စိုးခိုင်ညိန်း ● အရူးတို့ကမ္ဘာ

November 14, 2017
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

● အရူးတို့ကမ္ဘာ
(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၇

ပုံမှန်အားဖြင့် ကျွန်တော်က ညနေပိုင်းမှာ လက်ဖက်ရည်ဆိုင်။ လက်ဖက်ရည်ဆိုင်က ကျွန်တော်တို့ မြို့ထဲကိုဝင်တဲ့ လမ်းမ တန်းဘေးမှာ ဖြစ်ပါတယ်။ ဆိုင်ကခပ်သေးသေးပါပဲ၊ လူလည်း သိပ်ပြီးရှုပ်ရှုပ်ထွေးထွေးမရှိလှတာမို့ ကျွန်တော်က ဒီဆိုင်မှာပဲ စွဲထိုင်ဖြစ်ပါတယ်။ သောက်ရတဲ့ လက်ဖက်ရည်လည်း မဆိုးတာကြောင့်လည်း ပါပါတယ်။ စနေတနင်္ဂနွေလိုနေ့မျိုးမှာတော့ ဆိုင်မှာ ဘောလုံးပွဲ ပြတတ်တာမို့ လူနည်းနည်း ရှုပ်တတ်တာကလွဲလို့ ဆိုင်က အေးအေးဆေးဆေး ထိုင်လို့ကောင်းတဲ့ဆိုင်ဖြစ်ပါတယ်။

အဲဒီမှာ သူက မကြာခဏရောက်ရောက်လာတတ်တာ ဖြစ်ပါတယ်။ သူက ဆိုင်ထဲကိုတော့ဝင်မလာတတ်ပါဘူး။ ဆိုင်ရှေ့က လမ်းမပေါ် မှာ တင်ပလ္လင်ခွေထိုင်ပြီး သူ့မှာပါလာတဲ့စတီးဇလုံကိုသူ့ရှေ့မှာချပြီး သူက ဆိုင်ထဲကပြထားတဲ့တီဗွီကို ငေးကြည့်နေတတ်တယ်။ ကားတွေ ဆိုင် ကယ်တွေကတော့ သူ့ကို ရှောင်မောင်းသွားကြရတာပဲ။ သနားတတ်တဲ့လူတွေက သူ့ကို စားစရာ သောက်စရာ မုန့်ဘာညာစသည် သူ့ကို ပေးလေ့ ရှိကြတယ်။

သူ့ရဲ့ဆံပင်တွေက ဂုတ်အောက်ကို အတော်လေးရောက်နေပြီး ဖွာလန်ကျဲပြီး မွဲခြောက်ခြောက် ဖြစ်နေတယ်။ မှုတ်ဆိတ်မွှေး ထူလပျစ်နဲ့ သူ့ပုံစံက ရေမချိုးတာ အတော်ကြာနေတဲ့ပုံပါပဲ။ သူဝတ်ထားတဲ့အဝတ်အစားတွေကလည်း ချေးအထပ်ထပ်နဲ့ နဂိုမူရင်းအရောင်က ဘာအရောင်မှန်း မသိရတော့အောင်ပဲ မည်းတူး ညစ်ပေစုတ်ပြတ်သတ်နေပါပြီ။ ဒါပေမဲ့ သူ့ပုံစံကိုကြည့်ရ တာ သူ့ဘဝကို စိတ်ပျက်ငြီးငွေ့နေပုံမရပါဘူး။ သူ့ကြည့်ရတာ အေးအေးဆေးဆေးပါပဲ။ သူ့ဘဝအတွက် စိုးရိမ်နေတဲ့ပုံစံ၊ ချမ်းသာဖို့ လိုချင်တပ်မက်တဲ့ပုံစံစသည်လည်း သူ့မှာ မရှိပါဘူး။

သူ့ကိုကြည့်ပြီး ကျွန်တော်ကိုယ်ကိုယ့်ကို ပြန်စဉ်းစားကြည့်နေမိတယ်။ တခါ တခါမှာ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အားမလို အားမရ ဖြစ်ဖြစ်နေမိတယ်။ ကျွန်တော့်မှာ ဖြစ်ချင်တာတွေကလည်း အများသားပါပဲ။ အဲဒီဖြစ်ချင်တာတွေက ဘာတခုမှ ကောင်းကောင်းကန်းကန်း ဖြစ်မလာတော့ ကိုယ့်ဟာကိုယ် စိတ်ပျက်နေမိတတ်ပါတယ်။ သူ့ဘဝသူ့ရှင်သန်မှုကိုကြည့်ပြီး ကိုယ့်ဘဝကို ပြန်ပြီးသတိတရားနဲ့ဆင်ခြင်မိပြီး လိုချင်မှုလောဘတွေကို တတ်နိုင်သမျှ ချိုးနှိမ်ပြီး ကိုယ့်ရဲ့လက်ရှိရရှိနေတဲ့ ဘဝကို ကျေနပ်စရာဖြစ်အောင် ကြိုးစားဆင်ခြင်နေမိတယ်။

