ကျော်နိုင် – စည်ပင်ဥပဒေ၊ ကျွန်တော် နှင့် ဂျင်း

November 21, 2017


– စည်ပင်ဥပဒေ၊ ကျွန်တော် နှင့် ဂျင်း

(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၇

အသစ်ထွက်မယ်ဆိုတဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ကျွန်တော် တော်တော်လေး စိတ်ဝင်စားပါတယ်။ ဘာကြောင့်စိတ်ဝင်စားသလည်းဆိုတော့ စည်ပင်ဥပဒေအသစ်ဟာ ၁၉၂၂ ခုနှစ် ရန်ကုန်မြူနီစီပါယ်အက်ဥပဒေကို မှီငြမ်းရေးဆွဲတယ်လို့ ကြားသိရလို့ပါ။ ဒါဆို ၁၉၂၂ ခုနှစ် ရန်ကုန်မြူနီစီပါယ် အက်ဥပဒေဆိုတာကြီးကိုကော ဘာကြောင့်စိတ်ဝင်စားသလည်းလို့ မေးကြလိမ့်မယ်။ အကြောင်းက ဒီလိုပါ။

ကျွန်တော်အမှန်တကယ်စိတ်ဝင်စားတာက အဆင့်မြင့်အဆောက်အဦများရဲ့ အရည်အသွေးကို စိစစ်ထိန်းသိမ်းရေးကော်မတီလို့ အဓိပ္ပါယ်သက်ရောက်မယ့် CQHP ဆိုတဲ့အဖွဲ့ကြီးက Mechanical Engineer တွေ၊ တိတိကျကျပြောရရင် မှတ်ပုံတင်စက်မှုအင်ဂျင်နီယာတွေကို P&S system practice လုပ်ခွင့် ငြင်းပယ်တယ်ဆိုတာကို စိတ်ဝင်စားတာပါ။ နိုင်ငံတကာမှာ အဆောက်အဦအတွင်း P&S system (Building Service) ကို Mechanical Engineer တွေ practice လုပ်နေကြသလို မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီရဲ့ လမ်းညွှန်စာအုပ်မှာလည်း P&S system ကို Mechanical Engineer တွေရဲ့ scope အောက်မှာ ထည့်ထားပါလျက်နဲ့ CQHP က ဘာကြောင့် ငြင်းပယ်နေသလည်းဆိုတာကို စိတ်ဝင်စားတာပါ။ အဲ့ဒီလို စိတ်ဝင်စားလို့ လေ့လာစုံးစမ်းတဲ့အခါ YCDC မှာ တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ မြို့ပြအင်ဂျင်နီယာ သက်ကြီး၊ ရွယ်ကြီးတစ်ယောက်က စုံစမ်းစစ်ဆေးရေးကော်မတီရဲ့ရှေ့မှောက်မှာ “၁၉၂၂ ခုနှစ်၊ ရန်ကုန်မြူနီစီပါယ်အက် ဥပဒေမှာ P&S system တွေကို မြို့ပြအင်ဂျင်နီယာတွေကိုသာ လုပ်ခွင့်ပြုထားကြောင်း”၊ ထွက်ဆိုသွားတယ်လို့ ကြားသိရတဲ့အတွက် ၁၉၂၂ မြူနီစီပါယ်ဥပဒေကို စိတ်ဝင်စားသွားတာပါ။

အဲ့ဒီလို စိတ်ဝင်စားသွားတဲ့အတွက် ၁၉၂၂ မြူနီစီပါယ်ဥပဒေကို ရှာဖွေရာမှာ အင်္ဂလိပ်ဘာသာနဲ့ရေးထားတဲ့ စာအုပ်တွေ့တဲ့အတွက် ဖတ်ကြည့်ပြီး ၁၉၂၂ မြူနီစီပါယ်ဥပဒေမှာ P&S system ကို မြို့ပြအင်ဂျင်နီယာတွေကိုသာ လုပ်ခွင့်ပြုတယ်ဆိုတာ မပါကြောင်း ထောက်ပြတဲ့အခါ အင်္ဂလိပ်ဘာသာနဲ့ရေးထားတဲ့အထဲမှာ မပါတာပါ။ မြန်မာဘာသာနဲ့ရေးထားတဲ့အထဲမှာ ပါပါတယ် … တဲ့။ ထူးတော့ ထူးဆန်းသားနော်။ ဒီတော့လည်း မြန်မာလိုရေးထားတဲ့ ၁၉၂၂ မြူနီစီပါယ်ဥပဒေကို ရှာဖတ်ရတော့တာပေါ့။ မြန်မာလိုရေးထားတဲ့အထဲမှလည်း မပါကြောင်း ထောက်ပြတဲ့အခါမှာတော့ ဘာမှ တုန့်ပြန်သံမကြားရတော့ပါဘူး။ အဲ့ဒီလိုဇာတ်ကြောင်းရှိခဲ့တဲ့ ၁၉၂၂ မြူနိစီပါယ်ဥပဒေကို စိတ်လည်းဝင်စား။ အင်္ဂလိပ်လိုကော၊ မြန်မာလိုကော အခေါက်ခေါက်ဖတ်ထားပြီးဖြစ်လို့ အဲ့ဒီဥပဒေထဲမှာ ဘယ်ဥပဒေတွေကတော့ ခေတ်မီနေဆဲဖြစ်တယ်၊ ဘယ်ဥပဒေတွေကတော့ လုံးဝ ခေတ်နဲ့ မလျှော်ညီတော့ဘူး၊ ဘယ်ဥပဒေတွေကတော့ ခေတ်နဲ့လျှော်ညီအောင် ပြုပြင်ပြောင်းလဲမှုလုပ်ရင် ရမယ်ဆိုတာတွေ အတွေးထဲမှာ ရှိထားတော့ကာ စည်ပင်ဥပဒေအသစ်ဟာ ၁၉၂၂ မြူနီစီပါယ်ဥပဒေကို မှီငြမ်းထားတယ်ဆိုတာကြားရတော့ တော်တော်လေး စိတ်ဝင်စားသွားတာ ဖြစ်ပါတယ်။ (စကားချပ်။ ။ စုံ/ကော် ကို လိမ်ညာထွက်ဆိုတဲ့ သက်ကြီး၊ ရွယ်ကြီး အင်ဂျင်နီယာကြီးကို ဘယ်လို အရေးယူဆောင်ရွက်သလည်းဆိုတာလည်း စိတ်ဝင်စားပါတယ်)

