မောင်စွမ်းရည် – မင်းသစ် အလွမ်းစာ

November 15, 2017


မောင်စွမ်းရည် – အလွမ်းစာ

(မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇

မင်းသစ် အဆုတ်ကင်ဆာနဲ့ ဆေးရုံတင်ထားရတယ်ဆိုတာကို မုံရွာကဗျာဆရာ ခက်သီက သတင်းပေးပါတယ်။ သူ့ကဗျာစာအုပ်ကို မင်းသစ်ရဲ့အမှာစာနဲ့ ထုတ်မှာလို့လဲ သတင်းပေးပါတယ်။ ‘မင်းစာအုပ်ရဲ့အမှာစာဟာ သူ့နောက်ဆုံးလက်ရာဖြစ်မယ်။ အမှတ်တရ ဖြစ်အောင် ဆောင်းပါအဖြစ်ရေးပြီး ဖေ့စ်ဘုတ်မှာဖြစ်ဖြစ်တင်ပါ’ လို့ ကျွန်တော်တိုက်တွန်း လိုက်ပါတယ်။ ခက်သီရဲ့ကဗျာစာအုပ်ကလည်း မင်းသစ် ဆေးရုံတက်စဉ်မှာပဲ ထွက်ခဲ့ပါပြီ။

မင်းသစ်ကွယ်လွန်လို့မှာ မိနစ်ပိုင်းရှိဦးမယ်။ ဖေ့ဘုတ်ပေါ်မှာ မင်းသစ်နာမည်တွေ ဖတ်လို့မနိုင်အောင် တက်လာခဲ့ပါတယ်။ မင်းသစ် ဟာ သူတစ်ပါးကိုကူညီတတ်ကြောင်း၊ ဘယ်သူတွေကိုဖြင့် ဘယ်လိုရက်ရက်ရောရော ကူညီပေးခဲ့ဖူးကြောင်း။ ကျွန်တော့်ကို ဘယ်တုန်းက ကျွန်မကို ဘယ်လို စဖြင့် ဖတ်လို့မဆုံးနိုင်အောင် ရေးလာကြတာတွေ့ရပါတယ်။ မှန်ပါတယ်။ မင်းသစ်ဆိုတာ ကျွန်တော်တို့တတွေနဲ့ အထူးချစ်ခင်ခဲ့တဲ့ ညီလေး တစ်ယောက်ပါ။ ဘက်စုံတော်တဲ့ ညီလေးတစ်ယောက်ဖြစ်သလို ဗွက်စုံတိုးတဲ့ လူပေလူတေလေး တစ်ယောက်လည်း ဖြစ်ပါတယ်။

ကျွန်တော်တို့ မန်းတက္ကသိုလ်ရှိစဉ်မှာ သူကနောက်ကကပ်ရောက်လာတဲ့အစုထဲမှာ ပါဝင်ပါတယ်။ ကျွန်တော်တို့ဆိုတာ မောင်သာနိုး၊ တင်မိုး၊ မောင်သိန်းနိုင်၊ ကြည်အောင်၊ မောင်မိုးသူ၊ ဇော်ဇော်အောင်၊ မောင်စွမ်းရည် စတဲ့ ကဗျာသမား စာသမားများရဲ့နောက်ကပေါ်ထွက်လာခဲ့တဲ့ စာသမားလေးတစ်ဦးဖြစ်ပါတယ်။ နာမည်ရင်းက မြတ်သူတဲ့။ သူနဲ့အတူ မြင်းခြံက မြတ်သူတစ်ယောက်လည်းရောက်လာခဲ့လို့ မကြာခဏဆိုသလို လူမှားတတ်တာကိုလည်း သတိရမိပါတယ်။ နှစ်ဦးလုံး “တပ်ဦး”ရဲ့ရဲဘော်တွေချည်းပါပဲ။ မင်းသစ်က စစ်ကိုင်းမြတ်သူပေါ့။ တက္ကသိုလ်ရောက်လို့မှ မကြာခင် သူတို့အစုထဲမှာ သူက ထပြီး “အညာပုလွေ ကဗျာများ” ဆိုတာ ထုတ်ပါတယ်။ စစ်ကိုင်းမြတ်သူက ထုတ်တာပေါ့။ ကျွန်တော်တို့ရဲ့ နောက်အုပ်စုထဲက ရေဦးမြင့်မောင်(ပညာတန်ဆောင်) တို့လည်း ပါတာကို သတိရမိပါတယ်။ ဒါပေမယ့် အစုချင်းမတူပါ။ မင်းသစ်တို့က သိပ္ပံသမား၊ အင်္ဂလိပ်စာသမားတွေ။ ရေဦးမြင့်မောင်တို့က ၀ိဇ္ဖာသမား၊ မြန်မာစာသမားတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့တုန်းက မောင်သာနိုး၊ မောင်စွမ်းရည်၊ မောင်မိုးသူ တို့က သိပ္ပံသမားတွေ။ တင်မိုး၊ မောင်သိန်းနိုင်၊ ကြည်အောင်တို့က ၀ိဇ္ဇာသမားတွေ။ မတူကြပေမဲ့ ကျွန်တော်တို့က တစ်စုတည်း။ သူတို့ကျ တတွဲစီနေခဲ့ကြပါတယ်။ သိပ်မတွဲကြပါဘူး။

