မောင်အောင်မွန် – တင်မိုးကို အဘယ့်ကြောင့် လူအများကချစ်ကြသနည်း

November 21, 2017

 မောင်အောင်မွန် – တင်မိုးကို အဘယ့်ကြောင့် လူအများကချစ်ကြသနည်း 
ကျွန်တော်တွေးမိသလို ရေးပါမည် (၂၉၁)
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၇

(၁)
အကယ်၍သာ ကဗျာဆရာကြီးတင်မိုး အသက်ရှင်နေပါလျှင် ၂၀၁၇ ခု၊ နိုဝင်ဘာလ (၁၉) ရက်နေ့တွင် အသက်(၈၄) နှစ်ပြည့်မည်။ သို့သော်လည်း သူမပျော်သော သူမနေတတ်သော အရပ်တွင် ကြိုးစားနေထိုင်ရင်း ကွယ်လွန်ရ၏။ သူပျော်သော သူနေချင်သော ဇာတိမြေတွင် သူကွယ်လွန်ကြောင်း နာရေးကြော်ငြာလေးပင် သတင်းစာထဲ ထည့်၍မရသည့်ကာလ။ နောက်ပိုင်း သူ့အရိုးပြာသာ မြန်မာပြည်ပြန်ခွင့်ရသည်။

ထည်ဝါသော သူ့ဂူဗိမ္မာန်ကို ကာယကံရှင် မမြင်ရ၊ တင်မိုးမြင်ချင်မည်လား ဆိုသည်ကို ကျွန်တော်မသိ။ ကျွန်တော်သိသည်က တင်မိုးကို လူအများကချစ်ကြ၏။ သူနှင့် နှစ်(၃၀) လောက် ရင်းနှီးသူမို့ သိထားသည်က တင်မိုးသည် လူတွေအကြိုက်လိုက်ကာ သူစာမရေး၊ သူမဟောပြော၊ သူမလုပ်၊ သူယုံကြည်ကိုသာ ရေး၏၊ ဟောပြော၏၊ လုပ်၏။

တင်မိုးသည် How to Win Frieds and Influence People By Dale Carnegie ဝေး၍ သခင်နု ဘာသာပြန်သော လူပေါ်လူဇော်လုပ်နည်း စာအုပ်ဖတ်ဖူးမည်မထင်ပါ။ ဟန်ဆောင်ကာပြုံးရ အလကားနေရင်း မြှောက်ပင့်ရ ဆိုသည်တို့ကား ပင်းပန်းလှပါဘိ။

သို့ပါလျက် တင်မိုးကို အဘယ့်ကြောင့် လူအများက ချစ်ကြသနည်း။

(၂)

တင်မိုးနှင့် စတင်ခင်မင်သောနေ့ကို ထူးခြားစွာ ကျွန်တော်မှတ်မိနေ၏။
ကျွန်တော်ထို့နေ့က ကိုမောင်မောင်ညွန့် (ညွန့်ကြူး) ထံသို့သွားရာ လူမတွေ့ သော့ခလောက်သာမြင်ရ၊ စိတ်ပျက်နေစဉ် ခင်ဗျားလူကြီး မိသားစုနဲ့ အပြင်ထွက်သွားကြတယ်ဟု လှမ်းပြောသူက ကဗျာဆရာတင်မိုး။ ရန်ကုန်တက္ကသိုလ် ဘာသာပြန်ဋ္ဌာနတွင် သူတို့အတူလုပ်ကိုင်ကြပြီး Pagan House တွင် သူတို့မိသားစု(၂)စု ကပ်လျက်နေထိုင်ကြသည်။