ကျွန်တော်နေခဲ့ဖူးသမျှမြို့တိုင်းလိုလိုမှာ အရူးတယောက်မဟုတ်တယောက်ကတော့ရှိနေတတ်တာ သတိထားမိတယ်။ တွေ့ ရသလောက်တော့ သူတို့ဟာ တယောက်နဲ့တယောက် ပုံစံချင်းတော့မတူကြပါဘူး။ သူတို့ရဲ့အဝတ်အစားတွေ ပေတေစုတ် ပြတ် ညစ်ပတ်တာချင်းတော့ တူပါတယ်။ တချို့ကလက်ထဲမှာ ခွက်တွေပလုံးတွေပါတယ်။ တချို့ကလက်ထဲမှာ ပလပ်စတစ် အိတ်တွေ၊ ရေသန့်ဗူးခွံတွေ၊ တံမြက်စည်းအစုတ် အပြတ်တွေပါတယ်။ တချို့က စုတ်ပြတ်နေတဲ့လွယ်အိတ်ကြီးထဲမှာ တွေ့ ကရာ ကောက်ထည့်ထားတဲ့ အမျိုးစုံတဲ့ပစ္စည်းတွေပါတယ်။ တွေ့ဖူးသမျှအရူးတွေကတော့ အမျိုးမျိုးပါပဲ။

သူတို့နဲ့စကားပြောကြည့်လိုက်ရင်လည်း သူတို့ ပြောစကားတွေဟာ စိတ်ဝင်စားစရာကောင်းပါတယ်။ သူတို့ရဲ့စကားတွေဟာ တခါတခါ အဆက်အစပ်မရှိသလို အဓိပ္ပာယ်လည်း ရှိချင်မှရှိမှာပါပဲ။ ဒါပေမဲ့ သူတို့ဟာ လိမ်ညာပြီးလုပ်ကြံပြောဆိုနေတာတော့ မဟုတ်ပါဘူး။ သူတို့စိတ်ထဲ ခံစားမိတဲ့အတိုင်း ပေါ်လာသလို ပြောနေတာပဲ ဖြစ်ပါတယ်။ အဲဒါကိုက နားထောင်ရတဲ့ ကျွန်တော့်အဖို့ စိတ်ဝင်စားစရာဖြစ်နေတော့တာပါပဲ။ သူတို့ ဟာ ပြောနေရင်းကနေပဲ တခါတလေ ဟားတိုက်ရယ်မောလိုက်၊ တခါတလေ အော်ဟစ်ဆဲဆိုလိုက်၊ တခါတလေ တဟီးဟီးငိုလိုက်နဲ့ သူတို့ရဲ့ ခံစားမှုတွေဟာ မှန်းဆရခက်ပါတယ်။

တခါက ကလေးတယောက်နဲ့အရူးမကြီးတယောက်ကိုတွေ့တုန်းက “ဒီကလေးလေးက ဘယ်သူနဲ့ရတာလဲ” လို့ မေးကြည့်မိ လို့ “အောင်မာ ဘာအခုမှမသိချင်ယောင် ဆောင်နေတာလဲ၊ ငါ့မှာ ဘယ်သူနဲ့ရှိမှာတုန်း၊ နင်နဲ့ရတဲ့ကလေးလေ၊ နင်နဲ့ရတဲ့ ကလေးပေါ့” လို့ အော်ဟစ်ပြောဆိုနေလို့ ကျွန်တော့်မှာ မနည်းထွက်ပြေးခဲ့ရဖူးတယ်။

