စန်းသူ့မောင် ● လူ့အလို

November 16, 2017

● လူ့အလို
(မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၁၇

” မြို့ထဲလမ်းမပေါ် ××× ကားရောင်စုံများစွာ ××× တစ်စီးမှကိုယ်မပိုင်ပါ”

ဒီသီချင်းက ကျမတို့သီချင်းပဲ။ တစ်စီးမှမပိုင်လည်း ကိစ္စစိုးစဉ်းမရှိ။ ဒီနေ့ ရန်ကုန်တစ်မြို့ လုံး အရပ်လေးမျက်နှာမှာ ပြေးဆွဲ နေတဲ့လိုင်းကားတွေဟာ ကျမတို့အသုံးပြုနိုင်၊ စီးနိုင်တဲ့ကားတွေပဲပေါ့။ ခုမှမဟုတ်၊ တစ်သက်တာပတ်လုံး စီးနင်းအသုံးပြုခဲ့ ရတဲ့၊ အားကိုးခဲ့ရတဲ့ယာဉ်လိုင်းတွေပဲ။ ကောင်းတာလည်းရှိ၊ ဆိုးတာလည်းရှိပေါ့။ ဒါပေမယ့် နိုင်ငံခြားရုပ်ရှင်တွေ ကြည့်တိုင်း ကိုယ့်နိုင်ငံက အများသုံးယာဉ်လိုင်းအနေအထားနဲ့ ကွာခြားနေတာတွေ့ရတော့ အခက်တွေ့ပြီ။ ကိုယ့်နိုင်ငံက လိုင်းကားတွေရဲ့  အနေအထားကို နိုင်ငံခြားကလိုင်းကားတွေလိုပဲ အဆင်ပြေချင်လှသည်။

ပြောရရင် အများသုံးဘတ်စ်ကားစီးခြင်းအရာမှာ ပညာသားတွေရှိသည်။ မှတ်တိုင်မှာကားရပ်လာရင် ကားပေါ်အရောက် တက်နိုင်ဖို့ ကားတံခါးဝကို ပြေးနေရာယူတတ်ရမည်။ မိန်းကလေးတွေအတွက်ကတော့ အန္တရာယ်ကင်းရာကင်းကြောင်း ကြည့်ပြီး နေရာယူတတ်ရမည်။ ကိုယ်ကိုလှည့်နွဲ့ပြီး ကားအတွင်းသို့ဝင်ကာ နေရာရှာတတ် ယူတတ်ရမည်။ အဆင်းဆိုလည်း မကျန်ခဲ့ရအောင် တံခါးဝသို့ ကြိုကြိုတင်တင်ရောက်နေဖို့လိုမည်။ လှုပ်လီလှုပ်လဲ့နှင့် မထုံတတ်သေးလုပ်မနေနဲ့။ စပယ်ယာ ပါးစပ်နှင့်တွေ့မည်။ ကိုယ့်ကိုယ်ကိုယ်၊ ကိုယ့်အထုပ်အပိုးကိုယ် သယ်နိုင် မနိုင်ရမည်။ ကားအတက်အဆင်းတွင် ကူဖို့အားနည်း ကြသည်။ သူတို့နှင့်မဆိုင်သလိုပင်။

ယာဉ်ကြောလုမောင်း ပြိုင်မောင်းလို့ ခရီးသည်တွေ ဘုရားတစီးကြရသည့် အကြိမ်ပေါင်း မနည်းလှပါ။ ဘတ်စ်ကား ကြီးသော် လည်း ထိုင်ခုံကအနည်းသာ။ ဖြုတ်ထားကြပုံရသည်။ ထိုင်ခုံမရှိလျှင် မတ်တတ်စီးခရီးသည်ပိုဆံ့မည်။ ၀င်ငွေပိုရမည်လား မသိ။