သူတို့ရုံးထိုင်သော အဆောက်အအုံသည် ၁၉၅၅ ခု၊က ကျွန်တော် 1st Yr B.Sc (Engg) တက်ခဲ့သော BOC College ဖြစ်သည်။ စာသမား ပေသမားများ ရှိကြ၍လည်း ကျွန်တော် မကြာခဏ ရောက်သွားလေ့ရှိပြီး တင်မိုးနှင့်လည်း မျက်မှန်းတန်းမိနေ၏။ ကျွန်တော့်ကိုလည်း မောင်အောင်မွန်မှန်း သူသိနေပါသည်။
အဖန်ရည်သောက်နေသူ တင်မိုးက လာဗျာဟုဆို၍ သူ့ဘေးဝင်ထိုင် သူငှဲ့ပေးသော ပန်ကန်လုံး ယူသောက်လိုက်ရင်း–၊ စကားတွေ ဖောင်ဖွဲ့ကြသည်။ သူ့ကဗျာ ကိုယ့်ဝတ္ထုကစ၍ စာအကြောင်း၊ မန္တလေး တက္ကသိုလ်အကြောင်း ရန်ကုန်က တကသ အကြောင်း၊ ပမညတ အကြောင်း၊ကျွန်တော် ၃ နှစ်ခန့် အလုပ်သွားလုပ်ခဲ့သော ဆိုဗီယက်ယူနီယံ အတွေ့အကြုံ၊ မြို့မငြိမ်းအကြောင်း မြန်မာ့အသံအကြောင်း၊ တင်မိုး၏ ဖန်မီးအိမ်အကြောင်း မောင်အောင်မွန်၏ ရူးတုန်းမိုက်တုန်း သည်အရွယ် ၀တ္ထုတိုစု စာအုပ်အကြောင်း စသဖြင့်–စသဖြင့် မှောင်စဖြစ်လာတော့မှ ကျွန်တော်လည်း နှုတ်ဆက်ကာ ပြန်လာခဲ့၏။
ထိုလိုနေ့မျိုးကို အဘယ်သူမေ့ နိုင်ပါမည်နည်း။

ထပ်တွေ့ကြ ထပ်ပြောကြ ပိုမိုခင်လာကြ၏။ ကျွန်တော်က ကဗျာမစပ်တတ်၊ သို့သော် တင်မိုး၏ ကဗျာများကိုကြိုက်သည်။ ဘာအကြောင်းရေးရေး– ထီးလေးနဲ့မနီဖြစ်ဖြစ်၊ သူ့သမီးလေး အကြောင်းဖြစ်ဖြစ်၊ ဗကပ လူကြီးမင်း ဖြစ်ဖြစ် ကဗျာပီသ၍ ဖတ်ကောင်းခြင်းဟု ကျွန်တော်ခံစားရသည်။ အကြေင်းအရာ ကွဲချင်ကွဲ ကြည်နူးချင်ကြည်နူး ဒေါသထွက်သင့်ထွက် တင်မိုးရေးလိုက်တော့ ပီပါဘိ ကဗျာ။

(၃)

စတင်တွေ့ဆုံစဉ် ၁၉၇၀ ခု၊ လောက်ကပါ။

အသက်အရွယ်ရ စာပေ၀ါလည်း အတော်အတန်ရနေကြပြီမို့ ကျွန်တော်တို့ သတ်မှတ်ချက်မထားပဲ အလိုလိုအပြန်အလှန်လေးစားမှု (Mutual Respect) ပေါ်အခြေခံကာ ဆက်ဆံကြရာ တင်မိုးကွယ်လွန်ချိန်ထိ။ တင်မိုး၏ပုဂ္ဂလိကဘ၀ (Personal Life) ကို မထိ မတို့ မရေးပါ၊ ရေးလျှင်လည်း ဖေါ့၍ သို့မဟုတ် ဖွ၍ မရေး။ အရှိကိုအရှိအတိုင်း ရေးရပါမည်။ သို့သော် ဤဆောင်းပါးသည် သူ့အတ္ထုပ္ပတ္တိ မဟုတ်၊ တင်မိုး၏စာပေ သုံးသပ်ချက်လည်း မဟုတ်ပါ။ ဆုံဖူး ကြုံဖူး ကြိက်ဖူးသူ တယောက်၏ အပိုင်းအကန့်လေးမျှသာဖြစ်ပါ၏။