တယောက်ကတော့ အခုလို ပြောနေပြန်တယ်။ “လူတွေက ကျုပ်ကို ခင်ဗျားက စကားအရမ်းပြောနိုင်တယ်နော်တဲ့ စကားပြောလည်း အရမ်းကောင်းတယ်လို့ ပြောကြတယ်။ ကျုပ်က ဟိုအရင်က စာအရမ်းဖတ်တာဗျလို့ ပြောပြရတယ် ကျုပ် က မရောက်ဖူးတဲ့အရပ်လည်း မရှိဘူး၊ မလုပ်ဖူးတဲ့အလုပ်လည်းမရှိဘူး အတွေ့အကြုံတွေကများနေပြီ ဟိုခေတ်တုန်းက ကျုပ်က တက္ကသိုလ်မှာ ပါမောက္ခလေ။ အဲဒီတုန်းက ခေတ်ကောင်းဆိုတော့ ကြော့နေအောင်နေခဲ့တာ နေရာအနှံ့ ကျုပ် တပည့်တွေအများကြီးဗျ၊ ဝန်ကြီးဌာနတွေမှာ အကြီးအကဲတွေတောင်ပါသေးတယ်။ နောက်တော့ တိုင်းပြည်လည်းပျက် ကျုပ်လည်း ဘဝပျက်ပြီး လွင့်စင်သွားတော့တာပဲ အဲဒီကတည်းက နာလံမထူနိုင်တာ အခု ခင်ဗျားမြင်တဲ့အတိုင်းပဲလေ။ ဒါ ပေမဲ့ ကျုပ်အားမလျှော့ပါဘူး၊ ခေတ်ကောင်းမဲ့ တနေ့ကိုထိုင်စောင့်နေတာ ခေတ်ကောင်းရောက်မဲ့တနေ့ ကျုပ်ပြန်လာခဲ့ပါမယ်” တဲ့။ သူက အဲဒီလို ပြောပြီး ဗိုလ်ချုပ်ပုံပါတဲ့ ငါးကျပ်တန်လေးတွေကို ထုတ်ပြတယ်။ ဒီမယ်ဗျ ကြည့်၊ ဒါ ကျုပ်လုပ်အားခနဲ့ရတဲ့ ပိုက်ဆံတွေပေါ့ဗျ..တဲ့။ သူဟာ တကယ့်ကို ရိုးရိုးသားသားနဲ့ ခံစားမှုနဲ့ကို ပြောနေတာပါ။ သူ့ရဲ့သမိုင်းကြောင်းနဲ့ သူတော့ ရှိမှာပေါ့လေ။

အရူးတွေမှာ ဆိုင်ရာဆိုင်ရာအသီးအသီး မြစ်ဖျားခံခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာခံစားမှုတွေကတော့ ရှိကြမှာပါပဲ။ တယောက်နဲ့ တယောက်က တော့ မြစ်ဖျားခံရာပုံစံချင်းတော့ မတူနိုင်ဘူးပေါ့။ လူ့စိတ်ဆိုတာကလည်း အမြဲတည်ငြိမ်နေတတ်တဲ့အရာမဟုတ်တော့ တခါတရံမှာ ချစ်စိတ်၊ မုန်းစိတ်၊ ဝမ်းနည်းစိတ်၊ ဝမ်းသာစိတ်၊ ကြောက်စိတ်၊ မနာလိုတဲ့စိတ်စသည်အားဖြင့် မျောက်စိတ်လို အစဉ်အမြဲ ပြောင်းနေတတ်တဲ့သဘောရှိပါတယ်။

တစုံတခုစိတ်ခံစားမှုရုတ်တရက် အလွန်အကျွံခံစားလိုက်မိတာကနေလည်း စိတ်ကစဥ့်ကလျားဖြစ်ပြီး စိတ်ရောဂါရသွားနိုင် တာပါပဲ။ တချို့ ကြတော့လည်း အရက်သေစာကို အလွန်အကျွံသောက်စားကြလို့ အရက်မှာပါတဲ့ အရက်ပျံကြောင့် ဦး နှောက်အင်အား ကုန်ခမ်းနွမ်းနယ်လာတဲ့အတွက်ကြောင့် စိတ်ပိုင်းဆိုင်ရာ ဝေဒနာစွဲကပ်သွားတတ်တယ်လို့ ဆိုပါတယ်။ တချို့ကတော့ ငယ်စဉ်က မိဘနဲ့သားသမီးဆက်ဆံပုံ မှားယွင်းမှုကြောင့် စိတ်ဒဏ်ရာရပြီး ကြောင်တောင်တောင်ဖြစ်ကာ စာရိတ္တပျက်ပြားသွားတတ်တယ်လို့လည်း တွေ့ရပါတယ်။