ကားဘေးတွင်ဘာခန်းဆီးအကာမှမရှိ။ မွန်းလွဲချိန်နေစောင်းလျှင် နေပူရှိန်ပြင်းလှလို့ ကားထဲထီးဖွင့်ပြီး နေကာထားရသည်။ အဲကွန်းဘတ်စ်ဆိုပေမယ့် လေအေးလုံလောက်စွာပေးနိုင်သည့်၊ ပေးသည့်ကားနည်းလှသည်။ တစ်ခါတစ်ရံ လူတွေပြွတ် ကျပ်ပြီး မီးပွိုင့်များနှစ်ကြိမ် သုံးကြိမ်မိနေလျှင်၊ ဆင်းမည့်မှတ်တိုင်က မဝေးတော့လျှင် ကားပေါ်မှ ဆင်းလျှောက်သွားမိသည်။ ပူလောင်မွန်းကြပ်သည့်ဒဏ်၊ အနံ့ပေါင်းစုံသည့်ဒဏ်၊ လက်ကိုင်ဖုန်းစကားပြောသံတွေ ဆူညံသည့်ဒဏ်တို့ကြောင့်ကားထဲဆက်နေဖို့ မည်သို့မျှ သည်းမခံနိုင်တော့။ သည်တော့ နိုင်ငံခြားမှ ဘတ်စ်ကားတွေလို ချောင်ချောင်ချိချိနှင့် သက်တောင့်သက် သာ အေးအေးမြမြရှိလှသော ကားမျိုးကို အချိန်တိုင်းတောင့်တမိသည်။

တစ်ခါက လူစီးခုံတစ်ခုံတွင် ပုဆိုးရေစိုကြီးလွှားထားသည်။ စီးသည့်ခရီးသည်တွေက ကိုယ်ကိုရှေ့  ကိုင်းပြီး ထိုင်ကြရသည်။ နောက်ခုံမှလူများက နှာခေါင်းပိတ်ပြီးထိုင်နေကြသည်။ ကျမက မတ်တတ်ရပ်စီးသူ။ အဲဒီခုံနားရောက်တော့ မြင်ကွင်းက ထူး ဆန်းနေသည်။ ဒါကို မည်သူကမျှ ဘာမှမပြောကြ။ စပယ်ယာလည်းအနားရောက်ရော ကျမကမနေနိုင် မထိုင်နိုင် …

“ဒါက ဘာလုပ်တာလဲဟင်” ဟု လေသံကိုဖြေလျှော့၍ မေးမိသည်။ အဲသည်တော့မှ
“ဟာ ဒီကောင်တွေ” ဟုဆိုပြီး ပုဆိုးရေစိုကို သိမ်းသွားသည်။

ကျန်အခြေအနေအရပ်ရပ်ကတော့ အားလုံးအသိပင်။

သည်လိုနှင့် ယခု YBS… YBS ဆိုသံတွေ ကြားလာရပြီ။ အသံကြားရုံနှင့် ကိုယ်ပါ နိုးကြားတက်ကြွလာမိသည်။ အဆင့်အတန်း မီကားမျိုးစီးရတော့မည်။ ကျမတို့က အခြေခံလူတန်းစား။ Probox တို့ Belta တို့ Wish တို့ ဘယ်ဈေးဖြစ်ဖြစ် ဘယ်လောက်ဈေး တက်တက် ကျကျ ကျမတို့စိတ်မ၀င်စားပါ။ YBS ကိုတော့ စိတ်မ၀င်စား၍မဖြစ်။ ကားတက်ကားဆင်း စနစ်တကျနှင့် ပိုက် ဆံထည့်ပုံးတွေ၊ Prepaid Card တွေနှင့်တဲ့။ အဲယားကွန်းအပြည့်နှင့်တဲ့။ စပယ်ယာပင်မပါတော့ဟု ဆိုသည်။

သည်လိုနှင့် ကားတွေ ပဏာမ ပြေးကြဆွဲကြသည်။ စက္ကူစုတ်တွေ ပုံးထဲထည့်ကြသည်ဆိုသည်များလည်း ကြားရသည်။ နောက်ပေါက်မှတက်သူတွေကို ပြန်ဆင်းစေပြီး ရှေ့ပေါက်မှပြန်တက်စေသည်ဟုလည်း ကြားရသည်။ မှန်တာပေါ့။ ရှေ့  ပေါက်ကတက်၊ ယာဉ်စီးခကို ငွေပုံးထဲထည့်၊ ပြီးတော့ နောက်ပေါက်က ဆင်းရမည်ပဲ။ စနစ်တကျလေးပေါ့။