တင်မိုးကို အဘယ့်ကြောင့် လူတွေချစ်ကြသနည်း။

ဖတ်သွားရင်း ဆောင်းပါးဆုံးပါက စာဖတ်သူအဖြေရပါလိမ့်မည်။ ယခု ကျွန်တော်ဆက်ရေးပါမည်။ မောင်စွမ်းရည်နှင့် စောပြီးသိ၊ မိသားစုချင်းလည်းခင်သည်။ တင်မိုးမိသားစုထဲက မိုးမိုးစံတယောက်သာ မြင်ဖူးပါသည်။ ရင်းနှီးသည်ဟု သုံးရခြင်းမှာ တင်မိုးနှင့်မူ ပွင့်လင်းစွာ သူ့အမြင်ကိုယ့်သဘောထား ရဲတင်းစွာ ပြောမနာ ဆိုမနာရှိသောကြောင့်ပါ။

မောင်စွမ်းရည်နေထိုင်ရာ ၀ဂ္ဂီကို ကျွန်တော်ပြောင်းသွားပြီး သူ့အိမ်သို့ချောင်းပေါက်လုနီး ရောက်ပါ၏။ တင်မိုးနှင့်မဆုံ၊ အမေရိကန်တွင်လည်း သုံးယောက်သား အတူမထိုင်လိုက်ရပါ။ ၀ဂ္ဂီတွင် အိမ်နီးချင်း သမိုင်းဋ္ဌာနက ဆရာဦးအောင်မြင့်အိမ်၌သာ တင်မိုးနှင့်မကြာခဏဆုံ၏။ တကြိမ်မတော့ မောင်သာနိုးတောင် ပါသေး၍ ကျွန်တော်မြင်ဖူး သိခွင့်ရဖူးလိုက်၏။

၁၉၈၈ ခု အရေးအခင်းကနေ မျှော်လင့်ချက်ကြီးမားစွာ ထားခဲ့ကြသည်။ ကျွန်တော် အယ်ဒီတာအဖြစ် ပါဝင်သော သတင်းမဂ္ဂဇင်း န၀တ တက်လာချိန် ရပ်သွား၍တောမှာ သွားနေရ၏။ ၁၉၉၀ ခု၊ ရွေးကောက်ပွဲတွင် မိုင်(၁၀၀) လောက်အကွာကနေ ကမာရွတ်မဲဆန္ဒနယ်၌ ဦးဝန် (NLD) အားမဲလာပေးကြသည်။ NLD ပါတီက အပြတ်အသတ်နိုင်၍ မျှော်လင့်ချက်ပိုကြီးခဲ့ကြသည်။ ပို၍အထိနာကြရသည်။

ထိုနှစ် နိုဝင်ဘာလ (၁၇) ရက်နေ့တွင် တင်မိုးဇနီးဆုံးကြောင်း ရွာကနေသတင်းကြားရ၏။
ဒါတင်မက အဖမ်းခံကြရသူတွေထဲ တင်မိုးလည်း ပါသွားကြောင်းသတင်းကြားရပြန်၏။
၁၉၉၁ ခု၊ ဒီဇင်ဘာလ (၁၀)ရက်နေ့ ဒေါ်စုနိုင်ဘယ်လ်ရသည့် အထိန်းအမှတ် တက္ကသိုလ်နယ်မြေထဲ ကဗျာစာရွက်များ ဝေငှကြသောကြောင့် ကဗျာရေးသူ တင်မိုးအား ဖမ်းခြင်းဖြစ်သည်။ အမေလည်းဆုံး အဖေလည်းအဖမ်းခံရနှင့် လူမမယ်သမီးလေးတွေ အဘယ်သို့ရှိလေစ၊ ကျွန်တော်မတွေးချင်တော့ပါ။
လက်ဖက်ရည်ဆိုင်ထိုင် အပေါင်းအသင်းများနှင့် လွတ်လပ်စွာပြောဆိုရခြင်းကို အလွန်အမင်းခုံမင်သူ တင်မိုးအကျဉ်းထောင်ထဲ တယောက်တည်းမည်သို့ နေမည်နည်းဟု ကျွန်တော်တွေးကြည့်၍မရနိုင်ပါ။ အကုသိုလ်က ဆက်ကာ ဆက်ကာ လာနေရာ– နောက်ထပ် သတင်းဆိုးများလည်း ကြားရပြန်သည်။
ကိုယ်တိုင်လည်း ဘ၀ပျက်နေ၍ Pagan House သို့ သတင်းသွားမမေးနိုင်။

