး စစ်ကြောင်းများနဲ့ အတူတကွ လိုက်ပါ သတင်းယူခွင့်ပြုမယ်ဆိုရင် အဲဒီ သတင်းတွေက ပိုပြီး တိကျမှန်ကန်တတ်ပါတယ်။ သတင်းသမားအနေနဲ့ သူ့ကို အကာအကွယ်ပေးလို့ ဆိုပြီး အဲဒီဘက်ကို တမင်သက်သက် အကောင်းရေးမှာတော့ မဟုတ်ပါ။ သူမြင်တာကို လွတ်လပ်စွာ ရေးသား ဖော်ထုတ်ပါလိမ့်မယ်။ အဲဒီလို စစ်တပ်ဖွဲ့ တစ်ခုခုနဲ့ တရားဝင် အတူတကွ လိုက်ပါပြီး သတင်းယူခွင့်ပြုတာကို နိုင်ငံတကာကြက်ခြေနီ အဖွဲ့ကြီးက စစ်သတင်းထောက်များ (Embeded Journalists) လို့ ခေါ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း အစိုးရနဲ့ တပ်မတော်က တပ်မတော်စစ်ကြောင်းများနဲ့ အတူတကွလိုက်ပါသတင်းယူချင်တဲ့ ပြည်တွင်းပြည်ပ သတင်းမီဒီယာများကို တရားဝင် ဖိတ်ခေါ်သင့်ပါတယ်။ ရာနှုံးပြည့်မဟုတ်ပေမယ့် အတတ်နိုင်ဆုံး အကာအကွယ်ပေးမယ့်အကြောင်း အာမခံချက်ပေးပြီး လိုက်ပါလိုတဲ့ သတင်းသမားများကို တပ်မတော် စစ်ကြောင်းများနဲ့အတူ လိုက်ပါသတင်းယူခွင့်ပြုသင့်ပါတယ်။ အဲဒီလို ခွင့်ပြုရာမှာလည်း သူတို့တွေက တပ်မတော်အကြောင်း အကောင်းရေးဖို့ စည်းရုံးတာ မဟုတ်ပဲ လွတ်လပ်စွာ သတင်းရေးခွင့်ရှိကြောင်းကိုလည်း အာမခံရမှာပါ။ လုံခြုံရေးအတွက် အကာအကွယ်ရထားတဲ့ သတင်းထောက်များက စစ်မြေပြင် သို့မဟုတ် ပဋိပက္ခဖြစ်ပွါးရာ ဒေသမှာ ပိုပြီးခိုင်လုံတဲ့၊ မှန်ကန်တဲ့ သတင်းတွေကို ရေးသားဖော်ပြနိုင်ကြမှာပါ။ ကိုယ့်ဘက်က နိုင်ငံတကာက စွပ်စွဲသလို မတရားမှုတွေ ကျူးလွန်ခြင်းမရှိဘူးဆိုတာကို အတူလိုက်ပါလာတဲ့ သတင်းသမားများက သက်သေခံနိုင်ကြမှာပါ။

(၃) လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကို အတားအဆီးမရှိ ခွင့်ပြုခြင်း
ပဋိပက္ခဖြစ်ပွါးရာ ဒေသမှာ ဒုက္ခသည်တွေ အများဆုံး ရှိတတ်ပါတယ်။ အန္တရာယ်နဲ့ ဝေးရာဒေသကို ထွက်ပြေးလွတ်မြောက်သွားကြသူတွေအတွက် လူသားချင်းစာနာမှုအကူအညီများ အမြန်ဆုံး ပေးနိုင်ကြပေမယ့် ပဋိပက္ခဖြစ်ပွါးရာ ဒေသကိုတော့ အကူအညီများ အမြန်ဆုံး မရောက်ရှိနိုင်ပါ။ အကူအညီများ အချိန်မီ မပေးနိုင်တဲ့အတွက်ကြောင့် အသက်ဆုံးရှုံးမှုတွေ၊ ရောဂါဘယကပ်ဆိုက်မှုတွေ မလိုအပ်ပဲ ပိုပြီး များတတ်ပါတယ်။ အဲဒီလို မလိုအပ်ပဲ ဆုံးရှုံးမှုတွေ ကြီးမားရခြင်းအတွက် တာဝန်အရှိဆုံးက သက်ဆိုင်ရာ အစိုးရပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ နိုင်ငံတကာအစိုးရများက ပဋိပက္ခဖြစ်ပွါးရာဒေသကို လူသားချင်းစာနာထောက်ထားမှု အကူအညီများ အမြန်ဆုံး ပေးအပ်နိုင်ရေးအတွက် အစိုးရက အတားအဆီးမရှိ လမ်းဖွင့်ပေးဖို့ တောင်းဆိုတတ်ကြပါတယ်။ အဲဒီလို တောင်းဆိုတာလည်း သဘာဝကျပါတယ်။ အခုလည်း မြန်မာအစိုးရကို နိုင်ငံတကာအစိုးရများက ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသကို အကူအညီများ ပေးအပ်နိုင်ရေးအတွက် လမ်းဖွင့်ပေးဖို့ တောင်းဆိုနေကြပါတယ်။ လမ်းဖွင့်ပေးဖို့ တောင်းဆိုတယ်ဆိုတာ လမ်းပိတ်ထားလို့ပါ။ ဒါမှမဟုတ် လမ်းပိတ်ထားတယ်လို့ သူတို့ ယူဆလို့ပါ။