အဲ့ဒီလိုစိတ်ဝင်စားတာနဲ့အညီ စည်ပင်ဥပဒေသစ်ရဲ့ မူကြမ်းကို ပြည်သူတွေကို ဘယ်တော့များထုတ်ပြန်လေမလည်းလို့ စောင့်နေခဲ့ပါတယ်။ ဥပဒေမူကြမ်းဆိုတာ ပြည်သူတွေကို ချပြရိုးထုံးစံ ရှိလို့လားလို့အမေးရှိခဲ့ရင် ၁၉၇၄ အခြေခံဥပဒေကို နမူနာ ပေးရပါလိမ့်မယ်။ ဦးနေဝင်းဟာ ၁၉၇၄ အခြေခံဥပဒေ မူကြမ်းကို ပြည်သူတွေဆီ ဖြန့်ဝေခဲ့ပါတယ်။ သတင်းစာတွေထဲမှာ ရက်တွေ ဆက်တိုက် ဖေါ်ပြခဲ့သလို စာအုပ်မူကြမ်းကိုလည်း ရပ်ကွက်၊ကျေးရွာတွေအထိ ဖြန့်ချိပေးခဲ့ပြီး အဲ့ဒီခေတ်အခါက ပါတီကေဒါလောင်း လို့ သတ်မှတ်ထားတဲ့သူတွေက ပြည်သူတွေကို ရှင်းလင်းပြပါတယ်။ အဲ့ဒီတုန်းက အသက် ၈ နှစ်သားဘဲရှိသေးတဲ့ကျွန်တော်ဟာ ဒီအကြောင်းတွေ ခုချိန်ထိ မှတ်မိနေပါသေးတယ်။ ဦးနေဝင်းတောင် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ပြည်သူကို ချပြခဲ့သေးတော့ ရန်ကုန်မြို့တော်စည်ပင်ဥပဒေမူကြမ်းကိုလည်း ပြည်သူကိုချပြလိမ့်မယ်လို့ မျှော်နေခဲ့တာပါ။

မျှော်နေတုန်းမှာဘဲ အောက်တိုဘာလကုန်ပိုင်းလောက်က FB page တစ်ခုပေါ်မှာ စည်ပင်ဥပဒေမူကြမ်းကို တွေ့လို့ Download ဆွဲလိုက်ပါတယ်။ ပထမတော့ အဲ့ဒီဥပဒေမူကြမ်းဟာ အစစ်မဟုတ်ဘဲ တစ်ယောက်ယောက်က ဂျင်းထဲ့ထားသလားလို့ ထင်လိုက်ပါသေးတယ်။ ဒါပေမယ့် စာမျက်နှာ ၂၀၀ နီးပါး၊ တိတိကျကျပြောရရင် ၁၈၆ မျက်နှာကို ဘယ်သူက အပင်ပန်းခံ type ရိုက်ပြီး ဂျင်းထဲ့ပါ့မလည်းလို့တွေးမိပြီး အဲ့ဒီဥပဒေမူကြမ်းကို စဖတ်ပါတယ်။ ဖတ်ရင်း၊ ဖတ်ရင်းနဲ့ အဲ့ဒီဥပဒေမူကြမ်းသာ အစစ်ဖြစ်လို့ အဲ့ဒီဥပဒေသာ အတည်ဖြစ်သွားရင် ငါတို့ပြည်သူတွေ ဂျင်းအကြီးကြီးအထည့်ခံရတော့မှာဘဲဆိုတာ သိလာပါတယ်။