(၄)

၁၉၉၂ ခု၊ မေလ ကျွန်တော် ဘန်ကောက်သို့ စွန့်စားထွက်လာတော့ မိသားစု (၄) ယောက် (၃) နိုင်ငံ၌ ကွဲနေကြပြီ။ ပထမ အလွတ်သတင်းထောက်၊ နောက်ပိုင်း VOA သို့အသံသွင်း သတင်းဖိုင်များပို့သည်။ VOA အရှေ့တောင်အာရှ ဗျူရိုအကြီးအကဲ Dan Robinson ၏ စီစဉ်ကူညီမှုရယူ-အတူလုပ်ကိုင်ကြရသည်။ ၁၉၉၅ ခု၊ အောက်တိုဘာလ၌ VOA တွင်အလုပ်ရ၍ ကျွန်တော် Washington DC ရောက်လာ၏။
ပထမ တင်မိုးလွတ်လာကြောင်း သတင်းရသည်။

ထို့နောက် ပိုဝမ်းသာဖွယ် မြန်မာပြည်ကထွက်လာကာ ဘယ်လ်ဂျီယမ်ရှိ သမီးဒေါက်တာ မိုးနှင်းအိမ်သို့ ရောက်နေကြောင်း သိရချင်း၊ တယ်လီဖုန်းဆက်တော့ တင်မိုးနှင့် ဖြစ်ကြောင်းကုန်စင် စကားပြောကြရသည်။ အမေရိကန်သို့ လာရန်လည်း တိုက်တွန်းလိုက်၏။

တင်မိုး လန်ဒန်ရောက်သွားတော့ မိတ်ဆွေဟောင်း ဒေါက်တာအောင်ခင် (သမိုင်း)နှင့်ပြန်တွေ့သည်။ ပါရီမြို့တွင် လူစုံသော လွတ်လပ်သော မြန်မာအိမ်ရှင်က ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွနေသူ၊ Beyond Rangoon ရုပ်ရှင်ကြောင့် အများက မင်းသားကြီးဟုခေါ်သော ကိုအောင်ကို၊ တင်မိုးနှင့်ချက်ချင်း ခင်မင်ကြ၏။ ထူးသည်ကား သူ့အား ၁၉၆၆ ခု၊လောက်က Albert Camus ၏ The Outsider ကို သူစိမ်းဆန်ဆန် အမည်ပေးကာ ပြင်သစ်ဘာသာမှ တိုက်ရိုက်ပြန်ဆိုရေးသားသူ အောင်မျိုး(ပြင်သစ်စကားပြန်) မှန်းသိကြောင်း လူအများရှေ့ တင်မိုးကထုတ်ပြောခြင်းပါ။
ကိုအောင်ကို အံ့သြလွန်း၍ ထကလေတော့သည်။

နယူးယောက်မြို့မှ စာပေဟောပြောပွဲ၌ သတင်းလာယူရန် VOA သို့ ဖိတ်စာရောက်လာ၏။ တင်မိုးလည်းပါမည်၊ ဘန်ကောက်မှာတုန်းက ခင်မင်ခဲ့သူ Dan Robinson က မြန်မာပိုင်းဋ္ဌာနမှူး ဖြစ်နေချိန်၊ ကျွန်တော့်အား တာဝန်းပေးသည်။ VOA သတ်မှတ်ချက်အတိုင်း လေယာဉ်ပျံလက်မှတ်၊ မင်ဟန်တန်ရှိ ဟိုတယ်တွင် တည်းခိုရန်ပါ စီစဉ်ပေး၏။