မင်းသစ်က နေရာတကာ စပ်စပ် စပ်စပ် လုပ်ပါတယ်။ မောင်မိုးသူလိုပဲ စပ်စပ်သမားတွေက ရန်ကုန်ကို အရင်ဆင်းလေ့ရှိပါတယ်။ ၀င်းဖေနဲ့ မိုးသူ။ အငယ်ပိုင်းက မင်းသစ်။ မောင်သာရကတော့ အစောဆုံးပေါ့။ ရုပ်ရှင်လိုလို ဘာလိုလို။ အယ်ဒီတာလိုလို ။ ထုတ်ဝေသူလိုလို။ မင်းသစ်ကတော့ ကျူရှင်လောကကိုပါ သူ့ဆရာ မောင်သိန်းနိုင် အပြိုင်တိုးခဲ့ပြီး ဘိုင်အိုမင်းသစ်လို့ ထင်ရှားခဲ့သူ။ မောင်သိန်းနိုင်လိုပဲ အညာတကြော လေယာဉ်နဲ့နေ့ချင်းပြန် ကူးပြီး ကျူရှင်ပေးတယ်လို့ ဟန်ကြီးပန်ကြီးလုပ်ခဲ့သူတဦးပါ။ တစ်ခါတော့ ဂုဏ်ထူးကြီးက သူ့ကို ‘စာလာဝင်သင်စမ်းကွာ ငါ့မောလို့’ ဆိုပြီး ခိုင်းမိတယ်။ မင်းသစ်က မြန်မာစာကိုလည်း ဂုဏ်ထူးကြီးနဲ့လေနဲ့ အကွက်ဝင်အောင် သင်နိုင်သူ ဖြစ်ပါတယ်။ အဲဒီကာလက ‘ဘာ’ မေးခွန်းနဲ့ သင်တာခေတ်စားတယ်။ ‘ဘာဒုန်းသိန်းနိုင်’။ ‘ဂုဏ်ထူးသိန်းနိုင်’ ဆိုတာ အထပ်ထပ်မေးပြီးသင်တော့ ကျောင်းသားတွေက ဂုဏ်ထူးကို တစ်ချောင်းငင် ဖြုတ်အော်ကြလို့ အပြင်က ဂုဏ်ထူးကြီးက ကပျာကလျာဝင်ပြီး မောင်မင်းသစ်ကို ကျေးဇူးတင်ပါတယ်။ နားပါတော့ဆိုပြီး ဆွဲထုတ်ခဲ့ရတယ်။