မြန်မာအစိုးရနဲ့ တပ်မတော်ကျတော့လည်း လုံခြုံရေးက ပထမဦးစားပေးဖြစ်ပါတယ်။ နယ်မြေ မအေးချမ်းမချင်း လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းတွေကို လမ်းဖွင့်ပေးဖို့ တွန့်ဆုတ်တတ်ကြပါတယ်။ ကယ်ဆယ်ရေးအဖွဲ့များကိုယ်တိုင် အကြမ်းဘက်သမားများရဲ့ တိုက်ခိုက်မှုခံရမှာ၊ ကယ်ဆယ်ရေးပစ္စည်းတွေ အကြမ်းဘက်သမားများရဲ့ လက်ထဲရောက်သွားမှာတွေကိုလည်း သဘာဝကျကျ ပူပင်ကြပါလိမ့်မယ်။

လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး အဖွဲ့အစည်းများဟာလည်း သတင်းသမားများနဲ့ အတူတူပဲ ဖြစ်ပါတယ်။ သတင်းသမားတွေက သူတို့ရဲ့ အသက်ကိုရင်းပြီး စစ်မြေပြင်မှာ သတင်းယူပြီး သတင်းသမား တာဝန်ကျေပွန်ချင်ကြတယ်။ ကယ်ဆယ်ရေးလုပ်သားတွေကလည်း သူတို့ရဲ့ အသက်ကို ရင်းပြီး မတည်ညိမ်တဲ့ ဒေသမှာ ဒုက္ခသည်တွေကို ကူညီပြီး လူသားချင်းစာနာထောက်ထားမှုတာဝန် ကျေပွန်ချင်ကြတယ်။ အစိုးရက တားသည်ဖြစ်စေ၊ မတားသည် ဖြစ်စေ သူတို့ကတော့ အဲဒီနေရာကို ရောက်အောင်သွားကြမှာပါ။ ဒါကြောင့်မို့ လုံခြုံရေးအခြေအနေ အကြောင်းပြပြီး သူတို့ကို တားမြစ်ထားမယ့် အစား သူတို့အတွက် လုံခြုံရေးအကာအကွယ်တွေပေးပြီး မတည်ညိမ်တဲ့ ဒေသကို သွားရောက်ကူညီခွင့်ပြုတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

နောက်တစ်ချက်က မကြာခင်မှာ မြန်မာအစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဒုက္ခသည်တွေကို သိန်းနဲ့ချီပြီး ပြန်လည် လက်ခံရတော့မှာပါ။ သူတို့အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးရတော့မှာပါ။ ငွေတွေ အများကြီးလိုအပ်ပါလိမ့်မယ်။ အစိုးရဘတ်ဂျက်နဲ့ လုံလောက်မှာ မဟုတ်ပဲ နိုင်ငံတကာအစိုးရများရဲ့ အထောက်အပံ့ကို အများကြီး လိုအပ်လာမှာပါ။ အဲဒီ အခြေအနေကို ကြိုမြင်ပြီး အခုကတည်းက နိုင်ငံတကာ အဖွဲ့အစည်းများရဲ့ အကူအညီကို စတင်လက်ခံသင့်ပါတယ်။