၂၀၀၀ ခု၊ မေလ(၂၇)ရက် တနင်္ဂနွေနေ့။

နယူးယောက်လေဆိပ်၌ ကျင်းပရေးကော်မတီဝင် ကိုမိုးချမ်းနှင့်တွေ့၍ တင်မိုးဘယ်မှာလဲဟုမေးရာ ကိုကျော်ဝင်းအိမ်သို့လိုက်ပို့ ပေးသည်။ အမေရိကန် စီးကရက်တလိပ်ပြီး တလိပ်သောက်ရင်း ပြုံးနေသော ကန်မြဲဇဂျမ်းရွာသား တင်မိုးက ၀မ်းသာအယ်လှဲဆီးကြိုသည်။ ကျနော့်ဆန္ဒပြောရာ သူကခေါင်းညိတ်၏။
သည်လိုနှင့် တင်မိုးနှင့် သီးသန့် Interview ရှည်၊ VOA က ဦးစွာအသံလွှင့်လိုက်နိုင်၏။
ဟိုတယ်သို့သွား ရေမိုးချိုး၊ နေ့လည်စာစားပြီးနောက် တရုတ်တန်း ဆွန်ယက်ဆင်ကျောင်းက ဟောပြောပွဲမှာ သတင်းသွားယူ၏။ ကာတွန်းဝင်းထွန်း (Mr. Burma) ကစဟောသည်၊ ထို့နောက် RFA ၌ လုပ်နေပြီဖြစ်သော ရုပ်ရှင်ဒါရိုက်တာ ၀င်းဖေ၊ ဆက်၍ သတင်းစာဆရာကြီး ကြေးမုံဦးသောင်း (အောင်ဗလ)၊ နောက်ဆုံးကျမှ တင်မိုးက ဟောသည်။

လူစည်ကားသလို ပွဲကလည်းကောင်းပါ၏။

ပြည့်ပြည့်စုံစုံအသံသွင်းယူခဲ့ပြီးနောက် စာပေဟောပြောပွဲ ကနေတိုက်ရိုက်လွှင့်သလို အချိန်ပေးEdit လုပ်၏။ VOA နားထောင်ပြီးနောက် တင်မိုးက ကိုအောင်မွန်ဝတ္ထုမရေးနဲ့တော့၊ သတင်းထောက်ပဲ ဆက်လုပ်ဟုပြော၏။ ကြေးမုံဦးသောင်းကလည်း ကောင်းကြောင်း အလားတူပြောသည်။

(၅)

RFA ၌လုပ်ပြီး Washington DC မှာပင်နေသော ကိုစိန်ကျော်လှိုင်က ဆရာတင်မိုး ရောက်နေတယ်၊ အေးအေးဆေးဆေး စကားပြောကြရအောင် စားစရာဝယ်ပြီးလာခဲ့ပါဟု အကြောင်းကြား၍ ထမင်း၃ ပွဲဝယ်ကာ ကျွန်တော်ရောက်သွား၏။ ပြင်ပနိုင်ငံများမှ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု၊ အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များ အကြောင်း သိကောင်းစရာတွေ ကိုစိန်ကျော်လှိုင်က ပြောပြသည်။ နှံ့စပ်ကျွမ်းကျင်သူ၏ ရှင်းပြချက်က ကိုတင်မိုးအဖို့ ကြီးမားစွာ အထောက်အကူပြုပေလိမ့်မည်။

ထို့နောက် စာပေအကြောင်း ဆက်ကြ၏။ ကျွန်တော်သည် ငွေစရွှင်နေချိန်မို့ တွေ့ဆုံသော ဧည့်သည်တိုင်းအား ယူချင်ချင် မယူချင်ချင် US$50. စီပေးစမြဲပါ။ မြန်မာပြည်၌ ရှိစဉ် ကဗျာဆရာများက မဂ္ဂဇင်းတိုက်များသို့ တရာမပေး ကဗျာမရေးဟု ရာဇသံပေးပုံ သတိရလိုက်သည်။ ပြီးတော့ တမာတို့ လတာတို့ကနေ ထိုင်းနယ်စပ်၊ ဥရောပ နှင့် အမေရိကန်၌ သူတွေ့ကြုံ ခံစားပုံ ကဗျာများလည်း ဖတ်ချင်၏။ ထို့ကြောင့် US$100 တန်တရွက်ပေးပြီး တရာပေးပါတယ်— ကဗျာရေးပါဗျာဟု တိုက်တွန်းလိုက်သည်။
တရာမပေးလည်း ကဗျာရေးမှာပါဟု ဆိုသွားသည့်အတိုင်း တင်မိုးကဗျာများ ဖတ်ကြရလေပြီ။