ဒါပေမယ့် ကိုယ်တိုင်ကတော့ တစ်မျိုးကြုံခဲ့ရသည်။ ကားရှေ့  တံခါးပိတ်ထားပြီး နောက်ပေါက်မှပေးတက်သည်။ ပိုက်ဆံပုံးက ရှေ့ တွင်ရှိသော်လည်း  စပယ်ယာကပင် ခရီးသည်များထံမှ ငွေလက်ခံသည်။ သူ့လက်ထဲတွင် ငွေတော်တော် များများရှိနေပြီ။ မတတ်သာ။ ကိုယ်ပါငွေ ၂၀၀ကျပ် သူ့လက်ထဲထည့်လိုက်ရသည်။ ဒါပေါ့။ စနစ်သစ်က အခုမှစတာ။ ဒီလိုပဲ ရောကော သောကောဖြစ်နေဦးမှာပဲ။ ကားသစ်တွေပြည့်ပြည့်စုံစုံနဲ့မှပဲ အဆင်ချောမည်ထင်ပါသည်။ တစ်ကယ်တော့ ခုအခါမှာ ကိုယ်က အပြင်သွားစရာသိပ်မလိုတော့။ ကိစ္စရှိမှထွက်ဖြစ်သည်။ အိမ်တွင်နားသည့်အချိန်ရောက်နေပြီ။ ဒီတော့ ညနေကျောင်းမှ၊ ရုံးမှ ပြန်လာသူတွေရဲ့  အတွေ့အကြုံတွေကို နားစွင့်ရသည်။

“မမိလေ သူလှည်းတန်းသွားတာ၊ သူတက်စီးမိတဲ့ကားက အဲယားကွန်း ကောင်းလိုက်တာတဲ့။ အဲဒါနဲ့ လှည်းတန်းမှာမဆင်းဘဲ မြို့ထဲထိ ဆက်လိုက်သွားတယ်တဲ့။ ကားပေါ်မှာ တစ်ရေးရတယ်တဲ့။ မြို့ထဲရောက်မှ လှည်းတန်းကို ၂၀၀ိ/ ထပ်ပေးပြီး ပြန်စီး တယ်တဲ့။ ကားတွေ တဖြည်းဖြည်းနဲ့ OK လာပြီ”

“YBS ၆၁ တွေက လှိုင်သာယာက လာတာတဲ့။ ၇ မိုင်ကိုလဲဖြတ်တယ်။ ငါနဲ့တော့ အဆင်ပြေတယ်ဟေ့။ သမိုင်းကနေ တစ် ဆင့်တည်းနဲ့ ဒီကိုရောက်တယ်။ လူတွေလည်းပြောနေကြတယ်။ ၂၀၀ိ/ ထဲနဲ့ လှိုင်သာယာကနေ မြို့ထဲရောက်တာ ခုမှပဲ ကြုံ ရတယ်၊ ၀မ်းသာလိုက်တာတဲ့”

“YBS ဆိုပေမယ့် ကားတိုင်းမကောင်းဘူး။ သမီးတို့ကတော့ အ၀ါကြီးတွေပဲ ရွေးစီးတယ်။ အေးစိမ့်လို့ အမောကိုပြေလို့”

“အေးစိမ့်နေတယ် ဟုတ်လား၊ ဒါဆို ဒီအဲယားကွန်းကားမျိုး ငါစီးလို့ရပါ့မလားဟင်”

“ဟုတ်တယ်။ အန်တီတော့ရမယ်မထင်ဘူး။ အနွေးထည်ဆောင်ထားပေါ့”

“စိတ်ထဲစွဲမထားနဲ့။ မမက အအေးမခံနိုင်ဘူး အအေးမခံနိုင်ဘူးနဲ့ နောက်ကားအသစ်တွေနဲ့ဆို ကားတွေအားလုံး အေးစိမ့်တဲ့ ကားတွေပဲစီးရမှာ။ ခုတည်းက အကျင့်လုပ်ထား။ စိတ်ပြောင်းထား”

အဆင်ပြေပါစေလို့သာဆုတောင်းနေမိပါသည်။ ဘာပဲပြောပြော YBS စနစ်မှာအများပြည်သူတွေ အဆင့်ရှိရှိ အေးအေး ချမ်း ချမ်း သွားလာရမယ်ဆိုရင်ပြီးတာပါပဲ။
××××