(၄) အရပ်ဘက်အဖွဲ့အစည်းများကို စည်းရုံးပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရနဲ့ အရပ်ဘက်အဖွဲ့အစည်းများရဲ့ ဆက်ဆံရေးဟာ အနည်းဆုံးအဆင့် မနွေးထွေးဘူးလို့ ပြောနိုင်ပါတယ်။ သမ္မထဦးသိန်းစိန် လက်ထက်ကမှ ဦးသိန်းစိန်နဲ့ အရပ်ဘက်အဖွဲ့အစည်းများ၊ ဦးသိန်းစိန်ရဲ့ ဝန်ကြီးများနဲ့ အရပ်ဘက်အဖွဲ့အစည်းများ မကြာခဏတွေ့ဆုံမှုတွေ ရှိခဲ့ပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရပ်ဘက်အဖွဲ့အစည်းများ တွေ့ဆုံမှု တစ်ကြိမ်မှ မရှိသေးပါ။ အရပ်သားအစိုးရသစ်က အရေးပေးဆက်ဆံတဲ့ အရပ်ဘက်အဖွဲ့အစည်းဆိုလို့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တစ်ခုပဲ ရှိပါတယ်။ ဒီမိုကရေစီလှုပ်ရှားမှုကြီးမှာ အတူတကွ ပါဝင်ခဲ့ကြတဲ့၊ ဖိနှိပ်မှုတွေကို အတူတကွ လက်တွဲရင်ဆိုင်ခဲ့ကြတဲ့ ရဲဘော်မိတ်ဆွေတွေ ဖြစ်ခဲ့ပေမယ့် အသွင်ကူးပြောင်းရေးကာလမှာတော့ အရပ်သားအစိုးရနဲ့ အရပ်ဘက်အဖွဲ့အစည်းများ စည်းလုံးညီညွတ်မှု မရှိတော့တာဟာ တိုင်းပြည်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီး ဖြစ်ပါတယ်။ သစ်ခုတ်သမားတွေနဲ့ ပန်းပုဆရာတွေကြား သံသယတွေ၊ နာကျင်မှုတွေနဲ့ နိုင်ငံတစ်ခုတည်းမှာ ဝေးကွာနေကြပါတယ်။ ဒါကြောင့် လက်ရှိအခြေအနေမှာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကို နိုင်ငံတကာက ပြင်းထန်တဲ့ ဖိအားများနဲ့ တိုက်ခိုက်နေချိန်မှာ အရပ်ဘက်အဖွဲ့အစည်းများက အဖွဲ့ချုပ်အစိုးရဘက်က အားဖြည့်ပေးခြင်း မရှိကြပါ။ ၈၈ မျိုးဆက်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ထောက်ခံကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဘက်က ရပ်တည်ကြောင်း တရားဝင် ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပေမယ့် နိုင်ငံတကာ သတင်းစာများအတွက် ထူးခြားတဲ့ သတင်းတစ်ပုဒ် မဖြစ်ခဲ့ပါ။ နိုင်ငံတကာ အထောက်အပံ့အကူအညီများ ရနေသော၊ နိုင်ငံတကာအဖွဲ့အစည်းများက အသိအမှတ်ပြုထားသော အရပ်ဘက်အဖွဲ့အစည်းများရဲ့ တိတ်ဆိတ်မှုကိုသာ အလေးပေးကြပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်ပြု၊ ထောက်ပံ့ကူညီနေတဲ့ ထင်ရှားတဲ့ အရပ်ဘက်အဖွဲ့အစည်းများ အားလုံးက ကိုယ့်အသိစိတ်နဲ့ကိုယ် စုဝေးပြီး ရခိုင်အရေးမှာ အစိုးရကို ထောက်ခံကြောင်း၊ ရိုဟင်ဂျာဆိုတာ မရှိကြောင်း၊ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်များကို လက်ခံကြောင်း၊ လူ့အခွင့်အရေးကို လေးစားပေမယ့် အကြမ်းဖက်သမားတွေကိုတော့ ရှုံ့ချကြောင်း ကြွေးကြော်ကြမယ်၊ နိုင်ငံတကာဧည့်သည်တွေနဲ့ တွေ့ဆုံခွင့်ရတိုင်း ဒီရပ်တည်ချက်ကို ခိုင်ခိုင်မာမာ ပြောဆိုကြမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းအပေါ် တိုက်ခိုက်နေတာတွေကို အတိုင်းအတာတစ်ခုအထိ တုန့်ပြန်နိုင်ပါလိမ့်မယ်။ ဒါပေမယ့်လည်း ဒီအဖွဲ့အစည်းအတော်များများက အစိုးရကို စိတ်ကောက်နေကြသလို အနောက်နိုင်ငံ ဖောင်ဒေးရှင်းများက ရနေတဲ့ အထောက်အပံ့တွေ ရပ်တန့်သွားမှာကိုလည်း စိတ်ပူကြတော့ သူတို့ဆန္ဒအလျောက် အစိုးရကို လူသိရှင်ကြား ထောက်ခံကြဖို့ဆိုတာ လွယ်မယ်မထင်ပါ။ အစိုးရကိုယ်တိုင်က ဒီအဖွဲ့အစည်းတွေနဲ့ နွေးထွေးတဲ့ ဆက်ဆံရေး တစ်ခု ပြန်လည် တည်ဆောက်ပြီး အမျိုးသားရေးကိစ္စကြီးမှာ အတူတကွ ရပ်တည်ကြဖို့ စည်းရုံးသင့်ပါတယ်။

(၅) ပြည်ပရောက် မြန်မာများကို စည်းရုံးပါ
မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုကြီးအတွင်းမှာ ပြည်တွင်းက ဒီမိုကရေစီအင်အားစုကြီးက အဓိက အခန်းကဏ္ဍက ဦးဆောင်လှုပ်ရှားခဲ့တာကို ပြည်ပရောက် မြန်မာများက အားဖြည့်ကူညီခဲ့ကြပါတယ်။ အထူးသဖြင့် အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ၊ ဥရောပသမဂ္ဂနိုင်ငံများ၊ ဂျပန်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ မလေးရှား၊ ထိုင်း၊ စင်္ကာပူ နိုင်ငံများကို ရောက်နေတဲ့ မြန်မာနိုင်ငံသားများဟာ အနည်းဆုံးအဆင့် ပြည်တွင်းက လှုပ်ရှားသူများကို ငွေကြေးထောက်ပံ့တာ၊ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြတာက စလို့ သက်ဆိုင်ရာနိုင်ငံတွေက အစိုးရတွေ၊ လွှတ်တော်တွေကို ချဉ်းကပ်ပြီး မြန်မာစစ်အစိုးရအပေါ် ဖိအားတွေပေးကြဖို့ စည်းရုံးလှုံ့ဆော်တဲ့ အထိ ပြည်တွင်းက ဒီမိုကရေစီလှုပ်ရှားမှုကြီးကို တတ်နိုင်သလောက် ပံ့ပိုးကူညီခဲ့ကြပါတယ်။ သူတို့တွေဟာ မြန်မာသံရုံးများရဲ့ မုန်းတီးခြင်း ခံခဲ့ရသူတွေ၊ နံမည်ပျက်စာရင်းထဲ ထည့်သွင်းခံခဲ့ရသူတွေပါ။