တချို့ကလည်း ပယောဂလုပ်ခံရလို့၊ စုန်းကဝေပြုစားခံရလို့ စသည်အားဖြင့် အမျိုးမျိုးပြောကြတဲ့သူတွေလည်း ရှိပါတယ်။ အဲဒီလိုမျိုး ပြုစားခံရလို့ ရူးတဲ့သူတွေကိုကုပေးနေတဲ့ရွာတရွာကို လွန်ခဲ့တဲ့ဆယ်နှစ်လောက်က ရောက်ခဲ့ဖူးပါတယ်။ အဲဒီမှာ ဆရာလုပ်တဲ့သူက ဒါဟာ မကောင်းဆိုးဝါးပူးဝင်နေတာပဲဆိုပြီး ရက်ရက်စက်စက်ရိုက်နှက်နေတာ တွေ့ရပါတယ်။ တချို့အရူး တွေကိုတော့ သစ်ပင်မှာ ကြိုးနဲ့တုတ်ထားတာ တွေ့ရတာပါပဲ။ တချို့လည်း ရောဂါပျောက်သွားတဲ့ သူလည်းရှိသလို မ ပျောက်ပဲ ပိုပြီးရူးသွားတာတွေလည်း ရှိတယ်လို့ ဆိုတယ်။

တချို့က ရူးတာတော့လည်း မဟုတ်ဘူး၊ ဒါပေမဲ့ ပုံမှန်စိတ်လည်း မဟုတ်ဘူး။ စိတ်အားချို့တဲ့ခြင်း၊ ကျပ်မပြည့်တာလို့ပဲ ခေါ်ရမှာပေါ့။ စိတ်အားချို့တဲ့တာနဲ့ရူးသွပ်တာက မတူပါဘူး။ ရူးသွပ်တဲ့အဆင့်က စိတ်က ဖောက်ပြန်သွားတဲ့အဆင့်ဖြစ်တယ်။ စိတ်အားချို့တဲ့ခြင်းမှာ စိတ်နှမ်းခြင်း၊ စိတ်နုံ့ခြင်း၊ စိတ်အားပျော့ခြင်းဆိုပြီး သုံးမျိုးရှိတယ်လို့ ဆိုတယ်။ စိတ်နှမ်းခြင်းဟာ ဝမ်းတွင်းပါတဲ့ စိတ်နှမ်းခြင်းမျိုးလည်း ရှိသတဲ့။ သူတို့ဟာ အရွယ်ရောက်ပေမဲ့လည်း သာမာန်သုံးနှစ်သားကလေးငယ်လောက်ရဲ့ အသိဉာဏ်လောက်ပဲရှိပြီး ကိုယ်တိုင်းဝတ်တတ်စားတတ်ခြင်းမျိုး မပြုလုပ်နိုင်ဘူးလို့ ဆိုတယ်။

အရူးတွေအကြောင်း တောင်စဉ်ရေမရစဉ်းစားနေမိရင်းကနေ ဆရာမြသန်းတင့်ဘာသာပြန်တဲ့ “အရူးစကား” ဆိုတဲ့ အက် ဆေးလေးတပုဒ် ဖတ်ခဲ့ဖူးတာ သတိရလိုက်မိတယ်။ အဲဒီအက်ဆေးလေးထဲမှာ  အရူးတယောက် သူတို့နားရောက်လာတာ နဲ့ပတ်သက်ပြီး ပြောတဲ့စကားလေးကို ကျွန်တော်သဘောကျနေမိတယ်။ ဘာတဲ့၊ “မြို့ကိုသွားတုန်းကတော့ အကောင်း ပကတိပဲကွ၊ မြို့က ပြန်လာတော့မှ ရူးလာတာ၊ ဘယ်လိုဖြစ်လာ သလဲတော့မသိဘူး။ မင်းတို့က မြို့မှာနေတော့ င့ါကို ပြောကြစမ်းပါဦး၊ မင်းတို့မြို့မှာ လူကောင်းတွေကို အရူးဖြစ်သွားအောင်လုပ်တဲ့ အရူးထောင်တို့၊ ဘာတို့များရှိသလား” တဲ့။