ကွယ်လွန်သူ ကိုတင်မောင်ဝင်း၏ဇနီး ဒေါ်ခင်မျိုးအေးက ဘန်ကောက်မှ တယ်လီဖုန်းဆက်ပြီး ခေတ်ပြိုင်ဂျာနယ်တွင် တင်မိုးကဗျာများ ထည့်ချင်၍ ပြောပေးဖို့ အကူအညီတောင်းလာ၏။ ပြောပြတော့ တင်မိုးက ခေါင်းညိတ်သည်။ တဆင့်တက်ကာ ကဗျာနှင့်အတူ ရှင်းလင်းချက် အတိုလေးဖြစ်ဖြစ်ရေးပါ၊ များလာလျှင် စာအုပ်ဖြစ်လာမည်ဟု ကျွန်တော်ကဆိုတော့ သူသဘောတူပြန်၏။
သည်လိုနှင့်ပင် ခေတ်ပြိုင်ဂျာနယ်တွင် တင်မိုး၏ ကဗျာလည်းဖတ်ရ စာလည်းဖတ်ကြရသည်။

တနေ့သ၌ မေရီလန်း၌နေသော ကိုသိန်းထိုက်ဦး (ကဗျာဆရာ ထိုက်သူနိုင်)က ဆရာ တင်မိုးရောက်နေ ကျွန်တော့်အား တွေ့ချင်သည်ဟုဆို၍ မီးရထားစီးခရီးနှင်ရသည်။ ရောက်သွားတော့ တင်မိုးအစဖော်ပေး၍ တောစတွိုင်းဝတ္ထုများနှင့်ဂေါ်ကီဝတ္ထုများ နှိုင်းယှဉ်ကာ ဆွေးနွေးကြသည်။ ပြီးခါနီး၌ RFA မှ ကိုဝင်းဖေနှင့် ကိုတင်အောင်ခိုင်တို့ ရောက်လာကြပြီး ၀င်နားထောင်၏။

အရေးကြီးတချက် သတိထားမိလိုက်ပြီ။ ကျွန်တော်က တင်မိုးကိုသာဆက်ပြောနေပြီး တင်မိုးကမူ အခြား(၃) ယောက်ကိုပါပြောနေသည့်အလား ထူးခြားလှလေစွ။ ထိုစွမ်းပကားနှင့်ပင် ဟောပြောပွဲတွင် ပရိသတ်ထဲက တဦးချင်းစီကို တိုက်ရိုက်ပြောနေသလို ခံစားကြရ၍ တင်မိုးကိုကြိုက်ကြခြင်း အကြောင်းတရပ်ဖြစ်ပေလိမ့်မည်။ ထူးခြားစွာ အောင်မြင်သော ကျောင်းဆရာတို့၌လည်း အလားတူရှားပါး အရည်အချင်းမျိုး ရှိတတ်ကြ၏။

(၆)

၂၀၀၁ ခု၊ အောက်တိုဘာလ (၁၄) ရက်နေ့။  အတိုက်ခံရပြီးခါစ နယူးယောက်မြို့တွင် စာပေစောပြောပွဲ လုပ်ပြန်ရာ သတင်းသွားယူရပြန်၏။ ဒေါက်တာာ တင်မောင်သန်း (သင့်ဘ၀)၊ ကျောင်းသားခေါင်းဆောင် ကိုအောင်ဒင်နှင့် ကိုအောင်စောဦးတို့ ဟောနေသည်ကို ကျွန်တော်တို့ နားထောင်နေကြရင်း တင်မိုးက စီးကရက်တလိပ်ပြီးတလိပ်သောက်နေ၏။ ခေတ်ပြိုင်ဂျာနယ်ထဲ သူရေးသော မြေးလေးကို အညာသို့ခေါ်သွားပြီး ထန်းလျက်ကျွေးမည့် အိမ်လွမ်းတမ်းတချင်း ကဗျာလေး ကျွန်တော့်ခေါင်းထဲဝင်လာ၍ သတိပေးမိသည်။