https://www.dropbox.com/s/nmk41u4wgwzfbyc/YCDC_Law_Draft.pdf?dl=0

အဲဒါကြောင့် ဥပဒေမူကြမ်းကို ဒုတိယတစ်ခေါက်ထပ်ဖတ်ပါတယ်။ ဒုတိယတစ်ခေါက်ဖတ်ချိန်မှာတော့ လက်ထဲမှာ ခဲတံ (သို့) ဘောပင် ကိုင်ထားပြီး တေးမှတ်စရာတွေကို စာအုပ်ထဲမှာ တေးမှတ်လိုက်သလို မှတ်စုထဲမှာလည်း ဘယ်စာမျက်နှာက ဘယ်ပုဒ်မကို ပြန်ကြည့်ရမယ်ဆိုပြီး မှတ်ထားခဲ့ပါတယ်။ တတိယအခေါက်မှာတော့ ပြန်ကြည့်ရမယ်ဆိုတဲ့ ပုဒ်မတွေအတွက် comment ပေးချင်တာတွေကို ရေးလိုက်တယ်။ အဲ့ဒီအချိန်အတွင်းမှာဘဲ အရေးကြီးတယ်ထင်တာလေးတွေကို post တင်ဖြစ်ပါတယ်။

အခုတော့ စည်ပင်ဥပဒေမူကြမ်းထဲမှာ ဘာ ဂျင်းတွေပါသလည်းဆိုတာ post တစ်ခုချင်းရေးဖြစ်ပါလိမ့်မယ်။

ကျွန်တော် စည်ပင်ဥပဒေမူကြမ်းကို အခုလို အရမ်းစိတ်ဝင်စားသွားတာဟာ ဒီပို့စ်ရဲ့ အစပိုင်းမှာ ဖေါ်ပြခဲ့သလိုဘဲ CQHP က ဆရာကြီးများကြောင့်သာဖြစ်ကြောင်းပါ။

စည်ပင်ဥပဒေထဲက အဖထက် သား (၁) လကြီးနေသော ပုဒ်မများ (ဂျင်းနံပါတ် – ၁)

စည်ပင်ဥပဒေက အဘယ့်ကြောင့် အဖထက် သားတစ်လကြီးနေပါသလည်း။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ အမြင့်ဆုံး ဥပဒေပြု အာဏာပိုင်အဖွဲ့ဟာ ပြည်ထောင်စုလွှတ်တော်ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ဟာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် (၂) ရပ်ပေါင်းဖြစ်ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ အမြင့်ဆုံးအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ဟာ အစိုးရအဖွဲ့ဖြစ်ပါတယ်။ အစိုးရအဖွဲ့ရဲ့အကြီးအကဲဟာ နိုင်ငံတော်သမ္မတဖြစ်ပါတယ်။ နိင်ငံတော်သမ္မတဟာ နိုင်ငံတော်ရဲ့ ဥသျှောင်လည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အမြင့်ဆုံးဥပဒေပြုအဖွဲ့ဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီး၊ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးကာ “မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥပဒေ” နဲ့ “မြန်မာနိုင်ငံ ဗိသုကာကောင်စီဥပဒေ” တို့ကို အတည်ပြုပြဌာန်းခဲ့ပါတယ်။

“ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ” ကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုပေးရမှာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်မှတ်ရေးထိုးပြီး အတည်ပြုပြဌာန်းမှာ ဖြစ်ပါတယ်။

တစ်ခုသိထားရမှာက ပြည်နယ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေကို နိုင်ငံတော်သမ္မတက ရွေးချယ်အမည်စာရင်းတင်သွင်းပြီး သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီး လွှတ်တော်များက ခန့်အပ်ခဲ့သူများ ဖြစ်ပါတယ်။ တနည်းဆိုရရင် ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်တွေဟာ နိုင်ငံတော်သမ္မတက ရွေးချယ်တာဝန်ပေးထားတဲ့ သူတွေသာဖြစ်ပါတယ်။

အထက်ပါအချက်အလက်များအရ “မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေ”၊ “မြန်မာနိုင်ငံဗိသုကာကောင်စီဥပဒေ” တွေနဲ့ “ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ” တွေကို အတည်ပြုပြဌာန်းတဲ့လွှတ်တော်တွေ၊ အတည်ပြုလက်မှတ်ရေးထိုးတဲ့ ပုဂ္ဂိုလ်တွေအကြား “အာဏာ၊ အဆင့်အတန်း” ဘယ်လောက် ကွဲပြားခြားနားတယ်ဆိုတာ သိသာထင်ရှားပြီဖြစ်ပါတယ်။

အရပ်စကားနဲ့ပြောရရင် အဖေ နဲ့ သား လောက်ကွာပါတယ်။

နောက်တဆင့်တင်ပြပါ့မယ်။ အင်ဂျင်နီယာကောင်စီဥပဒေ၊ နည်းဥပဒေတွေအရ။ ဗိသုကာကောင်စီဥပဒေ၊ နည်းဥပဒေတွေအရ။ ကောင်စီအသီးသီးမှာ မှတ်ပုံတင်ထားတဲ့ မှတ်ပုံတင်အင်ဂျင်နီယာများနဲ့ လိုင်စင်ဗိသုကာများဟာ မိမိတို့နဲ့သက်ဆိုင်တဲ့ ပညာရပ်ဆိုင်ရာလုပ်ငန်းတွေ၊ နည်းပညာဆိုင်ရာလုပ်ငန်းတွေကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း တရားဝင်လုပ်ကိုင်ခွင့်ပေးထားပါတယ်။ (ပူးတွဲပါ ဓါတ်ပုံ ၁, ၂, ၃ တို့ကိုကြည့်ပါ)