ကျွန်တော့်မှာဖတ်ရင်းနဲ့ကို ရယ်လိုက်မိတယ်။ အဲဒီအထဲက ကျွန်တော်တို့အားလုံးလည်း ရူးနေတာပဲလို့ ကောက်ချက်ချ ပြောတဲ့ စကားကိုလည်း ကျွန်တော် တော်တော့်ကိုသတိကျမိပါတယ်။ “အမှန်က ရူးနေတာက ကျွန်တော်တို့ရူးနေတာဗျ၊ အဲဒီလူက ရူးနေတာမဟုတ်ဘူး။ ကျွန်တော်တို့က စိတ်ထဲရှိတာကိုမပြောရဲကြဘူး။ လုပ်လည်းမလုပ်ရဲကြဘူး။ ကျွန်တော်တို့ အလုပ်နိုင်ဆုံးက ဟန်ဆောင်ရုံပဲတတ်တယ်။ ကျွန်တော်တို့ သူ့ကိုမပြိုင်နိုင်ဘူး၊ သူက စိတ်ထဲရှိတာကို ပြောတယ်။ လုပ်ချင်ရ လည်း ကောက်လုပ်တတ်တယ်။ ကျွန်တော်တို့မှာ အဲဒီလို ရိုးသားဖြောင့်မတ်မှု မရှိဘူး။ ကျွန်တော်တို့ရဲ့ချုပ်တည်းထားရတဲ့အပြုအမှုတွေနဲ့ သူ့ရဲ့ပွင့်လင်းဗြောင်ကျတဲ့အပြုအမှုကို နှိုင်းယှဉ်ကြည့်လိုက်ရင် ရူးတာဟာ သူမဟုတ် ဘဲ ကျွန်တော်တို့တတွေ ဖြစ်တယ်လို့ ပြောနိုင်တယ်” တဲ့။

ဟုတ်ပါတယ်။ ပုထုဇ္ဖနော ဥမ္မတ္တကောဆိုတဲ့အတိုင်း ကျွန်တော်တို့ပုထုဇဉ်တွေဟာ တခုမဟုတ်တခုနဲ့ ရူးနေကြတာပါပဲ။ တချို့က အခွင့် အာဏာနဲ့ရူးတယ်။ တချို့က ငွေကြေးဥစ္စာစည်းစိမ်နဲ့ ရူးတယ်။ တချို့က အချစ်ကိစ္စနဲ့ရူးတယ်။ တချို့ ဂုဏ် ပကာသနနဲ့ ရူးတယ်။ အားလုံးကတော့ ကိုယ်ယုံကြည်ရာ တခုခုနဲ့ရူးနေမိကြတာပါပဲ။ တကယ့်အရူးနဲ့ကွာတာကတော့ ကျွန်တော်တို့က သူတို့လို လွတ်လွတ်လတ်လတ် ပွင့်ပွင့်လင်းလင်း မရှိ၏ဘူး။ ကျွန်တော်တို့က ကိုယ်ရူးတာကို ဟန်ဆောင် တယ်။ ဖုံးကွယ်တယ်။ မရူးချင်ယောင်ဆောင်တယ်။ ဒါပဲ ကွာပါတယ်။

တခါက အရူးတွေချည်းပဲစုပြီးနေတဲ့ကမ္ဘာထဲကို လူကောင်းတယောက် ရောက်သွားတယ်တဲ့။ အဲဒီမှာအရူးတွေက သူတို့နဲ့ နေပုံ ထိုင်ပုံ ပြောပုံ ဆိုပုံ မတူလို့ဆိုပြီး သူ့ကို “ဒီမှာ အရူးတယောက်ဟေ့  အရူးတယောက်ဟေ့” လို့ ဝိုင်းအော်ကြတယ်။ အဲဒါနဲ့လူကောင်းက အရမ်းရှက်ပြီး အရူးတွေ ရဲ့ပုံစံအတိုင်း လိုက်တုပြီးနေထိုင်တဲ့အခါ အရူးတွေက “ဒီအရူးက ငါတို့ပုံစံကို တုပပြီးနေတယ်၊ အတုတော့မခံဘူး၊ ပုံစံပြောင်းပြီးနေကြမယ်” ဆိုပြီး မခံမရပ်နိုင်ဖြစ်ကာ လူကောင်းတယောက်ရဲ့ပုံစံအတိုင်း ပြောင်းလဲပြီး နေထိုင်ကြတယ်။ အဲဒီတော့မှပဲ ရောက်လာတဲ့ လူကောင်းဟာ သွက်သွက်ခါအောင် ရူးသွားတော့သတဲ့။ ။

စိုးခိုင်ညိန်း
အောက်တိုဘာ ၂၁၊ ၂၀၁၇။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်