ကိုတင်မိုး စီကရက်တွေ ဒီလောက်သောက်နေရင် အညာမသွးနိုင်ဖြစ်နေမယ်နော်ဟု။

ဆက်သောက်နေပြီး သူကအလှည့်ကျ စင်ပေါ်ရောက်သွားတော့မှ ကျွန်တော့်မျက်နှာတည့်တည့်ကြည့်–ခပ်ပြတ်ပြတ်ပြောပုံက– လူတွေကခက်တယ်ဗျာ၊ စီးကရက်ဆိုတာ ဘာမှန်းမသိ– သောက်လည်းမသောက်ဖူး၊ ကောင်းမှန်းလည်း နားမလည်၊ စီးကရက်အရသာ ဆိုတာတော့ ဝေလာဝေးနဲ့၊ စီးကရက်သောက်ရင် ဘာဖြစ်မယ် ညာဖြစ်မယ်တဲ့–အဲဒီဘာဖြစ်တော့ကော ဘာဖြစ်လဲဟု ပြောရာ ပရိသတ်က ကြောင်နေ၏။

ပြီးတော့မှ တင်မိုးကဆက်ဟောသည်။

စောစောကတော့ ကျွန်တော်ထပြေးရတော့မလိုလို၊ နောက်တော့ စိတ်အေးသွား၍ အသံသွင်းလို့ရပြီ။ တင်မိုးက တပိုဒ်ရွတ်လိုက် ရှင်းပြလိုက်လုပ်နေသော မနက်ဘင်လာဒင် ညဗိုလ်နေ၀င်း ကဗျာသက်သက်ကို တင်မိုးရွတ်သံနှင့် လိုချင်၍ကူညီပါဟု စာတိုရေးကာ အောက်ကနေလှမ်းပေးလိုက်၏။ ဘာလဲဟုသိချင်နေသည့် ပရိသတ်အား လေးစားမြဲ တင်မိုးက–၊

သူက သတင်းအေဂျင်စီမှာ သုံးဖို့ကဗျာရွတ်ခိုင်းတာပါ၊ သူက တကသ စင်မြင့်ကလာတဲ့ သတင်းသမားပါ၊ ရသစာပေရေးသားတဲ့ စာရေးဆရာလည်းဖြစ်သေးတယ်–စသဖြင့်ပြောရာ ကျွန်တော်ဖြင့် အံ့ကိုသြရော။
သူဆင်းလာတော့ ကိုတင်မိုးကလည်းဗျာ၊ ကျွန်တော်ကစေတနာနဲ့ပြောတာကို–စကားမဆုံးမီသူကဖြတ်၍
ဒီမယ် ကိုအောင်မွန် ကျုပ်ပြောတာ စင်ပေါ်ကလေ–အဲဒီတုန်းကပြောပေါ့၊ စင်ပေါ်ဖြင့်မတက်ရဲတဲ့ စာရေးဆရာ–ဟဲဟဲဟဲ–၊ အားပါးတရရယ်မောကာ စီးကရက်မီးညှိနေသူမှာ ကဗျာဆရာတင်မိုး မဟုတ်တော့၊ နှစ်လိုဖွယ်ကောင်းလှသော အညာသားစစ်ဘဂျမ်းကြီးဖြစ်နေပြီ။

အသံလွှင့်သမား–ဘောလုံးပွဲကနေတိုက်ရိုက် လက်တန်းပြောသူ ၀တ္ထုများစွာရေးနေသူမို့ သူတို့နှင့်အတူ စာပေလိုက်ဟောရန် ခေါ်မရသည်ကို အစပြန်ဖော် ပြောဆိုခြင်းဖြစ်သည်။

Washington DC က စာပေဟောပြောပွဲတွင် အခြားတဦးသတင်းယူ၏။
ကျွန်တော်အေးဆေးစွာ နားထောင်ရသည်။ တင်မိုးက နာမည်ကြီး ဆေးလိပ်လည်းတို နေလည်းညိုပြီ ငါ့ကိုပြန်ပို့ကြပါလေ–ကဗျာ ဖြစ်ရပုံကိစ္စ အစအဆုံး ရိုးသားစွာရှင်းလင်းစွာ ဟောပြောသည်။ လူအများထင်သလို တွေးသလိုမဟုတ်၊ ဒါဖြစ် ဘာလဲဆိုတော့ ဒါပဲဟု အညာသားစိတ်ထားနှင့် ပြောသွားသည်။