အသွင်ကူးပြောင်းရေးကာလရောက်တဲ့အခါမှာတော့ သူတို့ဘဝဟာလည်း ပြည်တွင်းက သစ်ခုတ်သမားတွေလိုပဲ ဖြစ်သွားပါတယ်။ မြန်မာသံရုံးများ ရှေ့မှာ ဆန္ဒမပြကြတော့ပေမယ့် မြန်မာသံရုံးများရဲ့ အသိအမှတ်ပြုခြင်းလည်း မခံကြရပါ။ လွန်ခဲ့တဲ့ နှစ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပခရီးစဉ်များမှာ ဝါရှင်တန် ဒီစီ၊ နယူးယောက်နဲ့ လန်ဒန်မြို့ကြီးများမှာ သက်ဆိုင်ရာ မြန်မာသံရုံးများရဲ့ အစီအစဉ်နဲ့ သံရုံးအဆောက်အအုံအတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသားအချို့ကို တွေ့ဆုံခဲ့ပါတယ်။ အဲဒီ တွေ့ဆုံပွဲတွေကို တက်ရောက်ခွင့်ရသူတွေက အရင် စစ်အစိုးရလက်ထက်ကထဲက မြန်မာသံရုံးနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား လူချမ်းသာများသာ ဖြစ်ပါတယ်။ အဲဒီ ပုဂ္ဂိုလ်တွေကို မြန်မာသံရုံးထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ရင်းရင်းနှီးနှီး ဆက်ဆံနေချိန်မှာ တချိန်က ဆန္ဒပြနေကျ မြန်မာတွေကတော့ သံရုံးရှေ့၊ လမ်းတစ်ဘက်ကနေ သူတို့ခေါင်းဆောင်ကို တွေ့ရနိုးနိုး စောင့်ဆိုင်းနေခဲ့ကြရပါတယ်။

အခု အဲဒီ မြန်မာတွေ လမ်းပေါ် ပြန်ရောက်လာကြပါပြီ။ လန်ဒန်မှာ ဗြိတိသျှအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနကို ဆန့်ကျင်ဖို့၊ နယူးယောက်မြို့ ကုလသမဂ္ဂအဆောက်အအုံရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း အင်အားပြဖို့၊ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ရိုဟင်ဂျာအရေး ကြွေးကြော်သူတွေကို တန်ပြန်ဆန္ဒပြဖို့၊ သူတို့ လမ်းပေါ် ပြန်ထွက်လာကြပါပြီ။

သူတို့ လမ်းပေါ် ပြန်ထွက်လာကြတာဟာ သူတို့ရဲ့ ကိုယ်ပိုင်ဆန္ဒနဲ့ ဖြစ်ပါတယ်။ မြန်မာသံရုံးများရဲ့ စည်းရုံးမှုကြောင့် မဟုတ်ပါ။ သူတို့ကို မြန်မာသံရုံးများက၊ ဒေါ်အောင်ဆန်းစုကြည်အစိုးရက အသိအမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ တိုင်းပြည်ရဲ့ အချုပ်အချာအာဏာနဲ့ အနာဂတ်ကို ထိပါးလာတဲ့ အမျိုးသားရေးပြဿနာကြီးမှာ သူတို့ နောက်ချန်မနေရစ်ခဲ့ကြပါ။ သူတို့ထက် အရေအတွက် အဆမတန် ပိုများတဲ့ ရိုဟင်ဂျာအုပ်စုများနဲ့ ယှဉ်ပြိုင်ပြီး အမှန်တရားအတွက် သူတို့ ဆက်လက် တိုက်ပွဲဝင်ကြပါလိမ့်မယ်။ တကယ်လို့များ မြန်မာအစိုးရက မြန်မာသံရုံးများမှ တဆင့် ပြည်ပရောက် မြန်မာများကို လေးလေးစားစား ဆက်သွယ်ပြီး စည်းရုံးမယ်ဆိုရင် သူတို့တွေဟာ မြန်မာပြည်သူများအတွက် အင်မတန်အားကိုးရတဲ့ ပြည်သူသံတမန်များ (Citizen Diplomats) ဖြစ်လာပြီး နိုင်ငံတကာမှာ ရိုဟင်ဂျာအရေး သမိုင်းအတုတွေနဲ့ ဝါဒဖြန့်မှုတွေကို တုန့်ပြန်နိုင်ကြပါလိမ့်မယ်။

(၆) ပြည်ပရှိ မြန်မာသံရုံးများကို အားဖြည့်ပါ။
ပြည်ပမှာ ရှိတဲ့ မြန်မာသံရုံးများဟာ မြန်မာအစိုးရရဲ့ ရှေ့တန်း တိုက်စစ်မှူးများ ဖြစ်ကြပါတယ်။ အခုလို မြန်မာနိုင်ငံကို တစ်ကမ္ဘာလုံးက ဝိုင်းမုန်းနေကြတဲ့ အချိန်မှာ သူတို့ဟာ ရောက်နေတဲ့ နိုင်ငံက အစိုးရတွေ၊ လွှတ်တော်အမတ်တွေ၊ မီဒီယာတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံနေကြရသူတွေပါ။ သူတို့ရဲ့ ခုခံကာကွယ်ရေးက အားကောင်းရင် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ အထင်အမြင်လွဲမှားမှုတွေကို အတိုင်းအတာ တစ်ခုအထိ လျှော့ချနိုင်ပါလိမ့်မယ်။ သူတို့ရဲ့ ခုခံအား မကောင်းရင်၊ ဒါမှမဟုတ် သူတို့ကိုယ်တိုင်က တိုင်းပြည်ဘက်ကနေ ခုခံကာကွယ်ရေး စိတ်မဝင်စားရင်၊ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ ပြစ်တင်ဝေဘန်မှုတွေ ပိုပြီး ကြီးမားလာပါလိမ့်မယ်။ ဒါကြောင့်မို့ မြန်မာအစိုးရက၊ အထူးသဖြင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ပြည်ပရှိ မြန်မာ သံရုံးများ၊ သံအမတ်ကြီးများကို စနစ်တကျ လမ်းညွှန်ဖို့၊ အားဖြည့်ပေးဖို့ လိုအပ်ပါတယ်။