 

 

 

ဒါပေမယ့် အသစ်ပြဌာန်းတော့မယ့် “ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေမူကြမ်း”၊ ပုဒ်မ ၄၀၉ (ဇ) မှာ “ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပေးထားတဲ့လိုင်စင်မရှိရင်၊ (တနည်းအားဖြင့် စည်ပင်မှာလိုင်စင်လျှောက်ပြီးလိုင်စင်ကြေးမပေးထားရင်) ဗိသုကာအင်ဂျင်နီယာ၊ အဆောက်အဦအင်ဂျင်နီယာ သို့မဟုတ် အင်ဂျင်နီယာအဖြစ် ဆောင်ရွက်ခြင်းမပြုရ” လို့ တားမြစ်ထားပါတယ်။

အဲ့ဒီတော့ ပြည်ထောင်စုလွှတ်တော်ကအတည်ပြုပြီး၊ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြဌာန်းထားတဲ့ ဥပဒေတွေက လုပ်ပိုင်ခွင့်ပြုထားတာတွေကို တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုပြဌာန်းပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်မှတ်ရေးထိုးပြဌာန်းတဲ့ဥပဒေက တားမြစ်ချုပ်ချယ်ထားတာဟာ လျှော်ကန်သင့်မြတ်ခြင်းရှိ၊ မရှိ အသိသာကြီးဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး။ စည်ပင်ဥပဒေမူကြမ်းရဲ့ ပြစ်မှုနဲ့ ပြစ်ဒါဏ်များအခန်း၊ အမှတ်စဉ် (၂၇) မှာ ပုဒ်မ ၄၀၉ (ဇ) ကိုကျူးလွန်သူ၊ တနည်းအားဖြင့် စည်ပင်ရဲ့လိုင်စင်မရှိဘဲ ဗိသုကာအင်ဂျင်နီယာ၊ အဆောက်အဦအင်ဂျင်နီယာ (သို့မဟုတ်) အင်ဂျင်နီယာလုပ်သူတွေကို ဒါဏ်ငွေ ကျပ် (၁၀) သိန်းမှ သိန်း (၅၀) အထိ ချမှတ်မယ်လို့ ဖေါ်ပြထားပါတယ်။ (ပူးတွဲပါ နောက်ဆုံးဓါတ်ပုံ နှစ်ခုကို ကြည့်ပါ)

 

 

အဲ့ဒီတော့ ပြည်ထောင်စုလွှတ်တော်ကအတည်ပြုပြီး၊ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြဌာန်းထားတဲ့ ဥပဒေတွေက လုပ်ပိုင်ခွင့်ပြုထားတာတွေကို တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုပြဌာန်းပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်မှတ်ရေးထိုးပြဌာန်းမယ့် ဥပဒေက ခြိမ်းခြောက်ဟန့်တားနေတာဟာ ဖြစ်သင့်ပါရဲ့လား။

အထက်ပါအချက်အလက်တွေကို ခြုံငုံသုံးသပ်ရရင် စည်ပင်ဥပဒေအသစ် မူကြမ်းရဲ့ပုဒ်မ ၄၀၉ (ဇ) ဟာ အရပ်စကားနဲ့ပြောရရင် အဖေ့ထက် သားက (၁) လကြီးတဲ့ ပုဒ်မ ဖြစ်နေပါတယ်။

ပုဒ်မ ၄၀၉ (ဇ) ဟာ စကားလုံးများ ပြောင်းလဲရမယ့် ပုဒ်မဖြစ်ပါတယ်။

ပုဒ်မ ၄၀၉ (ဇ) ကို ပြောင်းလဲခြင်းနဲ့အတူ ပုဒ်မ ၈၁ (​​ဎ) နဲ့ ပုဒ်မ ၁၀၆ (ခ)ပါစာသားများကိုလည်း ပြောင်းလဲရမှာဖြစ်ပါတယ်။

စည်ပင်ဥပဒေထဲက ဓမ္မာ၊ သောက၊ အင်းဝ၊ ရာဇာ (ဂျင်းနံပါတ် – ၂)

ဓမ္မာ၊ သောက အင်းဝ၊ ရာဇာ ဆိုတာကို လူငယ်အများစု ကြားဘူးကြပါ့မလား မသိပါ။

ရှေးလူကြီးအဆက်ဆက် လက်ဆင့်ကမ်းလာခဲ့သော စကားဖြစ်သည်။ အတူပေါင်းဖက်၍ မသင့်သောနေ့များ၊ တနည်းဆိုသော် ရန်ဖက်နေ့များကို ညွှန်းဆိုသောစကားဖြစ်သည်။ စနေနေ့ဖွား နှင့် ကြာသာပတေးဖွား၊ သောကြာဖွားနှင့် တနင်္လာဖွား၊ တနင်္ဂနွေဖွားနှင့် ဗုဒ္ဓဟူးဖွား၊ ဗုဒ္ဓဟူးဖွားနှင့် အင်္ဂါဖွားတို့သည် ရန်ဖက်များဖြစ်သည်။ ပေါင်းဖက်ရန်မသင့်။ ဤနေ့များ ပေါင်းဖက်လျှင် အကျိုးယုတ်မည်။ အထူးသဖြင့် အိမ်ထောင်ဖက်ရွေးချယ်ရာတွင်ဖြစ်သည်။ အယူသည်းသော ရှေးလူကြီးတို့က ဤစာချိုးကို စိုးရိမ်တကြီး လိုက်နာကြသည်။ ကျွန်တော်တို့ပျိုရွယ်စဉ်ကမူ ထိုမျှအလေးအနက်မထားတော့။ ယနေ့ခေတ်လူငယ်တို့ဆိုလျှင် ကြားဘူးကြမည်ပင် မထင်တော့။