သူ ကျူရှင်ပြတုန်းက ‘မင်းရှာနေတဲ့ မင်းသစ် က ဒီမှာ’ ဆိုပြီး ဆိုင်းဘုတ်တင်ပါတယ်။ ထောက်လှမ်းရေးက သူ့ကို နိုင်ငံရေးနဲ့လိုက်ရှာတော့ ‘ဒို့ရှာနေတဲ့ မင်းသစ်က ဒီမှာ’ ဆိုပြီး ၀င်ဖမ်းတာခံရဖူးတာလည်း နာမည်ကျော်ကိစ္စတစ်ရပ်ပါ။ ဦးနေ၀င်းနဲ့ ဆွေမျိုးတော်လို့ အမြန်လွတ်မြောက်လာခဲ့တာပါ။ သူဟာ ကျူရှင်နဲ့အောင်မြင်ပေမယ့် မမြဲပါဘူး။ အကုန်လျှောက်လုပ်ပါတယ်။ အိန္ဒိယနယ်စပ်ကို အရောင်းအ၀ယ်သွားလုပ်တယ်ဆိုတာမျိုးလည်း ပါ ပါတယ်။ သူငွေရလာတာ အိတ်ကြီးနဲ့တစ်လုံးပါ။ သူ ဦးခိုက်လေ့ရှိတာက သူ့မိဘကိုချစ်တဲ့ သူ့ဆရာတင်မိုးပါ။ ငွေထုပ်ပိုက်ပြီး တင်မိုးရဲ့ဇနီးဆီ ငွေထုပ် ထိုးအပ်တာပါ။ ထိုးအပ်တယ်ဆိုတာက အ၀တ်ဗီရိုထဲကို ငွေထုပ်ထိုးထည့်ခဲ့ပြီး သွားချင်ရာသွားတာပါ။ တော်တော်နဲ့ ပြန်မပေါ်တတ်လာပါဘူး။ သမ္မတဟိုတယ် တက်နေတယ်ဆိုတာ မောင်သာရ အရင် မင်းသစ်က အရင်လုပ်ခဲ့တာပါ။ မင်းသစ်က သူငွေရွှင်ရင် အပေါင်းအသင်းရှိသမျှ ကျားမ ကြီးငယ်မရွေး ခေါ်ကျွေးတာပါ။ (မောင်သာရကတော့ ဘယ်သူ့မှမကျွေးပါ)။ မင်းသစ်ကတော့ ‘ရှိ ပူရသေး။ ကုန်မှအေး’ ဆိုတာမျိုးလုပ်သူပါ။ ‘မရှိခဏ။ ရှိခဏ’ ဆိုတာမျိုးပါ။

တစ်ခါက လှိုင်မြို့နယ်၊ စွပ်ကျယ်စက်လမ်းထဲမှာ ထင်ပါတယ်။ ဗိုလ်နေ၀င်းကတော် ဒေါ်နီနီမြင့်တို့ နေတဲ့လမ်းပေါ့။ ခြံကျယ်ကြီးတစ်ခုမှာ အိမ်တန်းလျားအကြီးကြီးဆောက်ပြီး စာရေးဆရာ၊ ဆရာမတွေခေါ်လာပြီး ဘုံရိပ်သာ လုပ်ထားဖူးတယ်။ ဒေါ်ခင်ဆွေဦးတို့ ခက်မာ၊ စုထားတို့ ရာသက်ပန်တို့တောင် ၀င်ခိုဖူးသေးတယ်။ စာရေးဆရာ အမျိုးသားအုပ်စုကိုတော့ ပျဉ်းမနားမောင်သင်းခိုင် က အုပ်ချုပ်တယ်ဆိုထင်ပါရဲ့။ လူစုံ ရှုပ်လွန်းလို့ တစ်ခေါက်ပဲ သွားကြည့်ခဲ့ဖူးပါတယ်။ ခြံမြေက သူ့ဇနီး အင်္ဂလိပ်စာဆရာမ၊ အင်္ဂလိပ်လိုအသံလွှင့်သူ ရှယ်လီထွားရဲ့ အမွေဆိုင်အိမ်ကို ၀ယ်ယူထားတာဆိုသလို ကြားလိုက်ဖူးပါတယ်။ ၄နှစ်လောက် ဒီလူတွေကို အလှူကြီးပေးသလို တင်ကျွေးထားခဲ့တာပါ။