လမ်းညွှန်ပေးဖို့ ဆိုရာမှာ မြန်မာ သံအရာရှိများအနေနဲ့ ရောက်ရှိနေတဲ့ နိုင်ငံရဲ့ အစိုးရနဲ့ လွှတ်တော်က အရေးကြီးသူတွေကို၊ သတင်းမီဒီယာတွေကို ချဉ်းကပ်နိုင်စွမ်းရှိဖို့၊ အဲဒီ အဖွဲ့အစည်းများနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ဖို့၊ အဲဒီနိုင်ငံမှာ ရှိတဲ့ မြန်မာအသိုင်းအဝိုင်းကို စည်းရုံးဖို့ စတဲ့ ညွှန်ကြားမှုတွေ ဖြစ်ပါတယ်။

အားဖြည့်ဖို့ ဆိုတာကတော့ သတင်းအချက်အလက်ပါ။ မြန်မာအစိုးရရဲ့ မူဝါဒ၊ လုပ်ငန်းစဉ်တွေနဲ့ ကြေညာချက်တွေကို နိုင်ငံအတွင်းမှာ ထုတ်ပြန်အပြီး နာရီပိုင်းအတွင်းမှာပဲ နိုင်ငံတကာရှိ မြန်မာသံရုံးများထံ အမြန်ဆုံး ပေးပို့နိုင်ဖို့ပါ။ အမေရိကန်နိုင်ငံနဲ့ မြန်မာနိုင်ငံကြား အချိန်အားဖြင့် ၁၂ နာရီကျော် ကွာခြားပါတယ်။ မြန်မာနိုင်ငံက အချိန် ပိုစောပါတယ်။ မြန်မာနိုင်ငံမှာ ဒီကနေ့ နေ့အချိန်ဟာ အမေရိကန်ပြည်ထောင်စုမှာ မနေ့က ညပါ။ အမေရိကန်ပြည်ထောင်စုမှာ နေ့တစ်နေ့စတဲ့အချိန်မှာ မြန်မာနိုင်ငံမှာ ညအချိန် ရောက်နေပါပြီ။ မြန်မာနိုင်ငံမှာ နေ့အချိန်မှာ အစိုးရက ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက မြန်မာသံရုံးများထံ ချက်ချင်း ပေးပို့ရင် မြန်မာနိုင်ငံရဲ့ ည၊ အမေရိကန်ပြည်ထောင်စုရဲ့ မနက်ခင်းမှာ မြန်မာသံအမတ်ကြီးဟာ မြန်မာနိုင်ငံက ပေးပို့တဲ့ သတင်းတွေကို ရပြီး ဖြစ်နေပါလိမ့်မယ်။ သူနဲ့ သံရုံးဝန်ထမ်းတွေက ဒီသတင်းအချက်အလက်တွေကို အမေရိကန် အစိုးရနဲ့ လွှတ်တော်က တာဝန်ရှိသူတွေဆီ ဆက်ပြီး ပေးပို့ကြမယ်ဆိုရင် အမေရိကန်အစိုးရနဲ့ လွှတ်တော်က တာဝန်ရှိသူတွေဟာ သူတို့ရဲ့ ရုံးတွေကို ရောက်တာနဲ့ တပြိုင်နက် မြန်မာနိုင်ငံဆိုင်ရာ သတင်းတွေကို မြန်မာအစိုးရကိုယ်စားလှယ်များ ပေးပို့ထားတာနဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြထားတာနဲ့ နှိုင်းယှဉ်ဖတ်ရှုနိုင်ကြမှာပါ။ သတင်းမီဒီယာခေတ်ကြီးမှာ အရင်ဦးဆုံး သတင်းပေးပို့နိုင်သူက အမြဲတမ်း အသာစီး ရတတ်ပါတယ်။ ဘယ်သူမဆို အရင်ဦးဆုံး ဖတ်ရတဲ့ သတင်းကို ပိုပြီး ယုံကြည်တတ်ကြပါတယ်။

လက်ရှိအခြေအနေမှာတော့ မြန်မာအစိုးရရဲ့ သတင်းထုတ်ပြန်ရေးအရည်အချင်းဟာ အတော်အားနည်းနေတာ တွေ့ရပါတယ်။ ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများဟာ မြန်မာအစိုးရရဲ့ ထုတ်ပြန်ကြေညာချက်တွေကို အချိန်အတော်ကြာပြီးမှ ရရှိကြပါတယ်။ စက်တင်ဘာလ ၁၉ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်ပြည်နယ်ပြသနာနဲ့ ပတ်သက်ပြီး အင်မတန်အရေးကြီးတဲ့ မိန့်ခွန်းကို မနက် ၁၀ နာရီမှာ ရုပ်မြင်သံကြားနဲ့ ရေဒီယိုများက တဆင့် အင်္ဂလိပ်ဘာသာနဲ့ ပြောပါတယ်။ အဲဒီနေ့ ညနေအထိ အဲဒီ မိန့်ခွန်းကို ပြန်ကြားရေးဝန်ကြီးဋ္ဌာနကရော၊ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ သတင်းထုတ်ပြန်ရေးကော်မတီကပါ အင်္ဂလိပ်လိုရော၊ မြန်မာဘာသာနဲ့ပါ ဖြန့်ချီနိုင်စွမ်း မရှိခဲ့ပါ။ ပြည်တွင်းမှာတောင် အများပြည်သူ ချက်ချင်းသိအောင် ဖြန့်ချီနိုင်စွမ်းမရှိတာမို့ ပြည်ပရှိ သံရုံးများထံ သတင်းအချက်အလက်များကို အချိန်မီ ပေးပို့အားဖြည့်ရေးမှာလည်း အားနည်းနေမှာ သေချာပါတယ်။ ပြည်တွင်းက အစိုးရရဲ့ သတင်းအချက်အလက် အားဖြည့်မှု မလုံလောက်သ၍ ပြည်ပနိုင်ငံများက မြန်မာသံတမန်များဟာ သူတို့ရဲ့ နိုင်ငံကို ထိထိရောက်ရောက် ကာကွယ်နိုင်စွမ်းရှိမှာ မဟုတ်ပါ။