အသစ်ပြဌာန်းမည့် ရန်ကုန်စည်ပင်ဥပဒေ မူကြမ်းတွင် ပေါင်းစပ်ရန်မသင့်သော အရာနှစ်ခုကို ပေါင်းစပ်ပေးထားသည်ကိုတွေ့ရသည်။ ဥပဒေကြမ်းရေးဆွဲသူများသည် အသက် (၅၀) တန်းအောက်များဖြစ်သည်မို့ ဓမ္မာ၊ သောက ကိုဘဲ မကြောက်ကြလေသလား မပြောတတ်ပါ။ သို့တည်းမဟုတ် အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရင်ကြားစေ့ရေးမူဝါဒကို အပြည့်အဝလိုက်နာကြောင်းပြသည့်အနေဖြင့် ပေါင်းစပ်ရန်မသင့်သောအရာ နှစ်ခုကို ရအောင်ပေါင်းစပ်ကြည့်ကြသည်လားမသိ။

ဥပဒေကြမ်းရေးဆွဲသူတို့ ဘယ်အရာတွေကို ပေါင်းစပ်ပေးထားကြပါသလည်း။ အာဏာ နှင့် စီးပွားရေးလုပ်ပိုင်ခွင့် ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးသဘောတရားများတွင် “အာဏာ” နှင့် “စီးပွားရေးလုပ်ပိုင်ခွင့်” သည် အင်းဝ၊ ရာဇာ ဖြစ်သည်။ မပေါင်းဖက်စကောင်း။ လူတစ်ဦးတည်း၊ အဖွဲ့အစည်းတစ်ခုတည်းက တပြိုင်နက်တည်းမှာ ရယူမထားသင့်သော အရာနှစ်ခုဖြစ်သည်။ သို့သော် ထိုအရာ နှစ်ခုကို “ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ မူကြမ်း” တွင် “ဥပဒေ၊ ပုဒ်မ” တို့ဖြင့် ပူးပေါင်းပေးထားသည်။ ဒေသန္တရ အာဏာပိုင်အဖွဲ့အစည်း ဆိုသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို အာဏာ တွေကော၊ စီးပွားရေးလုပ်ပိုင်ခွင့်တွေပါ ဥပဒေ၊ ပုဒ်မများဖြင့် အပ်နှင်းထားပါသည်။ ပုဒ်မ (၂၇)၊ ပုဒ်မ (၃၂) နှင့် ပုဒ်မ (၃၃) တို့အရ။

အဆိုပါ ပုဒ်မ သုံးခုဖြင့် အာဏာပိုင်အဖွဲ့ (၇)ဖွဲ့ ဖွဲ့၍ လုပ်ပိုင်ခွင့်အာဏာများ အပ်နှင်းထားသည်။ စီးပွားရေးအဖွဲ့အစည်း (၄) ခု ဖွဲ့၍ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့် ပြုထားသည်။ လုပ်ပိုင်ခွင့်ပြုထားသော စီးပွားရေးလုပ်ငန်းများမှာ သိပ်တော့ မများလှ။ (၁) တည်ဆောက်ရေးလုပ်ငန်းများ၊ (၂) ဝန်ဆောင်မှုလုပ်ငန်းများ၊ (၃) အပန်းဖြေလုပ်ငန်းများ၊ (၄) အခြားစီးပွားရေးလုပ်ငန်းများ ဟူ၍ဖြစ်ရာ ဘာများ ကျန်ရှိပါသေးသနည်း။

နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင် ဦးကကြီးသည် ဝန်ဆောင်မှုလုပ်ငန်းတစ်ခု လုပ်ဆောင်ခွင့်ရရန် လိုင်စင်လျှောက်သည်။ ထိုဝန်ဆောင်မှုလုပ်ငန်းသည် စည်ပင်က စိတ်ဝင်စားသဖြင့် လုပ်ရန်ကြံစည်နေသော လုပ်ငန်းဖြစ်နေသည်။ မည်သူ လုပ်ကိုင်ခွင့်ရမည်နည်း။ တရားမျှတမှုဖြစ်စွာ မည်သူ့ကို လုပ်ကိုင်ခွင့်ပေးမည်နည်း။

နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင် ဦးခ သည် အပန်းဖြေလုပ်ငန်းတစ်ခု လုပ်ဆောင်ခွင့်ရရန် လိုင်စင်လျှောက်သည်။ ထိုလုပ်ငန်းသည် စည်ပင်က စိတ်ဝင်စားသဖြင့် လုပ်ရန်ကြံစည်နေသော လုပ်ငန်းဖြစ်နေသည်။ မည်သူ လုပ်ကိုင်ခွင့်ရမည်နည်း။ တရားမျှတမှုဖြစ်စွာ မည်သူ့ကို လုပ်ကိုင်ခွင့်ပေးမည်နည်း။

နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင် ဦးဂ…..
နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင် ဦးဃ….
…………………………………..
…………………………………..