မင်းသစ်က အင်္ဂလိပ်ကဗျာ၊ မြန်မာကဗျာတွေလည်း အများကြီး အလွတ်ရတယ်။ ရွတ်ဆိုတတ်တယ်။ သီချင်းတွေလည်း အင်္ဂလိပ်လိုရော မြန်မာလိုရော အပီအသ ၀င်ဆိုနိုင်သူ ဖြစ်ပါတယ်။ တစ်ညမှာတော့ ကျွန်တော် ၀ဂ္ဂီထဲမှာနေတုန်းက သူ့ဆရာတင်မိုးကို ခေါ်လာပါတယ်။ ကျွန်တော့ကို ၀င်ခေါ်ပြီး ‘လသာတဲ့ညတွေမှာ ကဗျာရွတ်ဆိုလို့အကောင်းဆုံး နေရာ’ ကိုခေါ်သွားပြီး ဆရာနှစ်ပါးကို အင်္ဂလိပ်ကဗျာတွေနဲ့ ရွတ်ဆိုပူဇော်မယ်လို့ ဆိုပါတယ်။ သူတို့ဆရာတပည့် ခြေလျင်လာကြတာပါ။ ကျွန်တော့်အိမ်ကမှတစ်ဆင့် ကဗျာရွတ်ဆိုရာနေရာကို ကားငှားသွားမယ် သူ့ဆရာတင်မိုးက ထင်တာပေါ့။ မဟုတ်ဘူး၊ ကျွန်တော့အိမ့်က ၀ဂ္ဂီရပ်ထဲမှာ။ ကြံတောသုသန်ရဲ့မြောက်ဘက်ကပ်လျက်ပါ။ ကျွန်တော်က အိမ်ကနေ ခြေကျင်ပဲဆက်ထွက်လာပြီး ကျွန်တော်တို့နှစ်ယောက်ကို ကြံတော့ဘက် ခေါ်သွား ပါလေရော။ ကြံတောရောက်တော့ ဆရာတင်မိုးက ရပ်နေရစ်ပြီး ‘ဟေ့ကောင် မင်းသစ် … ဘယ်သွားမှာလဲ ၊ ငါက သင်္ချုင်းထဲ ဖြတ်မသွားချင်ဘူး’ လို့ ကန့်ကွက်ပါလေရော။ ‘ဆရာ … ဖြတ်သွားမှာ မဟုတ်ဘူး။ ဒီနားဆိုရောက်ပြီ။ ခရယာန်သင်္ချုင်း ဂူဖြူဖြူလေးတွေပေါ်မှာ ကဗျာရွတ်ဆိုမှာ’ တဲ့။ တင်မိုး ဆိုတာ ဒေါသထွက်လိုက်တာ။ တင်မိုးက သုသာန်မြေကို နေ့ခင်းတောင် ကြောက်လို့ မဖြတ်ဘူး။ ခု ညကြီး မင်းကြီး သုသာန်ထဲဝင်ပြီး ကဗျာရွတ်မယ်ဆဆိုတော့ ဆူလိုက်တာကို …  ‘ချက်ချင်းပြန်လှည့်ခဲ့။ ဘယ်မှ မသွားတော့ဘူး။ ငါ မလိုက်တော့ဘူး။ မင်း ငါ့ ပြန်ပို့။ မင်းလည်း ပြန်။ သောက်ရူး။ မင်းအရူးထတိုင်း ငါတို့လိုက်မလုပ်နိုင်ဘူး’ ဆိုပြီး မောင်စွမ်းရည်ကို ထားခဲ့ပြီး သူတို့လည်း ပြန်သွားကြပါတော့တယ်။ တင်မိုးဆိုတာ သူ့တပည့်အကြောင်း လူစုစုရှိရာမှာ တအံ့တသြပြောပြတော့တာ။ သင်္ချိုင်းထဲမှာ ညကြီးမင်းကြီး ကဗျာရွတ်မလို့တဲ့ဗျာ။ အဲဒါ မင်းသစ်ပါ။ တင်မိုးရဲ့ သချီုင်းကုန်းသို့ အက်ဆေးက ကျောင်းသုံးစာအုပ်ထဲမှာ ပါနေတဲ့ကာလပေါ့။ တကယ်က တင်မိုးဆိုတာ သင်္ချုင်းကုန်းကို နေ့ခင်းတောင် လှည့်ကြည့်တဲ့လူစားမျိုးမှ မဟုတ်တာ။