(၇) တပ်နှင့် အစိုးရ ညီညွတ်ကြပါ။
စက်တင်ဘာလ ၁၉ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်အခြေပြု မိန့်ခွန်းပြောအပြီး ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူများ အသိုင်းအဝိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခိုင်မာပြတ်သားတဲ့ မူဝါဒတွေကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံအပေါ် နားလည်မှုတွေ ပိုရှိလာတယ်လို့ ဝမ်းသာအားရ ဝါဒဖြန့်နေကြပါတယ်။ တကယ်တော့ အဲဒီ ဝါဒဖြန့်ချီမှုတွေဟာ မမှန်ကန်ပါ။ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၁၉ ရက်နေ့မှာ မိန့်ခွန်းပြောအပြီး စက်တင်ဘာ ၂၀ ရက်နေ့မှာ ကျင်းပတဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ အထက်အဆင့်တက်ရောက်တဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ အမေရိကန်ပြည်ထောင်စူ ဒုသမ္မတ မိုက်ပင့်စ်က ရခိုင်ပြည်နယ်မှာ တွေ ဖိနှိပ်ခံနေရတာတွေအတွက် မြန်မာအစိုးရကို အပြစ်တင်ပြီး ရခိုင်ပြည်နယ်အရေးမှာ လုံခြုံရေးကောင်စီက ဝင်ရောက် အရေးယူသင့်ပြီလို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် အဲဒီသတင်းကို မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးဋ္ဌာနရဲ့ သတင်းစာတွေမှာ မဖော်ပြခဲ့ပါ။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းပြောအပြီး မြန်မာနိုင်ငံအပေါ်မှာရော၊ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာပါ နိုင်ငံတကာရဲ့ ပြစ်တင်ဝေဘန်မှုတွေက ပိုပြီး ကြီးမားလာတာပါ။ ကျနော်တို့ ပြည်သူတွေအနေနဲ့ အခြေအနေအမှန်ကို ရှင်းရှင်းလင်းလင်း သိနားလည်ဖို့ လိုပါတယ်။

ရိုဟင်ဂျာအဖွဲ့အစည်းတွေနဲ့ မွတ်ဆလင်နိုင်ငံများရဲ့ ဝါဒဖြန့်ချီမှုတွေက အားကောင်းနေဆဲမို့ ရှေ့ဆက်ပြီးတော့လည်း နိုင်ငံတကာ ဖိအားပေးမှုတွေက ပိုပြီး မြင့်မားလာဦးမှာပါ။ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် မွတ်ဆလင်ဒုက္ခသည်တွေကို ပြန်လက်ခံရတဲ့ အချိန်မှာ ဖိအားပေးမှုတွေ ပိုပြီးမြင့်မားလာပါလိမ့်မယ်။ မြန်မာအစိုးရက ၁၉၉၂ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံသဘောတူညီခဲ့တဲ့ အချက် ၄ ချက်နဲ့ပဲ စီစစ်ပြီး လက်ခံမယ်လို့ ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ နိုင်ငံတကာအစိုးရတွေကတော့ ဘာမှ စစ်ဆေးမနေပဲ အားလုံးကို ပြန်လည်လက်ခံဖို့၊ ပြီးတော့ အားလုံးကို နိုင်ငံသားအဆင့်အတန်းသတ်မှတ်ဖို့ တောင်းဆိုကြပါလိမ့်မယ်။ အဲဒီလို မတရား၊ မမျှတတဲ့ နိုင်ငံတကာဖိအားတွေကို ရင်ဆိုင်ခုခံနိုင်ဖို့ ပြည်တွင်းမှာ အားလုံးညီညွတ်ကြဖို့၊ အထူးသဖြင့် အရပ်သားအစိုးရနဲ့ တပ်မတော် ညီညွတ်ကြဖို့ အထူးလိုအပ်လှပါတယ်။

လက်ရှိအခြေအနေမှာလည်း အစိုးရနဲ့ တပ်မတော် အကြား မညီညွတ်မှုတွေကို တွေ့မြင်နေရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရပ်သားအစိုးရ ခေါင်းဆောင်များက ရခိုင်ပြည်နယ်အရေး နိုင်ငံတကာနဲ့ရော ပြည်တွင်းမှာပါ ဆွေးနွေးဖြေရှင်းနေကြချိန်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်မတော်ခေါင်းဆောင်များကလည်း သီးခြားဖြေရှင်းနေကြပါတယ်။ အတူတကွ ဖြေရှင်းနေတာ မဟုတ်ပါ။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောချိန်မှာလည်း တပ်ချုပ်က ခန့်ထားတဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်အရေး ဝန်ကြီးများအပါအဝင် အစိုးရအဖွဲ့ဝင် အားလုံးနီးပါး တက်ရောက်ကြပေမယ့် တပ်မတော်ကို ကိုယ်စားပြုတဲ့ ဒု-သမ္မတ (၁) ဦးမြင့်ဆွေ၊ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော်ခေါင်းဆောင်များ မတက်ရောက်ကြပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းထဲမှာလည်း တပ်မတော်နဲ့ ပတ်သက်ပြီး ရှောင်ပြောသွားတာ တွေ့ရပါတယ်။ နိုင်ငံရေးပါတီအချို့၊ ရခိုင်ခေါင်းဆောင်အချို့နဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အချို့က ရခိုင်ပြည်နယ်အရေး ထိထိရောက်ရောက် ဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးခေါ်ဖို့ တောင်းဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်အစိုးရက သဘောမတူပါ။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်အစိုးရနဲ့ တပ်မတော်အကြား ညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု မရှိတာ အထင်အရှားပါ။ ဒီလို ပုံစံနဲ့ ပြည်တွင်းပြသနာကို ပြေလည်အောင် ဖြေရှင်းနိုင်မှာ မဟုတ်တဲ့အပြင် နိုင်ငံတကာဖိအားတွေကိုလည်း တုန့်ပြန်နိုင်မှာ မဟုတ်ပါ။