မြို့တော်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကြမည်။ ကန်ထရိုက်တာ ဦးတ၊ ဦးထ၊ ဦးဒ…. ဦးအ တို့ ပျော်ကြသည်။ တင်ဒါတွေတင်ကြမည်ပေါ့။ သို့သော် စည်ပင်၏ “တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်မည့် စီးပွားရေးအဖွဲ့က” ထိုတည်ဆောက်ရေးလုပ်ငန်းများကို လုပ်မည်တဲ့။

ဟုတ်ကဲ့ခင်ဗျာ။ ပြည်သူတို့ ဘာလုပ်စားကြရပါမည်လည်း။

စည်ပင်ဥပဒေက ပြည်သူများရဲ့အခန်းကဏ္ဏကို လုံးဝလစ်လျှူရှုထားသည်တော့မဟုတ်ပါ။ စည်ပင်ဥပဒေမူကြမ်းတွင် ပြည်သူတို့၏ အခန်းကဏ္ဏကိုလည်း ပုဒ်မများဖြင့် ပြဌာန်းထားပေးပါသည်။ အခွန်အမျိုးမျိုးကောက်ခံခြင်း။ ပစ္စည်းခွန်၊ အထွေထွေခွန်၊ မီးခွန်၊ ရေခွန်၊ အမှိုက်နှင့် အညစ်အကြေးခွန်၊ ပိုင်ဆိုင်ခွန်။ ပြည်သူတို့ အခွန်ပေးစားကြပါမည်။
စည်ပင်ဥပဒေ – မယောင်ရာ ဆီလူးပြီး၊ ကင်ဆာကိုတော့ ဥုံဖွတောင် မမန်းပေး (ဂျင်းနံပါတ် -၃)
အခုတစ်ခါပြောမှာကတော့ COI (Conflict of Interest) နဲ့ ethics အကြောင်းဖြစ်ပါတယ်။

လက်ရှိ တာဝန်ကြီးကြီးတွေယူထားတဲ့ လူကြီးအများစုကိုယ်တိုင်က COI ဆိုတာကို နားမလည်သလိုဖြစ်နေတော့ COI နဲ့ ethics ကို ကျွန်တော်နားလည်သလိုဘဲ ရှင်းပြပါ့မယ်။ မြန်မာလိုတော့ ဘာသာမပြန်တော့ပါဘူး။

ဥပမာ။ ။ သွင်းကုန်၊ထုတ်ကုန် လုပ်ငန်းရှင်ကြီးတစ်ဦးကို ကုန်သွယ်ရေးဝန်ကြီး (သို့မဟုတ်) စီမံဘဏ္ဏာဝန်ကြီးအဖြစ် ခန့်အပ်မယ်ဆိုရင် အဲ့ဒီခန့်အပ်မှုဟာ COI ရှိတဲ့ ခန့်အပ်မှုလို့ ပြောလို့ရပါတယ်။ အဲ့ဒီလူဟာ ကုန်သွယ်ရေးဆိုင်ရာမူဝါဒ၊ အကောက်ခွန်ဆိုင်ရာ မူဝါဒတစ်ခု ချမှတ်ရာမှာ သူချမှတ်တဲ့ မူဝါဒဟာ သူ့ကုမ္ပဏီရဲ့ အကျိုးစီးပွားကို လုံးဝ မငဲ့ကွက်ဘဲ ချမှတ်နိုင်ပါ့မလား။ တိုင်းပြည်အတွက် ရာနှုန်းပြည့်အကျိုးရှိမယ့် ကုန်သွယ်ရေးဆိုင်ရာ မူဝါဒဟာ သူ့ကုမ္ပဏီရဲ့ အကျိုးစီးပွားကို တော်တော်လေး ထိခိုက်စေမယ်ဆိုရင် အဲ့ဒီမူဝါဒကို သူချမှတ်ပါ့မလား။ အဲ့ဒီအစား တိုင်းပြည်အတွက်လည်း ထိုက်သင့်သလောက်အကျိုးရှိ၊ သူ့ကုမ္ပဏီအတွက်လည်း မထိခိုက်စေမယ့် မူဝါဒကို ချမှတ်လေမလား။ အမျိုးမျိုးတွေးနိုင်ပါတယ်။ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဒါဟာ COI ကြောင့်ပါ။

တဆက်တည်း ethics အကြောင်းပြောပါ့မယ်။ အဲ့ဒီဝန်ကြီးဟာ သူ့ကုမ္ပဏီ အကျိုးယုတ်ရင်ယုတ်ပါစေ၊ တိုင်းပြည်အတွက်ရာနှုန်းပြည့်အကျိုးရှိမယ့်မူဝါဒကို ချမှတ်လိုက်တယ်ဆိုရင်တော့ သူဟာ သူ့အလုပ်ကို ethics အပြည့်နဲ့လုပ်သွားတယ်လို့ ပြောရပါမယ်။ ဒါတောင် သူ့အနေနဲ့ အဲ့ဒီဆုံးဖြတ်ချက်ကိုချဘို့ စဉ်းစားချိန်မှာ သူ့ကုမ္ပဏီအကျိုး နဲ့ တိုင်းပြည်အကျိုး လွန်ဆွဲနေမှာပါ။ ဒါဟာ COI ဖြစ်ပါတယ်။