ကိုတင်မိုးက မင်းသစ်ကို သူ့သားတယောက်လို ချစ်ရှာတာပါ။ မင်းသစ်ကလဲ တင်မိုးကို အဖေတယောက်လို ချစ်တာပါပဲ။ မင်းသစ်က ကိုတင်မိုးဇနီးမောင်နှံရဲ့ လက်ထဲကို ငွေထုပ်ထားခဲ့တယ်ဆိုတာ ကိုတင်မိုးတို့ သုံးချင်ရာသုံးဖို့ အဓိပ္ပာယ်ပါ။ဒါပေမယ့် အဲ့ဒီလိုမောင်နှံက ကလေးရဲ့ငွေကိုဘယ်တော့မှမယူသုံးပါဘူး။ မသုံးတာက မသုံးသူရဲ့အပိုင်းလေ။ အဲ မင်းသစ်ကတော့ သူ့မှာတပြားမှမရှိရင်လဲ ကိုတင်မိုးက တောင်းချင်တောင်းသုံးတာပါ။ ကိုတင်မိုးကလဲ မရှိမှသာဆဲလွှတ်တာ။ ရှိရင်ပေးလိုက်တာပဲ။ မင်းသစ်ရဲ့ဇနီး ရှယ်လီထွားကလဲ တင်မိုးတို့ဇနီးမောင်နှံကို ‘အမွေဆိုင်’လိုသဘောထားတာပါ။ သူကလဲ မင်းသစ်လိုပဲ ရှိရင်ရှိသလို သူလဲ စားသုံးပြီး သူများလဲကျွေးပေးပစ်တဲ့လူမျိုးပါ။

တခါက မင်းသစ်တို့လင်မယား ဘယ်ပျောက်သွားများလဲ မသိလို့ ကိုတင်မိုးတို့လင်မယားက ပူပန်နေရှာပါတယ်။ ကျွန်တော်နှင့် တင်မိုးက ကိစ္စတစ်ခုနဲ့ မေမြို့ရောက်သွားတော့ တစ်နေရာမှာ မင်းသစ်တို့လင်မယားနဲ့ မမျှော်လင့်ပဲ ဘွားကနဲဆုံမိကြတယ်။ ရှယ်လီက လူကောင်းထွားသူမဟုတ်လား။ တင်မိုးကို တွေ့လျှင်တွေ့ချင်း ၀မ်းပန်းတသာနဲ့ ဝင်တဲ့ပြီး ပွေ့မြှောက်ပစ်လိုက်တာ ကိုတင်မိုးခင်ဗျာ မျက်လုံးမျက်ဆံပြူးပြီး ကြောက်လန့်တကြားအော်ရှာတာ .. ‘သောက်ကောင်မ။ ငါတော့သေတော့မှာပဲ၊ မိရှယ်လီ ခွေးမ’ ဆိုပြီးဆဲတော့တာ။ မိရှယ်လီက အရယ်မပျက်ဖူးပေါ့။ သူ့အဖေကိုတွေ့လို့ ၀မ်းသာနေတာ။ အဲဒါမင်းသစ်မောင်နှံနဲ့  တင်မိုးမောင်နှံ ဆက်ဆံရေး ရှုခင်းတကွက်ပါပဲ။

မင်းသစ် ဘာလုပ်ကိုင်စားနေတယ်ဆိုတာ အကဲခတ်လို့ မရဘူး။ ခုပဲ ကျူရှင်၊ တော်ကြာ ကုန်သည်။ ခုပဲ ရုပ်ရှင်၊ တော်ကြာ မဂ္ဂဇင်း … စသဖြင့် ခုတစ်မျိုး တော်ကြာတစ်မျိုး ပြောင်းလဲလုပ်ကိုင်နေတက်တာမျိုးပါ။ တခါတလေဆိုရင် ငွေကို ဆာလာအိတ်နဲ့ ထည့်ထားနိုင်ပြီး၊ တခါ တလေ မုန့်ပျားသလက်တောင် ဝယ်မစားနိုင်ဖူးတဲ့။ ပြောရင် ယုံနိုင်စရာမရှိပေမယ့် တကယ့်ဟာက ဒီအတိုင်းပါပဲ။ ဝတ္ထုရေးတယ်၊ကဗျာရေး တယ်၊ ပြဇာတ်ရေးတယ်၊ အက်ဆေးရေးတယ်၊ သီချင်းရေးတယ်၊ဇာတ်ညွှန်းရေးတယ်။ ဘာမဆို  လုပ်တတ်တယ် ဆိုတဲ့သဘောပါပဲ။ သူ့လုပ်ဆောင်ချက်တွေ ဥံဖွဆိုပြီး ထလုပ်လိုက်ပေမယ့်၊ ဖြစ်ကတတ်ဆန်း လက်ရာမျိုးလဲ မဟုတ်ပါဘူး။ ကြည့်ပျော် ရှုပျော် တော့ ရှိတာချည်း ပါပဲ။ သေသေချာချာ၊ စွဲစွဲမြဲမြဲလုပ်မယ်ဆိုရင် လုပ်နိုင်တဲ့အခြေခံရှိတာရယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိတာရယ်ကြောင့် လုပ်တိုင်း အောင်မြင်နိုင်မယ်လို့ မျှော်လင့်နိုင်သူပါ။

ခု သူ မရှိတော့ဘူး။ ဒါပေမဲ့ သူက ဘာမဆိုဖြစ်အောင် လုပ်ပေးပါမယ်လို့ သူများကို လုပ်ပေးချင်သူ မဟုလား။ သူ ဆေးရုံတက်နေတယ်ဆိုတော့ ‘သူများဖြစ်တဲ့ရောဂါမျိုး၊ ငါလဲဖြစ်တက်တာပ’ လို့ ဆေးရုံပေါ်မှာ ပြောချင်ပြောနေမှာ။ သူသေဆုံးသွားတော့လဲ ‘သူများသေသလို ငါလဲသေတက်ပ’ လို့များပြောရင်း အသက်ထွက်သွားရှာလေလားလို့ မတော်တရော် ကရော်ကမယ် တွေးနေလိုက်မိပါတယ်။

ကျွန်တော်က အသက်၈ဝကျော်ပါ။ သူက အသက်၇ဝကျော်ပါ။ ကျွန်တော်တောင်မှ ထူထူထောင်ထောင် ခုထိ နေနိုင်သေးတာဆိုတော့ သူလဲ ဆင်ဆင်ခြင်ခြင်နေလိုက်ရင် အနည်းဆုံး နောက်၁ဝနှစ်တော့ နေနိုင်မယ် ထင်ပါရဲ့။

ရှယ်လီရေ … ဝါသနာ၊ စေတနာ၊ မေတ္တာဓာတ်ချင်း အတူတူနဲ့၊ သူများတွေကို ပျော်ပျော်ကြီး ကျွေးမယ် ပေးကမ်း လှူတန်းသွားရတယ်ဆိုတာ ရခဲ့တဲ့ဘဝပါ။ မင်းသစ်-ရှယ်လီ မိသားစုကို ဘုရားသခင်အစဉ် စောင့်ရှောက်ပါစေသော်။

မောင်စွမ်းရည်
၂ဝ၁၇ နိုဝင်ဘာ ၁ဝ

စာကြွင်း။ ။ မင်းသစ်က သူရဲ့”အလွမ်းစာ”ကို တင်မိုးနဲ့မောင်စွမ်းရည်တို့ဆီကို အရောက်ပို့သွားခဲ့ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မောင်စွမ်းရည်

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်