တစ်ချိန်တည်းမှာပဲ အရပ်သားအစိုးရနဲ့ တပ်မတော်အကြား ပိုမိုကွဲပြားအောင် သွေးခွဲနေတဲ့ အဖျက်အမှောင့်အင်အားစုကြီး တစ်ခုကလည်း ရှိနေပြန်ပါတယ်။ ဒီ အင်အားစုကြီးက အရပ်သားအစိုးရ ပိုပြီး အခက်တွေ့အောင်၊ အားနည်းအောင်၊ လူထုကြားမှာ ဘာသာခြားမုန်းတီးမှုတွေ ပိုမိုကြီးမားလာပြီး တပ်မတော်အပေါ် အားကိုးယုံကြည်မှုတွေ ပိုပြီး မြင့်မားလာအောင် သွေးထိုးလှုံ့ဆော်နေကြတာပါ။

တကယ်တော့ ဒီလို နိုင်ငံတော်ရဲ့ အချုပ်အချာအာဏာကို အကြမ်းဖက်သမားတွေက ထိပါးနှောက်ယှက်လာတဲ့ အချိန်၊ ပြည်သူများအကြား စိုးရိမ်ပူပန်မှုတွေ မြင့်မားလာချိန်၊ မတရားမမျှတတဲ့ တောင်းဆိုချက်တွေနဲ့ နိုင်ငံတကာ ဖိအားပေးမှုတွေ အားကောင်းလာချိန်မှာ အရပ်သားအစိုးရနဲ့ တပ်မတော်ရဲ့ ညီညွတ်မှု၊ ဒီထက်ပိုပြီး အသေးစိတ်ပြောရရင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ခေါင်းဆောင် ဗခမက မင်းအောင်လှိုင်တို့ကြား အပြန်အလှန်နားလည်မှုနဲ့ ညီညွတ်မှုတွေ အထူးကို လိုအပ်ပါတယ်။ ပြီးတော့ ဒီခေါင်းဆောင်နှစ်ယောက်ဟာလည်း ဘယ်လောက်ပဲ ခံယူချက်တွေ၊ ရပ်တည်မှုတွေ ကွဲပြားကြပစေ နိုင်ငံတော်တစ်ခုလုံး အခြိမ်းခြောက်ခံနေရတဲ့ အချိန်မှာ တစ်ဦးကို တစ်ဦး အပြန်အလှန် လိုအပ်နေကြပါတယ်။

ရခိုင်ပြည်နယ်ပြသနာကို ဖြေရှင်းဖို့ အခုအချိန်မှာ အကောင်းဆုံး၊ အသင့်တော်ဆုံးနည်းလမ်းက ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်များကို လက်ခံပြီး လက်တွေ့ အမြန်ဆုံး အကောင်အထည်ဖော်ဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေကို လုံးဝသဘောမတူနိုင်တဲ့ အစွန်းရောက်အင်အားစုကြီး တစ်ခုက ရှိနေပြန်ပါတယ်။ ဒါကို ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်တွေမြို့မှာ နိုင်ငံတကာကြက်ခြေနီအဖွဲ့ရဲ့ အကူအညီပေးရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ စက်လှေကို ဝိုင်းဝန်းတိုက်ခိုက်တဲ့ လူအုပ်ကြီးက သက်သေပြနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ဖို့အတွက် တပ်မတော်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်ပါတယ်။ အစွန်းရောက်တွေရဲ့ အနှောက်အရှက်ပေးမှုတွေ ရှိနေမှာမို့ တပ်မတော်ရဲ့ ပူးပေါင်းဆောင်ရွက်မှု မပါပဲ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေကို ဒေါ်အောင်ဆန်းစုကြည် အပြည့်အဝ အကောင်အထည်ဖော်နိုင်မှာ မဟုတ်ပါ။ ဒါ့အပြင် နှစ်နိုင်ငံနယ်နမိတ်မှာ ခြံစည်းရိုးအပြည့်အဝ ကာရံပြီး နယ်စပ်ဒေသကို လုံခြုံစေဖို့၊ အကြမ်းဖက်သမားတွေရဲ့ နောက်တစ်ကြိမ် တိုက်ခိုက်မှုတွေကို ကာကွယ်နိုင်ဖို့၊ တပ်မတော်ဟာ အရပ်ဘက်ဥပဒေ၊ စစ်ဘက်ဥပဒေ၊ နိုင်ငံတကာ ဥပဒေများနဲ့ အညီ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေတယ်ဆိုတာ အသေအချာအာမခံနိုင်ဖို့ အတွက် တပ်မတော်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အထူးလိုအပ်နေပါတယ်။

တပ်မတော်အတွက်လည်း ဒေါ်အောင်ဆန်းစုကြည်ကို အခုအချိန်မှာ အထူးလိုအပ်ပါတယ်။ ရခိုင်ပြည်နယ်အရေးမှာ အကြမ်းဖက်သမားတွေကို ခြေမှုံးနိုင်မှုတွေကြောင့် တပ်မတော်ကို အားကိုးမျှော်လင့်ကြတဲ့ ပြည်သူတွေ အများကြီးရှိလာသလို တပ်မတော်အပေါ် သံသယရှိသူတွေလည်း အများကြီး ရှိပါတယ်။ ကြားဝင်သွေးခွဲကြတဲ့ ဘာသာရေး၊ လူမျိုးရေးအစွန်းရောက်တွေရဲ့ တပ်မတော်သာ အဓိက ဝါဒဖြန့်ချီမှုတွေကြောင့်လည်း တပ်မတော်အပေါ် သံသယရှိသူတွေ များလာပြန်ပါတယ်။ နိုင်ငံတော်ရဲ့ အချုပ်အချာအာဏာကို ခြိမ်းခြောက်ခံနေရချိန်မှာ တပ်မတော်က ဒေါ်အောင်ဆန်းစုကြည်နဲ့ အရပ်သားအစိုးရကို မထောက်ခံပဲ အားပြိုင်လှုပ်ရှားနေသ၍ တပ်မတော်အပေါ် လူထုထောက်ခံမှု အပြည့်အဝ မရနိုင်ပါ။ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တပ်မတော်အပေါ် စွပ်စွဲချက်တွေကို ဖြေရှင်းဖို့ နိုင်ငံရေးဩဇာ အလုံအလောက်ရှိသူကလည်း ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ပဲ ရှိပါတယ်။ ဒါကြောင့်မို့ ဒီအချိန်မှာ တပ်မတော်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောက်ခံမှုကို အထူးလိုအပ်ပါတယ်။

ကျနော်တို့အားလုံး မရှုံးသင့်ပါ။
၁၉ ရာစုနှစ်များအတွင်း အင်္ဂလန်နိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် ၄ ကြိမ်တိုင် တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့  ဝီလျံဂလက်စတုန်း (William Gladstone) ရဲ့ စကားတစ်ခွန်းရှိပါတယ်။ “နိုင်ငံတကာဆက်ဆံရေးနဲ့ ပတ်သက်ပြီး ကျွနုပ်ရဲ့ ပထမဆုံး မူဝါဒက ပြည်တွင်းမှာ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်နဲ့ အုပ်ချုပ်ဖို့ပဲ ဖြစ်တယ်” (Here is my first policy of foreign policy: Good government at home) လို့ ဆိုပါတယ်။ ကိုယ့်တိုင်းပြည်တွင်းမှာ ကောင်းမွန်မှန်ကန်မျှတစွာ အုပ်ချုပ်နေမယ်ဆိုရင် နိုင်ငံတကာ ဆက်ဆံရေးမှာ အထူးစိုးရိမ်နေစရာ မရှိပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗခမက မင်းအောင်လှိုင်၊ အရပ်သားအစိုးရနဲ့ တပ်မတော် ညီညွတ်မှုရပြီး ရခိုင်ပြည်နယ်ပြသနာအပါအဝင် ပြည်တွင်းအရေးကိစ္စတွေကို မှန်မှန်ကန်ကန် မျှမျှတတ ဖြေရှင်းနိုင်ကြရင်ဖြင့် နိုင်ငံတကာ ဖိအားပေးမှုတွေဟာ အထူးတလည်မဖြေရှင်းရပဲ ပျက်ပြယ်သွားမှာပါ။ ကြားဝင်သွေးခွဲနေတဲ့ အဖျက်အမှောင့်အင်အားစုကြီးလည်း အလိုလိုအားနည်းပျောက်ကွယ်သွားမှာပါ။ ပြည်သူလူထုအကြားမှာလည်း လုံခြုံမှု၊ စိတ်ချရမှု၊ ဘာသာ လူမျိုးမခွဲခြားပဲ အပြန်အလှန်ရိုင်းပင်းချစ်ခင်မှုတွေ ပြန်လည် တည်ဆောက်နိုင်ကြမှာပါ။ အဲဒီလို မဟုတ်ပဲ ခေါင်းဆောင်နှစ်ဦး ဆက်လက် အားပြိုင်နေကြမယ်။ အပြန်အလှန် သံသယတွေ ဆက်ရှိနေကြမယ် ဆိုရင်ဖြင့် ပြည်တွင်းမှာလည်း မဖြေရှင်းနိုင်တဲ့ ပြသနာတွေ ပိုမိုများပြား၊ ပြည်သူလူထုအကြား စိတ်ဝမ်းကွဲပြားမှုတွေ ပိုမိုမြင့်မားပြီး နိုင်ငံတကာ ဖိအားပေးမှု၊ စွက်ဖက်မှုတွေအောက်မှာ ကျနော်တို့ တစ်နိုင်ငံလုံး ရှုံးနိမ့်နိုင်ကြောင်းပါ။

လေးစားစွာ၊
အောင်ဒင်
စက်တင်ဘာ ၂၂၊ ၂၀၁၇
ရန်ကုန်

(ခေတ်ရနံ့ မဂ္ဂဇင်း ပုံနှိပ်မှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သူတို့အာဘော်, အောင်ဒင်

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်