အဲ့ဒီဝန်ကြီးဟာ သူ့ကုမ္ပဏီ ထိခိုက်နစ်နာမှုမရှိအောင် တိုင်းပြည်အတွက် အကျိုးထိုက်သင့်သလောက်ဘဲရှိနိုင်မယ့် မူဝါဒတစ်ခုကို ရွေးချယ်ချမှတ်လိုက်ရင်တော့ သူ့လုပ်ရပ်ဟာ ethics မရှိတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒီထက်ဆိုးတာက သူ့ကုမ္ပဏီ အကျိုးရှိဘို့အတွက် တိုင်းပြည်အကျိုးမဲ့စေမယ့် မူဝါဒမျိုးကို ချမှတ်နိုင်တာပါဘဲ။ ဒါဆိုရင်တော့ အဲ့ဒီဝန်ကြီးဟာ ethics (ကျင့်ဝတ်သိက္ခာ) မရှိယုံမက ယုတ်မာတယ်လို့တောင် ပြောလို့ရပါတယ်။ ဒါဆိုရင် အရေးကြီးရာထူးခန့်အပ်မှုတွေမှာ COI ကင်းဘို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိသာပြီဖြစ်ပါတယ်။ ခန့်အပ်ခံရသူဟာ သူ့အလုပ်ကို ethics အပြည့်နဲ့လုပ်မလား၊ ethics မရှိဘဲလုပ်မလား ဆိုတဲ့အဆင့်အထိ မရောက်စေဘဲ COI လုံးဝကင်းရှင်းအောင် ခန့်ရမှာ ဖြစ်ပါတယ်။

ဒီ post ရဲ့ခေါင်းစဉ်နဲ့ဆိုင်တာ စပြောပါ့မယ်။

စည်ပင်ဥပဒေမူကြမ်းမှာ ဘာတွေမယောင်ရာဆီလူးဖြစ်နေသလဲ။

ပုဒ်မ ၂၆ (ဃ) မှာ”အများပြည်သူစုဝေးနိုင်သည့် လေဟာပြင်နေရာများ၊ အပန်းဖြေနေရာများတွင် သာယာငြီမ့်ငြောင်းသော တေးဂီတများဖြင့် ဖျော်ဖြေပေးနိုင်ရန် စီမံဆောင်ရွက်ခြင်း” ဆိုပြီး ပြဌာန်းထားပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဟာ အများပြည်သူအပန်းဖြေနိုင်အောင် ဆောင်ရွက်ပေးရမှာ မှန်ပါတယ်။ ဒါပေမယ့် ဥပဒေ၊ ပုဒ်မ ပြဌာန်းပြီး လုပ်စေရလောက်သည်အထိ လိုအပ်ပါရဲ့လား။

ပုဒ်မ ၇၁ မှာလည်း “ကော်မတီသည် မြို့တော်နယ်နမိတ်အတွင်း ရာသီအလိုက်သီးပွင့်ကြသည့် သစ်သီးများ၊ ပန်းမန်များကို အခါအားလျှော်စွာ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရမည်” လို့ ဖေါ်ပြထားပါတယ်။

ပုဒ်မ ၇၁ မတိုင်မီ ပုဒ်မ ၇၀ မှာ “ကော်မတီသည် မြို့တော်နယ်နမိတ်အတွင်း အပန်းဖြေနေရာများတွင် သစ်သီးဝလံ၊ ပန်းမန်စိုက်ပျိုးရေးဆိုင်ရာ ပြပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ ပညာပေးဟောပြောပွဲများ၊ ခင်းကျင်းပြုလုပ်ဆာင်ရွက်နိုင်သည်။ အခြားအစိုးရဌာနများ၊ ပြင်ပအဖွဲ့အစည်းများက ခင်းကျင်းပြုလုပ်လိုပါက ကော်မတီထံ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြိုတင်လျှောက်ထားလာပါက ခွင့်ပြုနိုင်သည်” လို့ပြဌာန်းထားပြီးပါပြီ။

ဒါဆိုရင် သစ်သီး ပန်းမန်ပြိုင်ပွဲတွေ လုပ်ဘို့ ပုဒ်မ ၇၁ ပြဌာန်းတာဟာ လိုအပ်ပါရဲ့လား။ စည်ပင်ဟာ အဲ့ဒါတွေလုပ်သင့်တာ မှန်ပါတယ်။ ဒါပေမယ့် ဥပဒေထဲမှာ ပုဒ်မနဲ့ ထည့်သွင်းပြဌာန်းဘို့လိုအပ်ပါရဲ့လား။