နောက်မေ့မရသည်က သိင်္ဂီတ၀က်မြတ၀က်။

အမေရိကန်၌ ဆောင်းဦးရာသီတွင် သစ်ရွက်တွေအရောင်ပြောင်းချိန် တင်မိုး ကျွန်တော့်ထံဖုန်းဆက်ပြီး အရွက်လေးတွေက အစိမ်းတပိုင်း အ၀ါတပိုင်းနဲ့ မောင်အောင်မွန်ရဲ့ သိင်္ဂီတ၀က်မြတ၀က် အတိုင်းပဲဟုဆို၏။ ခေတ်ပြိုင်တွင်လည်း ရေးသည်။ ကျွန်တော်၏ ထိုပထမဆုံး လုံးချင်းဝတ္ထူအကြောင်း တင်မိုးနှင့်ဘယ်တုန်းကမှ ကျွန်တော်မပြောမိပါ။

တခါက ကိစ္စတရပ်ကို သူက ယစ်ပူဇော်ခြင်းဟုရေး၏။ သူနှင့်တွေ့တော မဟုတ်ကြောင်းစကာရှိသေး တင်မိုးက ခေါင်းညိတ်၍ ဆက်ပြောရန်မလိုတော့၊ အပြန်အလှန် ယုံကြည်စိတ်ချကြသည်လေ။ ထို့ပြင်ထိုလို ကိစ္စမျိုးတွေဆို ကိုယ်စောင့်နတ်တောင် မကြားအောင်ပြောကြမြဲပါ။
တင်မိုးနှင့်မောင်အောင်မွန်တို့ ဆက်ဆံနည်း။

(၇)

၂၀၀၇ ခု၊ ဇန်န၀ါရီလ (၂၂)ရက်နေ့။

VOA တွင် အသံလွှင့်ဖို့ အလုပ်များနေကြစဉ် တင်မိုးဆုံးသွားပြီဟု သတင်းဝင်လာ၏။ တင်မိုးကို အာလုံးက ခင်မင်ကြသမို့ မေးကြ မြန်းကြ သွားဖို့လုပ်ကြနှင့် အသီးသီးစီစဉ်ကြ၏။

ဆေးလိပ်ကြောင့်လား၊ အချိုတွေကြောင့်လား၊ အငန်တွေကြောင့်လား၊ ထောင်ထဲကဒဏ်တွေကြောင့်လား၊ မနေချင်သည့်ဒေသ၌ နေနေရ၍လား၊ အသက်ရွယ်ရလာချိန် ဇာတိသို့မပြန်နိုင်ဟူသော ဇရာစိတ်၏ဖိစီးမှုကြောင့်လား–စသဖြင့် လားပေါင်းများစွာ ကျွန်တော့်အတွေးထဲ ၀င်လာသည်။

တင်မိုးအား ကျွန်တော် မသေစေချင်သေးပါ။

သူနှင့်ပိုရင်းနှီးသူများ–ထို့ထက်ပို၍ သူ့ရင်နှစ်သီးချာ သမီးများ ကပိုလို့ပင် မသေစေချင်သေးပါ။

တင်မိုးကိုယ်တိုင်ကလည်း သေချင်ဦးမည်ဟု ကျွန်တော်မထင်။ မနေရလို့ သေရပြီ၊–သို့သော်လက်ဗလာနှင့် ထွက်ခွါသွားသော တင်မိုးသည် ကဗျာကောင်းများစွာ ချန်ထားခဲ့သည်။

တင်မိုးကဗျာကိုကြိုက် တင်မိုးကိုချစ်သော လူအများကျန်ရစ်ခဲ့ကြ၏ဟု တွေးမိကြောင်းပါ။

၂၀၁၇ ခု၊ နိုင်ဝင်ဘာလ (၁၉)ရက်နေ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀င်းအောင်ကြီး, တင်မိုး, လူများ၊ ရုပ်ပုံလွှာများ, မောင်အောင်မွန်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်