ဒီနေ့လှည်းတန်းမှာ ဈေးဝယ်သည်။ ပြီးတော့ စာအုပ်ဆိုင်တွေဆီ ကူးရသည်။ ၀ယ်ချင်သော စာအုပ်တွေဝယ်။ ပြီးတော့မှ အိမ်အပြန်ကားကို စဉ်းစားရသည်။ ဟော ဟိုမှာ YBS  ၃၀။ ဒီကားက အရင်အဓိပတိအ၀ါ လမ်းကြောင်းဆိုတော့ စီးလို့ရတာပဲ။ အပြေးတက်လိုက်သည်။ ယာဉ်စီးခ ၂၀၀ိ/ ကိုလည်း ပိုက်ဆံပုံးထဲ ထည့်ဖြစ်သည်။ စိတ်အေးချမ်းသာရှိနေဆဲ။ ဟဲ့ ဘယ်လိုဖြစ်တာလဲ။ ကားက  အင်းစိန်လမ်းဘက်ကွေ့သွားပါလား။

“စပယ်ယာ ဒါ နံပါတ် ၃၀ မဟုတ်ဘူးလား ”

“ဟုတ်တယ်လေ ဘာဖြစ်လို့လဲ ”

“ငါက ၇ မိုင်သွားမှာ”

“ဟာ အန်တီ ၃၀ က အင်းစိန်လမ်းကသွားတာ တစ်ကား။ ပြည်လမ်းကသွားတာတစ်ကား။ ဒါဆို ရှေ့  မှတ်တိုင်မှာ ဆင်းလိုက် တော့နော်”

“ဆင်းမယ် ဆင်းမယ်”

အိမ်ရောက်တော့ ကိုယ့်အတွေ့အကြုံကိုလည်း ပြန်ပြောပြရသည်။

“၃၀ စီးရင် သတိထားကြနော်။ အင်းစိန်လမ်းကသွားတဲ့ ၃၀ နဲ့ ပြည်လမ်းကသွားတဲ့ ၃၀ နှစ်မျိုးရှိတယ်တဲ့”

ကျွန်မတို့ ယာဉ်စီးသူများအနေနှင့်လည်း လိုပါသည်။ ကြည့် … ကလေးမလေးတစ်ဦး

“ကားကလည်း ပူလိုက်တာ” လို့ပြောပြီး သူ့ဘေးက ခလုတ်တွေ တစ်ခုပြီးတစ်ခု လျှောက်နှိပ်နေသည်။ ကျမ ဆား သည်ယင်မောင်းမိပြီ။

“သမီး အဲဒါဘာခလုတ်တွေလဲဟင်”

“မသိပါဘူး။ ပူလို့ အေးများအေးမလားလို့ နှိပ်ကြည့်တာ” တဲ့

ကျမလည်း ဘာခလုတ်တွေမှန်းတော့ မသိပါ။ မသိရင် ရမ်းသန်း မနှိပ်သင့်ဘူးပေါ့။ သည်ဖြစ်ရပ် အိမ်မှာပြောပြတော့

“အမျိုးမျိုးပါပဲ။ ဟိုနေ့ကဆို အဒေါ်ကြီးတစ်ယောက် ကားထဲမှာ ဒူးရင်းသီးတွေစားနေတယ်။ တစ်ကားလုံးနံစော်လို့။ ပြီးတော့ အစေ့တွေကို ခုံခြေရင်းမှာပဲ ပစ်ချထားတယ်” တဲ့။

ကဲ ဘယ်လိုလုပ်မလဲ။ စိတ်မောစရာပဲ။
××××

ဒီကားသစ်တွေ စစီးကာစက ကျမဆင်းခါနီး နောက်ပေါက်ဆီတိုးးသွားသည်။ ဆင်းမည့်မှတ်တိုင်မရာက်မီ ခလုတ်နှိပ်ရမှာကိုး။ ခလုတ်ကိုရှာမတွေ့။ ဒီတော့ ဘေးနားက ကလေးမလေးကို….

“ဆင်းဖို့နှိပ်မယ့်ခလုတ်က ဘယ်မှာလဲသမီး ” လို့မေးမိသည်။

“အန်တီ ကိုင်ထားတဲ့တိုင်မှာလေ။ အန်တီ့လက်မနားမှာ”

သြော် ဟုတ်သားပဲ။ ရှက်ရှက်နှင့်ပင် ခလုတ်နှိပ်လိုက်ရသည်။
××××

ဒီနေ့လည်းလှည်းတန်းဈေးတွင် လိုအပ်သည်များဝယ်သည်။ ပြီးတော့လှည်းတန်းမှတ်တိုင်မှ ကားစစီးသည်။ ထုံးစံအတိုင်း နံပါတ် ၃၀ စီးရမည်။ ဒီတစ်ခါတော့သိသွားပြီ။ ပြည်လမ်းမှသွားမည့် ၃၀ ကို ရွေးစီးလိုက်သည်။ လက်ထဲမှာလည်း အထုပ်တွေ က မနည်းမများ။

“အန်တီ ဒီမှာလာထိုင်”

တူမအရွယ်လေးက နေရာပေးသည်။
“ကျေးဇူးပဲ သမီးရယ်။ ဘေးရန်ကင်းပါစေ။ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေ။ သမီးကဘယ်ထိစီးမှာလဲ။ အန်တီက ၇ မိုင်ဆင်းမှာ”

“ရတယ်အန်တီ။ သမီးက ၆ မိုင်ခွဲဆင်းမှာ”

“သြော်”

ဘေးခုံကြည့်လိုက်တော့ ကိုယ်နဲ့ အသက်မတိမ်းမယိမ်းတစ်ဦး။ တဘက်ကိုခေါင်းမှစ ခြုံပြီးပတ်ထားသည်။ အို… ခုမှသတိ ထားမိသည်။ ကားက တော်တော်အေးတာပဲ။ အေးတာမှ အရမ်းအေးတာ။ ၇ မိုင်ထိတောင် စီးနိုင်ပါ့မလား။ ကားကခုမှ လှည်းတန်းမှတ်တိုင်က စထွက်တာ။ မီးပွိုင့်မိရင်လည်း ကြာဦးမှာ။ အို… မီးစဉ်ကြည့်ကရတော့မှာပဲ။

ခက်တာက ပြဿနာက တစ်ခြားမှာမရှိ။ မိမိမှာပဲရှိတာ။ ပန်ကာအအေး၊ အဲယားကွန်းအအေး မခံနိုင်။ ချွေးတိတ်သည်နှင့် ခေါင်းမူးလာတတ်သည်။ သည်တော့ ပန်ကာ၊ အဲကွန်းတို့သည် ကျမနှင့်မသက်ဆိုင်သည့် အိမ်သုံးပစ္စည်းများ။ ဒါ့ကြောင့် လည်း တော်ရုံ တန်ရုံ ဘယ်မှမသွားဖြစ်။ ခုလည်း အအေးက တဖြည်းဖြည်းသိသာလာပြီ။ ကားက မီးပွိုင့်ကိုမဖြတ်သေး။ ဒုတိယအကြိမ် မီးနီမိပြန်ပြီ။ မူးမလာခင် ဆုံးဖြတ်ရမည်။

“သမီး လာပြန်ထိုင်လိုက်ပါ။ အန်တီရှေ့မှတ်တိုင်မှာ ဆင်းတော့မယ်”

“ဟင် အန်တီ ၇ မိုင်မှဆို၊ ထိုင်ပါ သမီးကရပါတယ်”

“ဟုတ်ပါတယ်။ မရတာက အန်တီပါ။ ဒီလောက်အေးနေရင် အန်တီ မရတော့ဘူး။ ချွေးတိတ်တာနဲ့ မူးတတ်လို့။ ရှေ့  မှတ် တိုင်မှာဆင်းတော့မယ်”

” ဟုတ်တယ်။ ကျမလည်း ဒီလိုပဲ။ ဒါကြောင့် ဘယ်သွားသွား ဒီလိုအေးတဲ့ကားနဲ့တွေ့ရင် အဆင်ပြေအောင် တဘက်တစ်ထည် အမြဲဆောင်ထားရတယ်။ ခုလည်း ဒီကားက အေးစိမ့်နေလို့ ခြုံထားရတာ”

ကိုယ့်သီအိုရီနဲ့ကိုယ် ဟုတ်နေကြတာပဲ။ ကိုယ်သာဘာမှ ပြင်ဆင်မှုမရှိတာ။ အမလေး .. မီးပွိုင့်ရယ် မြန်မြန်စိမ်းပါတော့။ လူ လည်းမူးစပြုလာပြီ။ ဟော… စိမ်းပြီ စိမ်းပြီ။ ကျမအတွက် ၀မ်းသာစရာ။ ဒီလိုနဲ့ ကားက ပြည်လမ်းဘက်ချိုးကွေ့ပြီး မာလာ မှတ်တိုင်အရောက် ထိုအေးစိမ့်နေသောကားပေါ်မှ ကျမခမျာ အပြေးလေး ဆင်းခဲ့ရပါတော့သည်။

စန်းသူ့မောင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)