ကျွန်တော့်အမြင်မှာတော့ ပုဒ်မ ၂၆ (ဃ) နဲ့ ပုဒ်မ ၇၁ တို့ဟာ မယောင်ရာ ဆီလူးတဲ့ ပုဒ်မတွေလို့ မြင်ပါတယ်။

ကင်ဆာကိုကျတော့ ဥုံဖွလေးတောင် လုပ်မပေးဘူးဆိုတာ ဘာကို ဆိုလိုပါသလည်း။

ဒီဥပဒေထဲမှာ COI နဲ့ပါတ်သက်လို့ ဘာမှ ထည့်သွင်းဖေါ်ပြထားခြင်း မရှိလို့ပါ။

အခန်း (၃)၊ “စည်ပင်သာယာရေးကော်မတီများ ရွေးကောက်တင်မြှောက်ခြင်း” အောက်က ပုဒ်မတွေမှာ COI နဲ့ပါတ်သက်တာ တစ်ခုမှ မပါပါဘူး။ ဒါကြောင့် ဒီဥပဒေကြမ်းဟာ ၁၉၂၂ ရန်ကုန်မြူနီစီပါယ်ဥပဒေကို မှီငြမ်းထားတယ်ဆိုတာ လုံးဝမယုံနိုင်တာပါ။ ဒီဥပဒေအတွက် စင်္ကာပူက ကျွမ်းကျင်သူတွေ အကြံပေးတယ်ဆိုတာလည်း လုံးဝ မဖြစ်နိုင်ပါ။

စည်ပင်ကော်မတီဝင်အတွက် ရွေးကောက်ခံခွင့်ရှိတဲ့ ကိုယ်စားလှယ်လောင်းရဲ့ အရည်အချင်းကို ပုဒ်မ (၂၀) မှာဒီလို ဖေါ်ပြထားပါတယ်။

“ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါဝင်သော တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အချင်းသတ်မှတ်ချက်များနှင့် ကိုက်ညီသူဖြစ်ရမည်”။

စည်ပင်ကော်မတီဝင်တွေအတွက် လိုက်နာရမယ့် COI နဲ့ လွတ်တော်ကိုယ်စားလှယ်တွေအတွက် လိုက်နာရမယ့် COI တွေဟာ သဘောသဘာဝခြင်း မတူဘူးဆိုတဲ့ တကယ့်အခြေခံအကျဆုံး အချက်ကိုတောင်မှ ဥပဒေကြမ်းရေးဆွဲသူတွေ မသိကြတာလား။ ဒါမှမဟုတ် COI မလွတ်မကင်းသူတွေကို စည်ပင် ကောင်မတီထဲ ထည့်ဘို့ ကြိုတင်ကြံရွယ်ထားကြလို့လား။ ကာယကံရှင်တွေဘဲ သိမှာဖြစ်ပါတယ်။ ဒါပေမယ့် ပြည်သူတွေကတော့ အဲ့ဒီလိုဖြစ်ဘို့ လက်မခံနိုင်ပါဘူး။ ကော်မတီဝင်တွေ COI ကင်းဘို့ ဥပဒေ၊ ပုဒ်မတွေ ပါရှိရမှာဖြစ်ပါတယ်။ COI နဲ့ငြိတဲ့သူတွေ ကော်မတီဝင်အဖြစ် ရွေးကောက်ခံခွင့်မရှိတဲ့ပုဒ်မတွေ၊ ပြစ်ဒါဏ်တွေ မပါ၊ ပါအောင် ထည့်ရပါမယ်။

ကော်မတီဝင်တွေသာမဟုတ်ပါဘူး။ အာဏာပိုင်အဖွဲ့ ၇ ဖွဲ့မှာလည်း COI မကင်းတဲ့သူတွေ မပါစေရပါဘူး။ “အဆောက်အဦများ စနစ်တကျရှိရေး အာဏာပိုင်အဖွဲ့” မှာ ပြင်ပပညာရှင်လို့ အမည်ခံပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင် ခရိုနီ၊ တိုင်ကွန်းတွေ မပါစေရပါဘူး။ “ရေစီးရေလာနှင့် ရေဆိုးစီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့” မှာ ပြင်ပပညာရှင်လို့အမည်ခံပြီး ရေဆိုးရေညစ်တွေထုတ်လွှတ်မယ့်စက်ရုံပိုင်ရှင်တွေ မပါစေရပါဘူး။ အဲ့ဒီလိုမပါစေရအောင် တားမြစ်ထားတဲ့ပုဒ်မတွေ ဥပဒေကြမ်းထဲမှာ မပါပါဘူး။

အရေးမပါတာတွေကိုတော့ ပုဒ်မတွေနဲ့ ပြဌာန်းထားပြီး အရေးကြီးတဲ့ ပုဒ်မတွေကျတော့ လုံးဝမပါသမို့ ဒီ post ရဲ့ခေါင်းစဉ်ကို “မယောင်ရာဆီလူးပြီး ကင်ဆာကိုတော့ ဥုံဖွလို့တောင် မန်းမပေးတဲ့ ဥပဒေ” လို့ တင်စားလိုက်တာပါ။
(စာရေးသူ၏ ဖေ့စ်ဘွတ်ပို့စ်ကို ခွင့်တောင်းပြီး တင်ပါတယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဝေဖန်ရေးရာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments